အခန်း ၁၅၂၁
Vol. 102 Ch. 1521
Chapter 1521 ကျုပ်တို့ သဘောမတူဘူး
ယဲ့ဖန် တံခါးဝသို့ ရောက်ခါစပင် ရှိနေချိန်တွင် ကင်းမြီးကောက် လူသတ်သမားက စိုးရိမ်တကြီး ဖြစ်နေသော အမူအရာနှင့် ပြေးလာသည်။
“အရှင်မင်းကြီး မကောင်းတော့ဘူး”
သူ့အသံပင် တုန်နေ၏။ ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး ဒေါသသံမပါဘဲ ပြန်မေးလိုက်သည်။
“ဘာဖြစ်တာလဲ”
“ထန်မင်လီ သတင်းပို့လာပါတယ်၊ မမလေးပိုင်ရွှယ်က … တော်ဝင်မြို့တော်ထဲ ဝင်သွားတယ်လို့ ပြောလာပါတယ်”
ယဲ့ဖန်၏ မျက်လုံးများ မှေးစင်းသွားပြီး သူ့မျက်နှာတွင် ဒေါသထွက်ဟန် ပေါ်လာ၏။ သူသည် ပိုင်ရွှယ်အား သင်ခန်းစာ ရအောင် မောင်းထုတ်လိုက်ခြင်း ဖြစ်သည်။ သို့သော် သူမက ရူးမိုက်လွန်းပြီး တော်ဝင်မြို့တော်သို့ ပြန်သွားလိမ့်မည်ဟု သူ ထင်မထားမိပေ။
သူမ အဘယ်ကြောင့် ထိုသို့သွားသလဲ မှန်းကြည့်နိုင်ပေသည်။ ထိုအရူးမလေးက သူမအသက်နှင့် သူ့အသက်ကို အလဲအလှယ်လုပ်ရန် ကြံစည်ထားထာ ဖြစ်နိုင်သည်။
“ဘာလို့ ထန်မင်လီက သူ့ကို မတားတာလဲ”
ကျုံးဝမ်က စိတ်ဆိုးမာန်ဆိုး ဝင်ပြောလာ၏။ သို့သော် ယဲ့ဖန်က ခေါင်းခါလေသည်။
“အခြားသူ ဘယ်သူမှ မရဘူး၊ အဲ့ကောင်မလေးရဲ့ စိတ်နဲ့ဆိုရင် သူ ထန်မင်လီကို တမင်ရှောင်ချင်ပြီဆိုတာနဲ့ ထန်မင်လီ ဆယ်ယောက် ရှိရင်တောင် သူ့ကို မဖမ်းနိုင်ဘူး”
“ငါ့အတွက် လေယာဉ်ပြင်ထား၊ ငါ တော်ဝင်မြို့တော်ကို ချက်ချင်း သွားမယ်”
သို့သော် ကင်းမြီးကောက် လူသတ်သမားက မလှုပ်ချေ။ သူ့အမူအရာက အနည်းငယ် ချီတုံချတုံ ဖြစ်နေပြီး ယဲ့ဖန်အား တော်ဝင်မြို့တော်သို့ မသွားစေချင်သည့်ပုံပင်။
“ငါ မင်းကို ပြောနေတယ်လေ၊ မင်း မကြားဘူးလား”
ယဲ့ဖန် ဒေါသတကြီး အော်ငေါက်လိုက်သည်။ ကင်းမြီးကောက် လူသတ်သမားက မတတ်သာဟန်ဖြင့် သက်ပြင်းချကာ နောက်ဆုတ်သွားသည်။
ဆယ်မိနစ်ပင် မကြာလိုက်ဘဲ လေယာဉ် အဆင်သင့် ဖြစ်လာသည်။
ဆယ်မိနစ်ပင် မကြာလိုက်ဘဲ လေယာဉ် အဆင်သင့် ဖြစ်လာသည်။ ထိုအခိုက်တွင် နလန်ရှောင်နှင့် အခြားသူများ ပြိုင်တူ ရောက်ချလာသည်။ ထို့နောက် သူတို့သည် ဘာမှမပြောဘဲ ယဲ့ဖန်ရှေ့၌ ဒူးထောက်လာ၏။
