← Chapters

အခန်း ၁၅၃၃

Vol. 103 Ch. 1533

အခန်း ၁၅၃၃

Vol. 103 Ch. 1533

Chapter 1533 ကြက်ကတုံး

“ချင်းလွမ် မင်း …”

ချီယန် ဝက်ဝံနှင့် လပ်ကီးငါးတို့ နှစ်ကောင်လုံး သူ့ကို ဒေါသထွက်သော အကြည့်ဖြင့် ပြိုင်တူ ကြည့်လာသည်။

“မရဘူး ငါက နင့်ကို စားမှာ”

ပိုင်ရွှယ်က ခေါင်းမာစွာဖြင့် ခေါင်းယမ်းပြလေသည်။

“မင်း ဘာလို့ ငါ့ကိုပဲ ဒီလိုလုပ်နေရတာလဲ၊ ဖီးနစ်မိသားစုက မင်းကို ဘာတွေများ ရန်စမိလို့လဲ”

ချင်းလွမ်က စူးစိုက်ကြည့်နေပြီး ဒေါသထွက်လွန်း၍ သွေးအန်လုနီးပါး ဖြစ်နေလေသည်။

*ဒီကလေးမသာလေးက ဘာမှကို ဆွဲဆောင်လို့မရဘူး*

*င့ါမိဘတွေ ငါ့ကို လူသားတွေကို သတိထားလို့ ပြောတာ မထူးဆန်းတော့ဘူး*

*ခြောက်လသား ကလေးလောက်ကတောင်မှ အရမ်း ကြောက်စရာ ကောင်းနေတာ၊ လူသားတွေက တကယ် ရူးနေတာပဲ*“ဘာလို့လဲဆိုတော့ နင်က ကြက်နဲ့တူတယ်လေ၊ အရသာရှိမယ့်ပုံပဲ”

ပိုင်ရွှယ်က သူမအထင်ကို ထုတ်ပြောလိုက်သည်။

“ချီးပဲ ငါက ကြက်နဲ့မတူဘူးကွ၊ ဘာလို့ ငါက အဲ့လို ဖြစ်ရမှာလဲ၊ မင်းစိတ်ထဲမှာ ဘယ်လိုတွေတောင် တွေးလိုက်တာလဲ”

ချင်းလွမ် အလွန် ဒေါသထွက်နေပြီး မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်လာ၏။

*ငါက ဖီးနစ်မျိုးနွယ်ဝင် ချင်းလွမ်ပါဟ၊ ဒါကို မင်းက ကြက်လို့ မြင်တယ်ပေါ့လေ*

*ခွေးမသား*

*ငါ ရှက်စရာ အရှက်တောင် ရှိသေးရဲ့လား*

*ပိုမုန်းစရာကောင်းတာက ဒီကျူးကျော်သူတွေက ငါ့ကို မဟုတ်တယုတ်တွေ ပြောနေသေးတာပဲ၊ ငါ သည်းမခံနိုင်ဘူး၊ ငါ နည်းနည်းလေးမှ သည်းမခံနိုင်ဘူး*

ထိုအချိန်တွင် ယဲ့ဖန်က သူ့ကို တစ်ချက် ကြည့်လာ၏။

“မင်းကို မသတ်ရမယ့် အကြောင်းပြချက် တစ်ခုလောက် ပေးကြည့်”

ချင်းလွမ် ရုတ်တရက် ငြိမ်ကျသွားပြီး တစ်ခဏမျှ တွေးတောနေသည်။

“ငါက ပိုချောတယ်ဆိုရင်ရော”

ယဲ့ဖန်၏ မျက်နှာ သုန်မှုန်သွားသည်။

*ဒီကောင်ရဲ့ အရှက်မရှိတတ်ပုံက နတ်ဆိုးနဂါး ဖုရှန်နဲ့တောင် ယှဉ်လို့ရတယ်*

“အဟမ်း အဟမ်း ...”

