← Chapters

အခန်း ၁၅၁၉

Vol. 102 Ch. 1519

အခန်း ၁၅၁၉

Vol. 102 Ch. 1519

Chapter 1519 ရူးမတတ် ကြောက်စေခြင်း

သူ့စကားကိုကြားပြီး ဟွာရင်းချန် အော်ရယ်လုနီးပါး ဖြစ်သွားသည်။ အစက သူ ကံဆိုးပြီဟု ထင်ခဲ့မိသည်။ သူ ယဲ့ဖန်ကို အစောပိုင်းက ရန်လုပ်ခဲ့သဖြင့် ယဲ့ဖန်၏ ပုံစံအရ သူ့ကို အလွတ်ပေးမည့်ပုံ မပေါ်ချေ။

သို့သော် ယဲ့ဖန်က ဤသို့ သေတွင်းတူးလိမ့်မည်ဟု သူ ထင်မထားမိပါ။ ကျန်းကျန့်ရန်ပင် ကြောက်ရသော လူကို အော်ငေါက်ရဲသည်တဲ့လား။

လက်ရွေးစင်စစ်သား ငါးသောင်းကို စကားတစ်ခွန်းတည်းနှင့် သတ်နိုင်သော လူမျိုးသည် အင်ပါယာတစ်ခုလုံး၌ ရှားပါးသော ပုဂ္ဂိုလ်များထဲမှ တစ်ယောက် ဖြစ်လေသည်။

*သူက အရှေ့လူကို ဒီလိုပုံစံမျိုးနဲ့ ပြောတယ်ဆိုတော့ အသက်ရှင်ရတာ ပင်ပန်းနေပြီနဲ့တူတယ်*

စုမြောင်ရန်က ကျုံးလီအာ၏ လက်ကို တုန်ယင်စွာ ဆွဲကိုင်ပြီး ပျက်ယွင်းနေသော အမူအရာဖြင့် ပြောလာသည်။

“နင့်ချစ်သူက သေတွင်းတူးနေတာပဲ”

“သူက သေတွင်းတူးနေရုံတင် မဟုတ်ဘူး၊ ငါတို့ကိုပါ ဆွဲချနေသေးတယ်၊ ငါတို့တော့ သွားပြီ”

“ကျုံးလီအား မင်းရည်းစားက ငါတို့ကို သတ်နေတာ”

ကျုံးလီအာ၏ အတန်းဖော်များအားလုံး ငိုကြွေးလာသည်။ သူတို့၏ စိတ်ထဲ၌ ဆောက်တည်ရာမရ ဖြစ်နေလေ၏။ ထိုလူရှေ့၌ ကျန်းကျန့်ရန်ပင် ခေါင်းမဖော်ရဲသဖြင့် ထိုလူ၏ အဆင့်အတန်းက မည်မျှ မြင့်မားနေမလဲ။

ယခု ယဲ့ဖန်က ထိုလူကို ဤသို့ ရန်တွေ့နေသဖြင့် သူတို့အပေါ်ကိုပါ ထိုလူက ဒေါသမထွက်ပါဘူးဟု မည်သူက ပြောနိုင်မည်နည်း။

“လူကြီးမင်း ကျွန်‌တော် ဒီလူနဲ့ ဘာမှမပတ်သက်ပါဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဒေါသမထွက်ပါနဲ့”

“ဟုတ်ပါတယ် ဟုတ်ပါတယ် လူကြီးမင်း၊ ကျုပ်တို့အားလုံး သူ့ကို မုန်းပါတယ်၊ သူက ခင်ဗျားကို ရန်ရှာပြီး သေလမ်းရှာနေတာပါ၊ ဒါ ကျုပ်တို့နဲ့ ဘာမှမဆိုင်ပါဘူး”

သူတို့ တစ်ယောက်ပြီး တစ်ယောက် ပြောလာပြီး ယဲ့ဖန်ကြောင့် ဆွဲထည့်ခံရမည်ကို ကြောက်နေသည့်ဟန်ဖြင့် ယဲ့ဖန်နှင့် ဝေးရာသို့ အလျင်အမြန် ဖယ်ခွာကြသည်။

“မြောင်ရန် နင်ရော ငါတို့နဲ့ ကင်းကွာချင်သလား”

