အခန်း ၁၅၀၃
Vol. 101 Ch. 1503
Chapter 1503 ရှင် ကျွန်မကို ချစ်တယ်လို့ ကျွန်မကို ပြောပေးပါလား
အလွန်အမင်း ကြမ်းကြုတ်လှသည်။ မိစ္ဆာသွေးမိကျောင်း ပင့်သက်ရှိုက်သွားပြီး မျက်နှာတွင် ကြောက်စိတ် ဖုံးလွှမ်း လာသည်။
ယခုအချိန်မှ နောက်ဆုတ်လျင် အလွန် နောက်ကျသွားလေပြီ။ သူ မာန်တင်း၍ နောက်ကြေးခွံလက်သည်း တစ်ခုဖြင့် ယဲ့ဖန်ကို ထိုးချလိုက်သည်။
“ဂျွတ်”
လက်သီး ပွင့်ထွက်သွားပြန်ပြီး သွေးများက မိုးစက်သဖွယ် ကျဆင်းလာပြီး အရိုးများကိုပင် အတိုင်းသား မြင်လာရသည်။
*ဒဏ်ရာထပ်ရပြန်ပြီ*
လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်သွားရသည်။ မိစ္ဆာသွေးမိကျောင်းသည် မကောင်းဆိုးဝါးတို့၏ သွေးဖြင့် သူ့ကိုယ်ကို မွမ်းမံထားသည်ဟု ပြောခဲ့သော်လည်း ယဲ့ဖန်ရှေ့တွင် ကြက်ကလေး၊ ခွေးကလေးသဖွယ် တစ်ချက်တည်းဖြင့် ရှုံးနိမ့်နေရသည်။
ယဲ့ဖန်သည် မိစ္ဆာသွေးမိကျောင်းအား ခွေးတွေဝက်တွေကို သတ်သလို သတ်နိုင်သည်ဟု ပြောခဲ့သော လင်းဝူယာ၏ စကားက မှန်နေသည်။
မကောင်းဆိုးဝါးတစ်ကောင်က နတ်ဆိုးဘုရင်တစ်ပါးနှင့် ရင်ဆိုင်နေရသည် မဟုတ်ပါတကား။ အဆုံးသတ်က သေချာပေါက် အသတ်ခံရမည်ပင်။
ချင်ယန်ကျွင်းနှင့် အခြားသူများ ကြက်သီးထလာ၏။ မိစ္ဆာသွေးမိကျောင်းထက် ပိုကြောက်စရာကောင်းသောသူ ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
*မင်းခန္ဓာကိုယ်က မာကျောတယ်လို့ ငါ ကြားလိုက်သလားလို့*
ထိုစကားက မိစ္ဆာသွေးမိကျောင်းကို သွေးအန်သွားစေသည်။ သူ့ခန္ဓာကိုယ်က အလွန် မာကျောပါသည်။ သို့သော် ယဲ့ဖန်နှင့် ယှဉ်လျင် စက္ကူကဲ့သို့ နူးညံ့လွန်းနေ၏။ ယဲ့ဖန်ရှေ့တွင် သူ့ကိုယ်သူ မာကျောပါသည်ဟု ဘယ်လိုလုပ် ပြောရဲပါမည်နည်း။
ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။ အထူးသဖြင့် ချင်ယန်ကျွင်းနှင့် အခြားသူများပင်။ သူတို့ကို လုံးဝ ဖိနှိပ်ခဲ့သော မိစ္ဆာသွေးမိကျောင်းက ယခု သူတို့ရှေ့မှလူထံတွင် ဘာမှလုပ်မရ ဖြစ်နေ၏။
ဤမြင်ကွင်းက အိပ်မက်ဆန်လွန်းလှသည်။ ခုခံမရနိုင်ဟု သူတို့ သတ်မှတ်ထားသည့် မကောင်းဆိုးဝါးက ယဲ့ဘုရင်၏ လက်ထဲတွင် တစ်ချက်ကလေးပင် တောင့်ခံနိုင်စွမ်း မရှိချေ။
