← Chapters

အခန်း ၁၅၁၂

Vol. 101 Ch. 1512

အခန်း ၁၅၁၂

Vol. 101 Ch. 1512

Chapter 1512 ဒီအမှိုက်အားလုံးကို လွှင့်ပစ်လိုက်

“ထီးနန်းကို လုယူချင်တယ်ဆိုရင် အဲ့ခွေးသူခိုး ယဲ့ဖန်က ရင်မိသားစုရဲ့ တိုက်ခိုက်မှုမှာ ရှင်ကျန်နေမှ ရမှာ၊ သူက ဝမ်ကောဖူကို ဖျက်ဆီးခဲ့ပြီးတော့ သတ်ဖြတ်ခြင်း ကျောင်းတော်နဲ့ နတ်ဘုရားနန်းတော်ကိုပါ ရန်စခဲ့တယ်၊ အခုလည်း ထပ်ပြီးတော့ ရင်မိသားစုကိုပါ ရန်စပြန်ပြီ၊ သူ မသေဘူးလို့ ငါ မယုံဘူး”

အင်ပါယာတွင်း၌ လူဦးရေ တစ်ဝက် ယဲ့ဖန်အား အရှင်သခင် ဖြစ်လာစေချင်ပြီး ကျန်တစ်ဝက်က ယဲ့ဖန်အား သေစေချင်ကြသည်။

အင်ပါယာတွင်း၌ အုတ်အော်သောင်းနင်း ဖြစ်နေချိန်တွင် တော်ဝင်နန်းတော်တွင်း၌လည်း တုန်လှုပ်နေ၏။ ထိုသို့သောအချိန်တွင် ယဲ့လုံရှန်း သေသွားသည်ကို သိပြီး တော်ဝင်မျိုးနွယ်များအားလုံး ကြံရာမရ ဖြစ်ကာ သွေးပျက်နေ၏။

တော်ဝင်မျိုးနွယ် အချို့ဆိုလျင် ကျုံးကျိုး အင်ပါယာမှ ထွက်ပြေးပြီး ပြည်ပ၌ သွားခိုလှုံကြသည်။ ယဲ့လုံရှန်းသည် သူတို့ တော်ဝင်မိသားစု၏ စောင့်ရှောက်သူ သို့မဟုတ် နောက်ကွယ်မှ ကြိုးကိုင်သူအဖြစ် အမြဲ ရှိခဲ့သော်လည်း ယဲ့ဖန်၏ လက်ထဲ၌ သေဆုံးသွားခဲ့သည်။ တော်ဝင်မိသားစုက သူတို့၏ အကြီးမားဆုံး ထောက်တိုင်ကြီးကို ဆုံးရှုံးခဲ့ လေပြီ။

“သောက်ပိုင်ကျန့်ချင်း သူသာ ယဲ့ဘုရင်နဲ့ ရင်ဆိုင်ဖို့ အတင်းမလုပ်ခဲ့ဘူးဆိုရင် ငါတို့ ဒီလို အဆုံးသတ်မလား”

“အဲ့ယဲ့ဖန်က ငါတို့ ကိုင်လှုပ်နိုင်တဲ့လူ မဟုတ်ဘူး၊ သူက မကောင်းဆိုးဝါးပဲ”

တော်ဝင်မိသားစုတစ်သိုက်သည် ပိုင်ကျန့်ချင်းအား ဒေါသတကြီး ကျိန်ဆဲ၍ မုန်းတီးနေကြသည်။ သူတို့၏ အမြင်တွင် ဤအရာအားလုံးက ပိုင်ကျန့်ချင်း၏ အမှားကြောင့်သာ။

ယခု ပိုင်ကျန့်ချင်းက ထိုနတ်ဆိုးကို အဆုံးစွန်ထိ ဒေါသထွက်စေခဲ့ပြီး အကျိုးဆက်အား တော်ဝင်မျိုးနွယ် တစ်ခုလုံးက ခံရပေတော့မည်။

