အခန်း ၁၅၃၅
Vol. 103 Ch. 1535
Chapter 1535 ချင်ဧကရာဇ်
*ဒါက*
ထိုစဉ် မြေနီရောင် စစ်သည်တော်များနှင့် မြင်းများသည် တစ်စုံတစ်ခုကို ခံစားမိပုံရသည့် မျက်နှာထားများ ဖြစ်သွားပြီး လမ်းလျှောက်နေရာမှ ရပ်တန့်ကာ ဘေးဘီကို လှည့်ကြည့်ကြသည်။ တစ်စုံတစ်ရာကို လိုက်ရှာနေသည့် ပုံပင်။
“စိတ်ထင်တာများလား”
ချင်ခေတ် မြေနီရောင် စစ်သည်တော်တစ်ယောက်က တစ်ယောက်တည်း ရေရွတ်နေသည်။ အဘယ်ကြောင့် ဆိုသော် သူ ဘာကိုမှ မတွေ့ရသောကြောင့်ပင်။
“မဟုတ်ဘူး စိတ်ထင်တာ မဟုတ်ဘူး၊ ဘာလို့ဆို ငါလည်း ခံစားမိတယ်”
“ငါရောပဲ”
“ဒီရင်းနှီးနေတဲ့ ခံစားချက်က ဘာလဲ”
ချင်ခေတ် မြေနီရောင် စစ်သားများ တစ်ယောက်ပြီး တစ်ယောက် ရပ်တန့်သွားပြီး သူတို့မျက်နှာတွင် မယုံနိုင်သော ဝမ်းသာဟန်တို့ ပေါ်လွင်နေသည်။
*နှစ်တွေဘယ်လောက် ကြာနေပြီလဲ*
*ဒီရင်းနှီးနေတဲ့ ခံစားချက်ကို ပြန်မမြင်ရတော့တာ ဘယ်လောက် ကြာနေပြီလဲ*
တစ်လောကလုံး တုန်ယင်နေသည်ဟု ထင်မှတ်မှားရပြီး လေထုပင် အေးစက်လာသည်။ ယဲ့ဖန်သည် လောကထဲ လျှောက်လှမ်းနေသော နတ်ဘုရားတစ်ပါးနှင့် တူနေပြီး အလွန်အမင်း ကြောက်စရာကောင်းနေကာ သိုင်းပညာရှင်များကို အထက်စီးဖြင့် ကြည့်နိုင်ပြီး ခေတ်များစွာကို ဖိနှိပ်နိုင်သည်ဟု ထင်မှတ်ရသော တစ်မူထူးခြားသည့် အငွေ့အသက် ရှိလေသည်။
ဤသို့သော ခံစားချက်ကို သူတို့ လူတစ်ယောက်ထံ၌သာ ခံစားဖူးသည်။ လက်ရှိတွင် ထိုလူ ပြန်လာလိမ့်မည်ဟု သူတို့ မယုံနိုင်သလို ဖြစ်နေကြသည်။
“မင်းတို့ ဘာလုပ်နေတာလဲ၊ အလုပ်မလုပ်ကြဘူးလား၊ ရွေ့လေ ရွေ့ကြစမ်း”
ရင်မိသားစုဝင်များနှင့် နောက်လိုက်များသည် ဤအဖြစ်ကိုမြင်ပြီး ရုတ်တရက် ဒေါသထွက်သွားပြီး ကျာပွတ်ရှည်ကို ဝင့်၍ စရိုက်လေတော့သည်။
ဤကျာပွတ်ရှည်သည် ဤမြေနီရောင် စစ်သည်တော်များအတွက် သီးသန့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အကြောင်းမှာ မြေနီရောင် စစ်သည်တော်များက နာကျင်မှုကို မသိသောကြောင့်ပင်တည်း။ ထို့ကြောင့် ဤကျာပွတ်ရှည်သည် သူတို့၏ စိတ်ဝိညာဉ်များကို ရိုက်နှက်နှိပ်စက်ရန် သီးသန့် ပြုလုပ်ထားခြင်း ဖြစ်ပေသည်။