မယုံနိုင်စရာ ကောင်းလှသည်။ ထောက်ခံမှု အနည်းဆုံးလူက ကြောက်စရာအကောင်းဆုံးလူ ဖြစ်နေ၏။
ယဲ့ဘုရင်၊ ထိုစကားလေးနှစ်လုံးက လူအများကို ကြောက်လန့်စေရန် လုံလောက်ပေသည်။ ချင်ယန်ကျွင်းနှင့် အခြားသူများ ငိုလုနီးပါး ဖြစ်နေကြသည်။
အင်ပါယာတွင်း၌ အသန်မာဆုံးလူ၊ အင်ပါယာတစ်ခုလုံးကို တစ်ကိုယ်တည်း ကိုင်လှုပ်နိုင်သော နတ်ဆိုး။ ထိုသို့သော နတ်ဆိုးကို သူတို့က ပစ်မှတ်ထား၍ နည်းလမ်းပေါင်းစုံဖြင့် လှောင်ပြောင်ခဲ့သည်တဲ့လား။
မိစ္ဆာသွေးမိကျောင်းကတောင်မှ သူ့ပြိုင်ဘက် မဟုတ်လျင် သူတို့က အဘယ်သို့ လုပ်ရမည်နည်း။ သေတွင်းတူးနေသည်က ယဲ့ဖန် မဟုတ်ဘဲ သူတို့သာ ဖြစ်လေသည်။
လက်ရှိတွင် ချင်ယန်ကျွင်းနှင့် အခြားသူများ ခေါင်းမွေးထောင်နေပြီး မျက်နှာတွင် သွေးပျက်ဟန်များ ပြည့်နှက် နေ၏။
“အရှင်ယဲ့ဘုရင် အသက်ချမ်းသာပေးပါ”
မိစ္ဆာသွေးမိကျောင်း ချက်ချင်း အော်ဟစ်လာပြီး အလန့်တကြား ပြောလေသည်။
“ကျုပ် လင်းမိသားစုကို ဘယ်တော့မှ အငြှိုးထပ်မထားတော့ပါဘူး၊ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ”
“လင်းမိသားစု ဟုတ်လား”
ယဲ့ဖန်က သရော်ပြုံး၍ ပြောလိုက်သည်။
“လင်းမိသားစုက ဘာသောက်ရေးပါလို့လဲ၊ သူတို့က ငါနဲ့ ဘာဆိုင်လို့လဲ”
ထိုစကားကြောင့် လင်းတုန်လိုင်နှင့် အခြားလင်းမိသားစုဝင်များ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီးနောက် မချိပြုံး ပြုံးလာကြသည်။ ယဲ့ဖန် တိုက်ခိုက်လာသည့် အကြောင်းရင်းက သူတို့ကို ကယ်ချင်၍ မဟုတ်ကြောင်း သူတို့လည်း သိပါသည်။
“ငါ မင်းကို သတ်တာက မင်း ငါ့ကို သုံးကြိမ် စော်ကားလို့ပဲ”
ထိုစကားအဆုံးတွင် ယဲ့ဖန်၏ ပုံရိပ်က မိစ္ဆာသွေးမိကျောင်းရှေ့၌ ချက်ချင်း ပေါ်လာပြီး ခက်ထန်စွာ ကြည့်လာသည်။
“အဲ့တော့ မင်း သေလိုက်တော့”
သူ ရုတ်တရက် လက်မြှောက်ကာ မိစ္ဆာသွေးမိကျောင်း၏ ရင်ဘတ်ကို အားဖြင့် ရိုက်ချလိုက်သည်။ မိစ္ဆာ သွေးမိကျောင်း၏ ရင်ဘတ် ကြေမွသွားပြီး အထဲသို့ ချိုင့်ဝင်သွားသည်။
ဤသည်မှာ သူ့ခန္ဓာကိုယ်ရှိ အသန်မာဆုံး အပိုင်းဖြစ်သော်လည်း ယဲ့ဖန်၏ လက်အောက်တွင် တန်ဖိုးပင် မရှိချေ။ သူ ဂုဏ်အယူရဆုံးအရာက လက်ရှိတွင် အလုပ်မဖြစ်ပါ။
