အခန်း ၁၅၃၆
Vol. 103 Ch. 1536
Chapter 1536 ကျူးလုံ ဧကရာဇ် ပြန်လာပြီ
“မဟာဧကရာဇ် မြင်ပါရဲ့လား၊ အရှင့်လူတွေ ဒုက္ခခံစားနေရပါတယ်”
လက်ရှိတွင် မြေနီရောင် စစ်သည်တော်တစ်ယောက်က ကျူးလုံ ဧကရာဇ်၏ ရုပ်တုရှေ့၌ ဝမ်းနည်းသော အမူအရာဖြင့် ဒူးထောက်နေသည်။
“အရှင် မြင်နိုင်မယ်ဆိုရင် ဆန်းကြယ်မှုတစ်ခု ဖန်တီးပေးဖို့ တောင်းဆိုပါတယ်”
“ဧကရာဇ် ဟုတ်လား”
ရင်မိသားစုဝင်တစ်ယောက်က ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး ရုပ်တုအား ခြေထောက်ဖြင့် တွန်းလဲကာ ခေါင်းကို နင်း၍ သရော်ပြုံးနှင့် ပြောလိုက်သည်။
“အခု မင်း ဧကရာဇ် တစ်ပါးထဲကိုပဲ ခစားရမှာ၊ အဲ့လူက ကျူးလုံ ဧကရာဇ် မဟုတ်ဘူး၊ ဧကရာဇ် ယွီရှန်ပဲ”
*ဘာ*
မြေနီရောင် စစ်သည်တော်များ၏ မျက်နှာထားများ ရုတ်တရက် ပြောင်းလဲသွားပြီး ထိုလူအား မယုံနိုင်သလို ကြည့်လိုက်သည်။
“ရင်ယွမ် မင်း ဘယ်လိုလုပ် ဒီလို ပြောနိုင်တာလဲ၊ ကျူးလုံ ဧကရာဇ်က မင်းတို့ ရင်မိသားစုရဲ့ ဘိုးဘေးလေ”
“ဘိုးဘေး ဟုတ်လား”
ရင်ယွမ်က ချက်ချင်း ပျက်ရယ်ပြုကာ ပြောလေသည်။
“ရင်မိသားစုရဲ့ ဘိုးဘေး ဖြစ်တော့ရော ဘာဖြစ်လဲ၊ သူ သေသွားပြီ မဟုတ်ဘူးလား၊ အခု ငါတို့က အမြင့်မှာ ရှိနေတဲ့ လူအကြောင်း ပြောရမှာ၊ လူတိုင်း အနာဂတ်ကို ကြည့်ရမှာ ဟုတ်ပြီလား”
“အခု မင်းတို့ ခစားရမယ့်လူက ဧကရာဇ် ယွီရှန်ပဲ၊ နာခံဖို့ ငြင်းဆန်ရဲတဲ့ ဘယ်သူမဆို သေရမယ်”
ဧကရာဇ် ယွီရှန်က ခက်ထန်သော အကြည့်တို့ဖြင့် အော်ငေါက်လာသည်။ ဤမြေနီရောင် စစ်သည်တော်များ၏ ကျူးလုံ ဧကရာဇ်၊ ကျူးလုံ ဧကရာဇ်ဟု ကြွေးကြော်သည်ကို နေ့တိုင်း နားထောင်နေရသဖြင့် သူ နားကလောလာ၏။
*သူက သေပြီးသားလူ မဟုတ်ဘူလား၊ ဘာတွေများ ဒီလောက် ရူးသွပ်စွဲလန်းနေရတာလဲ*
“ချီးပဲ ကျူးလုံ ဧကရာဇ်သာ မရှိခဲ့ရင် မင်းတို့ ရင်မိသားစု လေကျယ်နိုင်ဦးမှာလား၊ ငါတို့က မင်းကို ခစားနေတယ်များ ထင်နေလား၊ ငါတို့က ကျူးလုံ ဧကရာဇ်ကို ခစားတာကွ”
မြေနီရောင် စစ်သည်တော်များ ရုတ်တရက် ဒေါသထွက်လာ၏။
