← Chapters

အခန်း ၁၅၂၅

Vol. 102 Ch. 1525

အခန်း ၁၅၂၅

Vol. 102 Ch. 1525

Chapter 1525 မင်းနဲ့စမယ်

တိတ်ဆိတ်ခြင်း၊ ထိုစကားအဆုံး၌ လူတိုင်း တိတ်ဆိတ် ငြိမ်သက်သွားပြီး အံ့ဩမှုတို့ဖြင့်သာ ပြည့်နှက်နေ၏။

*ငါတို့ ဘာကြားလိုက်တာလဲ၊ ဒီကောင်က သူက ယဲ့ဖန်ပါလို့ တကယ် ပြောလိုက်တာလား*

“ဟားဟားဟား”

ကောင်းကျန့်ရှန်းက မဆိုင်းမတွ အားပါးတရ ထရယ်လာပြီး ရယ်ရလွန်း၍ ခါးပင် မမတ်နိုင်ချေ။ ဤသို့ ထူးဆန်းသော လူကို သူ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

*သူ့ဦးနှောက်ကို မြည်းတစ်ကောင်ကများ ကန်ထားတာလား*

“ဟေ့ကောင် မင်းက ယဲ့ဖန်ကို လေးစားလွန်းလို့ စွဲလမ်းတဲ့အထိ ရောက်သွားတာလား၊ မင်းက ယဲ့ဖန် ဟုတ်လား၊ ဒါဆို ငါက ယဲ့ဖန်ရဲ့ အဖေပဲ၊ ဟားဟားဟား”

ကောင်းကျန့်ရှန်းက လှောင်ရယ်လေသည်။ သူ့ဘေးနားမှ သူ့လက်အောက်ငယ်သားများကလည်း ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ခွက်ထိုးခွက်လန် ထရယ်လာကြသည်။

ယဲ့ဖန် တော်ဝင်မြို့တော်ကို လာလိမ့်မည်ဟု သူတို့ထဲက မည်သူမှ ထင်မထားကြချေ။ ယခု ရင်မိသားစုက နန်းတော်ထဲ၌ အခြေချနေသည့်အပြင် ဧကရာဇ် ယွီရှန်လည်း ရှိနေသေးသည်။ အကယ်၍ ယဲ့ဖန်၌ ဦးနှောက်သာ ရှိပါက သူ မသေချင်သေးသရွေ့ ဤနေရာသို့ ဘယ်သောအခါမှ ကျူးကျော်ရဲမည် မဟုတ်ပါ။

ကောင်းကျန့်ရှန်း၏ စော်ကားသောစကားကို ကြားသောအခါ ယဲ့ဖန်၏ မျက်နှာက ဒေါသထွက်ဟန် ပေါ်လာ၏။

“မင်းရဲ့ စကားက မင်းကို အလောင်းတောင် မရှိဘဲ သေစေနိုင်တယ်ဆိုတာ မင်း သိလား”

“မောင်ငယ်လေး မဟုတ်တမ်းတရားတွေ ပြောမနေနဲ့”

သူ့စကားကြောင့် ကောင်းကျဲ နှလုံးရောဂါ ရလုနီးပါး ဖြစ်သွားကြသည်။

*ဒီလူက ကောင်းကျန့်ရှန်းကို တကယ် ခြိမ်းခြောက်နေတာလား*

*ကောင်းကျန့်ရှန်းက သိုင်းပညာရှင်တစ်ဖွဲ့နဲ့အတူ ရှိနေတာကို သူ မမြင်ဘူးလား*

*ဒါက သေတွင်းတူးနေတာပဲ*

*အလောင်းတောင် မရှိဘဲ သေသွားမယ် ဟုတ်လား*

ကောင်းကျန့်ရှန်း၏ အပြုံးက ပျောက်ကွယ်လာပြီး ရက်စက်ကြမ်းကြုတ်ဟန် ပေါ်လာသည်။

“ထင်တဲ့အတိုင်း နှစ်တိုင်း ဉာဏ်ရည် ချို့ယွင်းတဲ့လူတွေ ရှိနေတာပဲ၊ အထူးသဖြင့် ဒီနှစ်ပဲ၊ မင်းက သေချင်နေမှတော့ ငါက မင်းအတွက် လုပ်ပေးရတာပေါ့”