မိစ္ဆာသွေးမိကျောင်း လွင့်ထွက်သွားပြန်သည်။ လက်ရှိတွင် သူ့မျက်လုံးတွင် လှည့်ဖြားတတ်သော အရိပ်အယောင် ပေါ်လွင်နေပြီး အနောက်သို့ လွင့်ထွက်သွားသည့်အရှိန်ဖြင့် ချက်ချင်း တစ်ဖက်လှည့်၍ လင်းမိသားစုနှင့် ဝေးရာသို့ ထွက်ပြေးလေသည်။
*ထွက်ပြေးရမယ်*
ထိုသို့သောအချိန်၌ သူ့တွင် အတွေးတစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ ရှုကျိုးမှ ထွက်ပြေးပြီး ကျုံးကျိုး အင်ပါယာနှင့် ဝေးရာသို့ ပြေးရန် ဖြစ်လေသည်။
ဤမကောင်းဆိုးဝါးရှိသော မည်သည့်နေရာကိုမဆို သူ နောင် ဘယ်သောအခါမှ ခြေမချတော့ပါ”
“ပြေးချင်တာလား၊ ရမယ်ထင်နေလား”
ယဲ့ဖန်က ကျောက်တုံးတစ်တုံးကို ကောက်၍ မိစ္ဆာသွေးမိကျောင်း ပြေးရာအရပ်သို့ တောက်ထုတ်လိုက်သည်။ ထိုအခါ ကျောက်တုံးက အရှိန်ဖြင့် လွင့်သွားလေသည်။
ထို့နောက်တွင်မူ မိစ္ဆာသွေးမိကျောင်း၏ ဦးခေါင်းကို တန်း၍ ဖောက်ထွက်သွားသည်။ ထွက်ပြေးနေသော မိစ္ဆာသွေးမိကျောင်း၏ ခန္ဓာကိုယ်က တန့်ခနဲ ရပ်သွားလေသည်။ ထို့နောက် ဘုန်းခနဲ မြေကြီးပေါ် လဲကျ သွားတော့သည်။
သူ့နဖူးမှ အနီရောင်နှင့် အဖြူရောင် အရည် စီးကျလာပြီး မြေကြီးတစ်ခုလုံး စိုရွှဲလာသည်။ ဤမြင်ကွင်းက ချင်ယန်ကျွင်းနှင့် အခြားသူများကို သည်းခြေပျက်သွားစေသည်။
*ကျောက်တုံးတစ်တုံးနဲ့ မိစ္ဆာသွေးမိကျောင်းကို သတ်နိုင်တယ် ဟုတ်လား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ခုနတုန်းက ကောင်းကင်အဆင့် လက်နက်တွေတောင် သူ့ခန္ဓာကိုယ်ကြောင့် ပျက်စီးသွားတာကို*
*ယဲ့ဖန်က ဘယ်လိုလုပ်လိုက်တာလဲ*
*ဒီနည်းလမ်းက တကယ့်ကို သဘာဝနဲ့ ဆန့်ကျင်နေတာပဲ*
သူတို့အားလုံး ချောက်ချားလာ၏။ ချင်ယန်ကျွင်းသည် ယဲ့ဖန်ရှေ့၌ အသည်းအသန် ဒူးထောက်ကာ အသနားခံသော မျက်လုံးဖြင့် တောင်းပန်လေသည်။
“အရှင်ယဲ့ဘုရင် ကျုပ် တောင်းပန်ပါတယ်၊ ကျုပ် …”
“ရွှစ်”
ယဲ့ဖန်က သူ၏ အရေးမပါသော စကားကို နားထောင်မနေတော့ဘဲ ကျောက်တုံးတစ်တုံးကို ပစ်လိုက်သဖြင့် ၎င်းကျောက်တုံးက သူ့ခေါင်းကို ဖောက်ဝင်သွားသည်။
ချင်ယန်ကျွင်း၏ အမူအရာက လေးလံထိုင်းမှိုင်းသွားသည်။ ယဲ့ဖန်က ပြတ်သားလိမ့်မည်ဟု သူ ထင်မထားမိပေ။ ယဲ့ဖန်က တဖြည်းဖြည်း လဲကျသွားသော သူ့အလောင်းကို ကြည့်နေပြီး သူ့မျက်လုံးတွင် ခံစားချက်ကင်းမဲ့ဟန်က အထင်းသား ပေါ်နေသည်။
