အခန်း ၁၅၃၂
Vol. 103 Ch. 1532
Chapter 1532 နောက်ထပ် သားရဲကိုစားခြင်း
ယဲ့ဖန်၏ ခန္ဓာကိုယ်မှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီး သွေးပွက်ပွက်ဆူကာ နတ်ဆိုးစွမ်းအင်များ ပြည့်နှက်နေသော အနက်ရောင် စွမ်းအင်လှိုင်းက ခန္ဓာကိုယ်မှ အဆက်မပြတ် ထွက်လာပြီး ကောင်းကင်ကို အုပ်မိုးလေသည်။
“ချီးပဲ ဒါ ဘယ်လိုအရှိန်အဝါကြီးလဲ”
ရုတ်တရက် ရှေးဟောင်းသားရဲတစ်အုပ်လုံး ကြက်သီးထသွားသည်။ ဤအရှိန်အဝါက မိစ္ဆာဆန်ပြီး ကြမ်းကြုတ်သည်ဟု သူတို့ ခံစားမိနေ၏။
မသိလျင် နှစ်ပေါင်းများစွာ အိပ်ပျော်နေသော ရှေးနတ်ဆိုးတစ်ကောင် နိုးထလာသည်ဟု ထင်မှတ်ရသည်။
*ဒီလူက ငရဲက လာသလိုပဲ*
ထိုအခိုက်တွင် နှစ်ဖက်လုံး ထပ်မံ ရင်ဆိုင်တိုက်ခိုက်ပြန်သည်။ ထို့နောက် မယုံနိုင်စရာကောင်းသော အရာမှာ ရှေးမိစ္ဆာလူဝံ နောက်တစ်ကြိမ် လွင့်ထွက်သွားခြင်းပင်။ ထို့အတူ သူ့ကိုယ်ပေါ်မှ မှော်သံချပ်ကာ တစ်စစီ ပျက်စီးကြေမွသွားသည်။
ယဲ့ဖန်၏ လက်သီးတွင် ပျံ့နှံ့နိုင်သော စွမ်းအင်တစ်ခု ရှိပုံရသည်။ ၎င်းက ရှေးမိစ္ဆာလူဝံ၏ သံချပ်ကာအောက်မှ အရေပြားကို စုတ်ပြတ်သွားစေပြီး သွေးများ ရုတ်တရက် ပန်းထွက်လာ၏။
ရှေးမိစ္ဆာလူဝံသည် မီတာတစ်ရာမျှ လွင့်ထွက်သွားပြီးမှ မြေကြီးပေါ် ဘုန်းခနဲ ပြုတ်ကျသွားသည်။ ဤမြင်ကွင်းကြောင့် ရှေးဟောင်း သားရဲများအားလုံး စကားမပြောနိုင် ဖြစ်သွားရသည်။
*ဒါကြီးက အရမ်းကို လက်တွေ့မဆန်လိုက်တာ၊ သေးနုပ်တဲ့ လူသားတစ်ယောက်က ရှေးမိစ္ဆာလူဝံကို လက်သီးတစ်ချက်တည်းနဲ့ မှောက်သိပ်လိုက်တယ်ပေါ့*
*ငါတို့ အမြင်များ မှားနေသလား*
ရှေးဟောင်း သားရဲတစ်အုပ်သည် ကြောက်ရွံ့ခြင်းများ ပြည့်နှက်နေသော အကြည့်များဖြင့် ယဲ့ဖန်အား စုပြုံ၍ ကြည့်လာကြသည်။
*မဟုတ်မှလွဲရော ဒီလူက လူရေခြုံထားတဲ့ ရှေးဟောင်းသားရဲများလား*
“ဂါး”
ရှေးမိစ္ဆာလူဝံ ထပ်မံ၍ အော်ဟစ်ပြန်သည်။ သူ အလွန်အမင်း ဒေါသထွက်နေ၏။ လူသားတစ်ယောက်ထံ၌ ထပ်ခါ ထပ်ခါ ရှုံးနိမ့်ခြင်းက သူ့အတွက် ရှက်စရာပင်။
