အခန်း ၁၅၄၃
Vol. 103 Ch. 1543
Chapter 1543 ငါက ကျူးလုံ ဧကရာဇ်ပဲ
ထိုလူ၏ မျက်နှာက ချုံးချီ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေ၏။ ထိုနတ်ဆိုးဆန်ဆန် အပြုံး၊ ထို ကြောက်စရာ ကောင်း၍ ရက်စက်သော အကျင့်စရိုက်က သူ့စိတ်ထဲ သံမှိုရိုက်ထားသလိုပင်။
ထို့ကြောင့် ယဲ့ဖန်ကို တွေ့လိုက်သည့်အခိုက်မှာပင် သူ ကြက်သီးတဖြန်းဖြန်း ထသွားသည်။
“မင်း … မင်းက သူပဲ၊ ဒါ မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”
ချုံးချီ ကြောက်လန့်တကြား အော်ဟစ်လာပြီး တစ်ကိုယ်လုံး တုန်ယင်လာကာ ထိုလူ ပြန်ရောက်လာသည်ကို ယုံနိုင်စွမ်း မရှိ ဖြစ်နေ၏။
*ဘာ*
၎င်း၏ အော်သံကိုကြားပြီး လူတိုင်း ကြက်သေ သေသွားကြသည်။ ချုံးချီ၏ အသံမှ ကြောက်စိတ်ကို သူတို့ ရှင်းလင်းစွာ ခံစားမိသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ဒီပြိုင်ဘက်ကင်းတဲ့ သားရဲက ကြောက်တတ်တာလား*
*ငါတို့ နားကြားများလွဲသွားတာလား*
အထူးသဖြင့် ရင်ချန်ဖုန်းပင်။ သူသည် ယဲ့ဖန်တစ်ယောက် ချုံးချီထံ၌ အရိုးပင် မကျန်အောင် အစားခံရသည်ကို မြင်ရရန် မစောင့်နိုင်ဖြစ်နေခဲ့သည်။ သို့သော် ချုံးချီက ဤသို့ ကြောက်လန့်တကြား အော်ဟစ်လာသည်တဲ့လား။
*ဒါ တကယ်ကို မယုံနိုင်စရာ ကောင်းတယ်*
*အမြင်မှားတာ*
*ထင်ယောင်ထင်မှား ဖြစ်တာပဲ ဖြစ်ရမယ်*
ရင်ချန်ဖုန်း စိတ်ထဲ၌ အော်ဟစ်နေမိသည်။ ထို့နောက် သူ ချုံးချီကို အော်ပြောလိုက်သည်။
“ချုံးချီ မင်း ဘာလုပ်နေတာလဲ၊ သူ့ကို မြန်မြန် မစားသေးဘူးလား၊ မင်း လူသားစားရတာကို အကြိုက်ဆုံး မဟုတ်ဘူးလား၊ အခု ဘာတွေကို စောင့်နေတာလဲ”
သူ ကြောက်လန့်ကာ စိတ်ပူပန်နေ၏။ သူ့နဖူးမှ ချွေးစေးများ ဆက်တိုက် စီးကျလာသည်။ သူ့စိတ်ထဲမှ အတွေးက မှန်နေမည်ကို အလွန် စိုးရိမ်နေသည်။
“ဒုန်း ဒုန်း ဒုန်း”
ထိုအခိုက်တွင် ချုံးချီ လှုပ်ရှားလာ၏။ ဤသည်ကိုမြင်သော် ရင်ချန်ဖုန်း စိတ်အေးသလို သက်ပြင်းချလိုက်သည်။ သောက်ချုံးချီက အဘယ်ကြောင့် ရပ်သွားသလဲ သူ မသိသော်လည်း ပြန်လည် လှုပ်ရှားလာ၍ တော်သေးသည်။
