အခန်း ၁၅၄၀
Vol. 103 Ch. 1540
Chapter 1540 အင်မော်တယ် သုတ်သင်ခြင်း အစီအရင်
ထိုအသံကိုကြားသော် ရင်ချန်ဖုန်းက စဉ်းလဲသော အပြုံးမျိုး ပြုံးလိုက်ပြီး ယဲ့ဖန်ကို သရော်လေသည်။
“မိုးကောင်းကင်က ဘယ်လောက်မြင့်လဲ မသိတဲ့ကောင်က ငါနဲ့ လက်ချည်းသက်သက် ချရဲတယ်ပေါ့လေ၊ ငါ မင်းကို ခွေးတစ်ကောင်လို သတ်ပစ်မယ်ကွ”
သို့သော် တစ်ခဏကြာသော် သူ့အပြုံးက လုံးဝ အေးခဲသွားပြီး ထိတ်လန့်ဟန်များ ပေါ်လာသည်။ မျက်လုံးများက ကျွတ်ကျမတတ် ပြူးကျယ်လာသည်။
သူ့လက်သီးမှ နာကျင်မှုတစ်ခု စီးဆင်းလာသည်။ သူ မရည်ရွယ်ဘဲ အောက်သို့ ငုံ့ကြည့်လိုက်သည်။ ထိုအခါ တွေ့လိုက်ရသည်က ... သူ့လက်ငါးချောင်းလုံး မရှိတော့ချေ။
သူ့လက်ကောက်ဝတ်တစ်ခုလုံး ပေါက်ပြဲနေကာ အရိုးနှင့် အသားများ ဖွာထွက်နေ၏။ သူ့မျက်နှာမှ ထိတ်လန့်ဟန် နေရာတွင် ကြောက်စိတ်များ အစားထိုး ပေါ်လွင်လာပြီး မယုံနိုင်စွာ ထအော်လိုက်သည်။
“ဒါ ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သူ့ဘဝတွင် အပြင်းထန်ဆုံး လက်သီးချက်ဖြင့် ထိုးနှက်လိုက်ခြင်း ဖြစ်ပါ၏။ ဘယ်လိုလုပ် သူက လုံးလုံးလျားလျား ရှုံးရသနည်း။ သူ့အစ်ကိုမှတစ်ပါး မည်သူမှ သူ့ကို ထိခိုက်အောင် မလုပ်နိုင်ပါ။
“ဒုတိယဦးလေး ရှုံးသွားတာလား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“အမြင်မှားတာ၊ ဒါ အမြင်မှားတာပဲ ဖြစ်ရမယ်”
ရင်မိသားစုဝင်များအားလုံး ကြောက်လန့်သွားကြသည်။ သူတို့အားလုံး မျှော်လင့်ချက် ကြီးမားစွာ ထားထားသည့် ရင်ချန်ဖုန်းက ယဲ့ဖန်ထံ၌ အထိနာသွားသည်တဲ့လား။
ရင်မိသားစုဝင်များသာမက ရှေးဟောင်းသားရဲများလည်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။ တစ်ဖက်လူက နတ်ဆိုးတမျှ ရက်စက် ကြမ်းကြုတ်နေ၏။
“ရင်မိသားစု သေရမယ်”
အပိုအလို တစ်ခွန်းမှမပါသည့် အေးစက်စက် စကားသံ ထွက်ပေါ်လာသည်။ ယဲ့ဖန်သည် ရှေ့သို့ တိုးသွားပြီး ဆက်တိုက် လက်သီးများ ပစ်သွင်းလေသည်။ ထိုလက်သီးချက်များက ရင်ချန်ဖုန်းထံ အဆက်မပြတ် ကျရောက် လာလေသည်။
“ချီးပဲ”
ရင်ချန်ဖုန်း ရုတ်တရက် ကြက်သီးမွေးညင်း ထသွားပြီး အမြန်ဆုံးနှုန်းဖြင့် နောက်ဆုတ်လေသည်။
*မနိုင်နိုင်ဘူး*
*အဲ့ကောင်ရဲ့ ခန္ဓာကိုယ်က ကြောက်ဖို့ကောင်းတယ်*
*ငါ လုံးဝ တောင့်မခံနိုင်ဘူး*
သို့သော် သူ ခြေတစ်လှမ်းမျှ နောက်ကြသွားသည်။
“ဝှစ်”
သူ၏ ညာပခုံးကို လေတစ်ချက် ပွတ်တိုက်သွားပြီးနောက် ပေါက်ပြဲ၍ သွေးများ ပန်းထွက်လာ၏။
“အား...”