“ပြီးတော့ မင်းတို့ရင်မိသားစုက ကိုယ့်ဘိုးဘေးကို ကျောခိုင်းစွန့်ပစ်တဲ့ကောင်တွေ၊ မင်းတို့အားလုံးက ဆန်ကုန်မြေလေးတွေ”
ထိုစကားကိုကြားသောအခါ ရင်မိသားစုဝင်များ ဒေါသထွက်လာကြသည်။
*ဒီကျွန်တွေကများ ငါတို့ကို ဒီလို ပြောရဲတယ်လား*
*ဒါ မလေးစားတာပဲ*
*သေသင့်တဲ့ကောင်တွေ*
“ချီးပဲ မင်းတို့ တော်တော် အားယားနေတယ်ထင်တယ်၊ သေပေတော့”
ရင်ယွမ်ဦးဆောင်သော ရင်မိသားစုဝင်များသည် ကျာပွတ်ရှည်များကို ဝင်၍ သူတို့အရှေ့မှ မြေနီရောင် စစ်သည်တော်များကို ရိုက်နှက်လေသည်။
“အား…”
ထိုအခါ စူးရှသော နာနာကျင်ကျင် အော်ဟစ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
“ရွှမ်း ရွှမ်း ရွှမ်း”
ကျာပွတ်ရှည်ကို လွှဲယမ်းလိုက်တိုင်း အလင်းများ ဖြာထွက်လာသည်။ လက်ရှိတွင် ရင်မိသားစုဝင်များ အားလုံးသည် ရက်စက်ကြမ်းကြုတ်နေကြပြီး အားနှင့် ရိုက်နှက်နေ၏။ ချက်ချင်းဆိုသလိုပင် မြေနီရောင် စစ်သည်တော်များစွာ တစ်စစီ ဖြစ်ကာ သေဆုံးသွားကြသည်။
“မင်းတို့…”
ဤသည်ကိုမြင်သော် အခြားသော မြေနီရောင် စစ်သည်တော်များသည် ဒေါသထွက်လာပြီး အံကြိတ်ကာ သူတို့အား သတ်ချင်လာလေသည်။
သို့သော် ထိုအခါ ရင်ယွမ်က ထပ်လှောင်လေသည်။
“ဘာလဲ … မင်းတို့က ငါတို့ကို တစ်ခုခု လိုချင်နေတာလား၊ ငါတို့က ကျူးလုံ ဧကရာဇ်ရဲ့ မျိုးဆက်တွေပဲ၊ မင်းတို့ ငါတို့ကို သတ်လိုက်ရင် ကျူးလုံ ဧကရာဇ်ကို ဘယ်လို မျက်နှာပြမှာလဲ၊ မင်းတို့က ကျူးလုံ ဧကရာဇ်ကို ဒီလိုပုံစံမျိုး မြင်စေချင်တာလား”
မြေနီရောင် စစ်သည်တော်များ၏ မျက်နှာတွင် လွန်ဆွဲ၍ ချီတုံချတုံဟန်များ ပေါ်လာကြပြီး သူတို့ ထိုသို့ မလုပ်ချင်ကြတော့ပေ။
ကျူးလုံ ဧကရာဇ်သည် သူတို့ နှလုံးသားထဲမှ နတ်ဘုရား ဖြစ်သည်။ သူ၏ မျိုးဆက်များကို သတ်လိုက်ခြင်းက ကျူးလုံ ဧကရာဇ်အား မလေးမစား လုပ်ခြင်းပင်။
မြေနီရောင် စစ်သည်တော်များ တွေဝေနေသည်ကိုမြင်ပြီး ရင်ယွမ်က စစ်သည်တော်တစ်ယောက်ကို တစ်စစီဖြစ်အောင် ထပ်ရိုက်နှက်လိုက်ပီး ကျယ်လောင်စွာ ရယ်မောလေသည်။
