အခန်း ၁၅၄၄
Vol. 103 Ch. 1544
Chapter 1544 အရှင်မင်းမြတ် ပြန်လာတာကို ကြိုဆိုပါတယ်
“သူ သူ သူ...”
ကြက်ကတုံး ထပ်မံ၍ အထစ်အထစ် ဖြစ်လာသည်။ သို့သော် ယခုတစ်ခါတွင်မူ ပိုင်ရွှယ်က တန်း၍ ငေါက်ငမ်းလေသည်။
“အခုချိန်ကစပြီး ငါ နင့်ကို တစ်ခွန်းမှ မပြောချင်တော့ဘူး၊ နင် ထပ်ပြီး အော်လို့ကတော့ သတိထား၊ ငါ နင့်ခေါင်းကို ခွဲပစ်မယ်”
နဂါးကိုးကောင် မီးလင်းဖိုကလည်း ဆူလာပြီး လူသတ်လိုသော အငွေ့အသက်ပါ ထွက်ပေါ်လာသည်။ ထိုအခါ ကြက်ကတုံး အလျင်အမြန် ပါးစပ်ပိတ်သွားလေသည်။
ယခုတစ်ခေါက်တွင် သူသည်သာမက ပိုင်ရွှယ်သည်လည်း အံ့ဩသွားရသည်။ ယဲ့ဖန်၌ ဤမျှ များပြားသော နောက်ကြောင်းများ ရှိလိမ့်မည်ဟု သူမ ထင်မထားမိပါ။ ထို့အပြင် နောက်ကြောင်းတိုင်းက အလွန် ကြောက်စရာ ကောင်းလှသည်။
ဧကရာဇ်ရီ ရှေးကမ္ဘာဦးခေတ်တွင် အသန်မာဆုံး၊ ရှေးဟောင်းသားရဲများကို လက်ချည်းဗလာဖြင့် ဆွဲဖြဲခဲ့သူ၊ နေခွင်းလေးဖြင့် နေနှင့်လတို့ကို ပစ်ခွင်းခဲ့သည်။
သူတော်စင်လုယာက ပို၍တောင်မှ ကြောက်စရာ ကောင်းလှသည်။ သူသည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ မကွဲပြားခင်အခါကတည်းက ရှိခဲ့သည်ဟု ဆိုကြသည်။ သူ ထွက်လာလျင် နတ်ဘုရားများနှင့် နတ်ဆိုးတို့ ဒူးထောက်ရသည်ဟု ဆိုကြသည်။
ရင်ချန်ဖုန်း၏ တစ်ကိုယ်လုံး တုန်ယင်လာပြီး မျက်နှာတစ်ခုလုံး ပြာနှမ်းလာ၏။
“ဖြောင်း ဖြောင်း ဖြောင်း”
ထို့နောက်တွင်မူ သူသည် လက်နှစ်ဖက်ဖြင့် မျက်နှာကို ဆက်တိုက် ဘယ်ညာပါးချ၍ အိပ်မက်မှ နိုးထအောင် ကြိုးစားလေသည်။
*ဒါ အိပ်မက် ဖြစ်ကိုဖြစ်ရမယ်၊ ဒီလိုမျိုး ဖြစ်လာဖို့ မဖြစ်နိုင်တာကြီးကို*
အိပ်မက်သာလျင် ကြီးမားချဲ့ကားနိုင်ပြီး အံ့ဩစရာ ကောင်းနိုင်၏။
*ဒါ လိမ်ညာနေတာပဲ ဖြစ်ရမယ်*
သို့သော် သူ့ပါးများသာ နီရဲ၍ သွေးစို့နေသော်လည်း အိပ်မက်မှ မနိုးနိုင်သေးပေ။
“ဘိုးဘေး ကျွန်တော်တို့ကို မသတ်ပါနဲ့၊ ကျွန်တော်တို့အားလုံးက ခင်ဗျားရဲ့ မျိုးဆက်တွေပါ”
