အခန်း ၁၅၃၈
Vol. 103 Ch. 1538
Chapter 1538 အခု မင်းအလှည့်ပဲ
ထိုအချိန်တွင် ယဲ့ဖန်သည် တော်ဝင် ရာဇဝတ်ရုံးရှေ့၌ ရပ်နေပြီး ရှေးဟောင်း သားရဲအချို့၏ ဝိုင်းထားခြင်း ခံထားရသည်။
၎င်းသားရဲတို့မှာ မီးချီလင်၊ မျက်လုံးလေးလုံး မိစ္ဆာကောင်၊ ဝိညာဉ်ငိုကြွေးသားရဲနှင့် ထန်းကူတို့ ဖြစ်သည်။ သူတို့အားလုံးသည် ဧကရာဇ် ယွီရှန်ပေါ်တွင် မှီခိုနေပြီး ယခုအချိန်တွင် ယဲ့ဖန်အား တိုက်ခိုက်ရန် ရင်ချန်ဖုန်း ရောက်လာသည်ကို စောင့်နေ၏။
“ဒီလူက ထန်းကူရဲ့ ညီ ရှေးမိစ္ဆာလူဝံကို သတ်လိုက်တဲ့လူ မဟုတ်လား၊ သူ ဘယ်လိုလုပ် ဒီနေရာကို ပေါ်လာရဲတာလဲ”
အချို့ ရှေးဟောင်းသားရဲများက ယဲ့ဖန်ကို မှတ်မိသွားပြီး ချက်ချင်း အံ့အားသင့်သွားကြသည်။
*ဒီလူက တော်တော် သတ္တိကောင်းတာပဲ ဟုတ်တယ်မလား*
*ထန်းကူ ဒီမှာ ရှိနေမှန်း သိတာတောင် ဘယ်လိုတောင် လာအသေခံရဲတာလဲ*
“ငါ့ညီကို သတ်လိုက်တာ မင်းလား”
ထန်းကူ၏ ခန္ဓာကိုယ်သည် တောင်ကုန်းတမျှ ကြီးမားပြီး တော်ဝင် ရာဇဝတ်ရုံး၏ မြို့နံရံမျှ မြင့်မားသည်။ ယခုအချိန်တွင် သူ့မျက်လုံးတွင် သွေးဆာဟန်များ ပေါ်လွင်နေပြီး ယဲ့ဖန်အား ခက်ထန်စွာ စိုက်ကြည့်နေ၏။
သို့သော် ယဲ့ဖန်က သူ့စကားကို မကြားသယောင်ပြု၍ အထက်စီးဖြင့် တော်ဝင်ရာဇဝတ်ရုံးသို့ လျှောက်သွားသည်။
*မောက်မာတယ်*
*ဘဝမြင့်လွန်းတယ်*
ရှေးဟောင်းသားရဲများ မှင်တက်ကုန်သည်။ ထန်းကူနှင့် ကျန်သားရဲသုံးကောင်တို့သည် နတ်ဘုရင်အဆင့် ရှေးဟောင်း သားရဲများ ဖြစ်ကြသည်။ သို့သော် ယဲ့ဖန်က သူတို့ကို မသိကျိုးကျွန်ပြုပြီး သူတို့အရှေ့၌ ဆက်လျှောက်သွားရဲသည်တဲ့လား။
*အရမ်း သွေးကြီးလွန်းတယ်*
*ဒါ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ*
သားရဲလေးကောင်လုံး ဒေါသထွက်လာကြသည်။ သူတို့အရှေ့မှ လူငယ်က သူတို့ကို ဥပေက္ခာ ပြုရဲလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိပေ။
“မျိုးမစစ်ကောင် မင်းကများ ငါ့ကို ရိုင်းပျရဲတယ်ပေါ့လေ၊ သေပေတော့”
ထန်ကူး ဒေါပွသွားပြီး ယဲ့ဖန်အား အားဖြင့် ရိုက်ချလေသည်။ သူ့ခွန်အားက ကြီးမားသန်မာသောကြောင့် ကြောက်စရာကောင်းသော လေတိုးသံပင် ထွက်ပေါ်လာသည်။
