အခန်း ၁၅၃၄
Vol. 103 Ch. 1534
Chapter 1534 ရင်မိသားစု ဒီနေ့ သေရမယ်
“လူကြီးမင်း ဘာလို့ လိုက်မဖမ်းတာလဲ၊ သူတို့ကို ဒီအတိုင်း သွားခွင့်ပေးလိုက်တော့မှာလား၊ ခင်ဗျားက …”
“ဘာဖြစ်လဲ”
ယဲ့ဖန်က ချင်းလွမ်အား ခြိမ်းခြောက်သော အရိပ်အယောက်များ ပါဝင်သော အကြည့်များဖြင့် အေးစက်စက် ကြည့်လိုက်သည်။
“ခင်ဗျားက သိပ်ကို ဉာဏ်ကောင်းပြီး ထူးချွန်လွန်းပါတယ်၊ ဒီလို အမှိုက်တစ်သိုက်ကို ဘယ်လိုလုပ် ခင်ဗျားလက်နဲ့ ရှင်းဖို့ ထိုက်တန်မှာလဲ ဟုတ်တယ်မလား၊ ဟီးဟီး … ဟီးဟီးဟီး …”
“ကြက်ကတုံး …”
“လူကြီးမင်း ကျုပ်မှာ နာမည် ရှိပါတယ်”
ချင်းလွမ်က ငိုသည်ထက်ပင် ဆိုးသော အမူအရာဖြင့် ပြောလိုက်သည်။ ကြက်ကတုံးဟူသော နာမည်က တကယ်ပင် ဆိုးရွားလှသည်။
“ဪ … ဘယ်လိုခေါ်လဲ”
“ယွဲ့ကျစ်”
“အရမ်း ရှည်လွန်းတယ်၊ ငါ မင်းကို ကတုံးလို့ ခေါ်ရတာပဲ ပိုကြိုက်တယ်၊ မင်းပုံနဲ့လည်း ပိုလိုက်တယ်”
ယဲ့ဖန်က နောက်ဆုံး ဆုံးဖြတ်ချက်ကိုချ၍ ချင်းလွမ်၏ နာမည်ကို ဆုံးဖြတ်လိုက်သည်။
“…”
ချင်းလွမ် မျက်ရည်မကျဘဲ ငိုချင်စိတ်ပင် ပေါက်သွားပြီး မျက်နှာက ပျက်ယွင်းနေ၏။
“ကြက်ကတုံး”
“…”
“ကြက်ကတုံး”
“…”
“ငါ နောက်တစ်ခါ မင်းကို ခေါ်လို့ ပြန်မထူးရင် ငါ မင်းကို စားပစ်မယ်”
ယဲ့ဖန်က အညှာအတာ ကင်းမဲ့စွာ ပြောလိုက်သည်။
“အာ … ကြက်ကတုံး ဒီမှာပါ”
ထို့နောက် သုံးယောက်သား အတူတူ လျှောက်လာကြသည်။ လမ်းတစ်လျှောက်တွင် ကြက်ကတုံး၏ ပါးစပ်က အငြိမ်မနေဘဲ မရပ်မနား ပေါက်ပေါက်ဖောက်နေသည်။
“လူကြီးမင်း ခင်ဗျားက တကယ်ပဲ နဂါးကိုးကောင်ကို ထိန်းချုပ်နိုင်တာလား၊ ခင်ဗျားရဲ့ နောက်ခံက ဘာလဲ၊ ကျုပ် သိသလောက်ဆို ကျူးလုံဧကရာဇ်နဲ့ သူ့ရဲ့ တိုက်ရိုက်မျိုးဆက်ကပဲ နဂါးကိုးကောင်ကို ထိန်းချုပ်နိုင်တာပါ၊ အမျိုးတွေက …”
“အာ … ကျုပ် သိပြီ၊ ခင်ဗျားက ဧကရာဇ် ယွီရှန်ရဲ့ သား ဖြစ်ရမယ် ဟုတ်တယ်မလား ဒါမှမဟုတ် မြေးလား”
ယဲ့ဖန် ပိတ်ကန်လိုက်သောကြောင့် ကြက်ကတုံး မီတာရာချီ၍ လွင့်ထွက်သွားပြီး မြေကြီးပေါ် ပြန်ပြုတ်ကျချိန်တွင် အရိုးများ ကျိုးလုနီးပါး ဖြစ်သွားရသည်။
ကြက်ကတုံး မျက်ရည်ကျလေတော့သည်။
