အခန်း ၁၅၂၀
Vol. 102 Ch. 1520
Chapter 1520 သူက ယဲ့ဘုရင် ဖြစ်နေတာပဲ
ပိုင်ကျန့်ချင်း၏ လုပ်ရပ်များက ရူးသွပ်သော လုပ်ရပ်များပင် ဖြစ်လေသည်။ ထို့နောက် ယဲ့ဖန်က ကျန်းကျန့်ရန်ကို အထင်သေးစွာ ကြည့်လိုက်သည်။
“မင်းစစ်သားတွေက မင်းကို နတ်ဘုရားလိုမြင်တယ်လို့ ငါ ကြားဖူးတယ် ဟုတ်လား”
ကျန်းကျန့်ရန် ပြဿနာ မရှာရဲသဖြင့် ရိုကျိုးစွာ ပြောလိုက်သည်။
“အဲ့လောက်လည်း မဟုတ်ပါဘူး”
ယဲ့ဖန်ရှေ့၌ သူ့စစ်သားများက သူ့ကို နတ်ဘုရားသဖွယ် သဘောထားပါသည်ဟု သူ ဘယ်လိုလုပ် ပြောရဲပါမည်နည်း။ ယဲ့ဖန်၏ လက်အောက်မှ လူများသည် သူ၏ စစ်သည် ငါးသောင်းအား ရှင်းလင်းနိုင်လေသည်။
“မင်းရဲ့ စစ်သည်ငါးသောင်းနဲ့ဆို မင်း တော်ဝင်မြို့တော်ကို ထိုးဖောက်နိုင်သလား”
ယဲ့ဖန်က သူ အကြံအစည်များ ချထားပြီးသကဲ့သို့ ထပ်မေးလိုက်သည်။ ကျန်းကျန့်ရန်၏ မျက်နှာတွင် ရက်စက်ဟန် ပေါ်လာ၏။
“အသာလေးပါပဲ”
“ဒါပေမဲ့ ကျွန်တော် မြို့တော်ကို ထိုးဖောက်နိုင်ပင်မယ့်လည်း ပိုင်ကျန့်ချင်းဘေးနားက သူတော်စင်သခင်အဆင့်လူနဲ့ သူ့နောက်ကွယ်က မြေအောက်လောက ဘုရင်မကို မတားနိုင်ပါဘူး”
ထိုသူများသာ မရှိပါက သူ နန်းတော်ထဲ ဝင်သွားပြီး ထိုခွေးအိုကြီးကို ခေါင်းဖြတ်ပြီးလောက်သည်။
သူ၏ ဆယ့်နှစ်နှစ် အရွယ် ညီမလေးအပြင် သူ၏ မွေးကင်းစ သားလေးအပါအဝင် တစ်မိသားစုလုံး အသတ်ခံ လိုက်ရသည်။ ပိုင်ကျန့်ချင်းက ကျန်းမိသားစုကို တစ်ယောက်ပင် မချန်ခဲ့ချေ။
“ဒါဆို ငါ မင်းကို ဘုရင်အဆင့် စစ်တပ် ပေးမယ်ဆိုရင်ရော”
ထိုအခိုက်တွင် လူတိုင်းက ယဲ့ဖန်ကို တအံ့တဩ ကြည့်လာ၏။
*ဘုရင်အဆင့် စစ်တပ် ဟုတ်လား၊ မင်း နောက်နေတာလား*
*ဘုရင်အဆင့်က တစ်သောင်းမှာ တစ်ယောက်ပဲ ရှိနိုင်တာ*
*ဘုရင်အဆင့် စစ်တပ် ဟုတ်လား၊ မင်း အဲ့အဆင့်ကို လမ်းဘေးက တရုတ်ဂေါ်ဖီထုပ်တွေလို ပေါတယ်များ မှတ်နေလား*
ကျန်းကျန့်ရန်တောင်မှ ရယ်ချင်စရာ ကောင်းသည်ဟု တွေးမိသော်လည်း အမှန်အတိုင်း ပြောလိုက်သည်။