ယဲ့ဖန်၏ မျက်နှာ မည်းမှောင်သွားသည်ကိုမြင်ပီး ချင်းလွမ် အလျင်အမြန် မျက်နှာထား ပြောင်းလဲလိုက်သည်။

“မင်းက ဒီကို အသစ်ရောက်လာတဲ့လူပဲ ဖြစ်မယ်၊ ဟုတ်တယ်မလား၊ ဒီချင်ဧကရာဇ် သင်္ချိုင်းဂူကို ငါ အရင်းကနေ အဖျားထိ သိတယ်၊ ငါ မင်းကို ဒီသင်္ချိုင်းဂူရဲ့ မြေအနေအထား ယဉ်ကျေးမှုနဲ့ တည်ဆောက်ပုံတွေကို လိုက်ပြပေးနိုင်တယ်”

ယဲ့ဖန်၏ မျက်နှာက ပိုပို၍ သုန်မှုန်လာ၏။

*ဒီလူက တကယ့်ကို လူထူးဆန်းပဲ*

ယဲ့ဖန်၏ ပုံစံကိုကြည့်ပြီး ချင်းလွမ် ငိုချင်သွားသည်။

“မင်း ငါ့ကို တကယ် သတ်ချင်ရင်လည်း ငါ့ကို စားတော့ စားမပစ်ပါနဲ့ကွာ၊ နည်းနည်းပါးပါး မျက်နှာသာလေး ပေးပါဦး၊ သူတို့က အရမ်း ပေါ့ပေါ့တန်တန် ဖြစ်တဲ့ပုံ ပေါ်နေတယ်၊ မင်း စားချင်တယ်ဆိုရင် သူတို့ကို စားလိုက်လေ”

“ချင်းလွမ် ငါ မင်းကို သည်းခံနေတာ တော်တော် ကြာပြီ၊ သစ္စာဖောက်တာက ထားပါတော့၊ ဘာကိစ္စ သူ့ကို ငါတို့ကို စားလိုက်ဖို့ တိုက်တွန်းနေတာလဲ၊ ငါတို့မှာရော သိက္ခာမရှိဘူး ထင်နေတာလား”

ရှေးဟောင်းသားရဲများအားလုံး ချင်းလွမ်၏ နှလုံးကို အရှင်လတ်လတ် ဆွဲစုတ်ချင်နေကြသည်။

“ကောင်းပြီလေ မင်း သေစရာ မလိုတော့ဘူး”

ယဲ့ဖန် ချင်းလွမ်ကို ကြည့်၍ ပြောလိုက်သည်။ သူ ပြောခဲ့သလိုပင် ဤနေရာသို့ သူ မရောက်သည်မှာ အတော်ကြာနေပြီ ဖြစ်သည်။ ချင်ဧကရာဇ် သင်္ချိုင်းဂူ၏ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ သူ များများစားစား မသိပါ။ ထို့ကြောင့် သူ လမ်းပြတစ်ယောက် ရှာကိုရှာရပေမည်။

“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”

ချင်းလွမ် ချက်ချင်း ကျေးဇူးတင်မိသွားသည်။ နောက်ဆုံးတွင် သူ အစားမခံရတော့ချေ။

“ချီး ... ဘာလဲဟာ ဒီမှာ ဖီးနစ်သား စားရပြီလို့ မှတ်နေတာ”

ပိုင်ရွှယ်က မကျေမနပ် နှုတ်ခမ်းဆူ၍ ပြောလေသည်။

“ကောင်မစုတ်လေး ငါ မင်းကို မုန်းတယ်”

ချင်းလွမ်က ပိုင်ရွှယ်ကို စူးစိုက်ကြည့်နေ၏။ ဤကလေးမသာလေးက အလွန် စက်ဆုပ်ဖွယ် ကောင်းလှသဖြင့် သူမကို သူ လည်ညှစ်သတ်ချင်စိတ် ပေါက်နေသည်။

“မင်းတို့ထဲကရော ဘယ်သူ အသနားခံဦးမလဲ”

