← Chapters

အခန်း ၁၅၂၇

Vol. 102 Ch. 1527

အခန်း ၁၅၂၇

Vol. 102 Ch. 1527

Chapter 1527 ရှင့်ကိုပဲ သဘောကျတာ

“အမှန်ပဲ၊ မသေမျိုးနဲ့ ပေါင်းစပ်ထားတဲ့ ခန္ဓာကိုယ်အသစ်က ဘယ်လောက် သန်မာမလဲ ကျုပ် စမ်းကြည့်ချင်နေတာ”

“အရှင် မိဖုရားကို သွားကယ်ပါ၊ ကျုပ်တို့ ဒီနေရာကို ထိန်းထားလိုက်မယ်”

ထန်မင်လီနှင့် အခြားသူများက ပြုံး၍ ဘုရင်လေးပါးထံ လျှောက်သွားကြသည်။ သူတို့၏ မျက်လုံးတွင် ကြောက်စိတ် တစ်စက်ကလေးမှ မရှိဘဲ တက်ကြွ၍ အပြင်းအထန် တိုက်ခိုက်လိုစိတ်သာ အတောမသတ်နိုင်အောင် ပေါ်လွင်နေ၏။

ဤမြင်ကွင်းက မယုံနိုင်စရာ ကောင်းလှပေသည်။ မြို့တော်မှလူများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။

*ဒီလူတွေ ရူးနေတာလား*

*တစ်ဖက်လူက ရင်မိသားစုရဲ့ နတ်ဘုရင်အဆင့် လေးယောက်လေ*

နတ်ဘုရင်အဆင့် ဟွမ်နူမှလွဲလျင် ထန်မင်လီနှင့် အခြားသူများအားလုံးသည် သူတော်စင်သခင်အဆင့်များသာ ဖြစ်သည်။

သူတော်စင်သခင်အဆင့် တစ်ရာက နတ်ဘုရင်အဆင့် သုံးယောက်ကို ခုခံရန် ကြိုးစားမည်တဲ့လား။ ဤသည်က စိတ်ကူးယဉ်မှုတစ်ခုသာ။

*ဒီလူတွေ ဘယ်ကနေ ယုံကြည်ချက် ရလာတာလဲ*

*နတ်ဘုရင်အဆင့် တစ်ယောက်က သူတော်စင်သခင်အဆင့်တစ်ဖွဲ့ကို အသာလေး ရှင်းနိုင်တယ်*

နတ်ဘုရင်အဆင့်တစ်ယောက်၏ ဆံပင်မွေးတစ်မျှင်က သူတော်စင်သခင်အဆင့်တစ်ယောက်ကို သတ်နိုင်သည်ဟု ပြောခြင်းသည် ကြွားဝါပြောဆိုခြင်း မဟုတ်ပါ။ ထိုအဆင့်နှစ်ခုက ယှဉ်မရသော အဆင့်များ ဖြစ်ကြသည်။

သို့သော် ဤအရူးများက သူတို့ ရင်မိသားစု၏ နတ်ဘုရင်ကို အနိုင်ယူနိုင်မည်ဟု ရူးမိုက်စွာ ထင်နေသည်တဲ့လား။

ထိုအခိုက်တွင် လူတိုင်း သူတို့ကို သနားသလို ကြည့်လာ၏။ သူတို့၏ စိတ်ထဲ၌ ဤလူများ သေလမ်းရှာသည်ဟု မြင်နေလေသည်။

*ယဲ့ဖန် သူတို့ကို သားကောင်လို သဘောထားတာပဲ*

“ယဲ့ဖန် မင်းကများ ငါတို့ကို လှောင်ပြောင်ရဲတယ်ပေါ့လေ”