“မင်းတို့ကောင်တွေ မတိုက်ကြသေးဘူးလား”
ရှေးမိစ္ဆာလူဝံက ရှေးဟောင်းသားရဲများကို အော်ငေါက်လိုက်သည်။ သူက ယဲ့ဖန်၏ ပြိုင်ဘက် မဟုတ်ကြောင်း သူ သိလိုက်ပြီ ဖြစ်သည်။ လက်ရှိတွင် သူ့အပေါင်းအပါများကိုသာ သူ မှီခိုနိုင်တော့သည်။
ရှေးဟောင်းသားရဲများက အချင်းချင်း ပြန်ကြည့်လိုက်ပြီးမှ ယဲ့ဖန်ထံ ပြေးတက်လာကြသည်။ ချက်ချင်းဆိုသလိုပင် စူးရှသော အလင်းများ ထွက်ပေါ်လာပြီး ထည်ဝါသော စွမ်းအင်များ ပျံ့နှံ့လာကာ ယဲ့ဖန်အား လွှမ်းခြုံလာသည်။
ရှေးမိစ္ဆာလူဝံတွင် အစ်ကိုတစ်ယောက် ရှိသည်။ ထိုသူသည် ဤချင်ဧကရာဇ်၏ သင်္ချိုင်းဂူအတွင်း၌ နိုင်လိုမင်းထက် ပြုမူသူ ဖြစ်သည်။ သူတို့ သူ့ကို မကယ်နိုင်သည်ကို သူ့အစ်ကိုသာ သိသွားပါက ရှေးမိစ္ဆာလူဝံ၏ အစ်ကိုက သူတို့အားလုံးကို သတ်ပေလိမ့်မည်။
“လူဝံကို စားမရမှတော့ မင်းတို့ကို စားရတာပေါ့”
ယဲ့ဖန်က မျက်နှာရှစ်ခေါက်ချိုးဖြင့် မျက်မှောင်ကြုတ်နေ၏။ သူတို့က သူ့ကို အရင် ရန်ရှာလာခြင်း ဖြစ်သည်။ လက်ရှိတွင် သူ့၌ မည်သို့သော ညှာတာမှုမျိုးမျှ မရှိတော့ဘဲ လက်သီးကို ဆုပ်၍ အကြမ်းပတမ်း ထိုးနှက် လေတော့သည်။
“လူသားလေး မင်းက တော်တော် အပြောကြီးပါလား၊ မင်း အရင် သေသင့်တဘ်”
မီတာတစ်ရာမျှ ကြီးမားသော မြွေကြီးတစ်ကောင်က ရက်စက်သော အရိပ်အယောင်များ တောက်ပနေသော မျက်လုံးတို့ဖြင့် ယဲ့ဖန်အား စိုက်ကြည့်၍ သူ့ထံသို့ အဆိပ်ငွေ့ မှုတ်ထုတ်လေသည်။
ဤအဆိပ်က အလွန် ပြင်းထန်ပြီး ရှေးမိစ္ဆာလူဝံတောင်မှ တောင့်မခံနိုင်ချေ။ တစ်ကြိမ် ထိမိသည်နှင့် ချက်ချင်း သွေးအိုင်အဖြစ် ပြောင်းလဲသွားကောင်း ပြောင်းလဲသွားနိုင်၏။
သို့သော် ထိုအခိုက်တွင် ယဲ့ဖန်က သူ့ခေါင်းထက်သို့ လွှားခနဲ ပြေးတက်လာပြီး အပြုံးဖြင့် ပြောလိုက်သည်။
“ဒီနေ့ မြွေစွပ်ပြုတ် လုပ်စားရမယ်”
ထိုစကားကိုကြားသော် မြွေကြီးသည် ကြက်သီးထသွားပြီး ပြန်တုံ့ပြန့်ရန် ပြင်လေသည်။ သို့သော် ယဲ့ဖန်က သူ့ဦးခေါင်းကို လက်ဝါးဖြင့် ရိုက်ချလာ၏။