“မဟုတ်ဘူး မဟုတ်ဘူးလေ၊ ခင်ဗျား ဘာလို့ လူကို နာကျင်အောင် လုပ်ရတာလဲ”
ထိုစဉ် ယဲ့ဖန်က ကြက်ကတုံးကို မေးလာသည်။
“ကြက်ကတုံး မင်း ယဲ့တူ ဘယ်မှာလဲ သိလား”
တစ္ဆေမြို့တော် ယဲ့တူသည် လျန့်ကျဲတောင်တွင် တည်ရှိပြီး လောကနှင့် ငရဲအား ခွဲခြားထားသော ဆုံမှတ်ဖြစ်ပြီး သူ၏ ဂူသင်္ချိုင်းအား ထိုနေရာ၌ မြှုပ်နှံထားခဲ့သည်။ ထိုနေရာ၌ သူ၏ သန်းချီသော မြေနီရောင် စစ်သည်တော်များလဲ မြှုပ်နှံထား၏။
ယဲ့မြို့တော်၌ သူ ချန်ထားရစ်ခဲ့သော အသက်ဆေးရည်လည်း ရှိသည်။ ပိုင်ရွှယ်အား ကယ်တင်ချင်လျင် ထိုဆေးရည်အား အသုံးပြုမှ ရပေမည်။
“ယဲ့တူလား ခင်ဗျား ယဲ့တူကို သွားပြီး ဘာလုပ်မလို့လဲ၊ အဲ့နေရာက ပျက်စီးတဲ့ အခြေအနေကိုတောင် ရောက်နေပြီ”
ကြက်ကတုံးက သိချင်စိတ်ဖြင့် မေးလာ၏။
“ပျက်စီးနေပြီ ဟုတ်လား”
ယဲ့ဖန် ရုတ်တရက် မျက်နှာပျက်သွားပြီး ထပ်မေးလိုက်သည်။
“ယဲ့တူက ကျူးလုံ ဧကရာဇ်ရဲ့ အုတ်ဂူကို မြှုပ်နှံထားတဲ့ နေရာလေ၊ ဘယ်လိုလုပ် ပျက်စီးရတာလဲ”
“မပြင်တာ တော်တော် ကြာနေတော့ ပျက်စီးပြီပေါ့၊ အဲ့နေရာက တစ္ဆေမြို့တော်တစ်ခု ဖြစ်နေပြီလေ”
ကြက်ကတုံးက ပြန်ဖြေလာသည်။
“ရင်မိသားစုက ဘာလုပ်နေလို့လဲ”
ယဲ့ဖန်၏ လေသံက တဖြည်းဖြည်း အေးစက်လာလေသည်။
“ရင်မိသားစုလား၊ သူတို့က ဒီလိုဘိုးဘေးမျိုး ရှိတယ်ဆိုတာကို မေ့တာ ကြာနေပြီ၊ သူတို့က ယဲ့တူမြို့ကို လုံလောက်တဲ့ ထည်ဝါမှု မရှိဘူးဆိုပြီး မကြိုက်ဘူးလေ၊ အဲ့တော့ သူတို့က နတ်ဘုရားမြို့တော်လို့ ခေါ်တဲ့ မြို့သစ်တစ်ခု တည်ဆောက်လိုက်တယ်”
ကြက်ကတုံးက ပျက်ရယ်ပြု၍ အထင်သေးစွာ ပြောလိုက်သည်။
“နောက်တော့ ဘိုးဘေးရဲ့ အုတ်ဂူက ယဲ့တူမှာ ဂရုစိုက်မှုမရှိဘဲ စွန့်ပစ်ခံလိုက်ရတယ်၊ ကျူးလုံဧကရာဇ်ရဲ့ အုတ်ဂူပေါ်က မြက်တွေတောင် တော်တော် ရှည်နေလောက်ပြီ”
“မင်းတို့လူသားတွေက အမြဲ ကိုယ် စတင်ခဲ့တဲ့ အရင်းအမြစ်ကို မေ့လျော့တတ်တယ်”
သူတို့ကဲ့သို့ ရှေးဟောင်းသားရဲများတောင်မှ သူတို့ ဘိုးဘေးကို လေးစားကြည်ညိုသော်လည်း လူသားများက သူတို့၏ ဘိုးဘေးများကို စွန့်ပစ်ခဲ့သည်။ ၎င်းက ယုတ္တိမရှိလှပေ။