ကျာပွတ်နှင့် တစ်ကြိမ် အရိုက်ခံရလျင် ဝေဒနာက လချီ၍ ကြာသည်။ ယင်းက ချင်ခေတ် မြေနီရောင် စစ်သည်တော်များအတွက် အိပ်မက်ဆိုးပင်။
သို့သော် လက်ရှိတွင် မြေနီရောင် စစ်သည်တော်များသည် ဘာခံစားချက်မှ ရှိပုံမရချေ။ ကျာပွတ်ဖြင့် အရိုက်ခံနေရသော်လည်း သူတို့မျက်နှာတွင် မည်သို့သော ခံစားချက်မှ မပြပေ။ လုံးဝကို ရုပ်တုနှင့် တူနေ၏။
သူတို့၏ မျက်လုံးတွင် ဝမ်းသာစိတ်နှင့် ထိတ်လန့်စိတ်တို့ ပြည့်နှက်နေသည်။ အချိန်အတော်ကြာသည်အထိ သတိမဝင်ကြချေ။
ထိုသို့သောအချိန်၌ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ အကြောင်းမှာ ဤမြေနီရောင် စစ်သည်တော်များ တစ်ခဏမျှ သတိလွတ်သွားခြင်းက ကြီးမားသော ရုပ်တုအပေါ် သက်ရောက်မှု ဖြစ်သွားကာ ထောင်မတ်ရန် ကြိုးဖြင့် ဆွဲနေရာမှ ပြေလျော့သွားပြီး အနောက်သို့ အရှိန်ဖြင့် လဲကျလာသည်။
မြေနီရောင် စစ်သားတစ်စုသည် သူတို့အပေါ် အရိပ်တစ်ခု မိုးလာသည်ကို မြင်သောအခါတွင်မှ အသိပြန်ဝင် လာကြသည်။ ဧကရာဇ်ယွီရှန်၏ ရုပ်တုက သူတို့ထံ အရှိန်ဖြင့် ပြုတ်ကျလာနေ၏။
“ယီးပဲ ခွေးမသားတွေ မင်းတို့ ရုပ်တုကို ဖျက်ဆီးလို့ကတော့ မင်းတို့အားလုံး မြေမြှုပ်ခံရမယ်”
ဤသည်ကိုမြင်သော် ရင်မိသားစုဝင်များက ရုတ်တရက် ဒေါသထွက်လာပြီး ငေါက်ငမ်းကြသည်။ ဤမြေနီရောင် စစ်သည်တော်များ၏ သေခြင်းရှင်ခြင်းကိုမူ သူတို့ လုံးဝ အရေးမစိုက်ပါ။
ဘာပဲဖြစ်ဖြစ် တစ်သောင်း သေသွားလျင်တောင်မှ သုံးသိန်းကျော် ကျန်နေသေးသဖြင့် သေချင်သေပါစေဟုသာ တွက်ထားကြသည်။
ကီလိုမီတာများစွာ မြင့်သော ရုပ်တုကြီးက အောက်ဘက်ရှိ မြေနီရောင် စစ်သည်တော်တစ်စုနှင့် မြင်းများထံ ပြုတ်ကျလာနေ၏။ အကယ်၍ ထိမှန်ပါက သေကြေထိခိုက်မှုများ ဖြစ်လာပေလိမ့်မည်။
မြေနီရောင် စစ်သည်တော်များနှင့် မြင်းများက ထိတ်လန့်သွေးပျက်သော အမူအရာများဖြင့် ချက်ချင်း အဝေးသို့ ထွက်ပြေးကြသည်။
သို့သော် ရင်မိသားစုဝင် တစ်သိုက်က ရက်စက်သော အပြုံးများ ပြုံး၍ ကြမ်းကြုတ်စွာ အော်ဟစ်ကြသည်။