ရင်မိသားစုဝင်များသည် အသက်ကယ် ကောက်ရိုးမျှင်ကို ဆုပ်ကိုင်လိုက်သကဲ့သို့ ချက်ချင်း ယဲ့ဖန်ရှေ့၌ ဒူးထောက်၍ အသည်းအသန် အသနားခံလေသည်။
“ဒုန်း ဒုန်း ဒုန်း”
သူတို့ နဖူးနှင့်မြေကြီးတိုက်၍ တောင်းပန်နေ၏။ လက်ရှိတွင် သူတို့အားလုံး ကြောက်လန့်နေကြသည်။ ယဲ့ဖန်က သူတို့၏ တစ်ခုတည်းသော ရှင်သန်ရာ မျှော်လင့်ချက် ဖြစ်သည်။
သို့သော် ယဲ့ဖန်က သူတို့ကို တစ်ချက်သာ ကြည့်လေပြီး ထိုအကြည့်တွင် ခံစားချက်ကင်းမဲ့ဟန်တို့ ပါဝင်နေသည်။
“ငါ မင်းတို့ကို အင်အားအကြီးဆုံး အင်ပါယာ ပေးခဲ့တယ်”
“ငါ မင်းတို့ကို အင်မော်တယ် အမွေအနှစ် ပေးခဲ့တယ်”
“ငါ မင်းတို့ကို ပြိုင်ဘက်ကင်းတဲ့ စစ်တပ် ပေးခဲ့တယ်”
“ဒါပေမဲ့ မင်းတို့တွေက ငါ့ကို သွေးအေးအောင် လုပ်ခဲ့တယ်”
ယဲ့ဖန်၏ မျက်လုံးများက အေးစက် တင်းမာလာပြီး အပြစ်တင်လေသည်။
“မင်း … မင်းတို့ အားလုံး သေသင့်တယ်”
သူ၏ ညီအစ်ကိုများက သူ့မျိုးဆက်များကို ကာကွယ်စောင့်ရှောက်ခဲ့သည်။ သို့သော် သူ့မျိုးဆက်များက သူ့ညီအစ်ကိုများကို ကြင်ကြင်နာနာ မဆက်ဆံခဲ့ပေ။
လူခုနစ်သိန်းတိတိ ရင်မိသားစုထံ၌ ကစားစရာသဖွယ် အသုံးချခံရပြီး သေသည်အထိ နှိပ်စက်ခံခဲ့ရသည်။ ကြီးမားသော ဤအရေအတွက်ကို စဉ်းစားမိချိန်တိုင်း ယဲ့ဖန် ရင်ကွဲနာကျရသည်။ သူ့နှလုံးသားထဲမှ အမုန်းတရားက ဒီရေအလား တိုးပွားလာ၏။ မုန်းတီးစိတ်က မီးညွန့်သဖွယ် တောက်လောင်လာ၏။
“ဝေါင်း”
ရုတ်တရက် ကောင်းကင် တုန်ခါလောက်သည့် မာန်ဖီသံ ထွက်ပေါ်လာသည်။ အသံက အလွန်အမင်း ရက်စက် ကြမ်းကြုတ်လှသည်။
ချုံးချီသည် အလွန် ဉာဏ်နီဉာဏ်နက် များသည်။ လက်ရှိတွင် ယဲ့ဖန် ဒေါသထွက်နေသဖြင့် ယဲ့ဖန်ကို မျက်နှာလုပ်ရန် အချိန်ကောင်းဟု သိလိုက်သည်။
ထို့နောက် သူသည် ရင်မိသားစုဝင်များထံ ပြေးဝင်သွားပြီး သွေးပေနေသော ပါးစပ်ကိုဟ၍ သည်းကြီးမည်းကြီး ဝါးစားလေတော့သည်။
သွေးမိုးများ ဆက်တိုက် ရွာသွန်းလေတော့သည်။ အရိုးနှင့် အသားဖတ်များက နေရာအနှံ့ လွင့်စဉ်လာပြီး ခြေပြတ် လက်ပြတ်များကို နေရာအနှံ့ တွေ့မြင်လာရသည်။
“အား…”