“ရှင်တို့ ဘာလုပ်တာလဲ”
ဟွမ်ယွီလင်းနှင့် အခြားသော မိန်းကလေးများ ချက်ချင်း အံ့ဩသွားသည်။
“အရှင်မင်းကြီး ရင်မိသားစုက သူတို့နေရာကနေ ထွက်လာပြီး အားလုံး တော်ဝင်မြို့တော်မှာ စုဝေးနေတာပါ၊ သူတို့က အရှင် ထောင်ချောက်ထဲ တိုးဝင်လာမှာကို စောင့်နေတာပါ၊ နတ်ဧကရာဇ်လည်း တံခါးပိတ်နေရာက ထွက်လာပြီး တော်ဝင်မြို့တော်ထဲမှာ နေနေတာပါ၊ ကျွန်တော်တို့ အရှင့်ကို အသေမခံနိုင်ပါဘူး”
နလန်ရှောင် ပြောလာသည်။
“ကျေးဇူးပြုပြီး အရှင်မင်းကြီး ပြန်စဉ်းစားပေးပါ”
ရာထူးကြီးသူများအားလုံး သံပြိုင် ကျယ်လောင်စွာ အော်ဟစ်လာကြသည်။
“ရှင် … ရှင်တို့ လူဆိုးကောင်တွေ၊ ဒါ ပိုင်ရွှယ် သေမှာကို ကြည့်နေလို့ ပြောချင်တာ မဟုတ်လား”
ကျုံးဝမ် ဒေါသကြောင့် မျက်နှာ နီမြန်းနေသည်။ ယဲ့ဖန် သက်ပြင်းချလိုက်ပြီး သူတို့ ဘာကိုတွေးနေသလဲ သိလိုက်သည်။ တစ်ဖက်လူက အင်မော်တယ် ဧကရာဇ်အဆင့်တစ်ယောက် ဖြစ်သဖြင့် သန်းချီသောလူများကို တစ်ခဏအတွင်း မီးလောင်တိုက် သွင်းနိုင်သည်။
“ဒါဆို ငါ စစ်သားမပါဘဲ တစ်ယောက်တည်း သွားလို့ရတယ်မလား၊ ဟုတ်တယ်မလား”
ယဲ့ဖန်က ညှိုနှိုင်းသောလေသံဖြင့် မေးလိုက်သည်။ လူတိုင်း ပြိုင်တူ ခေါင်းခါလေသည်။ ထို့နောက် ထျဲမူထားက ပြောလာသည်။
“အရှင်မင်းကြီး အရှင်က နတ်ဆိုးစစ်တပ်ရဲ့ အရှင်သခင်ပါ၊ အရှင် သေသွားရင် နတ်ဆိုးစစ်တပ် ပြိုလဲသွားမှာ မဟုတ်ဘူးလား၊ ကျွန်တော်တို့ အရှင့်ကို တော်ဝင်မြို့တော်ဆီ တစ်ယောက်တည်း သွားခွင့်မပေးနိုင်ပါဘူး”
သူ၏ သဘောထားက ပြတ်သားသည်။
“ဟုတ်ပါတယ်၊ အရှင်က နတ်ဆိုးစစ်တပ်ရဲ့ အရှင်သခင်ပါ၊ အခုချိန် အရှင်သာ ထွက်သွားရင် နတ်ဆိုးစစ်တပ် ကသောင်းကနင်း ဖြစ်သွားပါလိမ့်မယ်”
ကင်းမြီးကောက် လူသတ်သမားကလည်း အလေးအနက် ပြောလာ၏။
“ယဲ့ဖန် သူက ရှင့်ကို အမြဲတွေးနေတာ၊ သူ့မှာ တစ်ဇွတ်ထိုး လုပ်ခွင့်လေးတော့ ရှိသင့်တယ် မဟုတ်လား”
ထန်ပုခူက သူ့ကို ဆူပူလေသည်။ ယခုတစ်ခေါက်က အန္တရာယ်များမှန်း သူမလည်း သိပါသည်။ သို့သော် ယဲ့ဖန်ကို သွားခွင့်မပေးလျင် ယဲ့ဖန် တစ်သက်လုံး နောင်တရလိမ့်မည် ဖြစ်ကြောင်းကို သူမ သိပါ၏။
