← Chapters

အခန်း ၁၅၃၉

Vol. 103 Ch. 1539

အခန်း ၁၅၃၉

Vol. 103 Ch. 1539

Chapter 1539 အရိုးခေါင်း ရတနာ

“ဝုန်း ဝုန်း ဝုန်း”

ယဲ့ဖန်၏ လက်သီးချက် ရုတ်တရက် ကျဆင်းလာသောအခါ တစ်လောကလုံး တုန်ခါသွားသည်။ ထန်းကူ မှင်တက်သွားပြီး မျက်လုံးတွင် ကြောက်လန့်ထိတ်လန့်စိတ်တို့ ပြည့်နှက်လာကာ ကြက်သီးတဖြန်းဖြန်း ထလာ၏။

“ချီးပဲ”

သူ ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ခန္ဓာကိုယ်မှ တောက်ပသော ရွှေရောင် အလင်းတန်း ထွက်ပေါ်လာပြီး သူတို့ ခန္ဓာကိုယ်မှ ထင်မှတ်မထားသော စွမ်းအားတစ်ခု ပေါ်ထွက်လာသည်။

“ဒုန်း”

ယဲ့ဖန် လက်သီးနှင့် သူ့ကို ထိုးလိုက်သောအခါ သူ့လက်က တုန်ခါသွားပြီး နာကျင်မှုကို ခံစားလိုက်ရသည်။

*ဟမ်*

ဤသည်ကိုမြင်သော် ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး အံ့ဩဟန် ပေါ်လာသည်။ တစ်ဖက်လူက သူ့လက်သီးကို ရုပ်ခွန်အားဖြင့် တားဆီးနိုင်လိမ့်မည်ဟု သူ ထင်မထားပါ။

ထို့နောက် ထန်းကူ၏ ဦးခေါင်းအထက်၌ အရိုးတစ်ခု ဝဲနေသည်ကို သူ တွေ့လိုက်ရသည်။ ဤသည်ကိုမြင်မှ ထန်းကူ စိတ်အေးကာ သက်ပြင်းချလိုက်ပြီး မထီမဲ့မြင် မျက်နှာပေးဖြင့် ပြောလိုက်သည်။

“ဟေ့ကောင် ဒါ ငါတို့ ထန်းကူမျိုးနွယ်က နှစ်ပေါင်းများစွာ စတေးခံလာတဲ့ အရိုးခေါင်းပဲ၊ ထန်းကူ မျိုးဆက်တစ်ခုစီတိုင်းက ကိုယ့်ဦးခေါင်းခွံနဲ့ ပေါင်းစပ်ထားတာ၊ ဒါ ငါ့မိသားစုရဲ့ ရတနာပဲ”

“ငါ့ရတနာ အရိုးခေါင်းကို ချိုးဖျက်ဖို့ မလွယ်ဘူး”

ထန်းကူက အလွန် ဂုဏ်ယူနေပုံ ရသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ထန်းကူမျိုးနွယ် မျိုးဆက်အလိုက် စတေးခဲ့သော အရိုးခေါင်းဖြစ်ပြီး ထန်းကူအားလုံး၏ အားထုတ်မှုဖြင့် ဖွဲ့စည်းထားပြီး မျိုးဆက်တစ်ခုက နောက်မျိုးဆက်ထက် သန်မာလာသည်။

“ထန်ကူးမျိုးနွယ်ရဲ့ အဖိုးတန်အရိုးက ဖျက်ဆီးမရနိုင်ဘူး၊ ပြီးတော့ ခုခံအားကလည်း တော်တော်လေး အံ့ဩစရာ ကောင်းတာ၊ သူတို့မျိုးနွယ် ရန်သူကြောင့် မပျက်စီးတာ မျိုးဆက် ဆယ်ဆက် မကတော့ဘူး၊ ဒါက သူတို့ရဲ့ တစ်မူထူးခြားတာကို ပြနေတာပဲ”