ထိုအခိုက်တွင် နာနာကျင်ကျင် အော်ဟစ်သံများ ထွက်ပေါ်လာ၏။ ချုံးချီသည် ရက်စက်သော ကျားတစ်ကောင်အသွင်ဖြင့် ခုန်အုပ်၍ သတ်ဖြတ် စားသုံးနေသည်။
“သတ်မယ်”
“စားမယ်”
“ငါ မင်းတို့ရဲ့ အသွေးအသားအပြင် နာကျင်မှုကိုပါ ဗိုက်ထဲရောက်အောင် စားပေးမယ်ကွ၊ ဟားဟားဟား”
ချုံးချီက အားပါးတရ ရယ်မောလိုက်ပြီးနောက် ကြုံးဝါးလေသည်။
“ဧကရာဇ် ကျူးလုံရဲ့ မြင့်မြတ်တဲ့ စွမ်းအင်ကို မြင်အောင် ကြည့်ထား၊ ချုံးချီရဲ့ ရက်စက်မှုကို သေချာကြည့်ထားကွ”
“မဟုတ်ဘူး မဟုတ်ဘူး၊ ဧကရာဇ် ကျွန်တော့်ကို ကယ်ပါဦး”
“ဧကရာဇ် ကျွန်တော် မှားမှန်း သိပါပြီ၊ ကျွန်တော်တို့အားလုံး မှားမှန်း သိပါပြီ၊ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ”
“ငါ့ပေါင်၊ ငါ့ကို မစားနဲ့၊ အား …”
ချုံးချီ၏ တိုက်ခိုက်မှုအောက်၌ ရင်မိသားစုဝင်များအားလုံး ပြန်တိုက်ခိုက်ခွင့်ပင် မရလိုက်ချေ။ လူများစွာ သေကြေပျက်စီးပြီး သွေးများက နေရာအနှံ့ စွန်းထင်းလာသည်။
ချုံးချီ၏ သတ်ဖြတ်မှုအောက်၌ ရင်မိသားစုဝင်များ ဆိုးရွားစွာ သေဆုံးနေကြသည်ကို လူတိုင်း မြင်နေရသည်။ ဘေးနားမှ ချင်အင်ပါယာ၏ စစ်တပ်သည်လည်း နားဝေတိမ်တောင် ဖြစ်နေ၏။
ယဲ့ဖန်က သူတို့အတွက်နှင့် သူ၏ နောက်မျိုးဆက်ကို သတ်လိမ့်မည်ဟု ထင်မထားမိပါ။ ဤသည်က မယုံနိုင်စရာ ကောင်းလှသည်။ တစ်ခဏအတွင်း သူတို့ မျက်ရည်များ ဝဲတက်လာသည်။
သူတို့ မယုံနိုင်သလို ဖြစ်နေကြသည်။ ကျူးလုံ ဧကရာဇ် တကယ် ပြန်လာသည်ကို မယုံနိုင် ဖြစ်နေသည်။ သူတို့အတွက်နှင့် ကျူးလုံ ဧကရာဇ်က သူ့မျိုးဆက်များအား သတ်နေသည်ကို မယုံနိုင် ဖြစ်နေလေသည်။
“ဘိုးဘေး ကျူးလုံ ဧကရာဇ်က မသေဆုံးနိုင်ဘူး၊ ဘိုးဘေး ကျူးလုံ ဧကရာဇ် လောကကို ကူးသန်းနိုင်ပါစေ၊ ဧကရာဇ် အသက်ရှည်ပါစေ၊ အသက်ရှည်ပါစေ”
ချင်စစ်သည်တော်များက မျက်ရည်များဖြင့် ကျယ်လောင်စွာ ကြွေးကြော်လေသည်။ သူတို့ ထိန်းချုပ်မရနိုင်အောင် စိတ်လှုပ်ရှားနေကြသည်။
သေသောသူက ပြန်လည်မွေးဖွားလာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိပါ။ သူတို့ အလွန်အမင်း လေးစားရသောသူ ပြန်ရောက်လာလိမ့်မည်ဟု သူတို့ မျှော်လင့်မထားမိပါ။ ယင်းက သူတို့ကို ရူးမတတ် စိတ်လှုပ်ရှားစေသည်။