ထိုအခါ ဧရာမမြွေကြီးသည် ယဲ့ဖန်ကြောင့် နှစ်ပိုင်းပြတ်သွားပြီး ပွဲချင်းပြီး သေဆုံးသွားတော့သည်။ ဤသည်ကို မြင်သော် ရှေးမိစ္ဆာလူဝံနှင့် အခြား ရှေးဟောင်းသားရဲများ ကြက်သီးထကာ လိပ်ပြာလွင့်မတတ် လန့်သွားသည်။
*ငါတို့ထဲက တစ်ယောက်က ဘယ်လိုလုပ် သူ့ဆီမှာ အလွယ်တကူ သေရတာလဲ*
*ယီးပဲ ဘယ်လိုလုပ် ဒီကောင်က အရမ်း သန်မာနေတာလဲ*
*ရှေးမိစ္ဆာလူဝံကို လက်သီးနဲ့ ထိုးပြီး ဒီဧရာမမြွေကြီးကို သတ်တယ်၊ ကြမ်းလွန်းတယ်*
ထို့နောက်တွင်မူ ယဲ့ဖန် နောက်ပြန်လှည့်ကြည့်လာပြီး ရှေးဟောင်းသားရဲ တစ်ကောင်ချင်းစီအား သတ်ဖြတ်ချင်စိတ် ပြည့်နှက်နေသော မျက်လုံးတို့ဖြင့် ကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်နေ၏။
“အမဲသားကင်၊ ဝက်ဝံလက်သည်းပေါင်း၊ ငါးပေါင်း၊ ကြက်ကင်”
ထိုစကားကို ကြားသော် ရှေးဟောင်းသားရဲတစ်သိုက်သည် ရုတ်တရက် ဒေါသထွက်သော အော်သံများဖြင့် ဟစ်အော်လာပြီး ယဲ့ဖန်ကို သည်းကြီးမည်းကြီး တိုက်လေသည်။
*ဒီခွေးမသားကတော့ …*
*ငါတို့အားလုံးကို ဟင်းလျာအဖြစ် ပြောင်းဖို့ ကြံနေတာပဲ၊ တော်တော် လွန်သွားပြီ၊ ဒါ ငါတို့ ရှေးဟောင်းသားရဲရဲ့ ဂုဏ်သိက္ခာကို နင်းချေပစ်တာ*
သို့သော် ထိုအခိုက်တွင် တစ်လောကလုံး တုန်ခါလာပြီး တာအိုစွမ်းအင်လှိုင်းတစ်ခု ရိုက်ခတ်လာ၏။ ယဲ့ဖန်က ဆက်တိုက် လက်သီးများ ပစ်သွင်းနေသဖြင့် လေဟာနယ် အက်ကွဲလာသည်ကို သူတို့ တွေ့လိုက်ရသည်။ အဖျက်စွမ်းအင်က တားမရအောင် ပျံ့လွင့်နေသည်။
လက်ရှိတွင် ယဲ့ဖန်သည် ဤလောက၏ တစ်ဦးတည်းသော အစစ်အမှန် နတ်ဘုရားအဖြစ် ပြောင်းလဲသွားသည်ဟု ထင်မှတ်ရသည်။ သူသည် အလွန် ရက်စက်ကာ လွှမ်းမိုးနိုင်လွန်းသည်။ လက်သီးချက်တိုင်းတွင် လောကကို ဖျက်ဆီးနိုင်သော စွမ်းအင်လှိုင်း ပါရှိနေပြီး ယင်းက သူ့အရှေ့မှ ရှေးဟောင်း သားရဲများကို ရိုက်ချိုးလေသည်။
“မကောင်းတော့ဘူး နောက်ဆုတ်ကြ”
ရှေးဟောင်းသားရဲများ အော်ဟစ်လာပြီး အကြီးအကျယ် မျက်နှာ ပျက်ယွင်းနေကာ ကြောက်စိတ်များ ပြည့်နေသော မျက်လုံးတို့ဖြင့် အသည်းအသန် နောက်ဆုတ်ကြသည်။
