← Chapters

အခန်း ၁၅၄၇

Vol. 104 Ch. 1547

အခန်း ၁၅၄၇

Vol. 104 Ch. 1547

Chapter 1547 မျိုးနွယ်တွင်း ပြောင်းလဲမှု

*ဘာ*

ထိုစကားသံ ထွက်ပေါ်လာသောအခါ ချင်းလွမ်မျိုးနွယ်ဝင်များအားလုံး ဒေါသထွက်ဟန် ပြလာသည်။

*ဒီကောင် ချင်းလွမ်မျိုးနွယ်ရဲ့ နယ်မြေထဲ ခြေချလာပြီးတော့ မဆင်မခြင် ပြောဆိုရဲတယ်ပေါ့လေ*

*သေရမယ်၊ သေကိုသေရမယ်*

“မျိုးမစစ်ကောင် ငါ မင်းကို ဝါးစားပစ်မယ်”

ချင်းလွမ်မျိုးနွယ် စစ်သည်တော်တစ်ယောက်က ရုတ်တရက် ကြုံးဝါးလာပြီးနောက် ပါးစပ်ကိုဟကာ ယဲ့ဖန်ထံ ကြမ်းကြုတ်စွာ ပြေးဝင်လာ၏။

ယဲ့ဖန် အထင်သေးစွာ ပြုံးနေပြီး လက်သီးကို အပေါ်ပင့်၍ တစ်ဖက်လူ၏ မေးရိုးကို ဒေါသတကြီး ထိုးနှက်လိုက်သည်။

“ခွပ်”

ကျယ်လောင်သော အသံနှင့်အတူ ယဲ့ဖန်၏ လက်သီးကြောင့် ဦးခေါင်းတစ်ခုလုံး ပေါက်သွားပြီး သွေးစက်များနှင့် အသားဖတ်များ လွင့်စဉ်လာ၏။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ ချင်းလွမ်မျိုးနွယ်ဝင်များအားလုံး၏ မျက်နှာတွင် အံ့ဩဟန်တို့ဖြင့် ပြည့်နှက်လာလေသည်။

သူတို့အရှေ့မှလူသည် မျိုးနွယ်၏ စစ်သည်တော်တစ်ယောက် ဖြစ်ပြီး သူတော်စင်သခင်အဆင့် ရှိသူ ဖြစ်သည်။ သို့သော် မိမိတို့အရှေ့မှလူ၏ လက်သီးချက်ကြောင့် ခေါင်းကွဲ၍ သေသွားသည်တဲ့လား။

*ချီးပဲ*

*ဘယ်လိုလုပ် ဒီလူက တော်တော် သန်မာနေရတာလဲ*

ထိုအခိုက်တွင် လူတိုင်း ချောက်ချားလာကြသည်။ ဤမြင်ကွင်းက လူတိုင်းကို သေမတတ် ထိတ်လန့်သွားစေသည်။

“ရွှစ်”

ထိုအချိန်တွင် သွေးစက်များ လွင့်စဉ်လာပြန်သည်။ ယဲ့ဖန်က ထိုသူ၏ နှလုံးကို ဆွဲထုတ်၍ ရှုဖူထံ ပစ်ပေးလိုက်သည်။ ရှုဖူက ၎င်းကို ဂရုတစိုက်ဖြင့် ရတနာအိတ်ထဲ ထည့်လိုက်သည်။

ထို့နောက် ယဲ့ဖန်က ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်သည်။ သူ့မျက်လုံးများက ရက်စက်ကြမ်းကြုတ်နေ၏။

“နောက်ပိုင်းကတော့ မင်းတို့သဘောပဲ”

ယဲ့ဖန် မြင်သလောက်အထိဆိုလျင် ချင်းလွမ်မျိုးနွယ်ဝင်တစ်ယောက်သည် တစ်ကိုယ်လုံး တုန်ယင်နေပြီး အသည်းအသန် ခေါင်းငုံ့သွားပြီး သူနှင့် အကြည့်ချင်းမဆုံရဲချေ။ အလွန်အမင်း ကြောက်ရွံ့နေလေပြီ။

“ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ယွဲ့ကျစ် မင်း တကယ်ကြီး အပြင်လူကို ခေါ်လာပြီး မျိုးနွယ်ကို သတ်ခိုင်းတာပဲ၊ မင်းက တကယ့်ကို သစ္စာဖောက်ပဲ”

ယွဲ့လင်က ကြက်ကတုံး၏ ခေါင်းပေါ်သို့ အပြစ်ပုံချလာသည်။ ကြက်ကတုံးအား ချက်ချင်း သတ်နိုင်ပြီဖြစ်သဖြင့် သူ အလွန်ပျော်ရွှင်ပြီး ရူးမတတ် ဖြစ်နေသည်။

ယွဲ့လင်၏ စကားအဆုံး၌ ဘေးပတ်လည်၌ ရှိနေသော ချင်းလွမ်မျိုးနွယ်ဝင်များက ကြက်ကတုံးအား အလွန် နာကျည်းမုန်းတီးသော အကြည့်များဖြင့် ကြည့်လာ၏။

*ဒီသစ္စာဖောက်က အပြင်လူကို ခေါ်လာပြီး ကိုယ့်မျိုးနွယ်ကို သတ်ခိုင်းနေတာပဲ၊ သူ့မှာ တကယ့်ကို စိတ်ကောင်းမရှိဘူးပဲ*

“ငါ့မျိုးနွယ်ကို သတ်တယ်၊ ငါ မင်းကို လုံးဝ ချမ်းသာမပေးနိုင်ဘူးကွ”

ရုတ်တရက် ယွဲ့လင်က ကြွေးကြော်၍ အလွန် ဒေါသထွက်သော ဟန်ဖမ်းကာ အရင်ဆုံး ပြေးတက်လာသည်။ မသိလျင် ယဲ့ဖန်က သူ့မျိုးနွယ်ကို သတ်လိုက်သဖြင့် ဒေါသထွက်နေသည်ဟု ထင်မှတ်ရသည်။

ထိုစဉ် ကြက်ကတုံးက ယဲ့ဖန်ရှေ့၌ ပိတ်ရပ်ကာ အော်လိုက်သည်။

“နောက်ဆုတ်လိုက်”

ဤအပြုအမူက ယဲ့ဖန်ကို မျက်မှောင်ကြုတ်သွားစေသည်။ ကြက်ကတုံးက သူ့ခွန်အားကို သိသည်။ ထို့အပြင် ယွဲ့လင်က သူ့ကို ထိခိုက်အောင် လုပ်ရန် မဖြစ်နိုင်မှန်းလည်း သိပါ၏။

ဤကာကွယ်မှုက မလိုအပ်သော လုပ်ရပ်ပင်။ တကယ်တမ်းတွင် အခြားသော အကြောင်းရင်း ရှိနေခြင်းပင်။ ကြက်ကတုံးက သူ့ကို ကာကွယ်နေခြင်း မဟုတ်ဘဲ ယွဲ့လင်ကိုသာ ကာကွယ်နေခြင်းသာ။

“သေချင်နေတာပဲ”

သို့သော် ယွဲ့လင်၏ မျက်နှာတွင် အလွန် အထင်သေးစက်ဆုပ်ဟန် ပေါ်လာပြီး ကြက်ကတုံးက သေလမ်း ရှာရဲသည့်အတွက် သရော်နေသလိုပင်။

ကြက်ကတုံးက အလွန်အမင်း ပါရမီပါသူ ဖြစ်သည်။ သို့သော် ပြဿနာမှာ သူတို့နှစ်ဦးက နှစ်တစ်ထောင် ကွာဩနေသေးပြီး ကြက်ကတုံးအတွက် သူ့ကို အနိုင်ယူနိုင်ရန် စောလွန်းနေသေးသည်။ ရှေ့ထွက်၍ သူ့ကို တားဆီးခြင်းက သေလမ်းရှာနေခြင်းသာ ဖြစ်သည်။

ယွဲ့လင်၏ တစ်ကိုယ်လုံး တောက်ပလာပြီး အလင်းတန်းများ ဖြာထွက်လာကာ အလင်းတန်းတစ်ခုချင်းစီတွင် ကြောက်လန့်စရာကောင်းသော လူသတ်လိုသည့် အငွေ့အသက်များ ပြည့်နှက်နေပြီး ကြက်ကတုံးထံ ဦးတည် ဝင်ရောက်လာသည်။