သူတို့ စစ်မြေပြင်တွင် တစ်ဖန် စစ်တိုက်ပြီး အောင်မြင်မှု အသီးအပွင့်ကို ခံစားနိုင်ပေတော့မည်။
ထိုအခိုက်တွင် ကြွေးကြော်သံတစ်သံက စစ်ဗုံတီးသံအလား မြည်ဟီးနေ၏။
ကျူးလုံ ဧကရာဇ် ပြန်လာလေပြီ။ ချင်ခေတ် ပြန်လည် ရှင်သန်လာလေပြီ။
ထိုအချိန်တွင် ရင်ချန်ဖုန်းသည် သူ့မျိုးနွယ်၏ ဆိုးရွားသော အခြေအနေကိုကြည့်ပြီး ချင်စစ်သည်တော်များ၏ ကြွေးကြော်သံကို နားထောင်ပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေ၏။
သူသည် မိုးထိမတတ် မြင့်မားသော ရုပ်တုကို ကြည့်ပြီး မျက်နှာတွင် ခါးသီးဟန် ပေါ်လာ၏။
“အစ်ကိုကြီး ကျုပ်တို့အားလုံး မှားသွားပြီ၊ ကျုပ်တို့အားလုံး မှားသွားခဲ့ပြီ”
လက်ရှိတွင် သူသည် မြင့်မားသော ဧကရာဇ် ယွီရှန်၏ ရုပ်တုဘေး၌ ဆယ်ဆမက ပိုကြီးမားသော ရုပ်တုတစ်ခု ရပ်နေသည်ဟု မြင်ယောင်လာလေသည်။ ထိုရုပ်တု၏ ပိုင်ရှင်မှာ ကျူးလုံ ဧကရာဇ်ပင်။
ဧကရာဇ် ယွီရှန်သည် ရွှေရောင်ရုပ်တုကို မှီ၍ သူ၏ ထည်ဝါမှုကို ပြသချင်သည်။ သို့သော် ယဲ့ဖန်က ယင်းကဲ့သို့ အရာမျိုး မလိုအပ်ပါ။ အဘယ်ကြောင့်ဆိုသော် သူ၏ တည်ရှိမှုကိုက ထည်ဝါမြင့်မြတ်နေပြီ ဖြစ်သောကြောင့် ပင်တည်း။
သူ၏ပုံရိပ်က ပေတစ်ထောင်နီးနီး မြင့်မား၏။ ဧကရာဇ် ယွီရှန်သည် တစ်ချိန်လုံး ကျူးလုံ ဧကရာဇ်ကို ကျော်ချင်နေသည်။
သို့သော် ယခုအခါတွင်မူ သူ၏ အစ်ကိုဖြစ်သူက ယဲ့ဖန်ကို ဘယ်သောအခါမှ ကျော်နိုင်စွမ်း ရှိမည်မဟုတ်ကြောင်း ရင်ချန်ဖုန်း သိလိုက်သည်။ ဤလူက ချောက်နက်တစ်ခုလိုပင်၊ ဘယ်သောအခါမှ မကျော်ဖြတ်နိုင်ပါ။ ယင်းသည် ယုံကြည်မှု၏ စွမ်းအားပင်။
ဤသည်မှာ ဧကရာဇ်ယွီရှန် ဘယ်သောအခါမှ မရနိုင်သော တစ်စုံတစ်ရာပင်။ သန်းချီသော ချင်စစ်သည်တော်များ အညံ့ခံလာအောင် သူ မလုပ်နိုင်ပါ။ သူ့အတွက် နှစ်ထောင်ချီ စောင့်ဆိုင်းပြီး အတောမသတ်နိုင်သော အထီးကျန်မှုကို သည်းခံနိုင်အောင် သူ မလုပ်နိုင်ပါ။