ဤမြင်ကွင်းက အလွန် ထူးဆန်းလွန်းသည်။ တောင်တစ်လုံး အရွယ်အစားမျှရှိသော ရှေးဟောင်း သားရဲတစ်သိုက်က သေးနုပ်သော လူသားတစ်ယောက်ထံ၌ ဆက်တိုက် တွန်းလှန်ခံရသည်တဲ့လား။
သို့သော် သူတို့ ခြေတစ်လှမ်း နောက်ကျသွားချေပြီ။ မိစ္ဆာနွားသိုးတစ်ကောင်သည် ယဲ့ဖန်၏ လက်သီးစာမိကာ ကျိုးကြေသွားလေတော့သည်။
အခြားရှေးဟောင်းသားရဲများလည်း အထိနာသွားပြီး ထိုးနှက်ခံရပြီးသည်နှင့် လွင့်ထွက်ကာ တဘုန်းဘုန်း ပြုတ်ကျ၍ အကြီးအကျယ် ထိခိုက်သွားကြသည်။
လက်ရှိတွင် ရှေးဟောင်းသားရဲများအားလုံး ကြက်သေ သေနေ၏။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အဲ့လူရဲ့ ရုပ်ခွန်အားက ငါတို့အားလုံး ပေါင်းတာထက် ပိုကြောက်စရာ ကောင်းတာလား*
အထူးသဖြင့် ရှေးမိစ္ဆာလူဝံသည် လက်ရှိတွင် တစ်ကိုယ်လုံး ရစရာမရှိ ဖြစ်ကာ သွေးများ ဆက်တိုက် စိမ့်ထွက်နေပြီး ပို၍ ဒဏ်ရာများနေသည်။
ရှေးမိစ္ဆာလူဝံ နားဝေတိမ်တောင် ဖြစ်နေလေသည်။ မူလက ယဲ့ဖန်တို့နှစ်ယောက်ကို ဖမ်း၍ သတ်စားရန် ကြံစည်ထားသော်လည်း အဆုံးသတ်တွင် သူတို့သာ ရိုက်နှက်ခံလိုက်ရသည်။ ယခု သူတို့က ယဲ့ဖန်၏ တရုတ်ဟင်းလျာများ ဖြစ်လာနိုင်သောကြောင့် ဝမ်းနည်းနေကြသည်။
လက်ရှိတွင် ရှေးဟောင်းသားရဲများ အလွန် ကြောက်ရွံ့နေကြသည်။ တစ်ဖက်လူ၏ တိုက်ပွဲဝင်ခွန်အားက ပြိုင်ဘက်ကင်းလှသည်။
ထိုသို့သောအချိန်၌ သူတို့အားလုံး၏ စိတ်ထဲတွင် ကြောက်စိတ်များ ပြည့်နှက်နေပြီး ဤနတ်ဆိုးကို ရှောင်ရှားရန် ထွက်ပြေးရန် ကြံစည်ကြတော့သည်။
သို့သော် ထိုစဉ် ရှေးမိစ္ဆာလူဝံက ရုတ်တရက် အော်ပြောလာ၏။
“သူ့အဖော်ကိုဖမ်းပြီး သူ့ကို ခြိမ်းခြောက်ကြ”
ထိုအခါ ရှေးဟောင်းသားရဲများ ချက်ချင်း စိတ်လှုပ်ရှားသွားပြီး အသိပြန်ဝင်လာသည်။ ပိုင်ရွှယ်က ယဲ့ဖန်၏ အမျိုးသမီး ဖြစ်ကြောင်း သူတို့ ရိပ်စားမိသည်။
သူ့အမျိုးသမီးကို ဖမ်းနိုင်သည်နှင့် သူတို့ ဤကောင်လေးကို အညံ့ခံရန် ဖိအားပေးနိုင်လောက်သည်။ တစ်ခဏအတွင်း ရှေးဟောင်း သားရဲတစ်အုပ်က ပိုင်ရွှယ်ထံ ပြေးဝင်သွားကြသည်။