ယဲ့ဖန်က အေးစက်သော လေသံဖြင့် ရှေးဟောင်း သားရဲအချို့ကို ကြည့်ကာ ပြောလိုက်သည်။

“ဟမ့် စိတ်ကူးယဉ်မနေနဲ့၊ ငါတို့မှာ မာန်မာန ရှိတယ်ကွ၊ ငါတို့ မင်းကို ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူး၊ မင်း သေချင်တယ်ဆိုရင် …”

“ခွပ်”

လပ်ကီးငါး စကားမဆုံးသေးခင်မှာပင် ယဲ့ဖန်၏ လက်သီးချက်က ခန့်မှန်းမရနိုင်သော စွမ်းအင်နှင့်အတူ ကျရောက်လာပြီး လပ်ကီးငါးအား သတ်ဖြတ်သွားသည်။

အသားစနှင့် သွေးစများ လေထဲ လွင့်စဉ်လာပြီးနောက် မြေကြီးပေါ် တဘုတ်ဘုတ် ပြန်ပြုတ်ကျလာသည်။ ညှီစို့စို့ သွေးနံ့ကလည်း ချက်ချင်း ပျံ့လွင့်လာလေသည်။

ဤသို့သော ရက်စက်ကြမ်းကြုတ်မှုမျိုးကြောင့် ရှေးဟောင်း သားရဲများ ထိတ်လန့်သွားကြသည်။ သူတို့ ဘယ်နှစ်ကြိမ် မြင်လိုက်ပါစေ ယဲ့ဖန်၏ နည်းလမ်းက သူတို့ကို ကြောက်လန့်စေမြဲ ဖြစ်ကာ သူတို့ကို ချောက်ချားသလို ခံစားရစေသည်။

*ဒီကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ မသိရင် နတ်ဆိုးတစ်ကောင် နေနေသလိုပဲ*

ထို့နောက်တွင်မူ ဤရှေးဟောင်း သားရဲများသည် အသေတိုက်ရဲသည့် သတ္တိပင် မရှိတော့ချေ။ အဘယ်ကြောင့် ဆိုသော် သူတို့ ဘာလုပ်လုပ် သေလမ်းသာ ရှိသည်ကို ရိပ်မိလိုက်သောကြောင့်ပင်။

*ဒီလူက ငါတို့ထက် ပိုကြောက်စရာ ကောင်းနေတယ်*

ထို့နောက်တွင်မူ ရှေးဟောင်း သားရဲများ တစ်ကောင်ပြီး တစ်ကောင် ယဲ့ဖန်၏ လက်သီးစာမိ၍ သေဆုံး သွားကြသည်။

သူ လက်သီးဖြင့် တစ်ကြိမ် ထိုးလိုက်တိုင်း တစ်ကောင်က ပွဲချင်းပြီး သေဆုံးသွားစမြဲပင်။ ဤသည်ကိုမြင်သော် ချင်းလွမ် ကြက်သေ သေသွားရသည်။

*ဒီလူရဲ့ ဇစ်မြစ်က ဘာမို့လို့ ဒီလောက်‌ ကြောက်ဖို့ကောင်းနေရတာလဲ*

*ရှေးဟောင်းသားရဲတွေကို ကြက်တွေ၊ ခွေးတွေကို သတ်သလို အေးအေးလူလူ သတ်နေပါလား*

နောက်ဆုံးတွင် ယဲ့ဖန်၏ အကြည့်က ရှေးမိစ္ဆာလူဝံထံ တင်းမာခက်ထန်စွာ ကျရောက်လာ၏။ ဤသည်ကိုမြင်သော် ရှေးမိစ္ဆာလူဝံ တုန်လှုပ်သွားပြီးမှ ဒေါသတကြီး ပြောလိုက်သည်။

“မင်း ငါ့ကို သတ်ရဲလား၊ ငါ့အစ်ကိုက ဘယ်သူလဲ မင်း သိလား၊ ငါ့ကို မင်း သတ်ရဲလို့ကတော့ သေချာပေါက် မင်း သေမှာပဲ”

