← Chapters

အခန်း ၁၅၂၄

Vol. 102 Ch. 1524

အခန်း ၁၅၂၄

Vol. 102 Ch. 1524

Chapter 1524 ငါက ယဲ့ဖန်ပဲ

ထိုအခိုက်တွင် ယဲ့ဖန်နှင့် အကြည့်ချင်းဆုံသွားသော လင်ကျစ်တစ်ယောက် မရည်ရွယ်ပါဘဲ တုန်ယင်လာရသည်။ သူ့နဖူးမှ ချွေးစေးများ တတောက်တောက် စီးကျလာ၏။ လက်ရှိတွင် သူသည် ငရဲကို မြင်နေရသလို ခံစားနေရသည်။

တစ်ဖက်လူ၏ မျက်လုံးများက အေးစက် နက်မှောင်ကာ အဆုံးအစမရှိသော ချောက်နက်သဖွယ် နက်ရှိုင်းနေသည်။ ဤမြင်ကွင်းက လူတိုင်းကို အံ့ဩသွားစေသည်။

*ဘာလို့ ဒီလူရဲ့ ရန်သူကို ဆက်ဆံနည်းက ကြမ်းတမ်းလွန်းနေတာလဲ*

“မင်း သေချင်နေတာလားလို့ ငါ မေးနေတယ်လေ”

ယဲ့ဖန်က လင်ကျစ်ကို ထပ်ကြည့်နေပြီး သူ့မျက်လုံးများက ပို၍ ကြမ်းကြုတ်လာသည်။ လင်ကျစ် ထိတ်လန့်နေပြီးမှ မကျေမနပ် ထအော်လေသည်။

“မျိုးမစစ်ကောင် မင်းကလည်း ယဲ့ဘုရင်ရဲ့ နောက်လိုက် ဖြစ်မယ် ထင်တယ်၊ သူ့ကို သတ်ကြစမ်း”

လင်ကျစ်၏ အနောက်မှ နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်များစွာက ပြိုင်တူ ပြေးတက်လာပြီး ကြမ်းကြုတ်သော တိုက်ကွက်များဖြင့် ယဲ့ဖန်ကို တိုက်ခိုက်လာသည်။

သို့သော် ယဲ့ဖန်က စိတ်ပျက်စရာကောင်းသော ယင်ကောင်များကို မောင်းထုတ်သကဲ့သို့ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။

ထိုအခါ လေဟာနယ် အက်ကွဲသွားပြီး ပြင်းထန်သော ဖိအားတစ်ခုက ၎င်းကို ပျက်စီးစေသည်ဟု ထင်မှတ်ရသည်။ ထို့နောက် ယင်းဖိအားက သိုင်းပညာရှင်များထံ ကျရောက်လာ၏။

ထို့နောက်တွင်မူ နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်များသည် တန့်ခနဲ ဖြစ်သွားပြီး လေထဲ၌ ကျောက်ရုပ်သဖွယ် ငြိမ်သက်သွားကြသည်။

ထိုစဉ် လေတစ်ချက် တိုက်ခတ်လာသောအခါ သူတို့အားလုံး ပြာဖြစ်သွားပြီး လေနှင့်အတူ လွင့်ပါသွား လေတော့သည်။

လင်ကျစ် ကြက်သီးတဖြန်းဖြန်း ထသွားပြီး မျက်နှာတွင် မယုံနိုင်ဟန်များနှင့် ပြည့်နှက်လာ၏။

*နဂါးအသွင်ပြောင်းခြင်းအဆင့် ခုနစ်ယောက် ရှစ်ယောက်က ဒီလူကြောင့် ချက်ချင်း အသတ်ခံလိုက်ရတာလား*

ကောင်းကျဲသည်လည်း မယုံကြည်နိုင်သော မျက်နှာလေး ဖြစ်နေ၏။ ဤသို့ ကြောက်စရာကောင်းသော အဖြစ်အပျက် ဖြစ်လာလိမ့်မည်ဟု သူမ ထင်မထားမိပါ။

*ဒီလူက လက်အသာယမ်းလိုက်တာနဲ့ နဂါးအသွင်ပြောင်းခြင်းအဆင့် ခုနစ်ယောက်၊ ရှစ်ယောက်ကို ရှင်းနိုင် တာလား*