ထိုလက်ဝါးချက်က တောင်များကိုပင် ပြိုစေနိုင်သည်။ သို့သော် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။
ယဲ့ဖန်က လက်ကို အသာဝှေ့ယမ်းပြီး သူ့အား အထင်သေးသည့်ဟန်ဖြင့် ပြန်ရိုက်ထုတ်လေသည်။
“ဖြောင်း”
ထန်းကူ ဆယ်မီတာမက လွင့်ထွက်သွားပြီး နံရံနှင့် ဝင်တိုက်ကာ ခေါင်းမူးသွားတော့သည်။
*သောက်ကျိုးနည်း ဘာဖြစ်တာလဲ*
ရှေးဟောင်းသားရဲများ ချက်ချင်း မှင်တက်သွားသည်။ နတ်ဘုရင်အဆင့် ရှေးဟောင်းသားရဲ ထန်းကူက အလွယ်တကူ ရိုက်ထုတ်ခံလိုက်ရသည်တဲ့လား။
*ဒီလူက သာမန်ထက်ပိုပြီး ကြမ်းကြုတ်နေပါလား*
ဘေးပတ်လည်၌ ရှိနေသော ရှေးဟောင်းသားရဲများ နားဝေတိမ်တောင် ဖြစ်ကာ မျက်လုံးကို အသည်းအသန် ပွတ်၍ သူတို့ မှားမြင်လေသလားဟု အဖြေရှာနေကြသည်။
*ဒီလူက လူရေခြုံထားတဲ့ သားရဲလား၊ ကြောက်စရာ ကောင်းလွန်းလိုက်တာ*
“ခွေးမသား ငါ မင်းအရိုးတွေကို ချိုးပစ်မယ်”
ထန်းကူသည် အရှက်ခွဲခံသလို ခံစားလိုက်ရပြီး ရုတ်တရက် ရန်စခံရသလို ဖြစ်ကာ ကျယ်လောင်စွာ ကြွေးကြော်လေသည်။
“သွားပြီ သွားပြီ ဒီတစ်ခါတော့ သွားပြီ”
ကြက်ကတုံးသည် ပိုင်ရွှယ်နှင့်အတူ ယခုလေးတင်မှ ရောက်လာပြီး ယဲ့ဖန်နှင့် ထန်းကူတို့ ချနေသည်ကို မြင်သောအခါ အော်ပြောလေတော့သည်။
ထန်းကူသည် ရင်မိသားစုနှင့် အတော်လေး ပတ်သက်မှု ရှိပြီး ယဲ့ဖန်က သူနှင့် ပဋိပက္ခ ဖြစ်ရဲသဖြင့် အကျိုးဆက်က ပြင်းထန်လောက်သည်။
ထန်းကူအပြင် နတ်ဘုရင်အဆင့် ရှေးဟောင်းသားရဲ သုံးကောင်လည်း ထပ်ရှိနေသဖြင့် သတင်းဆိုးပင်။
“ငါ ရင်မိသားစုနဲ့ စာရင်းရှင်းစရာ ရှိတယ်၊ မင်းတို့ မသေချင်ရင် ဖယ်နေ”
ယဲ့ဖန်က ရှေးဟောင်းသားရဲအချို့အား လူသတ်ချင်နေသော အကြည့်ဖြင့် အေးစက်စွာ ကြည့်နေ၏။ ထိုစကားကို ကြားသော် ဘေးပတ်ဝန်းကျင်၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး လူတိုင်း၏ မျက်လုံး အပြူးသား ဖြစ်သွားကြသည်။
*ဒီကောင်က နတ်ဘုရင်အဆင့် ရှေးဟောင်းသားရဲ လေးကောင်ကို ဘယ်လိုတောင် လှောင်ပြောင်ရဲတာလဲ*
*ရူးနေပြီ*
