← Chapters

အခန်း ၁၅၁၀

Vol. 101 Ch. 1510

အခန်း ၁၅၁၀

Vol. 101 Ch. 1510

Chapter 1510 လက်သီးသုံးချက်

*မယုံနိုင်စရာပဲ*

*ကြောက်ဖို့ကောင်းလိုက်တာ*

ဤမြင်ကွင်းက လူတိုင်းကို အသံ ပျောက်ပြီး စိတ်ပါ လွတ်သွားစေသည်။ ကြောက်လန့်နေသော မျက်လုံးများစွာက ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ် ကျရောက်လာကာ မယုံနိုင်ဟန် အရိပ်အယောင်များ ပါဝင်နေပြီး လူတိုင်း အမှန်ကို မယုံနိုင် ဖြစ်နေကြသည်။

ယဲ့လုံရှန်း၏ တိုက်ခိုက်မှုကို ယဲ့ဖန်က အထင်သေးဟန်ဖြင့် တားဆီးလိုက်သည်တဲ့လား။

“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး၊ ငါ့နယ်မြေထဲမှာ ငါက အရှင်သခင်ပဲလို့ ပြောခဲ့တယ် မဟုတ်လား”

ယဲ့ဖန်က သူ့အား အထင်သေးစွာ ကြည့်နေပြီး အထက်စီးဖြင့် ပြောလိုက်သည်။ သူက ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေလေသည်။

“ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို လွှမ်းမိုးနိုင်သလို မင်းတို့ အသည်းအသန် တိုက်ခိုက်ချင်တာကိုလည်း လွှမ်းမိုးနိုင်တယ်”

ယဲ့လုံရှန်းနှင့် အခြားသူများ အံကြိတ်၍ ကြုံးဝါးလိုက်သည်။

“ဒါဆိုလည်း ငါတို့က မင်းနယ်မြေကို ဖျက်ဆီးရတာပေါ့”

ရုတ်တရက် အလောင်းကောင် ဝိညာဉ်နတ်ဆိုးမှ တောက်ပသော အလင်းရောင် ဖြာထွက်လာပြီး အနက်ရောင် လျှပ်စီးအသွင်ပြောင်းလဲသွားသည်။

တကျုံးနှင့် အခြားသူများလည်း အလျင်အမြန် ဝင်တိုက်ကြသည်။ သူတို့သည် သာမန်လူများ မဟုတ်ချေ၊ ရဲရင့်ပြီး အတိုက်အခိုက် အတွေ့အကြုံ ရင့်သန်ကာ သက်လုံကောင်းသူများ ဖြစ်သည်။ ယခုအချိန်တွင် သူတို့အားလုံး ရူးမတတ် ဖြစ်နေကြသည်။

သူတို့၏ အရှိန်အဝါက တောတောင်မြစ်ချောင်းများကို ဝါးမျိုနိုင်စွမ်း ရှိပြီး ပြင်းထန်သော တိုက်ခိုက်မှုများကို ထုတ်ဖော်ကြသဖြင့် အလွန် ပြင်းထန်သော ပေါက်ကွဲသံများ ဖြစ်ပေါ်လာသည်။

သို့သော် အရာအားလုံး အချည်းနှီးပင်။ သူတို့၏ တိုက်စစ်က ကောင်းကင်ယံမှ အမှောင်ထုနှင့် ထိမှတ်သောအခါ ပျောက်ကွယ်သွားသည်။

“အသုံးမဝင်ဘူး၊ ဒါက အနက်ရှိုင်းဆုံး အမှောင်ထုပဲ၊ ရှေးကျပြီး သက်တမ်း အရင့်ဆုံး အရာကနေ ဆင်းသက် လာတာ၊ ရှေးကျတဲ့ လူသားသာလျင် ကိုင်လှုပ်နိုင်တယ်”

တကျုံးက မချိပြုံး ပြုံးလိုက်သည်။ မဟာအမှောင်ထု၊ နတ်ဘုရားမြို့တော်အား အမှောင်ကျစေသော အရာ၊ နတ်ဘုရားများကို သတ်ဖြတ်ခဲ့သောအရာ၊ ဤစွမ်းအင်အား လုံးဝ ကိုင်လှုပ်နိုင်မည် မဟုတ်ပါ။