“မင်းတို့ သေချာနားထောင်ထား၊ မင်းတို့က ခြံမွေးတိရစ္ဆာန် သက်သက်ပဲ၊ မင်းတို့က ခွေးသာသာအဆင့်ပဲ ရှိတယ်၊ ငါတို့ သတ်ချင်ရင် သတ်လို့ရတယ်၊ ခိုင်းချင်တဲ့နေရာမှာ ခိုင်းလို့ရတယ်၊ မင်းတို့ တစ်ချက်ကလေးမှ ခုခံလို့မရဘူး နားလည်လား”
မြေနီရောင် စစ်သည်တော်များ ခေါင်းငုံ့ထားကြပြီး သူတို့မျက်လုံးတွင် ဒေါသစိတ်နှင့် မခံချင်စိတ်တို့ ပြည့်နှက်နေ၏။ သို့သော် သူတို့ ပြန်မလုပ်ရဲပါ။
ထို့နောက်တွင် ရင်ယွမ်၏ အကြည့်က မြေကြီးပေါ် လဲနေသော ရုပ်တုထံ အကြည့်ရောက်သွားပြီး အေးစက်စက် အမူအရာ ဖြစ်သွားသည်။
“ကျူးလုံ ဧကရာဇ် ကျူးလုံ ဧကရာဇ်လို့ နေ့တိုင်း ကြားနေရတာကို ငါ စိတ်ပျက်လာပြီ၊ ဒီနေ့ သူ့ကို ဖျက်ဆီးလိုက် ရအောင်”
ထိုသို့ပြောပြီးနောက် ခြေတစ်ဖက်ကိုမြှောက်၍ ကျူးလုံ ဧကရာဇ်၏ ရုပ်တုကို နင်းခြေဖျက်ဆီးလေသည်။
“ဘာလုပ်တာလဲ မလုပ်နဲ့”
“မင်းတို့တွေ ရပ်လိုက်စမ်း”
မြေနီရောင် စစ်သည်တော်များ ပြေးတက်လာပြီး ရင်ရွယ်၏ ခြေထောက်ကို သူတို့၏ ကိုယ်ဖြင့် တားဆီးကြသည်။ သူတို့ အသက်၊ သူတို့၏ ယုံကြည်ရာဖြစ်သော အရာကို ကာကွယ်နေလေသည်။
“သောက်အမှိုက်ကောင်တွေ၊ မင်းတို့ကများ ဝင်ပါရဲတယ်ပေါ့လေ၊ သေကြစမ်း”
ရင်ယွမ်၏ ဒေါသက ထိန်းမရတော့ဘဲ လက်ထဲမှ ကျာပွတ်ဖြင့် တစ်ယောက်ပြီး တစ်ယောက်အား စာနာခြင်း ကင်းမဲ့စွာ ရိုက်နှက်လေတော့သည်။ သူ၏ လူသတ်ချင်စိတ်က မိုးထိမတတ် မြင့်မားနေ၏။
မြေနီရောင် စစ်သည်တော်များသည် ကျာပွတ်၏ နတ်စွမ်းအင်အောက်၌ ဝိညာဉ်များ စုတ်ပြဲကာ ခန္ဓာကိုယ်က သာမန် ကျောက်တုံးအသွင် ပြောင်းသွားပြီး သေဆုံးသွားကြသည်။
သူ ကျာပွတ်ရှည်ကို ထပ်မြှောက်လိုက်ချိန်တွင် နတ်ဆိုးနှင့်တူသော ပုံရိပ်တစ်ခုက သူ့အရှေ့သို့ ရုတ်တရက် ပေါ်လာ၏။ ထိုလူသည် လက်တစ်ဖက်တည်းဖြင့် သူ၏ ကျာပွတ်ရှည်အား ဖမ်းဆုပ်ထားသည်။
လူတိုင်း မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
*ဒီကျာပွတ်ရှည်ကို လက်ချည်းသက်သက်နဲ့ ဖမ်းချုပ်ရဲလောက်အောင် အတင့်ရဲတဲ့ လူက ဘယ်သူလဲ၊ မင်းဝိညာဉ်ပါ ပျက်စီးသွားမှာကို မကြောက်ဘူးလား*
