← Chapters

အခန်း ၁၅၂၉

Vol. 102 Ch. 1529

အခန်း ၁၅၂၉

Vol. 102 Ch. 1529

Chapter 1529 သူ ဘယ်လိုလုပ် ငါ့ကို လိမ်ရက်ရတာလဲ

*ဟမ်*

ဤသည်ကိုမြင်သော် နတ်ဘုရင်အဆင့် လေးပါးလုံး အံ့ဩဟန် ပြလာသည်။ အစက ယဲ့ဘုရင် သေသွားသည်နှင့် သူ့လက်အောက်မှ လူများ ပြိုကွဲသွားလိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသည်။

ခေတ်တစ်လျှောက် ထိုသို့ ဖြစ်ခဲ့သည်သာ၊ စစ်သူကြီး သေသွားသည်နှင့် ရဲမက်များ ကသောင်းကနင်း ဖြစ်ကြစမြဲပင်။

ထို့အပြင် သေသွားသူသည် စစ်သူကြီးဖြစ်ရုံသာမက ခေါင်းဆောင်လည်း ဖြစ်သည်။ ယင်းက ဤလူများ ရှုံးနိမ့်ရမည့် အချက်ပင်။

သို့သော် ဤလူများ၏ စစ်သည်နှလုံးသားအား ပြန်အသက်သွင်းရန် မိနစ်ပိုင်းမျှသာ ကြာလိုက်ပြီး တစ်ယောက် ချင်းစီ၏ မျက်လုံးတွင် အမုန်းတရားနှင့် တိုက်ခိုက်လိုစိတ်များ အတောမသတ်နိုင်အောင် ထွက်ပေါ်လာ၏။

ဤသည်က ကြက်သီးထစရာ ကောင်းလှသည်။ ဤလူများ စိတ်ဓာတ် မကျသွားဘဲ ရင်မိသားစုအား တိုင်းတာမရအောင် ဒုက္ခပေးရန် သိပ်မကြာလောက်ချေ။

“သူတို့ကို မလွတ်စေနဲ့”

ချက်ချင်းဆိုသလိုပင် နတ်ဘုရင်အဆင့် လေးပါးက ဒေါသတကြီး အော်ပြောလာသည်။ ထို့နောက် သူတို့သည် နတ်ဆိုးနဂါး ဖုရှန်နှင့် အခြားသူများထံသို့ သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသော မျက်လုံးများဖြင့် ပြေးဝင်သွားသည်။

*နတ်ဆိုးတွေကို ဒီနေ့ မျိုးသုဉ်းအောင် သုတ်သင်မှ ဖြစ်မယ်၊ ကျူပင်ခုတ် ကျူငုတ်ပါမကျန် ရှင်းရမယ်*

*တစ်ယောက်မှ မြို့တော်ထဲက အသက်ရှင်လျင် ထွက်သွားခွင့် ပေးလို့မဖြစ်ဘူး*

*ခြိမ်းခြောက်နိုင်တဲ့ မျိုးစေ့တွေကို အစကတည်းက ရှင်းထားပစ်မှ ရမှာ*

“ရွှစ်”

ခက်ထန်မာကြောသော မျက်နှာထားနှင့် လူတစ်ယောက်က ကောင်းကင်ယံသို့ ပျံတက်လာပြီး နတ်ဘုရင်အဆင့် လေးပါးကို ရင်ဆိုင်လာသည်။

“ဟွမ်နူ”

ထန်မင်လီ စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

“သွားတော့”

ဟွမ်နူက ပြန်ငေါက်လိုက်သည်။ သူ ဘာမှထပ်ပြောစရာ မလိုပါ။

*ငါ သူတို့ကို တားထားလိုက်မယ်၊ မင်းတို့ သွားတော့*

*နောင် အနာဂတ်မှာ ငါနဲ့ အရှင့်အတွက် လက်စားချေဖို့ သတိရပါ*

ထိုစကားလုံးများကို ထပ်ပြောရန် မလိုအပ်ပါ၊ အကြောင်းရင်းမှာ လူတိုင်း သိနေသောကြောင့်ပင်တည်း။