အနောက်မြောက်အရပ်၌ ယဲ့ဖန်အား အရူးအမူး ယုံကြည်သူများက ကောက်ကာငင်ကာ စေတနာ့ဝန်ထမ်း စစ်တပ်ဖွဲ့စည်းလေသည်။ ရက်အနည်းငယ်အတွင်း လူပေါင်း ငါးထောင်ခန့် စုစည်းမိပြီး တော်ဝင်မိသားစုများ၏ နေအိမ်များကို တိုက်ခိုက်ကာ မင်းသားတစ်ပါး၏ မိသားစုဝင်များအားလုံးကို သတ်လိုက်ကြသည်။

အရှေ့တောင်ဘက်၌ သူတော်စင်သခင်အဆင့် သုံးယောက်က ဘုရင်ခံ၏ နန်းတော်သို့ ညဘက် ခိုးဝင်ကာ အိပ်ပျော်နေသော ဘုရင်ခံ၏ လည်ပင်းကို ဖြတ်ခဲ့သည်။

အင်ပါယာ၏ မြို့တော်တွင်း၌တောင်မှ တော်ဝင်မျိုးနွယ်သုံးခု နှိပ်စက်ညှဉ်းပန်းခံရပြီး ကျဆုံးသွားခဲ့သည်။ ဆိုးဆိုးရွားရွား သေဆုံးသွားသော ထိုတော်ဝင်မျိုးနွယ်များအားလုံးသည် ယဲ့လုံရှန်းနှင့် မကင်းနိုင်သော ပတ်သတ်မှု ရှိသူများ ဖြစ်လေသည်။

တစ်နည်းပြောရလျင် ဤသည်က တော်ဝင်မျိုးနွယ်များ၏ အကွက်ကျကျ သုတ်သင်ခံရခြင်း ဖြစ်ပေသည်။ ပို၍ ထိတ်လန့်စရာ ကောင်းသည်က သူတို့ စုံစမ်းစစ်ဆေးခြင်းမှ သိလိုက်ရသောအရာသည် ထိုကျူးလွန်သူများသည် ယဲ့ဖန်နှင့် နည်းနည်းလေးမျှ ပတ်သက်မှု ရှိမနေခြင်းပင်။

သူတို့အပေါ် ထိုလူများ တိုက်ခိုက်ရသည့် အကြောင်းရင်းမှာ သူတို့သည် ယဲ့ဖန်၏ ပရိသတ်များ ဖြစ်နေသောကြောင့်ပင်။ သူတို့သည် ယဲ့ဖန်အား တော်ဝင်မိသားစုအား အပြီးတိုင် သုတ်သင်စေချင်ပြီး ယဲ့ဖန် ထီးနန်း တက်နိုင်ရန် ကူညီကြခြင်း ဖြစ်လေသည်။

ထိုအကြောင်းကြောင့် သူတို့သည် တော်ဝင်မျိုးနွယ်အား အသေခံတိုက်ရန် တုံ့ဆိုင်းနေခြင်း မရှိကြချေ။ ယင်းက ကြောက်စရာ ကောင်းလှသည်။

သူတို့သည် ယဲ့ဖန်၏ မျက်နှာအစစ်ကိုပင် မမြင်ဖူးကြသော်လည်း သူ့အတွက် တော်ဝင်မိသားစု တစ်ခုလုံးကို အသက်ပင် စတေး၍ ဆန့်ကျင်ချင်စိတ် ရှိနေခြင်းက တော်ဝင်မိသားစုမှ လူတိုင်းကို မယုံနိုင်အောင် ဖြစ်သွားစေသည်။

သူတို့ ဤသို့ ဆက်ဖြစ်နေပါက ထိုအရူးများ၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံရလိမ့်မည်ဟု သူတို့ နားလည် သွားကြသည်။

ယဲ့ဖန်သည် တားဆီးမရနိုင်သော ကပ်ဘေးကဲ့သို့ လူတိုင်းကို ကူးစက်စေကာ သူတို့အား သူ့အပေါ် ရူးမတတ် နတ်ဘုရားသဖွယ် ကိုးကွယ်လာစေသည်။

