← Chapters

အခန်း ၁၅၁၅

Vol. 101 Ch. 1515

အခန်း ၁၅၁၅

Vol. 101 Ch. 1515

Chapter 1515 မပြောင်းဘူးဆိုရင် သေလိုက်‌တော့

သာမန်လူတစ်ယောက်က သူ၏ နောက်ခံနှင့် သိုင်းအဆင့်ကို သိလိုက်လျင် ထိတ်လန့်၍ ကြောက်ရွံ့သွားစမြဲပင်။ သို့သော် ယဲ့ဖန်က မကြောက်ပါတကား။

*ထွီ*

*ဒီကောင် ဟန်ဆောင်နေတာပဲ ဖြစ်မယ်*

ဟွာရင်းချန်က သရော်ပြုံး ပြုံးလိုက်ပြီး ယဲ့ဖန်ကို ကြည့်၍ အထင်သေးစွာ ပြောလိုက်သည်။

“ဒီက ညီအစ်ကိုက ဘယ်ကျောင်းထွက်လဲ၊ ပြီးတော့ သိုင်းအဆင့်ကရော”

ယဲ့ဖန် ပြုံး၍ ရှင်းပြလေသည်။

“ဘာကျောင်း၊ ဘာဂိုဏ်းကမှ မဟုတ်ပါဘူး၊ ဒီအတိုင်း ခြေသလုံး အိမ်တိုင်သမားတစ်ယောက်ပါ၊ သိုင်းအဆင့် ကလည်း သိပ်မမြင့်တော့ အများ ရယ်နိုင်တာမို့ မပြောတော့ပါဘူး”

သူ့သိုင်းအဆင့်ကို ထုတ်ပြောလိုက်လျင် ဤလူများ ကြောက်လန့်သွားမည်ကို သူ စိုးရိမ်ခဲ့သည်။ သူတို့ကဲ့သို့ သာမန်လူများအတွက် ဘုရင်အဆင့်ကပင် အလွန် ထူးဆန်းနေပြီ မဟုတ်ပါတကား။

သူတော်စင်သခင်အဆင့်နှင့် နတ်ဘုရင်အဆင့်တို့မှာမူ သူတို့ လက်လှမ်းမမီနိုင်သော အရာများသာ။ ထို့အပြင် ပြောလျင်တောင်မှ သူတို့ ယုံကြည်ရန် မဖြစ်နိုင်ပေ။

“မင်းက ကိုယ့်ကိုယ်ကိုယ်တော့ သိသေးတဲ့ပုံပဲ”

ဟွာရင်းချန်က အေးစက်စက် မျက်နှာထားနှင့် မောက်မောက်မာမာ ခနဲ့လေသည်။ ထိုစကားကို ကြားသော် စုမြောင်ချန် ကျိတ်ရယ်လိုက်မိသည်။ သူမသည် ဟွာရင်းချန်က ယဲ့ဖန်ကို ခွန်အားအကြောင်း သိအောင် ပြပြီး ယဲ့ဖန် နောက်ဆုတ်သွားစေရန် ကြံစည်ထားသည်။

*ယခု ဟွာရင်းချန်က ကောင်းကောင်းကြီး လုပ်နေပြီဆိုတော့ ဒီကောင် သူ့ကိုယ်သူ ရှက်နေလောက်ပြီ မဟုတ်လား*

“ဟွာရင်းချန် မင်း တမင် အခြားသူတွေကို အရှက်ရအောင် လုပ်နေတာ မဟုတ်လား၊ လူငယ်တွေထဲမှာ မင်းလောက် ထူးချွန်တဲ့သူ ဘယ်သူ ရှိလို့လဲ”

“ဟုတ်တယ် ငါတို့က ဘယ်လိုလုပ် မင်းနဲ့ ယှဉ်နိုင်မှာလဲ၊ တစ်ချို့လူတွေက ဆင်းရဲလို့ ဈာန်ဝင်စားခြင်း အဆင့်တောင် မရောက်နိုင်တာ၊ ဘုရင်အဆင့်ဆို တွေးတောင်မတွေးနိုင်ဘူး”

လူအုပ်ကြီးက အလိုက်သင့် ပြောလာသည်။ ဟွာရင်းချန်၏ အပြုံးက ပိုမို ပီပြင်လာပြီး ဆက်ပြောလိုက်သည်။