ကျုံးလီအာက နှုတ်ခမ်းစူ၍ စုမြောင်ရန်အား မပျော်မရွှင် ကြည့်လာသည်။

“ငါ … မလုပ်ပါဘူး …”

စုမြောင်ရန် မချိပြုံး ပြုံးလိုက်ရသည်။ ယဲ့ဖန်နှင့် အခြားသူများသည် သူမကြောင့် ဤပြဿနာထဲသို့ ရောက်သွားခြင်း ဖြစ်သည်။ ဘယ်လိုလုပ် သူမက မြစ်ကို ဖြတ်သန်းပြီးသည်နှင့် တံခါးကို ဖျက်ဆီးပစ်သကဲ့သို့ မသိကျိုးကျွန် ပြုနိုင်ပါမည်နည်း။

“သေချင်လည်း ကိုယ့်ဘာသာကိုယ်သေ၊ ငါတော့ လိုက်မသေနိုင်ဘူး”

ဟွာရင်းချန်ကလည်း ပျက်ရယ်ပြု၍ နလန်ရှောင်ရှေ့၌ တန်း၍ ဒူးထောက်လေသည်။

“လူကြီးမင်း ကျွန်တော် အဲ့မျိုးမစစ်ကောင်နဲ့ ဘာမှမပတ်သက်ပါဘူး၊ ဒါပေမဲ့ သူ့ကို‌ သေစေချင်ပါတယ်၊ အကယ်၍ လူကြီးမင်း သူ့ကို သတ်ချင်တယ်ဆိုရင် ကျွန်တော် ပျော်ပျော်ကြီး သတ်ပေးပါ့မယ်”

သူ့မျက်နှာပေါ်မှ ကျိတ်ရယ်နေပုံက ဖုံးဖိမရအောင် ပေါ်လွင်နေ၏။

*နတ်ဘုရားတွေက ငါ့ကို ကူညီတာပဲ*

သူ ယဲ့ဖန်ကို သတ်ချင်နေခဲ့သည်။ တိုက်ဆိုင်စွာပင် နတ်ဘုရားတစ်ပါးက ယဲ့ဖန်ကို သေစေရန် ရောက်လာပုံရသည်။ ထိုအချိန်တွင် နလန်ရှောင်က ယဲ့ဖန်ထံ လျှောက်သွားသည်။ ထိုအပြုအမူက ဟွာရင်းချန်ကို ဝမ်းသာအားရ ဖြစ်သွားစေသည်။

“ဟေ့ကောင် မင်းတော့ လုံးဝ ပွဲသိမ်းပြီ၊ အခု မင်း တောင်းပန်နိုင်မယ့် အခွင့်အရေးတောင် မရလောက်တော့ဘူး”

ဟွာရင်းချန်က အားပါးတရ ရယ်ပြီး ပြောလိုက်သည်။ ယဲ့ဖန်၏ ကံဆိုးသော အခြေအနေကို မြင်ပြီး သူ ကျေနပ် အားရနေ၏။

ထိုအခိုက်တွင် စုမြောင်ရန်သည်လည်း စိုးရိမ်ပူပန်နေပြီး ကျုံးလီအာ၏ လက်မောင်းကို တင်းနေအောင် ဆုပ်ကိုင်ထားပြီး သူမမျက်နှာက ဖြူရော်နေသည်။ သို့သော် ကျုံးလီအာက သူမလက်ကို အုပ်ကိုင်၍ စိတ်မပူနဲ့ ဟူသော အပြုံးမျိုး ပြုံးပြလေသည်။

လူတိုင်း ယဲ့ဖန်၏ ဆိုးရွားသော သေခြင်းတရားကို မြင်နေရသကဲ့သို့ အထင်သေးစွာ ပျက်ရယ်ပြုလာကြသည်။

*ဒါ ကိုယ့်ကိုယ်ကိုယ် အဟုတ်မှတ်နေတဲ့ အကျိုးဆက်ပဲ*

နလန်ရှောင်က ယဲ့ဖန်ရှေ့၌ ရပ်နေဆဲပင်။ သို့သော် နလန်ရှောင် တိုက်ခိုက်တော့မည်ဟု လူတိုင်း ထင်နေသော အချိန်တွင် ထိတ်လန့်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။