ဆက်လက်မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရင်ချန်ဖုန်း ရင်ကွဲသွားရသည်။ ချုံးချီက ယဲ့ဖန်ထံ တစ်လှမ်းချင်း လှမ်းသွားပြီးနောက် ယဲ့ဖန်ရှေ့၌ ဖြည်းဖြည်းချင်း ဒူးထောက်သွားသည်ကို သူ တွေ့လိုက်ရလေသည်။
အားလုံး၏ ချောက်ချားနေသော အကြည့်အောက်၌ သူ ဒူးထောက်လာသည်။ ဤမြင်ကွင်းကြောင့် လူတိုင်း ကြက်သီးမွေးညင်း ထသွားရသည်။
*ဘယ်လိုဖြစ်တာလဲ*
*ချုံးချီက တကယ်ကြီး အဲ့လူရှေ့မှာ ဒူးထောက်လိုက်တယ်ပေါ့*
*တကယ်ပဲ ဘာတွေဖြစ်ကုန်တာလဲ*
ချုံးချီသည် ရှေးမိစ္ဆာလေးကောင်ထဲမှ တစ်ကောင်ဖြစ်ပြီး အရက်စက်ဆုံးနှင့် သွေးအဆာဆုံး ဖြစ်သည်။ နတ်ဘုရားများနှင့် နတ်ဆိုးများအားလုံးက ၎င်း၏ ဟင်းလျာပင်။
ကျုံးလုံ ဧကရာဇ်တစ်ဦးတည်းသာလျင် သူနှင့် ဆယ်ကြိမ်မက တိုက်ခိုက်ပြီးမှ သူ့အား အညံ့ခံအောင် လုပ်နိုင်ခဲ့သည်။
သို့သော် ယခုအခါတွင် ဤပြိုင်ဘက်ကင်း ရက်စက်သော မိစ္ဆာက သူ၏ မာန်မာနကို ခဝါချ၍ အရှေ့မှလူထံတွင် ဒူးထောက်နေသည်တဲ့လား။ လူတိုင်း မျက်လုံးကိုပွတ်နေကြပြီး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။
ထိုအချိန်တွင် ယဲ့ဖန်၏ အကြည့်၌ အထင်သေးရိပ် ပေါ်နေပြီး ချုံးချီအား အေးစက်စွာ ကြည့်နေသည်။
“အစကတည်းက ငါ မင်းကို တန်းသတ်ခဲ့လိုက်သင့်တာ ဟုတ်တယ်မလား”
*သူပဲ*
*တကယ်ကို သူပဲ*
ချုံးချီ ကြက်သီးတဖြန်းဖြန်း ထသွားသည်။
*ငါ ထင်တာ မှန်နေခဲ့တာပဲ၊ ငါ့အရှေ့ကလူက တကယ်ကို သူပဲ*
*တူညီတဲ့ ဩဇာပါတဲ့လေသံ*
*တူညီတဲ့ အေးစက်စက် လေသံ*
*အဲ့လူ တကယ် ပြန်လာပြီပဲ*
သူ့စကားကို ကြားသော် ရင်ချန်ဖုန်းနှင့် အခြားသူများ နေရာမှာတင် သတိလစ်ချင်စိတ် ပေါက်သွားကြသည်။
*သူက ချုံးချီကို အစကတည်းက သတ်ခဲ့လိုက်သင့်တာတဲ့ ဟုတ်လား*
*မောက်မာပြီး သွေးကြီးလိုက်တဲ့ စကားပါလား*
*ဒါ အားလုံးကို သတ်နိုင်တဲ့ ချုံးချီလေ၊ မင်း စိတ်ရှိသလို သတ်လို့ရမယ် ထင်နေတာလား*
*ဒီလူရဲ့ နောက်ကြောင်းက ဘာလဲ*
*ပိုထူးဆန်းတာက ဘာလို့ ချုံးချီက ပြန်မငြင်းတာလဲ*
*ဒီကောင်ပြောတာက မှန်နေတာများလား*
ကြက်ကတုံး ငိုလုနီးပါး ဖြစ်နေသည်။ မူလက ယဲ့ဖန်ကို ဘာမှမဟုတ်သူ ထင်ခဲ့သော်လည်း ယဲ့ဖန်က ဘုရင်တစ်ပါး ဖြစ်နေခဲ့သည်။ ယခု သူက ယဲ့ဖန်ကို ဘုရင်တစ်ပါးဟု ထင်ခဲ့ချိန်တွင် နတ်ဘုရားတစ်ပါး ဖြစ်နေပြန်၏။
