← Chapters

အခန်း ၁၅၀၄

Vol. 101 Ch. 1504

အခန်း ၁၅၀၄

Vol. 101 Ch. 1504

Chapter 1504 လမ်းခွဲခြင်း

“ရှင် ကျွန်မကို ချစ်တယ်လို့ ပြောပေးပါလား”

ထိုစကားကြောင့် ယဲ့ဖန် မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။

*ဒီရှက်တတ်တဲ့ကောင်မလေးက ဘယ်တုန်းက သတ္တိကောင်းသွားတာလဲ*

သူ အံ့အားသင့်နေချိန်တွင် ထန်ပုခူက ရှေ့တိုးလာပြီး သူ့အင်္ကျီစကိုဆွဲ၍ စိုးရိမ်တကြီး မေးလာသည်။

“ရှင် … ရှင် မပြောချင်ဘူးလား”

“ငါ … ဒါပေါ့ ငါ ပြောချင်တာပေါ့”

ယဲ့ဖန် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ ဤကောင်မလေးက အလွန် စိတ်လှုပ်ရှားနေလိမ့်မည်ဟု သူ ထင်မထားမိပါ။

“ဒါဆို ပြော‌လေ”

ထန်ပုခူ၏ မျက်နှာတွင် စိတ်မရှည်သော အမူအရာ ပေါ်နေပြီး ယဲ့ဖန်အား တောက်ပသော မျက်လုံးတို့ဖြင့် ကြည့်နေသည်။ ယဲ့ဖန် ရုတ်တရက် ရှက်သွားလေသည်။ သူ့ကဲ့သို့ ဘုံကိုးပါး ဧကရာဇ် မကောင်းဆိုးဝါးအား “ငါ မင်းကို ချစ်တယ်” ဟု ပြောခိုင်းခြင်းက လူသတ်ခြင်းထက်ပင် ပို၍ နေရထိုင်ရ ခက်စေသည်။

သို့သော် ထန်ပုခူ၏ မျှော်လင့်နေသော အကြည့်နှင့် ရင်ဆိုင်ရသောအခါ ယဲ့ဖန် မငြင်းရက်ဘဲ ပင့်သက်ရှိုက်၍ ပြောလိုက်သည်။

“ထန်ပုခူ ကိုယ် မင်းကို ချစ်တယ်”

စိတ်ကျေနပ်ရသော အဖြေကိုရပြီးနောက် ထန်ပုခူက ချက်ချင်း ပြုံး၍ ပျော်ရွှင်စွာ ပြောလာသည်။

“ကျွန်မလည်း ရှင့်ကို ချစ်တယ်”

ယဲ့ဖန်က ခေါင်းကုတ်၍ မနေတတ်စွာ ပြုံးလေသည်။

“မင်း ဒီနေ့ ဘာဖြစ်နေတာလဲ၊ ဘာလို့ မင်းက မင်းနဲ့မတူသလို ငါ ခံစားနေရတာလဲ”

ထန်ပုခူက ခေါင်းခါ၍ သဘာဝမကျသော အပြုံးကို ပြုံးလာသည်။

“အခုချိန် ကျွန်မ တစ်ခုခုမပြောရင် နောက် ဘယ်တော့မှ ထပ်ပြောနိုင်မယ် အခွင့်အရေး မရှိဘူးလို့ တွေးမိလို့ပါ”

ယဲ့ဖန် ရယ်မောလိုက်သည်။

“မင်းက ဘာလို့ သေကွဲကွဲမရလို ဖြစ်နေတာလဲ”

ထိုစကားကို ကြားသောအခါ ထန်မင်လီ၏ အပြုံးက ပို၍ ခါးသီးလာသည်ကို သူ သတိမထားလိုက်မိပါ။ သူမက ခေါင်းခါ၍ မချိတရိအပြုံးဖြင့် ခေါင်းသာခါနေ၏။

“ရှင် အလုပ်များနေမှာပဲ၊ ကျွန်မ လီအာနဲ့ အခြားသူတွေနဲ့အတူ ဈေးဝယ်ထွက်လိုက်ဦးမယ်”