“ငါးထောင်၊ ငါးထောင်ပဲ ရှမယ်ဆိုရင်တောင် ကျွန်တော် ပိုင်ကျန့်ချင်းကို သတ်နိုင်ပါတယ်”
“ငါးထောင်”
ယဲ့ဖန် သက်ပြင်းချ၍ သူ့ပေါင်ကို လက်ဖြင့် ပုတ်နေသည်။ ကျန်းကျန့်ရန်သည် ယဲ့ဖန်အား လွန်လွန်းသည်ဟု တွေးမိနေ၏။ သူသည် ဘုရင်အဆင့် ဖြစ်ပြီး အင်ပါယာထဲတွင် ထိုအဆင့်ရောက်နေသူ လူငါးထောင်တောင် မရှိချေ။ ထို့ကြောင့် သူ အလျင်အမြန် ပြောင်းပြောလိုက်သည်။
“ငါးထောင်မရှိလည်း သုံးထောင်ဆို အဆင်ပြေပါတယ်၊ အနည်းဆုံး တစ်ထောင်က တစ်ယောက်ကို တိုက်နိုင်တယ်”
“ငါ မင်းကို တစ်သန်းပေးမယ်ဆိုရင်ရော”
ယဲ့ဖန်က ရုတ်တရက် ထရယ်၍ ကြောက်စရာကောင်းသော အပြုံးမျိုး ပြုံးလိုက်သည်။ ထိုအပြုံးက လူတိုင်း၏ အမြင်တွင် အလွန် ကြောက်စရာ ကောင်းနေ၏။
*ဒါ အန္တရာယ် လက္ခဏာပဲ*
*ဒီလူ အတည်ပြောနေတာလား*
*သူ့လက်အောက်မှာ ဘုရင်အဆင့် အယောက်တစ်သန်း ရှိတဲ့ စစ်တပ် ရှိလို့လား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*အတုကြီး*
*ဒီလူ မဟုတ်တမ်းတရားတွေ ပြောနေတာပဲ ဖြစ်မယ်*
စုမြောင်ရန်သည်လည်း နားဝေတိမ်တောင် ဖြစ်သွားပြီး ကျုံးလီအာအား ကြောက်လန့်ကြား ကြည့်လိုက်သည်။
“လီအာ သူ … သူ အတည်ပြောနေတာ မဟုတ်ဘူးမလား”
သူမ မျက်လုံးများ ပြူးကျယ်နေပြီး တစ်ကိုယ်လုံး တုန်နေ၏။ သူမ ချောက်ချားနေပြီ ဖြစ်သည်။
*ဘုရင်အဆင့် လူတစ်သန်းတဲ့၊ ဒါ ဘာသဘောကြီးလဲ*
*ဒါက အင်မော်တယ် ဧကရာဇ်တောင်မှ သေနိုင်တယ်လို့ ပြောနေတာ မဟုတ်လား*
ယဲ့ဖန်က လေးနက်သော အမူအရာနှင့် မဖြစ်နိုင်သော စကားများကို ပြောနေသည်ကို ကြည့်ပြီး အခြေအနေက ထူးဆန်း၍ ခန့်မှန်းမရနိုင်ဟု ခံစားမိလာသည်။
ကျန်းကျန့်ရန်တောင်မှ ယဲ့ဖန် ရူးနေသလားဟု တွေးမိသွားပြီး အမူအရာက ထိုင်းမှိုင်းသွားသည်။
“မင်း နားလေးနေလား”
နလန်ရှောင် ကျန်းကျန့်ရန်ကို စူးစိုက်ကြည့်၍ ငေါက်ငမ်းလေသည်။ ကျန်းကျန့်ရန် ကမန်းကတမ်း အသိဝင်လာပြီး သတိဖြင့် ပြောလိုက်သည်။
“ကျွန်တော့်ကို နောက်နေတာလား”
“မင်း ငါနဲ့ ရင်းနှီးလို့လား”