“အဲ့ကောင်က သန်မာပင်မယ့် အဲ့ရတနာ ရှိနေရင် သူ ထန်းကူကို မသတ်နိုင်ဘူး”

“မင်း မှားနေပြီ၊ ထန်းကူက ရင်ချန်ဖုန်းနဲ့ ဧကရာဇ် ယွီရှန်တို့ ရောက်လာမယ့်အချိန်အထိ အချိန်ဆွဲထားနိုင်တယ်၊ အဲ့လိုဆို အဲ့ကောင် သေချာပေါက် သေမှာ”

ရင်မိသားစုဝင်တစ်သိုက်က အားပါးတရ ပြောဆိုနေကြပြီး သူတို့မျက်နှာတွင် ဒေါသရိပ်တို့ဖြင့် ပြည့်နှက်နေ၏။ ယဲ့ဖန်က သူတို့ကို အလွန်အမင်း အရှက်ရစေခဲ့သည် မဟုတ်ပါတကား။

ရင်မိသားစုသည် ယခင်က ဤသို့ တစ်ခါမှ မခံစားခဲ့ဖူးသလို မည်သူမှလည်း သူတို့ကို မလေးမစား မလုပ်ရဲချေ။ သူတို့ ယဲ့ဖန်ကို နုတ်နုတ်စင်းရန် မစောင့်နိုင်တော့ပါ။

“မင်းလူကို နောက်ဆုတ်ခိုင်းလိုက်၊ ထန်းကူက သူတို့မျိုးနွယ်ရဲ့ အဖိုးတန် အရိုးခေါင်းကိုတောင် စတေးနေတာ၊ အဲ့အရာက အင်မော်တယ် ဧကရာဇ်အဆင့်ရဲ့ တိုက်ခိုက်မှုတောင်မှ ခံနိုင်တာ၊ အဲ့ဒါက အရမ်းကို ပုံမှန်မဟုတ်တဲ့ အရာပဲ၊ ထန်းကူကို ဧကရာဇ် ယွီရှန် ရောက်လာတဲ့အထိ အချိန်မဆွဲခိုင်းနဲ့”

ကြက်ကတုံးက ပိုင်ရွှယ်ကို သတိပေးလိုက်သည်။ သို့သော် ပိုင်ရွှယ်၏ မျက်နှာက မထူးခြားနားပင်။

“ဒီလူရဲ့ အဘိဓာန်မှာ နောက်ဆုတ်တယ်ဆိုတဲ့ အရာမျိုး မရှိဘူး”

“ဟူး”

ကြက်ကတုံး သက်ပြင်းချလိုက်ပြီး ဘာပြောရမှန်း မသိတော့ချေ။

*ဒီစုံတွဲက ဘယ်ကနေ ယုံကြည်မှု ရလာတာလဲ*

*သူတို့ခွန်အားတစ်ခုတည်းနဲ့ ဧကရာဇ် ယွီရှန်လိုလူမျိုးကို ယှဉ်နိုင်မယ်လို့ ထင်နေတာများလား*

ကြက်ကတုံး ရင်ထဲ၌ မချိမဆံ့ ဖြစ်နေသည်။ ဤလူနှစ်ယောက်နှင့် သူ လာဆုံခြင်းက ရှစ်ဘဝတိုင်တိုင် သွေးဆိုးခဲ့၍ ဖြစ်မည်။ ထိုသို့မဟုတ်ပါက သူက သူတို့နှစ်ယောက်ကို သတ်ခဲ့မိခြင်း၊ သို့မဟုတ် သူတို့က သူ့ကို သတ်ခဲ့မိခြင်း ဖြစ်လောက်သည်။

သို့သော် ထိုအခိုက်တွင် ယဲ့ဖန်က သရော်ဟန် ပြလာသည်။

“ဪ အဲ့လို့လား၊ ငါတော့ အဲ့လိုမမြင်သလိုပဲ”