ထိုသို့ပြောပြီး ယဲ့ဖန် ပြန်ပြောသည်ကို မစောင့်ဘဲ ထန်ပုခူက တစ်ဖက်လှည့်၍ ထွက်သွားလေသည်။ တစ်ဖက် လှည့်သွားသည်နှင့် မျက်ရည်များ စီးကျလာသည်။

ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ ကျောပေးသွားသော ထန်ပုခူကို ကြည့်ပြီး သူ့မျက်နှာတွင် ပဟေဠိ ဖြစ်သော အမူအရာ ပေါ်လွင်လာလေသည်။

သို့သော် သိပ်မကြာခင်မှာပင် ကျုံးဝမ်နှင့် ကျုံးလီအာတို့ အမောတကော ပြေးလာသည်ကို တွေ့လိုက်ရသည်။

“ယဲ့ဖန် မကောင်းတော့ဘူး”

ယဲ့ဖန် မျက်နှာထား ပြောင်းလဲသွားသည်။ သူ ခန့်မှန်းမိသည်က မှန်နေပုံရသည်။ ယနေ့ ထန်ပုခူက တကယ်ပင် တစ်ခုခု ဖြစ်နေ၏။

“ဒုန်း”

ပိုင်ရွှယ်၏ တံခါးသည် ယဲ့ဖန်ကြောင့် ကန်ထုတ်ခံလိုက်ရသည်။ သူသည် တံခါးဝ၌ ဒေါသထွက်နေသော အမူအရာဖြင့် ပေါ်လာပြီး ပိုင်ရွှယ်အား အေးစက်စွာ ကြည့်လာသည်။

“ငါ ဖြေရှင်းချက် လိုတယ်”

ပိုင်ရွှယ်က လသာဆောင်၌ ရပ်နေပြီး ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ဖြည်းဖြည်းချင်း နောက်လှည့်လာသည်။

“ကျွန်မ ရှင့်ကို ဘာဖြေရှင်းချက် ပေးဖို့လိုတာလဲ”

“မင်း ဘာလို့ ထန်ပုခူကို နှင်ထုတ်ရတာလဲ”

“နှင်ထုတ်တယ် ဟုတ်လား”

ပိုင်ရွှယ်က ပျက်ရယ်ပြု၍ ပြောလိုက်သည်။

“ရှင် မှားနေပြီ၊ ကျွန်မ ဘယ်တုန်းက သူ့ကို နှင်ထုတ်မိလို့လဲ”

လက်ရှိတွင် ပိုင်ရွှယ်သည် ယခင်ပုံစံနှင့် မတူတော့ဘဲ သူမ၏ မျက်နှာနုနုထက်တွင် အသက်အရွယ်နှင့် မလိုက်ဖက်သော ရင့်ကျက်တည်ငြိမ်ဟန်တို့ ပေါ်နေသည်။

“ထန်ပုခူက နင်နဲ့ စကားပြောပြီးတာနဲ့ အထုပ်အပိုးပြင်ပြီး ထွက်သွားတာလေ”

ကျုံးလီအာက စွပ်စွဲလေသည်။ သူမ ထန်ပုခူနှင့် အတူ ဈေးဝယ်ထွက်ခဲ့ပြီးနောက် ထန်ပုခူက ပစ္စည်းများအားလုံး သိမ်းဆည်းပြီးသည်ကိုသာ သိလိုက်ရသည်။

“ဘာတွေဖြစ်နေတာလဲ”

ယဲ့ဖန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ သူ့မျက်နှာတွင် ဒေါသရိပ်က အထင်းသားပင်။

“ယဲ့လုံရှန်းက ရှုကျိုးကို ခရီးနှင်လာနေပြီ”

ပိုင်ရွှယ်က အဆက်အစပ်မရှိ ပြောလာ၏။ ထိုစကားကပင် ယဲ့ဖန်အား မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားစေသည်။

“အဲ့တော့ မင်းက ထန်ပုခူကို ဓားစာခံဖြစ်ဖို့ ပြောလိုက်တာလား”