သူမ ယဲ့ဖန်ကို တစ်သက်လုံး နာကျင်စွာ ရှင်သန်မသွားစေချင်ပါ။
“ငါ လျှို့ဝှက်လုပ်မှာပါ၊ လူပဲကယ်မယ်၊ လူ မသတ်ဘူးလေ၊ ပိုင်ရွှယ်ကို အောင်အောင်မြင်မြင် ကယ်နိုင်တာနဲ့ ငါ ချက်ချင်း ပြန်လာမယ်၊ ဘယ်လိုလဲ”
ယဲ့ဖန် ထပ်မေးလိုက်သည်။ သို့သော် လူတိုင်းက ခေါင်းခါမြဲ ခါဆဲပင်။
“ကျုပ် ကင်းမြီးကောက် လူသတ်သမား သဘောမတူဘူး”
“ထျဲမူထား သဘောမတူဘူး”
“နလန်ရှောင် သဘောမတူပါဘူး”
လူတိုင်း အခိုင်အမာ ပြောကြသည်။ ယဲ့ဖန် မသိမသာ အံ့ဩသွားပြီး သူ့မျက်နှာတွင် ကူကယ်ရာမဲ့ဟန်နှင့် မရမကဟန် ပေါ်နေသည်။
တစ်ဖက်တွင် ညီအစ်ကိုများ၊ တစ်ဖက်တွင် အမျိုးသမီးများ၊ သူ ဝိရောဓိ ဖြစ်နေ၏။
“အသုံးမကျတဲ့လူတွေ၊ နင်တို့ မသွားရဲရင် ငါ ယဲ့ဖန်နဲ့အတူ လိုက်သွားမယ်”
ထန်ပုခူက အေးစက်စွာ ခနဲ့လိုက်ပြီး ဤလူများကို နက်နက်ရှိုင်းရှိုင်း အထင်သေးစွာ ကြည့်လိုက်သည်။
“ယဲ့ဖန်က ဘယ်တောာ့မှ နင်တို့ စိတ်ဓာတ်ကျအောင် မလုပ်ဘူး၊ ဘာလို့ နင်တို့က သူ့ကို စိတ်ဓာတ်ကျအောင် လုပ်ရတာလဲ”
ဤအမျိုးသမီးများကလည်း မခံမရပ်နိုင်ဟန် ပြလာသည်။ ထို့အပြင် လူသစ် ကျန်းကျန့်ရန်သည် တစ်ခွန်းမှ မပြောရဲသော်လည်း သူ့စိတ်ထဲ၌ သက်ပြင်းချနေ၏။
*ယဲ့ဘုရင်တောင်မှ သူကိုယ်တိုင် မတတ်သာတဲ့အချိန် ရှိသေးတာပဲ*
ထိုစဉ် ဟွမ်နူက အသာပြုံး၍ အလျင်အမြန် ဝင်ပြောလိုက်သည်။
“အရှင်မင်းကြီးက တိုက်ပွဲကြီး သွားတော့မှာကို ဒီဟွမ်နူကို မခေါ်ဘူးလေ၊ အဲ့တော့ ဟွမ်နူဆိုတဲ့ ကျုပ်က ဘယ်သဘောတူနိုင်မလဲ”
ယဲ့ဖန် အံ့ဩသွားသည်။ မိန်းကလေးများအားလုံးသည်လည်း မှင်တက်သွားကြသည်။ ထို့နောက် လူတိုင်း ပြုံးစိစိ ဖြစ်နေကြသည်ကို သူတို့ တွေ့လိုက်ရသည်။
“နတ်ဆိုးမျိုးနွယ်ရဲ့ အရှင်သခင်၊ စစ်သည်တစ်သိန်းကို ဦးဆောင်းတဲ့လူက အဆုံးကျတော့ တော်ဝင်မြို့တော်ကို တစ်ယောက်တည်း ဖောက်ဝင်မယ်တဲ့၊ ဒီလို ရှက်စရာကောင်းတဲ့ ကိစ္စကို ဒီကင်းမြီးကောက် လူသတ်သမား သဘောမတူနိုင်ပါဘူး”