“ကောင်းကျန့်ရှန်း ငါ နင့်ကို တောင်းပန်ပါတယ်၊ သူက တကယ် အပြစ်ကင်းတာပါ၊ သူ့ကို လွှတ်ပေးလိုက်ပါ”

ကောင်းကျဲက ကောင်းကျန့်ရှန်းကို ခါးသီးစွာ အသနားခံနေသည်။ သူမအသံတွင် ကူကယ်ရာမဲ့ဟန်နှင့်‌ ကြောက်လန့်ဟန်တို့ ပြည့်နှက်နေ၏။

“အပြစ်ကင်းတယ် ဟုတ်လား၊ သူက ယဲ့ဖန်ပါလို့ ဝန်ခံလိုက်တာကို မင်း မကြားဘူးလား၊ သူက ယဲ့ဖန် မဟုတ်ရင်တောင်မှ ယဲ့ဖန်ရဲ့ လူ ဖြစ်ကိုဖြစ်ရမယ်”

ကောင်းကျန့်ရှန်းက အေးစက်စွာ ထေ့ငေါ့လိုက်ပြီး ယဲ့ဖန်အား အထင်သေးစွာ ကြည့်လိုက်သည်။

“ဟေ့ကောင် ငါ အားနည်းသူကို အနိုင်ကျင့်တယ်လို့ မပြောနဲ့ …”

“အခု ငါ မင်းကို ထွက်ပြေးဖို့ ငါးမိနစ် အချိန်ပေးမယ်၊ မင်း ငါးမိနစ်အတွင်း ငါတို့ လိုက်ဖမ်းတာကနေ ထွက်ပြေးနိုင်ရင် ဘာမှမဖြစ်ခဲ့သလို ငါ သတ်မှတ်ပေးမယ်”

စကားထဲ၌ ယုံကြည်မှုရှိဟန်များ အပြည့်အဝ ပါဝင်နေ၏။ သူ့စိတ်ထဲတွင် ယဲ့ဖန်တစ်ယောက် သူ့လက်ထဲမှ ထွက်ပြေးနိုင်ရန် မဖြစ်နိုင်ဟု တထစ်ချ ယုံကြည်နေသည်။

ယဲ့ဖန်က ဒေါသနှင့်ရယ်၍ ပြောလိုက်သည်။

“မင်းတို့နဲ့ အချိန်ဖြုန်းဖို့ ငါ့မှာ ငါးမိနစ်တောင် အချိန်မရှိဘူး၊ မင်းကို သတ်တာက … တစ်စက္ကန့်နဲ့တင် လုံလောက်တယ်”

ကောင်းကျန့်ရှန်းနှင့် အခြားသူများ ထောင်းခနဲ ဒေါသထွက်သွားသည်။

*ဒီလောက် မောက်မာတဲ့ကောင်၊ သူက ငါတို့ကို တစ်စက္ကန့်နဲ့ သတ်နိုင်တယ်လို့ တကယ် ပြောလိုက်တာလား*

*အရူး*

*မောက်မာလွန်းတယ်*

သေခါနီး ဖြစ်နေသော အချိန်တွင်မှ သူတို့ကို ရန်စရဲသည်အထိ မောက်မာသောလူကို သူတို့ တစ်ခါမှ မမြင်ဖူးပေ။

ကောင်းကျဲသည်လည်း ဒေါသကြောင့် သတိလစ်လုနီးပါး ဖြစ်နေသည်။ ယဲ့ဖန် ဦးနှောက်များ ပျက်နေသလားဟု သူမ သံသယ ဝင်လာ၏။ အစက အခြေအနေကို ပြောင်းလဲနိုင်ချေ ရှိသော်လည်း သူ ပြဿနာ ရှာလိုက်ပြီးနောက် ကောင်းကျန့်ရှန်းက သူ့ကို လုံးဝ အလွတ်ပေးတော့မည် မဟုတ်ပါ။