*ဒီကောင် ရူးနေပြီ*
ရင်မိသားစုဝင်များနှင့် ရှေးဟောင်းသားရဲများသည် ယဲ့ဖန်အား မယုံနိုင်ဟန်ဖြင့် ကြည့်နေပြီး ယဲ့ဖန် သေတွင်းတူးနေသည်ဟု ထင်နေကြသည်။
ထိုစကားကို ကြားလိုက်သည့် ကြက်ကတုံးသည်လည်း အလန့်လွန်ကာ သတိလစ်လုနီးပါး ဖြစ်သွားရသည်။ သူသည် မြေကြီးပေါ် ဘုန်းခနဲ လဲကျကာ တရှုံ့ရှုံ့ ငိုလေတော့သည်။
“သူက အရူးကြီးမှန်း ငါ သိခဲ့ရင် သူနဲ့အတူ မြို့တော်ကို မလိုက်ခဲ့ပါဘူး”
ထန်ကူးတစ်ယောက်ကို ရန်စမိရုံနဲ့တင် မလုံလောက်ဘဲ နတ်ဘုရင်အဆင့် ရှေးဟောင်း သားရဲလေးကောင်လုံးကို တစ်ပြိုင်တည်း ရန်စလိုက်သည်က ကိစ္စကြီးပင်။ ယခု သူတို့ ဇာတ်သိမ်းလေပြီ။
ရှေးဟောင်း သားရဲလေးကောင်အပြင် သူတို့အပေါ် ကြည့်နေသည့် ရင်မိသားစုဝင်များလည်း ရှိနေသဖြင့် ယနေ့ သူတို့ နတ်ဘုရားမြို့တော်မှ ထွက်မသွားနိုင်လောက်ပေ။
ပြောနေစရာပင် မလိုလောက်အောင်ပင် ထန်းကူက ထပ်မံ၍ တိုက်ခိုက်လာသည်။ သူသည် ရှေ့သို့ ပြေးတက်လာပြီး ယဲ့ဖန်အား သတ်ရန် ကြိုးစားလေသည်။
သူ့အပြင် အခြားသားရဲများကလည်း ပြိုင်တူ တိုက်ခိုက်လာပြီး ပြင်းထန်သော မန္တန်များကို ထုတ်သုံးကြသည်။ ပတ်ဝန်းကျင်တွင် လူသတ်ချင်စိတ်က ကြမ်းကြုတ်စွာ ပျံ့လွင့်လာ၏။
ထိုအခိုက်တွင် ကျောက်တုံးကျောက်ဆောင်များ ပြိုလဲလာပြီး တာအိုစွမ်းအင်ကလည်း ပြင်းထန်လာကာ ပတ်ဝန်းကျင်မှ မြေဆီလွှာများ အက်ကွဲပျက်စီးလာလေသည်။
ယဲ့ဖန်၏ အေးစက်သော မျက်လုံးများ ကျဉ်းမြောင်းလာပြီး ပြန်လည် တိုက်ခိုက်လေသည်။ ခန္ဓာကိုယ် တစ်ခုလုံးမှ နတ်ဆိုးစွမ်းအင် ပွက်ပွက်ဆူလာပြီး ရှေ့သို့ ပြေးတက်လိုက်သည်။ ထို့နောက် သူသည် အရှေ့မှ ရှေးဟောင်း သားရဲလေးကောင်အား လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။
*ကြမ်းကြုတ်တယ်*
*ပြင်းထန်လွန်းတယ်*
*ရှေးဟောင်း သားရဲလေးကောင်ကို တစ်ပြိုင်တည်း အနိုင်ယူချင်နေတာပဲ*
လက်သီးချက် ကျရောက်လာသည်နှင့် နတ်ဘုရားစွမ်းအင်က ပင်လယ်လှိုင်းအလား ထွက်ပေါ်လာပြီး ရှေးဟောင်း သားရဲလေးကောင်၏ စွမ်းအင်ကို ချိုးဖောက်ကာ ထန်းကူတို့ လေးကောင်အား လွင့်ထွက်သွားစေသည်။