“ရွှစ်”

ကြက်ကတုံးထံမှ သွေးများ ဖြာထွက်လာပြီး ရင်ဘတ်တွင် ရှည်လျားသော သွေးစင်းကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး ယွဲ့လင်ကြောင့် ရင်ဘတ်ပွင့်၍ သေဆုံးလုနီးပါး ဖြစ်သွားရသည်။

သို့သော် ယွဲ့လင်က သတ်ဖြတ်ရန် ဆုံးဖြတ်ထားသော စိတ်ဖြင့် တိုက်ခိုက်ခြင်းဖြစ်သဖြင့် နည်းနည်းလေးမျှ သက်ညှာခြင်း မရှိပါ။

ဤသို့ သေရေးရှင်ရေး အခြေအနေ၌ ယဲ့ဖန် ဝင်မပါလိုက်ပါက ကြက်ကတုံး ပွဲချင်းပြီး သေသွားလောက်သည်။ ယဲ့ဖန်က ကြက်ကတုံးက သရော်ဟန်ဖြင့် ပြန်ကြည့်လိုက်သည်။

“ဒါက မင်း ကာကွယ်ဖို့ ကြိုးစားနေတဲ့ မိသားစုလား၊ မင်းက သူ့ကို ကာကွယ်ချင်ပင်မယ့် သူက မင်းအသက်ကို လိုချင်နေတာ”

ကြက်ကတုံး၏ မျက်နှာ ပြာနှမ်းသွားပြီး တစ်ခွန်းမှ မပြောနိုင်တော့ချေ။ သူ ယွဲ့လင်ကို တကယ် ကယ်ချင်ပါသည်။ သူ့အပေါ် ကြင်နာ၍ မဟုတ်ဘဲ သူ့အဘိုး ဝမ်းနည်းအောင် မလုပ်ချင်၍ ဖြစ်သည်။

ယွဲ့လင်က မြေးကြီးဖြစ်ပြီး သူက အဘိုး၏ အချစ်ဆုံးမြေး ဖြစ်လေသည်။ သို့သော် ယွဲ့လင်က သူ့လိုမဟုတ်ချေ။ သူက ကြက်ကတုံးကို မိနစ်တိုင်း၌ သေစေချင်နေ၏။ ဥပမာပြရလျင် ယခုလိုအချိန်ပင်။

လက်ရှိတွင် ယွဲ့လင်၏ မျက်နှာတွင် စဉ်းလဲသော အပြုံးမျိုး ရှိနေပြီး ဟန်များသော အမူအရာဖြင့် အော်လိုက်သည်။

“ယွဲ့ကျစ် သူက မင်းရဲ့မျိုးနွယ်ဝင်ကို သတ်ခဲ့တာတောင် မင်းက သူ့ကို ကာကွယ်ချင်နေသေးတယ်ပေါ့၊ မင်းက အရူးပဲ”

“အစက ငါ မင်းကို သင်ခန်းစာပေးရုံလောက်ပဲ စဉ်းစားထားတာ၊ အခုတော့ ငါ မင်းကို လုံးဝ သတ်ရတော့မယ်”

သူ၏ အသွင်အပြင်က တောက်ပဖြောင့်မတ်ကာ ကြီးမြတ်ပြီး ညီဖြစ်သူကို သတ်မှဖြစ်တော့မည့် အခြေအနေကြောင့် အလွန် ဝမ်းနည်းကြေကွဲနေသည့် အစ်ကိုတစ်ဦးနှင့် တူနေသည်။

အမှန်တရားဘက်မှ ရပ်တည်နေသလိုပင်။ သူ ကြက်ကတုံးကို သတ်လိုက်လျင်တောင်မှ မည်သူမှ သူ့ကို အပြစ်မြင်တော့မည် မဟုတ်ပေ။

“သူ့ကိုသတ်”

“သူ့ကိုသတ်”

“သူ့ကိုသတ် သစ္စာဖောက်ကောင် သေသင့်တယ်”