“ကောင်းပြီလေ မင်းက သေချင်နေမှတော့ ငါ ဖြည့်ဆည်းပေးရတာပေါ့”

ကောင်းကျန့်ရှန်း၏ မျက်လုံးတွင် ခက်ထန်သော အရိပ်အယောင် ဖြတ်ပြေးသွားသည်။ သူ၏ ရွှေရောင် မျက်လုံးများက လေးနက်လာပြီး ခန္ဓာကိုယ် တစ်ခုလုံးမှ ရွှေရောင်အလင်းတန်း ထွက်ပေါ်လာပြီး မသိလျင် လူတို့၏ စိတ်ဝိညာဉ်ကို ဝါးမျိုတော့မည့် နတ်စွမ်းအင်ဝဲတစ်ခု ရှိနေသည်ဟုပင် ထင်မှတ်ရသည်။

နန်းတော်ထဲမှ လျှို့ဝှက်ရဲမက် ငါးထောင်ကို အမိန့်ပေးနိုင်စွမ်း ရှိသောသူ ဖြစ်သဖြင့် သူ့ခွန်အားက တစ်မူထူးခြားသည်။ ကောင်းကျန့်ရှန်းသည် များစွာသော တပ်တွင်း သိုင်းပညာပြိုင်ပွဲများတွင် ဆက်တိုက် ပထမ ရလာသူ ဖြစ်သည်။ စစ်တပ်သုံးတပ်၏ စစ်သေနာပတိ ကျန်းကျန့်ရန်မှလွဲလျင် စစ်တပ်တွင်း၌ သူသည် နာမည် အကျော်ဆုံးသူ ဖြစ်သည်။

သို့သော် ယခုအခါ၌ ကျန်းကျန့်ရန်က သစ္စာဖောက်သွားပြီး သူသည် အင်ပါယာတွင်း၌ အတောက်ပဆုံး ကြယ် ဖြစ်လာသဖြင့် ကောင်းကျန့်ရှန်း၏ မိမိကိုယ်မိမိ ယုံကြည်မှုက ပြောမပြတတ်အောင် မြင့်တက်သွားသည်။

ထို့ကြောင့် ယဲ့ဖန်၏ ရန်စသော စကားကို ကြားလိုက်ရသောအခါ ကောင်းကျန့်ရှန်း ချက်ချင်း အူနုကျွဲခတ် ဖြစ်ကာ ဒေါသတကြီး အော်ဟစ်လေသည်။

“သူ့ကို တစ်စစီ ဖြစ်အောင် လုပ်ကြစမ်း”

ရုတ်ချည်းဆိုသလိုပင် ကောင်းကျန့်ရှန်း အနောက်မှ ရာချီသော တော်ဝင်အစောင့်များက ယဲ့ဖန်ထံ ချက်ချင်း ပြေးတက်လာ၏။

“ဒုန်း ဒုန်း ဒုန်း”

မြေကြီးပင် တုန်ခါလာပြီး သဲနှင့် ကျောက်တုံးများ လှုပ်လှုပ်ရွရွ ဖြစ်လာ၏။

*သွားပြီ*

*အခုတော့ သွားပြီ*

ကောင်းကျဲ၏ မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။ ဤလူတစ်ရာသည် ကောင်းကျန့်ရှန်း၏ လက်အောက် ငယ်သားများ ဖြစ်ပြီး သူ့လက်အောက်မှ လူငါးထောင်ထဲတွင် အသန်မာဆုံးများ ဖြစ်လေသည်။ ဤလူတစ်ရာ ပြိုင်တူ တိုက်လာလျင် ကောင်းကျန့်ရှန်းပင် မခုခံနိုင်ဟု ဆိုနိုင်ပေသည်။

လက်ရှိတွင် သူမသည် မျက်လုံးကို တင်းနေအောင် မှိတ်ထားပြီး ပတူအသိုက်ထဲသို့ ရောက်သွားသကဲ့သို့ ယဲ့ဖန် တစ်စစီ ဖြစ်သွားမည့် အဖြစ်အား မြင်ရမည်ကို ကြောက်ရွံ့နေ၏။