“ကိစ္စမရှိဘူး”
“မင်း ငါ့ကို စော်ကားမိလို့ တောင်းပန်တယ်”
“ကိစ္စမရှိဘူး ဘာလို့လဲဆိုတော့ မင်း သေရမှာပဲ”
အခြားသော သူတော်စင်သခင်အဆင့်များ ချက်ချင်း မျက်နှာ ပြာနှမ်းသွားသည်။ ယဲ့ဖန်၏ ခွင့်လွှတ်မှုကို ရရှိရန် နည်းလမ်း တစ်ခုတည်းသာ ရှိကြောင်း သူတို့ နားလည်သွားပုံရသည်။ ထိုနည်းလမ်းမှာ အပြစ်အတွက် အသေခံ ခြင်းပင်တည်း။
များစွာသော ကျောက်တုံးများ တစ်တုံးပြီးတစ်တုံး လွင့်ပျံလာပြီး သူတော်စင်သခင်အဆင့်များအားလုံး အံ့ဩစရာ ကောင်းသော ဤနည်းလမ်းဖြင့် အသတ်ခံလိုက်ရလေသည်။
လင်းမိသားစုဝင်များအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။ ယဲ့ဘုရင်က သူတို့ ထင်ထားသည်ထက် ပိုကြောက်စရာ ကောင်းနေ၏။
ထိုသူတော်စင်သခင်အဆင့်များကို သတ်ပြီးနောက် ယဲ့ဖန်က လင်းမိသားစုကို တစ်ချက်ပင် မကြည့်ဘဲ အိမ်တော်ထဲမှ ထွက်ခွာသွားသည်။ လင်းဝူယာသည်လည်း ထိုနည်းတူပင်။ အေးစက်နေသော မျက်နှာထားနှင့် ဘာစကားမှ မပြောဘဲ ထွက်သွားလေသည်။
“ဝူယာ”
လင်းတုန်လိုင် အနောက်မှနေ၍ လှမ်းအော်ခေါ်လိုက်မိသည်။ လင်းဝူယာ ရပ်သွားပြီး နောက်လှည့်၍ အေးစက်စွာ ပြောလာသည်။
“အခုချိန်ကစပြီး ကျုပ် လင်းမိသားစုနဲ့ ဘာမှမပတ်သက်တော့ဘူး၊ ခင်ဗျားက လင်းမိသားစုခေါင်းဆောင် သိပ်ဖြစ်ချင်နေမှတော့ အခုချိန်ကစပြီး လင်းမိသားစုက ခင်ဗျားအပိုင်ပဲ”
ထိုသို့ပြောပြီးနောက် သူသည် လင်းမိသားစုအား ပြန်မကြည့်တော့ဘဲ ထွက်သွားလိုက်သည်။ ယခုအချိန်မှစ၍ သူ လင်းမိသားစုနှင့် စည်းခြားလိုက်လေပြီ။ တစ်နည်းအားဖြင့် ဆိုရလျင် နောင်လင်းမိသားစု သေသေ၊ရှင်ရှင် သူနှင့် မပတ်သက်တော့ဟု ဆိုလိုက်ခြင်းပင်။
ယခု လင်းမိသားစုတွင်း၌ လူတော်တော်များများ အသတ်ခံလိုက်ရပြီး ကျန်လူများက ဒဏ်ရာရထားကြသည်။ အကယ်၍ သူတို့သာ ယဲ့ဖန်နှင့် ရင်းနှီးလျင် ထပ်ဆုံးသို့ ပြန်တက်လာနိုင်၏။
သို့သော် လင်းတုန်လိုင်၏ ဆုံးဖြတ်ချက် တစ်ခုတည်းကြောင့် လင်းမိသားစု၏ အနာဂတ်က ပျက်စီးသွားလေပြီ။