နလန်ရှောင်က တဖြည်းဖြည်း ကိုယ်ကိုင်းသွားပြီးနောက် ဒူးညွှတ်လာကာ နောက်ဆုံးတွင် ယဲ့ဖန်ရှေ့၌ ဒူးထောက် သွားသည်ကို အားလုံး တွေ့လိုက်ရသည်။

“အိ …”

လေအေးကို ရှိုက်လိုက်မိသကဲ့သို့ အသံတစ်သံက တိတ်ဆိတ်နေသော ကလပ်အတွင်း၌ ပဲ့တင်ထပ်၍ ထွက်လာသည်။

လူတိုင်း၏ မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်စိတ်များနှင့် ပြည့်နှက်နေပြီး မျက်လုံးများက ကျွတ်ကျမတတ် ပြူးကျယ်နေ၏။ မျက်လုံးတွင်းတွင် မယုံနိုင်သော အရိပ်အယောင်များ ပြည့်နေလေသည်။

*ဒူးထောက်တာလား*

*ဒီကြီးမြတ်တဲ့လူက ယဲ့ဖန်ရှေ့မှာ ဒူးထောက်နေတာလား*

*အမြင်မှားတာ*

*ဒါ အမြင်မှားတာပဲ ဖြစ်ရမယ်*

လူတိုင်း အံ့ဩတကြီး ကြည့်နေပြီး ဓာတ်လိုက်သကဲ့သို့ ကြောင်အနေကာ ထိတ်လန့်၍ အသိစိတ် လွတ်နေ ကြသည်။

“အတုကြီး၊ ဒါ အတုအယောင်ပဲ ဖြစ်ရမယ်”

ဟွာရင်းချန် တစ်ကိုယ်တည်း ရေရွတ်နေပြီး အားရပါးရ ပြုံးနေသော အပြုံး ပျောက်ကွယ်သွားပြီး ငိုသည်ထက်ပင် ရုပ်ဆိုးသော အမူအရာ ဖြစ်နေ၏။

သူ၏ စိတ်အခြေအနေသည် ကောင်းကင်မှ ဖုတ်ခနဲ ပြုတ်ကျသွားသကဲ့သို့ စိတ်ဓာတ်ကျသွားသည်။ ဝမ်းသာအားရနှင့် ဂုဏ်ယူနေဟန်မှာ ဖြောင်းခနဲ ဖြတ်ရိုက်ချခံလိုက်သလိုပင်။

ဤမြင်ကွင်းက ထိတ်လန့်စရာ ကောင်းလွန်းလှသည်။ ဤနေရာမှာ ရှစ်ဆယ်ရာခိုင်နှုန်းသောလူများ သတိမဝင် ဖြစ်နေကြသည်။

ကျန်းကျန့်ရန်တောင်မှ အံ့ဩနေ၏။ နလန်ရှောင်ကဲ့သို့သောလူသည် ပိုင်ကျန့်ချင်းနှင့် တွေ့လျင်တောင်မှ ဦးမညွှတ်မည့် လူမျိုး ဖြစ်သည်။ သို့သော် ယခုအခါ၌ သူ့ထက်ပင် အသက်ငယ်ပုံရသော လူငယ်ရှေ့၌ ဒူးထောက် နေသည်တဲ့လား။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

သူသည် စစ်ဗျူဟာမှူးတစ်ဦး ဖြစ်သဖြင့် သူ့ဦးနှောက်က ထိုင်းနေသူ မဟုတ်ချေ။ သူ တစ်စုံတစ်ရာကို ချက်ချင်း သတိပြုမိသွားသည်။

“ဖြောင်း”

ချက်ချင်းဆိုသလိုပင် သူ ကိုယ့်ပါးကိုယ် အားဖြင့် ရိုက်လိုက်သည်။

“စစ်သူကြီး ခင်ဗျား ဘာလုပ်တာလဲဗျ”

သူ့အနောက်မှ စစ်သားများ နားဝေတိမ်တောင် ဖြစ်သွားလေသည်။

*ကျန်းကျန့်ရန် ရူးသွားတာလား*

ကျန်းကျန့်ရန်က ဝမ်းနည်းသော မျက်လုံးများနှင့် ဝေဒနာကြောင့် ရှုံ့မဲ့နေသော အမူအရာဖြင့် ပြောလိုက်သည်။