“နတ်ဆိုးဧကရာဇ် ခရီးနှင်ပင်မယ့် သူ့ကို အဖော်ပြုမယ့် စစ်တပ် မပါဘူးဆိုရင် နတ်ဆိုးတွေရဲ့ ထည်ဝါမှုကို ဘယ်ပြနိုင်မှာလဲ၊ ထျဲမူထား သဘောမတူနိုင်ပါဘူး”
“ကျုပ်တို့ သဘောမတူဘူး”
နောက်ဆုံးစကားက မိုးခြိမ်းသံအလား ကျယ်လောင်လွန်းလှသည်။
ယဲ့ဖန်ကို တစ်ယောက်တည်း အသေခံရ မည်လော သူတို့ သဘောမတူပါ။ သူတို့ကို ချန်ထားခဲ့မည်လား ဒါကိုလည်း သူတို့ လက်မခံနိုင်ပါ။ သူတို့က သေရဲသော်လည်း သူတို့ကို သေခွင့်မပြနိုင်ဘူးတဲ့လား မရ၊ လုံးဝ မရရေးချ မရနိုင်ပါ။
ထိုအခိုက်တွင် ကျန်းကျန့်ရန် မှင်တက်နေပြီး သူ့မျက်နှာတွင် အံ့ဩမှုတို့ အထင်းသား ပေါ်လွင်နေ၏။
*မယုံနိုင်စရာပဲ*
ထို့နောက်တွင်မူ သူ့နှလုံးသားက မီးဟုန်းဟုန်းတောက်သကဲ့သို့ ပူလောင်တက်ကြွလာ၏။ သူ ဤလူများနှင့် ညီအစ်ကို ဖြစ်ချင်သည်။ သူ ဤလူများနှင့် အတူတူ သေရဲလိုပါသည်။
လက်ရှိအချိန်တွင် ကျန်းကျန့်ရန်သည် သူ့နှလုံးသား၌ ယခင်က တစ်ခါမှ မခံစားဖူးသော တက်ကြွမှုနှင့် အံ့ဩမှုတို့ ပြည့်နှက်နေသလို ခံစားမိသည်။ သူနှင့် တူညီသောအရာကို ရှာတွေ့လိုက်သလိုပင်။
သူ့အတွက် အမျိုးသမီး၊ ပိုက်ဆံ၊ အာဏာတို့ထက် ပိုတပ်မက်သည်မှာ ညီအစ်ကိုများ ဖြစ်သည်။ သူ့အရှေ့မှ ဤလူများသည် သူနှင့် ညီအစ်ကိုဖြစ်ရန် ထိုက်တန်သူများ ဖြစ်လေသည်။
သူ ကြောက်ရွံ့နေပါသည်။ သို့သော် သူ ဝမ်းသာနေပါ၏။ သူ ကြောက်ရွံ့ရခြင်းမှာ ဤလူများနှင့် သူ ညီအစ်ကို ဖြစ်ရန် ထိုက်တန်လေပါ့မလား မသိသောကြောင့် ဖြစ်သည်။ သူ ဝမ်းသာရသည်က သူနှင့် စိတ်ချင်းတူသော လူများကို ရှာတွေ့လိုက်ရသောကြောင့်ပင်တည်း။
ချက်ချင်းဆိုသလိုပင် ယဲ့ဖန်ကို ကြည့်လိုက်သော သူ့အကြည့်များတွင် နက်ရှိုင်းသော လေးစားမှုတို့နှင့် ပြည့်နှက် လာ၏။
မိမိထက် နာမည်ကျော်သူနှင့် တွေ့ရသည်က ပိုကောင်းပါသည်။ သို့သော် နာမည်ကျော်သူထက် ယဲ့ဖန်နှင့် တွေ့ရခြင်းက ပိုကောင်းပါ၏။
သူ့ကို တွေးပြီးနောက် ကျန်းကျန့်ရန်သည် သူ၏ လေးစားဖွယ်ကောင်းသော ဘက်ခြမ်းကို မြင်လာရသည်။ သူ့အတွက်နှင့် သေပေးရကျိုးနက်သော ထိုသူသည်သာ စစ်မှန်သော ဧကရာဇ် ဖြစ်သည်။