“အဘိုးကြီး ခင်ဗျားကြောင့်ပဲ၊ ခင်ဗျား ကျုပ်တို့ကို သတ်တာ၊ ညီသုံးက ခင်ဗျားကြောင့် ကျုပ်တို့နဲ့ စည်းခြားလိုက်တာ၊ အခု လင်းမိသားစုရဲ့ ယောက်ျားသား တော်တော်များများ သေကုန်ပြီ၊ လင်းမိသားစု ဇာတ်သိမ်းပြီ”
“ကျုပ်တို့ရဲ့ တစ်ခုတည်းသော ထောက်တိုင်ကလည်း မောင်းထုတ်ခံလိုက်ရတယ်၊ အခု လင်းမိသားစုက တကယ် မျှော်လင့်ချက် မဲ့ပြီ၊ လင်းတုန်လိုင် ခင်ဗျားက သိပ်ပြည့်စုံတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာပဲ၊ ခင်ဗျားရဲ့ ပြီးပြည့်စုံတဲ့ ဆုံးဖြတ်ချက်ကပဲ လင်းမိသားစုကို အားပါးတရ သတ်သွားတာ၊ လူသုံးပုံနှစ်ပုံ သေကုန်ပြီ”
လင်းတုန်လိုင်၏ အစ်ကိုနှစ်ယောက်ကလည်း ခနဲ့လာ၏။ ထို့နောက် အချင်းချင်း ပြန်ကြည့်လိုက်ပြီး ပြိုင်တူ ပြောလိုက်သည်။
“အခုချိန်ကစပြီး ကျုပ်တို့ လင်းမိသားစုနဲ့ ဘာမှမပတ်သက်တော့ဘူး”
ထို့နောက် သူတို့သည် သူတို့မိသားစုနှင့်အတူ ဤနေရာမှ ထွက်သွားကြသည်။ လင်းတုန်လိုင်၏ ခန္ဓာကိုယ် တုန်ယင်လာပြီး တစ်ခါတည်းနှင့် ဆယ်နှစ်စာ ပိုအိုသွားပုံရသည်။
လင်းမိသားစု တည်မြဲအောင် သူ နည်းလမ်းပေါင်းစုံဖြင့် တတ်နိုင်သမျှ လုပ်ခဲ့သည်။ သို့သော် ယခု လင်းမိသားစုက အခြားသူကြောင့် မပျက်စီးဘဲ သူ့ကြောင့် ပျက်စီးသွားရသည်။ ယခု သေသူက သေပြီး အသက်ရှင်သူများက ထွက်သွားကြသည်။ လင်းမိသားစုတစ်ခုလုံးတွင် သူတစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။
“ဟားဟားဟား ကောင်းတယ်၊ ကောင်းတယ်၊ သွားကြ သွားကြပေါ့”
လင်းတုန်လိုင် အားပါးတရ ရယ်မောလိုက်ပြီး တစ်ခဏကြာသော် ငိုကြွေးလေတော့သည်။ ယခုအချိန်မှစ၍ လင်းမိသားစုသည် နာမည်သာ ရှိပြီး သေဆုံးသွားလေပြီ။
…
ထန်ပုခူသည် ဖေးချမ်၊ နတ်ဆိုးနဂါး ဖုရှန်နှင့် အခြားသူများ နေသော အိမ်သို့ ရောက်လာပြီး ယဲ့ဖန်ကို လာရှာသော်လည်း စိုးရိမ်နေ၏။
ဖေးချမ်က တံခါးဖွင့်လာသည်။ ဖေးချမ်ကိုမြင်သော် ထန်ပုခူ ချက်ချင်း စိုးရိမ်လာပြီး စကားပင် ထစ်လာ၏။
“ကျွန် … ကျွန်မ ယဲ့ဖန်နဲ့ တွေ့ချင်လို့”
အစမှအဆုံးတိုင် သူမ ဖေးချမ်ကို မကြည့်ရဲဘဲ ခေါင်းကို ငုံ့နိုင်သမျှ ငုံ့ထားပြီး သူမ၏ ရုပ်ဆိုးပန်းဆိုး အသွင်အပြင်အား ဖေးချမ် မြင်သွားမည်ကို ကြောက်နေသည့်ပုံပင်။