ယဲ့ဖန် အေးစက်စက် မေးလိုက်သည်။
“မ … မရင်းနှီးပါဘူး …”
“ဒါဆိုရင် မင်းက ငါနဲ့ နောက်ပြောင်ဖို့ ထိုက်တန်တယ်လို့ ထင်လား၊ မင်းသာ စစ်ရေးကို မကျွမ်းကျင်ရင် အခု သေနေလောက်ပြီ”
ယဲ့ဖန်၏ မျက်လုံးများက အေးစက်နေပြီး သူ့စကားများက ပြင်းထန်လာသည်။ ကျောချမ်းဖွယ်ကောင်းသော မရဏ အငွေ့အသက်က လူတိုင်းကို လွှမ်းခြုံလာလေသည်။ လူတိုင်း ခိုက်ခိုက်တုန်လာပြီး မျက်နှာတွင် ကြောက်ရွံ့ဟန် ပေါ်နေ၏။
“ဟုတ်ကဲ့”
ကျန်းကျန့်ရန် အလွန်အမင်း ကြောက်လန့်နေသော မျက်နှာနှင့် အလျင်အမြန် ခေါင်းငုံ့သွားသည်။ ထို့နောက် သူသည် တောက်ပနေသော မျက်လုံးများဖြင့် ပြန်ဖြေလေသည်။
“ကျွန်တော့်ကို ဘုရင်အဆင့် အယောက်တစ်သန်းပါတဲ့ စစ်တပ် ပေးမယ်ဆိုရင် ကျွန်တော် … ကိုးပြည်နယ်လုံးကိုပါ ရှင်းလင်းနိုင်ပါတယ်”
သူ့တွင် ကြီးမားသော ရည်မှန်းချက်များ ရှိသည်။ သူသည် စိတ်ဓာတ်မာကျော ကြံ့ခိုင်သူ ဖြစ်သည်။ သူ့၌ နည်းဗျူဟာ ရှိ၏။ မရှိသည်မှာ ပြိုင်ဘက်ကင်းသော စစ်တပ်ပင်။
“နှစ်ဝက်အတွင်း မင်း အဲ့စစ်တပ်ကို ရစေရမယ်”
ယဲ့ဖန် အပြုံးကြီး ပြုံးနေ၏။ လက်ရှိတွင် သူ စိတ်အခြေအနေကောင်းနေသည်။ အကြောင်းမှာ သူ ရတနာတစ်ခု ကောက်ရလိုက်ပြီ ဖြစ်ကြောင်း သိနေသောကြောင့်ပင်တည်း။
“တကယ် … တကယ်လား”
ကျန်းကျန့်ရန်က ယဲ့ဖန်ကို အံ့ဩဟန်ဖြင့် မော့ကြည့်လိုက်သည်။ ယဲ့ဖန် အတည်ပြောနေသည်ဟု မယုံနိုင် သေးသည့် ပုံပင်။
ဘုရင်အဆင့် အယောက်တစ်သန်းပါသော စစ်တပ်ဆိုလျင် သိုင်းအဆင့်တိုင်းကို ယှဉ်နိုင်နေပြီ မဟုတ်ပါတကား။ ဤသည်က သူ တစ်ခါမှ မတွေးရဲသော အရာပင်။
“နှစ်ဝက်အတွင်း ငါ မင်းကို အဲ့စစ်တပ် ပေးမယ်၊ ဒါပေမဲ့ မင်း ဒီနေ့ ပြောခဲ့တဲ့စကားကို မှတ်ထားပါ၊ အဲ့စစ်တပ် ရပြီးလို့ ငါ လိုချင်တဲ့ ရလဒ်ကို မလုပ်နိုင်ရင် မင်း သေကိုသေရမယ်”
“ဟုတ်ကဲ့”
ရုတ်ချည်းဆိုသလိုပင် ကျန်းကျန့်ရန် စိတ်လှုပ်ရှားကာ တုန်ယင်လာ၏။ ကိုးပြည်နယ်ကို ရှင်းလင်းခြင်း။ ဤသည်က သူ့အိပ်မက်ပင်။ သူ တစ်ခါမှ မမျှော်လင့်ရဲသော စိတ်ကူးယဉ် အိပ်မက်လည်း ဖြစ်ပေသည်။