လူငယ်များအားလုံးက အလွန် မုန်းတီးသော မျက်နှာအမူအရာတို့ဖြင့် ပြိုင်တူ ကြွေးကြော်လာ၏။ သူတို့ ကြက်ကတုံးကို မုန်းတီးနေ၏။

“ယွဲ့လင် မင်း ဘာလုပ်ချင်နေတာလဲ၊ ရပ်လိုက်စမ်း”

ထိုစဉ် အော်သံတစ်သံ ထွက်ပေါ်လာပြီး ချင်းလွမ်မျိုးနွယ် စုံတွဲတစ်တွဲ ဆင်းသက်လာ၏။

“အဖေ အမေ”

ထိုချင်းလွမ် စုံတွဲကိုမြင်သောအခါ ကြက်ကတုံး မှင်တက်သွားသည်။

“ယွဲ့ကျစ်”

သူ့အမေက အော်ခေါ်လာသည်။ သူ့ဖခင်၏ မျက်နှာတွင် လွန်ဆွဲမှုတို့ဖြင့် ပြည့်နှက်နေ၏။ မကြာသေးခင်ကမှ သူ့သား၏ လုပ်ရပ်ကို သူ သိခဲ့ရသည်။

“ယွဲ့လင် မင်း ဘာလုပ်ချင်နေတာလဲ”

ကြက်ကတုံး၏ ဖခင်က ဆူပူလေသည်။

“ဒုတိယဦးလေး ခင်ဗျားရဲ့ သားလိမ္မာလေးက အပြင်လူနဲ့ ပြန်လာပြီး ကျုပ်တို့မျိုးနွယ်ဝင်ကို သတ်ပစ်တယ်၊ ကျုပ်က လူသန့်အောင် လုပ်ရုံလေးပါ”

ယွဲ့လင်၏ မျက်နှာတွင် ရက်စက်ယုတ်မာဟန် မသိမသာ ပေါ်လာပြီး ကောက်ကျစ်စွာ ပြုံးလိုက်သည်။

“ဘာ ဒါ မဖြစ်နိုင်ဘူး”

ကြက်ကတုံး၏ ဖခင်က သားဖြစ်သူအကြောင်း ကောင်းကောင်း သိသဖြင့် ချက်ချင်း ငြင်းပယ်သည်။ ကြက်ကတုံးသည် မျိုးနွယ်ကို ချစ်မြတ်နိုးသူ ဖြစ်သည်။ သူသည် မျိုးနွယ်ကို အရာရာထက် ပိုတန်ဖိုးထားသည်။ ဘယ်လိုလုပ် သူက ကိုယ့်လူမျိုးကိုယ် ပြန်သတ်မည်နည်း။

“ဒီလောက် လူအများကြီးက မြင်နေတာကို ဘယ်လိုလုပ် မဖြစ်နိုင်ရမှာလဲ”

ယွဲ့လင်က ခနဲ့လာသည်။

“ဟုတ်တယ် ကျုပ်တို့အားလုံး မြင်လိုက်တယ်၊ သူက သစ္စာဖောက်ပဲ”

“သောက်သစ္စာဖောက်ကောင် သူ့ကို သုတ်သင်သင့်တယ်”

ချင်းလွမ်မျိုးနွယ်များက ဒေါသတကြီး‌ အော်ငေါက်လာ၏။ ကြက်ကတုံး၏ မိဘများ စိုးရိမ်တုန်လှုပ်သွားပြီး ကြက်ကတုံးအား မယုံနိုင်သလို ကြည့်လာသည်။

သို့သော် ကြက်ကတုံးက ခေါင်းခါ၍ မချိပြုံး ပြုံးလိုက်သည်။

“ကျွန်တော် မလုပ်ဘူး”

“သက်သေက ဒီလောက် ခိုင်မာနေတာ၊ လူတိုင်း တွေ့ခဲ့တာတောင် မင်းက ငြင်းချင်သေးတာလား”

ယွဲ့လင်က လှောင်လေသည်။ သူ့အမြင်တွင် ကြက်ကတုံးက သေခါနီးလူဖြစ်ပြီး သူ့စကားက အဓိပ္ပာယ်မရှိဟု ထင်နေသည်။