“ဒါဆို သူက အဲ့ပြိုင်ဘက်ကင်းလူလား”

အခြားနတ်ဘုရင်အဆင့် နှစ်ယောက်လုံး ကြံရာမရ ဖြစ်သွားကြပြီး ကောင်းကင်မှလူကို ကြောက်လန့်တကြား ကြည့်ကြလေသည်။

*မယုံနိုင်စရာပဲ*

*ဒီလူပြောတာ တကယ် ဖြစ်နေတာလား*

*ဒီနယ်မြေက သူက အားလုံးကို လွှမ်းမိုးနိုင်တာလား*

“ချီးပဲ”

သို့သော် ယဲ့လုံရှန်းက ကျိန်ဆဲပြီး ပြောလိုက်သည်။

“သူက ငါ့ကို ဒီစွမ်းအင်နဲ့ သတ်ချင်တယ်ဆိုရင်တောင်မှ သူက နတ်ဘုရားမြို့တော်က နတ်ဘုရားတွေကို သတ်သွားတဲ့ လူသတ်သမား ဖြစ်မှပဲ ရမယ်၊ မဟုတ်ရင် … လုံးဝ မဖြစ်နိုင်ဘူး”

ယဲ့လုံရှန်းက အလောင်းကောင် ဝိညာဉ်နတ်ဆိုးအား တွန်း၍ ရှေးခေတ် ခေါင်းလောင်းသံထက်ပင် ပိုကျယ်သော အသံ ထွက်လာပြီး နှိုင်းမယှဉ်နိုင်သော စွမ်းအင်တစ်ခုက ဟာရီကိန်း မုန်တိုင်းသဖွယ် ထွက်ပေါ်လာပြီး ယဲ့ဖန်ထံ အရှိန်ဖြင့် ဝင်တိုးလေသည်။

“ဒီနယ်မြေကို မဖျက်ဆီးနိုင်မှတော့ သူ့ကိုပဲ သတ်တာပေါ့၊ ဒါဆို ဒီနယ်မြေကို ဖျက်ဆီးလိုက်သလို ဖြစ်မသွားဘူးလား”

သူ့စကားကိုကြားသော် တကျိုးနှင့် အခြားသူများ ချက်ချင်း သတိဝင်လာသည်။

*ဟုတ်တယ်၊ ယဲ့ဖန် သေသွားရင် ဒီနယ်မြေက အလိုလို မပျက်စီးသွားဘူးလား*

ချက်ချင်းဆိုသလိုပင် သူတို့လည်း ပြေးတက်လာပြီး မျက်နှာထားတင်းတင်းဖြင့် ယဲ့ဖန်ထံ ချဉ်းကပ်လာလေသည်။

ထိုအချိန်တွင် ယဲ့ဖန်က နားဝေတိမ်တောင် ဖြစ်နေသော ထန်ပုခူအား ခေါင်းပွတ်၍ ရယ်မောကာ ဆူပူလိုက်သည်။

“ငါ မင်းကို နောက်မှ ကုပေးမယ်”

ထို့နောက် ယဲ့ဖန်နှင့် အခြားသူများကို လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးတွင် အေးစက်စက် အလင်းတန်း ဖြတ်ပြေး သွားသည်။

ထို့နောက်တွင်မူ သူသည် ခံ့ခံ့ညားညား လျှောက်လှမ်းသွားပြီး သူ့ကိုယ်မှ ပြင်းထန်သော အရှိန်အဝါက ဆက်တိုက် ထွက်ပေါ်လာပြီး မသိလျင် ရှေးသားရဲတစ်ကောင်က အရပ်မျက်နှာအနှံ့ကို လွှမ်းမိုး၍ တာအိုသဘောတရားကိုပင် ဖိနှိပ်နေသည်ဟု ထင်မှတ်ရသည်။

ထန်ပုခူ မှင်တက်သွားပြီးနောက် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ဒါ ကိုယ့်ကိုယ်ကိုယ် တော်တယ်ထင်နေတာလို့ ခေါ်မလား”