ထို့နောက်တွင်မူ သူ့လက်နှက်တွင် အနက်ရောင်နှင့် အနီရောင်ရှိသော နတ်ဆိုးစွမ်းအင်အလွှာတို့ ဖုံးလွှမ်း လာသည်။ ထိုအရှိန်အဝါက ကြောက်စရာကောင်းလှသည်။ မသိလျင် ငရဲမှ ထွက်လာသလိုပင်။

ထိုအခိုက်တွင် ထန်းကူ မျက်နှာမပျက်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ ထိုနတ်ဆိုးစွမ်းအင် ထွက်ပေါ်လာသည်နှင့် ဘေးပတ်ဝန်းကျင်မှ လေဟာနယ် ပျက်ယွင်းလာသည်ကို သူ ခံစားမိသည်။

လေထုထဲတွင် ကြောက်စရာကောင်းသော အလွှာတစ်ခုရှိနေသည်။ ထို့နောက် အနက်ရောင်နှင့် အနီရောင် ချီစွမ်းအင်တို့သည် အချင်းချင်း လိမ်ယှက်၍ လက်တစ်စုံအဖြစ် ပြောင်းလဲနေ၏။

နတ်ဆိုးသတ် လက်သီး။

ယဲ့ဖန်၏ မျက်လုံးသည် ကြမ်းကြုတ်မှုတို့ဖြင့် အရောင်လက်နေပြီး ရုတ်တရက် လွှားခနဲ ခုန်ပျံ၍ ထန်းကူအား ထိုးနှက်လေသည်။

“ဒုန်း”

ထန်းကူအား ရတနာ အရိုးခေါင်းက ကာကွယ်ထားသော်ငြားလည်း မြေကြီးပေါ် လဲကျသွားသည်။ ဖိအားက မထင်မှတ်ထားလောက်အောင် ပြင်းထန်လှသည်။

ထိုအခိုက်တွင် လေဟာနယ်တောင်မှ ဤနတ်ဆိုးစွမ်းအင်ကို မခံနိုင်သဖြင့် ပျက်စီးလာရသည်။ လေဟာနယ် အပိုင်းအစများ ရုတ်တရက် ပြုတ်ကျလာ၏။

ထန်းကူ ခေါင်းပင် မဖော်နိုင်ချေ။ နတ်ဘုရားမြို့တော်တစ်ခုလုံးတွင် ဖိအားတစ်ခု သက်ရောက်နေပြီး သူ့အား အသက်မရှူနိုင်အောင် ပြုလုပ်နိုင်သည်ဟု ခံစားနေရသည်။

*လုံးဝ မဖြစ်နိုင်ဘူး*

*သူ့လက်သီးမှာ တာအိုစွမ်းအင် ပါနေတာလား*

*ဖိအားက ပေါင်သန်းချီသလို လေးလိုက်တာ*

သူ့ဦးခေါင်းအထက်မှ ရတနာ အရိုးခေါင်းသည်လည်း တုန်ခါနေပြီး အသံပင် ထွက်နေ၏။ ကြောက်လန့်နေသော အကြည့်များက ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ်သို့ စုပြုံကျရောက်လာသည်။

“မဖြစ်နိုင်လိုက်တာ၊ ဒီလူက တကယ် အဲ့ရတနာကို တုန်ခါအောင် လုပ်နိုင်တာလား”

ထန်းကူ ခက်ခက်ခဲခဲ ခေါင်းမော့ကြည့်လိုက်သည်။ သို့သော် သူ ခေါင်းမော့လိုက်သည်နှင့် ဒုတိယမြောက် လက်သီးချက်က ကျရောက်လာ၏။

“ဒုန်း”

အရှိန်အဝါက ပို၍ ကြမ်းကြုတ်လေသည်။ သူ၏ ဒူးခေါင်းက မြေကြီးပေါ် ညွတ်ကျသွားပြီး မြေဆီလွှာ အက်ကွဲသွားသည်။