“ဟုတ်တယ် ညီနှစ်၊ ခင်ဗျားသားက ကျုပ်တို့ဆီ ဘေးအန္တရာယ်ကို ခေါ်လာပြီး ကိုယ့်မျိုးနွယ်ကိုယ် ပြန်သတ်တယ်၊ သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာ သိဖို့တောင် ခက်တယ်၊ သူက ဒီလူသတ်သမားအဖွဲ့ကို သုံးပြီး မိသားစုခေါင်းဆောင် နေရာအတွက် လုချင်နေတာ ဖြစ်မယ်”

နောက်ထပ် ချင်းလွမ်မျိုးနွယ်ဝင်တစ်ယောက်ကလည်း ရှေ့ထွက်လာပြီး စူးစိုက်ကြည့်လေသည်။ ထိုသူမှာ ယွဲ့လင်၏ ဖခင် ယွဲ့ကျင့်ပင်။

သို့သော် ကြက်ကတုံး၏ မိဘများက မှုန်ဝေဝေ ဖြစ်နေပြီး ကြက်ကတုံး၏ ဖခင် ယွဲ့ကျင်းက အေးစက်စက် ပြန်ပြောလိုက်သည်။

“အဖေ လာမှပဲ ဒီကိစ္စကို ဆုံးဖြတ်တာပေါ့”

“မလိုဘူး သူ့ကို ခွင့်လွှတ်ပေးတောင် မလိုဘဲ တန်းသတ်သင့်တယ်လို့ ကျုပ် ထင်တယ်”

ယွဲ့ကျင့်က ခနဲ့လေသည်။ ကြက်ကတုံးကို သတ်လိုက်သည်နှင့် သူ့သားက မိသားစုခေါင်းဆောင် နေရာကို ဆက်ခံခွင့် ရသွားပေမည်။

သူသည်လည်း ယွဲ့လင်နည်းတူ စိတ်မရှည် ဖြစ်နေ၏။

“ငါ့သားကို ဘယ်သူ ထိရဲလဲ”

ယွဲ့ကျင်းက ရုတ်တရက် ကြုံးဝါးလိုက်ပြီး တောင်ပံကိုဖြန့်၍ တိုက်ခိုက်မည့်အသွင်ယူကာ ခြိမ်းခြောက်လေသည်။

အခြားချင်းလွမ်မျိုးနွယ်များကလည်း အော်ဟစ်ကာ တောင်ပံကိုဖြန့်လိုက်သော်လည်း တစ်ယောက်ပြီး တစ်ယောက် အလွန် ကြောက်ရွံ့ဟန် ပြလာသည်။

“ညီနှစ် ခင်ဗျားလည်း မိသားစုကို သစ္စာဖောက်ချင်နေတာလား”

ယွဲ့ကျင်သည် စိတ်ထဲမှ အေးစက်သော အရိပ်အယောင်ကို ဖုံးကွယ်ရန် အလို့ငှာ မျက်မှောင်ကြုတ်၍ ကြည့်နေ၏။

“ဒီကိစ္စကို ရှင်းလို့မပြီးမချင်း ငါ့သားကို ဘယ်သူမှ မထိရဘူး”

ယွဲ့ကျင်းက သူ့သားကို ယုံကြည်ဆဲဖြစ်ကာ ယွဲ့ကျင့်နှင့် အခြားသူများကို ပြန်ကြည့်နေ၏။

“နင်တို့ ငါ့သားကို သတ်ချင်ရင် ငါ့ကို အရင်သတ်လိုက်မှရမယ်”

ကြက်ကတုံး၏ အမေကလည်း ရှေ့တိုးလာပြီး အားလုံးကို စိုက်ကြည့်လေသည်။

“မင်းမှာ မိဘကောင်းတွေ ရှိတဲ့ပုံပဲ”

ယဲ့ဖန်က အပြုံးနှင့် ပြောလာသည်။ သူ ချင်းလွမ်မျိုးနွယ်တစ်ခုလုံးကို စိတ်ပျက်သလို မဖြစ်တော့ပေ။

“ဒါပေါ့”