ပိုင်ရွှယ်သည် အလွန် ကြောက်လန့်လွန်းသဖြင့် အော်သံပင် ထူးဆန်းသောအသံ ပေါက်နေ၏။ သို့သော် ယဲ့ဖန်က တစ်ဖက်အဖွဲ့၏ မသိနားမလည်မှုကို သရော်သကဲ့သို့ လှောင်ရယ်လေသည်။
ရှေးဟောင်းသားရဲတစ်ချို့က လေတိုးသကဲ့သို့ လျင်မြန်စွာ ပိုင်ရွှယ်ထံ ရောက်လာပြီး လက်ကိုဆန့်ကာ နဂါးကိုးကောင် မီးပြင်းဖိုထဲမှ ပိုင်ရွှယ်ကို ဆွဲဖမ်းလေသည်။
“ဂါး”
ထိုအခိုက်တွင် နဂါးကိုးကောင်က ပြိုင်တူ ဟိန်းလာသောကြောင့် တစ်လောကလုံး တုန်ခါလာသည်။ နဂါးကိုးကောင် မီးပြင်းဖို၏ ပြင်းထန်သော လူသတ်လိုစိတ်က ကောင်းကင်ယံကို လွှမ်းမိုးကာ စကြဝဠာတွင်းမှ တောက်ပသော အလင်းတန်းသဖွယ် ဖြစ်သွားပြီး အားဖြင့် ရိုက်ချလေသည်။
“နဂါးကိုးကောင်လား၊ သေစမ်း သူတို့က ဘယ်လိုလုပ် ဒီရောက်နေတာလဲ”
“မကောင်းတော့ဘူး အရူးလုပ်ခံလိုက်ရပြီ”
“မဖြစ်ဘူး”
ရှေးဟောင်းသားရဲ တစ်အုပ်သည် ရုတ်တရက် အလန့်တကြား အော်ဟစ်လာပြီး ကြောက်လန့်လွန်းသဖြင့် အမွေးများပင် တုန်နေ၏။
ထိုစဉ် အဖျက်စွမ်းအင်တစ်ခုက သူတို့ထံ ပျံ့လွင့်လာပြီး လူသတ်လိုသော အငွေ့အသက်က ကြမ်းကြုတ် ရက်စက်စွာ ကျရောက်လာ၏။
ထိုရှေးဟောင်းသားရဲများထံမှ သွေးများ ပန်းထွက်လာပြီး ခန္ဓာကိုယ် နုတ်နုတ်စင်းခံလိုက်ရသည်။ လက်ပြတ် ခြေပြတ်များ၊ ခေါင်းပြတ်များ စသည်တို့က မြေကြီးပေါ် ပျံ့ကြဲနေပြီး မြေဆီလွှာသည် သွေးတို့ဖြင့် ရွှဲနစ်နေ လေသည်။
ဤမြင်ကွင်းက အလွန် သွေးထွက်သံယို များလှပြီး ရှေးဟောင်းသားရဲများ အကြောက်လွန်ကာ မျက်လုံးတွင် ကြောက်စိတ်တို့ စိုးမိုးနေ၏။
*အံ့ဩစရာကောင်းလိုက်တာ*
*ချင်ဧကရာဇ်ရဲ့ သင်္ချိုင်းဂူကို စောင့်ကြပ်နေတဲ့ နဂါးကိုးကောင်က ဘယ်လိုလုပ် ဒီနေရာမှာ စုဝေးပြီး နတ်မီးလင်းဖိုအဖြစ် အသွင်ပြောင်းနေရတာလဲ*
ကြောက်လန့်နေသော အကြည့်များစွာက ယဲ့ဖန်ပေါ် ကျရောက်လာပြီး သူတို့၏ မျက်နှာထားများက အလွန် ကြည့်ရဆိုးလာသည်။
“မင်း ဘယ်သူလဲ”
*နဂါးကိုးကောင်ကို ထိန်းချုပ်နိုင်စွမ်း ရှိတယ်ဆိုတော့ ဒီလူက သာမန်လူ မဟုတ်တော့ဘူး*
“မင်းတို့ အခုမှ သတိထားမိတာလား၊ နောက်ကျလွန်းနေပြီလို့ မထင်ဘူးလား”