“ကိုယ့်သေတွင်း ကိုယ်တူးတာ၊ ငါ ကိုယ့်သေတွင်း ကိုယ်တူးမိတာ”

ထိုအခိုက်တွင် စုမြောင်ရန်သည်လည်း ကြက်သေ သေနေ၏။ သူမ၏ လှပသော မျက်ဝန်းတစ်စုံက ပြူးကျယ်နေကာ မျက်စိရှေ့မှ မြင်ကွင်းက သူမအပေါ် ကြီးမားစွာ သက်ရောက်သွားလေသည်။

*ဟွာရင်းချန်ကို ယဲ့ဖန်က အထင်သေးတယ်*

*ကျန်းကျန့်ရန်က သူ့ကို သေစေနိုင်ဖို့ အရည်အချင်း မရှိဘူး*

*အခု ဒီလူကလည်း ယဲ့ဖန်ရှေ့မှာ ဒူးထောက်နေတယ်*

*ဒီလူရဲ့ နောက်ခံက ဘယ်လောက်အထိ ကြောက်ဖို့ကောင်းတာလဲ*

မကြာခင်မှာပင် သူမ ခိုင်ခိုင်မာမာ ရပ်တည်ပြီး ယဲ့ဖန်နှင့် ဖယ်ခွာ၍ စည်းမခြားမိသည့်အတွက် ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်မိသွားသည်။ သို့မဟုတ်ပါက ဤသို့သော လူမျိုးကို ဒေါသထွက်အောင် လုပ်မိလျင် သူမဖခင်ပင် သူမကို ကာကွယ်ပေးနိုင်မည် မဟုတ်ပါ။

ထို့နောက် သူမ မချိပြုံး ပြုံးလိုက်မိသည်။ ကျုံးလီအာက အဘယ်ကြောင့် ကျောင်းထွက်၍ ယဲ့ဖန်နောက်လိုက်ခဲ့သလဲ ဆိုသည်ကို သူမ နားလည်သွားသည်။

သူမသာဆိုလျင်၊ မဟုတ်သေး မည်သည့်မိန်းမမဆို ဤသို့သော အင်အားကြီးသူနောက် လိုက်ရမည်ဆိုလျင် အသုံးတော်ခံ ဖြစ်ရမည်ဆိုလျင်တောင်မှ အခါတစ်ရာမက လိုက်မည် ဖြစ်သည်။

သူမ၏ သာလွန်သော မိသားစုကြောင့် သူမ အမြဲ ယုံကြည်မှုရှိကာ မာနကြီးခဲ့သည်။ သူမ ကျုံးလီအာအပေါ် ကလေးတစ်ယောက်သဖွယ် ကြင်နာ၍ ခင်မင်သော်လည်း သွေးနားထင်ကြီးမှုက သူမ၏ အရိုးထဲ၌ ရှိနေဆဲပင်။ သို့သော် ယခုအခါတွင်မူ သူမ၏ သွေးနားထင်ကြီးမှုက ယဲ့ဖန်၏ နောက်ခံ ပေါ်လွင်လာသောအခါ လုံးဝဥဿုံ အရှုံးပေးလိုက်ရတော့သည်။

ကျုံးလီအာ၏ မိသားစုနောက်ခံက သူမလောက် မကောင်းဘဲ သူမနီးနီး ဉာဏ်မထက်သော်လည်း ကျုံးလီအာတွင် အင်အားကြီးသော ချစ်သူ ရှိလေသည်။

ဤသို့သောလူသည် ခြေတစ်ဖက်ဆောင့်လိုက်သည်နှင့် အရပ်မျက်နှာအနှံ့ကို တုန်ယင်စေလောက်သည်။ သူမကဲ့သို့သောလူက ပုရွက်ဆိတ်သဖွယ် ဖြစ်နေပြီး ယဲ့ဖန်၏ မျက်လုံးထဲ ဝင်မည် မဟုတ်ပါ။