“ဒီကလူငယ်လေး ကြိုးကြိုးစားစားနဲ့ ပိုက်ဆံရှာ မဟုတ်ရင် အပြင်းအထန် ကျင့်ကြံရတယ်ကွ၊ တိုးတက်ဖို့ မတွေးဘဲ မိန်းမထဘီတွေနား ခိုစားနေမှတော့ ငကြောက် ဖြစ်နေပြီ မဟုတ်လား”

ထိုစကားကိုကြားသော် ယဲ့ဖန်၏ အမျိုးသမီးများ ချက်ချင်း ဒေါသထွက်လာကြသည်။

“ယဲ့ဖန် နှိမ့်ချနေတာကိ နင် မကြားဘူးလား၊ သူ့ကျင့်စဉ်က နိမ့်တယ်လို့ သူ ပြောလိုက်လို့လား”

ကျုံးလီအာက မကျေနပ်သော လေသံဖြင့် ခနဲ့တဲ့တဲ့ ပြောလေသည်။

*ငါ့လူရှေ့မှာ ကလေးတစ်ယောက်က ခုန်ဆွခုန်ဆွ လာလုပ်နေတာလား*

*ဟာသပဲ*

အကယ်၍ သူမလူ၏ နောက်ကြောင်းကိုသာ အများသိအောင် လုပ်လိုက်လျင် ဤနေရာမှ လူတိုင်း ဒူးထောက် ရပေမည်။

“နှိမ့်ချတယ် ဟုတ်လား၊ သေရင်တောင် နဂါးအသွင်ပြောင်းခြင်းအဆင့်နဲ့ ဈာန်ဝင်စားခြင်းအဆင့်လောက်ပဲ ရောက်နိုင်တာ၊ သူက ဘုရင်အဆင့် မို့လို့လား”

ဟွာရင်းချန်က သရော်လေသည်။

“သူ့ကို ဘယ်သူက ဒီကို ဖိတ်တာလဲ”

ကျုံးလီအာက စုမြောင်ရန်ကို ဒေါသတကြီး မေးလိုက်သည်။ သူမ ဟွာရင်းချန်ကို အမုန်းဆုံးဖြစ်ကြောင်း စုမြောင်ရန် သိသော်လည်း ဤသို့လာရန် ဖိတ်ခဲ့သည် မဟုတ်ပါတကား။

“ငါ သူ့ကို ဒီမခေါ်ဘူး၊ ငါတို့အခန်းက လူတစ်ချို့ကိုပဲ ပြောခဲ့တာ၊ ဘယ်သူ့ဆီကနေ သတင်းပေါက်သွားလဲ ငါ မသိဘူး၊ ငါ့ကို ငတုံးများ မှတ်နေလား”

စုမြောင်ချန်ကလည်း ခပ်မာမာ ပြန်ပြောလေသည်။ တကယ်လည်း သူမ မဖိတ်ခဲ့ပါ။ ယခု ဟွာရင်းချန်၏ မောက်မာသော အမူအရာကိုမြင်သော် စုမြောင်ရန်သည်လည်း စိတ်ပင်ပန်းလာသည်။

*နှစ်ကောင်လုံး လူကောင်း မဟုတ်ဘူး*

ချက်ချင်းဆိုသလိုပင် ဟွာရင်းချန်ကို ခပ်မာမာဖြင့် စူးစိုက်ကြည့်လိုက်ပြီး မကောင်းသော လေသံဖြင့် ပြောလိုက်သည်။

“ဒါကို မစ္စတာယဲ့က လက်မခံဘူးဆိုရင် ကျုပ်တို့ လက်ရည်ချင်း ပြိုင်ကြည့်မလား”

လူတိုင်း ချက်ချင်း အံ့ဩသွားကြသည်။ ဟွာရင်းချန်က ပြိုင်ဘက်ကို သတ်ချင်နေခြင်းပင်။ ဘုရင်အဆင့်က နဂါးအသွင်ပြောင်းခြင်းအဆင့်ကို တိုက်ခိုက်လျင် ခွန်အားကို သတိမထားမိပါက တစ်ဖက်လူအား သတ်လိုက် မိနိုင်သည်။

နဂါးအသွင်ပြောင်းခြင်းအဆင့်က အားနည်းလွန်းနေ၍ မဟုတ်ဘဲ ဘုရင်အဆင့်က သန်မာလွန်းနေ၍သာ။ ဟွာရင်းချန်သည် ယဲ့ဖန်အား ရည်ရွယ်ချက်ရှိရှိ အရှက်ခွဲနေခြင်း ဖြစ်သည်။ စိန်ခေါ်မှုကို လက်ခံလိုက်လျင် သေရလိမ့်မည်။ စိန်ခေါ်မှုကို ငြင်းပါက အရှက်ကွဲရပေမည်။