ထန်ပုခူသည် မကြာသေးခင်ကမှ သူတော်စင်သခင်အဆင့်သို့ အဆင့်တက်သွားခဲ့ခြင်း ဖြစ်သည်။ ဘယ်လိုလုပ် ယဲ့လုံရှန်း၏ ပြိုင်ဘက် ဖြစ်နိုင်ပါမည်နည်း။ ဤသည်က သောက်ရေးမပါချေ။

“ကျွန်မ သူ့ကို မသွားခိုင်းပါဘူး၊ သူ သွားခဲ့ရင်လည်း ကျွန်မ မတားဘူး”

ပိုင်ရွှယ်က သက်ပြင်းချ၍ ပြောလိုက်သည်။

“သူတင် မကဘူး၊ ထန်မင်လီ၊ ကင်းမြီးကောက် လူသတ်သမား၊ ထျဲမူထားနဲ့ အခြားသူတွေအားလုံး သွားကြပြီ”

ယဲ့ဖန် ဒေါကန်သွားပြီး ဒေါသတကြီး ပြောလာသည်။

“မင်း ငါ့ညီအစ်ကိုတွေကို တကယ်ပဲ အသေခံဖို့ ပြောလိုက်တာလား၊ မင်း ဒါကို ဘာလို့ ငါနဲ့ အရင် မတိုင်ပင်တာလဲ”

ပိုင်ရွှယ်က ယဲ့ဖန် ဤသို့ တုံ့ပြန်လာမည်ကို ခန့်မှန်းထားမိသကဲ့သို့ ကျိုးကြောင်းဆီလျော်စွာ ပြန်ပြောလေသည်။

“ကျွန်မ ရှင်နဲ့ တိုင်ပင်ရမယ် ဟုတ်လား၊ ကျွန်မ ရှင်နဲ့ တိုင်ပင်မယ်ဆိုရင် ရှင့်စိတ်အရဆို သဘောတူမှာမို့လို့လား”

အဖြေက သေချာပေါက် ငြင်းပယ်ခြင်းသာ ဖြစ်ပေလိမ့်မည်။ ယဲ့ဖန်က မည်သူ့ကိုမှ စတေးခံမည် မဟုတ်ပါ။ သို့သော် ပိုင်ရွှယ်ကတော့ စတေးခံမှာပင်။

အကြောင်းမှာ မြင့်မားသော နေရာ၌ ရှိသူများသည် ဓားကိုင်ရန် လိုအပ်ရုံသာမက နှလုံးသားကပါ မာကျောရမည် ဖြစ်ကြောင်း သူမ သိနေသောကြောင့်ပင်တည်း။

နှလုံးသား မာကျောမှသာလျင် တကယ့် အကျိုးအမြတ်ကို မှန်းနိုင်မည် ဖြစ်သည်။ ဓားကိုင်မှသာ လိုအပ်သော စတေးမှုများကို ဆုံးဖြတ်နိုင်ပေမည်။

“ယဲ့ဖန် ရှင် ကျွန်မကို ခွင့်လွှတ်မယ်လို့ ကျွန်မ မမျှော်လင့်ပါဘူး၊ ဒါပေမဲ့ အင်မော်တယ် ဧကရာဇ်အဆင့်အောက်မှာ နံပါတ်တစ် ဖြစ်နေတဲ့သူက ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုတာကို ရှင် နားလည်မှ ဖြစ်မယ်”

ပိုင်ရွှယ်က တည်ငြိမ်စွာ ပြောလေသည်။ သူမ တော်ဝင်နန်းတော်၌ ရှိစဉ်အခါက ယဲ့လုံရှန်းအကြောင်း ကြားခဲ့ဖူးပြီး သူက မည်မျှ ကြောက်စရာကောင်းကြောင်း သူမ သိထားသည်။