ရင်ချန်ဖုန်းထံမှ အသည်းခိုက်မတတ် နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာလေသည်။ ထိုအခိုက်တွင် လူတိုင်း ကြက်သေ သေသွားကြသည်။ သူတို့ အမြင်များ မှားနေလေသလားဟု အသည်းအသန် သံသယ ဝင်မိသည်။
*ငါတို့ရဲ့ ဒုတိယဦးလေးက ... ရှုံးနိမ့်နေတာလား*
*သေစမ်း*
*ဒါက လုံးဝကို စိတ်ကူးယဉ်ပုံပြင်လိုပဲ*
“မင်းက ဘယ်သူလဲ”
ရင်ချန်ဖုန်းက ယဲ့ဖန်ကို အော်ဟစ်လေသည်။ သူ့မျက်လုံးများက ပြူးကျယ်ကာ စူးလက်နေပြီး အလွန်အမင်း ဒေါကန်နေ၏။
*ဒီကောင့်မှာ ငါ့အစ်ကို ဧကရာဇ်လို ခွန်အားမျိုး ရှိနေတယ်*
*ဒါ အံ့ဩစရာပဲ*
“မင်းတို့ကို သတ်မယ့်လူ”
ယဲ့ဖန်၏မျက်လုံးတွင် အမုန်းတရားများနှင့် ပြည့်နှက်နေပြီး ရင်ချန်ဖုန်းကို ထပ်ထိုးလိုက်သည်။ ထိုအခိုက်တွင် ရင်ချန်ဖုန်း အဖြစ်ဆိုးနေပြီး ဆက်တိုက် ထွက်ပြေးနေရကာ ပြန်တောင် မခုခံနိုင်ချေ။
သို့သော် သူ လက်သီးချက်နှင့် အနည်းငယ် ထိမိသည်နှင့် ချက်ချင်း ဒဏ်ရာရကာ သွေးများ ပန်းထွက်လာ၏။
*ဒီကောင်က တော်တော် သတ္တိကောင်းတာပဲ*
*ငါ့ကို ခွန်အားမဲ့အောင် လုပ်နိုင်တယ်*
သူ့ပခုံးရိုး ကြေမွပျက်စီးသွားသည်။ ညာခြေထောက်လည်း ပြတ်သွားပြီး သွေးများ ပန်းထွက်ကာ အဆက်မပြတ် သွေးစိမ့်နေသည်။
သူ့ရင်ဘတ်အား လက်သီးနှင့် အသာထိုးမိသောအခါ ချက်ချင်း ချိုင့်ဝင်သွားပြီး ရင်ဘတ်အား ဖောက်ထွက်မတတ် ဖြစ်သွားလေသည်။ ထိုအခိုက်တွင် ရင်ချန်ဖုန်းသည် ဆောက်တည်ရာမရခြင်းဟူသော စကား၏ အဓိပ္ပာယ်ကို နားလည်သွားသည်။ ခွန်အားမဲ့ခြင်း ဟူသည့် အဓိပ္ပာယ်ကို နားလည်သွားလေသည်။
ယဲ့ဖန်က ဘယ်သူလဲ၊ အဘယ်ကြောင့် သူတို့ ရင်မိသားစုအပေါ် ဤသို့ သတ်ချင်စိတ် ပြင်းပြနေသလဲဆိုသည်ကို သူ မသိပါ။ သူ့ခန္ဓာကိုယ်က တစ်စတစ်စ ပျက်စီးကာ သွေးအလိမ်းလိမ်း ဖြစ်နေ၏။ သူ့ပုံစံက ကြောက်စရာ ကောင်းလောက်အောင် ကြည့်ရဆိုးနေသည်။
ရင်မိသားစုဝင်များအားလုံး နားဝေတိမ်တောင် ဖြစ်နေသည်။
*ဒါက စိတ်ဓာတ် တက်ကြွပြီး စိုးမိုးတတ်တဲ့ ဒုတိယဦးလေးလား*
*ဧကရာဇ် ယွီရှန်နဲ့အတူတူ နာမည်ကျော်တဲ့ ရင်ချန်ဖုန်းမှ ဟုတ်ရဲ့လား*
*ဒါက*
*ဒါက ရူးချင်စရာကြီး*
ဤအကျော်အမော် ပုဂ္ဂိုလ်က ယဲ့ဖန်၏ လက်အောက်၌ ဆက်တိုက် ရှုံးနိမ့်နေသည်ကို သူတို့ ကူကယ်ရာမဲ့စွာ ကြည့်နေရသည်။ သူသည် တစ်စက်ကလေးမှ ခုခံနိုင်စွမ်း မရှိချေ။