ယခုအချိန်တွင် သူ လုံးဝ နားလည်လက်ခံသွားသည်။ ထို့နောက်တွင်မူ လူတိုင်း မပြုံးဘဲ မနေနိုင်တော့ချေ။ ဤသို့သော အပြုအမူကို ရိုင်းပျဟန်ဖြင့် သရုပ်ဖော်ရခြင်းက တကယ် ရှက်စရာကောင်းသဖြင့် ပြုံးနေမိကြသ်ည။
မိမိအား ထိုက်တန်သော ရာထူးဖြင့် မြှောက်စားလျင် မိမိကလည်း ထိုရာထူးနှင့် ထိုက်တန်စွာ ပေးဆပ်သင့်ပါသည်။
ရှေးအခါက မင်းသားတန်သည် ကျင့်ခယ်အား ဝိုင်နှင့် မိန်းမလှလေးတို့ဖြင့် ပွဲလုပ်ပေးခဲ့သည်။ သို့သော် ကျင့်ခယ်က သူ့အား ပြန်သတ်၍ ချင်ဘုရင်အား လုပ်ကြံခြင်းဖြင့် ကျေးဇူးဆပ်ခဲ့သည်။ ယဲ့ဖန်ကတော့ ပြောနေစရာပင် မလိုအောင် သူတို့အတွက် များစွာ ပေးသနားခဲ့လေသည်။
ယဲ့ဖန်သည် တစ်ဒင်္ဂမျှ အံ့ဩနေပြီးနောက် ဒေါသတကြီး ဆဲတော့သည်။
“ခွေးသားတွေ”
ထိုအခိုက်တွင် လူတိုင်း ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ အားပါးတရ ရယ်မောကြတော့သည်။ မိန်းကလေးများ သည်လည်း နားဝေတိမ်တောင် ဖြစ်နေကြသည်။
“ဘာဖြစ်တာလဲ”
ကျုံးဝမ်က စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။
“စကားကို ရှင်းရှင်းမပြောနိုင်တဲ့ အရူးတစ်သိုက်လေ၊ တကယ်ပါပဲ”
ထန်ပုခူကလည်း ဆူပူလေသည်။ သို့သော် သူမမျက်နှာက အတော်လေး နူးညံ့နေ၏။ အမျိုးသမီးများက အမျိုးသားများ၏ ညီအစ်ကိုသဖွယ် ရင်းနှီးနားလည်မှုကို ဘယ်သောအခါမှ နားလည်မည် မဟုတ်ပါ။
“ဒီနေ့ပဲ သွားမယ်၊ တော်ဝင်မြို့တော်ကို သွားပြီး မိဖုရားကို ကယ်မယ်”
“ဧကရာဇ်ကိုသတ်ပြီး မိဖုရားကိုကယ်မယ်၊ ငါတို့အားလုံးက လူယုတ်မာတွေပဲ ဟားဟားဟား”
“ဒီနေ့ ထီးနန်းကို ကမောက်ကမ ဖြစ်အောင် လုပ်မယ်၊ အချိန်တန်ရင် ငါ ဗိုလ်ချုပ်ကြီး ဖြစ်လာမှာ”
“ဒါဆို ငါ ထိပ်တန်း အရာရှိလုပ်မယ်”
“ခွေးမသား မင်းက ဘာလို့ ငါ့ခေါင်းဆောင် လုပ်မှာလဲ”
ထိုအခိုက်တွင် အနည်းငယ် ရှက်နေသေးသော ကျန်းကျန့်ရန်ကလည်း ကြုံးဝါးလာ၏။
“သတ်မယ်ဟေ့”
*ဟမ်*
ဟွမ်နူက သူ့ကို လှည့်ကြည့်လေသည်။ ကျန်းကျန့်ရန် ဇာတ်ပုသွားသည်။ ဤလူက ချင်ဧကရာဇ် မင်းဆက်ခေတ်က ကြမ်းကြုတ်သော စစ်သူကြီး ဖြစ်ပြီး သူ့ထက် အဆင့်အတန်းများစွာ မြင့်မှန်း သိသောကြောင့် သူ ပြဿနာ မရှာရဲချေ။