ထို့အတူ ပိုင်ကျန့်ချင်းသည် ယဲ့လုံရှန်း သေသွားသော သတင်းကို ကြားသည်နှင့် စတင်၍ လှုပ်ရှားလာသည်။ လက်ရှိတွင် ညီလာခံခန်းမတွင်း၌ မှူးမတ်ဝန်ကြီးများ ရှေ့မှောက်တွင် သူက အမျိုးသမီးတစ်ယောက် ရှေ့၌ ဒူးထောက်နေ၏။

အင်ပါယာ၏ အရှင်သခင်ဖြစ်သော သူသည် သူ၏ မာနနှင့် သိက္ခာတို့အား ခဝါချ၍ ဤအမျိုးသမီးရှေ့၌ လိုလိုလားလား ဒူးထောက်နေသည်။ အကြောင်းမှာ ဤအမျိုးသမီးက ရင်မိသားစု၏ သခင်မဖြစ်သူ မြေအောက်လောက၏ ဘုရင်မ ဖြစ်သောကြောင့်ပင်။

မြေအောက်လောက ဘုရင်မသည် ပိုင်ကျန့်ချင်း ပိုင်ဆိုင်ခဲ့သော နဂါးပုလ္လင်၌ ထိုင်နေပြီး ထီမထင်သော အပြုံးနှင့်အတူ အားလုံးက အထက်စီးဖြင့် ကြည့်နေသည်။

ထိုအခိုက်တွင် ပိုင်ကျန့်ချင်းနှင့် မှူးမတ်များအားလုံး တုန်ယင်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အရှေ့မှလူက နတ်ဘုရားတ်စ်ပါးကဲ့သို့သော ပုဂ္ဂိုလ် ဖြစ်သောကြောင့်ပင်။ သူမနှင့် ယှဉ်လိုက်လျင် သူတို့သည် ပုရွက်ဆိတ်ကဲ့သို့ ဘာမှမဟုတ်ချေ။

ဘုရင်မက သူ့မေးစေ့ကို လက်တစ်ဖက်ဖြင့် ဆွဲ၍ ပိုင်ကျန့်ခြင်းအား တည်ငြိမ်စွာ ကြည့်လေသည်။

“ငါက မင်းကိုကူညီပြီး ယဲ့ဖန်ကို သတ်ပေးဖို့ မင်းက မျှော်လင့်နေတယ်ပေါ့”

“ဘုရင်မက ကျုပ်ရဲ့ ကျုံးကျိုးအင်ပါယာက အပြစ်မရှိတဲ့ သန်းချီတဲ့လူတွေကို မီးတောထဲက ကယ်ပေးနိုင်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်”

ပိုင်ကျန့်ချင်းက ခေါင်းကို ယခင်ထက် ပိုငုံ့၍ မြေအောက်ဘုရင်မအား ဝပ်တွားခယ၍ တောင်းဆိုလေသည်။ ဤမြင်ကွင်းက မှူးမတ်များအား ဝမ်းနည်းကြေကွဲ၍ နောင်တရစေသည်။ အင်ပါယာ၏ အရှင်သခင်ဖြစ်သော သူ့တွင် ဧကရာဇ်တစ်ပါး၌ ရှိသင့်သော ဟိတ်ဟန်နှင့် မာနတရားတို့ မရှိချေ။ သူသည် အခြားသူထံတွင် ဒူးပင်ထောက်နေပြီး ဘိုးဘေးများအား အရှက်ရစေလေသည်။

လက်ရှိတွင် ပိုင်ကျန့်ချင်းသည် လုံးဝ လုပ်နိုင်စွမ်း မရှိတော့သဖြင့် မိစ္ဆာဖြင့်သာ အပေးအယူ လုပ်ရလေသည်။

“ကောင်းပြီလေ ငါလည်း လတ်တလော ကျင့်စဉ်တစ်ခု ကျင့်နေတာနဲ့ အတော်ပဲ ဖြစ်သွားတယ်၊ ငါ လူသား အများကြီး လိုအပ်တယ်၊ ငါ့ဆီက နင် အကူအညီ လိုချင်ရင် ငါ့ကျင့်စဉ်အတွက် လတိုင်း အသက်ရှင်နေတဲ့ လူတစ်သောင်း ပို့ပေးရမယ်”

ဘုရင်မက အေးအေးလူလူ ပြောလေသည်။ ထိုစကားကိုကြားသော် မှူးမတ်များ ချက်ချင်း ထိတ်လန့်သွားသည်။