ရင်ချန်ဖုန်း၏ ခန္ဓာကိုယ်သည် အရုပ်တစ်ခုလို ဖြစ်နေပြီး ယဲ့ဖန်ကြောင့် တစ်ခုပြီးတစ်ခု ပျက်စီးနေ၏။
*ရင်ချန်ဖုန်းက သူ့ပြိုင်ဘက် မဟုတ်ဘူးလား*
ဤသည်ကိုတွေးမိပြီးနောက် ရင်မိသားစုဝင်များနှင့် ရှေးဟောသ်းသားရဲများ ကြောက်လန့်သွားသည်။ ဘေးဘက်မှ ကြက်ကတုံးသည်လည်း ထိတ်လန့်ကာ မျက်နှာ ဖြူရော်နေ၏။ ဤမြင်ကွင်းက အလွန် ထိတ်လန့်စရာ ကောင်းလှသည်။
သို့သော် သူ့တွင်လည်း သွေးပွက်ပွက်ဆူသလို ခံစားနေရသည်။
*မောက်မာတယ်*
*လွှမ်းမိုးနိုင်လွန်းတယ်*
*ဒါက*
*ဒီနတ်ဆိုးလိုလူက သန်မာပြီး ကြမ်းကြုတ်လွန်းတယ်*
*သူ့ဆီကို ဘယ်သူပဲလာလာ အားလုံး လျှောကုန်တာပဲ*
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ဒီလူက နတ်ဘုရင်အဆင့်ဆိုတာ အသိသာကြီးကို”
ကြောက်လန့်နေသော အကြည့်များစွာက ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ လူတိုင်း တုန်လှုပ်နေလေပြီ။
“သေပေတော့”
ယဲ့ဖန် ဒေါသတကြီး ကြွေးကြော်လိုက်သည်။ လက်ရှိတွင် သူ ရူးမတတ် ဖြစ်နေသည်။ ထိုအခိုက်တွင် မြေဆီလွှာပင် တုန်ခါလာရသည်။
ယဲ့ဖန်သည် လေဟာနယ်ကို ခွင်း၍ ရင်ချန်ဖုန်းအား အားဖြင့် ထိုးနှက်လေသည်။ ထို့နောက် သွေးများ ပန်းထွက်လာပြီး ရင်ချန်ဖုန်း သေဆုံးသွားလေသည်။ ထိုအခိုက်တွင် ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာ၏။
*သေသွားပြီ*
*ရင်မိသားစုရဲ့ ဒုတိယဦးလေးက သေသွားပြီလား*
ရင်မိသားစုဝင်တစ်စုသည် မျက်နှာ ပြာနှမ်းနေကြလေသည်။ သူတို့ထဲ၌ အသန်မာဆုံး ဖြစ်သော ရင်ချန်ဖုန်းက ယဲ့ဖန်၏ လက်ထဲတွင် လုံးဝ ဖိနှိပ်ခံလိုက်ရပြီ မဟုတ်ပါတကား။
ရှေးဟောင်းသားရဲများလည်း အံ့ဩနေကြသည်။ ဤလူသားက သူတို့အား ချောက်ချားအောင် ပြုလုပ်နေသည်။ သူတို့နှင့် ယှဉ်လိုက်လျင် ယဲ့ဖန်က ပို၍ ရှေးဟောင်းသားရဲတစ်ကောင်နှင့် တူနေ၏။
“သေစမ်း သေစမ်း သေစမ်း”
သို့သော် ထိုအခိုက်တွင် ကြမ်းကြုတ်ခက်ထန်သော ဒေါသသံတစ်သံ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ လူတိုင်း ထိတ်လန့်ကာ မျက်နှာ ဖြူရော်သွားသည်။ ထို့နောက် ရင်ချန်ဖုန်း၏ ခန္ဓာကိုယ်က ပြန်လည် ဖွဲ့စည်းလာသည်ကို သူတို့ တွေ့လိုက်ရသည်။