“ဘုန်း ဘုန်း ဘုန်း”
ရှေးဟောင်း သားရဲလေးကောင်လုံး မတူညီသော အရပ်မျက်နှာသို့ ပြုတ်ကျသွားပြီး အရေပြားများ စုတ်ပြတ်ကုန်သည်။
ဤသည်ကိုမြင်သော် လူတိုင်း ရင်တုန်သွားပြီး ကြက်သေ သေသွားလေသည်။
*ဒီလူက တကယ်ပဲ လူမှ ဟုတ်ရဲ့လား*
*လက်နဲ့ပဲ ရှေးဟောင်း သားရဲလေးကောင်ကို အနိုင်ယူနိုင်တယ်လား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ရှေးဟောင်းသားရဲများအားလုံး အမူအရာ ပျက်ယွင်းလာသည်။
*ဒီလူက တကယ့်ကို မိစ္ဆာပဲ၊ ငါတို့ထက်တောင် ကြောက်ဖို့ကောင်းတဲ့ မိစ္ဆာကောင်၊ နတ်ဘုရင်အဆင့် သားရဲလေးကောင်တောင် သူ့ကို မတားနိုင်တာ၊ ငါတို့သာ တိုက်ရင် စက္ကန့်ပိုင်းအတွင်း အသတ်ခံရလောက်မယ် ထင်တယ်*
“ဒါ … ဒါက …”
ကြက်ကတုံး နားဝေတိမ်တောင် ဖြစ်နေသည်။ မူလက သားရဲများထဲတွင် သူသာလျင် အကြမ်းဆုံးဟု ထင်ထားခဲ့သည်။ နတ်ဘုရင်အဆင့် သားရဲများနှင့် ရင်ဆိုင်ရလျင် သူ ရှုံးနိမ့်လောက်သည်။ လုံးဝ ရိုက်နှက်ခံ ရနိုင်၏။
ထန်းကူမျိုးနွယ်တွင် နေနှင့်လတို့ကို ဝါးမျို၍ ကောင်းကင်ကို ဖုံးအုပ်နိုင်သော သိုင်းပညာတစ်ခု ရှိသည်။ မီးချီလင်သည် မင်္ဂလာရှိသော သားရဲတစ်ကောင် ဖြစ်သည်။ ၎င်းသည် မင်းဆက်အားလုံး၌ ဧကရာဇ်၏ စီးတော်ယာဉ် ဖြစ်စမြဲသာ။ အခမ်းနားဆုံး ဧကရာဇ်များသာ ၎င်းတို့ကို စီးတောင်ယာဉ်အဖြစ် အသုံးပြုနိုင်သည်။
အခြား ရှေးဟောင်း သားရဲတစ်ကောင်တွင်လည်း သူမတူသော ဇစ်မြစ်များ ရှိပြီး ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော နောက်ခံများ ရှိကြသည်။
သို့သော် သူတို့လေးယောက်က ရန်သူကို လေးယောက် တစ်ယောက် ချသောအချိန်၌ ရှုံးနိမ့်သွားသည်တဲ့လား။
ရှေးဟောင်း သားရဲများအားလုံး မှင်တက်နေ၏။ လူသားမျိုးနွယ်မှ သိုင်းပညာရှင်တစ်ယောက်က သူတို့ သားရဲမျိုးနွယ်မှ နတ်ဘုရင်အဆင့် သားရဲလေးကောင်ကို ဟန့်တားနိုင်နေသည် မဟုတ်ပါတကား။
သူတို့ ရှေးဟောင်းသားရဲ မျိုးဆက်တစ်လျှောက် ဤမျှ ကြောက်စရာကောင်းသော လူသားကို သူတို့ တစ်ခါမှ မမြင်ဖူးပါ။ သူတို့ တစ်ယောက်မှလွဲ၍ မည်သည့်လူသားကိုမှ မကြောက်ခဲ့ဖူးပါ။ ထိုလူကား ကျူးလုံ ဧကရာဇ်ပင်။