ထို့နောက်တွင်မူ ထန်ပုခူသည် ငိုမိသွားပြီး အနည်းငယ် စိတ်ပျက်သွားသည်။

“ဒီလို ဒဏ်ရာရသွားတာက အလကားပဲ”

ယဲ့ဖန်က ယဲ့လုံရှန်း၏ ပြိုင်ဘက် မဖြစ်နိုင်ဟု သူ အစက ထင်ခဲ့မိသည်။ ထို့ကြောင့် သူမအသက်ကိုရင်း၍ ယဲ့လုံရှန်းကို ချောင်းတိုက်ရန် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်ပေသည်။

သူမအသက်သေလုနီးပါး ဖြစ်ခဲ့သော်လည်း ယဲ့ဖန်က သူမအကူအညီ လုံးဝ မလိုဘဲ ယဲ့လုံရှန်းနှင့် အခြားသူများကို နင်းချေနိုင်ကြောင်း သိလိုက်ရသည်။

ထို့ကြောင့် ယနေ့ တိုက်ခိုက်မှုတွင် သူမ အချည်းနှီး ပေးဆပ်လိုက်ရလေပြီ။ သူမသည်သာမက ထန်မင်လီနှင့် အခြားသူများလည်း နေမထိထိုင်မသာ အမူအရာများနှင့် ဖြစ်နေကြသည်။

သူတို့ ယဲ့ဖန်အတွက် စတေးခံခဲ့သည်ဟု တွေးခဲ့ကြသော်လည်း ဤစတေးခံမှု လုံးဝ မလိုအပ်သည်ကို အချိန်အတော်ကြာမှ သိလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ယဲ့ဖန် မခုခံနိုင်ဟု ထင်ထားသော ရန်သူများက ယခု ယဲ့ဖန် လက်ချက်ကြောင့် ဒေါပွနေ သောကြောင့်ပင်။

“ဧကရာဇ်ကျူးလုံကို ဘာလို့ မင်းဆက်အားလုံးရဲ့ အကြီးမြတ်ဆုံး ဧကရာဇ်လို့ ခေါ်လဲ မင်းတို့ သိကြလား”

ထိုစဉ် ဘယ်အချိန်ကတည်းက ရောက်လာမှန်း မသိသော ဟွမ်နူက အပြုံးဖြင့် ပြောလာသည်။ ထိုအခါ လူတိုင်းက သူ့ကို လှည့်ကြည့်လာပြီး သူ့အဖြေကို စောင့်နေလေသည်။

“သူ့ရဲ့ ကြီးမြတ်တဲ့ အောင်မြင်မှုတွေအပြင်ကိုမှ သူ့ရဲ့ သိုင်းပညာရှင်တွေကို ဘယ်တော့မှ မသတ်တတ်တဲ့ အကျင့်ကြောင့်ပဲ”

ရှေးမင်းဆက်များ၏ ဧကရာဇ်များသည် ကြီးမြတ်သော အောင်မြင်မှုများ ဆောင်ကြဉ်းနိုင်ပြီးနောက် သူတို့အတွက် ဖြစ်စေ၊ သူတို့မျိုးဆက်အတွက် ဖြစ်စေ ပထမဆုံးလုပ်သည့် အရာမှာ သူတို့အတွက် သွေးထွက်ခံ၍ မဆုတ်မနစ် ကြိုးစားသော သိုင်းပညာရှင်များကို ရှင်းလင်းပစ်ခြင်း ဖြစ်လေသည်။

ရည်ရွယ်ချက်မှာ သူတို့နိုင်ငံကို ထာဝရ ငြိမ်းချမ်းနိုင်စေရန် ဖြစ်လေသည်။ သို့သော် ဧကရာဇ် ကျူးလုံက သိုင်းပညာရှင်များကို ဘယ်သောအခါကမှ မသတ်ခဲ့ဖူးပေ။

အဘယ်ကြောင့်ဆိုသော် သူသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသောကြောင့်ပင်။ သူ့၌ အစွမ်းရှိနေသရွေ့ ဤလောက၌ သူ့နဂါးပုလ္လင်ကို လှုပ်ခါနိုင်သူမရှိဟု ယုံကြည်ထားသောကြောင့်ပင်တည်း။