*ဒါက … အံ့ဩဖို့ကောင်းလိုက်တာ*

ပတ်ဝန်းကျင် အခြေအနေက ချက်ချင်း သုသာန်အလား တိတ်ဆိတ်သွားသည်။ ကောင်းကျဲနှင့် လင်ကျစ်တို့ နှစ်ယောက်လုံး နားဝေတိမ်တောင် ဖြစ်နေ၏။

သူတို့သည် ယဲ့ဖန်အား အကြောင်သား ငေးကြည့်နေပြီး သူတို့၏ ဦးနှောက်များ လွတ်သွားသည်ဟု ခံစားမိနေ၏။ ရုတ်တရက် လင်ကျစ် ခေါင်းမွေးထောင်သွားပြီး ကြောက်ရွံ့စ ပြုလာသည်။

ချက်ချင်းဆိုသလိုပင် သူ နောက်လှည့်၍ အမြန်ဆုံးနှုန်းဖြင့် အနောက်သို့ အသည်းအသန် ထွက်ပြေးလေသည်။

*ဒီလူက မကောင်းဆိုးဝါးပဲ*

*ငါ လုံးဝ မယှဉ်နိုင်ဘူး*

အစက သူသည် ယဲ့ဖန်အား အရူးဟု ထင်ခဲ့မိသည်။ သို့သော် ယဲ့ဖန်က စိတ္တဇ လူသတ်သမားသာ ဖြစ်နေ၏။

“စိတ်ရှုပ်စရာကောင်းတဲ့ ယင်ကောင်တွေကို ရိုက်သတ်သင့်တယ်”

ထိုအခိုက်တွင် ယဲ့ဖန်၏ မျက်လုံးများတွင် အေးစက်ခက်ထန်သော အရိပ်အယောင် ပေါ်လွင်နေသည်။ ထိုစကားကို ကြားသောအခါ လင်ကျစ်တစ်ယောက် တစ်ကိုယ်လုံး ရှိသမျှ အမွေးများ ထောင်သွားသလို ခံစားလိုက်ရသည်။

ထို့နောက်တွင်မူ လေဟာနယ်က ကျပ်သိပ်လာသကဲ့သို့ ဖြစ်လာပြီး အဆုံးအစမဲ့သော ဖိအားတစ်ခုက သူ့ထံ ကျရောက်လာသည်ဟု ခံစားမိလာသည်။

လင်ကျစ် ကြောက်လန့်တကြားဖြင့် အနောက်သို့ လှည့်ကြည့်သောအခါ အဝေးမှ ယဲ့ဖန်က လက်ဝါးကို ဖြန့်၍ သူ့ဘက် ချိန်ရွယ်၍ လက်ဝါးကို ဆုပ်လိုက်သည်ကို တွေ့လိုက်ရသည်။

“ဖောင်း”

ထိုအခါ သွေးများနှင့် ကလီစာများ ပေါက်ကွဲ၍ လွင့်စဉ်လာ၏။ လင်ကျစ်တစ်ယောက် လေဟာနယ်ကြောင့် ဖျစ်ညှစ်ခံရပြီး သေဆုံးသွားလေသည်။

ဤသည်ကိုမြင်သော် ကောင်းကျဲ ကြက်သီးမွေးညင်း ထသွားပြီး သရဲကို တွေ့လိုက်ရသကဲ့သို့ မျက်နှာ ဖြူရော် သွားသည်။

*ငါ့ရှေ့က ဖြတ်သွားတဲ့လူက တကယ်တော့ အရမ်းကြောက်စရာ ကောင်းနေပါလား*

*မျက်စိတစ်မှိတ်အတွင်း နဂါးအသွင်ပြောင်းခြင်းအဆင့်တွေကို သတ်နိုင်တယ်*

*မဟုတ်မှလွဲရော သူက ဘုရင်အဆင့်များလား*

“ဒေါက် ဒေါက် ဒေါက်”

