အခန်း ၁၅၄၆
Vol. 104 Ch. 1546
Chapter 1546 မင်းအသက်ကို ငှားမယ်
*ဘာ*
ထိုစကားကို ကြားသော် ပိုင်ရွှယ် ချက်ချင်း ဒေါသထွက်သွားသည်။
“ရှင် ရူးနေလား၊ ရှင် တကယ်ပဲ သူ့ကို လက်ခံဖို့ စိတ်ကူးနေတာလား၊ အရိုးမရှိတဲ့လူကိုလေ”
“အရိုးမရှိတဲ့ကောင်ဆိုတာ ဘာလဲ”
ကြက်ကတုံးက ယောင်တောင်တောင်နှင့် မေးလေသည်။
“ပါးစပ်ပိတ်ထား”
“အိ”
ယဲ့ဖန် ရုတ်တရက် ပြုံးလိုက်သည်။
“ဧကရာဇ် ကျူးလုံက သူ့ဘဝမှာ ထူးချွန်တဲ့လူတွေကိုပဲ ခန့်တာ၊ တစ်ချို့က သူ့အတွက် အလုပ်လုပ်ဖို့ ရွေးချယ်ကြတယ်၊ ဘာလို့လဲဆိုတော့ သူ့ကို လေးစားကြလို့၊ တစ်ချို့က သူ့ကို မုန်းပင်မယ့် မတတ်သာလို့ ကူညီရတယ်”
“နောက်ဆုံးတော့ သူတို့အားလုံး လက်လျှော့သွားတာပဲ”
နတ်ဘုရားဆိုတာ ဘာလဲ။ ထိပ်ဆုံး၌ ရှိသူ၊ ထည်ဝါမြင့်မြတ်သူ။ ထာဝရ တည်ရှိသူ။ ယဲ့ဖန်သည် သူ့လက်အောက်ငယ်သားများ၏ နတ်ဘုရားပင်။
“ငါ မင်းမျက်လုံးထဲက ရည်မှန်းချက်ကို အတော်လေး သဘောကျတယ်၊ ကျူးလုံဧကရာဇ်မှာ လူညံ့တွေ မရှိဘူး၊ မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်မိဖို့ မျှော်လင့်ပါတယ်”
ယဲ့ဖန် အသာလေး ပြုံး၍ ပြောလိုက်သည်။ ကြက်ကတုံးက တစ်ခွန်းမှမပြောဘဲ ဦးညွှတ်လိုက်သည်။ ထိုအခိုက်တွင် ရှုဖူ အနားရောက်လာပြီး ပြောလာသည်။
“အရှင်မင်းမြတ် အသက်ရှည်ဆေးအတွက် ဆေးအမယ်တစ်မျိုး လိုနေပါသေးတယ်”
“ဘာဆေးအမယ်လဲ”
ထိုအခါ ရှုဖူက ကြက်ကတုံးကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဤသည်က ယဲ့ဖန်နှင့် အခြားသူများ မသင်္ကာသလို ခံစားလိုက်ရသည်။ ယဲ့ဖန် ချက်ချင်း မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်လေသည်။
“ဘာဖြစ်လို့လဲ”
“လိုနေတဲ့ ဆေးအမယ်က ချင်လွမ်မျိုးနွယ်ရဲ့ နှလုံးသားပါ”
ကြက်ကတုံး၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ယဲ့ဖန် မျက်လုံး ကျဉ်းမြောင်းသွားပြီး ပြန်မေးလိုက်သည်။
“အစားထိုးနိုင်မယ့် အခြားဆေးအမယ် ရှာလို့မရဘူးလား”
ရှုဖူက နောင်တရစွာ ခေါင်းခါ၍ ပြောလိုက်သည်။