ခန္ဓာကိုယ်မှ ထူးဆန်းသော တဂျွတ်ဂျွတ် မြည်သံ ထွက်ပေါ်နေပြီး အလွန် နာကျင်လှသည်။ ထန်းကူ၏ မျက်နှာတွင် အံ့ဩမှင်တက်ဟန် ပေါ်နေပြီး သူ့အပြုံးသည်လည်း အေးစက် တောင့်တင်းနေလေပြီ။

မရဏအငွေ့အသက်ကို သူ ခံစားမိနေသည်။ ၎င်းသည် သူ တစ်ခါမှ မခံစားခဲ့ဖူးသော ခံစားချက်တစ်ခုပင်။

တတိယ လက်သီးချက်၊ စတုတ္ထ လက်သီးချက်၊ ပဥ္စမ လက်သီးချက်။ လက်သီးချက်များက မနားတမ်း ဆက်တိုက် ကျရောက်လာသည်။

“ဂျွတ်”

ထိုစဉ် လူတိုင်း၏ ကြောက်လန့်နေသော အကြည့်အောက်တွင် ရတနာ အရိုးခေါင်းတွင် ထိတ်လန့်ဖွယ် အက်ရာ ပေါ်လာလေသည်။ တစ်ခဏအတွင်း လူတိုင်း တုန်လှုပ်ချောက်ချားလာ၏။

*ထန်းကူမျိုးနွယ်ရဲ့ လက်ဆင့်ကမ်း သယ်ဆောင်လာတဲ့ ရတနာက တကယ်ကြီး ပျက်စီးသွားတာလား*

*ရတနာ အရိုးခေါင်းကို လက်ချည်းဗလာနဲ့ ဖျက်ဆီးတယ်တဲ့လား၊ ဒါ အိပ်မက်ဆန်လိုက်တာ*

ထန်းကူတောင်မှ အသည်းအသန် တုန်လှုပ်နေပြီး ကြက်သီးမွေးညင်း ထနေသည်။

*မကောင်းဆိုးဝါး*

*ဒီလူက မကောင်းဆိုးဝါးပဲ*

သို့သော် ဤသည်မှာ အစသာ ရှိပေသေးသည်။

“ဂျွတ် ဂျွတ် …”

ရတနာ အရိုးခေါင်းတွင် အက်ရာများ ဆက်လက် ပျံ့နှံ့လျက် ရှိသည်။ ထိုအခိုက်တွင် ယဲ့ဖန်အား စွမ်းအားရှင်ဟု သူ့လက်သီးက ပြိုင်ဘက်ကင်းလှသည်။ လူတိုင်း ကြောက်ရွံ့နေလေပြီ။

*ရတနာ အရိုးခေါင်းကို လက်သီးနဲ့ ဖျက်ဆီးတယ်လား၊ ဒီလူက လူသားကို မဟုတ်တာပဲ*

ထန်းကူမျိုးနွယ်၏ အစဉ်အဆက် လက်ဆင့်ကမ်းလာသော ရတနာက ယဲ့ဖန်၏ ဆက်တိုက် ကျလာသော လက်သီးချက်အောက်၌ ပျက်စီးသွားရသည် မဟုတ်ပါလော။

*ဒီလူက လုံးဝကို လူရေခြုံထားတဲ့ မိစ္ဆာကောင်*

ထန်းကူ ဆောက်တည်ရာမရ ဖြစ်နေ၏။ သူ့တစ်သက်တွင် ဤမျှ ကြောက်စရာကောင်းသော ရန်သူမျိုးနှင့် တစ်ခါမှ မကြုံဖူးချေ။ ရက်စက်ကြမ်းကြုတ်မှုက ပြင်းထန်လွန်းလှသည်။

ထိုအခိုက်တွင် လက်သီးချက်က ထပ်မံ ကျရောက်လာပြီး ထိုရတနာ အရိုးခေါင်းသည်လည်း ပေါက်ကွဲ ပျက်စီးသွားလေသည်။

“ချီးပဲ”