ကြက်ကတုံးက ယုံကြည်မှုရှိစွာ ခေါင်းကိုမော်ထားသည်။

“ဒုအစ်ကို ခင်ဗျားက တော်တော် တုံးတာပဲ၊ ခင်ဗျား အဖေ့ကို ခေါ်ရင်တောင်မှ ခင်ဗျားသားက ကျုပ်တို့ မိသားစုကို အန္တရာယ်ပေးတယ်ဆိုတဲ့အချက်က ပြောင်းသွားမှာ မဟုတ်ဘူး”

“အရေးမပါတာတွေ ပြောမနေနဲ့၊ အဖေ မလာသေးသရွေ့ ငါ့သားကို မင်း ထိခွင့်မရှိဘူး”

ယွဲ့ကျင်းက အေးစက်စက် ပြန်တုံ့ပြန်လိုက်သည်။

“ကောင်းပြီလေ”

ယွဲ့ကျင်က ခေါင်းညိတ်လိုက်ပြီး သူ့ဘေးမှ ချင်းလွမ်မျိုးနွယ်ကို အေးစက်စွာ အမိန့်ပေးလိုက်သည်။

“မိသားစုခေါင်းဆောင်ကို သွားခေါ်လိုက်”

ဤသည်ကိုမြင်သောအခါမှ ယွဲ့ကျင်းနှင့် သူ့ဇနီးတို့ စိတ်အေးသွားပြီး‌ နောက်လှည့်ကာ ကြက်ကတုံးထံ လျှောက်သွားသည်။

ယွဲ့ကျင်းက မျက်မှောင်ကြုတ်၍ ဆူလေသည်။

“ယုန်ပေါက်လေး မင်း အန္တရာယ်ဆိုးကြီးတစ်ခုကို လုပ်ခဲ့မိတယ်ဆိုတာကို သိရဲ့လား၊ မင်း ရူးနေပြီလား၊ ထန်းကူရဲ့ ညီကိုတောင် သတ်ရဲတယ်ပေါ့”

“အဲ့လိုမဟုတ်ပါဘူး ကျွန်တော် အသေးစိတ် ရှင်းပြပါ့မယ်”

ထိုစည် လူသတ်လိုသော အငွေ့အသက် ဖျတ်ခနဲ ပေါ်လာ၏။ ယွဲ့ကျင့်တို့ သားအဖက အချင်းချင်း ပြန်ကြည့်လာပြီး ထိုအကြည့်တွင် ရက်စက်သော အရိပ်အယောင်တို့ ပြည့်နှက်နေသည်။

ထို့နောက် သားအဖ နှစ်ယောက်လုံး အပြုံးကြီးပြုံး၍ ရှေ့သို့ ဖျတ်ခနဲ ပြေးတက်သွားသည်။ သူတို့သည် တောင်ပံများကို ဖြန့်၍ ထောင်ချီသော အလင်းတန်းများကို ထုတ်ဖော်၍ ကြက်ကတုံး၏ မိဘနှစ်ပါးကို တိုက်ခိုက် သတ်ဖြတ်လာသည်။

“သတိထား”

ဤသည်ကိုမြင်သော် ကြက်ကတုံး တောင့်ခနဲ ဖြစ်သွားပြီး‌ အော်ဟစ်၍ သတိပေးလေသည်။ သို့သော် နောက်ကျသွားချေပြီ။

ကြက်ကတုံး၏ မိခင်သည် ယွဲ့လင်ကြောင့် နောက်ကျောထိမှတ်၍ ရင်ဘတ် ထုတ်ချင်းဖောက်သွားသည်။ ထို့နောက် သူမ လဲကျသွားသောအခါ ဗိုက်ပွင့်သွားလေသည်။

ယွဲ့လင်က မထီမဲ့မြင် ပြုံးနေ၏။

“ကိုယ့်ဘာသာကိုယ်နေပါလို့ ငါ သတိပေးသားပဲ စောက်ကောင်မရဲ့၊ ခင်ဗျားကို အရင်သတ် ဟုတ်လား၊ အခု ခင်ဗျားဆန္ဒအတိုင်း လုပ်ပေးလိုက်ပြီ၊ ခင်ဗျားသားနဲ့ အတူတူသေပေါ့ ဟားဟားဟား”