သို့သော် ယဲ့ဖန်က လုပ်နိုင်သည်။ ဧကရာဇ် ယွီရှန်က သူ၏ ပုံရိပ်ကို ရွှေရုပ်တုဖြင့် တည်ဆောက်ရန် လိုအပ်သော်လည်း ယဲ့ဖန်၏ ပုံရိပ်က သန်းချီသော ချင်စစ်သည်တော်များ၏ စိတ်ထဲတွင် ယုံကြည်မှုအဖြစ် တည်ရှိနေပြီးသား ဖြစ်သည်။
ထို့ကြောင့် ယဲ့ဖန်၏ ပုံရိပ်က ပိုမြင့်မားလေသည်။ ရွှေရောင်ရုပ်တုသည် မည်မျှ မြင့်မားပါစေ ပျက်စီးသေဆုံး နိုင်သေးသည်။ သက်ရှိထင်ရှား ရှိနေသော လူအများ၏ စိတ်ထဲမှ ယုံကြည်ရာနှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။
“ဒုန်း”
ရင်ချန်ဖုန်း မြေကြီးပေါ် ဒူးထောက်ကျသွားပြီး မျက်နှာ ပြာနှမ်းလာသည်။ ထိုအခိုက်တွင် သူ လုံးဝ ရှုံးနိမ့်သွားသလို ခံစားလိုက်ရသည်။
ညီအစ်ကိုနှစ်ယောက်သည် အမြဲ ဘိုးဘေး ကျူးလုံ ဧကရာဇ်ကို ကျော်တက်ရန် အိပ်မက်မက်ခဲ့သည်။ သို့သော် အဆုံးသတ်တွင် ဘိုးဘေး ကျူးလုံ ဧကရာဇ်ကို လုံးဝ မကျော်နိုင်မှန်း သူတို့ သိလိုက်ရသည်။ ဤခံစားချက်က ရင်ချန်ဖုန်းအတွက် အသတ်ခံရသည်ထက်ပင် ပိုနာကျင်ရသေးသည်။
ညီအစ်ကိုနှစ်ယောက်သား ယဲ့ဖန်ကို ကျော်ချင်သဖြင့် ယဲ့ဖန်နှင့် ပတ်သက်သော အရာရာတိုင်းကို ဖယ်ရှားခဲ့ပြီး ချင်စစ်သည် ခုနစ်သိန်းကို သတ်ခဲ့သည်။ ယခုအခါတွင်မှ သူ အမှားကြီး မှားကြောင်း သတိပြုလိုက်မိသည်။
ဧကရာဇ်ရီ၊ ကျူးလုံ ဧကရာဇ်၊ သူတော်စင် လုယာ။ ဤသို့သော တည်ရှိမှုကို သူတို့ ကိုင်လှုပ်နိုင်ပါမည်လော။
လက်ရှိတွင် ရင်ချန်ဖုန်း အလွန်အမင်း နောင်တရနေသည်။ သူတို့သာ မာနကြီး မမောက်မာခဲ့ဘဲ ဘိုးဘေး ကျူးလုံ ဧကရာဇ်၏ ခြေရာကို နင်းခဲ့ပါက ယနေ့ ဤသို့ ဖြစ်လာလိမ့်မည် မဟုတ်ပါ။
ကျူးလုံ ဧကရာဇ် ပြန်ရောက်လာသောအခါ ချင်ခေတ်က ပြန်လည် ရှင်သန်လာပေလိမ့်မည်။ သူ နောက်ထပ် မမြင်နိုင်တော့သည်က ဆိုးရွားလှသည်။
“ဧကရာဇ် ကျုပ် … သေသင့်ပါတယ်”
ရင်ချန်ဖုန်းသည် အလွန် နောင်တရသော မျက်နှာဖြင့် ယဲ့ဖန်ကို အလေးအနက် တောင်းပန်လေသည်။ ယဲ့ဖန်က သူ့ကို ခံစားချက် ကင်းမဲ့စွာ ကြည့်နေပြီး သူ့အကြည့်တွင် သနားစိတ် တစ်စက်ကလေးမျှ မရှိချေ။
“ဒီလိုလုပ်တာနဲ့ ငါ မင်းကို ခွင့်လွှတ်ပေးမယ်လို့ ထင်နေလား”