“မပြေးနဲ့ လုံးဝ မပြေးနဲ့၊ ရုပ်တု ကျတဲ့ အရှိန် လျော့သွားအောင် အောက်မှာ အသားပြားအဖြစ် နေကြ”
မြေနီရောင် စစ်သည်တော်များ မျက်နှာပျက်သွားကြသည်။
*ငါတို့ကို အောက်မှာ အသားပြားလို နေကြ ဟုတ်လား၊ ဒါ ငါတို့ကို သတ်နေတာ မဟုတ်ဘူးလား*
“ဒါပေမဲ့ … ဒါပေမဲ့ ငါတို့ သေသွားမှာပေါ့”
မြေနီရောင် စစ်သည်တော်များက ရင်မိသားစုဝင်များအား အသနားခံသလို ကြည့်ကြသည်။
“မင်းတို့ သေမယ်ဆိုရင်လည်း သေပေါ့၊ မင်းတို့ အမှိုက်ကောင်တွေက ငါတို့အတွက် သေရမှာ မဟုတ်ဘူးလား၊ ငါတို့က ဘိုးဘေး ကျူးလုံ ဧကရာဇ်ရဲ့ မျိုးဆက်တွေလေ၊ မင်းတို့ ငါတို့ကို မနာခံရင် ဘိုးဘေး ကျူးလုံ ဧကရာဇ်ကို သစ္စာဖောက်တာပဲ၊ မင်းတို့က အဲ့လိုလုပ်ချင်တာလား”
ရင်မိသားစုဝင်များက စဉ်းလဲသော အပြုံးများ ပြုံးနေကြသည်။ သူတို့၏ မျက်လုံးထဲတွင် ဤလူများသည် လူများ မဟုတ်ဘဲ ခြံမွေးတိရစ္ဆာန်များသာ ဖြစ်လေသည်။
သူတို့ စိတ်ရှိသလို သတ်နိုင်သော တိရစ္ဆာန်များသာ။ ထို့ကြောင့် ဤမြေနီရောင် စစ်သည်တော်များကို သူတို့ လုံးဝ မသနားကြချေ။ မကြာခဏ စိတ်ရှိသလို သတ်ကြသည်။
ထို့အပြင် ဤလူများကို အလွယ်တကူ အရူးလုပ်၍ ရသည်။ အကယ်၍ သူတို့ ဆန့်ကျင်ချင်နေပါက ကျူးလုံ ဧကရာဇ်၏ နာမည်ကို ထုတ်ပြောလိုက်လျင် အကြိမ်တိုင်း နာခံသွားကြစမြဲသာ။
ထိုစကားကိုကြားသော် မြေနီရောင် စစ်သည်တော်များနှင့် မြင်းများသည် ထွက်မပြေးတော့ဘဲ နေရာ၌ ရပ်မြဲရပ်၍ သူတို့အပေါ် ရုပ်တုကျသည်ကိုသာ ခံနေကြသည်။
ရူးမိုက်လှသော သစ္စာရှိမှုပင်။ သစ္စာရှိမှုကြောင့် သူတို့ အသေခံနေကြလေသည်။
ရင်မိသားစုက သူတို့၏ အသက်ကို လုံးဝ ဂရုမစိုက်မှန်း သူတို့ သိပါသော်လည်း ဘိုးဘေး ကျူးလုံ ဧကရာဇ်ကို သူတို့ သစ္စာမဖောက်ချင်ကြပါ။
“မြန်မြန် အားနဲ့တွန်း၊ အားနဲ့ဆွဲထား”
ဤသည်ကိုမြင်သော် အခြား မြေနီရောင် စစ်သည်တော်များ ချက်ချင်း အံ့ဩသွားပြီး သံကြိုးများကို အသည်းအသန် ဖမ်းဆွဲ၍ နောက်သို့ လန်ကျနေသော ရုပ်တုအား ပြန်တည့်မတ်စေရန် ကြိုးစားကြသည်။ အဘယ်ကြောင့်ဆိုသော် သေသွားတော့မည့်လူများက သူတို့၏ ညီအစ်ကိုများ ဖြစ်နေသောကြောင့်ပင်။