သူ့တစ်သက်လုံး နယ်မြေချဲ့ထွင်ရေးကိုသာ မျှော်လင့်ခဲ့သည်။ သူသည် လောက၌ အထူးချွန်ဆုံး စစ်ဗျူဟာမှူး ဖြစ်လာရန် မျှော်လင့်ခဲ့ပြီး ယဲ့ဖန်က သူ့ကို ထိုအခွင့်အရေး ပေးလာနေ၏။
သို့ရာတွင် နလန်ရှောင်တောင်မှ မယုံသင်္ကာ ဖြစ်နေ၏။ ယဲ့ဖန်ပြောသော ဘုရင်အဆင့် အယောက်တစ်သန်းက ဘယ်က ရောက်လာမည်နည်း။
“နောက်ဆို ဒီနေရာကို မင်းပဲ ကြည့်လိုက်တော့၊ မကောင်းတဲ့ကောင်တွေ လာပြဿနာရှာရင် သတ်လိုက်”
ယဲ့ဖန်က နလန်ရှောင်ကို အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ ကျွန်တော် ဒီနေရာမှာ အစောင့်လုပ်ဖို့ သူတော်စင်သခင်အဆင့် နှစ်ယောက် စီစဉ်လိုက်ပါ့မယ်”
နလန်ရှောင် ခေါင်းညိတ်၍ ပြန်ဖြေလေသည်။ လူတိုင်း ကြက်သီးထကာ ထိတ်လန့်လွန်း၍ သတိလစ်ချင်လာ၏။ ထိတ်လန့်ရလွန်း၍ ထပ်၍ မထိတ်လန့်နိုင်တော့သည်အထိ ဖြစ်လာရသည်။
*ခင်ဗျား နောက်နေတာလား*
*သူတော်စင်သခင်အဆင့်ကို အစောင့်လုပ်ခိုင်းမယ် ဟုတ်လား*
*သူတော်စင်သခင်အဆင့်က နတ်ဘုရားလိုလူမျိုးကို အစောင့်တဲ့လား*
*ဒါ လူစကားမှ ဟုတ်သေးရဲ့လား*
*ဒီလူတွေက ဘယ်လို မကောင်းဆိုးဝါးတွေလဲ*
သူတို့ ကြက်သေ သေနေကြသည်။ စုမြောင်ရန်သည်လည်း အံ့ဩနေ၏။ သူတော်စင်သခင်အဆင့် နှစ်ယောက်ကို သူမဆိုင်၏ အစောင့်လုပ်ခိုင်းမည်တဲ့လား။ ဒါ သူမအတွက် သတ်သလို ဖြစ်မနေဘူးလား။ သူမ သေရမည်ကို စိုးရိမ်နေသည်။
“လီအာ မဟုတ်၊ မဟုတ်ဘူးလေ”
သူမ အလျင်အမြန် တစ်ဖက်လှည့်၍ ကျုံးလီအာအား စိုးရိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
“ဘာမှမဖြစ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် သူ့အနားမှာ သူတော်စင်သခင်အဆင့် လက်အောက်ငယ်သားတွေ အများကြီး ရှိတာ၊ နှစ်ယောက်က ပိုလည်းမပို လိုလည်းမလိုပါဘူး”
ကျုံးလီအာ ပြုံး၍ ပြောလာသည်။
“သူတော်စင်သခင်အဆင့် လက်အောက်ငယ်သားတွေ အများကြီး ဟုတ်လား”
“ဘုန်း”
ချက်ချင်းဆိုသလိုပင် လူတစ်ယောက် အကြောက်လွန်၍ တကယ် သတိလစ်သွားသည်။