နတ်ဘုရင်အဆင့် လေးယောက်လုံး ဒေါသထွက်သွားကြသည်။ ချက်ချင်းဆိုသလိုပင် နတ်ဘုရင်အဆင့် လေးယောက်၏ စွမ်းအင်များက တော်ဝင်မြို့တော်တစ်ခုလုံးသို့ ရုတ်တရက် ပြည့်နှက်လာပြီး ကောင်းကင်ယံ၌ အက်ရာများ ပေါ်လာပြီး ကောင်းကင် စုတ်ဖြဲခံရတော့မည်ဟု ထင်မှတ်များရသည်။

လူတိုင်း လိပ်ပြာလွင့်မတတ် ဖြစ်နေကြသော်လည်း ထျဲမူထားနှင့် အခြားသူများက ဂရုစိုက်ခြင်းမရှိဘဲ ချက်ချင်း ပြေးတက်လာ၏။

“လေဘုရင် တောင်တွေရဲ့ အနက်ပိုင်းထဲမှ ကြီးစိုးတဲ့ မဟာမိစ္ဆာ၊ တစ်ခါမှ အပြင်ထွက်မလာဘဲ အပြင်းအထန် ကျင့်ကြံခဲ့တာ။ သူ တာအိုလမ်းစဉ်ကို အသည်းအသန် ကျင့်ကြံပင်မယ့် နောက်ဆုံးတော့ ရူးသွပ်သွားတယ်၊ သူက တစ်ညတည်းနဲ့ ဂိုဏ်းသုံးဆယ်ကျော်ကို သတ်ဖြတ်ပြီး လူပေါင်း ရှစ်ထောင်ကို သတ်ဖြတ်ခဲ့တယ်”

“မိုးဘုရင် လောကထဲက မှော်နတ်ဘုရားရဲ့ လူဝင်စား၊ သူက သရဲတစ္ဆေတွေကို ဆင့်ခေါ်နိုင်ပြီး နတ်ဘုရားတွေကို အကူအညီတောင်းနိုင်တယ်၊ မှော်မန္တန်နဲ့ မိုင်ထောင်ချီက ရန်သူတွေကို သတ်ဖြတ်နိုင်သူ”

“မိုးကြိုးဘုရင် နှစ်တစ်သောင်းတိတိ ချိပ်ပိတ်ခံထားရတဲ့ မဟာမိစ္ဆာ၊ သူ့ကို ချိပ်ပိတ်နိုင်ဖို့ နတ်ဘုရင်အဆင့် ရှစ်ယောက်တောင် ပေးဆပ်ခဲ့ရတယ်”

“လျှပ်စီးဘုရင် မသေမျိုး မိစ္ဆာဝိညာဉ်လို့လည်း ကျော်ကြားတဲ့သူ၊ သူ့အသက် ဘယ်လောက် ရှိပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး၊ အခြားဘုရင်သုံးယောက်ရဲ့ အသက်ကို ပေါင်းလိုက်ရင်တောင် သူ့အသက်ကို မမီဘူး”

ဤလူလေးယောက်သည် တစ်လောကလုံးအနှံ့ ကြောက်စရာကောင်းသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့လေးယောက် ပူးပေါင်းလိုက်လျင် အလွန်အမင်း သန်မာမှာ အသေအချာပင်။

ဤလေးယောက်သာ ပူးပေါင်းတိုက်ခိုက်လျင် အင်မော်တယ် ဧကရာဇ်အဆင့် ပေါ်မလာသရွေ့ မည်သူမှ သူတို့ ပြိုင်ဘက် မဟုတ်ဟု ဆိုနိုင်ပေ၏။ ထို့ကြောင့် ယဲ့ဖန်၏ လက်အောက်ငယ်သားများ မုချသေပွဲဝင်ရလိမ့်မည်ဟု လူတိုင်း ထင်နေကြသည်။

