အခန်း ၁၅၃၀
Vol. 102 Ch. 1530
Chapter 1530 မင်းတို့ ဧကရာဇ် ပြန်လာပြီ
ကြောက်စရာကောင်းသော မရဏအငွေ့အသက်က အင်ပါယာတစ်ခုလုံးသို့ လွှမ်းခြုံလာလေသည်။ ထိုအခါတွင်မှ သူတို့ သေမင်းလက်ထဲ တွန်းချခံလိုက်ရကြောင်း သိလိုက်ရသည်။
တော်ဝင်မြို့တော်တွင်း၌ ညတွင်းချင်း လူတစ်သိန်း သေဆုံးသွားသည်။ အင်ပါယာ၏ စစ်သည် တစ်ယောက်ပြီး တစ်ယောက်က သူတို့ကို ဓားဖြင့် ထိုးခုတ်ကြသောကြောင့် သွေးများအိုင်ကာ မြစ်သဖွယ် စီးဆင်းလာသည်။
အခြားသူများက တော်ဝင်မြို့တော်မှ ထွက်ပြေးရန် ကြိုးစားသော်လည်း မြို့တော်၏ မြို့တံခါးများ တင်းကြပ်စွာ ပိတ်ထားပြီး သူတို့ ပြေးစရာမြေ မရှိသည်ကို တွေ့လိုက်ရသည်။
ထိုအခါ သူတို့ သတိဝင်လာ၏။ သူတို့၏ ဧကရာဇ် ပိုင်ကျန့်ချင်းက သူတို့ကို သစ္စာဖောက်သွားလေပြီ။ သူတို့အား ကျားပါးစပ်ထဲ ပို့လွှတ်ခဲ့လေသည်။
“ပိုင်ကျန့်ချင်း ခွေးသူခိုးကောင် မင်း အပြစ်ပေးခံရလိမ့်မယ်၊ မင်း ကောင်းကောင်း မသေစေရဘူး”
“ဟားဟားဟား ဒါ ငါတို့ အရှင်သခင်တဲ့၊ ဒါ ငါတို့ ခစားတဲ့ ဧကရာဇ်တဲ့၊ ဒီလို အရှင်သခင်နဲ့သာဆိုရင် ပြည်သူတွေ ဘာလို့ သေရမှာလဲ၊ ဘာလို့ နိုင်ငံက သေရမှာလဲ”
“ပိုင်ကျန့်ချင်း၊ မင်း … မင်း ကိုယ့်လူမျိုးကိုတောင် မချန်ဘူး၊ မင်းက လူမဟုတ်ဘူး”
အင်ပါယာတစ်ခုလုံး၌ ဆောက်တည်ရာမရ အော်ဟစ်ပြောဆိုသံများ ထွက်ပေါ်နေ၏။ သူတို့ထံတွင် ဘာဖြစ်လာမလဲ ဆိုသည်ကို လူတိုင်းနီးပါး နားလည်လာသောကြောင့် သူတို့ ကြံရာမရ ဖြစ်နေကြသည်။
“အီးဟီးဟီး … ဦးလေး မီးမီးကို မသတ်ပါနဲ့၊ မေမေက ခဏနေ မီးမီးကို ရှာမတွေ့ရင် အရမ်း ဝမ်းနည်းနေမှာ”
ဤသည်ကို တော်ဝင်ရဲမက်များ မြင်သောအခါ အားလုံး မျက်ရည်ကျကြပြီး သူတို့မျက်နှာတွင် အတောမသတ်နိုင်သော လွန်ဆွဲမှုများနှင့် နာကျင်မှုများ ပြည့်နှက်နေသည်။
ဤကလေးမလေးက ဘာအပြစ်မှ မလုပ်ထားပါ၊ သို့သော် သူမ သေကိုသေရမည်။ သူမ သေရမည့် အကြောင်းရင်းကိုတော့ သူတို့ မပြောနိုင်ကြပေ။
သို့သော် စစ်မိန့်သည် လေးလံကြီးမားလှပြီး သူတို့ မနာခံဘဲ မနေနိုင်ပါ။
“ကလေး မင်း … မင်း မျက်လုံးတွေ မှိတ်ထားလိုက်ပါ”
တော်ဝင်ရဲမက်တစ်ယောက်သည် ကလေးမလေးအား တုန်တုန်ရီရီဖြင့် ဓားရွယ်ထားပြီး မျက်နှာတွင် မျက်ရည်များ စီးကျနေ၏။