ယဲ့ဖန်၏ မျက်နှာတွင် ထီမထင်သော အပြုံးတစ်ခု ပေါ်လာသည်။
“ဆိုးတာပဲ”
ရုတ်တရက် မြေကြီးထဲမှ ကြောက်စရာကောင်းသော အရိပ်များစွာ ထိုးထွက်လာ၏။ ထို့နောက် ၎င်းတို့က ပြိုင်တူ ထွက်လာပြီးသည်နှင့် ရှေးဟောင်းသားရဲများကို ကြက်ကလေးတစ်ကောင်ကို ဖမ်းသကဲ့သို့ ဖမ်းချုပ်လာ၏။
ဤသည်ကိုမြင်သော် ရှေးမိစ္ဆာလူဝံ အလွန်အမင်း ကြောက်ရွံ့သွားပြီး မျက်လုံးတွင် ကြောက်စိတ်များနှင့် ပြည့်နှက်ကာ အကြောက်လွန်၍ ကျင်ငယ်ရည် ထွက်ကျမတတ် ဖြစ်နေသည်။
*ဒီလူက လောက စဖြစ်လာကတည်းက မွေးဖွားလာတဲ့ မဟာမိစ္ဆာလိုပဲ၊ သူက ရှေးဟောင်း သားရဲတွေ အများကြီးကို အသာလေး ဖမ်းနိုင်တယ်၊ ဒါက အံ့ဩစရာပဲ၊ အရမ်း ကြောက်ဖို့ကောင်းတယ်*
“ဂျွတ်”
ထိုအခိုက်တွင် အစိမ်းရောင် ချင်းလွမ်ငှက်တစ်ကောင်သည် လူအရိပ်တစ်ခု၏ စုတ်ဖြဲခြင်း ခံရသောကြောင့် ချက်ချင်း သွေးများ ပန်းထွက်လာသည်။
သူ မခံမရပ်နိုင်အောင် နာကျင်လွန်း၍ အော်ဟစ်လိုက်သည်။ သူ့ရင်ထဲတွင် နာကျင်၍ သွေးပျက်နေလေပြီ။ သူသည် အစိမ်းရောင် ချင်းလွမ်ငှက် ဖြစ်သော်လည်း ရစ်ငှက်တစ်ကောင်လို အမွေးနုတ်ခံနေရသည်။
အဘယ်ကြောင် တစ်ဖက်လူက သူ၏ အမွေးကို အလိုရှိမည်နည်း။ ဘာလုပ်နေချင်သလဲ ဆိုသည်ကို သူ ခန့်မှန်းမိသည်။ ထို့ကြောင့် သူ ယဲ့ဖန်ကို နုတ်နုတ်စင်းချင်နေ၏။ ဤနည်းက အလွန် အရှက်ခွဲရာ ကျသည်။ သူ့အား တန်းသတ်လိုက်သည်ကမှ ပိုကောင်းသေးသည်။
ယဲ့ဖန်က ဒေါသတကြီး အမွေးနုတ်နေသည်။ သူ တစ်ကြိမ် ဆွဲနုတ်လိုက်သည်နှင့် အမွေးများ ထောင်ချီ၍ ကျွတ်ထွက်သွားသောကြောင့် အချိန်တိုအတွင်း သူ အမွေးတစ်ပင်မှ မရှိတော့ချေ။
“မျိုးမစစ်ကောင် မင်း အစွမ်းရှိရင် ငါ့ကို သတ်လိုက်စမ်း”
ချင်းလွမ်ငှက်က အော်ငေါက်လိုက်သည်။ သူ ထပ်၍ အသက်မရှင်ချင်တော့ပါ။ ဤသို့ နှိပ်စက်ခံရခြင်းက သေသည်ထက်ပင် ဆိုးသေးသည်။
မူလက သူ့တွင် လှပသော အမွေးအတောင်များ ရှိပြီး မိမိမျိုးနွယ်တွင် ချောမောသောလူတစ်ယောက်လည်း ဖြစ်သည်။ သို့သော် ယခု သူသည် အမွေးမရှိသော ကြက်တစ်ကောင်သဖွယ် ဖြစ်နေသဖြင့် အလွန် ရှက်စရာ ကောင်းလှသည်။ သူ ငိုသာငိုချင်တော့သည်။