ဤကျာပွတ်ရှည်အား ဧကရာဇ် ယွီရှန် ပြုလုပ်ထားခြင်း ဖြစ်ပြီး အဆုံးအစမဲ့သော စွမ်းအင်များ ပါဝင်၏။ ရင်ယွမ်သည် ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်လိုက်မိသည်။
“မင်း … မင်း ဘယ်သူလဲ”
ဤကျာပွတ်ရှည်အား မည်သူမှ ရုပ်ခွန်အားဖြင့် မခုခံရဲပေ။ သို့သော် သူ့အရှေ့မှလူက ဘာဒဏ်ရာမှ မရပါတကား။
ရင်မိသားစုဝင်များသည်လည်း အံ့ဩသွားကြသည်။
*ဒီလူရဲ့ ဇစ်မြစ်က ဘာလဲ၊ ပြီးတော့ ဘာလို့ ဘယ်သူမှ သူ့ကို မသိကြတာလဲ*
*ဒါက … မယုံနိုင်စရာပဲ*
ယဲ့ဖန်က ကျာပွတ်ရှည်ကို ဖမ်းချုပ်၍ ရင်ယွမ်အား ခက်ထန်စွာ စူးစိုက်ကြည့်နေသည်။
“ငါ့ရုပ်တုကို ဖျက်ဆီးရအောင် မင်းက ဘာမို့လို့လဲ”
ထိုစကားက မိုးကြိုးပစ်ချသံအလား ကျယ်လောင်လှပြီး လူတိုင်းအား တုန်လှုပ်သွားစေသည်။
*မင်းရုပ်တု*
*ဒီလူ သောက်ကျိုးနည်း ဘာတွေပြောနေတာလဲ*
မြေနီရောင် စစ်သည်တော်များသည်လည်း အံ့ဩသော အမူအရာများ ဖြစ်နေကြပြီး ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေကြသည်။
သူတို့ တစ်စုံတစ်ရာကို သတိပြုမိကြသည်။ သူတို့အရှေ့မှ ယဲ့ဖန်သည် လဲကျနေသော ရုပ်တုနှင့် တကယ်ပင် ဆင်တူနေသည်။
*မဟုတ်မှလွဲရော*
ချက်ချင်းဆိုသလိုပင် သူတို့၏ မျက်လုံး၌ မျက်ရည်များ ဝေ့တက်လာပြီး မယုံကြည်နိုင် ဖြစ်နေကြကာ ထိတ်လန့်နေသည်။
ထိုစဉ် ရင်ယွမ်သည်လည်း တစ်ခုခု မှားနေကြောင်း သတိထားမိပြီး သူ့ခြေထောက်အောက်မှ ရုပ်တုကို အလိုလို ကြည့်လိုက်မိသည်။ ထို့နောက် သူ အကြီးအကျယ် မျက်နှာပျက်သွားသည်။
*အဲ့လူက သေသွားတာ အသိသာကြီးလေ*
*ဘာလို့လဲ*
ချက်ချင်းဆိုသလိုပင် သူ့မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်လာပြီး တအံ့တဩ ပြောလာသည်။
“မင်း …”
သို့သော် သူ့စကား ဆုံးအောင် မစောင့်ဘဲ ယဲ့ဖန်က ကြမ်းကြုတ်စွာ တိုက်ခိုက်လာ၏။ လက်တစ်ဖက်က သူ့လည်ပင်းကို ညှစ်လာပြီး နောက်လက်တစ်ဖက်က သူ့လက်မောင်းကို ဖမ်းချုပ်လာသည်။ ထို့နောက် တစ်ပြိုင်တည်း ဆွဲဖြုတ်လေသည်။
“ဂျွတ်”