ထိုစကားကိုကြားသော် နဂါးကိုးကောင် မီးလင်းဖိုက ရုတ်တရက် တုန်ခါလာပြီး ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်က တဖြည်းဖြည်း စိမ့်ထွက်လာ၏။
တော်ဝင်သင်္ချိုင်းဂူ၏ ငြိမ်းချမ်းမှုကို ကာကွယ်ရန်အလို့ငှာ သူတို့၌ အခြားအရာများကို အလေးပေးရန် အချိန်မရှိခဲ့ချေ။ ထို့ကြောင့် သူတို့ သင်္ချိုင်းဂူကို ဂရုစိုက်ရမည့်ကိစ္စကို လျစ်လျူရှုထားမိသည်။
သို့သော် ရင်မိသားစုက နတ်ရွာစံသွားသော ဧကရာဇ်၏ သင်္ချိုင်းဂူကို စွန့်ပစ်သည်အထိ စိတ်ပျက်စရာ ကောင်းလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
ယဲ့ဖန်က နဂါးကိုးကောင် မီးလင်းဖိုကို အသာပုတ်၍ လူသတ်ချင်စိတ်ကို နှစ်သိမ့်ပေးလိုက်သည်။ သူ၏ မျက်လုံးတွင် အေးစက်သော အရိပ်အယောင်များနှင့် ပြည့်နှက်လာသည်။
“သန်းချီတဲ့ မြေနီရောင် စစ်သည်တော်တွေကရော ဘယ်သူကမှ သူတို့ကို မတားဘူးလား”
“ဘယ်က သန်းချီရမှာလဲ, အခု သုံးသန်းတောင် မကျန်ချင်တော့ဘူး”
ကြက်ကတုံးက အပြုံးနှင့် ပြောလေသည်။
*ဘာ*
ယဲ့ဖန်၏ မျက်လုံးတွင် ပြင်းထန်သော လူသတ်လိုစိတ် ထွက်ပေါ်လာ၏။
*ငါချန်ထားတဲ့ စစ်သည်တစ်သန်းက ဘာလို့ သုံးသိန်းပဲ ကျန်ရတာလဲ*
*ချင်အင်ပါယာခေတ်က စစ်သည်တစ်သိန်းက ကိုးပြည်နယ်က ဘယ်နေရာကိုမဆို ဖြတ်သန်းနိုင်စွမ်း ရှိတာ၊ အင်မော်တယ်ကိုတောင် စိန်ခေါ်နိုင်စွမ်း ရှိတဲ့လူတွေ*
*ငါ့ညီအစ်ကိုမောင်နှမတွေ ဘာဖြစ်ကုန်တာလဲ*
“ချင်ဧကရာဇ်မှာ စစ်သည်တစ်သန်း ရှိတာ၊ ဘယ်လိုလုပ် သုံးသိန်းပဲ ရှိရတာလဲ”
ယဲ့ဖန် တစ်ဟုန်ထိုး ထွက်ပေါ်လာသော သတ်ဖြတ်ချင်စိတ်နှင့်အတူ ခပ်သွက်သွက် မေးလိုက်သည်။ ထိုအခါ ကြက်ကတုံးကဲ့သို့ ရှေးဟောင်း သားရဲတောင်မှ မတုန်လှုပ်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ အေးစိမ့်သော လေကို ခံစားမိသဖြင့် သူ တုန်ယင်လာသည်။
ယဲ့ဖန်၏ ကြမ်းကြုတ်မှုကို မြင်သောအခါ သူ ဘာကိုမှ ဖုံးကွယ်မထားရဲဘဲ အသည်းအသန် ရှင်းပြလိုက်သည်။
“ဘာလို့လဲဆိုတော့ နတ်ဘုရားမြို့တော် တည်တုန်းက စစ်သည် ခုနစ်သိန်း အားအင်ကုန်ခမ်းပြီး သေကုန်လို့ပါ”
မြေနီရောင် စစ်သည်တော်များသည် အချိန်၏ တိုက်စားမှုကို ခုခံနိုင်သော်လည်း မသေမျိုးများ မဟုတ်ချေ။ ဒဏ်ရာရလျင် သေမည် ဖြစ်သလို အလုပ် အလွန်အကျွံ လုပ်ပြီး ယန်စွမ်းအင် ကုန်ခမ်းလျင် သေရပေသည်။