ခြေလက်အင်္ဂါများ အစုံအလင် ပြန်ဖြစ်နေပြီး မျက်နှာက လူသတ်ချင်စိတ် ပေါက်နေ၏။ သူ ပြန်လည် မွေးဖွားလာလေပြီ။ ယဲ့ဖန်ကြောင့် ပျက်စီးသွားသော သူ့ခန္ဓာကိုယ်က လုံးဝဥဿုံ ပြန်ကောင်းနေသည်။
ဤမြင်ကွင်းက လူတိုင်းကို ကြက်သေ သေသွားစေသည်။ ပေါက်ကွဲ၍ သေဆုံးသွားသော လူတစ်ယောက်က ပြန်လည် မွေးဖွားလာသည်တဲ့လား။ ထို့အပြင် ဘာဒဏ်ရာမှလည်း မရှိချေ။
*ဒါ ဘာကြီးလဲ*
ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ ဘာဖြစ်နေသလဲဆိုသည်ကို သူ ရုတ်တရက် သဘောပေါက်သွားပုံရသည်။
“ဘယ်သူမှ ငါ့ကို ဒီအဆင့်ထိရောက်အောင် တွန်းအားမပေးနိုင်ခဲ့ဘူး၊ သောက်ကောင်”
ရင်ချန်ဖုန်း လုံးဝ ဒေါကန်နေပြီး သူ့ခန္ဓာကိုယ်မှ အားကောင်းသော ဖိအားတစ်ခု ထွက်ပေါ်လာသည်။ မသိလျင် အင်မော်တယ်တစ်ပါး ရောက်ရှိလာပြီး နတ်ဘုရား ရောင်ခြည် ထွန်းတောက်လာသည်ဟု ထင်မှတ်ရသည်။
ချက်ချင်းဆိုသလိုပင် အဆုံးအစမဲ့သော နတ်ဘုရားစွမ်းအင်က မြေဆီလွှာကို ပေါက်ကွဲသွားစေပြီး ဘေးလူများထံ ပျံ့လွင့်လာ၏။
လူတိုင်း တုန်လှုပ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အား တုန်ယင်၍ မွန်းကြပ်အောင် ပြုလုပ်သော စွမ်းအင်တစ်ခုကို ခံစားမိလိုက်သောကြောင့်ပင်။
အင်မော်တယ် သုတ်သင်ခြင်း အစီအရင် နိုးထလာလေပြီ။
“ပြေးဟေ့ ပြေးကြ”
ထိုအခိုက်တွင် ကြက်ကတုံးက ကြောက်လန့်နေသော မျက်နှာဖြင့် ထအော်လေသည်။
*မနိုင်နိုင်ဘူး*
ရင်ချန်ဖုန်းက အစီအရင်ကို နှိုးလိုက်သဖြင့် အင်မော်တယ် ဧကရာဇ်အဆင့် ရောက်လာလျင်တောင်မှ သေလမ်းသာ ရှိပေလိမ့်မည်။ အကြောင်းမှာ ဤအစီအရင်ကို ကျူးလုံ ဧကရာဇ်ကိုယ်တိုင် ဖန်တီးခဲ့၍ ဖြစ်လေသည်။
အမည်ကိုက အင်မော်တယ် သုတ်သင်ခြင်း အစီအရင် ဖြစ်သဖြင့် ရည်ရွယ်ချက်က အင်မော်တယ်ဘုရင်အဆင့်ကို နှိမ်နှင်းရန်ဖြစ်ကြောင်း သိသာပေသည်။
ပြီးခဲ့သော မင်းဆက်များအတွင်း ရှေးဟောင်းသားရဲများ၏ ဘိုးဘေးများစွာက နတ်ဘုရားမြို့တော်သို့ ကျူးကျော်ပြီး ရင်မိသားစုကို သုတ်သင်ရန် ကြိုးစားသော်လည်း ဤအစီအရင်ဖြင့် တားဆီးခြင်း ခံခဲ့ရသည်။
ကြက်ကတုံး ငယ်ရွယ်စဉ်အခါက အဆိုပါမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်ခဲ့ဖူးသည်။ ရာချီသော ရှေးဟောင်းသားရဲများ မြို့တော်ကို အတူတူ ကျူးကျော်ဝင်ရောက်သော်လည်း အင်မော်တယ် သုတ်သင်ခြင်း အစီအရင် နိုးထလာသည်နှင့် အားလုံး ပျောက်ကွယ်သွားသည်။