သို့သော် လုံးဝ အသုံးမဝင်ချေ။ ရုပ်တုသည် ပေါင်တစ်သိန်းကျော် အလေးချိန်ရှိပြီး လေးလံထူထဲသောကြောင့် သူတို့အား တစ်ခုတည်းဖြင့် ပြန်မဆွဲနိုင်ပါ။
သူတို့၏ ညီအစ်ကိုများ ပိပြား၍ သေကြေရတော့မည်ကို မြင်ပြီး ထိုမြေနီရောင် စစ်သည်တော်များ မျက်ရည် ဝဲလာပြီး စိတ်နှလုံး အလွန်အမင်း နာကျင်ရသည်။
သူတို့သည် သာမန် ညီအစ်ကိုများ မဟုတ်ပါ။ သူတို့သည် အချင်းချင်း နှစ်ထောင်ချီ၍ သိကျွမ်းခင်မင်လာခဲ့သူများ ဖြစ်သည်။ ဤသို့သော သံယောဇဉ်ကို စကားလုံးဖြင့် ဖော်ပြ၍ မလောက်နိုင်ပါ။
တစ်ချိန်တည်းမှာပင် မီတာတစ်ထောင်ကျော် မြင့်သော ရုပ်တုကလည်း အရှိန်ဖြင့် ကျလာ၏။
“ဝှစ်”
ရုတ်တရက် အရိပ်တစ်ခု ပြေးတက်လာပြီး ပြင်းထန်သော လေပြင်းတစ်ချက် တိုက်ခတ်လာကာ ချက်ချင်း သံကြိုးကိုဆွဲ၍ ပခုံးပေါ် ထမ်းလေသည်။
“ဒုန်း”
ခြေတစ်ဖက်ကို ဆောင့်နင်းလိုက်သောအခါ ကြီးမားသော ဆင်တစ်ကောင်က မြေကြီးကို နင်းလိုက်သကဲ့သို့ မြေဆီလွှာ တုန်ခါလာသည်။
ထို့နောက်တွင်မူ သံကြိုးက တင်းခနဲ ဖြစ်သွားသည်။ တန်တစ်သိန်းမျှ လေးလံသော ဧကရာဇ်ယွီရှန်၏ ရုပ်တုသည် လဲကျနေရာမှ ရပ်သွားပြီး လေထဲ၌ တန့်ခနဲ ဖြစ်သွားလေသည်။
အရိပ်အောက်မှ မြေနီရောင် စစ်သည်တော်များနှင့် မြင်းများသည် မယုံသင်္ကာဖြင့် မျက်လုံးဖွင့်ကြည့် လိုက်ပြီးနောက် ပဟေဠိ ဖြစ်သွားကြသည်။
သူတို့အားလုံး သေရတော့မည်ဟု ထင်ထားသော်လည်း ရုပ်တုက လေထဲ၌ အလိုလို ရပ်သွားလိမ့်မည်ဟု ထင်မထားမိပေ။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ရုတ်တရက် နတ်ဘုရားမြို့တော်တစ်ခုလုံးမှ လေထုသည် အေးခဲသွားသည့်ပုံပင်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။
မြေနီရောင် စစ်သည်တော်တိုင်း၏ မျက်နှာတွင် ထိတ်လန့်မှုတို့ စိုးမိုးနေကာ ကြောက်ရွံ့သော မျက်လုံးတို့ဖြင့် ယဲ့ဖန်အား စူးစိုက်ကြည့်နေကြသည်။
*ငါတို့ ဘာမြင်လိုက်တာလဲ၊ လူတစ်ယောက်က တကယ်ကြီး ရုပ်တုကို ဆွဲထားတာလား*
“ဂလု”