ထို့ကြောင့် သူ ဘေးကင်းရန် သိုင်းပညာရှင်များကို သတ်ရန် မဆိုထားနှင့် မနာလိုစိတ်ပင် မရှိခဲ့ပါ။ သူ၏ နောက်မျိုးဆက်မှာမူ အားလုံးက အသုံးမကျသဖြင့် နိုင်ငံက အခြားသူ လက်ထဲ ကျသွားခဲ့သည်။ နိုင်ငံ၏ ထာဝရ တည်မြဲမှုကို ကာကွယ်ရန် ဤနိုင်ငံ၏ အခြေခံအုတ်မြစ် သိုင်းပညာရှင်များစွာကို သတ်ဖြတ်ခဲ့သည်။ ရယ်ချင်စရာ ကောင်းလှပေသည်။

နိုင်ငံ၏ သိုင်းပညာရှင်များကို သတ်ချင်စိတ် မရှိသော ဧကရာဇ်တစ်ပါးက ဘယ်လိုလုပ် သိုင်းပညာရှင်များကို အသေခံပါမည်နည်း။

“မင်းတို့ ဧကရာဇ်က မင်းတို့ကို ယုံတယ်ဆိုရင် မင်းတို့ကလည်း သူ့ကို ယုံကြည်သင့်တယ် မဟုတ်လား”

ဟွမ်နူက ပြုံး၍ ထန်မင်လီကို လှည့်ကြည့်လေသည်။ ထန်မင်လီနှင့် အခြားသူများ မျက်ရည် ဝေ့တက်လာပြီး တစ်ခွန်းမှ မပြောနိုင်တော့ချေ။ နောက်ဆုံးတွင် ထန်မင်လီ မြေကြီးပေါ် ဒုန်းခနဲ ဒူးထောက်ကျသွားသည်။

“ငါ … တုံးအခဲ့တာပဲ”

လက်ရှိတွင် အင်မော်တယ် ဧကရာဇ်အဆင့်အောက်တွင် နံပါတ်တစ် ဖြစ်သောလူက ငရဲမှလာသောသူနှင့် ရင်ဆိုင်နေရသည်။

ယဲ့ဖန်၏ မျက်လုံးများက ဓားသွားသဖွယ် စူးရှချွန်ထက်နေပြီး နီးသထက်နီးလာသော အလောင်းကောင် ဝိညာဉ် နတ်ဆိုးကို ကြည့်နေသည်။ ထို့နောက် သူ လက်သီးဖြင့် ချက်ချင်း ထိုးနှက်လိုက်သည်။

“ဝုန်း”

လက်သီးတစ်ချက်တည်းဖြင့် နတ်ဆိုးတုန်ခါသွားသည်။ စွမ်းအားလည်း လျော့သွားသလို အလင်းရောင်လည်း မှိန်သွားလေသည်။ စားပွဲပေါ်မှ ဖယောင်းတိုင်သဖွယ် အချိန်မရွေး ကုန်သွားမည်ဟု ထင်ရသည်။

*ဘာ*

*တားလိုက်တာလား*

ယဲ့လုံရှန်း မျက်မှောင်ကြုတ်သွားပြီး ဤမြင်ကွင်းကို သူ မယုံနိုင်ဖြစ်ကာ ချောက်ချားသွားသည်။ သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။ ဒုတိယ လက်သီးချက် ကျရောက်လာပြန်သည်။

“ဝုန်း”

အလောင်းကောင် ဝိညာဉ် နတ်ဆိုး၏ ခန္ဓာကိုယ် အက်လာပြီး အလင်းရောင်က ပို၍မှိန်လာကာ ပင့်ကူမျှင်ကဲ့သို့ အက်ရာများက နေရာအနှံ့ ပျံ့နှံ့သွားသည်။

တတိယမြောက် လက်သီးချက်တွင် ယဲ့ဖန်၏ တိုက်ခိုက်ချင်စိတ်က ပွက်ပွက်ဆူလာပြီး တစ်ကိုယ်လုံးအား အနက်ရောင် အလင်းလွှာတစ်ခု ဖုံးလွှမ်းလာသည်။

“ဝုန်း”