သူ လူမသတ်ဖူး၍ ဤသို့ ဖြစ်ခြင်း မဟုတ်ပါ။ သူ ကလေးများကို တစ်ခါမှ မသတ်ခဲ့သောကြောင့် ဤသို့ ဖြစ်နေခြင်း ဖြစ်ပေသည်။ ဘာအပြစ်မှ မရှိသော ကလေးတစ်ယောက်ကို သတ်ရမည့်အပေါ် သူ အပြစ်ရှိသလို ခံစားမိနေသည်။
ကြီးလေးသော အပြစ်ရှိစိတ်က နာကျင်မှုအဖြစ် ပြောင်းလဲသွားပြီး သူ့နှလုံးသားအား နှိပ်စက်၍ နေသည်။ သူ့ဓားချက် ကျဆင်းသွားသည်နှင့် သူ့တစ်သက်လုံး ဆေးကြော၍ မရနိုင်သော အပြစ်ကို ထမ်းပိုးမိပြီ ဖြစ်ကြောင်း သူ သိနေပါသည်။
ဤသည်ကိုမြင်သော် ကလေးမလေးက အငိုရပ်သွားပြီး ရဲမက်ကိုပင် နှစ်သိမ့်ပေးလာ၏။
“ဦးဦး မငိုနဲ့နော်၊ ယာယာက လိမ်မာပါတယ်၊ ယာယာ မျက်လုံးမှိတ်ထားမယ်၊ ဦးဦး မငိုနဲ့နော် …”
ထို့နောက် ယာယာဟူသော ကလေးမလေးက မျက်လုံးမှိတ်လိုက်လေသည်။ ကလေးမလေး၏ စကားကြောင့် ထိုရဲမက် ပို၍ ငိုကြွေးလာပြီး မျက်ရည်များ ထိန်းမရအောင် ကျလာကာ ဓားကိုင်ထားသောလက်က တဆတ်ဆတ် တုန်လာသည်။
သို့သော် တစ်ခဏအတွင်း သူ့မျက်လုံးက အေးစက်သွားပြီး မျက်နှာက အေးစက်ခက်ထန်လာကာ ဓားကိုကိုင်ထားသော လက်က အကြောများ ထောင်လာ၏။
“ရွှစ်”
ထို့နောက်တွင်မူ သူ ဓားကို လွှဲယမ်းလိုက်သဖြင့် ယာယာ၏ ဦးခေါင်းက မြေကြီးပေါ် လိမ့်ကျလာသည်။ သူမ သေသည်အထိ မျက်လုံးလေး မှိတ်ထားလေသည်။ သူမသည် သေသည်အထိ ဤရဲမက်အကြောင်းကိုသာ တွေးနေရှာသည်။
“ဘုတ်”
ထိုရဲမက်၏ လက်ထဲမှ ဓားက မြေကြီးပေါ် လွတ်ကျသွား၏။ သူသည် မြေကြီးပေါ် ဒူးထောက်ရင်း ခေါင်းကို လက်ဖြင့် အုပ်၍ နာကျင်စွာ အော်ဟစ်ငိုကြွေးလေသည်။
“မြတ်စွာဘုရား၊ မြတ်စွာဘုရား ကျွန်တော်တို့ကို ကယ်တင်ပေးပါ၊ ဒီမျှော်လင့်ချက်မဲ့နေတဲ့ နိုင်ငံတော်ကြီးကို ကယ်တင်ပေးတော်မူပါ”
အခြားရဲမက်များသည်လည်း မချိပြုံးများဖြင့် ဓားကိုလွှဲယမ်းနေရသည်။ ရဲမက်၏ ဓားက ရန်သူကို မဟုတ်ဘဲ အပြစ်မဲ့သော ပြည်သူပြည်သားများကို သတ်နေရသောအခါ ထိုနိုင်ငံအတွက် အနာဂတ်ဆိုသည်က ရှိပါဦးမည်လော။
သူတို့အတွက် ဘာဂုဏ်ယူစရာမှ မရှိပေ။ ယင်းသည် အပြစ်သာ။ သူတို့အား ရဲမက်ဟူပင် မခေါ်ဆိုထိုက်ချေ။ အကြောင်းမှာ သူတို့သည် ပါးကွက်သားများသာ ဖြစ်သောကြောင့်ပင်တည်း။
….