သွေးမထွက်သလို၊ သေဆုံးခြင်းလည်း မရှိဘဲ တစ်ခါမှ မရှိခဲ့ဖူးသကဲ့သို့ အစအနမရှိ ပျောက်ကွယ်သွားသည်။ သွေးတစ်စက်ပင် ကျကျန်မနေခဲ့ပါ။ ထူးဆန်းလှပေ၏။
ဤအင်မော်တယ် သုတ်သင်ခြင်းအစီအရင်က မည်မျှ ကြောက်စရာကောင်းသလဲ ဆိုသည်ကို သိနေသောကြောင့် ယဲ့ဖန် သေချာပေါက် သေလိမ့်မည်ဟု ကြက်ကတုံး သိနေလေသည်။
“အဟားဟား ... အင်မော်တယ် သုတ်သင်ခြင်း အစီအရင် ပွင့်သွားရင် ဝင်လာတဲ့သူတိုင်း၊ အင်မော်တယ်အဆင့်ပဲ ဖြစ်ဖြစ် သေရတော့မှာ၊ အဲ့ကောင်တော့ လုံးဝ ပွဲသိမ်းပြီ”
“မျိုးမစစ်ကောင် မင်း ငါ့ရင်မိသားစုရဲ့ အင်မော်တယ် သုတ်သင်ခြင်း အစီအရင်အောက်မှာ သေရမှာမို့ ဂုဏ်ယူသင့်တယ်”
ဤမြင်ကွင်းကိုမြင်သော် ရင်မိသားစုဝင်များအားလုံး စိတ်လှုပ်ရှားလာသည်။ သူတို့ ယဲ့ဖန်၏ အဖြစ်ဆိုးသော အခြေအနေကို မြင်ယောင်နေ၏။ ဤအင်မော်တယ် သုတ်သင်ခြင်း အစီအရင်ကြောင့် လှုပ်မရတော့မည်ကို ကြိုသိနေသည်။
“ဟေ့ကောင် မင်း သိအောင် ပြောထားလိုက်မယ်၊ ငါက ဒီအင်မော်တယ် သုတ်သင်ခြင်း အစီအရင်ရဲ့ အရှင်သခင်ပဲ၊ ဒီအစီအရင်က ငါ့ကို ကာကွယ်ပေးနေတာ၊ ငါ ဘယ်နှစ်ကြိမ်သေသေ ကိစ္စမရှိဘူး၊ ငါ ပြန်မွေးဖွားနိုင်တယ်”
ရင်ချန်ဖုန်းက အားပါးတရ ရယ်မော၍ မောက်မာသော အမူအရာဖြင့် ပြောလိုက်သည်။
“ငါက အင်မော်တယ်၊ မင်း သေပေတော့”
လွှမ်းမိုးနိုင်လွန်းသည်။ ဘဝင်မြင့်လွန်း၏။
ရင်မိသားစုဝင်များအားလုံး ရင်ဖုန်းချူကို လေးစားစိတ်ဖြင့် ကြည့်နေကြသည်။ မသိလျင် နတ်ဘုရားတစ်ပါးအား ကြည့်နေသလိုပင်။
“ဒုတိယဦးလေးက သန်မာတယ်”
“ဒုတိယဦးလေးက သန်မာတယ်”
“ဒုတိယဦးလေးက သန်မာတယ်”
ရင်မိသားစုဝင်များအားလုံး ရင်ချန်ဖုန်းအား အော်ဟစ်အားပေးနေကာ စိတ်လှုပ်ရှားနေကြသည်။ ဘေးဘက်မှ ရှေးဟောင်း သားရဲများကလည်း ယဲ့ဖန်ကို သနားသလို ကြည့်နေကြသည်။ သူတို့၏ မိသားစုသည် ဤအစီအရင်ကြောင့် အတော်လေး ထိခိုက်နစ်နာခဲ့သည်။ ထို့ကြောင့် ယင်းက မည်မျှ ကြောက်စရာကောင်းလဲ သူတို့ သိပေသည်။ ယင်းက လူသားအစွမ်းဖြင့် လှုပ်ကိုင်နိုင်သော တစ်စုံတစ်ရာ မဟုတ်ချေ။
ယဲ့ဖန် သေကိုသေပေလိမ့်မည်။