“တောင်းပန်ပါတယ်၊ ကျွန်တော် …”
ဤလူများနှင့် သူ အသားတကျ ဖြစ်နိုင်စွမ်း မရှိသဖြင့် သူ ပုံမှန်အတိုင်း စကား မပြောနိုင်ချေ။ သို့မဟုတ်ပါက သူ့အပြောအဆိုက အလွန် ရိုင်းရာကျသွားလိမ့်မည်။
တကယ်တမ်းတွင် သူက ဘက်ပြောင်းလာသူ ဖြစ်သည် မဟုတ်ပါလော။ ထို့ကြောင့် ဘက်ပြောင်းလာသူက ယခင်လူများ၏ အမြင်တွင် အဆင့်မရှိမှန်း သူ သိပါ၏။
“မင်း ထမင်းမစားရသေးဘူးလား”
ဟွမ်နူက သူ့ကို ဒေါသတကြီး ကြိမ်းလေသည်။ ကျန်းကျန့်ရန် အံ့ဩသွားသည်။
“ငါ မင်းကို ထမင်းမစားရသေးဘူးလားလို့ မေးတာ၊ မင်း ကျယ်ကျယ် မအော်နိုင်ဘူးလား၊ ဘာလို့ ခွေးမလို အော်နေတာလဲ”
ဟွမ်နူက သူ့ကို ရိုင်းပျစွာ ငေါက်ငမ်းလေသည်။ ကျန်းကျန့်ရန် တစ်ခဏမျှ ကြက်သေ သေနေပြီးနောက် သူ့မျက်နှာတွင် ဝမ်းသာဟန် ပေါ်လာပြီး အော်လိုက်သည်။
“သတ်မယ်ဟေ့”
သူသည် အစကတည်းက စစ်သားဖြစ်သဖြင့် အားမာန်အပြည့် ရှိပါ၏။ ထိုအော်သံက တောထဲမှ ကျားတစ်ကောင် ဟိန်းသကဲ့သို့ ကျယ်လောင်လှသည်။
သူ အော်လိုက်ပြီးနောက် လူတိုင်း တုံ့ပြန်လိမ့်မည်ဟု သူ မျှော်လင့်မထားပါ။ မထင်မှတ်ထားဘဲ တစ်ခဏအတွင်း လူတိုင်း လိုက်အော်ကြသည်။
“သတ်မယ်ဟေ့”
ထိုအခါ ကျန်းကျန့်ရန် မျက်ရည်ကျတော့သည်။ အဘယ်ကြောင့်ဆိုသော် ဤလူများ သူ့ကို လက်ခံလိုက်ပြီ ဖြစ်ကြောင်း သိလိုက်သောကြောင့်ပင်တည်း။
“အရှင်မင်းကြီး သွားကြရအောင်”
ဟွမ်နူသည် အမြင့်ဆုံး မျိုးဆက်နှင့် အဆင့်အတန်း ရှိသူဖြစ်သဖြင့် အရင် ရှေ့တိုးလာပြီး လက်သီးနှစ်ဖက်ကိုဆုပ်၍ ယဲ့ဖန်ကို ဦးညွှတ်လေသည်။
“အရှင်မင်းကြီး သွားကြရအောင်”
လူတိုင်း ပြိုင်တူ ရှေ့တက်လာပြီး လက်သီးနှစ်ဖက်ကိုဆုပ်၍ အရိုအသေပေးကာ ယဲ့ဖန်ကို ကြည့်လာသည်။
“သွားမယ်၊ တော်ဝင်မြို့တော်ကို တန်းသွားပြီး ချိုးဖောက်ကြမယ်”
“သတ်ကြဟေ့”
လူအုပ်ကြီးက ဒေါသတကြီး ကျောချမ်းဖွယ်ကောင်းအောင် ကြွေးကြော်လာ၏။
အင်ပါယာ၏ ကောင်းကင် ပြောင်းလဲချိန် ရောက်လာလေပြီ။ အင်ပါယာ၏ ဧကရာဇ်ပုလ္လင်၌ အခြားသူ ထိုင်ရန် အချိန်ကျလေပြီ။
…..
