← Chapters

အခန်း ၁၅၅၀

Vol. 104 Ch. 1550

အခန်း ၁၅၅၀

Vol. 104 Ch. 1550

Chapter 1550 အင်မော်တယ် ယွင်ရီ

ယဲ့ဖန်က လှောင်ရယ်လိုက်ပြီး လက်သီးကိုဆုပ်၍ ကျောက်စိမ်းကို ထပ်မံထိုးနှက်လိုက်သည်။

“ဂျွတ် ဂျွတ်”

ကျောက်စိမ်းပေါ်တွင် အက်ရာများစွာ ထပ်မံပေါ်ထွက်လာပြီးနောက် လုံးဝ ပျက်စီးသွားလေသည်။

“ဝုန်း”

ချင်းလွမ်မျိုးနွယ်ဝင်များအားလုံး ချက်ချင်း မှင်တက်သွားကြသည်။ သူတို့မိသားစု၏ အစွမ်းအထက်ဆုံး မျိုးနွယ်လက်နက်က တစ်စစီ ဖြစ်သွားသည်တဲ့လား။

*ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*ချင်းလွမ်မျိုးနွယ်ရဲ့ အစွမ်းအထက်ဆုံး လက်နက်က ဒီလူရဲ့ လက်သီးတစ်ချက်ကြောင့် တကယ်ကြီး ပျက်စီးသွားတာလား*

*သူ့ခန္ဓာကိုယ်က မျိုးနွယ်လက်နက်ထက်တောင်မှ ပိုသန်မာနေတာလား*

*ငါတို့ အိပ်မက်များ မက်နေတာလား*

ယဲ့ဖန်က တစ်လှမ်းချင်း လျှောက်လာနေပြီး ခြေလှမ်းတိုင်းက မိုးမြေ၏ စွမ်းအင်ကို နှိုးဆွပေးနိုင်ပြီး အလွန် ကြမ်းကြုတ်လှသည်။

ထိုအချိန်တွင် ချင်းလွမ်မျိုးနွယ်ဝင်များအားလုံး ကြက်သီးထသွားပြီး မသိစိတ်အရ အလိုလို နောက်ဆုတ်မိသည်။

ယွမ်ရှန်ရှင်းတောင်မှ ဤလူနှင့် မယှဉ်နိုင်သည့်အပြင် မျိုးနွယ်လက်နက်ကိုပါ သုံးသော်လည်း အကျိုးမထူးသည့် အတွက် သူတို့မျိုးနွယ် ကံဆိုးပြီ မဟုတ်ပါလော။

ယွဲ့လင်တို့ သားအဖ နှစ်ယောက်လုံး ကြက်သီးမွေးညင်း ထသွားကြသည်။

*ဘယ်လိုလုပ် ကိစ္စတွေက ဒီလို ဖြစ်လာရတာလဲ*

*ယွမ်ရှန်ရှင်းက ချင်းလွမ်မျိုးနွယ်ရဲ့ မိသားစုခေါင်းဆောင် ပြီးတော့ နတ်ဘုရင်အဆင့်လေ*

*ရှုံးသွားတာ မြန်လိုက်တာ*

*ပြန်တိုက်ဖို့ အခွင့်လေးတောင် မရှိလိုက်ဘူး*

*ဒါက မယုံနိုင်စရာပဲ*

“ဒုတ်”

ယဲ့ဖန်က ဆက်လက်၍ သတ်ဖြတ်နေ၏။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ချင်းလွမ်မျိုးနွယ်တစ်ယောက်၏ နှလုံးကို ဖောက်ထုတ်နေလေသည်။ ချင်းလွမ်ကို သတ်ခြင်းက သူ့အတွက် လွယ်ကူနေပြီး ယင်ကောင်တစ်ကောင်ကို သတ်နေသလိုပင်။

“ယီးပဲ ဘယ်လိုလုပ် သူက အရမ်း သန်မာနေတာလဲ”

“မိသားစုခေါင်းဆောင် ကျွန်တော်တို့ကို ကယ်ပါဦး၊ ကျွန်တော်တို့ကို ကယ်ပါဦးဗျာ”

ချင်းလွမ်မျိုးနွယ်ဝင်များ ဆောက်တည်ရာမရ ဖြစ်သွားကြပြီး အားလုံး အသည်းအသန် အော်ဟစ်ကြသည်။

“မျိုးမစစ်ကောင် ရပ်လိုက်စမ်း”

ဤသည်ကိုမြင်သော် ယွဲ့ရှန်ရှင်း မီးဝင်းဝင်းတောက်သွားပြီး ပျံသန်း၍ ယဲ့ဖန်အား ထပ်မံ တိုက်ခိုက်လေသည်။

“အမှိုက်ကောင် ထွက်သွားစမ်း”

သို့သော် ယဲ့ဖန်က လက်ဝှေ့ယမ်း၍ ယွဲ့ရှန်ရှင်းအား အထင်သေးစွာ ရိုက်ထုတ်လိုက်သည်။ ယွဲ့ရှန်ရှင်း၏ ရင်ဘတ် အလယ်တည့်တည့်သို့ ထိုလက်ဝါးချက် ထိမှန်သွားပြီး တောင်ထိပ်နှင့် ဆောင့်မိသလို ခံစားလိုက်ရလေသည်။