ထိုသို့သောအချိန်၌ ထန်းကူနှင့် အခြားသားရဲတို့သည် မယုံနိုင်သော အကြည့်များဖြင့် ရှိနေကြသည်။ သူတို့အားလုံး မှော်သိုင်းကွက်များ ထုတ်သုံးသော်လည်း သူတို့ ချက်ချင်း ရှုံးနိမ့်သွားရသည် မဟုတ်ပါလော။
“မင်းယောက်ျားက ဘာလို့ အဲ့လောက် မာကြောနေတာလဲ”
ကြက်ကတုံး မနေနိုင်ဘဲ နောက်လှည့်၍ ပိုင်ရွှယ်ကို မေးလိုက်သည်။ လက်ရှိတွင် သူ မှင်တက်အံ့အားသင့်နေ၏။
*သွေးသန့် ရှေးဟောင်းသားရဲ လေးကောင်ကို တစ်ယောက်တည်းနဲ့ တစ်ပြိုင်တည်း ယှဉ်နိုင်တာ မာကြောလွန်းတာ မဟုတ်ရင် ဘာဖြစ်ဦးမလဲ*
ပိုင်ရွှယ်က သူ့ကို တစ်ချက်သာကြည့်ပြီး ဘာမှမပြောချေ။
“ဒါ လုံးဝ မဖြစ်နိုင်ဘူး”
ထန်းကူက မယုံနိုင်စွာ အော်ဟစ်လိုက်ပြီး မျက်ခုံး တဆတ်ဆတ်လှုပ်နေသည်။ ဤသို့သော လူသားမျိုးနှင့် သူ တစ်ခါမှ မကြုံဖူးပါ။ အင်မော်တယ် ဧကရာဇ်အဆင့်ဖြစ်သော ဧကရာဇ် ယွီရှန်နှင့် ရင်ဆိုင်ရလျင်တောင်မှ သူ ချက်ချင်း ရှုံးဖို့နေနေသာသာ၊ တစ်ခါမှ အားအင်မရှိသလို မဖြစ်ဖူးပါ။ ဤသည်က အိပ်မက်လိုပင်။
တစ်ခဏကြာသော် ထန်းကူ ပေါ်ကွဲလာပြီး အမွေးများက အပ်သဖွယ် ထောင်မတ်လာ၏။ သူ့မျက်လုံးများက သွေးဆာလာပြီး ယဲ့ဖန်အား ကြမ်းကြုတ်စွာ စိုက်ကြည့်ပြီး သူ့အား နုတ်နုတ်စင်းချင်နေသည်။
“ထန်းကူ နေလဝါးမျိုခြင်း”
ထန်းကူ ကျယ်လောင်စွာ ကြွေးကြော်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်မှ အမှောင်ထုလှိုင်းတစ်ခု ထွက်ပေါ်လာပြီး တစ်လောကလုံးကို ဝါးမျိုလာသည်။ အရှိန်အဝါက ကြောက်စရာကောင်းလှပြီး အဆုံးအစမဲ့သော အမှောင်ထုကို ခေါ်ဆောင်လာသည်ဟု ထင်မှတ်မှားရပြီး လူအများအား ချောက်ချားစေသည်။
“သေစမ်း သူ အဲ့မှော်သိုင်းကွက်ကို တကယ် ထုတ်သုံးပြီပဲ”
ကြက်ကတုံးသည် ကြည့်ရဆိုးသော မျက်နှာထားနှင့် ထအော်လေသည်။ ထိုမှော်သိုင်းကွက်သည် ကြောက်စရာ ကောင်းလှပြီး ကောင်းကင်ယံကိုပင် ဝါးမျိုနိုင်သည်။ ရှေးခေတ်က ယင်းကို လူတစ်ချို့သာ ရင်ဆိုင်နိုင်၏။
မီးချီလင်တို့ ကဲ့သို့သော ရှေးဟောင်း သားရဲများသည်လည်း အလွန် အံ့ဩသွားကြသည်။