“ဧကရာဇ် ယွီရှန်က တစ်သက်လုံး ကျူးလုံ ဧကရာဇ်ရဲ့ ဂုဏ်သတင်းအောက်မှာ နေပြီး သူ့ဘိုးဘေးကို ဦးမညွှတ်ချင်ဘူးလေ၊ အဲ့တာကြောင့် သူ ယဲ့တူမှာ မနေချင်လို့ စစ်သည် တစ်သန်းကို သူ့အတွက် နတ်ဘုရား မြို့တော် တည်ဆောက်ဖို့ အမိန့်ပေးခဲ့တာ၊ ပြီးတော့ နတ်ဘုရားမြို့တော်ကို ယဲ့တူထက် ထည်ဝါသားနားတဲ့ မြို့ဖြစ်အောင်လည်း လုပ်ခိုင်းသေးတာ”
“နတ်ဘုရားမြို့တော် ဆောက်လို့လည်း ပြီးရော ဧကရာဇ် ယွီရှန်က ထပ်အရူးထပြီး သူတို့ကို မီတာတစ်ထောင်မြင့်တဲ့ သူ့ပုံတူရုပ်တု ထုခိုင်းတယ်၊ အခုထိ မပြီးသေးဘူး”
“အခု အဲ့မြေညိုရောင် စစ်သည်တော်တွေက နေ့ရောညပါ ပြေးပြီး အလုပ်လုပ်နေရသေးတာ၊ ဒီနှစ်တွေအတွင်း သူတို့ တစ်ခါလေး အိပ်ဖို့မပြောနဲ့ မျက်လုံးလေးတောင် မမှိတ်နိုင်ဘူး၊ သူတို့ နှိပ်စက်ခံနေရတာ၊ သူတို့ရဲ့ ထာဝရ တည်မြဲတဲ့ ကိုယ်ခန္ဓာတောင်မှ ဒီပင်ပန်းမှုကို တောင့်မခံနိုင်ဘူးလေ”
ထိုစကားကြောင့် ယဲ့ဖန်၏ လက်များ တုန်ခါလာပြီး မျက်လုံးတွင် စိုးထိတ်မှုတို့ ပြည့်နှက်လာ၏။ ပြောရမည်ဆိုလျင် သူ ထွက်သွားပြီးကတည်းက သူ့ညီအစ်ကိုများ တစ်ယောက်ပြီးတစ်ယောက် သေသည်အထိ နှိပ်စက်ခံရသည် မဟုတ်ပါတကား။ ဤသို့ဖြစ်အောင် လုပ်သူများကလည်း သူ့နောက်မျိုးဆက်များ ဖြစ်နေ၏။
ကြက်ကတုံးက မနားတမ်း ဆက်ပြောနေ၏။
“ဧကရာဇ် ယွီရှန်က အရှက်မရှိတဲ့လူပဲ၊ ဒီမြေနီရောင် စစ်သည်တော်တွေ သူ့ကို ခစားအောင်လို့ နတ်ဘုရားမြို့တော် တည်ဆောက်တာက ကျူးလုံ ဧကရာဇ်ရဲ့ နောက်ဆုံးဆန္ဒလို့ ပြောပြီး လှည့်စားခဲ့သေးတယ်၊ အဲ့ဒါကြောင့် အဲ့စစ်သည်တော်တွေက အားကုန်ပြီး သေရတာတောင် ပျော်နေခဲ့တာ”
“ဟားဟားဟား ကျူးလုံ ဧကရာဇ်က တကယ်ကို တော်တတ်ကောင်းမွန်တဲ့ မျိုးဆက်တွေ မွေးခဲ့တာပဲ၊ ဒီအပြစ်မရှိတဲ့ စစ်သည်တော်တွေနဲ့ မြင်းတွေ သေရတဲ့အကြောင်းရင်းက ကျူးလုံ ဧကရာဇ်ကြောင့်လို့တောင် ပြောလို့ရတယ်”
ယဲ့ဖန်၏ ခန္ဓာကိုယ်က ပို၍ တုန်ခါလာပြီး မျက်နှာတွင် မယုံနိုင်ဟန် ပေါ်လာသည်။
*ငါက ငါ့ညီအစ်ကိုတွေကို သတ်တဲ့လူ ဖြစ်နေပါရောလား*
“ပါးစပ်ပိတ်ထား”