တစ်ခဏအတွင်း သူတို့ အလန့်တကြား တံတွေးမြိုချမိသည်။ လူတစ်ယောက်က ပေါင်တစ်သိန်း အလေးချိန် ရှိသော ရုပ်တုအား သူ၏ ခွန်အားတစ်ခုတည်းဖြင့် ထိန်းနိုင်လိမ့်မည်ဟု သူတို့ မယုံနိုင်သည့်ပုံပင်။
*ဒီလူက ဘယ်သူလဲ*
“ဒီလူက တကယ် လူ ဟုတ်ရဲ့လား၊ တစ်ယောက်တည်းရဲ့ ခွန်အားတည်းနဲ့ ပေါင်တစ်သိန်း အလေးချိန် ရှိတဲ့ ရုပ်တုကို ဆွဲထားနိုင်တာလား၊ ဧကရာဇ် ယွီရှန်တောင် မလုပ်နိုင်တဲ့ ကိစ္စ မဟုတ်လား”
“အမြင်မှားတာ၊ ငါ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ ဖြစ်မယ်၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”
“သူက ဘယ်သူလဲ၊ ဘာလို့ ငါ သူ့ကို တစ်ခါမှ မမြင်ဖူးရတာလဲ၊ ဒီလို ကြောက်စရာကောင်းတဲ့လူမျိုး ဘယ်တုန်းက ရင်မိသားစုထဲမှာ ပေါ်လာတာလဲ”
ထိုအခိုက်တွင် ရင်မိသားစုဝင်များတောင်မှ မအံ့ဩဘဲ မနေနိုင်ဖြစ်ကာ ကြောက်လန့်နေကြသည်။ သူတို့အရှေ့၌ ပေါ်လာသောသူက သူတို့ ရင်မိသားစု၏ ဧကရာဇ် ယွီရှန်ထက်ပင် ပို၍ သန်မာနေ၏။
“ဒုန်း ဒုန်း ဒုန်း”
ချောက်ချားနေသော လူတိုင်း၏ အကြည့်အောက်တွင် ယဲ့ဖန်က အရှေ့သို့ တစ်လှမ်းချင်း လှမ်းလာသည်။ မျက်နှာထားက ခိုင်မာပြတ်သား၍ တည်ငြိမ်သည်။ တစ်ချိန်တည်းမှာပင် လဲကျတော့မည့် ရုပ်တုက တဖြည်းဖြည်း ပြန်မတ်လာသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ လူတိုင်း ယဲ့ဖန်ကို မယုံနိုင်သလို ကြည့်နေကြသည်။
*ဒီလူ့ကိုယ်ထဲမှာ သန်မာတဲ့ သားရဲများ ရှိနေတာလား*
*ဒါက နတ်ဘုရားစွမ်းအင်လိုပဲ*
*အံ့ဩဖို့ကောင်းလိုက်တာ*
“ခဏလေး သူ့ပုံစံက မြင်ဖူးနေသလိုပဲ”
ရုတ်တရက် အဘိုးအိုတစ်ယောက်နှင့် တူသော မြေနီရောင် စစ်သည်တော်တစ်ယောက်၏ မျက်လုံးတွင် ထိတ်လန့်သော အရိပ်အယောင် ဖြတ်ပြေးသွားသည်။
အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ မျက်နှာက သူတို့ ဦးညွှတ် အရိုအသေ ပြုသော ကျူးလုံဧကရာဇ် ရုပ်တုမှ မျက်နှာနှင့် တစ်ထပတ်တည်း တူညီနေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
ချက်ချင်းဆိုသလိုပင် သူ့မျက်လုံးများ ပြူးကျယ်ဝိုင်းစက်လာပြီး ကြောက်လန့်သော အရိပ်အယောင်များ ပေါ်လာသည်။