ထိတ်လန့်စရာများက တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ကြက်ကတုံး သိချင်စိတ် မဖြစ်ဘဲ မနေနိုင်တော့ချေ။ သူ့အရှေ့မှလူက မည်မျှ ကြောက်စရာ ကောင်းလိုက်သနည်း။ ထို့အပြင် ထိုသူ၌ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော နောက်ခံပင် ရှိနေသေးသည်။ ပြိုင်ဘက်ကင်း မိစ္ဆာတစ်ကောင်ဖြစ်သော ချုံးချီပင် ဒူးထောက်၍ အရိုအသေ ပေးနေရ၏။
ထိုအချိန်တွင် ချုံးချီသည် အသည်းအသန် တုန်ယင်နေပြီး အသံတွင် ကြောက်စိတ်များနှင့် ပြည့်နှက်နေ၏။
“မဟာဧကရာဇ် ကျုပ်ကို မသတ်ပါနဲ့၊ ချုံးချီ မှားမှန်း သိပါပြီ၊ ချုံးချီ တကယ်ကို မှားမှန်း သိပါပြီ”
ချုံးချီသည် အမှားလုပ်ထားသော ကလေးတစ်ယောက်သဖွယ် တုန်ယင်နေသည်။ သူ့မျက်နှာတွင် အလွန် စိတ်မသက်မသာ ဖြစ်နေဟန် ပေါ်နေပြီး ယဲ့ဖန်ကို အတော်လေး ကြောက်နေကြောင်း သိသာလှသည်။
၎င်းသည် မွေးဖွားလာစဉ်ကတည်းက လောက၌ ပြိုင်ဘက်ကင်းရန် ကြမ္မာပါခဲ့သည်။ သိုင်းပညာရှင်များကို ရှင်းလင်း သုတ်သင်နိုင်ခဲ့သည်။
ရှေးခေတ်အခါကတည်းက ၎င်းသည် လွှမ်းမိုးကြီးစိုးမှု၏ ပြယုဂ်ဖြစ်ခဲ့ပြီး ပြိုင်ဘက်ကင်းခြင်းကို ကိုယ်စားပြုသူ ဖြစ်ခဲ့လေသည်။
သို့သော် လေဟာနယ်၏ အပြင်လောကမှ ရောက်လာပြီး ဤလောကထဲ အေးအေးလူလူ သွားလာခဲ့သော သူ့အရှေ့မှလူသည် လောကကြီးကို ပြန်တည့်မတ်ပေးခဲ့သည်။
သူ့အရှေ့မှလူကြောင့် အားနည်းခြင်းနှင့် ခွန်အားမဲ့ခြင်းကို သူ ခံစားသိရှိခဲ့ရသည်။ သူနှင့် ထိပ်တိုက် တွေ့ဆုံခဲ့ရပြီး ရိုက်နှက် ထိုးကြိတ်ခံရပြီး မြေကြီးပေါ်သွေးအလိမ်းလိမ်းဖြင့် လဲခဲ့ရသည်။
ဤလူ၏ မျက်လုံးထဲတွင် သန်မာသောသူ၏ ခန္ဓာကိုယ်က စက္ကူစသဖွယ် ဖြစ်ခဲ့ပြီး တစ်ချက်တည်းဖြင့် ပျော့ကျသွား သည်အထိ အားနည်းလှသည်။
သူ၏ တိုက်ကွက်များက ထိုလူအတွက် စနေသယောင်ပင်။ ရှက်စရာ ကောင်းလှသည်။ ယဲ့ဖန် သူ့အပေါ် သတ်ချင်စိတ် မရှိခဲ့သောကြောင့်သာ မဟုတ်ခဲ့လျင် ယဲ့ဖန်၏ လက်ဝါးကြောင့် သူ ပွဲချင်းပြီး သေသွားရလောက်သည်။