ညတွင်းချင်း လူတစ်သိန်းတိတိ ဆိုးရွားစွာ သေဆုံးသွားလေသည်။ သတင်းအချက်အလက် ဖွံ့ဖြိုးတိုးတက်သော ယနေ့ခေတ် လူ့အဖွဲ့အစည်းကြောင့် ဤသတင်းက ချက်ချင်း တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားသည်။
တစ်ညတည်းနှင့် လူတစ်သိန်း အသတ်ခံလိုက်ရသည်။ မည်မျှ ကြောက်စရာကောင်းသော သတင်းနည်း။ အင်ပါယာ တစ်ခုလုံးက သားသတ်ရုံအဖြစ် တစ်မုဟုတ်ချင်း ပြောင်းလဲသွားသည်။ ထို့အပြင် သူတို့က အသတ်ခံရမည့် သားကောင်များ ဖြစ်သွားလေသည်။
“ဟားဟားဟား ဒါ မင်းတို့ လေးစားတဲ့ တော်ဝင်မျိုးနွယ်လေ၊ မင်းတို့ လေးစားတဲ့ အင်ပါယာလေ၊ အခု ရလဒ်က ဘာလဲ၊ မင်းတို့ ဧကရာဇ်က မင်းတို့ကို ဘာလုပ်လိုက်သလဲ”
“ယဲ့ဘုရင်ကို စော်ကားတာကိုး၊ ဒါ ဝဋ်လည်တာပဲလေ၊ ငါတို့က နိုင်ငံကို ကသောင်းကနင်း ဖြစ်အောင် လုပ်တဲ့ သူပုန်တွေတို့ မင်းတို့ ပြောခဲ့တယ်လေ၊ မင်းတို့က ဘာလို့ အာဏာရှင်ကို မျက်ကန်းတစ္ဆေလို့ ယုံခဲ့သလဲ”
“ဟားဟားဟား အရူးတွေ သေတာတောင် နည်းသေးတယ်၊ ကောင်းတယ်”
ဤသတင်းကို ကြားပြီးနောက် ယဲ့ဖန်ကို ထောက်ခံသူများက ချက်ချင်း ကျေနပ်ဝမ်းသာသွားကြသည်။ ဤလူများကို သူတို့ မုန်းတီးပါသည်။ ဤလူများက ယဲ့ဖန်၏ သေဆုံးမှုကို ဝမ်းသာပြီး ပျော်ပွဲရွှင်ပွဲပင် ကျင်းပပြီး စော်ကား ပြောဆိုခဲ့သည့်အပေါ် သူတို့ မုန်းတီးသည်။
ထို့ကြောင့် ဤလူများ၏ ဆိုးရွားသော အခြေအနေကို သိလိုက်ရသောအခါ ယဲ့ဖန်ကို ထောက်ခံသူများအားလုံး စိတ်ပါလက်ပါ ရယ်မိကြပြီး တော်ဝင်မြို့တော်မှ ဘေးအန္တရာယ်ကို နှစ်ထောင်းအားရ ကြည့်နေလိုက်သည်။
“ယဲ့ဘုရင် ကျုပ်တို့ မှားမှန်း သိပါပြီ၊ ကျေးဇူးပြုပြီး ပြန်လာပေးပါ၊ ကျုပ်တို့ တကယ် မှားမှန်း သိပါပြီ”
“ယဲ့ဘုရင် ပေါ်လာပေးဖို့ တောင်းဆိုပါတယ်၊ ကျွန်တော်တို့ကို ကယ်ပေးသရွေ့ ကျွန်တော်တို့ တစ်သက်လုံး သူ့ဆီမှာပဲ ခစားပါ့မယ်”
“နတ်ဆိုးစစ်တပ် ဘယ်မှာလဲ၊ ငါတို့ကို ကယ်ပါဦး၊ အခု ခင်ဗျားတို့ပဲ ငါတို့ကို ကယ်နိုင်မှာ”
ယဲ့ဖန်နှင့် နတ်ဆိုးမျိုးနွယ်များ နုတ်နုတ်စင်းခံရပါစေဟု တစ်ခါက ဆုတောင်းခဲ့သော ထိုမြို့တော်မှ လူများသည် ယခု သူတို့ကို ကယ်ပေးရန် အသည်းအသန် တောင်းဆိုနေကြလေသည်။
ရယ်ချင်စရာ ကောင်းလှပါ၏။ တတ်လည်းတတ်နိုင်ကြပေသည်။