*ဒါ ပြည်သူကို စတေးတာ မဟုတ်ဘူးလား*

“ကိစ္စမရှိဘူး”

သို့သော် ပိုင်ကျန့်ချင်းက တုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်သည်။ သူ့အတွက် ပြည်သူများဟူသည် နိမ့်ကျသော ပုရွက်ဆိတ်များသာ ဖြစ်ပြီး သူတို့ကို သတ်လိုက်၍လည်း သူ သနားမည် မဟုတ်ပါ။

“ပြီးတော့ နင့်ရဲ့ ကျုံးကျိုးအင်ပါယာက နောင်ဆို ငါတို့ ရင်မိသားစုရဲ့ လက်အောက်ခံ ဖြစ်ရမယ်၊ ငါ ရှင်ဆိုမှရှင်၊ ငါ သေဆို သေရမယ်”

ဘုရင်မက ထူးဆန်းသော အပြုံးနှင့် ပြောလိုက်သည်။ သူမ၏ စကားက ရှင်းလင်းသော်လည်း ပြတ်သားလှပြီး သူမ၏ မောက်မာမှုနှင့် အထင်သေးမှုကို လုံးဝ ဖုံးကွယ်မထားချေ။

ထိုအခါ မှူးမတ်များသည် မခံမရပ်နိုင်ဟန် ပြလာသည်။

*ပြည်သူကို ရောင်းစားပြီးတော့ အခု နိုင်ငံကိုပါ ရောင်းစားရမှာလား*

လက်ရှိတွင် လူတိုင်းက ပိုင်ကျန့်ချင်းကိုသာ အာရုံစိုက်၍ ကြည့်နေကြပြီး သူ ဉာဏ်ရှိရှိ လှုပ်ရှားလိမ့်မည်ဟု တွေးနေကြသည်။

သူတို့ ပိုင်ကျန့်ချင်း၏ မာန်မာနကို အထင်ကြီးခဲ့မိသည်က စိတ်မကောင်းစရာပင်။ ပိုင်ကျန့်ချင်းက ပြုံး၍ ခေါင်းညိတ်လေသည်။

“ကိစ္စမရှိဘူး၊ နောင် ကျုပ် ခင်ဗျားရဲ့ လက်အောက်ငယ်သား လုပ်မယ်””

“ပိုင်ကျန့်ချင်း ခင်ဗျား ဘာပြောနေမှန်းရော သိရဲ့လား”

“အင်ပါယာရဲ့ အရှင်သခင်တစ်ယောက်ဖြစ်ပြီး ဒီလောက် ရူးရလား၊ ခင်ဗျားမျက်လုံးထဲမှာ ခင်ဗျား ပြည်သူနဲ့ နိုင်ငံရော ရှိသေးရဲ့လား”

“အင်ပါယာရဲ့ အရှင်သခင်ဖြစ်ပြီး နိုင်ငံကို သစ္စာဖောက်တယ်၊ ဒါ ယုတ္တိမရှိတဲ့ ကိစ္စပဲ၊ ကျုပ် ခင်ဗျားကို ခစားရတာကိုတောင် စက်ဆုပ်မိတယ်၊ အမှိုက်ကောင် … နှုတ်ဆက်ပါတယ်”

မှူးမတ်များထဲတွင် တစ်ချို့က သည်းမခံနိုင်တော့သဖြင့် ပိုင်ကျန့်ချင်းအား ငေါက်ငမ်းပြီး အရာရှိဝတ်စုံကို နေရာတင် ချွတ်၍ ထွက်သွားကြသည်။

ထိုစကားများကိုကြားပြီး‌ မြေအောက်လောက ဘုရင်မက ပိုင်ကျန့်ချင်းအား အပြုံးတစ်ဝက်နှင့် ပြောလေသည်။

“အရှင်သခင်ဖြစ်တဲ့နင်က တော်တော် ဟိတ်ဟန်ကောင်းတာပဲ ဟုတ်တယ်မလား၊ ဒီလူလေးကိုတောင် နင့်အမိန့်ကို နာခံအောင် မထိန်းချုပ်နိုင်ဘူးလား၊ နောင် ငါ နင့်ကို ဒီကြီးမားတဲ့အင်ပါယာကို ဘယ်လို လက်လွှဲရမလဲ”