ခပ်လှမ်းလှမ်းမှနေ၍ ခြေသံများ ထွက်ပေါ်လာပြီး လူတစ်စု လျင်မြန်စွာ လှမ်းလာနေကြသည်။ လှမ်းလာနေသော တစ်ဖက်အဖွဲ့ကို မြင်သော် ကောင်းကျဲ မျက်နှာပျက်သွားသည်။

ရှေ့ဆုံးမှလူက ကောင်းကျဲနှင့် မျက်နှာ အတော်ဆင်၏။ ကောင်းကျဲကိုမြင်သော် သူက ဒေါသတကြီး ကြိမ်းမောင်း လာသည်။

“မင်း တစ်နေ့လုံး ဘယ်လို ပြဿနာ ရှာရမလဲပဲ သိတယ်၊ မင်းက တကယ့်ကို သုံးစားမရတဲ့လူပဲ၊ မင်းက ငါတို့ ကောင်းမိသားစုကို အရှက်ရစေတဲ့လူ”

ထိုလူ၏ စကားကိုကြားပြီး ကောင်းကျဲ၏ မျက်နှာက ရှုံ့မဲ့သွားပြီး ဒေါသတကြီး ပြန်ပြောလိုက်သည်။

“ကောင်းကျန့်ရှန်း နင် ဘာစကားပြောတာလဲ၊ ငါက ကောင်းမိသားစုကို ဘယ်လို အရှက်ရစေလို့လဲ”

အရှေ့မှလူသည် ကောင်းကျဲ၏ အစ်ကို ကောင်းကျန့်ရှန်း ဖြစ်သည်။ သို့သော် သူမ အစ်ကိုရင်းနှင့် သူမ၏ ဆက်ဆံရေးက မကောင်းချေ။ တစ်ယောက်နှင့် တစ်ယောက် လုံးဝ ကြည့်မရသော ဆက်ဆံရေးမျိုးသာ။

ကောင်းကျန့်ရှန်းက သူမသည် အများနှင့်မတူသော ငကြောင်ဖြစ်ပြီး မိန်းကလေးတစ်ယောက်နှင့် မတူဟု မြင်သည်။

ကောင်းကျဲက ကောင်းကျန့်ရှန်းသည် အမြဲ သူမကိစ္စကို ဝင်စွက်ဖက်ပြီး ဘဝင်မြင့်သော သဘောထားရှိကာ အမြဲ သူမကို ချုပ်ချယ်သည်ဟု မြင်၏။

ကောင်းကျဲ အမုန်းဆုံးအရာမှာ ကောင်းကျန့်ရှန်းက သူမ၏ စံပြပုဂ္ဂိုလ် ယဲ့ဘုရင်အား အမြဲ စော်ကား ပြောဆို ရခြင်းအား နှစ်ခြိုက်သည့် အချက် ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ကောင်းကျန့်ရှန်းက ပထမမင်းသမီး၏ ကိုယ်ပိုင် သက်တော်စောင့် ဖြစ်နေသောကြောင့်ပင်။

“ကောင်းမိသားစုရဲ့ ကလေး ဖြစ်နေပြီးတော့ တော်ဝင်မိသားစုကို မခစားချင်ဘဲ ယဲ့ဘုရင်လို လမ်းဘေးလူမိုက်ကို လေးစားတယ်၊ မင်းက ငါတို့ကောင်းမိသားစုဝင် အားလုံးရဲ့ မျက်နှာကို အိုးမဲသုတ်နေတာ မဟုတ်ဘူးလား”

ကောင်းကျန့်ရှန်းက ကောင်းကျဲကို အေးစက်စွာ စူးစိုက်ကြည့်၍ အော်ငေါက်လေသည်။

“ယဲ့ဘုရင်က လမ်းဘေးလူမိုက် မဟုတ်ဘူး၊ သူက လူတွေကို ကာကွယ်တယ်၊ ဒါပေမဲ့ တော်ဝင်မျိုးနွယ်ကရော ဘာလုပ်နေလဲ၊ သူတို့က လူသတ်နေတယ်လေ”

ကောင်းကျဲက ပြန်ခံပြောလိုက်သည်။ ယဲ့ဘုရင်က ရက်စက်သောလည်း သူ သတ်သည့်လူများအားလုံးက ဆိုးယုတ်သူများသာ။