*ကြောက်စရာကြီး*
*ရင်တုန်လိုက်တာ*
*သူတော်စင်သခင်အဆင့်က သူ့ရဲ့ ညီငယ်တဲ့လား*
*ပြီးတော့ ဒီလေသံအရ ယဲ့ဖန်ရဲ့ လက်အောက်ငယ်သားတွေထဲမှာ သူတော်စင်သခင်အဆင့်တွေ အများကြီး ရှိတဲ့ပုံပဲ*
*ဒီလူရဲ့ ဇစ်မြစ်က ဘာလဲ*
ကျုံးလီအာသည် သူမ၏ စကားက မည်မျှ ကြောက်စရာကောင်းလဲ မသိချေ။ မမြင်ရသော ဖိအားတစ်ခုကြောင့် လူတိုင်းနီးပါး သေမတတ် ဖြစ်နေကြသည်။
စုမြောင်ရန် ရယ်ရမလား ငိုရမလားမသိ ဖြစ်နေကာ စိတ်ထဲ၌ ဝမ်းသာသလို ခံစားမိနေ၏။ ဤထူးချွန်သော အမျိုးသမီးများက ယောက်ျားတစ်ယောက်နား၌ အတူတူ နေချင်ရသည့် အကြောင်းရင်းကို သူမ နားလည် သွားလေပြီ။
သူမ မှားယွင်းသော ဆုံးဖြတ်ချက် မချမိသည့်အတွက်လည်း သူမ ဝမ်းသာနေမိသည်။ ဆိုင်းဘုတ်ကိစ္စ ပြေလည်သွားသည့်အပြင် သူတော်စင်သခင်အဆင့် နှစ်ယောက်ကိုပါ သက်တော်စောင့်အဖြစ် ရဦးမည် ဖြစ်သဖြင့် သူမ အံ့ဩသလို ခံစားနေရသည်။
ထို့နောက်တွင်မူ ယဲ့ဖန်က တစ်ဖက်လှည့်၍ လူတိုင်းကို ကြည့်လာသည်။ ဤသည်ကိုမြင်သော် ကျုံးလီအာ၏ အတန်းဖော်များ ထိတ်လန့်သွားပြီး သူတို့မျက်နှာတွင် ကြောက်ရွံ့ဟန်များ အထင်းသား ပေါ်လာ၏။
လူတိုင်း ချောက်ချားကာ နောင်တတို့နှင့် အော်ဟစ်ကြသည်။ ဟွာရင်းချန်ဆိုလျင် ငိုကြွေးလုနီးပါး ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူ ဇာတ်သိမ်းပြီ ဖြစ်ကြောင်း သိနေသောကြောင့်ပင်။ သူ လုံးဝ ပွဲသိမ်းလေပြီ။
ထိုစဉ် ယဲ့ဖန်က သူ့ကို ဒဲ့ကြည့်လာ၏။
“ကိုယ့်လက်ကိုယ်ဖြတ်လိုက်၊ မဟုတ်ရင် … သေရမယ်”
ထိုစကားကို ကြားသော် ဟွာရင်းချန် တုန်ယင်လာပြီး မျက်နှာတွင် မချိဟန် ပေါ်လာသည်။ သူ ရွေးချယ်စရာ မရှိမှန်း သိလိုက်သည်။ သူ့လက်ကိုမဖြတ်လျင် သူ သေရလိမ့်မည်။
ချက်ချင်းဆိုသလိုပင် သူသည် ဘယ်လက်အား ညာလက်ဖြင့် အသာပုတ်လိုက်သည်။ ထိုအခါ စွမ်းအင်တစ်ခုက သူ၏ ဘယ်လက်သို့ တိုးဝင်သွားသည်။
ထူးဆန်းသော အသံတစ်သံနှင့်အတူ လက်မောင်းတစ်ခုလုံး ပြတ်ကျသွားလေသည်။
“အား….”