ယဲ့ဖန်သည်လည်း သည်းခံမှုကုန်ဆုံးသွားပြီး သူ့မျက်လုံးတွင် အေးစက်စက် အလင်းရောင်တစ်ခု ဖြတ်သန်းသွားပြီး အေးစက်စွာ မေးလိုက်သည်။

“မင်း သေချာလား”

ဤသည်ကြောင့် လူတိုင်း ပို၍ ထိတ်လန့်သွားကြသည်။

*မဖြစ်နိုင်လိုက်တာ*

*ဒီကောင်က တကယ် ပြိုင်ဘက်ရဲ့ စိန်ခေါ်တာကို လက်ခံလိုက်တာလား*

*သူ ရူးနေတာလား*

*ဒါက ဘုရင်အဆင့်လေ၊ ဘုရင်အဆင့်ကို စိန်ခေါ်တာပဲ*

*သူ ဘယ်က သတ္တိရတာလဲ*

ထိုစကားကြောင့် စုမြောင်ရန်သည်လည်း ချက်ချင်း စိုးရိမ်သွားပြီး ကျုံးလီအာကို ပြောလိုက်သည်။

“လီအာ နင့်ချစ်သူက ဟွာရင်းချန်နဲ့ တကယ် တိုက်ဖို့ ကြံနေတာတော့ မဟုတ်ပါဘူး‌နော်၊ သူက ဘုရင်အဆင့်နော်၊ နင့်လူကို နားချပါဦး၊ သူ့ကို မဆင်မခြင် မလုပ်ခိုင်းနဲ့”

သူမ ယဲ့ဖန်ကို သဘောမကျသော်လည်း သူ့ကို သတ်ချင်‌လောက်သည်အထိ မရက်စက်ပါ။

“သူ သေချင်နေတာလေ၊ ဘယ်သူမှ သူ့ကို မကယ်နိုင်ဘူး”

ကျုံးလီအာက အေးတိအေးစက် ပြန်ပြောလိုက်သည်။

“ဘာ”

စုမြောင်ရန် အံ့ဩသွားပြီး ကျုံးလီအာက ယဲ့ဖန်ကို ပြောနေသည်ဟု ထင်သွားလေသည်။

*ဒါက ရက်စက်လွန်းမနေဘူးလား၊ သူက နင့်ချစ်သူပါလို့ ပြောခဲ့တာ မဟုတ်လား၊ ဘာလို့ သူ သေမှာကို ကြည့်နေ ရတာလဲ*

ကျုံးလီအာ၏ စကားကိုကြားသော် ဟွာရင်းချန်ကလည်း အလွန် စိတ်လှုပ်ရှားသွားသည်။

*မဟုတ်မှလွဲရော ကျုံးလီအာက အမှောင်ကို စွန့်ပစ်ပြီး အလင်းကို ဝင်ချင်တာလား*

ထို့နောက် သူ့မျက်နှာတွင် အလွန် ရက်စက်ခက်ထန်သော အမူအရာ ပေါ်လာပြီး ကောက်ကျစ်စွာ ပြုံးလိုက်သည်။

*ကြည့်ရတာ ဒီကောင် သေရာပါ ဒဏ်ရာရသွားတော့မှာပဲ*

“ဟွာရင်းချန် ထားလိုက်တော့၊ မင်း တိုက်မယ်ဆိုရင် အဲ့ကောင် သေမှာမဟုတ်လား၊ ဒီနေ့ ငါတို့ဆုံဖို့ဆိုတာ တော်တော် ခက်တာကွ၊ ငါတို့ လူသေတာကို မကြည့်ချင်ဘူး”

“ဟုတ်တယ် ဟုတ်တယ်၊ အဲ့ကောင်ရဲ့ ကိုယ်တွင်းအင်္ဂါတွေသာ ပျံ့ကျဲသွားရင် ရွံစရာကြီးကွာ”

လူတိုင်းက ရွံရှာသော အမူအရာ ပြလာ၏။ ထိုအခါ ဟွာရင်းချန်က ပို၍ မောက်မာလာသည်။

“မင်းတို့မျက်နှာကို ထောက်ပြီး ငါ သူ့ကို အရှက်မခွဲတော့ပါဘူး၊ သူ ငါ့ရှေ့ ဒူးထောက်ပြီး‌ တောင်းပန်တာနဲ့ ဒီကိစ္စကို မေ့ထားလိုက်မယ်”