“ဪ သူ မနေ့က ငါနဲ့ ရှိနေသေးတယ်၊ သူ မနက်စောစောကပဲ ထွက်သွားတာ၊ မင်း သူ့ကို ဒီက စောင့်နေလေ”
ဖေးချမ်က ပြုံး၍ ပြောလာသည်။ ထန်ပုခူ ခေါင်းညိတ်လိုက်ပြီးမှ သူမကိုယ်သူမ မမိတ်ဆက်ရသေးကြောင်း သတိရသွားပြီး ခပ်သွက်သွက် ပြောလိုက်သည်။
“ကျွန်မနာမည်က ထန်ပုခူပါ၊ ကျွန် … ကျွန်မက ယဲ့ဖန်ရဲ့ ညီမပါ”
ယဲ့ဖန်၏ ညီမ ဟူသော စကားကို ပြောလိုက်ပြီးနောက် သူမမျက်နှာတွင် စိတ်ပျက်ဟန်က ဖုံးဖိမရအောင် ပေါ်လာသည်။
ဤလူက ယဲ့ဖန်၏ ညီအစ်ကိုမှန်း သူမ သိသည်။ ထို့ကြောင့် သူမ၏ မလှပသော မျက်နှာနှင့် စုတ်ပြတ်သော အဝတ်အစားတို့က ယဲ့ဖန်အား မျက်နှာပျက်အောင် လုပ်မိသွားမည်ကို သူမ စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူမက ယဲ့ဖန်၏ အမျိုးသမီးပါဟု ဝန်မခံရဲချေ။
သူမကဲ့သို့ ရုပ်ဆိုးသောလူက အခြားသူ၏ ချစ်မြတ်နိုးခြင်း ခံရသည်ကပင် ဂုဏ်ယူစရာ ဖြစ်သည်။ သူမ၏ အဆင့်အတန်းကိုမူ သူမ တွေးပင်မတွေးရဲပါ။
“လာလေ အဲ့အရူးက မင်းအကြောင်း ပြောပါတယ်၊ မင်းက သူ့မိန်းမလို့ သူ ပြောခဲ့တာ”
ဖေးချမ်က အပြုံးနှင့် ပြောလိုက်သည်။ ထိုစကားက ထန်ပုခူကို ချက်ချင်း မျက်ရည်လည်ရွဲ ဖြစ်သွားစေသည်။ သူမ၏ အသွင်အပြင်ကြောင့် သူမ ရှက်ရွံ့နေစဉ်တွင် ယဲ့ဖန်က သူမ၏ အဆင့်အတန်းကို လူသိရှင်ကြား ပြောထားပြီးနေ၏။
*မိန်းမတဲ့*
*ဘယ်လောက်တောင် နားထဲ ကန့်လန့်နိုင်လိုက်သလဲ*
လက်ရှိတွင် သူမ ကြက်သီးမွေးညင်း ထလာရပြီး မျက်ရည်များ ဝဲလာ၏။ သူမသည် ယဲ့ဖန်၏ အမျိုးသမီး ဖြစ်သည်။ သူမက ယဲ့ဖန်၏ မိန်းမပင်။
သူမက ယဲ့ဖန်နှင့် မထိုက်တန်ဟု အမြဲ ခံစားနေရသော်လည်း ယဲ့ဖန်က တစ်ခါမှ ထိုသို့မတွေးဖူးပါတကား။ သူမ အတွေးထဲ နစ်မျောနေချိန်တွင် ခပ်လှမ်းလှမ်းမှ နူးညံ့သော အပြုံးနှင့် လူတစ်ယောက် လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
“မင်း ဘာလို့ ဒီရောက်နေတာလဲ”
ယဲ့ဖန် ပြုံး၍ ပြောလိုက်သည်။ ထန်ပုခုက မျက်ရည်ကိုသုတ်ကာ သတ္တိမွေး၍ ယဲ့ဖန်အား ပြုံးကာ ပြောလေသည်။
“ကျွန် … ကျွန်မ ရှင့်ကို သတိရလို့”
“ဟေ့ဟေ့ ဒီမှာ နောက်လူတစ်ယောက်လည်း ရှိတယ်နော်၊ မင်းတို့ အထီးကျန်သမားလေးရဲ့ ခံစားချက်ကို သတိထားပေးလို့ ရမလား၊ ငါ မခံစားနိုင်ဘူးကွ”