“ရွှစ် ရွှစ်”

ရွှေရောင်လှံတစ်လက်က လေကိုခွင်း၍ ယဲ့ဖန်၏ ရင်ဘတ်ထံ ဦးတည်၍ တိုးဝင်လာသည်။ သို့သော် ယဲ့ဖန်က တစ်စက်ကလေးမျှ မလှုပ်ချေ။

သူ့မျက်လုံးများက အေးစက်နေပြီး မျက်စိရှေ့မှ ပုရွက်ဆိတ်များကို တိတ်ဆိတ်စွာ ကြည့်နေ၏။ မသိလျင် သေတွင်းတူးနေသော ဆန်ကုန်မြေလေးတစ်သိုက်အား ကြည့်နေသလိုပင်။

ထိုအခိုက်တွင် လှံတံများ ကျရောက်လာလေ၏။

“ဒေါင် ဒေါင်”

လှံတံများအားလုံး ယဲ့ဖန်၏ ရင်ဘတ်ကို ထိုးဖောက်လာပြီး မီးပွားများ ပွင့်ထွက်လာ၏။ သို့သော် တစ်ခဏကြာသော် အားလုံး၏ ကြောက်လန့်နေသော အကြည့်အောက်၌ လှံများအားလုံး တစ်စစီ ဖြစ်သွားကြသည်။

ထိုအခိုက်တွင် ရဲမက်များအားလုံး၏ မျက်နှာများ တောင့်ခနဲ ဖြစ်သွားပြီး မယုံနိုင်လောက်အောင် သွေးပျက်ဟန် ပေါ်လာသည်။

*ဒါဇင်ချီတဲ့ လှံတံတွေ ပြိုင်တူ ထိုးဖောက်တာတောင် လှံတွေကပဲ ချက်ချင်း ပျက်စီးသွားတယ်တဲ့လား*

*ငါတို့ အမြင်မှားနေတာလား*

*ဒီလူ့ကိုယ်က သံမဏိနဲ့ လုပ်ထားလို့လား*

ကောင်းကျန့်ရှန်း ထပ်မရယ်နိုင်တော့ပေ။

*ဒီကောင် မောက်မာရဲတာက အံ့ဩစရာ မရှိတော့ဘူးပဲ၊ လတ်စသက်တော့ သူ့မှာ နည်းလမ်းကောင်းတွေ ရှိနေတာပဲ*

ယခုအခါတွင် သူ သံပြားကို ကန်လိုက်မိပြီဖြစ်ကြောင်း သတိပြုလိုက်မိသည်။ ထိုစဉ် ယဲ့ဖန်က သူ့အဝတ်ကို ခါ၍ အရှေ့မှ လူတိုင်းကို အေးစက် ခက်ထန်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“အခု ငါ့အလှည့်ပဲ”

သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ထိုးနှက်လိုက်သည်။ လူတိုင်း တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခုက ပျံ့လွင်လာသည်။

ရှေးဟောင်းသားရဲတစ်ကောင်က သူမတူသော ခွန်အားဖြင့် ဒေါသတကြီး တောင်ကို ဖြိုနေသကဲ့သို့ ဤစွမ်းအင်က ပြိုင်ဘက်ကင်းလှ၏။

ထိုလက်သီးချက်အောက်တွင် အရှေ့မှ ရဲမက်များသည် ပြန်တိုက်နိုင်စွမ်း လုံးဝ မရှိဘဲ ချက်ချင်း တစ်စစီ ဖြစ်ကာ သေဆုံးသွားကြသည်။

ဤလက်သီးမှ ထွက်ပေါ်လာသော စွမ်းအင်သည် အရာအားလုံးအား သုတ်သင်ရှင်းလင်း သွားတော့သည်။

“အား….”