…
ချင်ဧကရာဇ်၏ သင်္ချိုင်းဂူအတွင်း၌ ယဲ့ဖန်သည် ပိုင်ရွှယ်အား ပွေ့ဖက်၍ ဆက်တိုက် အောက်သို့ နိမ့်ဆင်းနေပြီး နောက်ဆုံးတွင် မိုင်ထောင်ချီ ကွာဝေးသော ချင်ဧကရာဇ်၏ သင်္ချိုင်းဂူသို့ ခြေချမိသည်။
“အရူး ရှင် ဘာလို့ ဒီလောက် ရူးမိုက်ရတာလဲ”
ပိုင်ရွှယ်က ယဲ့ဖန်ကို နာကျင်ဒေါသထွက်သော အကြည့်များဖြင့် ကြည့်နေသည်။ သူမအတွက်နှင့် ယဲ့ဖန်ကို မသေစေချင်ပါ။ ချင်ဧကရာဇ်၏ သင်္ချိုင်းဂူသို့ ခြေချလျင် သေလမ်းသာ ရှိပေသည်။
အဘယ်ကြောင့်ဆိုသော် ဤချင်ဧကရာဇ်၏ သင်္ချိုင်းဂူအတွင်း၌ နဂါးကိုးကောင်က နဂါးသွေးကြောအသွင် ပြောင်းပြီး ကာကွယ်နေသည်ဟူသော ကောလာဟလများ ရှိသည်။ ရင်မိသားစုမှလူများမှတစ်ပါး အခြားသူများ သေပွဲဝင်ရလိမ့်မည်။
သူမနှင့် ယဲ့ဖန် သေရပေတော့မည်။
*တကယ်ပါပဲ*
တစ်ခဏကြာသော် အဝေးမှ နှိုင်းယှဉ်မရသော စွမ်းအင်တစ်ခုက မီးတောင် ပေါက်သကဲ့သို့ ရုတ်တရက် ပျံ့လွင့်လာပြီး ယဲ့ဖန်တို့ နှစ်ယောက်ကို လွှမ်းခြုံလာသည်။
ပိုင်ရွှယ်က ယဲ့ဖန်၏ အင်္ကျီကော်လာကို ကိုင်၍ မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
“ကျွန်မ တောင်းပန်ပါတယ်၊ ရှင် ကျွန်မနဲ့ မတွေ့ခဲ့ရင် သိပ်ကောင်းမှာပဲ”
အကယ်၍ ယဲ့ဖန်သာ သူမနှင့် မဆုံခဲ့လျင် သူ ဤသို့ ခံစားရမည် မဟုတ်ပါ။ ရုတ်ချည်းဆိုသလိုပင် ကြောက်စရာကောင်းသော စွမ်းအင်လှိုင်းက နီးသထက် နီးကပ်လကာ ယဲ့ဖန်တို့ နှစ်ယောက်ကို ချက်ချင်း တိုက်ခိုက်လာ၏။
ထို့နောက် နဂါးကိုးကောင် အရိပ်က တစ်ပြိုင်တည်း ပေါ်လာပြီး တစ်ကိုယ်လုံး မျက်စိကျိန်းလောက်အောင် တောင်ပနေကာ မျက်လုံးများက စူးရှနေပြီး သူတို့နှစ်ယောက်ကို ဝိုင်းလာသည်။
“ချင်ဧကရာဇ်ရဲ့ သင်္ချိုင်းဂူကို ကျူးကျော်တဲ့လူတိုင်း သေရမယ်”
ချက်ချင်းဆိုသလိုပင် ကြမ်းကြုတ်ခက်ထန်သော အော်သံက ဤနေရာသို့ ပဲ့တင်ထပ်သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံး တုန်ခါလာကာ အရှိန်အဝါက ကြောက်စရာ ကောင်းလှသည်။
ပိုင်ရွှယ် ရုတ်တရက် တုန်လှုပ်သွားသည်။ တစ်ဖက်မှ ဖိအားက သူမ စိတ်နှလုံးနှင့် ဝိညာဉ်ကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်စေလုနီးပါးပင်။ ယင်းက အရိုးထဲအထိ ကြောက်ရွံ့တုန်လှုပ်စေသော ခံစားချက်ပင်။