တစ်ဖက်တွင် ယွဲ့ကျင်က လက်သည်းများဖြင့် ယွဲ့ကျင်း၏ ပခုံးကို ဆုပ်ကိုင်ထားပြီး ဦးခေါင်းကိုကိုက်ကာ ခေါင်းကို ဆွဲဖြုတ်လေသည်။

“မလုပ်နဲ့”

ကြက်ကတုံး ရင်ကွဲမတတ် အော်ဟစ်လိုက်မိသည်။

“ဘုတ်”

ယွဲ့ကျင်း၏ ဦးခေါင်း မြေကြီးပေါ် ပြုတ်ကျလာသည်။ ယွဲ့ကျင်က ခက်ထန်သော အပြုံးမျိုးပြုံးနေပြီး သူ့အစ်ကိုဖြစ်သူ၏ အလောင်းကို ခံစားချက် ကင်းမဲ့စွာ ကြည့်နေပြီး သူတို့၏ ရိုးသားမှုကို သရော်နေသလိုပင်။

မိဘနှစ်ပါးလုံး မျက်စိရှေ့၌ အသတ်ခံလိုက်ရသည့် မြင်ကွင်းအား ကြက်ကတုံး ဘယ်လိုလုပ် လက်ခံနိုင်ပါမည်နည်း။ သူ နာကျင်ရသည်။ ဆောက်တည်ရာမရ ဖြစ်ရသည်။ နှလုံးသားအား ဓားဖြင့် မွှေ့ယမ်းခံလိုက်ရသလိုပင်။

လွန်ခဲ့သော စက္ကန့်ပိုင်းကမှ သူ့ဖခင်က သူ့ကို ပုံမှန်အတိုင်း စနောက်ခေါ်ဝေါ်နေသေးသော်လည်း စက္ကန့်ပိုင်းအတွင်း ခေါင်းပြတ်၍ သေဆုံးသွားရသည်။

ထို့အတူ အမြဲ သူ့ကို နူးညံ့သော အကြည့်များဖြင့် ကြည့်တတ်သော သူ၏ မိခင်သည် ယခုအခါတွင် မျက်လုံးများ ဗလာကျင်း၍ သေဆုံးနေ၏။

ချင်းလွမ်မျိုးနွယ်ဝင်များအားလုံး ကြက်သေ သေနေလေသည်။ ယွဲ့ကျင့်နှင့် သူ့သားက ယွဲ့ကျင်းနှင့် ဇနီးဖြစ်သူကို တိုက်ခိုက် သတ်ဖြတ်လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

ဤသည်က ရက်စက်လွန်းသည်။ လုံးဝ အဓိပ္ပာယ်မရှိချေ။ သူတို့ ဘာမှမလုပ်ခဲ့သည်ပဲ။ ကြက်ကတုံးကို သတ်ခြင်းအား နားလည်နိုင်သော်လည်း ကြက်ကတုံး၏ မိဘများကို သတ်လိုက်ခြင်းက လွန်လွန်းသွားပြီ မဟုတ်ပါလော။

ယဲ့ဖန်၏မျက်လုံးများ မှေးစင်းလာပြီး အပြုံးက အေးစက်သထက် အေးစက်လာသည်။ သူသည် ကြာကြာနေ၍ ပိုကောင်းသော အရာများကို ကြည့်ရှုရန် မျှော်လင့်ထားသော်လည်း ယွဲ့လင်နှင့် သူ့ဖခင်က သူ့အား ထိုသို့လုပ်ခွင့်မပေးသည်က စိတ်မကောင်းစရာပင်။ သူ့အား မုန်းတီးရွံရှာနေပုံရသည်။

“ယွဲ့ကျစ်က ကြီးလေးတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တဲ့အတွက် သုတ်သင်သင့်တယ်၊ သူ့မိဘတွေက ဖုံးကွယ်ပေးဖို့ ကြိုးစားမယ်ဆိုရင် သူတို့ကို မျိုးနွယ်ရဲ့သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး တူညီတဲ့ ပြစ်ဒဏ် ချမှတ်ခံရသင့်တယ်”

ယွဲ့ကျင့်က အေးစက်စွာ ပြောလာ၏။

All Chapters