သူ့လက်အောက်၌ သေဆုံးခဲ့သော နတ်ဘုရင်အဆင့်များပင် အယောက်နှစ်ဆယ်မျှ ရှိသည်။ ထို့အပြင် ကျုံးကျိုး အင်ပါယာ၌ ပိုင်ကျန့်ချင်းသာလျင် ပြောဆိုခွင့် ရှိသူ မဟုတ်ပေ။ တကယ်တမ်း၌ ယဲ့လုံရှန်းက အင်ပါယာ တစ်ခုလုံးကို ထိန်းချုပ်နေခြင်း ဖြစ်လေသည်။

မင်းဆက်တိုင်း၏ ဘုရင်များအားလုံးက သူ၏ ရုပ်သေးရုပ်များသာ။ ပိုင်ကျန့်ချင်းကဲ့သို့ နာခံသူများသာ ရုပ်သေးအဖြစ် အသက်ရှင်နိုင်၏။ မနာခံသူများသည် စုံလင်သော မတော်တဆမှုများဖြင့် နတ်ရွာစံကြရသည်။

သူ့လက်အောက်တွင် ရာချီသော သူတော်စင်သခင်အဆင့်များက စစ်တပ်တစ်တပ်စာ ရှိပြီး အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်ပင် သူ၏ လက်ထဲမှ နယ်ရုပ်လေး ဖြစ်သည်။

ယနေ့ ယဲ့လုံရှန်း၏ စစ်တပ်က နယ်မြေထဲသို့ ဝင်လာပြီ ဖြစ်ပြီး မည်မျှ သွေးမုန်တိုင်း တိုက်ခတ်တော့မလဲ တွေးကြည့်နိုင်ပေသည်။

ပိုင်ရွှယ် အလွန် စိုးရိမ်ခဲ့သည်။ ယဲ့ဖန်က သူ့ပြိုင်ဘက် မဟုတ်မည်ကို စိုးရိမ်သည်။ ယဲ့ဖန် သေသွားရမည်ကို သူမ စိုးရိမ်ခဲ့လေသည်။ ထို့ကြောင့် သူမ တစ်ခုခု လုပ်မှဖြစ်မည်။ ယဲ့ဖန် သူမကို မုန်းသွားမည်ဆိုလျင်တောင်မှ သူမ တစ်ခုခု လုပ်မှဖြစ်ပေမည်။

“ပြီးတော့ ယဲ့လုံရှန်းက ရင်မိသားစုနဲ့ ပူးပေါင်းလိုက်ပြီ၊ ယဲ့လုံရှန်းအပြင် ရင်မိသားစုက နတ်ဘုရင်အဆင့် သုံးယောက်လည်း ပါလာတယ်”

ထိုလူများကို အသေခံရန် သူမ လွှတ်လိုက်သည့် အကြောင်းရင်းက ယဲ့လုံရှန်းနှင့် အခြားသူများ၏ အင်အား လျော့နည်းပြီး ယဲ့ဖန်အတွက် နိုင်နိုင်ချေ တိုးမြင့်လာစေရန် ဖြစ်သည်။

သို့သော် သူမ၏ ဆုံးဖြတ်ချက်က ယဲ့ဖန်၏ သည်းခံနိုင်စွမ်းအား ရိုက်ချိုးလိုက်မိကြောင်း သူမ မသိလိုက်ချေ။ ယဲ့ဖန် သက်ပြင်းချလိုက်သည်။

“ဒီကိစ္စ ပြီးသွားရင် မင်း ဝမ်ကောဖူကနေ ထွက်သွားသင့်ပြီ”

ထိုသို့ပြောပြီးနောက် ပိုင်ရွှယ် ပြန်ပြောလာသည်ကို မစောင့်ဘဲ သူ့ပုံရိပ်က နေရာမှ ပျောက်ကွယ်သွားလေသည်။ ထိုစကားကို ကြားသောအခါ အစ၌ ပိုင်ရွှယ် အံ့ဩသွားသည်။ ထို့နောက် ခါးသီးဟန် ပေါ်လာသည်။

ယဲ့ဖန် သူမကို ဘယ်သောအခါမှ ခွင့်လွှတ်တော့မည် မဟုတ်ကြောင်း သူမ သိလိုက်သည်။

“ငါ တောင်းပန်ပါတယ်၊ ငါတို့ ဒီလိုဖြစ်လာမယ်လို့ ထင်မထားမိဘူး”