ထန်မင်လီသည် အံကြိတ်နေပြီး ဒေါသထွက်လွန်းသဖြင့် အသက်ရှူသံပင် ပြင်းထန်လာသည်။ ပြီးသည်နှင့် သူ နောက်လှည့်၍ အော်ပြောလေသည်။

“သွားကြမယ်”

“ဟွမ်နူ မင်း သေချင်နေတာပဲ”

နတ်ဘုရင်အဆင့် လေးယောက်လုံး ဒေါသထွက်လာပြီး ရူးသွပ်ကာ မျက်လုံးတွင် ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နှက်လာ၏။

သူတို့လေးယောက်သည် ဟွမ်နူကို အနိုင်ယူနိုင်စွမ်း ရှိပါသည်။ သို့သော် ဟွမ်နူသည်လည်း သန်မာသူ ဖြစ်ပြီး သူတို့ လေးယောက်အား တစ်ပြိုင်တည်း ထိန်းထားနိုင်လေသည်။

ချင်ခေတ်၏ ပထမ စစ်သူကြီးဟူသော ဘွဲ့က အလကားသက်သက် ရထားခြင်း မဟုတ်ပါ။ ထို့ကြောင့် လေးယောက်လုံး ဒေါသထွက်နေပြီး ထိုလူများ သူတို့မျက်စိအောက်မှ လွတ်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။

ဟွမ်နူက သရော်ပြုံး ပြုံးလိုက်သည်။

“ဒီလမ်းပဲ ရှိတယ်၊ အခြားလမ်း မရှိဘူး”

ယနေ့ သူ စိတ်အေးအေး သေနိုင်လေပြီ။ ထိုအခိုက်တွင် သေဆုံးမှုသတင်းက အင်ပါယာ တစ်ခုလုံးနှင့် ပြည်ပအထိ ပျံ့နှံ့သွားသည်။ ထိုအခါ အင်ပါယာတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။

ယဲ့ဘုရင် သေပြီ။ အင်ပါယာရဲ့ အသန်မာဆုံးလူ ကျဆုံးသွားပြီ။

“ဒါ ဘယ်လိုဖြစ်ရတာလဲ၊ ဒါ ဘယ်လိုလုပ် ဖြစ်ရတာလဲ”

ကောင်းကျဲ အားပျော့စွာ မြေကြီးပေါ် လဲကျသွားပြီး မျက်ရည်များဖြင့် စိုစွတ်လာသည်။

*အဲ့အရှုံးမရှိတဲ့လူ*

*အဲ့လွှမ်းမိုးနိုင်တဲ့လူ*

*သူ့လူတွေအတွက်ဆို ငရဲကိုတောင် သွားနိုင်တဲ့လူ*

*အခု အဲ့လူက သေသွားပြီလား*

သူမမျက်လုံးမှ ပူနွေးသော မျက်ရည်များ အဆက်မပြတ် စီးကျနေပြီး အချိန်အတော်ကြာအောင် စိတ်မတည် နိုင်ချေ။

ယဲ့ဖန်၏ ယုံကြည်သူများအားလုံး ရူးသွပ်သွားကြသည်။ ယဲ့ဖန်၏ သေဆုံးမှုကို သိရှိပြီးနောက် သူတို့သည် ကောက်ကာငင်ကာ မိမိဆန္ဒအရ စစ်ထဲဝင်သူများနှင့် စစ်တပ်ဖွဲ့စည်း၍ တော်ဝင်စစ်စခန်းများကို တိုက်ခိုက် လေသည်။

သူတို့ သတ်ဖြတ်ပြီးရင်း သတ်ဖြတ်ကြသည်။ သူတို့သည် ယဲ့ဘုရင်အတွက် လက်စားချေနိုင်ရန် သူတို့ လုပ်နိုင်သလောက် ပြုလုပ်ကြလေသည်။ ဂုဏ်ယူစွာ တိုက်ပွဲဝင်၍ အသေခံကြသည်။