သို့သော် သူ ယဲ့ဖန်၏ အသွင်အပြင်ကို ထပ်ကြည့်တော့မည့်အချိန်၌ ယဲ့ဖန်က အစအနမရှိ ပျောက်ကွယ် သွားလေသည်။
“ဒုန်း”
တစ်ချိန်တည်းမှာပင် မြင့်မားသော ရုပ်တုသည်လည်း ပြန်တည့်မတ်သွားသည်။
“ဘိုးဘေး ကျူးလုံ ဧကရာဇ်၊ ငါ မြင်တာ မမှားနိုင်ဘူး၊ ခုနက လူက ဘိုးဘေး ကျူးလုံ ဧကရာဇ်ပဲ”
ရုက်တရက် ထိုအဘိုးအိုက ထိုင်းမှိုင်းသော အမူအရာဖြင့် တစ်ကိုယ်တည်း ရေရွတ်လေသည်။
“ဘိုးဘေး ကျူးလုံ ဧကရာဇ်လား”
သူ့အနောက်မှ မြေနီရောင် စစ်သည်တော်က ထိတ်လန့်နေသော အကြည့်တို့ဖြင့် သူ့အား မယုံနိုင်သလို ကြည့်လာသည်။
“ဟုတ်တယ် ဒါ ကျူးလုံ ဧကရာဇ်ပဲ”
အဘိုးအိုက ခေါင်းညိတ်လေသည်။ ထို့နောက်တွင်မူ ထိုစကားက ကူးစက်ရောဂါသဖွယ် နတ်ဘုရား မြို့တော်တွင်း၌ ချက်ချင်း ပျံ့နှံ့သွားသည်။
“ဘိုးဘေး ကျူးလုံ ဧကရာဇ်”
“ဘိုးဘေး ကျူးလုံ ဧကရာဇ်”
“ဘိုးဘေး ကျူးလုံ ဧကရာဇ်”
မြေနီရောင် စစ်သည်တော်များသည် အလွန် စိတ်လှုပ်ရှားနေပုံပေါ်ကာ သူတို့၏ ကြိုးများနှင့် အလေးအပင်များကို ပစ်ချ၍ ကျယ်လောင်စွာ ဟစ်ကြွေးကြသည်။
ညီညာသော စစ်သည်သုံးသိန်း၏ ကြွေးကြော်သံက မိုးခြိမ်းသံနှင့်ပင် ယှဉ်၍ ရလေသည်။ သို့သော် ထိုမျှနှင့် ရပ်မသွားချေ။
လေးလေးစားစား ကြွေးကြော်သံက ကောင်းကင်ယံသို့ ပဲ့တင်ရိုက်ခတ်သွားချိန်တွင် နတ်ဘုရားမြို့တော် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။
မကြားရသည်မှာ ကြာပြီဖြစ်သော စစ်ဗုံသံ စတင်၍ ထွက်ပေါ်လာသည်။ စိတ်မာန်တက်ကြွသော ချင်ခေတ် တေးသံက လမ်းထောင့်အထိ ပဲ့တင်ထပ်နေ၏။
ဂီတကို မသိတော့သော ကချေသည်များက တစ်ဖန်ပြန်၍ သီဆိုကခုန်လာကြသည်။ ချင်စစ်သည်များက သားရဲသဖွယ် ဟစ်ကြွေးနေကြသည်။
ထိုအခိုက်တွင် မဟာချင်ခေတ်သို့ ပြန်ရောက်သွားသလိုပင်။ ထည်ဝါခမ်းနားသော စစ်ဗုံသံက အဆက်မပြတ် ထွက်ပေါ်နေ၏။
မြေနီရောင် စစ်သည်တော်များသည် နှိမ့်ချမနေတော့ဘဲ သူတို့၏ ပစ္စည်းများကို ပစ်ချကာ လှံတံများနှင့် ဓားရှည်များကို
ဤမြင်ကွင်းကိုမြင်ပြီး ရင်မိသားစုဝင်များအားလုံး သွေးပျက်သွားကြသည်။