“ရပါတယ် ဒါပေမဲ့ အချိန် အတော်ကြာလိမ့်မယ်၊ မိဖုရား ပိုင်ရွှယ် အဲ့အချိန်အထိ တောင့်မခံနိုင်မှာကို ကျွန်တော်မျိုး စိုးရိမ်မိပါတယ်”
“ငါ့ကို မင်းရဲ့ ချင်းလွမ်မျိုးနွယ်ဆီ ခေါ်သွား”
ယဲ့ဖန်က ကြက်ကတုံးကို ပြောလိုက်သည်။ ကြက်ကတုံး ချက်ချင်း စိုးရိမ်တုန်လှုပ်လာသည်။
“အရှင်မင်းမြတ် ခင်ဗျား”
“စိတ်မပူနဲ့၊ တစ်ယောက်ယောက်က လိုလိုလားလားနဲ့ သူတို့နှလုံးကို ထုတ်ပြီး ငါ့ကို ပေးလိမ့်မယ်”
ယဲ့ဖန် ပြုံး၍ ပြောလိုက်သည်။ ထိုအခိုက်တွင် ကြက်ကတုံး ကြက်သေ သေသွားသည်။
*ဘာတွေလာနောက်နေတာလဲ၊ လိုလိုလားလားနဲ့ နှလုံးသားကို ထုတ်ပေးမယ် ဟုတ်လား၊ ဒါ ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံနေတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် အဲ့လို အရူးမျိုး ရှိမှာလဲ*
ယဲ့ဖန်ပြောသောစကားကို သူ မယုံပါ။
“ရှေ့ကလမ်းပြ”
သို့သော် ယဲ့ဖန်က မလွဲမသွေ အမိန့်ပေးလိုက်သည်။ ကြက်ကတုံးသည် စိတ်ထဲ၌ ကျိတ်၍ သက်ပြင်းချ လိုက်ရသည်။ လက်ရှိတွင် သူသည် အခြားသူ၏ လက်ခုပ်ထဲမှ ငါးတစ်ကောင် ဖြစ်နေသည် မဟုတ်ပါတကား။ ယဲ့ဖန်က သူ့မိဘများကို ပစ်မှတ်အဖြစ် မရွေးချယ်ရန်သာ ဆုတောင်းနေမိသည်။
တစ်ရက်ကြာပြီးနောက် ယဲ့ဖန်သည် ကြက်ကတုံးနောက်သို့ လိုက်၍ ချင်းလွမ်မျိုးနွယ်၏ တည်နေရာ ဖြစ်သော ကြာပန်းဥယျာဉ်သို့ လိုက်သွားသည်။
ကြက်ကတုံး ပြန်လာသည်ကိုမြင်သော် မျိုးနွယ်ဝင်များအားလုံး ချောက်ချားဟန် ပေါ်လာသည်။ သူတို့ ကြောက်လန့်ကာ စိုးရိမ်တုန်လှုပ်နေ၏။
ကြီးမားသော ဘေးအန္တရာယ် အပြီးတွင် ကြက်ကတုံး ပြန်လာရဲလိမ့်မည်ဟု သူတို့ ထင်ထားပုံမရချေ။ တစ်ခဏကြာသော် မျိုးနွယ်ဝင်များက သူ့အပေါ် အထင်သေး မုန်းတီးသော အကြည့်များဖြင့် ကြည့်လာသည်။
မကြာသေးခင်ကပင် ကြက်ကတုံးက ထန်းကူ၏ ညီကို သတ်လိုက်သည့်အကြောင်းကို သူတို့ ကြားထား ကြသည်။
ထန်းကူကို သူတို့ ချင်းလွမ်မျိုးနွယ်က ဘယ်လိုလုပ် ရန်စနိုင်ပါမည်နည်း။ ထန်းကူ မဆိုထားနှင့်၊ ထန်းကူ၏ အနောက်တွင် သူ့အား ထောက်ပံ့ပေးသော ရင်မိသားစု ရှိနေသည်။
ကြက်ကတုံးက သေတွင်းတူးနေခြင်းပင်။ ထို့အပြင် ယင်းက သူတို့ကိုပါ ဆွဲချနေ၏။