ပိုင်ရွှယ်က ကြက်ကတုံးကို စိတ်ဆိုးမာန်ဆိုး အော်ငေါက်လိုက်သည်။ ကြက်ကတုံးက ယဲ့ဖန်၏ နောက်ကြောင်းကို မသိသော်လည်း သူမ သိပါ၏။
ကြက်ကတုံး ဇတ်ပုသွားသည်။ သို့သော် ယဲ့ဖန်က အေးစက်စွာ ပြောလိုက်သည်။
“ဆက်ပြော”
ကြက်ကတုံးက တစ်ခဏမျှ တွေဝေနေပြီးမှ ဆက်ပြောလေသည်။
“လူတစ်ချို့က သေချာပေါက် ရင်မိသားစုကို မေးခွန်းထုတ်တာပေါ့၊ ဒါပေမဲ့ မေးခွန်းထုတ် ဆန့်ကျင်ရဲတဲ့ ဘယ်သူမဆို ရင်မိသားစုရဲ့ ရှင်းလင်းတာကို ခံလိုက်ရတယ်”
“အရေးမပါလိုက်တာ၊ ပြောရရင် ရင်မိသားစုက သူတို့ ဘိုးဘေးကို စွန့်ပစ်ပင်မယ့် သူတို့ ဘိုးဘေး ချန်ထားခဲ့တဲ့ စစ်သည်တွေကို အသုံးချလိုက်သေးတယ်”
“မင်းတို့လူသားတွေက ကိုယ့်လူမျိုးကိုတောင်မှ ပြန်ဖျက်ဆီးတယ်၊ ငါတို့ သားရဲတွေထက် ပိုပြီးတောင် ကြောက်ဖို့ကောင်းတာပဲ”
ကြက်ကတုံး၏ စကားတွင် အထင်သေး စက်ဆုပ်မှုတို့ဖြင့် ပြည့်နှက်နေ၏။ ပတ်ဝန်းကျင် အခြေအနေက ချက်ချင်း တိတ်ဆိတ် ငြိမ်သက်သွားသည်။
ယဲ့ဖန်က အသက်ပြင်းပြင်း ရှူနေပြီး သူ့အမူအရာက ခန့်မှန်းရ ခက်နေသည်။ ယခုအချိန်တွင် သူနှင့် ရင်မိသားစုကြားမှ နောက်ဆုံးသော သံယောဇဉ် အရိပ်အယောင်က လုံးဝ ပြတ်တောက်သွားသည်။
ရင်မိသားစုက သူ့အား အထင်သေး၍ မလေးမစား လုပ်သည်ကို သူ သည်းခံနိုင်ပါသည်။ သို့သော် ရင်မိသားစုက သူ့နာမည်ကို အသုံးချပြီး သူ့ညီအစ်ကိုများအား နှိပ်စက်ဖျက်ဆီးနေသည်ကိုတော့ သူ သည်းမခံနိုင်ပါ။
သူ၏ စစ်တပ်သည် စစ်မြေပြင်၌သာ အသက် ဆုံးရှုံးသင့်သည်။ သို့သော် ယခု သူ့ညီအစ်ကိုများက ကျွန်သဖွယ် ဆက်ဆံခံရပြီး သေသည်အထိ နှိပ်စက်ခံနေရသည်။
ရင်မိသားစုက စစ်သည်တော်ဟူသော သူတို့၏ ဂုဏ်ပုဒ်ကို ဖျက်ဆီးခဲ့ပြီး ရှက်စရာကောင်းသော သေခြင်းကိုသာ ပေးခဲ့လေသည်။
လူခုနစ်သိန်း၊ လူခုနစ်သိန်းတိတိ။ ရင်မိသားစုက သူတို့ သစ္စာရှိမှုကို အသုံးချ၍ သေသည်အထိ လှည့်စားခဲ့သည်။
*ရင်မိသားစု သေသင့်တယ်*
ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော လူသတ်လိုသည့် အရှိန်အဝါကို ခံစားမိသဖြင့် ကြက်ကတုံး ချက်ချင်း တိတ်ဆိတ်သွားပြီး သာမန်ကာလျှံကာ မပြောရဲတော့ချေ။
“ငါ့ကို နတ်ဘုရားမြို့တော်ဆီ ခေါ်သွားပေး”