ကျုံးဝမ်နှင့် ကျုံးလီအာတို့ နှစ်ယောက်လုံး အပြစ်မကင်းဟန်ဖြင့် ကြည့်လာသည်။ ထိုအခါ ပိုင်ရွှယ်က မချိပြုံးပြုံး၍ ခေါင်းခါသည်။

“နင်တို့ တောင်းပန်စရာ မလိုပါဘူး၊ နင်တို့က မှန်တယ်ထင်လို့ လုပ်တာ၊ ငါလည်း အဲ့လိုပါပဲ”

ထိုသို့ပြောပြီးနောက် သူမက တစ်ဖက်ပြန်လှည့်၍ အဝေးသို့ ကြည့်ကာ ဘာမှမပြောတော့ချေ။ ကျုံးလီအာ သက်ပြင်းချ၍ အခန်းထဲမှ တိတ်တဆိတ် ထွက်သွားလိုက်သည်။

ထိုအခါတွင်မှ ပိုင်ရွှယ်က တစ်ကိုယ်တည်း တီးတိုး ပြောလေသည်။

“ကျွန်မကို မုန်းပါ၊ ရှင် အသက်ရှင်နေသရွေ့ မုန်းလိုက်ပါ၊ ကျွန်မကို တစ်သက်လုံး မုန်းနေမယ်ဆိုရင်တောင်မှ ကျွန်မ ပျော်ပါတယ်”

ထိုအခိုက်တွင် ယဲ့လုံရှန်းက စစ်တပ်ကို ဦးဆောင်၍ ရှုကျိုးထဲ ဝင်ရောက်လာသည်။ သူ့အမိန့်အောက်၌ သူတော်စင်သခင်အဆင့် အယောက်တစ်ရာ့နှစ်ဆယ်၊ ဘုရင်အဆင့် ခြောက်ရာကျော်တို့အပြင် အင်ပါယာ၏ အထူးချွန်ဆုံး လက်ရွေးစင် စစ်သားများ ပါဝင်၏။

ထို့အပြင် ရင်မိသားစုမှ နတ်ဘုရင်အဆင့် သုံးယောက်နှင့် သူတော်စင်သခင်အဆင့် အယောက် နှစ်ဆယ်ကျော်လည်း ပါသေးသည်။

ဤသို့သော အင်အားက နိုင်ငံကို ဖျက်ဆီးရန် ပြင်ဆင်ထားသည့် အင်အားစုပင်။ ထည်ဝါ၍ အားကြီးသော လူအုပ်ကြီးက ရှုကျိုးထဲ ဝင်လာပြီး မြင်မြင်သမျှကို ဖျက်ဆီးလေသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ရှင်းလင်းပါ၏။ ယဲ့ဖန်ကို သတ်ရန် ဖြစ်လေသည်။

ရုတ်တရက် စစ်သားများကြားထဲမှ ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက် ထွက်ပေါ်လာပြီး စစ်ဝတ်စုံနှင့် စစ်သားတစ်ယောက်က လေထဲသို့ လွှားခနဲ ခုန်လာပြီး ယဲ့လုံရှန်းကို တိုက်ခိုက်လေသည်။ အေးစက်မာကြောသော ဓားမြောင်ဖြင့် သူ့နောက်စေ့ကို ထိုးနှက်လာသည်။

ဤသည်ကိုမြင်သော် လူတိုင်း တောင့်တင်းသွားကြသည်။ ဤထောင်သောင်းချီသော စစ်သားများကြား၌ သူတို့၏ စစ်သူကြီးအား ခေါင်းဖြတ်ရဲသူက မည်သူနည်း။

ပို၍ ထိတ်လန့်စရာကောင်းသည်မှာ သူတို့ ထိုအငွေ့အသက်ကို သတိထားမိရုံပင် ရှိသေးသည့်အချိန်၌ တစ်ဖက်လူက ယဲ့လုံရှန်း၏ အနောက်သို့ ရောက်နေ၏။