အတန်းဖော်များသည်လည်း စိတ်ပျက်သော အမူအရာများ ဖြစ်လာကြသည်။ လက်ရှိတွင် သူတို့ မည်မျှ တုံးအနေပါစေ ယဲ့ဖန်၏ နောက်ခံက ပုံမှန်မဟုတ်ကြောင်း သူတို့ သတိထားမိသည်။

*ဒီလူက သေချာပေါက်ကို အကောင်ကြီးပဲ*

သူတို့အားလုံး၏ မျက်နှာတွင် ခါးသီးသော အမူအရာများ ပေါ်လာကြသည်။ မထင်ရှားသော ယဲ့ဖန်တွင် ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်လောက်သည့် နောက်ခံ ရှိလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

“ဘာတွေဖြစ်နေတာလဲ”

ယဲ့ဖန်က ထည်ဝါသော အရှိန်အဝါနှင့် အထက်စီးဖြင့် ထပ်မေးလိုက်သည်။ ဤသည်ကြောင့် ယဲ့ဖန်၏ အဆင့်အတန်းက နလန်ရှောင်ထက် မြင့်မားကြောင်း လူတိုင်း ပိုသေချာသွားသည်။

“ဒီကောင်လေးက အစက တော်ဝင်မြို့တော်က စစ်သူကြီးပါ၊ သူက စစ်သည် ငါးသောင်းကို ဦးဆောင်ပြီး ကျွန်တော်တို့ဆီ ရောက်လာတာပါ”

နလန်ရှောင်က အမှန်အတိုင်း ပြောလိုက်သည်။

*ဘက်ပြောင်းလာတာလား*

*ကျန်းကျန့်ရန်က သူ့အရှေ့ကလူနဲ့ ပူးပေါင်းဖို့ ရှုကျိုးကို လာတာလား*

ဤသတင်းက လူတိုင်းကို ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။

*ဒီလူမှာ ဘယ်လိုတောင် ထိတ်လန့်စရာကောင်းတဲ့ နောက်ခံ ရှိနေတာလဲ*

“ဪ”

ယဲ့ဖန်က ကျန်းကျန့်ရန်ကို စူးခနဲ တစ်ချက်ကြည့်လိုက်သည်။

“ဒီနားလာခဲ့”

ကျန်းကျန့်ရန် တုန်ယင်သွားသည်။ ယဲ့ဖန်၏ နောက်ကြောင်းကို သူ သိပြီးပြီ ဖြစ်သဖြင့် သူ့မျက်နှာတွင် ယခင်ကဲ့သို့ မောက်မာထောင်လွှားဟန် မရှိတော့ပါ။

သူ အမြဲလေးစားရသော ပုဂ္ဂိုလ်ကို သူ ခြိမ်းခြောက်ရဲခဲ့သဖြင့် သေသွားနိုင်လောက်သည်။ ကျန်းကျန့်ရန်က ယဲ့ဖန်ထံ အလျင်အမြန် လျှောက်သွားပြီး ယဲ့ဖန်ရှေ့၌ ဒူးထောက်ကာ အောင့်သက်သက် ပြုံးလိုက်သည်။

“ရောက်ပါပြီ လူကြီးမင်း”

“ငါ့မိတ်ဆွေရဲ့ ဆိုင်းဘုတ်က မကောင်းဘူးလို့ မင်း ထင်လား”

ယဲ့ဖန်က သူ့ကို အပြုံးနှင့် ကြည့်နေသည်။ စုမြောင်ရန် တောင့်ခနဲ ဖြစ်သွားပြီး ယဲ့ဖန်အား လှမ်းကြည့်မိသည်။ ကျန်းကျန့်ရန်က အသည်းအသန် ခေါင်းခါတော့သည်။

“မထင်ပါဘူး၊ သူက လူကြီးမင်းရဲ့ မိတ်ဆွေဆိုတော့ ဒီဆိုင်းဘုတ်ကို ပေးနိုင်စွမ်း ရှိပါတယ်”

“ဆိုတော့ သူ ဒီလိုနာမည်ပေးတာကို မင်း ဘာမှမပြောချင်ဘူးပေါ့ အဲ့လို့လား”

“ကျွန် … ကျွန်တော် မပြောရဲပါဘူး”