လက်ရှိတွင် သူမက ကျုံးကျိုး အင်ပါယာကို သူမအပိုင်အဖြစ် သတ်မှတ်ထားပုံရပြီး ပိုင်ကျန့်ချင်းအား နည်းနည်းလေးမျှ မျက်နှာသာ မပေးချေ။

ထိုစကားကြောင့် ပိုင်ကျန့်ချင်း၏ မျက်နှာတွင် ရက်စက်ခက်ထန်သော အမူအရာ ဖြစ်ပေါ်လာပြီး ထွက်သွားသော ထိုမှူးမတ်များကို စူးစိုက်ကြည့်လေသည်။

“ငါ့ဆန်ကိုစားပြီး ငါ့ရေကို သောက်တဲ့ နန်းတွင်းသားက ဒီဧကရာဇ်ကို မလေးမစား လုပ်ရဲတယ်ပေါ့၊ မင်း … သေရမယ်ကွ”

ရုတ်ချည်းဆိုသလိုပင် ထွားကြိုင်းသန်မာသော လူရိပ်များက ထိုမှူးမတ်များထံ ပြေးဝင်သွားပြီး ဓားများကိုဝင့်၍ ရက်ရက်စက်စက် သတ်ဖြတ်လေတော့သည်။

“ပိုင်ကျန့်ချင်း မင်း လုပ်ရဲလား၊ ငါက အရင်ဧကရာဇ် ခန့်အပ်ထားတဲ့ စစ်သူကြီးကွ၊ ငါ့အဖေက ဧကရာဇ်ဆီမှာ ခစားပြီး နယ်မြေချဲ့ထွင်ပေးခဲ့ပြီးတော့ အောင်မြင်မှုတွေ အများကြီး ဆောင်ကြဉ်းပေးလာတဲ့သူကွ”

“ယီးပဲ ပိုင်ကျန့်ချင်းက မင်းက မင်းရဲ့ဆရာကိုတောင် သတ်ချင်တာလား၊ ငါ မင်းကို အဲ့လို သင်ခဲ့မိသလား”

“ပိုင်ကျန့်ချင်းက မင်းက နိုင်ငံရဲ့ခေါင်းဆောင် ဖြစ်ဖို့ လုံးဝ မသင့်တော်ဘူးကွ၊ ဘာလို့ လူတွေရဲ့ နှလုံးသားကို အပိုင်သိမ်းနိုင်တဲ့ ယဲ့ဖန်က ချက်ချင်း အရှိန်တင်ပြီး မတိုက်တာလဲ မသိဘူး၊ သူက လူတွေရဲ့ စိတ်ကို အပိုင်သိမ်းနိုင်ပင်မယ့် မင်းကတော့ လူတွေရဲ့ နှလုံးသားကို မရဘူးကွ”

ထွက်သွားသော မှူးမတ်များအားလုံးသည် စိတ်မာသောလူများ ဖြစ်သည်။ ပိုင်ကျန့်ချင်းက သူတို့ကို သတ်ရန် လူလွှတ်သော်လည်း သူတို့၏ မျက်နှာများက တင်းမာခက်ထန်နေဆဲပင်။

သူတို့၏ ကြိမ်းမောင်းမှုကြောင့် ပိုင်ကျန့်ချင်း၏ မျက်နှာက ပို၍ ကြည့်ရဆိုးလာပြီး သူ့ရင်ထဲမှ အရှက်ရမှုက ပိုပို၍ ပြင်းထန်လာ၏။

“သတ်၊ သူတို့ကို သတ်ကြစမ်း၊ သူတို့ကို သတ်ပြီးရင် သူတို့ရဲ့ ဆွေစဉ်မျိုးဆက် ကိုးဆက်လုံးကိုပါ သတ်”

လက်ရှိတွင် သူ အလွန် စိတ်ပျက်ကာ ဒေါပွနေသည်။ ထို့နောက်တွင်မူ အော်သံများနှင့်အတူ သွေးများ ပန်းထွက် လာလေသည်။