ထိုအခိုက်တွင် အင်ပါယာအတွင်း၌ ပိန်ပါး၍ သနားစရာကောင်းသော ပုံရိပ်လေးက ညီလာခံခန်းမရှေ့၌ ရပ်နေသည်။ သူမ၏ အမူအရာက ခံစားချက် ကင်းမဲ့နေပြီး မျက်နှာက ပြာနှမ်းနေကာ ပျော်ရွှင်စိတ်၊ ဒေါသစိတ်၊ ဝမ်းနည်းစိတ် စသည်တို့ကို မတွေ့ရချေ။ ဝိညာဉ်မရှိသော အရုပ်တစ်ခုလိုပင်။
*သူ ငါ့ကို မလိုချင်တော့ဘူး*
ပိုင်ရွှယ်က ဤလောကထဲ၌ သူမကို ဂရုစိုက်သောသူ၊ သူမကို ချစ်မြတ်နိုးသည့် တစ်ဦးတည်းသောသူက သူမကို မလိုချင်တော့ဟု တွေးမိနေသည်။ ထိုသို့ဆိုလျင် သူမ အသက်ရှင်နေလည်း ဘာထူးမည်နည်း။
“သေချာပါတယ် ယောကျ်ားတွေက ကောင်းတဲ့လူတွေ မဟုတ်ဘူး”
ပိုင်ရွှယ် တစ်ယောက်တည်း တွေးလိုက်ပြီး စိတ်ထဲ၌ အသည်းအသန် ကျိန်ဆဲနေသည်။
“ခွေးကောင်ကြီး ယဲ့ဖန်၊ ရှင်က ဒီမမလေးကို မလိုချင်မှတော့ ဒီမမလေးက ရှင့်အတွက် အသေခံပြီး ဒါကို ရှင် တစ်သက်လုံး နောင်တရနေအောင် လုပ်မယ်”
“ဝက်ခေါင်းနဲ့ နှာပွတဲ့ နှာခေါင်းကြီး၊ မြည်းရဲ့ အဆုတ်လောက်ပဲ ကြင်နာတတ်တဲ့ လူကြီး၊ နောင်ဆို ကျွန်မလောက် ဘယ်သူမှ ရှင့်အပေါ် ကြင်နာမှာ မဟုတ်ဘူး”
“ခွေးမ နင် ပြန်လာရဲတယ်ပေါ့လေ”
ထိုစဉ် ညီလာခံတွင်းမှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာလေသည်။ ပိုင်ကျန့်ချင်းသည် ဘုရင်မကို ဦးညွှတ်ပြီးသည်နှင့် ဘေးကပ်ရပ်ကာ သူ နှစ်ပေါင်းများစွာကတည်းက သတ်ခဲ့သင့်သော အရိုင်းအစိုင်းကို စူးစိုက်ကြည့်လာ၏။
ပိုင်ရွှယ်က သူမ၏ အဖေကောင်းကြီးကို မော့ကြည့်၍ သရော်ပြုံး ပြုံးလိုက်သည်။
“ပိုင်ကျန့်ချင်း ရှင်က ခွေးတစ်ကောင်နဲ့ တူနေတယ်”
“နင် သေချင်နေတာပဲ၊ သူ့ကို သတ်စမ်း၊ တစ်ယောက်ယောက် သူ့ကို ချက်ချင်း သတ်ပစ်လိုက်”
ပိုင်ကျန့်ချင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ပိုင်ရွှယ်အား နုတ်နုတ်စင်းချင်နေသည်။
“နေဦး”
ထိုစဉ် ဘုရင်မက သူ့ကို တားလိုက်ပြီး မေးလာသည်။
“ဒီကောင်မလေးက သတ္တိကောင်းတာပဲ၊ သူ့နောက်ခံက ဘာလဲ”
ပိုင်ကျန့်ချင်းက ပိုင်ရွှယ်ကို ခက်ထန်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး အသံခပ်နိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
“ဘုရင်မကို ဖြေကြားပါတယ်၊ ဒီနိမ့်ကျတဲ့ကောင်မက ယဲ့ဖန်ရဲ့ အမျိုးသမီးပါ၊ ပြီးတော့ တစ်ချိန်တည်းမှာပဲ … သူက ဒီကျေးကျွန်ရဲ့ သမီး ဖြစ်ပါတယ်”
“ဪ”
ဘုရင်မ၏ မျက်လုံးတွင် သတ်ဖြတ်လိုဟန် ပေါ်လာ၏။
“ယဲ့ဖန်ရဲ့ အမျိုးသမီးက ငါ့ဆီကို ဘာလာလုပ်တာလဲ”