ရုတ်တရက် အော်သံများ ထွက်ပေါ်လာပြီး လူတိုင်း နောက်ဆုတ်ကြသည်။ လူတစ်ရာတွင် တစ်ဝက်ကျော်မျှ သေသူသေ၍ ဒဏ်ရာရသူ ရသွားကြလေသည်။

ကောင်းကျဲ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သရဲကို မြင်လိုက်ရသကဲ့သို့ မျက်လုံး ပြူးနေ၏။

*ဘယ်လိုလုပ် ဒီလူက အရမ်း ကြောက်ဖို့ကောင်းနေတာလဲ*

“မျိုးမစစ်ကောင် မင်းက ငါ့လူတွေကို သတ်ရဲတယ်ပေါ့လေ၊ သေပေတော့”

ကောင်းကျန့်ရှန်း ဒေါသတကြီး ပြေးတက်လာပြီး သူ့ကိုယ်မှ ယန်စွမ်းအင်များ ဝုန်းခနဲ ထွက်ပေါ်လာသဖြင့် မြေကြီးပင် တုန်ယင်လာသည်။ ရွှေရောင် အလင်းများ ထွက်ပေါ်နေသော လက်သီးဖြင့် ယဲ့ဖန်၏ မျက်နှာကို အားပါးတရ ထိုးနှက်လာလေသည်။

“သတိထား၊ ကောင်းကျန့်ရှန်းက အရမ်း သန်မာတာ ပြီးတော့ နတ်ဘုရားရဲ့ နတ်စွမ်းအင် ခန္ဓာကိုယ် ရထားတာ”

ကောင်းကျန့်ရှန်းက ကလေးဘဝကတည်းက ဖျက်ဆီးမရနိုင်သော နတ်ဘုရား ခန္ဓာကိုယ်ကို ကျင့်ကြံ ထားခဲ့ကြောင်း ကောင်းကျဲ အလျင်အမြန် သတိရသွားသည်။ သို့သော် ကောင်းကျဲ၏ စကားကို ကြားသည်နှင့် ကောင်းကျန့်ရှန်း၏ မျက်နှာတွင် အထင်သေးဟန် ပေါ်လာသည်။

*ငါ့လက်သီးကို သူ တားဆီးနိုင်မှာမို့လို့လား*

တန်တစ်တန်နီးပါး အလေးချိန်ရှိသော သူ့လက်မောင်းအားကို တားဆီးလျင် သေရလိမ့်မည်။ ထိတွေ့မိပါက ဒဏ်ရာ ရပေလိမ့်မည်။

*ဒီအမှိုက်ကောင်တော့ ဇာတ်သိမ်းပြီ*

ထိုလက်သီးတွင် ပြိုင်ဘက်ကင်းသော ဖိအားပါဝင်ပြီး ထောင်ချီသော စစ်သည်များကို ရှင်းလင်းနိုင်စွမ်း ရှိသည်။ ယခုအခါတွင် ထိုလက်သီးက ယဲ့ဖန်ပေါ် ကျရောက်လာနေသည်။

လက်ရှိတွင် ကောင်းကျန့်ရှန်း၏ မျက်နှာက အလွန် ကောက်ကျစ်စဉ်းလဲပုံ ပေါ်နေကာ ဘဝင်မြင့်၍ သွေးနားထင် ရောက်နေ၏။ ယဲ့ဖန်က အလွန် အရှက်ရစရာကောင်းသော ပုံစံနှင့် သေလိမ့်မည်ဟု သေချာပေါက် ယုံကြည်နေလေသည်။

“သူ့ကိုသတ်”

“သေစမ်း၊ အဲ့ကောင် သေလိုက်တော့”

ကျန်ရှိသော ရဲမက် ငါးဆယ်သည်လည်း တစ်ဝက်ကျော်မျှ မသန်မစွမ်း ဖြစ်နေကာ လက်ရှိတွင် ဒေါသတကြီး အော်ဟစ်နေကြသည်။

သို့သော် သူတို့ စိတ်ပျက်သွားရသည်။ ယဲ့ဖန်က ခံစားချက်ကင်းမဲ့နေသော မျက်နှာဖြင့် ကောင်းကျန့်ရှန်း၏ လက်သီးကို လက်သီးဖြင့် ပြန်ထိုးလိုက်သည်။