သို့သော် ချုံးချီ၌ ကြမ်းကြုတ်သော မွေးရာပါ ဗီဇရှိပြီး နာခံရန် ငြင်းဆန်တတ်သည။ သူသည် ဘဝတစ်လျောက် မည်သူ တစ်ဦးတစ်ယောက်ကိုမှ သစ္စာမရှိပါ။ ယဲ့ဖန်၏ စီးတော်ယာဉ် ဖြစ်လာရခြင်းကလည်း မတတ်သာ၍သာ ဖြစ်သည်။
ယဲ့ဖန်သာလျင် သူ့အား ထိန်းချုပ်နိုင်၏။ ထို့ကြောင့်ပင် ယဲ့ဖန်သည် တံခါးပိတ် ကျင့်ကြံခြင်း ပြုလုပ်ချိန်တွင် သူ၏ ထူးခြားဆန်းကြယ်သော စွမ်းအင်တို့ဖြင့် ၎င်းအား ချိပ်ပတ်ခဲ့ခြင်း ဖြစ်လေသည်။
ရည်ရွယ်ချက်မှာ ချုံးချီက ကမ္ဘာကြီးအား ထပ်မံ၍ ထိခိုက်ပျက်စီးအောင် လုပ်ခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ ယဲ့ဖန်က ၎င်းအပေါ် သံယောဇဉ် တွယ်ခဲ့သဖြင့် မသတ်ခဲ့ခြင်းသာ။ ယခု သူတို့ ပြန်တွေ့ရသဖြင့် ယဲ့ဖန်လည်း အံ့ဩရသည်။
*မဟာဧကရာဇ်*
ထိုစကားလုံး ထွက်ပေါ်လာချိန်တွင် ဘေးလူများအားလုံး ထူးဆန်းစွာ ငြိမ်သက်သွားသည်။ ခြေလက်များ တုန်နေသော လူများပင် ပါးစပ်ကို လက်ဖြင့်အုပ်၍ ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေကြသည်။
*မဟာဧကရာဇ်*
ချင်ဧကရာဇ်များထဲတွင် မဟာဧကရာဇ်ဟု ခေါ်ဆိုနိုင်သူ နှစ်ဦးတည်းသာ ရှိသည်။ တစ်ဦးမှာ ဧကရာဇ် ယွီရှန်ဖြစ်ပြီး ကျန်တစ်ဦးမှာမူ … ကျူးလုံ ဧကရာဇ် ဖြစ်ပေ၏။
*ငါတို့အရှေ့ကလူက ကျူးလုံ ဧကရာဇ်လား*
*မဖြစ်နိုင်ဘူး*
*ဒါ အထင်မှားတာပဲ ဖြစ်မယ်*
လူတိုင်း မျက်လုံး ပြူးကျယ်နေပြီး ကြောက်စိတ်ကြောင့် သတိလစ်လုနီးပါး ဖြစ်နေသည်။ အားလုံး၏ မျက်နှာတွင် ကြောက်စိတ်နှင့် စိုးရိမ်စိတ်တို့ ပြည့်နှက်နေကာ ဖြူဖပ်ဖြူရော် ဖြစ်နေ၏။
သူတို့ ထိတ်လန့်နေသည်။ သူတို့ တကယ် ခြိမ်းခြောက်ခံရသလို ဖြစ်နေလေသည်။
ရင်ချန်ဖုန်း နောက်သို့ ဒယိမ်းဒယိုင် ဆုတ်လိုက်မိသည်။ သူ့အမူအရာက လေးလံထိုင်းမှိုင်းနေလေပြီ။
“ညာနေတာ၊ ဒါ ညာနေတာပဲ ဖြစ်ရမယ်”
ဤအချက်ကို သူ မယုံနိုင်ပါ။ သူ့စိတ်ထဲတွင် ရှုဖူပြောခဲ့သော စကားကို ပြန်ကြားယောင်လာ၏။
*အဲ့လူ တကယ် ပြန်လာပြီပဲ*
သူတို့ရင်မိသားစု၏ ဘိုးဘေး ပြန်လာလေပြီ။ သို့သော် ရင်ချန်ဖုန်း၏ မျက်နှာတွင် ပျော်ရွှင်မှု သို့မဟုတ် စိတ်လှုပ်ရှားမှုတို့ ရှိမနေပါ။ ထိုအစား ကြောက်စိတ်သာ ရှိနေသည်။