*ထန်းကူ တော်တော် ဒေါသထွက်သွားတယ်နဲ့တူတယ်၊ အပြင်းဆုံး သိုင်းကွက်ကိုတောင် ထုတ်သုံးတယ်ဆိုတော့*
ကြောက်စရာကောင်းသော ဖိအားတစ်ခုက ချက်ချင်း ပျံ့လွင့်လာပြီး တစ်လောကလုံးကို ဖုံးလွှမ်းသွားသည်။ ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျသွားလေသည်။
ဤသည်ကိုမြင်သော် မီးချီလင်ကဲ့သို့သော သားရဲများသည် ရက်စက်သော အပြုံးများ ပြုံးလာကြပြီး ယဲ့ဖန်၏ ရှုံးနိမ့်မှုကို မြင်ယောင်နေသကဲ့သို့ ပြုံးနေကြသည်။
“ပုရွက်ဆိတ်ကောင် အမှောင်ထုအောက်မှာ သေလိုက်တော့”
ထန်းကူက ဒေါသတကြီး အော်ဟစ်၍ ယဲ့ဖန်အား သတ်ဖြတ်ချင်နေသော မျက်နှာထားဖြင့် ကြည့်နေလေသည်။ သို့သော် ယဲ့ဖန်၏ မျက်နှာတွင် ပြောင်ချောင်ချော် အမူအရာသာ ရှိနေ၏။
“မင်းက အမှောင်ထုကို အသုံးပြုတယ်၊ ဒါပေမဲ့ ငါက … အမှောင်ထုပဲ”
ထိုစဉ် ယဲ့ဖန်က ရှေ့သို့တစ်လှမ်း တက်လိုက်သည်။ ထိုအခါ ပို၍ ပြင်းထန်မည်းမှောင်သော အမှောင်ထုတစ်ခု ဆင်းသက်လာသည်။
“ချီးပဲ အဲ့ဒါ ဘာကြီးလဲ”
ထန်းကူ မှင်တက်သွားသည်။ သူ၏ အမှောင်ထုက ဖျော့သော်လည်း ယဲ့ဖန်၏ အမှောင်ထုက မည်းနက်နေ၏။ ၎င်းအမှောင်ထုတွင် လက်ငါးချောင်းကိုပင် မမြင်ရနိုင်ပါ။
ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုထဲ ကျဆင်းသွားသည်။ လူတိုင်း စကားမပြောနိုင်သလို ဘာမှမမြင်ရဘဲ ဘာကိုမှ မခံစားနိုင် ဖြစ်နေ၏။
အာရုံခြောက်ပါး ချို့တဲ့သွားသလိုပင်။ အသိဝင်နေသေးသော တစ်ခုတည်းသော အရာက သူတို့၏ ဦးနှောက်သာ။
*ဒါ ဘာလှည့်ကွက်ကြီးလဲ*
ထိုအချိန်တွင် ရှေးဟောင်းသားရဲသာမက ရင်မိသားစုဝင်များပါ တုန်ယင်ကာ သေမတတ် ကြောက်လန့် နေကြသည်။
မဟာအမှောင်ထု၊ ယင်းသည် နတ်ဘုရားများကိုပင် ဝါးမျိုနိုင်သော သိုင်းကွက်တစ်ခု ဖြစ်လေသည်။ အချိန် မည်မျှ ကြာမြင့်သွားလဲ မသိလိုက်ချေ။ နောက်ဆုံးတွင် အမှောင်ထုက တဖြည်းဖြည်း လွင့်ပြယ်သွားပြီး လူတိုင်း နေကို ပြန်မြင်လိုက်ရသည်။
“ဘုန်း ဘုန်း”
သူတို့အားလုံး လဲကျသွားပြီး အသက်ကို အငမ်းမရ ရှူကာ ချွေးများ ပြန်ပြီး နှလုံးသားထဲတွင် ကြောက်ရွံ့ နေကြသည်။