ကမ္ဘာတုန်လောက်သည့် နတ်ဘုရားစွမ်းအင် ထပ်မံ ထွက်ပေါ်လာပြီး ကြောက်စရာကောင်းသည့် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာလေသည်။ ထို့နောက် လူတိုင်း၏ ကြောက်လန့်နေသော အကြည့်အောက်တွင် အလောင်းကောင် ဝိညာဉ်နတ်ဆိုးက ချက်ချင်း ပျက်စီးသွားလေသည်။

*ဒါက တကယ်လား၊ ဒီလို ထိတ်လန့်စရာကောင်းတဲ့အရာကို လက်သီးနဲ့ ဖျက်ဆီးလိုက်တာလား*

*ဒီကောင်ရဲ့ လက်သီးအားက အဲ့လောက် ပြင်းတယ်ပေါ့လေ*

ယဲ့လုံရှန်းနှင့် အခြားသူများ စိတ်ပျက်သွားကြသည်။ လက်ရှိတွင် သူတို့အားလုံး တိုက်ခိုက်ချင်စိတ် ပျောက်နေကြသည်။

ယဲ့လုံရှန်းသည် ပျံ့လွင့်လာသော စွမ်းအင်လှိုင်းကြောင့် နောက်ဆုတ်လိုက်ရပြီး မျက်ခုံးများ လှုပ်လာပြီး အလန့်တကြား ထအော်လိုက်သည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

သူ၏ မှော်လက်နက်သည် ရှေးခေတ်အချိန်အခါကတည်းက ဆင်းသက်လာသော အရာဖြစ်ပြီး နတ်ဘုရင်အဆင့် မဆိုထားနှင့် အင်မော်တယ် ဧကရာဇ်အဆင့်ပင် ဖျက်ဆီးရန် ခက်ပေသည်။

ဤမှော်လက်နက်နှင့် သူ၏ ခွန်အားကိုပါ ပေါင်းလိုက်လျင် ယဲ့ဖန်အား လက်ခုပ်ထဲက ငါးသဖွယ် အလွယ်တကူ သတ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော် ယဲ့ဖန်၏ တိုက်ပွဲဝင်ခွန်အားက ကြီးမား၍ ကြမ်းကြုတ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားမိချေ။ ယဲ့ဖန်က လောကထဲ ဝင်ရောက်လာသော နတ်ဆိုးတစ်ကောင်သဖွယ် လောကထဲ၌ သက်ရှိများကို ရှင်းလင်းနေသည်။

လက်သီး သုံးချက်ထဲနှင့် ဤမှော်လက်နက်ကို ဖျက်ဆီးခဲ့သည်။

*ပျက်စီးခြင်း*

လွန်ခဲ့သော ဆယ်မိနစ်က ယဲ့ဖန် ထိုသို့ပြောခဲ့သည်။ ဆယ်မိနစ်ကြာသော် ထိုစကားအတိုင်း တကယ် ဖြစ်လာလေပြီ။

“အင်မော်တယ် ဧကရာဇ်အဆင့်အောက်မှာ နံပါတ်တစ်လူတဲ့လား၊ ဒီလောက်ပဲလား”

ယဲ့ဖန်က အထင်သေးသလို သရော်ပြုံး ပြုံးလိုက်သည်။

“ဒီနေ့ မင်းတို့က နတ်ဘုရင်ဖြစ်ဖြစ်၊ အင်မော်တယ် ဧကရာဇ်ဖြစ်ဖြစ် ကိစ္စမရှိဘူး၊ မင်းတို့အားလုံး သေရမယ်”

ထိုစကားအဆုံး၌ အရိပ်တစ်ခုက အနက်ရောင် လျှပ်စီးသဖွယ် ထိုးဆင်းလာသည်။

*ချီးပဲ*

ယဲ့လုံရှန်း၏ မျက်လုံးတွင် ကြောက်စိတ်များ ပေါ်လာပြီး ချက်ချင်း အော်ဟစ်လိုက်သည်။

“အတူတူ တိုက်ကြဟေ့”

တကျိုးနှင့် အခြားသူများသည်လည်း သူတို့၌ အခြားနည်းလမ်း မရှိတော့သည်ကို သိနေသဖြင့် အတူတူ တိုက်ရန်သာ တတ်နိုင်ပေတော့သည်။