အကြောင်းမှာ သူတို့ ညီအစ်ကိုနှစ်ဦး လုပ်ခဲ့သော လုပ်ရပ်များကြောင့်ပင်။ သူတို့က ယဲ့ဖန်၏ သည်းခံနိုင်စွမ်း အဆုံးစွန်အထိ စိန်ခေါ်ခဲ့ကြသည်။
ရှုဖူပြောသလိုသာဆိုလျင် သူက သူတို့ကို ဘယ်သောအခါမှ အလွတ်ပေးမည် မဟုတ်ပါ။ သူတို့ သေရပေလိမ့်မည်။
ရင်မိသားစုဝင်အချို့လည်း မှင်တက်နေကြပြီး သူတို့မျက်နှာတွင် မယုံနိုင်ဟန်များ ပေါ်နေလေသည်။ သူတို့ ရင်မိသားစုဝင်များကို သည်းကြီးမည်းကြီး သတ်ခဲ့သူက သူတို့ရင်မိသားစု၏ ဘိုးဘေး ဖြစ်နေသည်တဲ့လား။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ဘာလို့ သူက ဒီလိုလုပ်တာလဲ*
*ကြောက်စရာကောင်းလိုက်တာ*
ရင်မိသားစုဝင်များ ကြံရာမရ ဖြစ်လာကြသည်။ ယဲ့ဖန် လှုပ်ရှားလိုက်သည်နှင့် သူတို့ သေရလိမ့်မည်ကို သိနေလေသည်။
သူတို့သည် ကျူးလုံ ဧကရာဇ်၏ မျိုးဆက်များ ဖြစ်သည်။ ဘယ်လိုလုပ် သူတို့က သူတို့၏ ဘိုးဘေးကို ယှဉ်နိုင်စွမ်း ရှိပါမည်နည်း။
“သူ သူ သူ …”
ကြက်ကတုံး မတုန်လှုပ်ဘဲ မနေနိုင်အောင် ဖြစ်နေပြီး စကားထစ်လာပြန်သည်။ ယဲ့ဖန်ကို လက်ညှိုးထိုးရင်း ပိုင်ရွှယ်ကို လှည့်ကြည့်နေသည်။
သူ တစ်စုံတစ်ရာကို ထပ်မံ၍ အတည်ပြုချင်နေသည့်ပုံပင်။ အဘယ်ကြောင့် ဤမြင်ကွင်းမှ ထိတ်လန့်မှုက သူ့စိတ်မှ လက်ခံနိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေသောကြောင့်ပင်တည်း။ သူ့အား ဘာတွေဖြစ်နေသလဲ ဆိုသည်ကို ရှင်းပြမည့် တစ်စုံတစ်ယောက် ရှိမှရပေတော့မည်။
ပိုင်ရွှယ်က စိတ်ပျက်သလို အကြည့်လွှဲလိုက်သည်။
“ငါ့လူလေ …”
“သူက မင်းလူမှန်း ငါ သိတယ်၊ သူက …”
“ဘိုးဘေး ကျူးလုံ ဧကရာဇ်”
“သူက …”
“ဘိုးဘေး ကျူးလုံ ဧကရာဇ်”
“သူက …”
“ငါ့လူလို့၊ ကျူးလုံ ဧကရာဇ်လို့”
ပိုင်ရွှယ်က တစ်လုံးချင်း ပြတ်သားစွာ ပြောလိုက်သည်။ ထို့နောက်တွင်မူ ကြက်ကတုံး၏ မျက်နှာတွင် ခါးသီးဟန် ပေါ်လာ၏။
အရာအားလုံးက ချက်ချင်း ရှင်းလင်းလာသည်။ ယဲ့ဖန်က ရင်မိသားစုကို သတ်ချင်နေသည်က အံ့ဩစရာ မဟုတ်တော့ချေ။ ယဲ့ဖန် နဂါးကိုးကောင်ကို ထိန်းချုပ်နိုင်သည်က အံ့ဩစရာ မဟုတ်ပေ။
အင်မော်တယ် သုတ်သင်ခြင်း အစီအရင်ကို ထိန်းချုပ်နိုင်ပြီး ပြိုင်ဘက်ကင်းသော မိစ္ဆာကို အညံ့ခံစေနိုင်ခြင်း ကိုလည်း မအံ့ဩမိတော့ပါ။