ဟွမ်နူက လေဘုရင်ထံ တန်း၍ ဦးတည်သွားသည်။

“ဟွမ်နူ အစက ငါ မင်းကို လေးစားခဲ့တယ်၊ ဒါပေမဲ့ မင်းက ဧကရာဇ်ကို သစ္စာဖောက်ခဲ့တဲ့အတွက် မင်း‌ သေရမယ်”

လေဘုရင်က ဒေါသတကြီး ငေါက်ငမ်းနေပြီး သူ့မျက်လုံးတွင် လူသတ်လိုသော အရိပ်အယောင်များ ပေါ်လွင်နေ၏။

“ဧကရာဇ် ဟုတ်လား”

ဟွမ်နူက ပျက်ရယ်ပြု၍ ပြန်ပြောလိုက်သည်။

“ငါ့ဘဝမှာ ဧကရာဇ် တစ်ပါးကိုပဲ ခစားတယ်၊ စိတ်မကောင်းစရာက အဲ့လူက ဧကရာဇ် ယွီရှန် မဟုတ်ဘူး”

“သစ္စာဖောက်”

လေဘုရင် ဒေါသထွက်သွားပြီး သည်းကြီးမည်းကြီး တိုက်ခိုက်လေသည်။ တစ်ချိန်တည်းမှာပင် နတ်ဆိုးနဂါး ဖုရှန်နှင့် အခြားသူများက သုံးဖွဲ့ခွဲ၍ နတ်ဘုရင်အဆင့် သုံးယောက်ထံ ဦးတည်ကာ တိုက်ခိုက်ကြသည်။

သို့သော် ယဲ့ဖန်က မသိကျိုးကျွန်ပြုကာ နန်းတော်ရှိရာအရပ်သို့ အလျင်အမြန် ထွက်ခွာသွားသည်။

“ယဲ့ဖန် သေလိုက်တော့”

ကျန်နတ်ဘုရင်အဆင့် သုံးယောက်က ယဲ့ဖန် ထွက်သွားသည်ကို ဘယ်လိုလုပ် ကြည့်နေနိုင်ပါမည်နည်း။ သူတို့အားလုံး ယဲ့ဖန်ထံ ပြေးသွားကြသည်။ နတ်ဆိုးနဂါး ဖုရှန်နှင့် အခြားသူများကိုမူ သူတို့ အရေးမစိုက်ချေ။

ထိုစဉ် ယှဉ်မရသော စွမ်းအင်နှင့်အတူ ရောင် မှော်သင်္ကေတတစ်ခု ပေါ်လာပြီး မိုးဘုရင်ထံ ပျံ့လွင့်သွားပြီး သူ့ကျောပြင်အား ထိမှန်လေသည်။

မိုးဘုရင် မြေကြီးပေါ် လဲကျသွားပြီး အရိုးများ တစစ်စစ် နာသလို ခံစားလိုက်ရသည်။ မိုးကြိုးဘုရင်၏ ပါးတွင် သွေးစီးကြောင်း ပေါ်လာသည်။ လျှပ်စီးဘုရင်၏ ရာချီသော ဆံပင်များ ပြတ်ထွက်သွားသည်။

ထိုအခါ နတ်ဘုရင်အဆင့် သုံးယောက်လုံး ချောက်ချားသွားကြသည်။ သူတို့အရှေ့မှ ဤသူတော်စင်သခင် အဆင့်များက သူတို့ကို ထိခိုက်အောင် လုပ်နိုင်သည်ကို မယုံနိုင် ဖြစ်နေပုံရသည်။

*ဘာတွေဖြစ်ကုန်တာလဲ*

အစောပိုင်းက သူတို့သာ အချိန်မီ မတုံ့ပြန်ခဲ့လျင် ဒဏ်ရာက ယခုထက် ပိုကြီးမားနိုင်သည်။

*ဘယ်လိုလုပ် ဒီသူတော်စင်သခင်အဆင့်တွေရဲ့ ခန္ဓာကိုယ်က ငါတို့ထက် ပိုသန်မာနေတာလဲ*

*ဒါက လုံးဝ ယုတ္တိမရှိဘူး*

ထိုစဉ် နတ်ဆိုးနဂါးဖုရှန်က သူတို့ကို အပြုံးကြီး ပြုံး၍ ကြည့်လာသည်။

“နတ်ဆိုးတွေကို အထင်သေးရင် ကံဆိုးမှုနဲ့ ကြုံတွေ့ရလိမ့်မယ်”