ကျန်းကျန့်ရန် ပို၍ ခေါင်းငုံ့သါားသည်။ သူ ဘယ်လိုလုပ် ပြောရဲမည်နည်း။ သူ တစ်ခုခု ပြောချင်ပါက သေသွားလောက်သည်။

ချက်ချင်းဆိုသလိုပင် ယဲ့ဖန်၏ မျက်နှာတွင် သရော်ဟန် ပေါ်လာ၏။

“မင်းလို စစ်သူကြီးက တော်ဝင်မြို့တော်မှာ နေတာ မကောင်းဘူးလား၊ ဘာလို့ ငှက်တောင် ချေးပါမချတဲ့ ရှုကျိုးကို လာရတာလဲ”

ကျန်းကျန့်ရန်လိုလူမျိုးက အသက်ထက် ဂုဏ်ရှိန်ကို နှစ်ခြိုက်သူဖြစ်ကြောင်း သူ သိသည်။ ရွေးချယ်စရာ မရှိ၍သာ သစ္စာဖောက်မည့်သူ ဖြစ်ပြီး ဖြစ်နိုင်လျင် ဘယ်သောအခါမှ သစ္စာဖောက်မည့်သူ မဟုတ်ချေ။

သူ့စကားကိုကြားပြီး ကျန်းကျန့်ရန်၏ မျက်နှာ ပြာနှမ်းသွားပြီး မျက်လုံးများက ခက်ထန်လာ၏။

“ဘာလို့လဲဆိုတော့ ကျွန်တော် ပိုင်ကျန့်ချင်းကို စိတ်ပျက်လို့ပါ”

*ဘာ*

*ကျန်းကျန့်ရန်က လက်ရှိ ဧကရာဇ်နဲ့ ပဋိပက္ခ ဖြစ်လာတာလား*

လူတိုင်း အမူအရာ ပြောင်းလဲသွားပြီး ကျန်းကျန့်ရန်ကို မယုံနိုင်သလို ကြည့်လာသည်။

*ကျန်းကျန့်ရန် ရှုကျိုးမှာ အံ့ဩစရာ မရှိတော့ဘူးပဲ၊ အခုမှ အားလုံးကို နားလည်သွားတော့တယ်*

“မင်းက စိတ်ပျက်တယ်”

ယဲ့ဖန်က မျက်လုံးကိုမှေးစင်း၍ ကျန်းကျန့်ရန်ကို ကြည့်လိုက်သည်။

“သူက မြေအောက်လောကဘုရင်မဆီမှာ ခိုလှုံပြီးတော့ ညီလာခံခန်းမမှာ ဧကရာဇ်တစ်ပါးရဲ့ မာန်ကိုချပြီး အမျိုးသမီးတစ်ယောက်ရဲ့ ရှေ့မှာ ဒူးထောက်တယ်”

ကျန်းကျန့်ရန်က ပြာနှမ်းသော မျက်နှာနှင့် ပြောလာသည်။ သူသည် လူမျိုးကြီးဝါဒီသမား ဖြစ်သည်။ သူ့အမြင်တွင် မိန်းမရှေ့၌ ဒူးထောက်သော ယောက်ျားများသည် အသုံးမကျသူများဟု မြင်လေ၏။

“ကျုပ် ခစားတဲ့လူက သူရဲကောင်း မဟုတ်ရင်တောင်မှ အနိုင်မခံ အရှုံးမပေးတဲ့လူ ဖြစ်ရမယ်”

ယောက်ျားတစ်ယောက်က ဒူးထောက်ရန် ဆုံးဖြတ်လိုက်လျင် သူ့၌ ယောက်ျားတစ်ယောက်၏ ဂုဏ်သိက္ခာ၊ ကြည်ညိုလေးစားမှုနှင့် ထည်ဝါမှုတို့ ဆုံးရှုံးသွားပြီ ဖြစ်သည်။ ထိုသို့သော ယောက်ျားမျိုးက သူ၏ လေးစား ကြည်ညိုမှု ရရှိရန် မထိုက်တန်ပါ။

“အဲ့ဒါကြောင့် မင်း သူ့ကို သစ္စာဖောက်တာလား”