ယဲ့ဖန် အမိန့်ပေးလိုက်သည်။ သူ့မျက်လုံးများက အေးစက်နေ၏။ မျက်လုံးအိမ်အတွင်း၌ အဆုံးအစမဲ့သော ရေခဲထု ရစ်ပတ်နေသည်ဟု ထင်မှတ်မှားရသည်။
ထိုအခိုက်တွင် ကြက်ကတုံး တုန်ယင်သွားသည်။ သူ့အမူအရာက အလွန် မှင်တက်နေပြီး ယဲ့ဖန် ရင်မိသားစုအား ပြဿနာရှာရန် ပြင်နေသည်ကို ရိပ်မိသွားသည့်ပုံပင်။ သို့သော် … အဘယ်ကြောင့် ထိုသို့ လုပ်ချင်ရသနည်း။
ကြက်ကတုံးက အသည်းအသန် ပြောလိုက်သည်။
“မဆင်မခြင် မလုပ်နဲ့၊ ရင်မိသားစုက ရန်စလို့လွယ်တဲ့လူတွေ မဟုတ်ဘူး၊ ပြီးတော့ စစ်သည် သုံးသိန်းက နတ်ဘုရားမြို့တော်ကို စောင့်ကြပ်နေတာ၊ ရှေးဟောင်းသားရဲအားလုံး ပေါင်းလိုက်ရင်တောင်မှ သူတို့က အဲ့လူတွေရဲ့ ပြိုင်ဘက် မဟုတ်ဘူး”
“ပြီးတော့ ထန်းကူလည်း နတ်ဘုရားမြို့တော်မှ ရှိနေတာ၊ မင်း သူ့ညီကို သတ်လိုက်တာကို သိသွားရင် ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး၊ ဘာလို့ သွားအသေခံရတာလဲ”
“ငါ့ကို နတ်ဘုရားမြို့တော်ဆီ ခေါ်သွားလို့ ပြောနေတယ်လေ”
ယဲ့ဖန်က စူးရှသော မျက်လုံးများဖြင့် ကြက်ကတုံးကို စိုက်ကြည့်လေသည်။ ရုတ်တရက် ကြက်ကတုံး လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားပြီးနောက် မတတ်သာဟန်ဖြင့် သက်ပြင်းချလေသည်။
ယဲ့ဖန် စိတ်ပိုင်းဖြတ်ထားကြောင်း သူ မြင်နေရသည်။ သူ သဘောမတူလျင် သူ သေရန်သာ ရှိတော့မည်။ ကြက်ကတုံးသည် တိမ်တိုက်များတွင်း၌ ဖြတ်သန်းသွားပြီး မိုင်ထောင်ချီ ခရီးနှင်လေတော့သည်။
နေ့တစ်ဝက်မျှကြာသော် နတ်ဘုရားမြို့တော်သို့ ရောက်လာ၏။
တစ်ချက်ကြည့်လိုက်ရုံနှင့် မြင့်မားထည်ဝါသောမြို့တွင် ခမ်းနားကြီးကျယ်သော အရှိန်အဝါများ ရှိနေသည်ဟု ခံစားမိပြီး ထိတ်လန့်စရာ ကောင်းလှသည်။
သို့သော် ဤထည်ဝါမှုအောက်၌ ယဲ့ဖန်က မတူညီသော အရာကို မြင်သွားသည်။ သူ့လက်ဖြင့် မြေကြီးကို ထိလိုက်ပြီးနောက် မျက်လုံးက မြေဆီလွှာကို ထိုးဖောက်သွားပြီး အထဲမှ မြင်ကွင်းကို မြင်လိုက်ရသောအခါ ကျောချမ်းသွားလေသည်။
မရေတွက်နိုင်သော မြေနီရောင် စစ်သည်တော်များနှင့် မြင်းများသည် ဤမြို့တော်၏ အောက်ခြေ၌ မြှုပ်နှံခံ ထားရသည်။