ဖေးချမ်နှင့် အခြားသူများသည် နတ်ဆိုးစစ်တပ်၏ အင်အားစုအားလုံးကို ဖျက်သိမ်းလိုက်သည်။ အဘယ်ကြောင့် ဆိုသော် သူတို့၏ လက်ရှိခွန်အားအရ ရင်မိသားစု၏ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်သည်ကို သိနေသောကြောင့်ပင်။

“ငါ ငရဲနယ်မြေကိုသွားပြီး လေ့ကျင့်မယ်၊ ငါ အောင်မြင်ခဲ့ရင် လက်စားချေဖို့ ပြန်လာခဲ့မယ်”

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က အေးစက်စွာ ပြောလာသည်။

“ငရဲနယ်မြေက ဆယ်ယောက်မှာ ကိုးယောက်သေတဲ့ နေရာပဲ၊ မင်း စဉ်းစားပြီးပြီလား”

နတ်ဆိုးနဂါး ဖုရှန်က တည်ငြိမ်စွာ မေးလာသည်။

“ငါ သေသွားခဲ့ရင် ငါက အဲ့လောက်အဆင့်ပဲ ရှိတဲ့လူလို့ ဆိုလိုသွားတာပေါ့၊ သေတာကို သနားစရာ မလိုပါဘူး”

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က ပေါ့ပေါ့ပါးပါး ပြော၍ လှည့်ထွက်သွားသည်။

“ငါရောပဲ၊ ငါ တံခါးပိတ် ကျင့်ကြံမယ်၊ ငါ နတ်ဘုရင်အဆင့် ဖြစ်မလာသရွေ့ အပြင်ကို ထွက်မလာဘူး”

ဖေးချမ် အေးစက်စက် ပြောပြီး ထွက်သွားသည်။

“ဒီလူအိုကြီးက အိုမင်းနေပြီးတော့ အရည်အချင်းကလည်း မင်းတို့အားလုံးနဲ့ မယှဉ်နိုင်တော့ဘူး၊ ငါ လုပ်နိုင်တာဆိုလို့ ဒီသုံးပုံတစ်ပုံသော နယ်မြေကို အရှင့်အတွက် ကာကွယ်နိုင်တာပဲ ရှိတယ်”

ထန်မင်လီက မချိပြုံးပြုံး၍ ပြောလိုက်သည်။

“ဒုန်း”

ထိုစဉ် တံခါးက အားဖြင့် ဖွင့်ကန်ခံလိုက်ရသည်။ ထန်ပုခူနှင့် မိန်းကလေးများက တံခါးဝ၌ ရုတ်တရက် ပေါ်လာ၏။ သူမတို့မျက်နှာပေါ်တွင် မျက်ရည်ကို အထင်းသား မြင်နေရသည်။

ထိုအခိုက်တွင် ထန်မင်လီနှင့် အခြားသူများအားလုံး ခေါင်းငုံ့သွားပြီး သူမတို့ကို ပြန်ကြည့်ရဲသည့် သတ္တိ မရှိတော့ချေ။

ထိုသို့သောအချိန်၌ လေထုက လေးလံထိုင်းမှိုင်းလာသည်။ ထိုအခါ ထန်ပုခုနှင့် မိန်းကလေးများသည် အားလုံးက အမှန်ဖြစ်ကြောင်း သတိထားမိသွားသည်။ သို့သော် မယုံချင်ကြသေးပေ။ ကျုံးလီအာက တုန်ယင်နေသော အသံဖြင့် မေးလာ၏။

“အဲ့ဒါ အမှန် မဟုတ်ဘူး၊ ဟုတ်တယ်မလား”

မည်သူမှ ပြန်မဖြေကြပေ။

“ယဲ့ဖန်၊ သူ မသေနိုင်ပါဘူး၊ ဘယ်လိုလုပ် သူက သေနိုင်မှာလဲ၊ သူ ပြန်လာမယ်လို့ ငါ့ကို သေချာပေါက် ကတိပေးသွားတာ”