“မင်း … သေချင်နေတာပဲ”

နတ်ဘုရင်အဆင့် သုံးယောက်လုံး ဒေါသူပုန် ထသွားပြီး ကြောက်စရာကောင်းသော တိုက်စစ်များ ထုတ်ဖော်လာ၏။ ထိုအခိုက်တွင် ယဲ့ဖန်က သူတို့ကို ကျော်၍ တော်ဝင်နန်းတော်ထံသို့ ဦးတည်၍ ထွက်သွားလေပြီ။

ထို့နောက် အဝေးတစ်နေရာတွင် အဖြစ်ဆိုးလှသော ပုံရိပ်လေးတစ်ခုက မြို့တံတိုင်း၌ ကြိုးဖြင့် တွဲလောင်းချည်ခံထားရပြီး လေဒဏ်နေဒဏ်ကြောင့် အသားအရေ ခြောက်သွေ့ အက်ကွဲနေကာ မျက်လုံးများ ရီဝေ၍ ဖိုသီဖတ်သီ ဖြစ်နေသော မျက်နှာ ဖြစ်နေ၏။ ဤအသွင်အပြင်က မယုံနိုင်စရာ ကောင်းလှသည်။

ချက်ချင်းဆိုသလိုပင် ယဲ့ဖန်၏ နှလုံးသားထဲ၌ ရန်လိုစိတ် ပေါက်ဖွားလာပြီး မျက်မှောင်ကြုတ်သွားသည်။

“ရွှစ်”

သူသည် အလျင်လိုနေသော မျက်လုံးတို့ဖြင့် မြို့တံတိုင်းပေါ်သို့ လွှားခနဲ ခုန်တက်လိုက်သည်။

“ယဲ့ဘုရင် အဲ့ဒါ ယဲ့ဘုရင်၊ ယဲ့ဘုရင် ဒီမှာဟေ့”

မြို့တံတိုင်းပေါ်တွင် ရုတ်တရက် ဆူညံ ပွက်လောက်ရိုက်လာ၏။ ထိုအခိုက်တွင် ယဲ့ဖန်၏ မျက်လုံးများက ကြမ်းကြုတ် ခက်ထန်နေပြီး လက်ဝါးတစ်ဖက်ဖြင့် ရိုက်ချလိုက်သည်။ ထိုအခါ ရဲမက်တစ်ဖွဲ့ စိစိညက်ညက် ကြေသွားလေသည်။

ယဲ့ဖန်သည် ချည်နှောင်ထားသော တိုင်ကိုဖြတ်၍ ပိုင်ရွှယ်၏ အချုပ်အနှောင်များကို ဖယ်ရှားလိုက်ပြီး သူမအား စိတ်ထိခိုက် ဝမ်းနည်းစွာ ရင်ခွင်ထဲ ပွေ့ပိုက်လိုက်သည်။

ထိုစဉ် ပိုင်ရွှယ် သတိရလာပြီး ယဲ့ဖန်အား သေချာကြည့်၍ မချိပြုံး ပြုံးလေသည်။

“ရှင် မလာသင့်ဘူး၊ ကျွန်မ ရှင့်ကို မလာစေချင်တာလေ”

“မပြောနဲ့တော့ ငါ မင်းကို ခေါ်ထုတ်သွားမယ်”

ယဲ့ဖန် ပိုင်ရွှယ်၏ ခန္ဓာကိုယ်ထဲသို့ ယန်စွမ်းအင် အလျင်အမြန် ထည့်သွင်းလိုက်သည်။

“ယဲ့ဖန် ရှင် ကျွန်မကို မုန်းနေသေးလားဟင်”