ထန်းကူ၏ နှလုံးသား သွေးစိမ်းရှင်ရှင် ယိုစီးနေ၏။ ယင်းသည် သူတို့မျိုးနွယ်၏ ဘိုးဘွားပိုင် ရတနာ ဖြစ်သော်လည်း ယခု ယဲ့ဖန်ကြောင့် ပျက်စီးသွားရလေပြီ။

သူ စိတ်သောကရောက်ရသည့်အပြင် ပို၍ ကြောက်လန့်မိသည်။ အဘယ်ကြောင့်ဆိုသော် ခဏနေလျင် သူ့အလှည့် ရောက်တော့မည်မှန်း သူ သိနေ၏။

“ဒုန်း”

လက်သီးချက်က ထန်းကူ၏ ဦးခေါင်းထက်သို့ ကျလာပြီး သွေးများနှင့် အသားစများ လွင့်စဉ်လာ၏။

“ဂါး”

သူ နာကျင်စွာ အော်ဟစ်လိုက်မိပြီး တစ်ကိုယ်လုံး တုန်ခါသွားကာ မြေကြီးပေါ် ဘုန်းခနဲ လဲကျသွားသည်။ သွေးများက စမ်းချောင်းအလား စီးကျလာသည်။

သူ လုံးဝ အသိလွတ်သွားပြီး အားအင် တစ်စက်ကလေးမျှ မရှိတော့ချေ။ ဤမြင်ကွင်းက ကြောက်စရာ ကောင်းလှသည်။

သို့သော် ယဲ့ဖန်၏ မျက်လုံးတွင် အေးစက်မှုများ ဖြာထွက်နေပြီး ညှာတာမှု လုံးဝ မပြဘဲ ထန်းကူ၏ ဦးခေါင်းကို အားဖြင့် ထိုးနှက်လိုက်သည်။

“ဂျွတ်”

ထန်းကူ၏ ဦးခေါင်းသည် ယဲ့ဖန်၏ လက်သီးချက်ကြောင့် ကြေမွသွားကာ အသားစနှင့် သွေးစက်များ လွင့်ပြန်လာ၏။ ကြေမွနေသော ဦးခေါင်းမှ သွေးများက ဒလဟော စီးဆင်းလာလေသည်။

*ကြောက်စရာကောင်းလိုက်တာ*

*သေသွားပြီ*

ထန်းကူက တစ်စုံတစ်ယောက်ကြောင့် သေတဲ့အထိ ထိုးနှက်ခံလိုက်ရသည့်အပြင် ထန်းကူမျိုးနွယ်၏ ဘိုးဘွားပိုင် ရတနာကတောင်မှ သူ့ကို မကယ်နိုင်ဘူးတဲ့လား*

လက်ရှိအချိန်တွင် လူတိုင်း တုန်လှုပ်ချောက်ချားနေ၏။

ထန်းကူမျိုးနွယ်၏ ဂုဏ်အယူရဆုံး အရိုးခေါင်းက ယဲ့ဖန်၏ လက်သီးချက်အချို့အား မခုခံနိုင်သည်ကို သူတို့ မယုံနိုင် ဖြစ်နေကြသည်။

“ငါ့ကို ဘယ်သူ တားချင်သေးလဲ”

ယဲ့ဖန်က အေးစက်စက်ဖြင့် ဘေးဘီကို ဝေ့ကြည့်သည်။

*မောက်မာလိုက်တာ*

*ရူးမိုက်တယ်*

*မယုံနိုင်စရာပဲ*

“ခွေးမသား ငါ့လက်အောက်ငယ်သားကို သတ်ရဲတယ်ပေါ့လေ၊ မင်း ဒီနေ့ သေရမယ်ကွ”

ရုတ်တရက် လူသတ်ချင်စိတ် ပါဝင်သော အသံတစ်သံ ထွက်ပေါ်လာပြီး လူတစ်ယောက် ရောက်ချလာသည်။

ရင်ချန်ဖုန်း၏ မျက်လုံးများက အေးစက်ခက်ထန်နေပြီး ယဲ့ဖန်အား သတ်ချင်သလို ကြည့်၍ နုတ်နုတ်စင်းချင်စိတ် ပေါက်နေသည်။