သစ္စာရှိသော မှူးမတ်များနှင့် စစ်သူကြီးများ ပွဲချင်းပြီး သေဆုံးသွားကြသည်။ ဤသည်ကိုမြင်သော် ညီလာခံတွင်းမှ မှူးမတ်များ ကြက်သေ သေသွားပြီး မျက်လုံးတွင် မယုံနိုင်ဟန်များ အထင်းသား ပေါ်နေ၏။

သေသွားသူများထဲတွင် အချို့သည် ယခင်ဧကရာဇ်ကတည်းက ခစားခဲ့သော အရာရှိအိုများ ပါဝင်သလို မင်းဆက်တိုင်း တော်ဝင်မျိုးနွယ်ကို ခစားသည့် မိသားစုများ၏ မျိုးဆက်များ ပါဝင်ကြပြီး တော်ဝင်မျိုးနွယ်အတွက် စစ်တိုက်ပေးသော စစ်သူကြီးများလည်း ပါဝင်နေသည်။

ဤလူများသည် ခြွင်းချက်မရှိ တော်ဝင်မျိုးနွယ်အပေါ် သစ္စာရှိသူများ ဖြစ်ကြသည်။ သို့သော် ပိုသစ္စာရှိလေလေ အသေစောလေ ဖြစ်သွားရသည်။

သူတို့သည် ပိုင်ကျန့်ချင်း၏ နယ်မြေအုပ်ချုပ်ပုံအား မုန်းတီးသောကြောင့် နှုတ်ထွက်၍ သီးသန့်နေရန် ရွေးချယ်ခဲ့ကြသည်။ သို့သော် ပိုင်ကျန့်ချင်းက သူတို့ကို ထိုအခွင့်အရေး မပေးဘဲထားလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

ညီလာခံခန်းမတွင်း၌ လူတိုင်း ငြိမ်နေပြီး တစ်ယောက်မှ စကားမပြောရဲကြချေ။ ပိုင်ကျန့်ချင်းက သူတို့ကို ကြည့်ပင်မကြည့်ဘဲ ဘုရင်မကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

“အရှင်မ ဒီလောက်ဆို ကျေနပ်ပါသလား”

“ဟားဟား မဆိုးဘူး၊ နင့်ရဲ့ ရက်စက်တဲ့စိတ်ကို ငါ သဘောကျတယ်”

ဘုရင်မက သဘောကျသလို ရယ်မောပြီး ခြေချိတ်ထိုင်လိုက်သောအခါ ဖြူဝင်း၍ သွယ်လျသော ခြေတံက အထင်းသား ပေါ်လာ၏။

ထိုဝတ်ရုံအောက်မှ မှိန်ပျပျ မြင်ကွင်းက ယောက်ျားသားများအတွက် ရူးချင်စရာပင်။ ဤသို့သော မြူဆွယ်သော အပြုအမူက ပိုင်ကျန့်ချင်းအား သွေးဆူလာစေပြီး ဘုရင်မအား တပ်မက်သော မျက်လုံးများဖြင့် ကြည့်လာသည်။

ထို့နောက်တွင်မူ ဘုရင်မက သွေးဆာသော အပြုံးမျိုး ပြုံးလိုက်သည်။

“ငါ ကျင့်စဉ် ကျင့်ကြံဖို့ စဉ်းစားထားတယ်၊ နင် ငါ့ကို ဘယ်တော့ လူတစ်သောင်း ပေးမှာလဲ”

ပိုင်ကျန့်ချင်းက မချိုမချဉ် ပြုံးလိုက်ပြီးနောက် တရိုတသေ ပြန်ဖြေလိုက်သည်။

“အဆင်သင့်ပါပဲ”

“ဟင်”

ဘုရင်မက ပိုင်ကျန့်ချင်းအား မထင်ထားဟန်ဖြင့် တစ်ချက်ကြည့်ပြီးနောက် နားလည်သွားကာ ရယ်မောလေသည်။