ပိုင်ရွှယ်က သူ့ကို အလေးအနက် ကြည့်နေသည်။ သူမ ရေကို အတော်ကြာအောင် မသောက်ရသည့်အပြင် နေလှန်းခံထားရသဖြင့် သူမအသံက ခြောက်အက်ပြာနှမ်းနေပြီး အလွန် နားမချမ်းမြေ့စရာ ဖြစ်နေသည်။

သူမကိုယ်ပေါ်မှ အဝတ်အစားသည် သွေးကြောင့် အနီရောင်ပင် ပြောင်းနေလေသည်။ သူမခန္ဓာကိုယ်နှင့် မျက်နှာတွင် ဒဏ်ရာများ ဗလပွ ဖြစ်နေ၏။ သူမ နှိပ်စက်ခံထားရသည်။

“ငါ ထပ်မမုန်းတော့ပါဘူး၊ ထပ်မမုန်းတော့ပါဘူး”

ယဲ့ဖန် ကမန်းကတမ်း‌ ခေါင်းခါလိုက်သည်။ သူ့အသံက တုန်နေပြီး ပိုင်ရွှယ်၏ လက်ရှိအခြေအနေကို မြင်ပြီး အသက်မရှူနိုင်သည်အထိ မွန်းကြပ်သွားရသည်။

လက်ရှိတွင် သူသည် အရူးအမူး စွဲလမ်းသော အမျိုးသမီးကိုသာ ကြည့်နေရသည်။ မူလက ထက်မြက်သော အမျိုးသမီး တစ်ယောက်က အချစ်ကြောင့် ရူးမိုက်သွားရပါတကား။

“မဟုတ်ဘူး၊ ရှင် ကျွန်မကို ဆက်မုန်းနေပါ၊ ဒါမှ ကျွန်မ ရှင့်နှလုံးသားထဲမှာ တစ်သက်လုံး နေနိုင်မှာ”

ပိုင်ရွှယ် သက်ပြင်းချလေသည်။

“ကျွန်မသာ ရှင်နဲ့ မတွေ့ခဲ့ရင် ကျွန်မ သေစရာ မလိုလောက်ဘူး၊ ဒါပေမဲ့ ကျွန်မကို နာကျင်စေလောက်တယ်”

“မပြောနဲ့ ငါ မင်းကို သေချာပေါက် ကယ်ထုတ်မှာ၊ မင်း အဆင်ပြေသွားလိမ့်မယ်”

ယဲ့ဖန်၏ အသံ တုန်ယင်နေ၏။ အကြောင်းမှာ သူ၏ ယန်စွမ်းအင်က လုံးဝ သုံးမရသည်ကို သိလိုက်ရသော ကြောင့်ပင်တည်း။

လက်ရှိတွင် ပိုင်ရွှယ်၏ ခန္ဓာကိုယ်က အပေါက်များစွာရှိသော ခြင်းတောင်းတစ်လုံးနှင့် တူနေပြီး ယန်စွမ်းအင် မည်မျှများများ ထည့်သွင်းပါစေ ပျက်စီးသွားရစမြဲပင်။

ဧကရီမင်ဟို့သည် ဤအခြေအနေကို ခန့်မှန်းထားမိပုံရကာ ပိုင်ရွှယ်ကို နှိပ်စက်သော ဓားပေါ်တွင် အထူးအဆိပ် တစ်မျိုးကို သုတ်လိမ်းထားခဲ့သည်။

သူမက ယဲ့ဖန်အား တော်ဝင်မြို့တော်သို့ လာလျင်တောင်မှ သူ၏ အမျိုးသမီးကို မကယ်နိုင် ဖြစ်စေချင်သည်။ ယဲ့ဖန်အား သူ့အမျိုးသမီး ကူကယ်ရာမဲ့စွာ သူ့လက်ထဲ၌ သေသွားသည်ကို ကြည့်စေချင်နေ၏။