“စိတ်မပူနဲ့ မင်းကို အမွေးနုတ်ပြီးသွားရင် ငှက်ကင် လုပ်စားပစ်မှာ”
ယဲ့ဖန်က ရယ်၍ တမင်သက်သက် လျှာသပ်ပြသည်။ သူ့စကားကို ကြားသော် ဖီးနစ်ငှက် သွေးအန်လုနီးပါး ဖြစ်သွားရသည်။
*ဒီခွေးမသားက ငါ့ကို တကယ် စားမယ့်ဟင်းလျာ လုပ်ဖို့ ရည်ရွယ်ထားတာပဲ*
*ကြက်ကင်တဲ့လား*
*အဲ့စကားလုံးက ကြမ်းတမ်းလွန်းတယ်*
*ငါက ချင်းလွမ်ကွ*
*ဖီးနစ်မျိုးနွယ်ဝင်တစ်ခုကွ၊ မင်းဘိုးအေကြီးတဲ့မှပဲ*
လက်ရှိတွင် သူ ပိုမုန်းတီးသည့်အချက်မှာ ပိုင်ရွှယ်က နဂါးကိုးကောင် မီးလင်းဖိုကို ကိုင်ထားရင်း သူ့ကို ကြည့်ကာ သွားရည်ယိုနေသည်ကို တွေ့လိုက်ရခြင်းပင်။
*လွမ်ငှက်ဆိုတာကလည်း ငှက်ပဲလေ၊ အဲ့တော့ သူတို့လည်း အရသာရှိမှာပဲ ဟုတ်တယ်မလား*
*ဒီလိုဆိုမှ ငါ တစ်ခါမှ ဖီးနစ်ငှက်သားကို မစားဖူးဘူးပဲ*
သို့သော် ဤမြင်ကွင်းက ချင်းလွမ်အား ပို၍ ဒေါကန်သွားစေသည်။
*ဒီလူသားနှစ်ယောက်က တော်တော် မုန်းစရာကောင်းတယ်*
“ငါ့ကို မသတ်ပါနဲ့၊ ငါ အရှုံးကို ဝန်ခံပါတယ်၊ ငါ့ကို လွှတ်ပေးပါ”
ချင်းလွမ်က အော်ဟစ်၍ ငိုလေတော့သည်။ လက်ရှိတွင် သူ မာနနှင့် ဂုဏ်သိက္ခာတို့ကို အရေးမစိုက်နိုင်တော့ပါ။ သူ သေမည်ကို မကြောက်ပါ။ သို့သော် ဤနည်းဖြင့် အသတ်ခံရမည်ကိုတော့ မလိုလားပါ။ ဤသည်က နောင်တွင် သူသည် လူရယ်စရာတောင် ဖြစ်လာနိုင်သေးသည်။
သူသည် ချင်းလွမ်မျိုးနွယ်တွင် အချောဆုံးလူ ဖြစ်သည်။ သူက လူသားနှစ်ယောက်ကြောင့် အမွေးမရှိသော ကြက်တစ်ကောင်သဖွယ် ဖြစ်ကာ မီးကင်ခံရကြောင်း သတင်းထွက်ခဲ့ပါက သူ လူရယ်စရာ ဖြစ်လာပေလိမ့်မည်။
“ဟင့်အင်း ငါ ဖီးနစ်သား မစားဖူးသေးဘူး”
ပိုင်ရွှယ်က မကျေမနပ် ပြောလာသည်။ သူမ ချင်းလွမ်ကို အလွန် စိတ်ဝင်စားနေကြောင်း သိသာလှသည်။ ချင်းလွမ် ငိုချင်လျက် လက်တို့ ဖြစ်လာသည်။
“ဖီးနစ်က ဘာများ အရသာရှိလို့လဲ၊ လပ်ကီးငါးကမှ အရသာရှိတာ၊ ချီယန် ဝက်ဝံရဲ့ လက်သည်းက ချိုပြီး အရသာ ရှိတယ်၊ အဲ့ဒါတွေက ပိုမကောင်းဘူးလား”