*ဘာကြောင့်မှန်းမသိဘဲ ဒီခြံမွေးတိရစ္ဆာန်တွေက ဒီလို ပြောင်းလဲမှုကြီးမျိုး လုပ်လာတာလဲ*
ဤသို့သော အင်အားမျိုးကို သူတို့ တစ်ခါမှမမြင်ဖူးပေ။ ဤမြေနီရောင် စစ်သည်တော်များထံမှ မဟာချင်ခေတ်ကို ပြန်မြင်နေရသည်။
စစ်သည်တော်များက အားမာန်အပြည့်နှင့် ချင်ခေတ် စစ်တေးသီချင်းအား တက်တက်ကြွကြွ သီဆိုနေကြသည်။ ကချေသည်များက သိုင်းကွက်နှင့်အတူ ကခုန်နေကာ ချင်ခေတ်၏ ကြီးမြတ်ပုံကို သရုပ်ဖော်နေကြသည်။
ထောင်ချီသော စစ်သည်တော်များက လက်နက်များကိုင်၍ အရှိန်အဟုန်အပြည့်နှင့် ညီညီညာညာ လျှောက်လှမ်းနေကာ လွှမ်းမိုးနိုင်သော အင်အားကို ဖော်ပြနေပြီး ခေတ်အဆက်ဆက်ကို တွန်းလှန်နိုင်ပုံ ရှိလေသည်။
ဤသည်မှာ မဟာချင်ခေတ်၏ စိတ်ဓာတ်ပင်။ သိမ်နုတ်သော အဆိုတော်ပင် နိုင်ငံအတွက် အချိန်ရွေး အသက်ပေးနိုင်၏။ နှစ်ထောင်ချီ ကြာမြင့်သွားသော်လည်း မဟာချင်ခေတ်မှ လူတစ်ယောက၏ မာနနှင့် စိတ်ဓာတ်က သူ့အရိုးထဲအထိ စွဲနေဆဲပင်။
“လေပြင်းမုန်တိုင်း”
“လေပြင်းမုန်တိုင်း”
“လေပြင်းမုန်တိုင်း”
မြေနီရောင် စစ်သည်တော်များအားလုံးက ဆောင်ပုဒ်အဟောင်းကို ပြိုင်တူ ဟစ်ကြွေးနေသည်။ သူတို့သည် လေပြင်းမုန်တိုင်း ဖြစ်သည်။ လေကဲ့သို့ တိုက်ခတ်လှုပ်ရှား၍ မုန်တိုင်းသဖွယ် အရာအားလုံးကို ရှင်းလင်းကာ သတ်ဖြတ်နိုင်စွမ်း ရှိသည်။
ထိုအသံကိုကြားသော် ယဲ့ဖန်တောင်မှ မျက်ရည်မကျဘဲ မနေနိုင်တော့ချေ။ နှစ်ထောင်ချီ ကြာမြင့်သွားသော်လည်း သူ့လူများက ယခုထက်ထိ သူ့ကို မမေ့သေးချေ။ ချင်ခေတ်ကို သစ္စာဖောက်ရန် တစ်ခါမှ မတွေးဖူးပေ။
ယဲ့ဖန်၏ နောက်မျိုးဆက်များကြောင့် သူတို့ နှိပ်စက်ခံရတာတောင်မှ၊ တစ်ကိုယ်လုံး ဒဏ်ရာဗလပွနှင့် တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားကြတာတောင်မှ သူတို့ သစ္စာဖောက်ရန် မတွေးခဲ့ကြပါ။
“ငါ … ငါ မင်းတို့ကိုယ်စား ရှက်မိပါတယ်”
ယဲ့ဖန်၏ မျက်လုံးတွင် မျက်ရည်များဖြင့် ပြည့်နေသလို လူသတ်ချင်စိတ်များလည်း ပြည့်နေ၏။ အရှေ့သို့ လျှောက်လှမ်းနေသည့် ခြေလှမ်းအလျင်ကလည်း မြန်သထက် မြန်လာသည်။ အမုန်းတရားက မိုးထိမတတ် ထိုးထွက်နေလေသည်။