တကယ့်ကို ရက်စက်လှသော နှလုံးသားပင်။ ပိုင်ရွှယ်က လူသေ၍ ယဲ့ဖန်က နှလုံးသား သေဆုံးရပေမည်။ ပိုင်ရွှယ်ကလည်း သူမအခြေအနေနှင့် ပတ်သက်၍ သိနေသည်။ သို့သော် ငြိမ်နေခြင်းမရှိဘဲ ဆက်၍ ပြောလေသည်။

“ယဲ့ဖန် ရှင် သိလား၊ ကျွန်မ တစ်လောကလုံးကို မုန်းပေမဲ့ ရှင့်တစ်ယောက်တည်းကိုပဲ သဘောကျတာ…”

ထိုသို့ပြောနေချိန်တွင် သူမ အသံက တုန်ယင်နေ၏။ သူမ မသေချင်ပါ။ သူမ အသက်ဆက်ရှင်ချင်သေးသည်။ သူမ ယဲ့ဖန်နှင့် အတူ နေချင်ပါသည်။

သူမအတွက် မလုံလောက်သေးပါ။ သူမ သူ့ကို မြင်တွေ့ရချိန်က မလုံလောက်သေးပါ။ သူမ စိတ်ဆိုး၍ မဝသေးပါ။ သူမ သူ့ကို ချစ်သည်။ ယခုအထိ ချစ်၍ မဝသေးပေ။

ထို့ကြောင့် သူမ ဘယ်လိုလုပ် သေနိုင်ပါမည်နည်း။ သူမ ဘယ်လိုလုပ် သေချင်စိတ် ရှိပါမည်နည်း။ သူမ စဉ်းစားထားသည်များက အများကြီး ကျန်သေးသည်။ ယဲ့ဖန်နှင့်အတူ လျှောက်သွားချင်သည်။ သူတို့ တစ်ခါမှ မရောက်ဖူးသော မြို့များနှင့် ရွာများကို သွား၍ လိုအပ်နေသော အရာများကို ကူညီပေးချင်၏။

သူမ တွေးလေလေ ယဲ့ဖန်ဘေး၌ ဤသို့ တစ်သက်လုံး အတူနေချင်လေသာ ဖြစ်ရသည်။ ဤလောက၌ သူသာလျင် သူမ အတပ်မက်ဆုံး အလိုအပ်ဆုံး အရာ ဖြစ်ပေသည်။

“ငါ သိတယ်၊ ငါ သိတယ်”

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။ သူ့မျက်နှာက တဖြည်းဖြည်း ပျက်ယွင်းလာ၏။ သူ့ရင်ထဲ၌ ကျိတ်၍ အော်ဟစ်နေမိသည်။

*ပျောက်စမ်းပါ၊ ပျောက်စမ်းပါကွ၊ ချီးပဲ ချီးပဲ*

သို့သော် သူ ဘာလုပ်လုပ် ပိုင်ရွှယ်၏ အသက်ဓာတ်က လျင်မြန်စွာ ကုန်ခမ်းလာ၏။

“ကျွန်မ နည်းနည်းပင်ပန်းနေပြီ၊ ကျွန်မ ခဏလောက် အိပ်ချင်တယ်”

ပိုင်ရွှယ်က ရုတ်တရက် ထိုသို့ပြောလာပြီး သူမအမူအရာက မောပန်းဟန် ပြလာကာ အသံပင် အားနည်းလာသည်။ သူမ အကန့်အသတ်သို့ ရောက်နေပြီဖြစ်ကြောင်း ယဲ့ဖန် သိလိုက်သည်။

“မဟုတ်ဘူး မင်း အိပ်လို့မရဘူး ထပါဦး”