“လူကြီးမင်း ပြဿနာ ပတ်မရှာပါနဲ့ သူ့အစ်ကိုက သွေးသန့် ရှေးဟောင်းသားရဲ ထန်းကူပါ”

ချင်းလွမ်က ယဲ့ဖန်ကို အလျင်အမြန် သတိပေးလိုက်သည်။ ၎င်းသည် စိတ်ကောင်းရှိသူ မဟုတ်ပေ။ ချင်ဧကရာဇ်၏ သင်္ချိုင်းဂူအတွင်း၌ ၎င်းအား ရန်စရဲသူ မရှိလုနီးပါးပင်။ ၎င်းက မိစ္ဆာဘုရင်တစ်ပါး ဖြစ်လေသည်။

“အသုံးမဝင်ဘူး၊ သူ့ကို ဘယ်သူမှ မကယ်နိုင်ဘူး”

သို့သော် ယဲ့ဖန်က အလွန် အေးစက်ခက်ထန်နေပြီး တန်း၍ ထိုးနှက်လိုက်သည်။ ထိုအခါ သူ့လက်သီးချက်က ရှေးမိစ္ဆာလူဝံထံသို့ ဥက္ကာခဲသဖွယ် ကျဆင်းလာ၏။

“မင်း”

ရှေးမိစ္ဆာလူဝံ အံ့ဩသွားသည်။ သူ့အစ်ကို၏ နာမည်ကို ထုတ်ပြောလိုက်သော်လည်း သူ့အသက်ကို မကယ်နိုင်ဘဲ ဖြစ်လိမ့်မည်ဟု သူ ထင်မထားမိပါ။

“ဂျွတ်”

ရှေးမိစ္ဆာလူဝံ၏ ဦးခေါင်းသည် ကုန်တင်ကားဖြင့် အကြိတ်ခံလိုက်ရသကဲ့သို့ ကြေမွသွားပြီး ဦးနှောက် အစအနများနှင့် သွေးများ ပန်းထွက်လာသည်။ အရိုးတစ်ချို့ပင် လွင့်စဉ်လာသေးသလို သူ၏ သေဆုံးခြင်းက လွန်စွာ ကြည့်ရဆိုးလှသည်။

“ဟူး….”

ချင်လွမ် သက်ပြင်းချလိုက်သည်။

*ဒီတစ်ခါတော့ လုံးဝ ဘေးတွေ့ပြီ၊ ထန်းကူသာ သူ့ညီ သေသွားတဲ့ သတင်းကို သိရင် ရူးသွားမှာ သေချာတယ်*

*ငါတောင် ဆွဲထည့်ခံရနိုင်တယ်*

ထိုအခိုက်တွင် ချင်းလွမ်တစ်ယောက် သူ့ဘဝက ခက်ခဲလွန်းသည်ဟု ခံစားမိနေခဲ့သည်။ ဤသို့ ဖြစ်မည်ကိုသာ သူ ကြိုသိခဲ့လျင် သူသည် အစ်မများနှင့်သာ လျှောက်သွားပြီး မျိုးနွယ်တွင်း၌သာ ပျော်ပျော်နေမိမှာ ဖြစ်သည်။

ထို့နောက် ယဲ့ဖန်က ထိုရှေးဟောင်းသားရဲများကို အရေခွံနွှာ၍ ခုတ်ပိုင်းလေသည်။ ပြီးနောက် နဂါးကိုးကောင် မီးလင်းဖိုအား မီးကင်စက်သဖွယ် အသုံးချ၍ ငရဲမီးဖြင့် မီးမွှေးကာ စတင်ချက်ပြုတ်လေသည်။

တစ်ခဏကြာသော် ပူနွေးမွေးပျံ့သော အသားနံ့က နေရာအနှံ့သို့ ပျံ့နှံ့လာ၏။

“မွှေးလိုက်တာ”

ပိုင်ရွှယ် ချီးကျူးရင်း သွားရည်ကျလာကာ မျက်စိရှေ့မှ အစာကိုမြင်ပြီး မျက်လုံး အရောင်လက်လာ၏။ သူမကိုယ်မှ ဒဏ်ရာများကိုပင် သတိမရတော့ချေ။