ဟွာရင်းချန်၏ မောက်မာမှုက ကောင်းကင်ကို တုတ်နှင့် ထိုးနေလေပြီ။

“ကိုယ့်လူ မင်း မြန်မြန် ဒူး‌ထောက်လိုက်သင့်တယ်၊ အသက်က တန်ဖိုးရှိတယ်ကွ”

“ဟုတ်တယ် ဟွာရင်းချန်က မင်း ရန်စနိုင်တဲ့သူ မဟုတ်ဘူး၊ မင်း သူ့ကို နိုင်ဖို့ မဖြစ်နိုင်ဘူး”

လူတိုင်းက ယဲ့ဖန်ကို အကြံပေးလာသည်။ စေတနာနှင့် အကြံပေးသည်ဟု ထင်ရသော်လည်း သူတို့မျက်လုံးတွင် အထင်သေးမှုများ ပြည့်နှက်နေ၏။ ယဲ့ဖန်ကို အထင်သေး စက်ဆုပ်နေကြသည်။ သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်၏ အပြုအမူက သေတွင်းတူးနေခြင်းနှင့် ညီမျှသည်ဟု ထင်နေ၏။

သို့သော် ယဲ့ဖန် ဘာမျှမပြောနိုင်ခင်မှာပင် လူတစ်စု ဝင်လာလေသည်။

“ဒေါက် ဒေါက် ဒေါက်”

ညီညာသပ်ရပ်၍ မာန်ပါသော ခြေသံများက ကလပ်တစ်ခုလုံးသို့ ပဲ့တင်ထပ်လာသည်။ ထို့နောက် အသက်ပင် ဖြောင့်ဖြောင့်မရှူနိုင်သည့် အေးစက်မှုတစ်ခု ပျံ့လွင့်လာလေသည်။

ထို့ကြောင့် လူတိုင်း အလန့်တကြား ကြည့်လိုက်သောအခါ စစ်ဝတ်စုံနှင့် စစ်သားတစ်သိုက် ဝင်လာသည်ကို တွေ့လိုက်ရသည်။ ခေါင်းဆောင်လာသူက စစ်သူကြီးပင်။

သူသည် အထက်စီးဆန်သော အမူအရာနှင့်အတူ ကြမ်းကြုတ်သော အရှိန်အဝါတို့ဖြင့် ဟွာရင်းချန်နှင့် အခြားသူများထံ လျှောက်လာ၏။

“ဒီက တာဝန်ရှိသူက ဘယ်သူလဲ”

ဟွာရင်းချန်၏မျက်နှာက တည်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူထံမှ အန္တရာယ်များသော အရှိန်အဝါကို ခံစားမိသဖြင့် သူ နေရခက်လာသောကြောင့်ပင်။

*ဒီလူ ... သူကလည်း ဘုရင်အဆင့်ပဲနဲ့ တူတယ်*

*ပြီးတော့ ခွန်အားကလည်း ငါ့ထက်သာတယ်*

“ကျွန်မပါ၊ လူကြီးမင်း ဘာကိစ္စရှိလို့ပါလဲ ...”

စုမြောင်ရန်က အလျင်အမြန် ရှေ့ထွက်လာပြီး မျက်မှောင်ကြုတ်နေသည်။ အကြောင်းမှာ တစ်ဖက်လူက ကြမ်းကြုတ်နေသည်ကို သတိထားမိသောကြောင့်ပင်။

တစ်ဖက်လူက သူမကို ကြည့်ပြီး အထင်သေးသော အမူအရာ ဖြစ်ပေါ်လာသည်။

“ခွေးမ နင်က လေတော့မသေးဘူးပဲ”

“ဘာ”

စုမြောင်ရန် အံ့ဩသွားပြီး ဇဝေဇဝါဖြင့်‌ မေးလိုက်သည်။

“လူကြီးမင်း ဘာကိုပြောချင်တာပါလဲ”

“ထိပ်တန်းနိုင်ငံဆိုတာ မင်း ပေးထားတာလား”

သူက စုမြောင်ရန်အား အထက်စီးဖြင့်ကြည့်ပြီး သူ့စကားလုံးများက ရန်လိုနေ၏။ ငြိမ်သက်၍ တိတ်ဆိတ် သွားကြသည်။