သို့သော် ယဲ့ဖန်က အသက်ပြင်းပြင်းရှူလိုက်ပြီး ပြန်ငေါက်လိုက်သည်။
“ပါးစပ်ပိတ်ထားစမ်း”
ပြင်းထန်ကြမ်းကြုတ်သော အရှိန်အဝါက ရုတ်တရက် လွှမ်းမိုးလာသည်။ ချက်ချင်းဆိုသလိုပင် ထိုအရှိန်အဝါက အရာအားလုံးကို ငြိမ်သက်သွားစေသည်။
အရှေ့မှ နဂါးကိုးကောင်သည်လည်း ချောက်ချားသွားပြီး နားဝေတိမ်တောင်ဖြစ်ကာ သရဲကို တွေ့လိုက်ရသကဲ့သို့ အံ့ဩမှင်တက်နေ၏။
“မဖြစ်နိုင်ဘူး ဒါ လုံးဝ မဖြစ်နိုင်ဘူး”
ချက်ချင်းဆိုသလိုပင် တစ်ကောင်က ထအော်လာပြီး သူ့မျက်လုံးတွင် မယုံနိုင်ဟန်များ ပေါ်လွင်နေသည်။ စိုးရိမ်ပူပန်လွန်းသဖြင့် အသံပင် ပြောင်းနေသည်။
ထိုအခိုက်တွင် နဂါးကိုးကောင်သည် အလွန် ထိတ်လန့်သော အမူအရာဖြစ်နေပြီး တစ်ကိုယ်လုံး အေးစက်ကာ တုန်ယင်နေလေသည်။
သူတို့အရှေ့မှလူက သူတို့ မျှော်လင့်နေသောလူ ဖြစ်နေလိမ့်မည်ဟု မယုံကြည်နိုင် ဖြစ်နေပုံရသည်။
“မင်း … မင်းက ကျူးလုံ ဧကရာဇ်လား”
နဂါးတစ်ကောင်က ယဲ့ဖန်အား ထိုးဖောက်မြင်ချင်နေသကဲ့သို့ စိုက်ကြည့်၍ တုန်ယင်နေသော အသံဖြင့် မေးလာသည်။
အခြားသော နဂါးအရိပ်များကလည်း ယဲ့ဖန်အား တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ မျှော်လင့်စောင့်စား နေပုံပေါ်သည်။
နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့သဖြင့် သူတို့ ယဲ့ဖန်၏ ပုံပန်းသွင်ပြင်ကို မေ့လျော့သွားသည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် သူတို့ ယဲ့ဖန်၏ အရှိန်အဝါကို မမေ့သွားပါ။
*ကျူးလုံဧကရာဇ်လား*
ပိုင်ရွှယ်ကလည်း ယဲ့ဖန်အား မယုံနိုင်သကဲ့သို့ ထိတ်လန့်သော အမူအရာဖြင့် ကြည့်နေသည်။ ချင်ဧကရာဇ်၏ သင်္ချိုင်းဂူတွင်း၌ ကျူးလုံ ဧကရာဇ်ဟု ခေါ်ခံရခြင်းအား ဉာဏ်ထက်သော ပိုင်ရွှယ်က ယဲ့ဖန်၏ နောက်ခံကို ဘယ်လိုလုပ် မစဉ်းစားမိဘဲ နေမည်နည်း။
ယဲ့ဖန်က ပြုံးတုံ့တုံ့ဖြင့် ပြန်ပြောလိုက်သည်။
“ငါ အစက မင်းကို ပြောပြဖို့ အခွင့်အရေး ရှာပါသေးတယ်၊ ဒါပေမဲ့ ဘယ်တုန်းကမှ အခွင့်အရေး မရလိုက်ဘူး”
ထိုစကားက သူ့နောက်ခံကို သူ ဝန်ခံလိုက်သလို ဖြစ်သွားသည်။ ထိုအခါ ပိုင်ရွှယ် ထိတ်လန့် ချောက်ချားသွားသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ယဲ့ဖန်က ရှေးအတိတ်တုန်းက ရှိခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်နေတာလား*