မျိုးနွယ်ဝင်များ၏ ရွံရှာသော အကြည့်များနှင့် ရင်ဆိုင်ရသောအခါ ကြက်ကတုံးသည် အပြစ်ရှိသလို ခံစားရပြီး ခေါင်းငုံ့လိုက်မိသည်။
မျိုးနွယ်ဝင်များက အဘယ်ကြောင့် သူ့ကို မုန်းတီးနေသလဲ သူ သိပါသည်။ တစ်ဖက်တွင်မူ ယဲ့ဖန်က ခေါင်းကိုမော့၍ တည်ငြိမ်စွာ လျှောက်နေသည်။
“ဒီလူက သေချင်နေတဲ့ လူသားပဲ ဖြစ်လိမ့်မယ်”
“စောက်ယွဲ့ကျစ်၊ သူက ဒီမျိုးမစစ်ကောင်ကို မျိုးနွယ်ထဲ ခေါ်လာသေးတယ်ပေါ့၊ ငါတို့ အဝါရောင်မြစ်ထဲ ခုန်ချရင်တောင် ဒါကို ဆေးကြောနိုင်မှာ မဟုတ်ဘူး၊ ငါတို့တော့ သွားပါပြီ”
“ယွဲ့ကျစ် ကပ်ဆိုးကောင်၊ မင်း သေချင်လည်း ကိုယ့်ဘာသာကိုယ် သေပါလား၊ ဘာလို့ ငါတို့ကိုပါ ဆွဲချနေရတာလဲ၊ မင်းလို မျိုးမစစစ်ကောင်ကို နုတ်နုတ်စင်းသင့်တာကွ၊ မင်း သေသင့်တယ်”
လူတိုင်း၏ မျက်လုံးများက ပို၍ ရက်စက်ကြမ်းကြုတ်လာသည်။
“မင်းရဲ့ မျိုးနွယ်ဝင်တွေက တော်တော် စိတ်အားထက်သန်နေတာပဲ”
ယဲ့ဖန်က ကြက်ကတုံးကို အပြုံးနှင့် ပြောလိုက်သည်။
*စိတ်အားထက်သန်တယ်ဟုတ်လား*
ကြက်ကတုံး နားဝေတိမ်တောင် ဖြစ်သွားပြီး ယဲ့ဖန်၏ စကားကို နားလည်နိုင်စွမ်းမရှိ ဖြစ်နေသည်။ ထိုအခိုက်တွင် ကျောက်စရစ် တစ်ခဲပြီးတစ်ခဲက ယဲ့ဖန်အနားသို့ လွင့်ပျံလာသည်။
*ဟမ်*
ယဲ့ဖန်က ကျောက်စရစ်ကို ပုတ်ထုတ်လိုက်ပြီး ရုတ်တရက် ခနဲ့လိုက်သည်။
“ကြည့် တစ်ယောက်ယောက်က လိုလိုလားလားနဲ့ သူတို့နှလုံးသားကို ထုတ်ပေးပါ့မယ်လို့ ငါ ပြောသားပဲ”
*အိ*
ကြက်ကတုံး ကြက်သီးမွေးညင်း ထသွားသည်။
*လတ်စသက်တော့ ယဲ့ဖန်က ဒီလိုလုပ်ဖို့ ကြံစည်ထားတာကိုး*
*သွားပြီ*
*ငါ့မျိုးနွယ်တော့ သွားပြီ*
“ယွဲ့ကျစ် မင်း ပြန်လာရဲသေးတယ်ပေါ့လေ”
ထိုအခိုက်တွင် လူအုပ်ကြားထဲမှ ကြိမ်းမောင်းသံ ထွက်ပေါ်လာ၏။ ချင်းလွမ်မျိုးနွယ်၏ သိုင်းပညာရှင်တစ်ယောက် ကောင်းကင်ယံမှ ဆင်းသက်လာ၏။
ကြက်ကတုံး အသွင်အပြင်ကို မြင်သောအခါ သူက ကျယ်လောင်စွာ ရယ်မောလေသည်။
“မြတ်စွာဘုရား မင်းက ဒီလိုပုံစံမျိုး ဖြစ်နေပြီလား၊ မင်းကိုယ်မင်း ချင်းလွမ်မျိုးနွယ်ပါလို့ ခေါ်နိုင်သေးလား၊ ရစ်ငှက်ကတောင် မင်းထက် သာဦးမလားပဲ”