“မလုပ်နဲ့”

ကောင်းကျဲ ထအော်လိုက်သော်လည်း နောက်ကျသွားချေပြီ။ ဤမြင်ကွင်းက သူ့ကို တုန်လှုပ်သွားစေသည်။ ကောင်းကျန့်ရှန်း၌ ဖျက်ဆီးမရသော နတ်ဘုရား ခန္ဓာကိုယ် ရှိသည်ဟု သူမ သတိပေးသောက်လည်း ထိုလူက သူနှင့် တိုက်နေသေးသည်။

*အဲ့လူရဲ့ ဦးနှောက်က တစ်ခုခုများ မှားနေတာလား*

“သေပေတော့”

ဤသည်ကိုမြင်သော် ကောင်းကျန့်ရှန်း၏ လူသတ်ချင်စိတ်က ပို၍ ပြင်းထန်လာသည်။

“ကောင်းပြီလေ၊ ဒါဆိုလည်း သေလိုက်တော့”

ယဲ့ဖန်က အေးစက်စက် ပြန်တုံ့ပြန်လိုက်ပြီး ပြင်းထန်သော လက်သီးဖြင့် ပြန်ထိုးနှက်လိုက်သည်။

“ဂျွတ်”

“အား…”

နာကျင်စွာ အော်ဟစ်လိုက်သော အသံတစ်သံ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ ကောင်းကျန့်ရှန်း၏ လက်သီး ကြေမွသွားပြီး လူတစ်ကိုယ်လုံး နောက်သို့ လွင့်ထွက်သွားသည်။

*ဘာ*

*ရှုံးသွားတာလား*

ရဲမက်များအားလုံး အလွန် ကြောက်လန့်သော အမူအရာ ဖြစ်လာပြီး မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်နေသည်။

*ဖျက်ဆီးမရနိုင်တဲ့ နတ်ဘုရား ခန္ဓာကိုယ် ရှိတယ်ဆိုတဲ့ ကောင်းကျန့်ရှန်းက အဲ့လူရဲ့ လက်သီးကြောင့် လွင့်ထွက် သွားတာလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

“ဒီလူက … သူက တကယ်ပဲ ယဲ့ဘုရင်လား”

ကောင်းကျဲ၏ နှလုံးသား အေးခဲသလို ဖြစ်သွားပြီး ထိုအတွေးနှင့်တင် သူမ ရူးချင်သလို ဖြစ်သွားရသည်။ သို့သော် အလန့်ဆုံးလူက ကောင်းကျန့်ရှန်းပင်။ တစ်နေ့တွင် အခြားသူထံ၌ သူ အလွယ်တကူ ရှုံးနိမ့်သွားလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိချေ။

သူ၏ နတ်ဘုရားခန္ဓာကိုယ်က လုံးဝ အလုပ်မလုပ်ပေ။ သူ မကျေနပ်ဘဲ ထပ်မံ၍ အကြမ်းပတမ်း တိုက်ခိုက်လေသည်။ သွေးများ ပန်းထွက်လာပြီး ကောင်းကျန့်ရှန်း၏ ခန္ဓာကိုယ်က ထပ်မံ၍ အထိနာ သွားပြန်သည်။

ထိုလူကြောင့် သူ ထိခိုက်ဒဏ်ရာရသွားပြီး တစ်ကိုယ်လုံး အားမရှိတော့သလို ခံစားလိုက်ရသည့်အပြင် ပါးစပ်မှ သွေးပါ အန်လာ၏။

“ချီးပဲ”

ကောင်းကျန့်ရှန်း ကြက်သီးတဖြန်းဖြန်း ထသွားသည်။ တစ်ဖက်လူ၏ ခွန်အားက သူ့ထက် အဆများစွာ သာလွန်ကြောင်း သူ သတိပြုလိုက်မိသည်။ သူ့နေရာ၌ အခြားဘုရင်အဆင့်များဆိုလျင် တစ်ဖက်လူ၏ တိုက်ခိုက်မှုကြောင့် အမှုန့်ဖြစ်သွားလောက်သည်။