*ဒီကိုးပြည်နယ်မှာ ကျော်ကြားတဲ့ ဧကရာဇ် ကိုးပါးထဲက တစ်ပါးလား*
သူမက ရီဝေဝေ အမူအရာဖြင့် ပြောလာသည်။
“ကျွန်မက ရှင့်ကို ချီးကျူးပြောဆိုနေတဲ့ စကားလို့ပဲ ထင်နေမိတာ၊ ကျွန်မ တကယ် မထင်ထားဘူး …”
ထန်ပုခူနှင့် အခြားသူများက ယဲ့ဖန်က ကျူးလုံ ဧကရာဇ် ဖြစ်ကြောင်း တစ်ကြိမ်မက ပြောဖူးသည်ကို သူမ ကြားဖူးသော်လည်း အလေးအနက် မထားခဲ့ပေ။ သူတို့က အလွန်အကျွံ လေးစားကြည်ညိုသောကြောင့် တင်စားခြင်းသာ ဖြစ်မည်ဟု ထင်ခဲ့သည်။
သို့ရာတွင် ယဲ့ဖန်က ကျူးလုံ ဧကရာဇ် အစစ်အမှန် ဖြစ်နေလိမ့်မည်ဟု ထင်မထားမိပါ။ သူမ၏ လူက ဧကရာဇ် ကိုးပါးထဲက တစ်ပါးတဲ့လား။ ဤခံစားချက်က အိပ်မက်ဆန်လွန်းလှသည်။ ချက်ချင်းဆိုသလိုပင် ပိုင်ရွှယ်၏ မျက်နှာ၌ အပြုံးပန်း ဝေလာ၏။
*ရှင် လွှမ်းမိုးပြီး မောက်မာနိုင်လွန်းတာ အံ့ဩစရာ မရှိတော့ဘူး၊ ရှင် ဘဝမြင့်တာလည်း အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ ရှင် မကြောက်တတ်တာကလည်း အံ့ဩစရာ မဟုတ်တော့ဘူးပဲ*
*ရှင်က သမိုင်းထဲက ဒဏ္ဍာရီလာ ဧကရာဇ် ဖြစ်နေတာကိုး*
ထို့နောက် ယဲ့ဖန်၏ အကြည့်က နဂါးများပေါ် ကျရောက်လာပြီး ထည်ဝါမြင့်မြတ်သော ဧကရာဇ် တစ်ပါး၏ အရှိန်အဝါ ထွက်ပေါ်လာသည်။
“ငါ့ကို စောင့်နေပေးလို့ ကျေးဇူးတင်တယ်”
သူ သေဆုံးသွားစဉ်အခါက နဂါးကိုးကောင်ကို တာဝန်မှ လွတ်လပ်ခွင့် ပေးထားပြီးသား ဖြစ်သည်။ သို့သော် နဂါးများက ဘယ်သောအခါကမှ ထွက်မသွားဘဲ သူနှင့်အတူ ဧကရာဇ်၏ သင်္ချိုင်းဂူထဲ၌ ချိပ်ပိတ်ခံလိမ့်မည်ဟု သူ ထင်မထားမိပါ။ အထီးကျန်မှုကို နှစ်ထောင်ချီ သည်းခံပြီး သူ့အတွက် လောကကြီး ငြိမ်းချမ်းအောင် ကာကွယ် စောင့်ရှောက်ပေးသည်။
သူ့စကားကိုကြားသော် နဂါးများက ရုတ်တရက် အော်ဟစ်လာပြီး တစ်ကောင်ပြီး တစ်ကောင် မျက်ရည်များ ကျဆင်းလာကာ ယဲ့ဖန်၏ ခြေဖဝါးရှေ့၌ ဝမ်းလျားမှောက် ငိုကြွေးလေတော့သည်။
“အရှင်မင်းမြတ် နောက်ဆုံးတော့ ပြန်လာပြီပဲ၊ အရှင် တစ်နေ့ ပြန်လာလိမ့်မယ်ဆိုတာကို ကျွန်တော်မျိုးတို့ သိနေတယ်၊ ကျွန်တော်မျိုးတို့ တစ်ခါမှ သံသယ မဝင်ခဲ့ဘူး”
*အဲ့ဒီလူ ပြန်လာပြီ*