အကယ်၍ ယဲ့ဖန်က တကယ် ယုတ်မာသော လူဆိုလျင် မြို့ထဲသို့ နတ်ဆိုးစစ်တပ် ဝင်လာသောအခါ ဘာကြောင့် မြို့ခံလူများက ကြွေးကြော်အားပေး၍ ကြိုဆိုကြမည်နည်း။

ယဲ့ဖန်သာ လူယုတ်မာတစ်ယောက် ဖြစ်ပါက အဘယ်ကြောင့် သူ့လူများက သူ့အတွက် အသက်ပေးချင်စိတ် ရှိနေရသလဲ။

သူမကိုယ်သူမ မမှားကြောင်း ကောင်းကျဲ သိပါသည်။ မျက်စိမှိတ်ယုံနေသူက ကောင်းကျန့်ရှန်းသာ ဖြစ်သည်။

“မင်းက ငါ့ကို ပြန်ခံပြောရဲတယ်ပေါ့”

ကောင်းကျန့်ရှန်း၏ မျက်နှာက အေးစက်သွားပြီး ကောင်းကျဲကို ပါးရိုက်ကာ ကန်ထုတ်လေသည်။ ကောင်းကျဲ၏ မျက်နှာတွင် လက်ဝါးရာ အထင်းသား ပေါ်လာပြီး ပါးစပ်မှ သွေးများ စိမ့်ထွက်လာသည်။

အစ်ကိုကြီးတစ်ယောက် ဖြစ်သော်လည်း ကောင်းကျန့်ရှန်းက သူ့ညီမအရင်းအပေါ် ညှာတာမှု မရှိချေ။ ကောင်းကျဲက ကောင်းကျန့်ရှန်းကို ပြန်စိုက်ကြည့်နေ၏။ သူမ မှားယွင်းစွာ ဆက်ဆံခံရသော်လည်း မျက်ရည် မကျပေ။

အဘယ်ကြောင့်ဆိုသော် ဤသို့ ဆက်ဆံခံရသည်က ပထမဆုံးအကြိမ် မဟုတ်သောကြောင့်ပင်။ ယခင်ကတည်းက ကောင်းကျန့်ရှန်းသည် သူမကို မကြာခဏ ရိုက်နှက်လေ့ ရှိပြီး သူမကို မကျေနပ်လျင် အိမ်ပြင် နှင်ထုတ်လေ့ ရှိသည်။ အဆိုးဆုံးမှာ သူမ ဒဏ်ရာ အပြင်းအထန် ရပြီး ဆေးရုံ တက်ခဲ့ရဖူးသည်။ ထိုအခါက သူမ နံရိုး ခုနစ်ချောင်း၊ ရှစ်ချောင်း ကျိုးပြီး အဆုတ်လည်း ထိခိုက်ခဲ့ရသည်။

သူမမိသားစုက တစ်ခွန်းမှ မပြောချေ။ အကြောင်းမှာ ကောင်းကျန့်ရှန်းက မိသားစု၏ ဆက်ခံသူ အလောင်းအလျာ ဖြစ်ပြီး သူမက မရှိလျင်လည်း ဖြစ်သော လူတစ်ယောက် ဖြစ်နေသောကြောင့်ပင်တည်း။

“ခွေးမ ကောင်းမိသားစုရဲ့ နာမည် ပျက်မှာကို စိုးရိမ်လို့သာ မဟုတ်ရင် နင့်ကို ငါ လာကယ်မယ်လို့ ထင်နေလား”

ကောင်းကျန့်ရှန်းက အေးစက်စွာ ခနဲ့လေသည်။ ကောင်းမိသားစု၏ ပထမ သခင်မလေးဖြစ်သော သူမက ဘာမဟုတ်သော လူတစ်စုထံ၌ အသတ်ခံရလျင် သူ့အတွက်လည်း မကောင်းပေ။

ထို့ကြောင့်သာ သူ ဤသို့ အခြေအနေ လာကြည့်ခြင်း ဖြစ်သည်။ တကယ်တမ်းတွင် ကောင်းကျန့်ရှန်းသည်လည်း ကောင်းမိသားစုကို အရှက်ရစေသော သူမ သေသွားပါစေဟု မျှော်လင့်မိနေ၏။