ယဲ့ဖန် စိုးရိမ်ပူပန်စွာ အော်ဟစ်လိုက်ပြီး မျက်လုံးများက ဝမ်းနည်းဟန် ပေါ်နေသည်။

“ဒါဆို ကျွန်မလက်ကို ကိုင်ထားပေးပါ”

ပိုင်ရွှယ်က ရွှတ်နောက်နောက် အပြုံးလေးကို ဖျစ်ညှစ်၍ ပြုံးပြလေသည်။ ယဲ့ဖန်က သူမလက်ကို အလျင်အမြန် ဆုပ်ကိုင်လိုက်သည်။

“ငါ ကိုင်ထားတယ်နော်၊ အိပ်မသွားနဲ့”

ထိုအခါ ပိုင်ရွှယ်က ပျော်ရွှင်စွာ ရယ်လေသည်။ မသိလျင် သူမ၏ နောက်ဆုံးဆန္ဒ ပြည့်ဝသွားသလိုပင်။ ယဲ့ဖန်က သူမလက်ကို ဤသို့ ကိုင်ထားသဖြင့် သူမ သေရမည်ဆိုလျင်တောင်မှ မကြောက်တော့ပါ။

“ယဲ့ဖန် ရှင် … ရှင် ကျွန်မဘေးမှာ အမြဲ ရှိနေမှာ ဟုတ်တယ်မလား”

“ငါ မင်းကို ထားမသွားဘူး ပိုင်ရွှယ် ငါ ပြောတာကို နားထောင်နော်၊ ငါ မင်းကို ဘယ်တော့မှ ထားမသွားဘူး”

ယဲ့ဖန် အော်ပြောလိုက်သည်။

“ဆူညံလိုက်တာ၊ ရှင် ဘာလို့ အရမ်းအော်နေတာလဲ”

“ယဲ့ဖန်”

“အင်း ပြော”

“ကျေးဇူးတင်ပါတယ်”

“ကျေးဇူးတင်သင့်တာ ငါပါ”

ယဲ့ဖန် နှလုံးသားကို ဓားနှင့် အထိုးခံရသလို ခံစားနေရသည်။ သူ့ထံမှ ပိုင်ရွှယ် ထပ်မံ၍ ခွဲခွာသွားမည်ကို သူ ဘယ်လိုလုပ် တောင့်ခံနိုင်ပါမည်နည်း။

သူ ချစ်ရသော အမျိုးသမီးကို သူ ဘယ်လိုလုပ် နောက်တစ်ကြိမ် ထပ်အဆုံးရှုံး ခံနိုင်ပါမည်နည်း။ သူ နောင်တရ နေ၏။ သူ ပိုင်ရွှယ်အား စိတ်ဆိုးခဲ့မိသည်ကို နောင်တရနေသည်။ သူ ပိုင်ရွှယ်ကို မောင်းမထုတ်ခဲ့သင့်ပါ။

သူ မသိသည်မှာ ပိုင်ရွှယ်ကို သူ နှင်မထုတ်လျင်တောင်မှ ပိုင်ရွှယ်က ယဲ့ဖန်ကိုကယ်ရန် သူမကိုယ်သူမ စတေးမည့် အစီအစဉ်ကို ချထားပြီးသားပင်။

“ယဲ့ဖန် ရှင် ကျွန်မကို … ကျွန်မ နာမည် ခေါ်ပေးလို့ရမလား၊ ကျွန်မ ရှင် ကျွန်မ … နာမည်လေး ခေါ်တာကို ကြားချင်တယ်”

ပိုင်ရွှယ်၏ စကားပြောသံက တဖြည်းဖြည်း ပိုပိုင အားယူလာရသည်။ သူ စကားတိုလေး တစ်ခွန်း ပြောရန်ပင် တစ်မိနစ်မျှ အချိန်ယူရသည်။ သူမအသံက ပိုပို၍ တိုးညှင်းလာသည်။