ဖေးချမ်က စိတ်ဆိုးမာန်ဆိုး ပြောလာသည်။
*မင်းတို့ကို ဘယ်သူက လူမြင်ကွင်းမှာ ချစ်ပြကြည်နူးပြခိုင်းလို့လဲ*
သူ့စကားကြောင့် ထန်ပုခူ မျက်နှာနီမြန်းသွားပြီး ရှက်ရွံ့စွာ ခေါင်းငုံ့သွားသည်။
“သွား … သွား … ဝေးဝေးသွားစမ်း”
ယဲ့ဖန်က မကျေနပ်သော အမူအရာနှင့် နှင်ထုတ်လေသည်။
“အေးပါ ငါ မင်းတို့ကြားလည်း မနေပါဘူး”
ဖေးချမ်က ပြုံး၍ တံခါးပိတ်သွားသည်။ လက်ရှိတွင် ယဲ့ဖန်နှင့် ထန်ပုခူသာ ကျန်ခဲ့လေသည်။
“သွားကြမလား”
ယဲ့ဖန် အပြုံးနှင့် မေးလိုက်သည်။
“အင်း”
ထန်ပုခူက နာခံစွာ ခေါင်းညိတ်လေသည်။ နှစ်ယောက်သား ဝမ်ကောဖူထဲ လမ်းလျှောက်နေကြသည်။ လမ်းတစ်လျှောက်တွင် ထန်ပုခူက အဆက်မပြတ် စကားပြောလာ၏။
“ကျွန်မ တောင်ပေါ်မှာ တစ်ယောက်တည်း နေရတုန်းက ကျွန်မမှာ သူငယ်ချင်း မရှိဘူး၊ အဲ့ဒါကြောင့် ကျွန်မ သားရဲတစ်ချို့နဲ့ပဲ မိတ်ဆွေဖြစ်ခဲ့တယ်၊ သူတို့ကို ကျွန်မ နာမည်ပေးလိုက်သေးတယ်”
“ဝက်ဝံကို ကွမ်းကွမ်းလို့ ခေါ်တယ်၊ ခြင်္သေ့ကို လဲ့လဲ့လို့ ခေါ်တယ်၊ ပြီးတော့ အော်ရန်အူတန် လူဝံကြီးလည်း ရှိသေးတယ်၊ သူ့ကို ကျွန်မ ငတုံးလို့ ခေါ်တယ်၊ သူတို့အားလုံး ကျွန်မနဲ့ ကစားရတာကို ကြိုက်တယ်လေ”
“တောင်ပေါ်က မြင်ကွင်းက သိပ်လှတာ၊ ရာသီဥတုကလည်း နွေဦးလိုပဲ၊ အခွင့်အရေးရရင် ကျွန်မ ရှင့်ကို ခေါ်သွားပြီး ပြချင်သား”
“ကျွန် တောင်ပေါ်က ဂူထဲမှာလည်း အိမ်ဆောက်ထားတယ်၊ ကျွန်မ အရင်အိမ်က အပြင်အဆင်အတိုင်း ဖြည်းဖြည်းချင်း ပြင်ထားတာ၊ ကျွန်မ သဘောကျတယ်၊ နောင်ကျွန်မတို့ မင်္ဂလာဆောင်ဖြစ်ရင် အဲ့မှာ မင်္ဂလာပွဲ ကျင်းပရအောင်လေ”
အချိန်အတော်ကြာပြီးနောက် စကားပြောနေသော ထန်ပုခူသည် စကားပြောရာမှ ရပ်၍ ယဲ့ဖန်ကို လှည့်ကြည့်လာသည်။ ထိုအခါ ယဲ့ဖန်က သူမကို ပြုံး၍ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူမမျက်နှာတစ်ပြင်လုံး နီမြန်းသွားပြီး သတိထား၍ ပြောလိုက်သည်။
“ကျွန်မ အရမ်း စကားများနေမိပြီလား”
ယဲ့ဖန် ခေါင်းခါလိုက်သည်။
“ဆက်ပြောလေ၊ ငါ မင်း ပြောတာကို နားထောင်နေရတာ ကြိုက်တယ်”
ထန်ပုခူက လက်သီးကိုဆုပ်ကာ ယဲ့ဖန်အား စိုက်ကြည့်လေသည်။
“ယဲ့ဖန် ရှင် ကျွန်မကို ချစ်တယ်လို့ ပြောပေးပါလား”