ထိုအခါ သွေးများ ငေါက်ခနဲ ပန်းထွက်လာလေသည်။ ရင်ယွမ်၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့ တစ်ခြားစီ ဖြစ်သွားပြီး သွေးများက နေရာအနှံ့ ပေကျံကုန်သည်။
သူ သေဆုံးသွားချိန်တွင် မျက်နှာ၌ ထိတ်လန့်ဟန်တို့ ပြည့်နှက်နေပြီး ထိုလူ ပြန်လာသည်ကို မယုံနိုင် ဖြစ်နေပုံ ရသည်။
“မင်း ငါတို့ ရင်မိသားစုကို သတ်ရဲတယ်ပေါ့လေ၊ မင်းက ဘယ်သူလဲ”
ယဲ့ဖန်၏ ရက်စက်သော တိုက်ခိုက်မှုကို မြင်ပြီး ရင်မိသားစုဝင်များအားလုံး ချောက်ချားကုန်သည်။
*ဒီလူက ရက်စက်လွန်းတယ်*
*ကြက်တစ်ကောင်ကို သတ်သလို သတ်နေတာ၊ သွေးအေးပြီး ရက်စက်လိုက်တာ*
လက်ရှိတွင် အရှေ့မှလူက သူတို့၏ ရင်မိသားစုမှ မဟုတ်ကြောင်း သူတို့ သေချာသွားသည်။ ပို၍ ထူးဆန်းသည်က တစ်ဖက်လူက ချင်ဧကရာဇ်၏ သင်္ချိုင်းဂူထဲသို့ ဘယ်လိုလုပ် ဝင်လာသနည်း။ ယခင်က တစ်ခါမှ မဖြစ်ဖူးပါ။
ဤနေရာသို့ အခြားလူများ ခြေလှမ်းဝက်မျှ ခြေချမိသည်နှင့် အင်မော်တယ် သုတ်သင်ခြင်း ဝင်္ကပါနှင့် နဂါးကိုးကောင်ကြောင့် အသတ်ခံရမည် ဖြစ်ပြီး နတ်ဘုရားမြို့တော်တွင်းသို့ ခြေချရန် မဖြစ်နိုင်ပေ။
*ဒါပေမဲ့ ဒီလူ ဒါကို ဘယ်လိုလုပ်လာတာလဲ*
*မယုံနိုင်စရာပဲ*
“မင်းတို့ကို ဖန်တီးခဲ့တဲ့သူ ပြီးတော့ မင်းတို့ကို ဖျက်ဆီးမယ့်သူပဲ”
ယဲ့ဖန်က အေးစက်စက် ငေါက်ငမ်းလိုက်ပြီး မျက်နှာတွင် လူသတ်ချင်စိတ်များ ပြည့်နှက်နေ၏။ လက်ရှိတွင် သူသည် ရင်မိသားစုအပေါ် လက်လျော့လိုက်ပြီး သူ့မျိုးဆက်များကို အလွန် စိတ်ပျက်မိသည်။
“ရူးနေတာပဲ”
သူ့စကားကိုကြားသော် ရင်မိသားစုဝင်များ ဒေါသထွက်လာပြီး လက်ထဲမှ ကျာပွတ်ရှည်ဖြင့် ယဲ့ဖန်ကို ရိုက်နှက်ကြသည်။
“ဖြောင်း ဖြောင်း ဖြောင်း”
ကျယ်လောင်သော ရိုက်နှက်သံများ ဆက်တိုက် ထွက်ပေါ်လာ၏။
“ရိုက်စမ်း”
“ကျာပွတ်နဲ့ ဒီလောက် အရိုက်ခံရပြီးရင် နတ်ဘုရင်အဆင့်တောင် ဒဏ်ရာရတာ၊ ဒီကောင်တော့ ဇာတ်သိမ်းမှာ”
“သူ့ကို သတ်ဖို့ မလောနဲ့ဦး၊ သူ့ကို ခေါ်ပြီး ဒုတိယဦးလေးလက်ထဲ အပ်ရမယ်”
ရင်မိသားစုဝင်များက ကြမ်းကြုတ်စွာ ရယ်မောနေကြပြီး ယဲ့ဖန် သေကိုသေရမည်ဟု ထင်မှတ်နေကြသည်။ ယဲ့ဖန်က ကျာပွတ်ရှည်နှင့် အကြိမ်ရေ များစွာ ရိုက်နှက်ခံထားရသောကြောင့် သူ့ဝိညာဉ်က အပြင်းအထန် ပျက်စီးနေရပေလိမ့်မည်။