သူမနှလုံးသား နာကျင်လှလွန်း၍ အသက်ပင် မရှူနိုင်ပါ။ ကျုံးဝမ်က သူမကို လှမ်းဖက်လာပြီး သူမမျက်လုံးတွင် ဝမ်းနည်းနာကျင်မှုတို့ ပြည့်နှက်နေ၏။

သူမ တည်ငြိမ်နေခြင်း မဟုတ်ပါ။ သူမ နာကျင်မှုကြောင့် ကြက်သေ သေနေခြင်းသာ။ ခံစားချက်က ပြင်းထန်လွန်း၍ သူမ ယခု သတိမကပ် ဖြစ်နေခြင်းသာ။ မျက်ရည်မကျ၊ နာကျင်မှုမရှိ၊ အချစ်မရှိသလို ဖြစ်နေ၏။ ယဲ့ဖန် ထွက်ခွာသွားစဉ်က သူမ၏ ဝိညာဉ်နှင့် ခံစားချက်ကို နုတ်ယူသွားသည်ဟု ထင်မှတ်မှားရသည်။

ဤသည်ကိုမြင်သော် ထန်မင်လီနှင့် အခြားသူများ ကိုယ့်ကိုယ်ကိုယ် ပို၍ အပြစ်တင်မိကြသည်။

“ဒုန်း”

ထျဲမူထားက မြေကြီးကို လက်သီးဖြင့် ပိတ်ထိုး၍ အံကြိတ်ကာ နာနာကျည်းကျည်း ပြောလာ၏။

“ဒါ ငါတို့အမှားပဲ၊ ငါတို့ အားနည်းလွန်းလို့၊ ငါတို့ အရှင့်ကို လုံးဝ မကူညီနိုင်တာ၊ ဒါကြောင့် အရှင်နဲ့ စစ်သူကြီးက ငါတို့အတွက် သေသွားရတာ”

“ယီးပဲ ငါတို့ သေသွားသင့်တာ”

ဖေးချမ်နှင့် အခြားသူများ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားခြင်းက သူတို့အသက်ကိုတောင်မှ စွန့်စား၍ သူတို့ခွန်အားကို တိုးတက်လို၍ ဖြစ်ကြောင်း သူတို့ သိနေပါသည်။

ယဲ့ဖန် မသေလျင်တောင်မှ တူညီသော အဖြစ်ကို သူတို့ ထပ်မဖြစ်စေလိုပါ။

“မဟုတ်ဘူး”

ထန်ပုခူ မြေကြီးပေါ် လဲကျသွားပြီး မျက်နှာ ပြာနှမ်းကာ မျက်ရည်ဖြိုင်ဖြိုင် စီးကျလာ၏။

“သေပြီ၊ နတ်ဘုရားလို၊ နတ်ဆိုးလို သန်မာတဲ့ အဲ့လူ တကယ် သေသွားပြီ”

“လူလိမ် ရှင် ကျွန်မကို ဘယ်လိုတောင် လိမ်နိုင်တာလဲ၊ ရှင် ကျွန်မဘဝကို မခါးသီးအောင် လုပ်ပေးချင်တယ်လို့ သေချာ ပြောခဲ့တာလေ”

ထန်ပုခူ အောင့်သက်သက် ပြုံးနေပြီး လက်ရှိတွင် သူမ ရင်ကွဲနေလေသည်။

“အစ်မကျုံး သူက ကျွန်မကို ဘယ်လိုတောင် လိမ်နိုင်ရတာလဲ၊ သူ ကျွန်မကို ညာလို့မရဘူးလေ၊ သူ ကျွန်မကို မျှော်လင့်ချက်တွေ ပေးပြီးမှ ထပ်ပြီး ပျက်စီးအောင် လုပ်တယ်၊ သူ ဘယ်လိုတောင် လုပ်ရက်တာလဲ”

ကျုံးဝမ်၏ အမူအရာက ထုံထိုင်းနေပြီး ပြန်မဖြေနိုင်ချေ။ ဤသည်ကိုမြင်သော် လူတိုင်း၏ မျက်နှာတွင် ဝမ်းနည်းဟန် ပေါ်လာသည်။