“ပိုင်ရွှယ် ပိုင်ရွှယ် ပိုင်ရွှယ်”

ယဲ့ဖန် သူမနာမည်ကို ဆက်တိုက် အော်ခေါ်နေမိသည်။ သူ တစ်ခါ မခေါ်လိုက်မိပါက သူမကို တစ်သက်လုံး ဆုံးရှုံးရလိမ့်မည်ကို စိုးထိတ်နေသည့်ပုံပင်။

“ဟားဟားဟား ယဲ့ဖန် နောက်ဆုံးတော့ မင်း ရောက်လာပြီပေါ့”

ထိုအခိုက်တွင် ခပ်လှမ်းလှမ်းမှ ခနော်ခနဲ့သံအပြည့်နှင့် စကားသံ ထွက်ပေါ်လာ၏။ ယဲ့ဖန်၏ ခက်ထန်သော မျက်လုံးများသည် ဒေါသကြောင့် ပြူးကျယ်လာပြီး အသံလာရာသို့ လှမ်းကြည့်လိုက်သည်။

ထိုအခါ ဧကရီမင်ဟို့နှင့် ပိုင်ကျန့်ချင်းတို့က မြို့တံတိုင်း၌ အားရနေသော မျက်နှာများနှင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့မျက်လုံးတွင် ဂုဏ်ယူသော အရိပ်အယောင်များ ပြည့်နှက်နေ၏။

“ကျစ် ကျစ် ကျစ်၊ မင်းချစ်ရတဲ့ မိန်းမ တဖြည်းဖြည်း သေတော့မှာကို ကြည့်နေရတာ ခံစားလို့ မကောင်းဘူးလား၊ မင်း ဘာမှလုပ်လို့မရတာ စိတ်မကောင်းစရာပဲ၊ ဟားဟားဟား”

ဧကရီမင်ဟို့က ဂုဏ်ယူစွာ ရယ်မောနေပြီး ယဲ့ဖန်၏ နာကျင်မှုကို မြင်ပြီး သူမစိတ်ထဲ၌ အလွန် ကျေနပ်အားရ နေသည်။ ဘေးနားမှ ပိုင်ကျန့်ချင်းကလည်း ဝမ်းသာပီတိ ဖြစ်နေသည်။

*နောက်ဆုံးတော့ ငါ ယဲ့ဖန်ကို အနိုင်ယူနိုင်ပြီ*

*အဲ့ခွေးမလည်း သေပြီ*

မျက်စိထဲ ဆူးငြောင့်ခလုတ်ဖြစ်နေသော လူများ ရှင်းလင်းသွားလေပြီ။

*ယဲ့ဖန်လည်း ပိုင်ရွှယ်နောက် မကြာခင် လိုက်ရတော့မယ်၊ ဒီခွေးထီးနဲ့ ခွေးမကို အပြစ်ပေးနိုင်ပြီကွ ဟားဟားဟား*

“ဝမ်းနည်းမနေနဲ့၊ ငါ မကြာခင် မင်းကို သူနဲ့ တမလွန်မှာ ပြန်ဆုံအောင် ပို့ပေးမှာပါ၊ မင်းတို့ မန်ဒရင်းဘဲအတွဲလို နေပြီး ဒဏ္ဍာရီတစ်ခု ဖန်တီးပေါ့ ဟားဟားဟား”

ဧကရီမင်ဟို့က လက်ရှိတွင် စိတ်လှုပ်ရှားကာ ရယ်ချင်စိတ်ကို ရပ်မချေ။ သူမ အရူးသဖွယ် ရယ်မောနေ၏။ ထို့နောက် သူမက ရုတ်တရက် ခြေဆောင့်၍ အော်ဟစ်လိုက်သည်။

“ချင်ဧကရာဇ်ရဲ့ သင်္ချိုင်းဂူပွင့်စေ”

All Chapters