အဘယ်ကြောင့်ဆိုသော် သူ့အရှေ့မှလူသည် ချင်ဧကရာဇ် သင်္ချိုင်းဂူ၌ အရက်စက်ဆုံးသူ ဖြစ်သောကြောင့်ပင်။
ကြက်ကတုံး ယဲ့ဖန်ကို တစ်ခါမှ မမြင်ဖူးသော်လည်း သူနှင့် ပတ်သက်သော ကောလာဟလများကို ကြားဖူးပါသည်။ သူ ကလေးဘဝကတည်းက ယဲ့ဖန်အကြောင်း ကြားဖူးသဖြင့် နားပင် အသားမာ တက်လုနီးပါးပင်။
“ငါ့အမေက ငါ့ကို ကလေးကတည်းက ကျူးလုံ ဧကရာဇ်က လူဆိုးကောင်လို့ ပြောခဲ့ဖူးတယ်၊ ဒီနေ့ ငါ သူ့ကို တွေ့လိုက်ရတော့မှ ငါ့အမေ ငါ့ကို လိမ်ပြောတာ မဟုတ်မှန်း သိလိုက်ရတော့တယ်”
ကြက်ကတုံးက စောဒက တက်လေသည်။ သူ့မိဘများသည် သူ့အား ကလေးဘဝကတည်းက ကျူးလုံ ဧကရာဇ်သည် နတ်ဆိုးဖြစ်ပြီး ဆိုးယုတ်ကြောင်း ပြောခဲ့ကြသည်။
သူတို့၏ ချင်းလွမ်မိသားစုကို ဤချင်ဧကရာဇ် သင်္ချိုင်းဂူထဲ၌ အကျဉ်းချခဲ့ပြီး ကြက်စွပ်ပြုတ် သောက်ခြင်းတိုင်း တစ်ကောင်ကို သတ်ခဲ့သည်။ သူတို့အား ကြက်မွေးသလို မွေးထားခဲ့ကြသည်။
တကယ့်ကို လူမဆန်လှချေ။ သူတို့သည် ဖီးနစ်မျိုးနွယ်ဝင် သားရဲများ ဖြစ်သည်။ ထိုသောက်ကျူးလုံ ဧကရာဇ်က သူတို့အား ခြံမွေးတိရစ္ဆာန်သဖွယ် မွေးမြူ၍ စိတ်ထင်သလို သတ်ခဲ့၏။
“နင် သူ့ကို သဘောမကျဘူးလား”
ပိုင်ရွှယ်က ကြက်ကတုံးကို အနီးကပ် သေချာကြည့်လာ၏။
“ကျစရာလား၊ ငါ အရေခွံခွာပြီး နုတ်နုတ်စင်းဖို့တောင် မစောင့်နိုင်ဘူး”
ကြက်ကတုံးက ကြမ်းကြုတ်စွာ ပြောလာ၏။ သူ့အဘိုးက ယဲ့ဖန်ထံ၌ အစားခံလိုက်ရသည်ဟု ပြောခဲ့ဖူးသည်။ ကြက်စွပ်ပြုတ် လုပ်သောက်ခြင်း ခံခဲ့ရသည်တဲ့။
“ဒါဆို နင် ဘာကို စောင့်နေတာလဲ၊ အရင်တုန်းက နင် သူ့ကို သေပြီထင်လို့ ဘာမှမလုပ်နိုင်ခဲ့တာလေ၊ အခု အခြေအနေက မတူတော့ဘူး၊ နတ်ဘုရားက နင့်ကို လက်စားချေဖို့ အခွင့်အရေးကြီး ပေးနေပြီ၊ လုပ်စမ်းပါ၊ ငါ နင့်ကို အားပေးတယ်”
ပိုင်ရွှယ်က ကြက်ကတုံးကို အပြုံးနှင့် အားပေးနေသည်။ သို့သော် ထိုအပြုံး၌ အငြိုးထားဟန်နှင့် ထေ့ငေါ့ဟန်တို့ ပါဝင်နေမှန်း သိသာလှသည်။ ကြက်ကတုံး ချက်ချင်း စိတ်ဓာတ်ကျသွားပြီး ငိုယိုကာ မျက်နှာ ရှုံ့မဲ့သွားသည်။
ချုံးချီတောင်မှ ယဲ့ဖန်ထံတွင် ဒူးထောက်နေရသဖြင့် သူ သွားတိုက်ခိုက်ခြင်းက သေတွင်းတူးနေခြင်းသာ ဖြစ်နေသည် မဟုတ်ပါလော။