သူတို့၏ ခန္ဓာကိုယ်များက ကတ္တရာနှင့် ရောနှောနေ၏။ သူတို့ သေသွားပြီးနောက် ရင်မိသားစုများက သူတို့ကို အုတ်ခဲသဖွယ် အသုံးပြု၍ မြေကြီးထဲ၌ မြှုပ်နှံတည်ဆောက်ခဲ့သည်။
သူတို့ တစ်သက်လုံး ကျွန်ပြုခံရသည့်အပြင် သေဆုံးချိန်တွင်လည်း လှောင်ပြောင်ခံခဲ့ရသည်။ ဤမြင်ကွင်းက ယဲ့ဖန်ကို မီးဝင်းဝင်းတောက်သွားစေသည်။
“မင်း သွားလို့ရပြီ”
ယဲ့ဖန်က ကြက်ကတုံးကို အေးစက်စက် မျက်နှာထားနှင် ပြောလိုက်သည်။ ကြက်ကတုံး မှင်တက်သွားပြီးမှ အောင့်သက်သက် ပြုံးလေသည်။
“ကိုယ့်လူ ငါတို့က တစ်ဖက်တည်းသားတွေ ဖြစ်နေပြီ၊ မင်းက ရှေးမိစ္ဆာလူဝံကို သတ်တယ်၊ ငါက ရှေးဟောင်း သားရဲတွေကို စားလိုက်တယ်၊ သူတို့နောက်က အင်အားစုတွေက ငါ့ကို ဘယ်အလွတ်ပေးတော့မလဲ”
လက်ရှိတွင် သူ ယဲ့ဖန်နှင့် ကပ်နေမှ ဖြစ်မည်။ ယဲ့ဖန်က သူ့ကို ဤသို့ဖြစ်အောင် အစပြုခဲ့သည်။ အကယ်၍ ယဲ့ဖန် သေသွားပါက သူ သေရုံသာ ရှိတော့သည်။
ယဲ့ဖန် ဘာမှမပြောတော့ဘဲ နတ်ဘုရားမြို့တော်ထံသို့ လျှောက်သွားလေသည်။ အထဲသို့ ဝင်သွားသောအခါ နီညိုရောင် စစ်သည်တော်များနှင့် မြင်းများက လမ်းမထက်တွင် မျိုးစုံသော ဆောက်လုပ်ရေး ပစ္စည်းများ ဖြစ်သော ကြီးမားသော ကျောက်တုံးများ၊ သစ်သားတုံးကြီးကို ထမ်း၍ အရှေ့သို့ ဒယိမ်းဒယိမ်းဖြင့် တစ်လှမ်းချင်း လှမ်းကာ ကြီးမားသော ရုပ်တုထံ သွားနေကြသည်ကို တွေ့လိုက်ရသည်။
ကြီးမားသော ရုပ်တုအား ရွှေဖြင့် ပြုလုပ်ထားပြီး မြင့်မားကာ ကြံ့ခိုင်လှသည်။ ထုလုပ်သည့် ရုပ်တုမှာ ဧကရာဇ် ယွီရှန်၏ ပုံတူရုပ်တု ဖြစ်လေ၏။
ဤမြင့်မားသော ရုပ်တုကိုကြည့်ပြီး ယဲ့ဖန်၏ မျက်လုံးတွင် မုန်းတီးမှုတို့ လွှမ်းခြုံလာလေသည်။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ် ယွီရှန်၏ အတ္တစိတ်ကြောင့် သူ၏ သိန်းချီသော ညီအစ်ကိုများ ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့ရသည် မဟုတ်ပါတကား။
ဤသည်က ယဲ့ဖန်ကို အလွန် ဒေါသထွက်သွားစေသည်။
*ဒေါသထွက်စရာပဲ*
*အနိုင်ကျင့်တာ*
*သတ်ပစ်ရမယ်*
ယဲ့ဖန် တစ်လှမ်းချင်း လျှောက်လာပြီး ခြေလှမ်းတိုင်း၌ ကျောချမ်းဖွယ် လူသတ်လိုသော အငွေ့အသက်များ ကျန်ရစ်ခဲ့သည်။
“ဒီနေ့ ရင်မိသားစု သေရမယ်”