ယနေ့တွင် ဝမ်ကောဖူ၌ ဝမ်းနည်းပက်လက် ငိုကြွေးသံများ ထွက်ပေါ်နေ၏။ ထို့နောက် ဒုတိယမြောက်နေ့၌ ဝမ်ကောဖူ တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားပြီး ဘာလက္ခဏာမှ မတွေ့ရတော့ချေ။

နတ်ဆိုးများအားလုံးသည် လောကထဲမှ အငွေ့ပျံသွားသကဲ့သို့ အစအနမရှိ ပျောက်ကွယ်သွားကြသည်။

“ယဲ့ဖန်၊ သူက ဧကရာဇ် ယွီရှန်ကို ရင်ဆိုင်ရဲတဲ့ သတ္တိတောင် မရှိဘူး၊ သူက ကြောက်လွန်းလို့ နေရာမှာတင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာ”

“မင်းတို့ရဲ့ ယဲ့ဘုရင်က နောက်ဆုံးကြတော့ အားနည်းသူတွေကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်တဲ့ ဓားပြတစ်ယောက် သာသာပါလားကွ ဟားဟားဟား”

“ယဲ့ဘုရင် သေပြီဆိုတော့ အင်ပါယာစနစ် တည်ငြိမ်လာတော့မယ်၊ ယဲ့ဖန်ကို ပုလ္လင်ပေါ် တင်ချင်နေတဲ့ အရူးတွေ မင်းတို့ လက်လျှော့လိုက်တော့”

တော်ဝင်မြို့တော်တွင်း၌ လှောင်ပြောင်ပုတ်ခတ်သံများ ပြည့်နှက်နေသည်။ လက်ရှိတွင် ယဲ့ဖန်ကို သေစေချင်‌သော လူများအားလုံး ပျော်ရွှင်နေကြသည်။

သူတို့၏ အသံများသည် အနီးအနားမှ မြို့များထံမှ တုံ့ပြန်သံများကိုပါ ဆွဲဆောင်မိသွားပြီး အားလုံး ပူးပေါင်း၍ ပျော်ပွဲရွှင်ပွဲကြီး ကျင်းပကြသည်။

အကြောင်းမှာ သူတို တော်တင်မြို့တော်နှင့် နီးစပ်သော နေရာများသည် စည်းစိမ်ချမ်းသာ ခံစားနိုင်မည်ကို သိနေသောကြောင့်ပင်။ ယဲ့ဖန်ကြောင့် သူတို့ဘဝ မနစ်နာလိုပါ။ ယဲ့ဖန် သေသွားသည်နှင့် သူတို့၏ ဘဝများ သည်လည်း အာမခံချက် ရှိလာလေပြီ။

“သေပြီ ယဲ့ဖန် အဲ့ခွေးသူခိုး နောက်ဆုံးတော့ သေသွားပြီ၊ ဒီနေ့ ငါ မီးရှူးမီးပန်း ဖောက်ပြီးတော့ကို အောင်ပွဲ ကျင်းပဦးမယ်”

“ယဲ့ဘုရင်ရဲ့ လူတွေကိုရော ဘယ်လိုလုပ်မလဲ၊ သူတို့အားလုံးကို သတ်ပစ်ရမယ်၊ တစ်ယောက်မှ ချန်လို့မရဘူး”

သို့သော် သူတို့၏ အားရကျေနပ်သော အသံများက ကြာကြာပင် မခံလိုက်ဘဲ တိတ်သွားရသည်။ အဘယ်ကြောင့် ဆိုသော် ဧကရီမင်ဟို့သည် သွေးယဇ်ပူဇော်ခြင်း ကျင့်စဉ်ကြောင့် ဆာလောင်နေသောကြောင့်ပင်။

ပထမနေ့၌ သူမသည် တော်ဝင်မြို့တော် အနီးအနားမှ လူတစ်သောင်းကို စုဆောင်း၍ ကျားမမရွေးနှင့် အသက်အရွယ်မရွေး သတ်ဖြတ်ခဲ့သည်။