ရင်မိသားစုသည် အမြဲ မာနနှင့် နေခဲ့ပြီး တစ်ခါမှ ဤသို့ အရှက်ခွဲမခံရဖူးပါ။ ဤသည်က ပထမဆုံးအကြိမ်ပင်။ ရင်ချန်ဖုန်းက ဤပထမဆုံးအကြိမ်ကို နောက်ဆုံးအကြိမ် ဖြစ်စေချင်သည်။ ဤမောက်မာသော လူငယ်အား သူ၏ ရူးမိုက်မှုအတွက် ပြန်ပေးဆပ်စေချင်နေ၏။

ရင်ချန်ဖုန်း ရောက်လာသည်ကိုမြင်သော် ရင်မိသားစုဝင်များအားလုံး ကယ်တင်ရှင်ကို မြင်လိုက်ရသကဲ့သို့ ဝမ်းသာအားရ ဖြစ်သွားကြသည်။

“ဒုတိယ ဦးလေး၊ ဒုတိယဦးလေးကို တရားမျှတမှု ရှာပေးဖို့ တောင်းဆိုပါတယ်၊ အဲ့အရူးကို သတ်လိုက်ပါ”

“ဒုတိယဦးလေးကို ဒီအရူးကို သတ်လိုက်ဖို့ တောင်းဆိုပါတယ်”

ရင်မိသားစုဝင်များအားလုံး ချက်ချင်း ဒူးထောက်၍ သံပြိုင်အော်ဟစ်ကြသည်။ ရင်ချန်ဖုန်း၊ ဧကရာဇ် ယွီရှန်၏ ညီ၊ ပါရမီနှင့် အပြုအမူ၌ သူ့အစ်ကိုထက် မနိမ့်သူ။

ရင်ချန်ဖုန်းတို့ ညီအစ်ကိုနှစ်ယောက်သည် တစ်ချိန်က ရင်မိသားစု၏ သူရဲကောင်း အမြွှာ ညီအစ်ကိုအဖြစ် ကျော်ကြားသည်။

နောက်ပိုင်းတွင် ဧကရာဇ် ယွီရှန်က ဘိုးဘေး ကျူးလုံဧကရာဇ်၏ အမွေအနှစ်ကို ရရှိလိုက်၍ ရင်ချန်ဖုန်းထက် သိုင်းအဆင့် မြင့်မားသွားခဲ့ခြင်း ဖြစ်လေသည်။

အရေးအကြီးဆုံးအရာမှာ ရင်ချန်ဖုန်းက လက်ထဲ၌ ဓားတစ်လက်ကို ကိုင်ဆွဲထားသည်။ သူက ဤအရူးကို နုတ်နုတ်စင်းမှာ အသေအချာပင်။

ရင်ချန်ဖုန်း ပေါ်လာသည်ကိုမြင်သော် ကြက်ကတုံး တုန်လှုပ်သွားပြီး နှလုံးသား အောက်ခြေအထိ ကြောက်စိတ် စိုးမိုးလာ၏။

ရင်ချန်ဖုန်းသ်ည ဧကရာဇ် ယွီရှန်၏ ညီဖြစ်ပြီး အပြုအမူနှင့် နည်းလမ်းတို့ကလည်း သူမတူချေ။ ထန်းကူနှင့် အခြား နတ်ဘုရင်အဆင့် သားရဲလေးကောင်တို့ သူ့ကို တိုက်လျင်တောင်မှ သူ့ပြိုင်ဘက် မဖြစ်နိုင်လောက်ပေ။

*ဒီလူက မသေနိုင်တဲ့လူပဲ*

“မင်းက တာဝန်ခံလား”