“ဟုတ်တယ် အတူတူ တိုက်ပြီး အတူတူ သေကြ”

ယဲ့ဖန်၏ မျက်လုံးတွင် ခက်ထန်မှုများနှင့် ပြည့်နှက်နေပြီး လူတစ်ယောက်အား ဒေါသတကြီး လက်သီးဖြင့် ထိုးလေသည်။ လက်သီးချက်များ တစ်လုံးပြီး တစ်လုံး ကျရောက်လာသည်။

ထိုသူ သွေးအန်သွားလေသည်။ ပထမလက်သီးချက်တွင် သူ ရှုံးနိမ့်သွားသည်။ ဒုတိယမြောက် လက်သီးချက်တွင် ဒဏ်ရာ အပြင်းအထန် ရသွားသည်။ တတိယမြောက် လက်သီးချက်တွင် သေဆုံးသွား လေတော့သည်။

နတ်ဘုရင်အဆင့်တစ်ယောက်အား သတ်ရန် ယဲ့ဖန်က လက်သီးသုံးချက်ကိုသာ သုံးခဲ့သည်ကို တွေ့လိုက်ရသဖြင့် လူတိုင်း ထိတ်လန့်သွားကြသည်။

ကောင်းကင်ယံတွင် သွေးများက မိုးစက်သဖွယ် ကျဆင်းလာနေသည်။ ဤမြင်ကွင်းက တကျိုးအား ကြောက်လန့်၍ မွန်းကြပ်သွားစေသည်။

*ဒီလူက နတ်ဘုရင်အဆင့်ဆိုပင်မယ့် သန်မာလွန်းတယ်*

*ဒီလူက လုံးဝ နတ်ဆိုးပဲ*

သို့သော် ဤမျှနှင့် ပြီးမသွားချေ။ ယဲ့ဖန်က တစ်ကိုယ်တည်း တည်ငြိမ်စွာ ရပ်နေပြီး အခြား နတ်ဘုရင်အဆင့်များ သူ့နား ကပ်လာပြီး ဝိုင်း၍ သတ်မည့်အချိန်အထိ စောင့်နေလေသည်။

“ဘာ … သူက တကယ်ကြီး သုံးယောက် တစ်ယောက် တိုက်ချင်နေတာလား”

စစ်သားများအားလုံး ခေါင်းနားပမ်းကြီးကာ ယဲ့ဖန်အား မယုံနိုင်ဟန်ဖြင့် လှမ်းကြည့်နေကြသည်။

*ငါတို့ ဘာမြင်နေတာလဲ*

*ဒီလူထူးလူဆန်းက တကယ် သုံးယောက်တစ်ယောက် တိုက်ဖို့ ကြံစည်နေတာလား*

သာမန်လူသာဆိုလျင် ယဲ့လုံရှန်းတို့အား တစ်ယောက်ချင်းစီသာ တိုက်ရန် စဉ်းစားပေးလိမ့်မည်။ သို့မှသာ အနိုင်ရရန် သေချာပေမည်။

ထိုလူသုံးယောက်ထဲတွင် ယဲ့လုံရှန်းကဲ့သို့သော ကြောက်စရာကောင်းသူ ရှိနေသည် မဟုတ်ပါလော။ သို့သော် ယဲ့ဖန်က မာနကြီးလွန်းပြီး တစ်ယောက်တည်းဖြင့် သုံးယောက်လုံးကို ရင်ဆိုင်ရန် ကြံစည်နေ၏။

*အတင့်ရဲလိုက်တာ*

*ရူးလိုက်တာ*

ဤအဖြစ်ကြောင့် ယဲ့လုံရှန်း၏ မျက်လုံးများ မီးဝင်းဝင်းတောက်သွားသည်။ သူ့ဘဝတွင် ဤမျှအထိ တစ်ခါမှ အရှက်မကွဲဖူးပါ။

ယနေ့ အင်မော်တယ် ဧကရာဇ်အဆင့်အောက်၌ နံပါတ်တစ်ဟူသော သူ၏ဘွဲ့က ဂုဏ်ယူစရာ မဟုတ်ဘဲ အရှက်ရစရာ ဖြစ်သွားခဲ့သည်။ ယဲ့ဖန်က သူ့ကို အရှက်ရအောင် လုပ်ခဲ့ခြင်းပင်။