စုမြောင်ရန်၊ ကျုံးလီအာနှင့် အခြားသူများ အံ့ဩနေလေသည်။

*တကယ်ဖြစ်နေပါလား၊ တကယ်ကို တစ်ယောက်ယောက်က ဆိုင်းဘုတ်ကြောင့် ပြဿနာ လာရှာနေပါလား*

*ယဲ့ဖန် ပြောတာ မှန်နေပါလား*

ထိုအခိုက်တွင် စုမြောင်ရန် ကြက်သီးမွေးညင်း ထလာသည်။

*ထူးဆန်းလိုက်တာ၊ ဘာလို့ သူ ခန့်မှန်းတာက တိကျနေတာလဲ*

ယဲ့ဖန်က ပြဿနာက တံခါးဝသို့ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု ထင်မထားမိသဖြင့် နှာခေါင်းပွတ် နေမိသည်။

*စုမြောင်ရန်ရဲ့ကံက တော်တော်ဆိုးတဲ့ပုံပဲ*

“ကျွန်မ ပေးထားတာပါ၊ ပြဿာရှိလို့လား”

တစ်ဖက်လူက ပြဿနာ ရှာနေသည်ကို မြင်သော် စုမြောင်ရန် မသိမသာ စိတ်ဆိုလာပြီး လေသံက မဖော်ရွေတော့ချေ။

“ပြဿနာလား သေချာပေါက် ရှိတာပေါ့၊ အခုချက်ချင်း အဲ့ဆိုင်းဘုတ်ကို နာမည်ပြောင်းစမ်း”

ထိုစကားက လူတိုင်းကို မျက်နှာ မည်းမှောင်သွားစေသည်။

*ဒီလူက မောက်မာလွန်းတယ်၊ စုမြောင်ရန်ကိုတောင် ဆိုင်နာမည် ပြောင်းဖို့ ဖိအားပေးနေတာလား၊ ဒီနေ့က စုမြောင်ရန်ရဲ့ ဆိုင်စဖွင့်တဲ့နေလေ၊ ဖွင့်တဲ့နေ့မှာတင် နာမည်ပြောင်းခိုင်းတာက တော်တော် ကံဆိုးတာပဲ*

“ဘာလို့လဲ”

စုမြောင်ရန်သည်လည်း စိတ်တိုလာပြီး ဒေါသတကြီး မေးလိုက်သည်။ သူမ ဤဆိုင်ဆိုင်းဘုတ်ဖြင့် မည်သူ့ကို ရန်စမိလို့လဲ။

“ဘာလို့လဲဆိုတော့ ငါ မကြိုက်လို့၊ ထိပ်တန်းနိုင်ငံလို့ ခေါ်တာကို မကြိုက်ဘူး”

သူ့စကားအဆုံး၌ စစ်သားများက သေနတ်များကို ဆွဲထုတ်၍ စုမြောင်ရန်နှင့် အခြားသူများကို ချိန်ရွယ်လေသည်။ ဤမြင်ကွင်းကြောင့် စုမြောင်ရန်နှင့် အခြားသူများ ထိတ်လန့်သွားကြသည်။

*ဒီလူက လူမြင်ကွင်းကြီးမှာ လူသတ်ချင်နေတာလား*

ယဲ့ဖန်တောင်မှ မျက်မှောင်ကြုတ်သွားပြီး သူ့အနောက်မှ မိန်းကလေးများအားလုံးကို ကာကွယ်လိုက်သည်။

“ထိပ်တန်းနိုင်ငံ၊ မင်း ရူးနေလား၊ မသိတဲ့သူတွေဆို မင်းကို အင်ပါယာရဲ့ အရှင်သခင်လို့ ထင်သွားဦးမယ်”

ကျန်းကျန့်ရန်က ထီမထင်ဟန်ဖြင့် ပြောလိုက်ပြီးနောက် ခက်ထန်သော အကြည့်များဖြင့် စုမြောင်ရန်ကို စူးစိုက်ကြည့်လေသည်။

“ငါ မင်းကို တစ်ခါပဲ ပေးမယ်၊ မင်း ပြောင်းမှာလား”

စစ်သားများအားလုံးက သေနတ်မောင်းပေါ် လက်တင်ထားကြပြီး ချိန်ရွယ်ထားသော ကိုယ်နေဟန်ထား ပြင်ထားကာ လူသတ်ချင်သော အငွေ့အသက်က ချက်ချင်း ထွက်ပေါ်လာ၏။