“ငါသာ မင်းနေရာမှာဆို ကိုယ့်ခေါင်းကိုယ်ရိုက်ပြီး သတ်သေလိုက်ပြီ၊ ဒါမှ ငါ ဒီလို ပြန်လာပြီး အရှက်မကွဲမှာ”
ထိုစကားကို ကြားသော် ဘေးပတ်ဝန်းကျင်မှ ချင်းလွမ်မျိုးနွယ်ဝင်များကလည်း သရော်လာ၏။ ယခု ကြက်ကတုံး၏ အသွင်အပြင်က သူတို့မျိုးနွယ်အတွက် အရှက်ရစရာပင်။
“ဟေ့ဟေ့ အလှလေးတို့ သေချာကြည့်ထားကြ၊ ဒါ ငါတို့ ချင်းလွမ်မျိုးနွယ်ရဲ့ နံပါတ်တစ် လူချောလေးလေ”
ယွဲ့ကျစ်၏ အသွင်အပြင်ကို မြင်ပြီးနောက် ချင်းလွမ်မျိုးနွယ်၏ မိန်းကလေးများသည် တစ်ချိန်က သဘောကျစိတ်များ ပျောက်ဆုံးသွားပြီး အလွန် ရွံရှာစိတ်များ ဝင်လာကြသည်။
လက်ရှိတွင် ကြက်ကတုံး မျက်မှောင်ကြုတ်နေပြီး သူ့မျက်နှာက အလွန် ကြည့်ရဆိုးနေသည်။ သူ့အရှေ့၌ ရှိနေသောသူသည် သူ၏ ဝမ်းကွဲအစ်ကို ယွဲ့လင်ဖြစ်ပြီး သူ့ထက် နှစ်တစ်ထောင် ပိုအသက်ကြီးကာ မျိုးနွယ်တွင်း၌ နံပါတ်တစ် စစ်သည်တော် ဖြစ်သည်။ သို့သော် သူသည် အလွန်အမင်း ရက်စက်ပြီး မကြာခဏ မျိုးနွယ်တွင်း၌ သတ်ဖြတ်လေ့ ရှိသည်။
ထို့အပြင် သူ့ကိုလည်း မျက်စိဆူးနေသူ ဖြစ်သည်။ သူ မွေးဖွားမလာခင်က သူ၏ အဘိုးသည် ယွဲ့လင်အား ဆက်ခံသူအဖြစ် လျာထားခဲ့သည်။
နှစ်ငါးဆယ်တည်းနှင့် ကြက်ကတုံးက သူ၏ တစ်မူထူးခြားမှုကို ပြသနိုင်ခဲ့သည်။ အရည်အချင်း၊ နားလည်မှု၊ ကျင့်ဝတ်နှင့် ရုပ်ရည်သွင်ပြင်တို့တွင် ယွဲ့လင်ထက် ပို၍ သာလွန်၏။
ကြက်ကတုံး ယွဲ့လင်ကို ကျော်တက်နိုင်ရန် အချိန်အတိုင်းအတာ တစ်ခုမျှသာ လိုအပ်ကြောင်း လူတိုင်း သိထားကြသည်။
ထို့ကြောင့် ယွဲ့လင်က ကြက်ကတုံးကို အလွန် မုန်းတီးသည်။ တစ်ခါက ကြက်ကတုံးကို သူ သတ်ရန် ကြိုးစားခဲ့သော်လည်း ကြက်ကတုံးကြောင့် သူသာ ဒဏ်ရာ ရခဲ့သည်။
“ယွဲ့လင် ငါ မင်းနဲ့ အရေးမပါတာတွေ ပြောဖို့ အချိန်မရဘူး၊ ငါ အဘိုးနဲ့ တွေ့မလို့၊ လမ်းဖယ်ပေး”
ကြက်ကတုံးက စိတ်မကြည်သော လေသံဖြင့် ငေါက်လိုက်သည်။
“အဘိုးကို တွေ့မယ်ဟုတ်လား၊ မင်းက မျိုးနွယ်ကို ချောက်နက်ထဲ ဆွဲချပြီးတာတောင် အဘိုးနဲ့ တွေ့ချင်သေးတာလား၊ စိတ်ကူးယဉ်နေလိုက်”