ယဲ့ဘုရင်ကို ယုံကြည်ကိုးစားသော အရူးကြောင့် သူတို့ ကောင်းမိသားစုက တော်ဝင်မျိုးနွယ်ကို စော်ကားသည်ဟု စွပ်စွဲခံရပြီး သုတ်သင်ခံရလေမလားကို ဘုရားသာ သိပေလိမ့်မည်။

“ငါ့ကိစ္စကို နင် ဝင်ပါဖို့ မလိုပါဘူး၊ တကယ်လို့ ငါ ရိုက်သတ်ခံရရင်လည်း ဒါ ငါ့ကိစ္စပါ၊ ဘာပဲဖြစ်ဖြစ် ကောင်းမိသားစုမှာ ငါက မရှိလည်း ဖြစ်တဲ့လူပဲလေ”

ကောင်းကျဲက ဝမ်းနည်း၍ မခံမရပ်နိုင် ပြောလိုက်သည်။ သူမအတွက် သေသွားတာကတောင် ပိုကောင်းသေးသည်။ သူမသည် ယဲ့ဖန်ကဲ့သို့ လွှမ်းမိုးဝင့်ကြွားနိုင်သော လူတစ်ယောက် ဖြစ်လာပြီး ကောင်းကျန့်ရှန်းကဲ့သို့ မကောင်းသော လူများကို သတ်နိုင်ပါစေဟု သူမ အမြဲ စိတ်ကူးယဉ်ခဲ့ရသည်။ စိတ်မကောင်းစရာက သူမက အားနည်းလွန်းနေ၏။

“ခွေးမ နင်က သေတောင်သေချင်နေတာလား”

ကောင်းကျန့်ရှန်း ဒေါသထွက်သွားပြီး ကောင်းကျဲ၏ ဗိုက်ကို ထပ်ကန်ပြန်သည်။ ကောင်းကျဲ ဝေဒနာကြောင့် မျက်နှာ ရှုံ့မဲ့သွားပြီး သွေးအန်လာပြန်သည်။ သူမဗိုက်ကို လက်နှစ်ဖက်ဖြင့် အုပ်ရင်း မြေကြီးပေါ် အဆက်မပြတ် လူးလိမ့်နေ၏။

ဤသည်ကိုမြင်သော် ကောင်းကျန့်ရှန်းက ကျေနပ်အားရသလို ပြုံးလာသည်။

“ခွေးမ နင်ကပဲ မာနကြီးချင်ရသေးတယ်”

ထိုစဉ် ယဲ့ဖန်က ကောင်းကျန့်ရှန်းရှေ့မှ လျှောက်သွားသည်။ လက်ရှိတွင် သူ့စိတ်ထဲ၌ ပိုင်ရွှယ်သာလျင် စိုးမိုးနေ၏။ သို့သော် သူ၏ အပြုအမူက ကောင်းကျန့်ရှန်းကို ဒေါသထွက်သွားစေသည်။

ပထမမင်းသမီး၏ ကိုယ်ပိုင် သက်တော်စောင့် ဖြစ်သော သူသည် နန်းတော်တွင်း၌ လျှို့ဝှကရဲမက် ငါးထောင်၏ ခေါင်းဆောင်လည်း ဖြစ်သည်။ ဘယ်ကလာမှန်း မသိသည့် သာမန်လူက သူ့ကို မြင်တာတောင် ဒူးမထောက် ဘူးတဲ့လား။

ချက်ချင်းဆိုသလိုပင် ကောင်းကျန့်ရှန်းက မျက်နှာထားတင်းတင်းဖြင့် မျက်မှောင်ကြုတ်ကာ ယဲ့ဖန်ကို အော်လေသည်။

“ရပ်လိုက်”

သူ အော်လိုက်သည်နှင့် သူ့အနောက်မှ လူများက ဓားဖြင့်ထုတ်ကာ ယဲ့ဖန်၏ လမ်းကို ပိတ်ဆို့လိုက်ကြသည်။ ယဲ့ဖန်၏ မျက်နှာ မည်းမှောင်သွားပြီး အနောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