မျိုးနွယ်ဝင်များ၏ အော်ဟစ်အားပေးသံကို ကြားပြီး ရင်ချန်ဖုန်း၏ မျက်နှာတွင် ထီမထင်ဟန် ပေါ်လာ၏။ ထို့နောက် အဆိပ်ပြင်းသော မြွေတစ်ကောင်၏ မျက်လုံးများကဲ့သို့ ရက်စက်သော မျက်လုံးတို့ဖြင့် ယဲ့ဖန်ကို စိုက်ကြည့်လေသည်။
“မျိုးမစစ်လေး မင်း သေလို့ရပြီ”
“သေပေတော့”
ရုတ်ချည်းဆိုသလိုပင် သူသည် အင်မော်တယ် သုတ်သင်ခြင်း အစီအရင်ကို ထိန်းချုပ်၍ ယဲ့ဖန်ကို တိုက်ခိုက်လာသည်။
မြေဆီလွှာထဲမှ ကြောက်စရာကောင်းသော စွမ်းအင်တစ်ခုက မီးတောင်ပေါက်သကဲ့သို့ ထွက်ပေါ်လာပြီး တုနှိုင်းမဲ့သော စွမ်းအားတစ်မျိုးက ဒီရေအလား တရိပ်ရိပ် တက်လာ၏။
ထိုအခိုက်တွင် လေထုပင် ပြင်းထန်လာရသည်။ ၎င်းသည် ထိပ်တန်းပညာရှင်၏ စွမ်းအားဖြစ်ပြီး လောကမှ အရာအားလုံးကို ချေဖျက်နိုင်သည်။
“သေ သေ ... သေလိုက်တော့”
“သူ့ကို သတ်ပစ်၊ သူ့ကို နုတ်နုတ်စင်းပစ်”
ရင်မိသားစုဝင်များက အော်ဟစ်ဆဲဆိုနေကြသည်။ သို့သော် ယဲ့ဖန်က အထင်မြင်သေးသကဲ့သို့ ကြည့်နေ၏။
ယဲ့ဖန်၏ အမူအရာကိုမြင်သော် ရင်ချန်ဖုန်း အံ့ဩသွားပြီးမှ အလွန် ဒေါကန်လာသည်။ ယခုကဲ့သို့ အခြေအနေ ဖြစ်နေသော်လည်း ထိုသူက အထင်သေးသလို ကြည့်ရဲသေးသည်။ တစ်ဖက်လူသည် အလွန် မောက်မာလှပေ၏။
“အင်မော်တယ် သုတ်သင်ခြင်း အစီအရင်နဲ့ ရင်ဆိုင်နေရတာတောင် ဘဝင်မြင့်ရဲသေးတယ်ပေါ့လေ၊ မင်းက တော်တော် သေလမ်းရှာတယ်လို့ ပြောရမှာပဲ”
ရင်ချန်ဖုန်း၏ မျက်နှာတွင် ရက်စက်မှုတို့ဖြင့် ပြည့်နှက်နေ၏။ သူ အလွန်အမင်း ဒေါသထွက်နေလေပြီ။
“မဟုတ်ဘူး မင်း ပြောတာက အဓိပ္ပာယ်မရှိဘူးလို့ပဲ ငါ တွေးနေတာ”
ထိုစဉ် ယဲ့ဖန်က ပြုံးလာ၏။ သူ့အပြုံးက အလွန် အထင်သေးသော အပြုံးပင်။
*ဟမ်*
*အဓိပ္ပာယ် မရှိဘူး*
ရင်ချန်ဖုန်း အံကြိတ်လာပြီး လူသတ်ချင်စိတ်က ပိုပြင်းထန်လာ၏။
“ဒီအင်မော်တယ် သုတ်သင်ခြင်း အစီအရင်ရဲ့ အရှင်သခင်လို့ မင်း ပြောလိုက်တယ် မဟုတ်လား”
ယဲ့ဖန်က ထီမထင်စွာ ပြုံးနေပြီး ခြေတစ်ဖက် စောင့်လိုက်သည်။ ရုတ်တရက် စွမ်းအင်လှိုင်းတစ်ခုက ဒီရေလှိုင်းအလား ပျံ့နှံ့လာသည်။
ထို့နောက်တွင်မူ ဤအင်မော်တယ် သုတ်သင်ခြင်း အစီအရင်၏ စွမ်းအင်လှိုင်းက ပြေပြစ်ငြိမ်သက်သွားသည်။ အရာအားလုံး တိတ်ဆိတ်သွားတော့သည်။ ထိုအခိုက်တွင် လူတိုင်း ခေါင်းနားပမ်း ကြီးလာ၏။