နာကျင်မှုကြောင့် ဟွာချင်းရန်၏ မျက်လုံးများ ပြူးကျယ်နေပြီး မျက်နှာ ရှုံ့မဲ့နေသည်။ ဤမြင်ကွင်းက လန့်စရာ ကောင်းလှသည်။ ဤသည်ကို မြင်ပြီး ကျုံးလီအာ၏ အတန်းဖော်များ သတိလစ်လုနီးပါး ဖြစ်သည်အထိ ကြောက်လန့်ကာ တုန်ယင်နေ၏။ သူတို့ ကျင်ငယ်ရည် ထွက်ကျမတတ် ဖြစ်နေလေသည်။
“လူကြီးမင်း ကျွန်တော့်ကို အသက်ချမ်းသာပေးနိုင်မလား”
ဟွာရင်းချန်၏ မျက်နှာက ဖြူရော်နေကာ အတင်း ပြုံးပြလိုက်သောကြောင့် ငိုသည်ထက်ပင် ကြည့်ရဆိုးနေ၏။
“ထွက်သွား”
ယဲ့ဖန် အေးစက်စွာ ငေါက်ငမ်းလိုက်သည်။
“ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် လူကြီးမင်း”
ဟွာရင်းချန်သည် အလွန် ရှက်ရွံ့နေသော မျက်နှာနှင့် အပြင်သို့ အသည်းအသန် ထွက်သွားသည်။ သူတို့ထဲတွင် အမြင့်မြတ်ဆုံး ဟွာရင်းချန်က ခွေးတစ်ကောင်သဖွယ် မောင်းထုတ်ခံလိုက်ရလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
ချက်ချင်းဆိုသလိုပင် ယဲ့ဖန်သည်လည်း ကျုံးလီအာနှင့် အခြားသူများနှင့်အတူ ထွက်သွားလေသည်။ ယနေ့ ဖြစ်ပျက်သွားသော ကိစ္စကြောင့် သူတို့ အပန်းဖြေချင်စိတ် မရှိတော့ချေ။
ကျုးလီအာသည် ရွေးချယ်စရာ မရှိသဖြင့် စုမြောင်ရန်ကို တောင်းပန်ဟန်ဖြင့် လှမ်းကြည့်လိုက်သည်။ စုမြောင်ရန်ကလည်း ပြုံး၍ ပြန်တုံ့ပြန်လိုက်သည်။ အစောပိုင်းက သူတို့သာ အလွန် မာနကြီးမနေခဲ့လျင် သူတို့ ယဲ့ဖန်နှင့် ပို၍ ရင်းနှီးလောက်သည်။ သို့သော် ယခု အားလုံး ပြီးဆုံးသွားလေပြီ။
ယဲ့ဖန် ထွက်သွားပြီးနောက် စုမြောင်ရန်သည် တစ်ခုခုကို တွေးမိသွားပုံရပြီး သူမဖုန်းကို အလျင်အမြန် ယူ၍ သတင်းတစ်ခုကို စရှာလေသည်။
ထို့နောက် သူမ အံ့ဩဟန် ပေါ်လာပြီးနောက် ထိတ်လန့်ကာ ကြောင်အသွားသည်။
“ခွပ်”
သူမလက်ထဲမှ ဖုန်းက ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။ သူမက သတိထားမိပုံပင် မပေါ်ဘဲ နေရာမှာတင် ကျောက်ရုပ်သဖွယ် ရပ်နေကာ သူမမျက်လုံးတွင် အံ့ဩမှုတို့ဖြင့် ပြည့်နှက်နေ၏။
သူမ ဤသို့ဖြစ်နေသည်ကိုမြင်ပြီး သူမ အတန်းဖော်များလည်း တွေဝေသွားကြသည်။ ထို့နောက် သူမဖုန်းကို အလျင်အမြန် ကောက်၍ ယူကြည့်လိုက်သည်။ သူတို့၏ အမူအရာသည်လည်း စုမြောင်ရန်လို ဖြစ်သွားကြသည်။