“ငါ ပြဿနာ မရှာချင်ဘူး၊ အဲ့တော့ ကိုယ့်ပြဿနာ ကိုယ်မရှာချင်နဲ့”

ထိုစကားအဆုံး၌ ကောင်းကျန့်ရှန်းနှင့် အခြားသူများ တစ်ခဏမျှ အံ့ဩသွားပြီးနောက် ခွက်ထိုးခွက်လန် ရယ်လေသည်။

*ဘယ်ကမှန်း မသိတဲ့ကောင်က တော်ဝင်အစောင့်ရဲ့ ခေါင်းဆောင်ကို လူမြင်ကွင်းမှာ ခြိမ်းခြောက်ရဲတယ်ပေါ့လေ၊ အသက်ရှင်ရတာ ပင်ပန်းနေပြီနဲ့တူတယ်*

“ကောင်းကျန့်ရှန်း နင် ဘာလုပ်ချင်နေတာလဲ၊ သူ အခုလေးတင် ငါ့ကို ကယ်ထားတာ၊ နင်က လက်စားချေ ချင်တာလား”

ကောင်းကျဲက ကောင်းကျန့်ရှန်းကို စိုးရိမ်တကြီး ကြည့်၍ အော်လေသည်။ သူမအစ်ကို၏ စရိုက်ကို သူမ ကောင်းကောင်း သိပါ၏။

တစ်ခါက သူ လမ်းတွင် တက်နင်းခံရသည်။ တစ်ဖက်လူက မတောင်းပန်သည်နှင့် သူက တစ်ဖက်လူကို မရှိသော ဓားပြမှုနှင့် ထောင်ချခဲ့လေသည်။ ထို့နောက် ထိုလူအား မသေမချင်း နှိပ်စက်ခဲ့သည်။

အကယ်၍ ယဲ့ဖန်ကသာ သူနှင့် ရန်ဖြစ်ပါက ဘယ်လို အကျိုးဆက် ဖြစ်လာမလဲ မှန်းကြည့်နိုင်ပေသည်။

“ဘာ သူတစ်ယောက်တည်းကလား”

ကောင်းကျန့်ရှန်းနှင့် အခြားသူများက အားပါးတရ ရယ်နေကြသည်။ ယဲ့ဖန်၏ ကိုယ်တွင် ယန်စွမ်းအင် တစ်စက်ကလေးမျှ မတွေ့သဖြင့် သာမန်လူဟုသာ သူတို့ ထင်နေ၏။

*သာမန်လူက နဂါးအသွင်ပြောင်းခြင်းအဆင့်တွေကို ဘယ်လိုသတ်မလဲ*

ကောင်းကျန့်ရှန်းက ယုံကြည်ခြင်းမရှိဘဲ စဉ်းလဲစွာ ပြုံးလေသည်။

“ဪ ဒါဆိုလည်း သူ မင်းကို ဘယ်လို ကယ်သလဲ ပြောပါဦး”

“သူက လင်ကျစ်နဲ့ အခြားသူတွေကို ရိုက်သတ်လိုက်တာ”

*ရိုက်သတ်လိုက်တယ် ဟုတ်လား*

ကောင်းကျန့်ရှန်းနှင့် အခြားသူများ မှင်တက်သွားပြီးနောက် ဝါးလုံးကွဲမတတ် ရယ်ကြပြန်သည်။

“ဟားဟားဟား နဂါးအသွင်ပြောင်ခြင်း အဆင့်တွေကို ရိုက်သတ်တယ် ဟုတ်လား၊ မင်း လာနောက်နေတာလား၊ ငါတောင် မလုပ်နိုင်တာ၊ သူကလေ”

ကောင်းကျန့်ရှန်း သရော်လေသည်။ ဘုရင်အဆင့်ဖြစ်သော သူသည်ပင် နဂါးအသွင်ပြောင်းခြင်းအဆင့်များအား ရိုက်သတ်ခြင်းငှာ မစွမ်းနိုင်ပါ။