သို့သော် တစ်ခဏကြာသော် ယဲ့ဖန်၏ အပြုအမူကြောင့် သူတို့ ကြက်သီးထသွားသည်။ ယဲ့ဖန်က သူ့ကိုယ်မှ ဖုန်များကို အသာအယာ ခါထုတ်နေပြီး တင်းမာခက်ထန်သော မျက်နှာထားက ပိုဆိုးလာသည်ကို သူတို့ တွေ့လိုက်ရသည်။
“ကျာပွတ်ရှည်က နှစ်ထောင်ချီ သက်တမ်းရှိတဲ့ နွယ်ပင်နဲ့ ပြုလုပ်ထားတာ၊ ဒီအရာကို ငါက ရာဇဝတ်သားတွေကို အပြစ်ပေးဖို့ သန့်စင်ထားတာ၊ ဒါပေမဲ့ မင်းတို့က ငါ့ညီအစ်ကိုတွေကို ရိုက်နှက်တဲ့နေရာမှာ အသုံးချနေတာပဲ”
“ကောင်းတယ် သိပ်ကောင်းတယ်”
“မင်းတို့အားလုံး သေသင့်တယ်”
ယဲ့ဖန် လုံးလုံးလျားလျား ဒေါသထွက်နေပြီး ပိုမို ကြမ်းကြုတ်လာသည်။ သူ၏ လက်နှစ်ဖက်လုံးသည် သေမင်းတံစဉ်အဖြစ် အသွင်ပြောင်းသွားသည်ဟု ထင်မှတ်မှားရပြီး အသက်တစ်ချောင်းချင်းစီကို နုတ်ယူ တော့သည်။ ဦးခေါင်းများက မြေကြီးပေါ်သို့ ဖရဲသီးသဖွယ် တဘုတ်ဘုတ် ပြုတ်ကျလာ၏။
“ဘုတ် ဘုတ်”
ရင်မိသားစုဝင်များ၏ လည်ပင်းမှ သွေးများ ပန်းထွက်လာလေသည်။ တစ်ယောက်ပြီး တစ်ယောက် လဲကျကာ အားလုံး ဦးခေါင်းများ ပြတ်နေ၏။
ယဲ့ဖန် ဒေါသအလျောက် သတ်ဖြတ်နေလေပြီ။ ဤအမှားကြီးကို ပြုလုပ်ခဲ့မိသူက သူသာ ဖြစ်သည်။ ဤမထိုက်တန်သော မျိုးဆက်များကို သူ မြေတောင်မြှောက်ပေးခဲ့မိသည်။ ယခု သူ့လက်ကို သွေးစွန်းခံ၍ ပြန်သန့်ရှင်းရပေတော့မည်။
“မဟုတ်ဘူး ငါ့ကို မသတ်နဲ့”
“နတ်ဆိုး မင်းက နတ်ဆိုးပဲ”
“ခွေးမသားတွေ မင်းတို့ ဘာလုပ်နေတာလဲ၊ မင်းတို့ ဘာလို့ မချတာလဲ၊ သူ့ကိုသတ်၊ သူ့ကို သတ်ကြစမ်း”
ရင်မိသားစုဝင်များအားလုံး အော်ဟစ်နေပြီး အချို့ဆိုလျင် မြေနီရောင် စစ်သည်တော်များအား ငေါက်ငမ်းနေ၏။ သို့သော် မြေနီရောင် စစ်သည်တော်များအားလုံး လှောင်ပြုံးပြုံးနေကြပြီး တစ်စက်ကလေးမျှ မလှုပ်ချေ။ ထိုအကြည့်များက ထူးဆန်းပြီး ကြောက်စရာကောင်းသောကြောင့် ရင်မိသားစုဝင်များ အလွန် စိတ်မသက်မသာ ဖြစ်ရသည်။
*ဘာဖြစ်တာလဲ*