“မင်း စားလို့ရတယ်”

ယဲ့ဖန်က အသားတစ်တုံးကို ယူ၍ ကျွေးလိုက်သည်။ ထို့နောက် ခပ်လှမ်းလှမ်း၌ ကျဉ်းကျဉ်းကျုတ်ကျုတ် ဖြစ်နေသော ချင်းလွမ်ကို လှမ်းကြည့်လေသည်။

“မင်း စားဦးမလား”

ချင်းလွမ် ငိုချင်သွားသည်။

*ဒါတွေက ငါ့မိတ်ဆွေတွေလေ၊ မင်း ဘယ်လို ပြောလိုက်တာလဲ၊ ငါ့ကို စားဦးမလားလို့ ဘယ်လို မေးနိုင်တာလဲ*

*နတ်ဆိုး*

*ဒီလူက နတ်ဆိုးပဲ*

*ငါ့ကိုတောင် ငါ့မိတ်ဆွေတွေကို ပြန်စားခိုင်းနေသေးတယ်*

“မင်း မစားချင်ဘူးလား၊ မစားချင်လည်းနေ”

ယဲ့ဖန်က ပခုံးတွန့်၍ ဆက်စားနေသည်။ ချင်းလွမ် မူလက ဟန်ကိုယ့်၍ နေချင်သည်။ သို့သော် အသားနံ့က အလွန် မွှေးကြိုင်၍ ထိန်းချုပ်မရချေ။

အချိန်တိုအတွင်း သူ ခဏခဏ တံတွေးမျိုချနေရပြီး သူ၏ အကြောင်းပြချက်ကလည်း ဖြည်းဖြည်းချင်း လွင့်ပြယ်လာ၏။

အထူးသဖြင့် ယဲ့ဖန်နှင့် ပိုင်ရွှယ်တို့ စားနေသည်ကိုကြည့်ပြီး သူ ရူးချင်လာသည်။ ဘေး၌ထိုင်၍ သွားရည်ကျ နေရခြင်းက သူ့အား စိတ်မသက်သာ ဖြစ်စေ၏။

“ငါ တစ်ကိုက်လောက် စားလို့ရမလား”

ချင်းလွမ် သတိထား၍ မေးလိုက်သည်။ သို့သော် ယဲ့ဖန်တို့ နှစ်ယောက်က သူ့ကို မသိချင်ယောင်ဆောင်ထားသည်။ ချင်းလွမ် အနည်းငယ် ရှက်သွားလေသည်။ ထို့ကြောင့် သူ ရှေ့သို့ အနည်းငယ်ကိုင်း၍ အသားတစ်ဖဲ့ ဖဲ့ကာ စားလိုက်သည်။ ထို့နောက် တစ်ဖဲ့ချင်း တစ်ဖဲ့ချင်း စားမိသွားသည်။

“အား …. မွှေးလိုက်တာ၊ အရသာ ရှိနေရောပဲ၊ ခင်ဗျား လက်ရာက တော်တော် ကောင်းတယ် လူကြီးမင်း”

ချင်းလွမ်က စားရင်း ယဲ့ဖန်ကို လက်မထောင်ပြလေသည်။ လက်ရှိတွင် သူသည် မိတ်ဆွေဆက်ဆံရေးနှင့် ကျင့်ဝတ်သိက္ခာတို့ကို မေ့လျော့နေသည်။

ယဲ့ဖန်တို့နှစ်ယောက်လုံး သူ့ကို လှမ်းကြည့်နေ၏။ ဤမျှ အရှက်မဲ့သောလူမျိုး သူတို့ တစ်ခါမှ မတွေ့ဖူးချေ။ တစ်ခဏကြာသော် ချင်းလွမ်သည် တစ်စုံတစ်ရာကို သတိရသွားပြီး မျက်ရည်တို့ဖြင့် ပြောလာ၏။