ယဲ့ဖန်က ရင်ချန်ဖုန်းကို အေးစက်စက် အကြည့်များဖြင့် ကြည့်လိုက်သည်။

“ဟုတ်တယ် ဟေ့ကောင် မင်းက နတ်ဘုရားမြို့တော်ကို ကျူးကျော်ရဲတဲ့အပြင် ငါ့နတ်ဘုရင်အဆင့် ကျေးကျွန်ကိုပါ သတ်ရဲတယ်ပေါ့၊ မင်း သေဒဏ်ခံရသင့်တယ်၊ ဒါပေမဲ့ မင်းမှာ အစွမ်းအစ နည်းနည်းရှိတယ်လို့ ငါ ထင်တယ်၊ မင်း ငါ့ဆီမှာ အညံ့ခံပြီး ကျေးကျွန်အဖြစ် ခစားရင် ငါ မင်းကို အသက်ချမ်းသာပေးမယ်”

ယဲ့ဖန်ကို အထင်သေးကာ သူ့ကိုယ်သူ အလွန် ဘဝင်မြင့်၍ မောက်မာနေ၏။ သူ့စကားကိုကြားသော် ရင်မိသားစုဝင်များက ယဲ့ဖန်၏ ကံကြမ္မာကို မြင်လိုက်ရသကဲ့သို့ အပြုံးကြီး ပြုံးလာလေသည်။

ချက်ချင်းဆိုသလိုပင် ယဲ့ဖန်က ရင်ချန်ဖုန်းထံ ပြေးတက်လာပြီး လေဟာနယ်ကိုခွင်း၍ လက်သီးတစ်လုံး ပစ်သွင်းလာသည်။

လူတိုင်း အံ့ဩသွားလေသည်။ ယဲ့ဖန်က အလွန် ပြတ်သားပြီး တုံ့ဆိုင်းခြင်းမရှိ ကြမ်းကြုတ်စွာ တိုက်ခိုက် လာလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

ရင်ချန်ဖုန်း၏ မျက်နှာ အလွန် မည်းမှောင်သွားသည်။ သူ ရောက်လာသည်နှင့် ယဲ့ဖန်က သွေးနားထင်ရောက်၍ တိုက်ခိုက်ရဲလိမ့်မည်ဟု ထင်မှတ်မထားမိချေ။ ဤသည်က ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ။

“နေမီးလျှံ လက်သီး”

ရင်ချန်ဖုန်းကလည်း ကြွေးကြော်၍ သူ့ဘဝတွင် အားအပြင်းဆုံး လက်သီးချက်ဖြင့် ပြန်လည် တိုက်ခိုက်လေသည်။ ဤသည်ကိုမြင်သော် ရှေးဟောင်းသားရဲများ တုန်လှုပ်သွားပြီး ကြောက်လန့်တကြား အော်ဟစ်ကြပြီး မြေကြီးတွင် ဝပ်တွား၍ တစ်စက်ကလေးမျှ မလှုပ်ရဲတော့ချေ။

တစ်ခါက ရင်ချန်ဖုန်းသည် ဤသိုင်းကွက်ဖြင့် နတ်ဘုရင်အဆင့် ရှေးဟောင်းသားရဲကို သတ်ခဲ့ဖူးသည်။

“သူ့ကိုသတ် အဲ့အရူးကောင်ကို သတ်ပစ်၊ ကျွန်တော်တို့လူတွေအတွက် လက်စားချေပေးပါ”

“ရင်မိသားစုကို မလေးစားရင် နှိပ်စက်ခံရပြီး သတ်ဖြတ်ခံရမယ်ကွ”

ရင်မိသားစုဝင်များ ဒေါသပေါက်ကွဲလာပြီး အော်ဟစ်ကြတော့သည်။ ထိုစဉ် နှစ်ဖက်လုံး၏ လက်သီးများ ထိပ်တိုက် ထိတွေ့သွားသည်။

“ဂျွတ်”

ပြတ်သားသော အရိုးကျိုးသံက ချက်ချင်း ပဲ့တင်ထပ်၍ ထွက်ပေါ်လာ၏။

All Chapters