ကောင်းကျန့်ရှန်း တုန်ယင်သွားပြီး ယဲ့ဖန်ကို အော်ငေါက်လိုက်သည်။

“မင်း … ပြဿနာ မရှာနဲ့နော်၊ ငါ မင်းကို သတိပေးလိုက်မယ်၊ ငါက တော်ဝင်စစ်တပ်ရဲ့ ခေါင်းဆောင်ကွ၊ မင်း ငါ့ကို သတ်ရဲလား”

“ငါက ပိုင်ကျန့်ချင်းကိုတောင် သတ်ရဲတာ ဘာလို့ မင်းကို မသတ်ရဲရမှာလဲ”

ယဲ့ဖန်က သူထံ တစ်လှမ်းချင်း လှမ်းလာပြီး မျက်လုံးတွင် ရေခဲတမျှ အေးစက်မှုတို့ ဖုံးလွှမ်းနေ၏။

*ပိုင်ကျန့်ချင်းကို သတ်ရဲတယ်*

ကောင်းကျန့်ရှန်း၏ မျက်လုံးများ မှုန်မှိုင်းသွားပြီး ကျောတစ်ပြင်လုံး အေးခနဲ ဖြစ်သွားသလို ခံစားလိုက်ရသည်။

“မင်း … မင်း ဘယ်သူလဲ”

ကောင်းကျန့်ရှန်း တုန်တုန်ယင်ယင် မေးလိုက်သည်။

“ငါက ယဲ့ဖန်ပါလို့ ပြောခဲ့သားပဲ”

ယဲ့ဖန်က သူ့အား မြင့်မြတ်သော ဘုရင်တစ်ပါးက သေးနုပ်သော ပုရွက်ဆိတ် တစ်ကောင်ကို ကြည့်သကဲ့သို့ အထင်သေး၊ မောက်မာ၍ အေးစက်စွာ ကြည့်နေ၏။

“ငါက ယဲ့ဖန်”

ထိုစကား ထပ်ထွက်လာသောအခါ လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ လူတိုင်း ကြက်သီးမွေးညင်း ထလာလေသည်။ ကြောက်ရွံ့သော မျက်လုံးများက ယဲ့ဖန်၏ ကိုယ်ပေါ်သို့ စုပြုံ ကျရောက်လာသည်။

*ဒီလူက တကယ်ပဲ ယဲ့ဖန်လား၊ သူ တကယ် တော်ဝင်မြို့တော်ကို လာတာလား*

ကောင်းကျဲသည်လည်း နားဝေတိမ်တောင် ဖြစ်နေ၏။ သူမ နောက်ဆုံးအကြိမ်ဖြစ်ဖြစ် တွေ့ချင်နေသောသူက သူမ‌ရှေ့၌ ရပ်နေသည်တဲ့လား။ ထို့အပြင် မကြာသေးခင်က သူမအသက်ကိုပါ ကယ်ခဲ့သည် မဟုတ်ပါလော။

ဤသည်ကိုတွေးမိပြီး ကောင်းကျဲ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာပြီး ယဲ့ဖန်အပေါ် စွဲလမ်းသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။

*သူက သိပ်ချောတာပဲ*

*သူက သိပ်မောက်မာတာ*

*သူက သိပ်ကို ဆွဲဆောင်မှု ရှိလိုက်တာ*

ထိုအခိုက်တွင် ယဲ့ဖန်သည် ကောင်းကျန့်ရှန်းရှေ့သို့ ရောက်နေလေပြီး ခံစားချက် မရှိသော မျက်လုံးတို့ဖြင့် ပြောလိုက်သည်။

“ဒီနေ့ နန်းတော်က သေချာပေါက် သွေးချောင်းစီးရမယ်၊ တော်ဝင်မျိုးနွယ်လည်း ပျက်စီးရလိမ့်မယ် …”

“အဲ့ဒါကို မင်းနဲ့ စမယ်”

All Chapters