အစောပိုင်းက အမှောင်ထုထဲ တစ်ခဏမျှ ကျရောက်နေချိန်တွင် သူတို့သည် လောကထဲမှ ထွက်ခွာ၍ အဆုံးအစမဲ့သော အမှောင်ထုထဲ ပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။
သို့သော် နောက်ထပ် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူတို့ ပျော်ရွှင်နေရာမှ ဆောက်တည်ရာမရ ဖြစ်သွားကြပြန်သည်။
“ဘုတ် ဘုတ်”
တစ်ခုခု ပြုတ်ကျသော အသံတစ်ချို့ ထွက်လာသဖြင့် သူတို့ အသံထွက်ပေါ်ရာသို့ လှမ်းကြည့်လိုက်ကြသည်။ ထိုအခါ ဧရာမ ဦးခေါင်းများက သူတို့အရှေ့ ပြုတ်ကျလာသည်ကို တွေ့လိုက်ရလေသည်။
မီးချီလင် ခေါင်းဖြတ်ခံလိုက်ရသည်။ မျက်လုံးလေးလုံး မိစ္ဆာကောင် ခေါင်းဖြတ်ခံလိုက်ရသည်။ ဝိညာဉ် ငိုကြွေး သားရဲလည်း ခေါင်းဖြတ်ခံလိုက်ရ၏။
လက်ရှိအချိန်၌ နတ်ဘုရင်အဆင့် ရှေးဟောင်းသားရဲ သုံးကောင်လုံး ခေါင်းဖြတ်ခံရပြီး သေဆုံးသွားကြသည်။ လူတိုင်းနီးပါး ကြောက်လန့်လာလေသည်။
*သေသွားပြီ*
*ရှေးဟောင်းသားရဲတွေထဲက နတ်ဘုရင်အဆင့်တွေ သေကုန်ပြီ*
ထိုစဉ် ကြက်ကတုံးတောင်မှ ကြက်သီးတဖြန်းဖြန်းထကာ ထူးဆန်းသလို ခံစားနေရသည်။
*ဒါက အိပ်မက်လိုပဲ*
ရှေးဟောင်းသားရဲ လေးကောင်သည် ယဲ့ဖန်၏ ဆံပင်ကိုပင် ထိခိုက်အောင် မလုပ်နိုင်ဘဲ သူ့ထံတွင်သာ အသတ်ခံလိုက်ရသည်။ ဘယ်လို သေသွားမှန်းပင် မသိလိုက်ချေ။
ယဲ့ဖန် ဘယ်လိုလုပ်လိုက်သလဲ သူတို့ မသိပါ။ သူတို့အရှေ့မှ ထိုရှေးဟောင်းသားရဲများ သေကုန်သည်ကိုသာ သူတို့ သိသည်။
ထန်းကူ၏ မျက်လုံးအိမ် ကျဉ်းမြောင်းနေပြီး မျက်လုံးတွင် ကြောက်လန့်စိုးထိတ်စိတ်တို့ ပေါ်နေသည်။ သူ ကြောက်နေသည်။ လက်ရှိတွင် သူ အလွန်အမင်း ကြောက်လန့်နေ၏။
သူ၏ အမှောင်ထုက ယဲ့ဖန်၏ အမှောင်ထုထံတွင် ဝါးမျိုခြင်း ခံလိုက်ရလေပြီ။ စုန်းပေါက်လေးက စုန်းကြီးကို တွေ့လိုက်ရသကဲ့သို့ မည်သို့မှ မခုခံနိုင်ဘဲ ရှုံးနိမ့်သွားရသည်။
“အခု မင်းအလှည့်ပဲ”
ယဲ့ဖန်၏အကြည့်က သူ့အပေါ် ကျရောက်လာသည်။ ရုတ်တရက် ထန်းကူ၏ မျက်နှာတွင် ကြောက်စိတ်တို့ ဖုံးလွှမ်းလာသည်။ သူ နောင်တရလာလေပြီ။
*ဒီနတ်ဆိုးကို ငါ ဘာလို့ တားခဲ့ချင်ရတာလဲ၊ ဒါက ကိုယ့်သေတွင်း ကိုယ်တူးတာကြီးကို*