အဖြစ်အပျက်က မြန်ဆန်လှသည်။ ထိုလူသတ်ချင်သော အငွေ့အသက်ကလည်း တိုးလာသည်။ နတ်ဘုရင်အဆင့် သုံးယောက်သည်လည်း အံ့ဩနေကြသည်။

“သေချင်နေတာပဲ”

ယဲ့လုံရှန်း ဒေါသထွက်ကာ နောက်လှည့်၍ တစ်ဖက်လူအား လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။

“ဂျွတ်”

ထိုဓားမြောင် ကျိုးပဲ့သွားသည်။ ထို့နောက် ထန်ပုခူ လွင့်ထွက်သွားပြီး သူမ၏ ရင်ဘတ်မှ သံချပ်ကာ ကျိုးကြေသွားကာ သွေးအန်လာပြီး တစ်ဖက်မှ တောအုပ်ထဲသို့ လွင့်ထွက်သွားလေသည်။

ဤမြင်ကွင်းကြောင့် ရင်မိသားစုမှ နတ်ဘုရင်အဆင့် သုံးယောက်လုံး မှင်တက်သွားသည်။ သူတို့သာဆိုလျင် လုပ်ကြံရေးသမား၏ အစီအစဉ် အောင်မြင်သွားလေက်သည်။

သို့သော် ယဲ့လုံရှန်းက ဤလုပ်ကြံမှုကို အသာလေး ဖြေရှင်းနိုင်စွမ်း ရှိနေသည်။ အင်မော်တယ် ဧကရာဇ်အောက်၌ နံပါတ်တစ်လူဟူသော ဘွဲ့နှင့် တကယ်ပင် ထိုက်ထန်ပေ၏။

ဤသည်ကိုမြင်သော် ယဲ့လုံရှန်း၏ လူများက ရက်စက်သော မျက်နှာထားနှင့် တောအုပ်ထဲသို့ ပြေးဝင်သွားပြီး ထိုမောက်မာသော လုပ်ကြံရေးသမားကို နုတ်နုတ်စင်းရန် ကြံလေသည်။

“လိုက်ဖမ်းစရာ မလိုဘူး၊ ငတုံးတစ်ကောင်ပဲ”

ယဲ့လုံရှန်းက အထင်သေးစွာပြောပြီး အင်အားစုအား ရှေ့ဆက်ရန် အမိန့်ပေးလိုက်သည်။ ဤသည်ကိုမြင်သော် ရင်မိသားစုမှ နတ်ဘုရင်အဆင့် သုံးယောက်သည် သူ့အား လေးစားလာကြသည်။ ယဲ့လုံရှန်၏ ခွန်အားနှင့် လွှမ်းမိုးနိုင်စွမ်းကို သူတို့ လက်ခံလာသည်။

အစောပိုင်းက လုပ်ကြံရေးသမားသည် ပုန်းအောင်နေရာမှ တိုက်ခိုက်လာသည်အထိ အချိန်ကိုက်မှုက စင်းလုံချော ပြည့်စုံလှသည်။

သူတို့သုံးယောက်ထဲမှ မည်သူမဆိုသာ ထိုသို့ လုပ်ကြံခံရလျင် မသေလျင်တောင်မှ ဒဏ်ရာ အပြင်းအထန် ရလောက်၏။

သို့သော် ယဲ့လုံရှန်းက ခန့်မှန်းမိဟန်ဖြင့် ချက်ချင်း တုံ့ပြန်နိုင်လေသည်။ ထို့အပြင် သူက ကြောက်စရာကောင်းသော လူသတ်သမားအား ငတုံးဟုပင် ဆိုလိုက်သေးသည်။

ကြောက်စရာကောင်းလှသည်။ အစွမ်းအစရှိသော ရန်သူပင်။

ဤလူအိုကြီး၏ ရန်သူ မဖြစ်အောင်နေမည်ဟု သုံးယောက်လုံး စိတ်ပိုင်းဖြတ်လိုက်သည်။ ထိုစဉ် ဆယ်မိုင်အထိ ထွက်ပြေးသွားသော ထန်ပုခူသည် ထပ်သွေးအန်နေပြီး မျက်နှာတစ်ခုလုံး ဖြူရော်နေ၏။