“အားလုံးပဲ … ငါက မကြင်နာတတ်တာ မဟုတ်ပါဘူး မင်းတို့အသားက တကယ်ကို … အရသာရှိလွန်းလို့ပါ”

ခပ်ဝေးဝေးမှ ရှေးဟောင်းသားရဲတစ်သိုက်အား အသားနံ့က ဆွဲဆောင်သွားလေသည်။ ယဲ့ဖန်က အသားကို နဂါးကိုးကောင် မီးလင်းဖိုဖြင့် ချက်နေသည်ကို မြင်သောအခါ သူတို့ ထိတ်လန့်သွားကြသည်။

“မြတ်စွာဘုရား ဒါ လပ်ကီးငါး မဟုတ်လား၊ ဟူယွီမျိုးဆက်က တကယ် အစားခံလိုက်ရတာပဲ”

“မဖြစ်နိုင်ဘူး မိစ္ဆာနွားသိုးတောင် မချန်ပါလား၊ ဒီကောင်က အရေထူပြီး အသားလည်း မာတယ်ကို၊ သတ်ဖို့ မဖြစ်နိုင်ဘူးလေ၊ အခု ချက်စားခံနေရတာလား”

“ဟေ့ ငါ ဘာမြင်လိုက်တာလဲ၊ ဟိုဟာက ရှေးမိစ္ဆာလူဝံ မဟုတ်လား၊ ထန်းကူရဲ့ ညီလေ၊ ဒီလူက သင်္ချိုင်းဂူထဲမှာ အာဏာရှင်လို့ သတ်မှတ်လို့ ရတာကို၊ အခု အိုးထဲမှာ အခြားသားရဲတွေနဲ့ အတူတူ အချက်ခံနေရပါလား”

ရှေးဟောင်းသားရဲများအားလုံး ကြက်သေ သေနေ၏။ အကြောင်းမှာ ချက်စားခံနေရသော သားရဲများ အားလုံးသည် ရှုပ်ထွေးသော နောက်ခံများမှ ဆင်းသက်လာသူများ ဖြစ်သည်။ ထိုသားရဲများသည် ရှေးကလန်များမှ ဆင်းသက်လာသူများ မဟုတ်လျင် အလွန် ကြမ်းကြုတ်သောသူများနှင့် ပတ်သက်နေသူများ ဖြစ်လေသည်။

သူတို့၏ ခွန်အားကလည်း အလွန် သန်မာ၏။ သို့သော် ယခုအခါ၌ လူသားနှစ်ယောက်ထံတွင် သူတို့က အစားခံနေရလေ၏။

ယဲ့ဖန်တို့နှစ်ယောက် စားနေသည်ကိုမြင်ပြီး သူတို့ သေမတတ် ကြောက်ရွံ့သွားကြသည်။

*ကြောက်စရာကောင်းလိုက်တာ*

*ဒီလူနှစ်ယောက်က ဘယ်ကလာတာလဲ*

“ဟေ့ ဟိုကြက်ကတုံးက ချင်းလွမ် ထင်တယ်”

ရုတ်တရက် သားရဲတစ်ကောင်က ချင်းလွမ်ကို သတိထားမိသွားပြီး ပြောလာသည်။ ထိုအခါ အားလုံး၏ အာရုံက သူ့အပေါ် ကျရောက်လာလေသည်။

ပါးစပ်ထဲ၌ အသားတစ်တုံး ကိုက်ထားပြီး ချင်းလွမ်က သူတို့ကို ထပ်ခါထပ်ခါ လက်ကာပြလေသည်။

“ငါ မဟုတ်ဘူး၊ ငါ မဟုတ်ဘူး”

လက်ရှိတွင် သူ အလွန် စိုးရိမ်တုန်လှုပ်နေပြီး မှတ်မိခံရမည်ကို စိုးရိမ်နေ၏။ ယခု သူသည် ကြက်ကတုံးပုံ ပေါက်နေသဖြင့် သတင်းသာ ပျံ့သွားလျင် ရယ်စရာ ဖြစ်နေမည် မဟုတ်ပါလော။