“ဖြောင်း”
မည်သို့သော တုံ့ဆိုင်းခြင်းမှမရှိဘဲ ယဲ့ဖန်က ရင်ချန်ဖုန်းကို ရိုက်သတ်ပစ်လိုက်သည်။ မည်သို့သော ရှင်းပြချက်ကိုမှ နားမထောင်လိုပါ။ မိမိအမှားအတွက် ပြန်ပေးဆပ်သင့်ပေသည်။ သေခြင်းတရားသည် သူတို့ ခံစားကို ခံစားရမည့် ခါးသက်မှု ဖြစ်သည်။
ရင်ချန်ဖုန်းသည် နောက်ဆုံးအချိန်တွင်မှ သူ့အမှားကို သိခဲ့သော်လည်း ယဲ့ဖန်က သူ့အား သက်ညှာ၍ ခွင့်လွှတ်မပေးချေ။ ထိုအစား အပြီးတိုင် ရှင်းလင်းပစ်ခဲ့သည်။
“မဟာဧကရာဇ်”
ထို့နောက် ချုံးချီက ယဲ့ဖန်ရှေ့သို့ ပြန်ရောက်လာသည်။ လက်ရှိတွင် ဤမိစ္ဆာကျားသည် ယဲ့ဖန်ဘေး၌ လိမ်မာသော ကြောင်လေးသဖွယ် လှဲနေ၏။
ယဲ့ဖန်က သူ့ကို ချီးကျူးသကဲ့သို့ ခေါင်းကို အသာပုတ်ပေးလိုက်သည်။ ဤမြင်ကွင်းက ရှေးဟောင်း သားရဲများကို မျက်လုံး ပြူးသွားစေသည်။
*အဲ့ဒါ ရှေးဟောင်း မိစ္ဆာလေးကောင်ထဲက တစ်ကောင်လေ၊ သူ့ကို ကြောင်တစ်ကောင်လို ဆက်ဆံနေတာလား*
ဤမြင်ကွင်းက ထိတ်လန့်စရာ ကောင်းလှသည်။ ဘေးပတ်ဝန်းကျင်မှ ရှေးဟောင်းသားရဲများ ချောက်ချားသွားပြီး သူတို့အရှေ့မှလူကို ကြောက်လန့်တကြား ကြည့်လိုက်ကြသည်။
သူတို့ ယဲ့ဖန်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သော်လည်း ယဲ့ဖန်နှင့် ပတ်သက်သော ဒဏ္ဍာရီများကို အားလုံး ရင်းနှီးပြီးသား ဖြစ်သည်။
သို့သော် ဒဏ္ဍာရီလာ အကျော်အမော်များက အကျော်အမော်များ ဖြစ်ထိုက်ပါပေ၏။ ယနေ့ သူတို့ မြင်လိုက်ရချိန်တွင် သေမတတ် ကြောက်လန့်သွားရသည်။
ကောလာဟလများက အမှန်တွေပင်။ ဤလူက ကောလာဟလထဲကထက်ပင် ပို၍ ကြောက်စရာ ကောင်းသေးသည်။
ထို့နောက်တွင်မူ ယဲ့ဖန်က ရှေ့သို့ ဆက်လျှောက်သွားပြီး တော်ဝင် ရာဇဝတ်ရုံးသို့ လျှောက်သွားလေသည်။
“အရှင်မင်းမြတ်”
ထိုအခိုက်တွင် ချင်စစ်သည်တော်များအားလုံးက ရှေ့တိုးလာပြီး ယဲ့ဖန်၏ ကျောပြင်အား စွဲလမ်းစွာ ကြည့်နေကြသည်။ သူတို့ အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ ယဲ့ဖန်က နောက်လှည့်လာပြီး အပြုံးနှင့် ပြောလိုက်သည်။
“စိတ်မပူနဲ့ ဒီတစ်ခါတော့ ငါ မင်းတို့ကို မထားခဲ့ဘူး”