“တကယ်တော့ လူသားဖြစ်ရင် ရက်ရောတတ်ဖို့ လိုမယ်လို့ ငါ ထင်တယ်၊ နာကြည်းချက်ကို ပြန်ပေးဆပ်ဖို့ မလိုဘူး ထင်တာပဲ၊ မင်းရော ဘယ်လိုထင်လဲ”
ကြက်ကတုံးက ချက်ချင်း လေသံ ပြောင်းသွားသည်။
“ချီးပဲ”
ပိုင်ရွှယ် အထင်သေးစွာ ကျိန်ဆဲလိုက်သည်။ ထိုအခိုက်တွင် ရင်ချန်ဖုန်း တစ်ကိုယ်လုံး တုန်ယင်နေပြီး ယဲ့ဖန်အား ကြောက်လန့်စွာ ကြည့်နေသည်။
“အတု၊ မင်း သေရွာကနေ ပြန်လာလို့မရဘူး၊ မင်းက သေပြီးသား”
“သေပြီဟုတ်လား”
ချုံးချီ၏ မျက်နှာတွင် သရော်ပြုံး ပေါ်လာပြီး ရင်ချန်ဖုန်းအား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လေသည်။
“အောင်မြင်မှုကြီးတွေ ရခဲ့တဲ့ ကျူးလုံ ဧကရာဇ်က သုံးလောကဘုံထဲ မဝင်ရောက်သလို လည်ပတ်နေတဲ့ သံသရာထဲကို မဝင်ဘူး”
“သူ့ခန္ဓာကိုယ်က အသက်ကြီးသွားပင်မယ့် သူ့စိတ်ဝိညာဉ်က ထာဝရ တည်ရှိနေမှာ”
ချုံးချီက ရယ်မောနေသည်။
“သူ့ဘဝတစ်ခုက ကျုံးလုံ ဧကရာဇ် ဖြစ်ပြီးတော့ နောက်ဘဝနှစ်ခုက ဧကရာဇ်ရီနဲ့ သူတော်စင် လုယာဆိုတာ မင်းတို့သိလား”
ထိုစကားက လူတိုင်းပေါ် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး လူတိုင်း အသက်ကို မနည်း ရှူနေရသည်။
*ကျုံးလုံ ဧကရာဇ်ရဲ့ အရင်ဘဝက ဧကရာဇ်ရီနဲ့ သူတော်စင် လုယာလား*
*အဲ့လူနှစ်ယောက်လုံးက အရမ်း ကြောက်စရာကောင်းတဲ့ တည်ရှိမှုတွေပဲလေ*
*အဲ့အချိန်တုန်းက ကိုးပြည်နယ်မှာ ပြိုင်ဘက်ကင်းခဲ့တဲ့လူတွေ*
ရင်မိသားစုဝင်များအားလုံး အံ့ဩနေကြသည်။ သူတို့၏ ဘိုးဘေးကို သူတို့ ကောင်းကောင်း သိပြီး ယဲ့ဖန် ဖန်တီးခဲ့သော စွမ်းဆောင်မှုတိုင်းကို လေးစားခဲ့ကြသည်။ သို့သော် ယဲ့ဖန်က ထို့ထက်ပိုသာလွန်သောလူ ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
*မဟာဧကရာဇ် ကျူးလုံ*
*ဧကရာဇ်ရီ*
*သူတော်စင်လုယာ*
*တစ်ယောက်ချင်းစီက အခြားတစ်ယောက်ထက် ပိုသာလွန်တဲ့သူပဲ၊ ဒါပေမဲ့ အားလုံးက ယဲ့ဖန်ရဲ့ လူဝင်စားတွေတဲ့လား*
*ဘယ်လိုဖြစ်ရတာလဲ*
ရင်ချန်ဖုန်း တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်နှာ အမူအရာ အေးစက် တောင့်တင်းနေသည်။