ဒုတိယနေ့တွင် သူမ ဒုက္ခဖြစ်သလို ခံစားရ၍ တော်ဝင်မြို့တော်ထဲမှ လူများကို မျက်စိရောက်သောကြောင့် နောက်ထပ် လူတစ်သောင်း သေဆုံးပြန်သည်။

ထို့နောက်တွင်မူ နေ့တိုင်း လူတစ်သောင်းတိတိ သူမကြောင်း သွေးယဇ်ပူဇော်ခြင်း၏ စတေးခံများ ဖြစ်လာကြသည်။

ထိုအခါတွင်မှ အုပ်ချုပ်သူအသစ်က မည်မျှ ရက်စက်၍ သွေးဆာကာ သူတို့အား တိရစ္ဆာန်သဖွယ် သတ်ဖြတ် လာသည်ကို လူတိုင်း သတိပြုမိလာသည်။

“အရှင်မ တစ်လကို လူတစ်သောင်းလို့ ပြောခဲ့တာ မဟုတ်ဘူးလား၊ အခု တစ်နေ့ကို လူတစ်သောင်း ဖြစ်နေပြီ၊ ပြီးတော့ အောက်က လူတွေကလည်း ရိပ်မိလာကြပြီ”

ပိုင်ကျန့်ချင်း သတိဖြင့် မေးလိုက်သည်။ သဘောထား ကွဲလွဲသော အသံများက နန်းတော်ထဲသို့ ပိုပို၍ ဝင်ရောက်လာ၏။

အရှေ့ဘက် စီရင်စုငါးခုမှ လူများနှင့် တောင်ဘက် စီရင်စုသုံးခုမှ လူများက ဤသည်ကြောင့် ပုန်ကန်စ ပြုလာသည်။ ပိုင်ကျန့်ချင်းက သူ့အုပ်ချုပ်မှု ထိခိုက်မည်ကို စိုးရိမ်နေသည်။

“ဘာလဲ၊ နင်က ဘာပြောချင်လို့လဲ”

ဧကရီမင်ဟို့က သူ့အား အေးစက်စွာ ကြည့်နေပြီး သူမမျက်လုံးတွင် လူသတ်ချင်ဟန်များ ပေါ်နေသည်။ ပိုင်ကျန့်ချင်း ရုတ်တရက် တုန်လှုပ်သွားပြီး သူ ပြောသည့်စကားကို ပြန်နားလည်သွားကာ ချက်ချင်း ခေါင်းခါ၍ ပြန်ဖြေလိုက်သည်။

“ဒီကျေးကျွန် မပြောရဲပါဘူး၊ ဒီကျေးကျွန်က လူတွေကို ဒီလို အများကြီး ဖမ်းလိုက်တာက အင်ပါယာထဲက ပုရွက်ဆိတ်တွေကို သွေးပျက်သွားအောင် လုပ်မိမှာ စိုးတယ်လို့ တွေးမိရုံလေးပါ၊ အဲ့ဒါကြောင့် သူတို့ ပုန်းတာ၊ ပြည်ပကို ထွက်ပြေးတာ လုပ်ရင် အရှင်မရဲ့ ကျင့်ကြံမှုရဲ့ တိုးတက်မှုကို သက်ရောက်မှာ စိုးလို့ပါ”

ဧကရီ မင်ဟို့က သူမကတိကို ဖျက်ရန် ကြံစည်ထားကြောင်း သူ ရိပ်စားမိသည်။ အစက တစ်လကို လူတစ်သောင်းဟု ပြောသော်လည်း ယခု တစ်လအတွင်း လူသုံးသိန်း ဖြစ်နေ၏။

ဤသို့ ဆက်ဖြစ်နေပါက အင်ပါယာမှ လူများ အနှေးနှင့်အမြန် သေဆုံးသွားလိမ့်မည်။ သို့သော် သူ ဤအာဏာရှင်ကို မတားနိုင်ပါ။