ဤမြင်ကွင်းက မွန်းကြပ်စရာ ကောင်းလှသည်။ စုမြောင်ရန်၏ မိတ်ဆွေများအားလုံး တုန်ယင်လာပြီး ကြောက်စိတ်များ ပေါ်လာသည်။

“ခင်ဗျား ပြောင်းဆိုတိုင်း ပြောင်းစရာလား၊ ခင်ဗျားက ဘာမို့လို့လဲ”

ရုတ်တရက် မောက်မာသော အသံတစ်သံက လူကြားထဲမှ ထွက်လာသည်။ ကျန်းကျန့်ရန် မျက်နှာထား ပြောင်းလဲသွားသည်။

*ဘယ်သူက ငါ့ကို ဒီလို ပြောရဲတာလဲ*

ခပ်ချောချော လူငယ်တစ်ယောက်က လူအုပ်ထဲမှ ထွက်လာပြီး ထီမထင်သော အပြုံးနှင့်အတူ သူ့အား အထင်သေးစွာ ကြည့်နေသည်။

ဟွာရင်းချန်ကိုမြင်သော် လူတိုင်း စိတ်သက်သာရာရသလို သက်ပြင်းချလိုက်သည်။ ဟွာရင်းချန်က ခွန်အားအရာ၌ရော နောက်ခံတွင်ပါ သူတို့ထက် သာလွန်၏။ သူ ဝင်ပါလျင် ဤပြဿနာကို ဖြေရှင်းနိုင် လောက်သည်။

“မြောင်ရန် မကြောက်နဲ့ ငါရှိရင် သူတို့ မင်းဆံပင်တစ်ချောင်းတောင် မထိရဲဘူး”

ဟွာရင်းချန် ယုံကြည်မှုရှိစွာ ပြောလိုက်ပြီး သူ လူအများကို ထိန်းချုပ်နိုင်ပြီဟု ခံစားမိလိုက်သည်။ တစ်ဖက်လူက စစ်သူကြီး ဖြစ်လျင်တောင်မှ သူတို့ ဟွာမိသားစုက အရေးစိုက်ရန် မလိုပါ။

ပိုင်ကျန့်ချင်းက အင်ပါယာ၏ ကောင်းကင်ဆိုလျင် သူ့ဟွာမိသားစုက အင်ပါယာ၏ မြေဟု ဆိုနိုင်ပေသည်။ သာမန် စစ်သူကြီးတစ်ယောက်က သူ့အား ဘာလုပ်နိုင်မည်နည်း။ ဤသည်က သူ့ကိုယ်သူ ဂုဏ်ဖော်နိုင်မည့် မဟာ အခွင့်အရေးပင်။

ထိုသို့ပြောနေချိန်တွင် ဟွာရင်းချန်က မျက်လုံးထောင့်မှနေ၍ ကျုံးလီအာ၏ တုံ့ပြန်မှုကို လေ့လာနေ၏။ သူမ၏ အမူအရာကို သူ သေချာ မမြင်ရသော်လည်း ကျုံးလီအာက ယခု သူ၏ ဝင့်ကြွားသော အမူအရာကို သဘောကျနေပြီဟု ခန့်မှန်းမိနေသည်။

သူ့စကားကြောင့် စုမြောင်ရန် ချက်ချင်း စိတ်အေးသွားပြီး စိုးရိမ်မှုများ လျော့နည်းသွားပြီး ဟွာရင်းချန်အား ကျေးဇူးတင်ဟန်ဖြင့် ကြည့်လိုက်သည်။

ထို့နောက် စုမြောင်ရန် ပို၍ ခေါင်းမာလာပြီး ကျန်းကျန့်ရန်အား အေးစက်စက် မျက်နှာဖြင့် ပြန်ပြောလိုက်သည်။

“ကျွန်မ မပြောင်းဘူး”

ဟွာရင်းချန်၏ နောက်ခံကို သူမ သိထားပြီး ဟွာရင်းချန်သာ သူမကို ကူညီလျင် သူမ တကယ် ကြောက်စရာ မလိုပါ။

ထိုအခါ သူမစကားကြောင့် ကျန်းကျန့်ရန်က မာထန်သော အပြုံးမျိုး ပြုံးလာ၏။

“မင်း မပြောင်းဘူးဆိုရင် သေလိုက်တော့”

စာစဉ် ၁၀၁ ဤတွင် ပြီးပါပြီ။

All Chapters