*ဒီခွေးတိရစ္ဆာန်တွေက ငါတို့ ရင်မိသားစုရဲ့ စကားကို မနာခံဘဲ နေရဲတာလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
မကြာခင်မှာပင် ဘေးပတ်လည်မှ ရင်မိသားစုဝင်များအားလုံး သေဆုံးကုန်ပြီး သူတို့၏ ဦးခေါင်းများက မြေကြီးပေါ်၌ ဖရဲသီးသဖွယ် လိမ့်နေကြသည်။
ယဲ့ဖန်က မရပ်တန့်ဘဲ ရှေ့သို့ဆက်လှမ်း၍ နန်းတော်ဘက်သို့ ဦးတည်သွားလေသည်။
“ဘိုးဘေး ကျူးလုံ ဧကရာဇ်”
“ဘိုးဘေး ကျူးလုံ ဧကရာဇ်”
ထိုအခိုက်တွင် အံ့ဩမှင်တက်နေသော မြေနီရောင် စစ်သည်တော်များသည် သူတို့အနောက်မှ အပေါင်းအဖော်များ၏ ကြွေးကြော်သံကို ကြားလိုက်ရသည်။ အသံက ဝေးရာမှ နီးကပ်လာ၏။
“တကယ်ပဲ ကျူးလုံ ဧကရာဇ်ကိုး”
“ကျူးလုံ ဧကရာဇ် ပြန်လာပြီ”
“နတ်ဘုရားက ငါတို့ ဆုတောင်းသံကို ကြားသွားလို့ ကျူးလုံ ဧကရာဇ်ကို ငါတို့ဆီ ပြန်ပို့တာ ဖြစ်မယ်”
“ဖွီ ကျူးလုံ ဧကရာဇ်က နတ်ဘုရားတွေထက်တောင် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကွ၊ ငါတို့ ဆုတောင်းသံကို သူ ကြားလို့ ငါတို့ကို လာကယ်တာ”
ရုတ်ချည်းဆိုသလိုပင် မြေနီရောင် စစ်သည်တော်များ မျက်ရည်ကျလာကြသည်။
“ကျူးလုံ ဧကရာဇ် ပြန်လာပြီ”
“ကျူးလုံ ဧကရာဇ် ပြန်လာပြီ”
“ကျူးလုံ ဧကရာဇ် ပြန်လာပြီ”
ထိုကြွေးကြော်သံတွင် ဝမ်းသာပီတိစိတ်များ ပြည့်နှက်နေပြီး အသံက ကျယ်သထက် ကျယ်လာ၏။ ထိုအသံက နတ်ဘုရားမြို့တော် တစ်ခုလုံးသို့ ပျံ့လွင့်သွားသည်။ ကျယ်လောင်လွန်း၍ သင်္ချိုင်းဂူတစ်ခုလုံး ဆူညံလာသည်။
“ကျူးလုံ ဧကရာဇ် ပြန်လာပြီလား”
ထိုအခိုက်တွင် နတ်ဘုရားမြို့တော် အပြင်ဘက်နှင့် အတွင်းဘက်၌ ရှိနေသော ရှေးဟောင်းသားရဲများအားလုံး ခေါင်းထောင်လာပြီး မယုံနိုင်ဟန်များ ပြည့်နှက်လာ၏။
“ချီးပဲ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူ သေသွားတာ နှစ်ထောင်ချီနေပြီ မဟုတ်ဘူးလား”
“ထွက်ပြေးရမယ်၊ အဲ့မကောင်းဆိုးဝါးနဲ့ ဝေးဝေးနေရမယ်၊ မဟုတ်လို့ကတော့ သူ ငါတို့ကို ထပ်ဆော်လိမ့်မယ်”
ရှေးဟောင်း သားရဲတစ်ချို့က အလျင်အမြန် ခေါင်းပင်မဖော်နိုင်ဘဲ ကြောက်လန့်တကြား ထွက်ပြေးကြလေသည်။