ယဲ့ဖန်က လှောင်ရယ်သံနှင့် ပြောလိုက်သည်။ ဤမျှလောက်လေးနှင့် သူ ယဲ့ဖန်ကို လက်ခံလာအောင် မလုပ်နိုင်ပါ။

“ဘယ်ဟုတ်မလဲ အဲ့လောက်သာဆိုရင် ကျုပ် စစ်သည် ငါးသောင်းကို ဦးဆောင်ပြီး ရှုကျိုးကို လာမှာ မဟုတ်ဘူး”

ကျန်းကျန့်ရန်က ပြတ်သားစွာ ပြောလေသည်။

“သူက ညီလာခံခန်းမမှာ ကျုပ်အဖေကို သတ်ပြီးတော့ ကျုပ်တစ်မိသားစုလုံးကို သတ်ခဲ့တယ်၊ ပြီးတော့ သူက ညတွင်းချင်း စစ်စခန်းကို လူသတ်သမား လွှတ်ပြီး ကျုပ်ကို လုပ်ကြံတယ်”

ပိုင်ကျန့်ချင်းက သူ့တစ်မိသားစုလုံးကို သတ်ပြီးနောက် သူ လက်စားချေမည်ကို ရိပ်မိသည်။ ထို့ကြောင့် သူ့ဘက်၌ ရပ်တည်သော မျိုးနွယ်များကို အခွင့်ကောင်းယူ၍ လူသတ်သမားနှင့် ပူးပေါင်း၍ မနက်စောစော စေလွှတ်ကာ ကျန်းကျန့်ရန်အား သတ်စေသည်။

ဤသည်က ယုံကြည်ချက်ကို ရိုက်ချိုးလိုက်ခြင်းပင်။ ထို့နောက်တွင်မူ စစ်သည် ငါးသောင်းက ကျန်းကျန့်ရန်အား ရှုကျိုးသို့ သွားပြီး ယဲ့ဘုရင်ဘက်သို့ ကူးပြောင်း၍ ပိုင်ကျန့်ချင်းနှင့် သေခြင်းရှင်ခြင်း တိုက်ပွဲ ဆင်နွှဲရန် ပြောဆိုကြသည်။

ကျန်းကျန့်ရန်၏ စစ်သားများက သူ့အပေါ် နလန်ရှောင်နှင့် အခြားသူများ ယဲ့ဖန်ကို လေးစားသကဲ့သို့ လေးစားပြီး နတ်ဘုရားသဖွယ် သတ်မှတ်ထားကြသည်။

ထို့ကြောင့် ကျန်းကျန့်ရန်၏ အပြစ်ကင်းသော တစ်မိသားစုလုံး ပိုင်ကျန့်ချင်း၏ သုတ်သင်ခြင်း ခံလိုက်ရသည်ကို သိလိုက်သောအခါ သူ့အတွက် သူတို့ ဒေါသထွက်ကြလေသည်။

ကျန်းကျန့်ရန်သည် သူ ရှုကျိုးသို့ ရောက်လာသည့် ပထမဆုံးနေ့မှာပင် ယဲ့ဖန်ကို ရန်စမိပြီး ထိုအတွက် သူ့ညီအစ်ကိုများပါ ထိခိုက်ရလိမ့်မည်ဟု ထင်မထားမိပေ။

“အခု နန်းတော်မှာ ဘာမှူးမတ် ဘာဝန်ကြီးမှ မရှိတော့ဘူး၊ အင်ပါယာတစ်ခုလုံးက မြေအောက်လောက ဘုရင်မရဲ့ လက်ထဲက စတေးခံ ဖြစ်သွားပြီး ပြီးတော့ ဘုရင်မရဲ့ သွေးယဇ်ပူဇော်ခြင်း မိစ္ဆာကျင့်စဉ်ကြောင့် လူတွေကိုပါ ထိုးကျွေးနေတာ၊ အင်ပါယာက သေရေးရှင်ရေးတမျှ အခက်အခဲ ဖြစ်နေပြီ”

“ပိုင်ကျန့်ချင်း မင်း ငါ့ကို ကြောက်လွန်းလို့ ရူးသွားတာလား”

ယဲ့ဖန် မေးစေ့ကိုပွတ်၍ အတွေးနွံထဲ နစ်မျောသွားသည်။

All Chapters