ယွဲ့လင်က ပေါ်တင်ခနဲ့လာသည်။
“လာကြစမ်း သူတို့ကို မောင်းထုတ်လိုက်”
ရုတ်တရက် ချင်းလွမ်မျိုးနွယ်ဝင်တစ်ချို့ ရောက်ချလာပြီး ယဲ့ဖန်တို့နား၌ ဝိုင်းလာကြကာ မျက်လုံးများက ကြောက်စရာ ကောင်းလှသည်။
“လမ်းဖယ်ကြစမ်း၊ ငါက ချင်းလွမ်မျိုးနွယ်ရဲ့ ဒုသခင်လေး ဖြစ်နေတုန်းပဲ၊ ငါ့အဘိုးနဲ့ တွေ့ပြီးမှ ငါ ဆုံးဖြတ်ချက် ချမယ်”
ကြက်ကတုံး အော်ငေါက်လိုက်သည်။ စိုးရိမ်စိတ်ကြောင့် သူ့လေသံပင် ပြောင်းလာသည်။ သူ ကြောက်လန့်နေ၏။ အဘယ်ကြောင့်ဆိုသော် ဤချင်းလွမ်မျိုးနွယ်ဝင်များနှင့် ယဲ့ဖန် ရန်သူဖြစ်သွားလျင် ဘာတွေ ဖြစ်လာမလဲ သူ ကောင်းကောင်း သိနေသောကြောင့်ပင်တည်း။
လက်ရှိတွင် သူ့အဘိုးကို တွေ့ခြင်းကသာလျင် ဤကိစ္စကို ဖြေရှင်းနိုင်ပေမည်။ သို့သော် ယွဲ့လင်က ပျက်ရယ်ပြု လာ၏။
“မင်း ငါတို့ကို သစ္စာဖောက်လိုက်တဲ့ အချိန်ကတည်းက မင်းက ငါတို့ ချင်းလွမ်မျိုးနွယ်ရဲ့ ဒုသခင်လေး မဟုတ်တော့ဘူး၊ မင်းက သစ္စာဖောက်တစ်ယောက်ပဲ”
သူ ကြက်ကတုံးကို ဘယ်လိုလုပ် အဘိုးနှင့် တွေ့ခွင့်ပြုနိုင်ပါမည်နည်း။ သူ ကြက်ကတုံးကို အရင်စာရင်းရှင်း၍ သတ်ချင်နေသည်။ ဤနည်းအားဖြင့် အနာဂတ် မိသားစုခေါင်းဆောင်နေရာက သူ့အပိုင် ဖြစ်လာပေလိမ့်မည်။
“မင်း”
ကြက်ကတုံး၏ မျက်လုံးများက မီးဝင်းဝင်း တောက်လာသည်။ ယွဲ့လင် ဘာတွေတွေးနေသလဲ ဆိုသည်ကို သူ ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။
သို့သော် ကြက်ကတုံး၏ အမြင်တွင် ယွဲ့လင်၏ လှုပ်ရှားမှုက သေတွင်းတူးနေသော လုပ်ရပ်ဟု မြင်နေ၏။
*ဒီကောင် ငါ့ဘေးမှာ ရပ်နေတဲ့လူက ဘယ်လောက် ကြောက်စရာကောင်းလဲ မသိဘူး*
“ယွဲ့လင် မင်း အရမ်း ဘဝင်မမြင့်ဖို့ ငါ သတိပေးလိုက်မယ်၊ ငါ့ဘေးမှာ ရပ်နေတဲ့လူက ဘယ်သူလဲ မင်း သိလား၊ သူက …”
ကြက်ကတုံးသည် ယဲ့ဖန်၏ နောက်ခံကို ပြောပြချင်နေသည်။ သို့မှသာ ဤလူများ ကြောက်လန့်သွားပေမည်။ သို့သော် ထိုအချိန်၌ ယွဲ့လင်က သူ့စကားကို ဖြတ်ကာ ရိုင်းစိုင်းစွာ ပြောလာ၏။
“သူ ဘယ်သူလဲ ငါ သိတယ်၊ သူက သေလမ်းရှာနေတဲ့ အရူးပဲ၊ သူက မင်းနဲ့အတူ ချင်းလွမ်မျိုးနွယ်ကို လာရဲတယ်ဆိုမှတော့ မင်းလိုပဲ သူ ဒီနေ့ ဒီမှာ သေရမယ်”