သူ ဤသို့ ဖြစ်နေတာတောင်မှ မှတ်မိမည့်သူ ရှိနေလိမ့်ဦးမည်ဟု သူသည်လည်း ထင်မထားမိပါ။

*ငါ့ရဲ့ချောမောမှုက ဖုံးဖိလို့မရတာများလား*

သူ့စကားကိုကြားသော် ရှေးဟောင်းသားရဲများ မျက်နှာ မည်းမှောင်သွားသည်။ ယဲ့ဖန်နှင့် ပိုင်ရွှယ်တို့လည်း ပြောစရာ စကား မဲ့သွားလေသည်။

*ဒီချင်းလွမ်ရဲ့ အိုင်ကျူက တော်တော် ဆိုးတာပဲ*

“ဒီချင်းလွမ်က လပ်ကီးငါးရဲ့ အသားကို စားနေတာာလား၊ သူတို့က မိတ်ဆွေတွေ မဟုတ်ဘူးလား၊ ဒီကောင်က ကိုယ့်မိတ်ဆွေကို ပြန်စားနေတာလား”

ထိုစကားကြောင့် ချင်းလွမ် သေချင်သွားသည်။

*ဒီခွေးမသားတွေက စောစောလည်း မလာဘူး၊ အခုမှ လာတော့ ငါ လပ်ကီးငါးနဲ့ အခြားကောင်တွေကို စားတာကို မြင်သွားပြီ၊ ငါ တမလွန်ကမြစ်ထဲ ခုန်ဆင်းတောင် သူတို့ အလွတ်ပေးမှာ မဟုတ်ဘူး*

*ငါတော့ သွားပြီ*

*လပ်ကီးငါးနဲ့ ရှေးမိစ္ဆာလူဝံရဲ့ နောက်ကွယ်က အင်အားစုက ငါ့ကို အလွတ်ပေးမှာ မဟုတ်ဘူး*

“နင်တို့ ဘာကြည့်နေတာလဲ၊ နင်တို့ကပါ အစားခံချင်တာလား”

ပိုင်ရွှယ်က ရောက်လာသော ရှေးဟောင်းသားရဲများကို စိုက်ကြည့်နေပြီး သူ့အကြည့်တွင် ခြိမ်းခြောက်လိုဟန်များ ပါနေ၏။

ထိုပုံစံလေးက မြေခွေးမလေးနှင့် တူနေ၏။ သို့သော် ရှေးဟောင်းသားရဲများသည် ကြောက်လန့်နေကြပြီး ငြိမ်နေကာ တစ်ခွန်းမှ မပြောရဲချေ။

ဤလူသားနှစ်ယောက်ရှေ့၌ ရှေးမိစ္ဆာလူဝံကဲ့သို့သော သားရဲပင် အသတ်ခံရသဖြင့် သူတို့ဆိုလျင် ပြောနေစရာပင် မလိုတော့ချေ။

“သူတို့ကို သွားခွင့်မပေးနဲ့ အားလုံးကို သတ်ပစ်လိုက်”

ချင်းလွမ်က ကြမ်းကြုတ်စွာ အော်ပြောလေသည်။ လက်ရှိတွင် ဤရှေးဟောင်းသားရဲများကို ထွက်ပြေးခွင့် ပေး၍ မဖြစ်ချေ။ သို့မဟုတ်ပါက သူ့နာမည် ပျက်ပေလိမ့်မည်။

*ကြက်ကတုံးတဲ့၊ ဘယ်လောက် ရှက်စရာကောင်းတဲ့ နာမည်လဲ၊ ဒီနာမည်ကို ပျံ့စေလို့ မဖြစ်ဘူး*

သူ ထိုသားရဲများကို သတ်ချင်နေ၏။ ထို့နောက်တွင်မူ သူ့စကားကို ကြားပြီး ရှေးဟောင်းသားရဲများက ထအော်ကာ နောက်လှည့်မကြည့်ဘဲ ထွက်ပြေးလေတော့သည်။

All Chapters