“အင်း နင်အကြံပြုတာက အဆက်အစပ် ရှိတယ်၊ အခုကစပြီး နင့်ရဲမက်တွေကို နယ်စပ်မှာ စောင့်ကြပ်ခိုင်း၊ ဘယ်သူ့ကိုမှ ထွက်ပြေးခွင့် မပေးနဲ့”

ဧကရီမင်ဟို့က ချက်ချင်း အမိန့်ပေးလိုက်ပြီး ပြုံးလေသည်။

“ပြီးတော့ ငါ ကျင့်ကြံမှုကို အရှိန်မြှင့်မှာမို့လို့ တစ်နေ့ကို လူတစ်သိန်း သတ်မယ်၊ ဘာပြောချင်လဲ”

ရုတ်တရက် အေးစက်ခက်ထန်သော အကြည့်တစ်စုံက သူ့အပေါ် ကျလာသည်ဟု ပိုင်ကျန့်ချင်း ခံစားလိုက်မိသည်။ မိစ္ဆာကျင့်စဉ် တဖြည်းဖြည်း တိုးတက်လာလေ သူမကိုယ်မှ မိစ္ဆာ အရှိန်အဝါက ပိုပို၍ ပြင်းထန်လာလေပင်။

“ရပါတယ် အဆင်ပြေပါတယ်”

ပိုင်ကျန့်ချင်း မချိပြုံးပြုံး၍ လက်ခံရုံသာ တတ်နိုင်တော့သည်။ လက်ရှိတွင် သူက အင်ပါယာ၏ ဧကရာဇ် မဟုတ်ဘဲ နယ်ရုပ်တစ်ရုပ်သာ ဖြစ်သည်။

ဤမိစ္ဆာမကြောင့် သူ ဘယ်အချိန် အသတ်ခံရမလဲ သူ မသိပါ။

“ငါ့ဆီကို လူအိုတွေ၊ အားနည်းတဲ့လူတွေ၊ ဖျားနာတဲ့လူတွေနဲ့ မသန်စွမ်းတွေ မခေါ်လာနဲ့၊ ကောင်လေး၊ ကောင်မလေးတွေ ခေါ်လာ၊ သူတို့ရဲ့ နူးညံ့တဲ့အသားနဲ့ မသန့်စင်မှုနည်းတာက ငါ့မိစ္ဆာကျင့်စဉ်အတွက် အများကြီး အကူအညီ ဖြစ်တယ်”

ဧကရီမင်ဟို့က ဆက်ပြောလေသည်။

“ဟုတ်ကဲ့ ဒီကျေးကျွန် အခုပဲ လုပ်လိုက်ပါ့မယ်”

ပိုင်ကျန့်ချင်း အလျင်အမြန် လက်သီးဆုပ်၍ အရိုအသေပေးကာ ကျိုးနွံစွာ နောက်ဆုတ်လိုက်သည်။ ညီလာခံခန်းမ တစ်ခုလုံး၌ လူတစ်ယောက်သာ ကျန်ခဲ့တော့သည်။

ဧကရီမင်ဟို့၏ မျက်နှာတွင် အားရကျေနပ်သော အပြုံးတစ်ခု ပေါ်လာ၏။

“ငါ လူတစ်သိန်းနဲ့ သန့်စင်ရင် ငါ့မိစ္ဆာကျင့်စဉ်က ပြီးပြည့်စုံလာမှာပဲ၊ ဒါဆို ငါ အင်မော်တယ် ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်ပြီ”

“အဲ့အခါကျရင် ဧကရာဇ်ယွီရှန်တောင်မှ ငါ့ကို မတားနိုင်ဘူး၊ ရင်မိသားစုက ငါ့အပိုင်ပဲ၊ ချင်ဧကရာဇ်ရဲ့ သင်္ချိုင်းဂူလည်း ငါ့အပိုင်ပဲ၊ ဒီလောကထဲက အရာအားလုံးက ငါ့အပိုင်ပဲ”

သူမမျက်လုံးတွင် အတောမသတ်နိုင်သော ရည်မှန်းချက်တို့ဖြင့် ပြည့်နှက်နေ၏။

All Chapters