သူတို့ သုံးယောက် အတူပေါင်းလိုက်လျင် ယဲ့ဖန် သေသွားမှာပင်။

လက်သီးချက်က နဂါးတစ်ကောင်၏ ဟိန်းသံနှင့်တူပြီး အလေးချိန် ပေါင်သန်းချီ ပါသကဲ့သို့ ထင်မှတ်ရသဖြင့် နတ်ဘုရင်အဆင့် သုံးယောက်လုံး ရုန့်ရင်းဆန်ခတ် ဖြစ်သွားကြသည်။

လက်သီးတစ်ချက်က အရှိန်ဖြင့် ကျရောက်လာပြီး လေဟာနယ်ပင် အက်ကွဲလာရသည်။ နတ်ဘုရင်အဆင့် သုံးယောက်လုံး ရူးမတတ် ဖြစ်သွားကြပြီး ပြာနှမ်းနေသော မျက်နှာများဖြင့် ယဲ့ဖန်အား ပြင်းထန်သော တိုက်ကွက်များဖြင့် ပြန်လည် တိုက်ခိုက်လေသည်။ သို့သော် သူတို့ဘက်က ရှုံးနိမ့်သွားလေ၏။

လက်သီးတစ်ချက်၊ နှစ်ချက်၊ သုံးချက်၊ သုံးချက်မြောက်တွင် အော်သံများ ပြိုင်တူ ထွက်ပေါ်လာသည်။

“အား…”

*ကြောက်စရာကောင်းလိုက်တာ*

*နာလိုက်တာ*

နတ်ဘုရင်အဆင့် သုံးယောက်လုံး ပြိုင်တူ နောက်ဆုတ်သွားသည်။ ထို့နောက် သူတို့လက်ကို အလန့်တကြား ကြည့်လိုက်သောအခါ သူတို့လက်များက သွေးတတောက်တောက် ကျနေသည်ကို တွေ့လိုက်ရသည်။ အရေပြားလန်၍ အသားက ဖွာလန်ကျဲနေ၏။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

လူတိုင်း မှင်တက်သွားပြီး သူတို့မျက်လုံးတွင် မယုံနိုင်ဟန်များ ပြည့်နှက်လာ၏။

*နတ်ဘုရင်အဆင့်တစ်ယောက်ကို သတ်ဖို့ လက်သီးသုံးချက်ပဲ လိုတယ်*

*နတ်ဘုရင်အဆင့် သုံးယောက်ကို အနိုင်ယူဖို့ လက်သီးသုံးချက်ပဲ လိုတယ်တဲ့လား*

*လက်သီးသုံးချက်က သုံးချက်ပဲ၊ မင်း လူမှဟုတ်သေးရဲ့လား*

ဤနတ်ဘုရင်အဆင့်များတွင် အသန်မာဆုံး နတ်ဘုရင်အဆင့် ယဲ့လုံရှန်းပင် ပါနေသေး၏။

*ဘာတွေဖြစ်ကုန်တာလဲ*

*သုံးယောက်တစ်ယောက်တောင် မနိုင်ဘူးလား*

*ဒီကောင်က ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ*

ထိုအခိုက်တွင် ယဲ့လုံရှန်းတောင်မှ လိပ်ပြာလွင့်မတတ် ဖြစ်နေပြီး မျက်လုံးတွင် ကြောက်လန့်၍ မယုံနိုင်ဟန်များ ပြည့်နှက်နေ၏။

သူတို့သုံးယောက်က ယဲ့ဖန်ကို ပြိုင်တူတိုက်ခိုက်သော်လည်း သူတို့ကသာ ဒဏ်ရာရခဲ့သည်။

*ဒါက*

သို့သော် သူတို့ သတိမဝင်ခင်မှာပင် ယဲ့ဖန်၏ အရိပ်က သူတို့၏ ဦးခေါင်းထက်သို့ မိုးလာ၏။ ထို့နောက် လက်သီး သုံးချက်သာ ဆက်လက် ကျဆင်းလာပြီး ဆက်လက်၍ ရက်စက်မြဲ ရက်စက်လေတော့သည်။

All Chapters