ထိုစကားကိုကြားသော် လူတိုင်း ငိုကြွေးလာပြီး မျက်ရည်များကို သုတ်ကာ ခေါင်းတဆတ်ဆတ် ညိတ်ပြလေသည်။ ယဲ့ဖန်က ရှေ့သို့ ဆက်လျှောက်သွားသည်။
တစ်ဖက်တွင်မူ ချုံးချီက မြေကြီးပေါ်တွင် လိမ်မာစွာ လှဲနေပြီး မလှုပ်ရဲချေ။ ယဲ့ဖန်က ဘာတစ်ခွန်းမှ မပြောသဖြင့် သူ မလှုပ်ရဲခြင်းပင်။ ဤသည်မှာ ကျူးလုံ ဧကရာဇ်၏ အစွမ်းသာ။
ထိုအချိန်၌ အပြင်ဘက်မှ ဆူညံသံများကို နားထောင်ပြီး ရှုဖူက တော်ဝင် ရာဇဝတ်ရုံး၏ တံခါးကို စိတ်အားထက်သန်သော အကြည့်များဖြင့် စိုးရိမ်တကြီး ကြည့်နေ၏။
ချုံးချီ၏ အော်သံကို ကြးသောအခါ ထိုလူ ပြန်လာပြီဖြစ်ကြောင်း တစ်ရာရာခိုင်နှုန်း သေချာသွားသည်။ ထိုသို့မဟုတ်ပါက ရင်ချန်ဖုန်းသည် ချုံးချီ၏ ချိပ်ပိတ်ခြင်းကို ဖြည်မည် မဟုတ်သလို သူကိုယ်တိုင် မထိန်းချုပ် နိုင်သော မိစ္ဆာအား လွှတ်ပေးမည် မဟုတ်ပါ။
“ဒေါက် ဒေါက် ဒေါက်”
ထိုစဉ် ခြေသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ရှုဖူ ထိတ်လန့်သွားပြီး ဒယိမ်းဒယိုင်ဖြင့် ထရပ်လေသည်။ သူ မျက်နှာမပြဝံ့ပါ။ ဤအခြေအနေဖြင့် သူ ထိုလူကို ရင်မဆိုင်နိုင်ပါ။
ဤသည်က မလေးစားရာ ရောက်သည်။ သူ အကြိမ်ပေါင်းများစွာ ထရန် ကြိုးစားပါသော်လည်း သူ့ခြေထောက်များက ကာလရှည် ဒဏ်ရာကြောင့် လှုပ်ရှားမှုကို မသိနိုင် ဖြစ်နေ၏။
အကြိမ်ပေါင်းများစွာ ထလိုက် လဲကျလိုက် ဖြစ်ပြီးနောက် သူသည် ကျောက်တိုင်ကိုသာ မှီ၍ အားပြုထားရသည်။ ရပ်နေပုံက ကို့ရိုးကားယား နိုင်သော်လည်း ကြည့်ရဆိုးသော ပုံစံ မဟုတ်ပါ။
ထို့နောက် သူ့အရှေ့တွင် လူတစ်ယောက် ပေါ်လာ၏။ ထိုလူကို သေချာ မြင်လိုက်ရသောအခါ ရှုဖူ ထိတ်လန့် သွားသည်။
နှစ်ထောင်ချီ နှိပ်စက်ခဲ့ရသော်လည်း နာနာကျင်ကျင် တစ်ခါမှ မအော်ခဲ့ဖူးသော ဤအဘိုးအိုသည် လက်ရှိတွင် မျက်ရည်များက မိုးစက်သဖွယ် ကျဆင်းလာ၏။ မျက်ရည်များက ပါးပြင်ထက်သို့ အဆက်မပြတ် စီးကျနေသည်။
“ဒုန်း”
သူ ဒူးထောက်ချလိုက်ပြီး ခေါင်းငုံ့ကာ သံကုန် နှုတ်ဆက်လိုက်သည်။
“အရှင်မင်းမြတ် ပြန်လာတာကို ကြိုဆိုပါတယ်”