*ဒီလူက အရင်ကတည်းက သေသေချာချာ စဉ်းစားထားပြီးတဲ့ပုံပဲ*

ယနေ့ သူမက ပိုင်ကျန့်ချင်းအား ဒူးထောက်၍ သူမဖိနပ်ကို လျက်ရန် ပြောပါက သူ တကယ် လုပ်လောက်သည်။ အင်ပါယာ၏ ပြည်သူပြည်သားများအတွက် ဟူသော စကားက ကြားကောင်းသော်လည်း တကယ်တမ်းက သူ့ထီးနန်းအတွက် လုပ်ခြင်း ဖြစ်သည်။

လောဘတက်တတ်သည်က လူ့သဘာဝပင်။

“အဲ့ခွေးသူခိုး အရာရှိတွေရဲ့ မိသားစုဝင်တွေကို ခေါ်လာခဲ့စမ်း”

ပိုင်ကျန့်ချင်းက သူ့အစောင့်များကို အမိန့်ပေးလိုက်သည်။ လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။

*ပိုင်ကျန့်ချင်း ရူးနေပြီ၊ ဒီသစ္စာရှိ အမတ်တွေကို သတ်ရုံနဲ့ မလုံလောက်လို့ သူတို့ရဲ့ မိသားစုဝင်တွေကိုပါ သတ်နေပါလား*

*ဒါက တကယ် လူမဆန်တာပဲ*

*ဒီသစ္စာရှိတဲ့ အမတ်တွေက အင်ပါယာအတွက် အားလုံး လုပ်ခဲ့တယ်၊ သူတို့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ ချစ်ရသူတွေက အင်ပါယာအတွက် သေသွားရတာတောင် သူတို့ ဘာမှ စောဒက မတက်ခဲ့ဘူး*

*ဒါပေမဲ့ အခု သူတို့ရဲ့ သစ္စာရှိတဲ့ စကားတွေကြောင့် ပိုင်ကျန့်ချင်း သတ်တာကို ခံလိုက်ရတယ်တဲ့လား*

ထိုအခိုက်တွင် အမတ်များအားလုံး မျက်နှာ ပြာနှမ်းနေပြီး သူတို့စိတ်ထဲ၌ ပိုင်ကျန့်ချင်းအား အလွန်အမင်း စိတ်ပျက် သွားကြသည်။

တစ်ခဏကြာသော် ထိုသစ္စာရှိ အမတ်များ၏ မိသားစုဝင်များ ခေါ်လာခံရသည်။ ထို့နောက် မြေအောက်လောက ဘုရင်မ၏ လက်ငါးချောင်းမှ အနီရောင် အလင်းတန်းများ ဖြာထွက်လာပြီး ထိုမိသားစုဝင်များထံ ပစ်ဝင် သွားသည်ကို အားလုံး အလန့်တကြား တွေ့လိုက်ရသည်။

၎င်းအလင်းတန်းက သူတို့၏ ဦးခေါင်းများကို ချက်ချင်း ထိုးဖောက်သွားသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များ ရှုံ့တွလာသည်ကို သိသိသာသာ မြင်လာရလေသည်။ ထို့နောက်တွင်မူ သူတို့သည် မမ်မီအလောင်းများအဖြစ် ပြောင်းလဲသွားတော့သည်။

“အား….”

အလွန် နာကျင်သော အော်သံက ညီလာခံခန်းမအတွင်း ပဲ့တင်ထပ်နေ၏။ လူတိုင်း ကြက်သီးမွေးညင်း ထလာကြသည်။

ရာချီသောလူများ ချက်ချင်း သေဆုံးသွားပြီး မြေအောက်လောက ဘုရင်မ၏ စုပ်ယူခြင်း ခံလိုက်ရသည်ကို သူတို့ မျက်လုံးဖြင့် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။

သို့သော် ပို၍ ကျောချမ်းစရာကောင်းသော အဖြစ်က ထပ်ဖြစ်ပေါ်လာသည်။ ပိုင်ကျန့်ချင်းက ဤသည်ကိုမြင်သော် အေးစက်စက် ခနဲ့၍ တော်ဝင်စစ်တပ်အား အမိန့်ပေးလိုက်သည်။

“ဒီအမှိုက်တွေအားလုံးကို လွှင့်ပစ်လိုက်စမ်း”

All Chapters