“ခွပ်”
ဖုန်းက ကြမ်းပြင်ပေါ် ထပ်မံ၍ ကျသွားပြန်သည်။
“မင်း ဘာဖြစ်တာလဲ၊ မင်းတို့ ဖုန်းပစ်ချရတာကို စွဲလမ်းနေတာလား”
အခြားသူများ အနားသို့ ရောက်လာပြီး လာကြည့်ကြသည်။ ထို့နောက် အကြောက်တရားက ကူးစက်ရောဂါသဖွယ် လူတိုင်း၏ မျက်နှာပေါ်တွင် ဖြစ်ပေါ်လာ၏။
အကြောင်းမှာ အင်တာနက်ပေါ်မှ ကျုံးဝမ်နှင့် ဟွမ်ယွီလင်းတို့၏ ပရိုဖိုင်ဓာတ်ပုံများကို သူတို့ တွေ့လိုက်ရ သောကြောင့်ပင်။
ကျုံးဝမ်က ပျောက်နေသည်မှာ အချိန်အတော်ကြာနေသည့်အပြင် ယနေ့ သာမန် ရိုးရိုးရှင်းရှင်း ဝတ်စုံကိုသာ ဝတ်ထားသဖြင့် လူတိုင်း သူမကို ချက်ချင်း မမှတ်မိကြချေ။
လက်ရှိတွင် အားလုံး ချောက်ချားနေ၏။ မျက်နှာတွင် မယုံနိုင်လောက်အောင် ထိတ်လန့်ဟန်များ ပေါ်နေလေသည်။
“စူပါစတား ကျုံးဝမ်၊ လတ်စသက်တော့ သူက စူပါစတား ကျုံးဝမ်ပဲ”
“ဟွမ်ယွီလင်းက ဟွမ်ထျန်းချန်ရဲ့ သမီးမဟုတ်လား၊ ရှုကျိုးရဲ့ နာမည်ကျော် သူဌေးကြီးရဲ့ သမီးလေ ဟုတ်တယ် မလား”
မယုံနိုင်သော စကားသံများ ဆက်တိုက် ထွက်လာ၏။ သို့သော် သူတို့ ထိတ်လန့်ရသည့် အဓိက အကြောင်းရင်း မဟုတ်ချေ။
“ကျုံးဝမ်ရဲ့ ချစ်သူက ငါ မှတ်မိပြီ၊ ယဲ့ဘုရင်”
“ဟွမ်ယွီလင်းကလည်း ယဲ့ဘုရင်ရဲ့ မွေးစားညီမ”
“ခုနက အဲ့လူက ယဲ့ဘုရင်ပဲ”
လူတိုင်း ဓာတ်လိုက်သွားသကဲ့သို့ ဖြစ်ကာ ခြေထောက်များ ပျော့ခွေလာသည်။
*လတ်စသက်တော့ ခုနကလူက ယဲ့ဘုရင် ဖြစ်နေတာကိုး*
*သူ တော်ဝင်မျိုးနွယ်ကို စိန်ခေါ်ရဲတာ အံ့ဩစရာ မရှိတော့ဘူး*
*သူ ကျန်းကျန့်ရန်ကို ဒူးထောက်အောင် လုပ်နိုင်တာက အံ့ဩစရာ မဟုတ်တော့ဘူး*
*သူက အင်ပါယာထဲက အသန်မာဆုံးလူ ဖြစ်နေတာပဲ*
*နာမည်ကျော် ယဲ့ဘုရင်*
ထိုသို့သောလူမျိုးနှင် သူတို့ အလွဲချော်ကြီး လွဲချော်ခဲ့သည်။ ထိုအခိုက်တွင် ကလပ်တစ်ခုလုံးမှ နောင်တရသော အော်သံများ ထွက်ပေါ်လာပြီး လူတိုင်း ကိုယ့်ရင်ဘတ်ကိုယ်ထုနေကြသည်။
စုမြောင်ရန်သည်လည်း မချိပြုံးသာ ပြုံးနေပြီး အသာ သက်ပြင်းချလိုက်သည်။
“လတ်စသတ်တော့ ဒီလို ဖြစ်နေတာကိုး”