နာကျင်မှုက ပြင်းထန်လွန်းသော်လည်း သူမ နောက်ဆုတ်ရန် ငြင်းဆန်နေမိသည်။ ထို့ကြောင့်ပင် သူမ ယ‌နေ့ ယဲ့ဖန်နှင့် တွေ့ခဲ့စဉ်အခါက သေကွဲကွဲရမည့်ဟန်ဖြင့် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ သူမ ယဲ့ဖန်ကို နှုတ်ဆက်ရတော့မည် ဖြစ်သောကြောင့်ပင်။

သို့သော် ယဲ့ဖန်က ကိုယ် မင်းကို ချစ်တယ်ဟု ပြောလာသည်ကို သူမ ကြားခဲ့ရသဖြင့် သူမ သေရမည် ဆိုလျင်တောင်မှ စိတ်အေးလက်အေး မျက်လုံးမှိတ်နိုင်သည်ဟု ခံစားရသည်။

အဘယ်ကြောင့်ဆိုသော် ယဲ့လုံရှန်းက မသေနိုင်သူ ဖြစ်ပြီး ယဲ့ဖန် အသက်ရှင်နိုင်စွမ်း မရှိသည်ကို သူမ ရိပ်မိသောကြောင့်ပင်။

သူမသည် ယဲ့ဖန်၏ အမျိုးသမီး ဖြစ်ပြီး ယဲ့ဘုရင်က သူမအမျိုးသား ဖြစ်သည်။ ထို့ကြောင့် မည်သူ့ကိုမှ သူမအမျိုးသားကို သတ်ခွင့် မပေးနိုင်ပါ။

ယဲ့ဖန်ကို သတ်ချင်သည်ဆိုလျင် သူမကို အရင်သတ်သွားမှရပေမည်။ ထိုစကားက ဒိတ်အောက်နေသော စကား ဖြစ်သော်လည်း လူအများက ယခုအထိ ဆက်သုံးချင်နေကြဆဲပင်။

အမျိုးသမီးများသည် ချစ်ခင်စွဲလမ်းနေချိန်သည် အလွန် စိတ်ထိခိုက် ကြည်နူးဖွယ် ကောင်းလှသည်။

ယဲ့ဖန် သူမအတွက် ဖော်စပ်ပေးထားသော ကုသခြင်းဆေးရည်ကို သောက်လိုက်ပြီး တစ်ခဏမျှ သူမဒဏ်ရာကို ကုသရန် တရားထိုင်နေပြီးနောက် သူမ ပြန်ထလိုက်သည်။ သူမမျက်လုံးတွင် လူသတ်ချင်စိတ်များနှင့် ပြည့်နေပြီး ယဲ့လုံရှန် ရှိရာဘက်သို့ ဦးတည်၍ ပြေးသွားလေသည်။

သူမ၏ ရည်ရွယ်ချက်က သတ်ရန် မဟုတ်ပါ။ အသေခံရန်သာ ဖြစ်သည်။ အစောပိုင်းက တိုက်ခိုက်မှုမှနေ၍ သူမ ယဲ့လုံရှန်း၏ ပြိုင်ဘက် မဟုတ်သလို သူ့ကို သူမ မသတ်နိုင်ကြောင်း နားလည်လိုက်သည်။

သို့သော် ဓားတစ်လက် ရှိလျင်တောင်မှ သူ့ကို သူမ ဓားဖြင့် ရအောင် ခုတ်မည်ပင်။ သူ့ကိုယ်၌ ဒဏ်ရာတစ်ခု ချန်နိုင်ခဲ့လျင် ယဲ့ဖန် သူ့ကို ပို၍ လွယ်ကူစွာ ရင်ဆိုင်နိုင်ပေမည်။ ထိုအကြောင်းပြချက်ကြောင့် သူမအသက်ကို စတေးရမည် ဆိုလျင်တောင်မှ သူမ တွေဝေနေမည် မဟုတ်ပါ။

All Chapters