“သူတို့ကို သတ်လိုက်၊ ပြီးရင် သူတို့အလောင်းကို နတ်ဘုရားမြို့တော်ကို ပို့လိုက်”
ယွဲ့လင်က စဉ်းလဲစွာ ပြုံး၍ ပြောလိုက်သည်။
“အဲ့အခါကျရင် ငါတို့မိသားစုက ဘာမှနစ်နာမှာ မဟုတ်တော့တဲ့အပြင် အောင်မြင်မှုကြီးတောင် ရဦးမယ်”
“ထန်းကူသာ ဒါကို သိသွားရင် ငါတို့က သူ့ညီကို သတ်တဲ့ လူသတ်သမားကို သတ်ပေးလို့ သူ့ဒေါသကို ငြှိမ်းပေးနိုင်မှာ သေချာတယ်”
ချက်ချင်းဆိုသလိုပင် လူသတ်လိုသော အငွေ့အသက်က ဝုန်းခနဲ ထွက်ပေါ်လာ၏။ ချင်းလွမ်မျိုးနွယ်ဝင် တစ်စုသည် ယဲ့ဖန်တို့အား သတ်ချင်ဟန်ဖြင့် စိုက်ကြည့်လာ၏။ လက်ရှိတွင် သူတို့လည်း စိတ်လှုပ်ရှားနေ၏။ ဤလူစုကို သတ်နိုင်သရွေ့ သူတို့ ဘေးကင်းပေလိမ့်မည်။
ထိုစကားကိုကြားသော် ကြက်ကတုံး နားဝေတိမ်တောင် ဖြစ်သွားသည်။ ထို့နောက် သူသည် တစ်ခုခုကို တွေးမိသွားပြီး ယဲ့ဖန်အား အလန့်တကြား ကြည့်လိုက်မိသည်။
သို့သော် ယဲ့ဖန်၏ ထီမထင်သော အပြုံးကိုမြင်လိုက်ရသည်။ ယဲ့ဖန်က ဤသို့ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားမိသည့်ပုံပင်။ ကြက်ကတုံး ချွေးစေးပြန်လာ၏။
*ဒီလူ … သူ သိနေတာပဲ*
*လောကကြီးရဲ့ အမှောင်ခြမ်းကို သူ့လက်ခုပ်ထဲက ရေလို သိနေတာပါလား*
*ငါ့မျိုးနွယ်ဝင်တွေ သေတွင်းတူးမယ်ဆိုတာကို သူ ခန့်မှန်းမိပြီးသား၊ ပြီးတော့ သူတို့ သေချာပေါက် တိုက်ခိုက်လာမယ်ဆိုတာကိုလည်း ခန့်မှန်းမိနေပြီးသားပဲ*
*အကြံသမားပဲ ကြောက်ဖို့ကောင်းလိုက်တာ*
*ဒီလူက အရမ်း ကြောက်ဖို့ကောင်းတယ်*
*နတ်ဆိုးလိုပဲ*
သူ့တွင် ချင်းလွမ်တို့ကို သတ်ချင်သည့် အကြောင်းရင်း မရှိသဖြင့် အကြောင်းရင်းတစ်ခု ဖြစ်လာအောင် ပြုလုပ်လိုက်ခြင်းပင်။ ကြက်ကတုံး တုန်လှုပ်လာပြီး မြေကြီးပေါ် ထိုင်ချလိုက်မိသည်။
*အကွက်ချထားပြီးသားပဲ*
*ငါ့မျိုးနွယ်စုတော့ သွားပြီ*
ချင်းလွမ်မျိုးနွယ်ဝင်တစ်ဖွဲ့က ချက်ချင်း တိုက်ခိုက်လာပြီး အလင်းတန်းများ ဖြာထွက်လာကာ သတ်ဖြတ်လိုသော အငွေ့အသက်နှင့်အတူ ယဲ့ဖန်တို့ထံ ခုန်ဝင်လာသည်။