*ကောင်းကင်ဘုံကိုတောင် ဟာသလုပ်နိုင်တဲ့ အဲ့လူ ပြန်လာပြီ*
*နတ်ဘုရားအားလုံးကို ဦးညွှတ်အောင် လုပ်ခဲ့တဲ့ အဲ့ဒီလူ ပြန်လာပြီပဲ*
“အရှင်မင်းမြတ် ပြန်လာသရွေ့ ကျွန်တော်မျိုးတို့ တစ်သက်လုံး နေရလည်း နောင်တမရပါဘူး*
နှစ်ထောင်ချီအောင် စောင့်ဆိုင်းနေရသည့် အကြောင်းရင်းက သူတို့ ယုံကြည်ချက် တစ်ခုတည်းကြောင့်သာ။ သူတို့၏ နတ်ဘုရား တစ်ဖန် ပြန်လာပြီး သူတို့အား ခရီးသစ်တစ်ခုကို ဦးဆောင်ခေါ်ဆောင်သွားကာ သူတို့၏ ယခင် ဂုဏ်ကျက်သရေကို ပြန်ယူဆောင်လာလိမ့်မည်ဟု ယုံကြည်ထားကြသည်။
“မင်းတို့ ငါ့နောက်ကို လိုက်ပြီး ခစားချင်စိတ် ရှိသေးလား”
ယဲ့ဖန်က ပြုံး၍ နဂါးများကို ကြည့်နေသည်။ ထိုစကားကို ကြားသော် နဂါးများက ပြိုင်တူ ပြန်ဟစ်ကြွေးလာသည်။
“ကျွန်တော်မျိုး မသေမချင်း တစ်သက်လုံး သစ္စာမဖောက်ပါဘူး”
“ကျို့လုံ ကိုယ့်နေရာ ကိုယ်ပြန်တော့”
ယဲ့ဖန် မာန်နှင့် အော်ငေါက်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် နဂါးကိုးကောင် သံပြိုင် ဟိန်းဟောက်လာပြီး ထိုအသံက နတ်ဗုံ မြည်ဟီးသကဲ့သို့ တစ်လောကလုံးကို လှုပ်ခါသွားစေသည်။
နဂါးကိုးကောင်သည် ရုတ်တရက် ပေါင်းစပ်သွားပြီး မျက်စိကျိန်းလောက်သည့် ရောင်စုံ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် တစ်မူထူးခြားပြီး ထည်ဝါသော ကြေးနီရောင် သုံးချောင်းထောက် မီးလင်းဖို တစ်ခုအသွင် ပြောင်းလဲ သွားလေသည်။
ကျူးလုံတင်း နဂါးကိုးကောင် မီးလင်းဖို။ ကိုးပြည်နယ်၏ ပထမဦးဆုံး နတ်မီးလင်းဖို။
ကိုးပြည်နယ်မှ နဂါးသွေးကြော ကိုးခုကို ရှေးကျူးလုံဧကရာဇ်က ပိုင်ဆိုင်ခဲ့ပြီး နောက်ဆုံးတွင် နဂါးကိုးကောင်၏ စွမ်းအားဖြင့် နတ်မီးလင်းဖိုတစ်ခုကို တည်ဆောက်ခဲ့သည်။
၎င်း၌ ပို၌ မြင့်မားသော အဓိပ္ပာယ် ရှိသည်။ နဂါးသည် တော်ဝင်စွမ်းအား၏ သင်္ကေတတစ်ခု ဖြစ်သည်။ တင်းဟူသည်မှာ ထင်ပေါ်ကျော်စောခြင်း၊ ဂုဏ်သိက္ခာနှင့် ခံ့ညားထည်ဝါခြင်းဟု အဓိပ္ပာယ် ရသည်။
နဂါးကိုးကောင် မီးလင်းဖိုသည် အထွတ်အထိပ်ကို ကိုယ်စားပြုလေသည်။
ယဲ့ဖန်သည် မီးလင်းဖိုအား လက်တစ်ဖက်ဖြင့် ကိုင်မြောက်၍ အားပါးတရ ရယ်ကာ ကြွေးကြော်လိုက်သည်။
“ချင်ခေတ်က လူတွေ၊ မင်းတို့ ဧကရာဇ် ပြန်လာပြီ”
စာစဉ် ၁၀၂ ဤတွင် ပြီးပါပြီ။