*ဒီယန်စွမ်းအင် မရှိတဲ့ အမှိုက်ကောင်က လုပ်နိုင်ပါ့မလား*

*ဟာသပဲ*

“ကောင်းကျဲ ဒါက မင်းရဲ့ ကြံရာပါ လူတွေထဲက တစ်ယောက်နဲ့ တူတယ် ဟုတ်တယ်မလား၊ အဲ့ခွေးသူခိုး ယဲ့ဘုရင်ကို လေးစားတဲ့ ကောင်လေ”

ကောင်းကျန့်ရှန်းက ယဲ့ဖန်ကို ပေါ်တင် စော်ကားလိုက်ပြီး မျက်လုံးတွင် မခန့်လေးစားဟန်တို့ ပြည့်နှက်နေ၏။

ထိုစကားကိုကြားသော် ကောင်းကျဲ အကြီးအကျယ် မျက်နှာပျက်သွားပြီး သွေးပျက်စွာ ပြန်မေးလိုက်သည်။

“ကောင်းကျန့်ရှန်း နင် ဘာလုပ်ချင်တာလဲ”

ကောင်းကျန့်ရှန်း၏ စိတ်ကူးကို သူမ ခန့်မှန်းမိပြီးသားပင် ဖြစ်သည်။

“ပြောနေစရာ လိုသေးလို့လား၊ သူက သူပုန် ဖြစ်နေမှတော့ ကြီးလေးတဲ့ အပြစ်ဒဏ်ကို ခံရမှာပေါ့”

ကောင်းကျန့်ရှန်းက လူမဆန်စွာ ပြုံးနေသည်။

*ငါ့ကို မလေးမစား လုပ်ရဲမှတော့ ဒီကောင် အပြစ်ပေးခံရမှာပေါ့*

“မောင်ငယ်လေး မြန်မြန်ပြေးတော့”

ကောင်းကျဲက ယဲ့ဖန်ကို ချက်ချင်း အော်ပြောလေသည်။ သူမမျက်နှာတွင် စိုးရိမ်ပူပန်ဟန် ပေါ်နေ၏။ သူမ အပြစ်ရှိသလို ခံစားမိနေ၏။ ယဲ့ဖန်က သူမကို ကယ်ခဲ့သော်လည်း သူမကြောင့် ယဲ့ဖန် သေရပေတော့မည်။

*ထွက်ပြေး ဟုတ်လား*

ကောင်းကျန့်ရှန်း၏ အပြုံးက ပိုမို ကြမ်းကြုတ်လာ၏။

“ထွက်ပြေးခိုင်းတယ် ဟုတ်လား၊ မင်း ထွက်ပြေးတာနဲ့ မင်းက ယဲ့ဖန်ရဲ့ နောက်လိုက်ဆိုတာကို အတည်ပြု လိုက်တာပဲ”

ထိုသို့ဆိုလျင် သူ ယဲ့ဖန်ကို ဆီလျော်စွာ သတ်နိုင်လေပြီ။ ရန်လိုသော အကြည့်များက ယဲ့ဖန်ပေါ် ကျရောက် လာသည်။ လူတိုင်းက ယဲ့ဖန်ကို အသတ်ခံရတော့မည့် သိုးပေါက်သဖွယ် ကြည့်နေကြသည်။

သူတို့အရှေ့မှ ဤလူကို သတ်လိုက်လျင် သူတို့ နာမည်ရနိုင်မည့်အပြင် ရာထူးတိုးနိုင်သည့် အချက်တစ်ချက်လည်း ထပ်ရလာပေမည်။ သူက ယဲ့ဖန်၏ နောက်လိုက် ဟုတ်၊ မဟုတ်ကို မည်သူက အရေးစိုက်မည်နည်း။ သူတို့က ယဲ့ဖန်၏ နောက်လိုက်ဟု ပြောလျင် ယဲ့ဖန်၏ နောက်လိုက်သာ ဖြစ်ရမည်။

ထိုအခါ ယဲ့ဖန်က အထင်သေးစွာ ပြုံးလိုက်သည်။

“ငါက ယဲ့ဖန်ရဲ့ နောက်လိုက် မဟုတ်ဘူး၊ ငါက … ယဲ့ဖန်ပဲ”

All Chapters