သူတို့အတွက် ကြက်ကတုံးကို စတေးရန် သူတို့အားလုံး ရွေးချယ်လိုက်ကြသည်။ သူ့တစ်ယောက်ကို သတ်လိုက်လျင် တစ်မျိုးနွယ်လုံးကို ကယ်နိုင်မည် ဖြစ်သဖြင့် အဘယ်ကြောင့် ထိုသို့ မလုပ်နိုင်ရမည်နည်း။
*ဟားဟားဟား ဒီအရူးတော့ သေပြီ၊ မိသားစုခေါင်းဆောင် နေရာက ငါ့အပိုင်ပဲ*
ထိုအခိုက်တွင် ယွဲ့လင်၏ မျက်လုံးတွင် လူသတ်ချင်စိတ်နှင့် ရူးသွပ်စိတ်တို့ ထင်ဟပ်နေသည်။ ကြက်ကတုံးကို ဖယ်ရှားပြီးလျင် ချင်းလွမ်မျိုးနွယ်တွင်း၌ သူ့ကို အာခံနိုင်သူ မရှိတော့ချေ။
သို့သော် တစ်ခဏအတွင်း သူ့အပြုံးက အေးခဲသွားသည်။ အကြောင်းမှာ ယဲ့ဖန်၏ ပုံရိပ်ကို သူ ထပ်တွေ့လိုက် ရသောကြောင့်ပင်။ ထို့အပြင် ဘာဒဏ်ရာမှ မရချေ။
ချက်ချင်းဆိုသလိုပင် ယွဲ့လင် မျက်လုံးပြူးလာပြီး မျက်ခုံး တဆတ်ဆတ် လှုပ်ကာ မယုံသင်္ကာ ဖြစ်လာရသည်။
*ဒါက*
*ဒါ ဘယ်လိုဖြစ်ရတာလဲ*
*ချင်းလွမ်မျိုးနွယ်ဝင် ဆယ်ယောက်ကျော်က ပြိုင်တူ တိုက်ခိုက်တာတောင် ဒီလူကို မသတ်နိုင်ဘူးလား*
သူသည်သာမက ချင်းလွမ်မျိုးနွယ်ဝင်များအားလုံး ကြက်သီးတဖြန်းဖြန်းထကာ ထိတ်လန့်ကြောက်ရွံ့သော အမူအရာများ ဖြစ်နေကြသည်။ သူတို့ လုံးဝ ကြောက်လန့်နေကြသည်။ ဤသည်က မယုံနိုင်စရာ ကောင်းလွန်းလှသည်။
*ဒီလူက တကယ် လူဟုတ်ရဲ့လား*
*ဘယ်လူသားက ငါတို့ တိုက်ခိုက်မှုကို ဒီလောက် တည်တည်ငြိမ်ငြိမ် တားဆီးနိုင်လို့လဲ*
ထိုစဉ် ယဲ့ဖန်က ကျောချမ်းဖွယ်ကောင်းသော အပြုံးမျိုး ပြုံးလာ၏။ မသိလျင် နတ်ဆိုးတစ်ကောင် ပြုံးနေသလိုပင်။ ထို့နောက် သူက ရှုဖူဘက် လှည့်ကြည့်လေသည်။
“မင်း နှလုံး ဘယ်နှစ်ခု လိုသလဲ”
ရှုဖူကလည်း ကြောက်မက်ဖွယ် ပြုံးလာလေသည်။
“များလေ ကောင်းလေပါပဲ”
“နားလည်ပြီ”
ယဲ့ဖန်က ရှေ့သို့ တိုးသွားပြီး အစောပိုင်းက တိုက်ခိုက်လာသော ချင်းလွမ်မျိုးနွယ်ဝင်များကို စိုက်ကြည့်လေသည်။
“ငါ မင်းတို့ဆီက ငှားစရာ တစ်ခု ရှိတယ်”
“တစ်ခုခု ငှားမယ်၊ ဘာကိုငှားချင်တာလဲ”
လူတိုင်းက ယဲ့ဖန်ကို ဇဝေဇဝါနှင့် ဒေါသတကြီး ကြည့်လာ၏။ ယဲ့ဖန်၏ မျက်နှာကလည်း လေးနက်ကာ အေးစက်လာ၏။
“မင်းတို့အသက်ကို ငှားချင်တာ”