ယွဲ့ရှန်ရှင်း လွင့်ထွက်သွားပြီး ရှေးသစ်ပင်ကြီးများနှင့် ဝင်တိုက်မိသည်ကို အားလုံး သေချာ တွေ့လိုက်ရသည်။ ချင်းလွမ်မျိုးနွယ်ဝင်များအားလုံး ကြက်သေ သေနေကြသည်။

သူတို့၏ မိသားစုခေါင်းဆောင်က ရန်သူထံတွင် အသာလေး အရိုက်ခံလိုက်ရပြီး လွင့်ထွက်သွားသည်တဲ့လား။

“အတူတူ တိုက်ရအောင် ဘာပဲဖြစ်ဖြစ် ငါတို့ အဲ့မျိုးမစစ်ကောင်ကို သတ်မှဖြစ်မယ်”

ယွဲ့ရှန်ရှင်းက ချက်ချင်း အော်ပြောလိုက်သည်။

“မင်းက ဘယ်သူ့ကို သတ်ချင်တာလဲ”

ရုတ်တရက် ကြီးမားသော ပုံရိပ်တစ်ခုက ခုန်ဆင်းလာသည်။ ၎င်း၏ ရုပ်ခန္ဓာကိုယ်က ယွဲ့ရှန်ရှင်းထက် အဆပေါင်းများစွာ ကြီးမားပြီး ကောင်းကင်ယံကိုပင် အုပ်နိုင်ကာ တောင်တစ်လုံး ကျလာသည်ဟု ထင်မှတ်ရသည်။

၎င်းကိုမြင်သည်နှင့် ချင်းလွမ်မျိုးနွယ်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ မျက်လုံးတို့တွင် ကြောက်စိတ်များ ထင်ဟပ်လာလေသည်။

“ဘယ်လိုလုပ် … သေစမ်း”

“ချုံး … ချုံးချီ”

“သူက ကျူးလုံဧကရာဇ်ကြောင့် ချိပ်ပိတ်ခံထားရတာ မဟုတ်ဘူးလား၊ ဘာလို့ သူက လောကထဲမှာ ပြန်ပေါ်လာရတာလဲ”

သူတို့ ချောက်ချားနေကြသည်။ ရောက်လာသူသည် ရှေးဟောင်းသားရဲဖြစ်ပြီး အလွန်အမင်း ကြောက်စရာ ကောင်းလှသည်။

တစ်ချိန်က သူတို့ချင်းလွမ်မျိုးနွယ်၏ ဘိုးဘေးများလည်း ၎င်း၏ စားသောက်ခြင်း ခံခဲ့ရသည်။ ယွဲ့ရှန်ရှင်း၏ မျက်နှာသည်လည်း အလွန်အမင်း ဆိုးရွားသွားသည်။ အဘယ်ကြောင့်ဆိုသော် ချုံးချီ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ချင်သော အငွေ့အသက်ကို သူ ခံစားနေရ၍ ဖြစ်သည်။

တစ်ဖက်လူက ကောင်းသောလာခြင်းဖြင့် ရောက်လာခြင်း မဟုတ်ပေ။ ရှေးခေတ်အခါကတည်းက ၎င်းသည် သူတို့ ချင်းလွမ်မျိုးနွယ်ကို သားကောင်အဖြစ် ထားရခြင်းကို နှစ်သက်သည်။

“ချုံးချီ မင်း ကျူးလုံ ဧကရာဇ်ရဲ့ ချိပ်ပိတ်တာကို ခံထားရတာ မဟုတ်ဘူးလား၊ မင်း ဘာလို့ ဒီမှာ ပြန်ပေါ်လာတာလဲ”

ယွဲ့ရှန်ရှင်းက ကြည့်ရဆိုးသော မျက်နှာထားနှင့်‌ မေးလေသည်။

“ချိပ်ပိတ်ထားတာက ပွင့်သွားပြီလေ၊ ငါ ထွက်လာလို့ မရဘူးလား”

ချုံးချီက စဉ်းလဲစွာ ပြုံးနေ၏။

“မင်း ဘာလုပ်ချင်နေတာလဲ”

ယွမ်ရှန်ရှင်းက မျက်မှောင်ကြုတ်၍ စိုးရိမ်တကြီး မေးလိုက်သည်။

“မင်း ဘယ်လိုထင်လဲ၊ ငါ့ချိပ်ပိတ်ခြင်းက ပြေသွားပြီ၊ ငါ ဗိုက်မဆာဘူး၊ မင်းတို့နဲ့ သွားချင်းကိုက်ပြီး ယှဉ်ချချင်တယ်”

ချုံးချီက ချင်းလွမ်မျိုးနွယ်ကို မကောင်းသော အကြံတို့ဖြင့် ကြည့်လေသည်။ ထိုစကားကြောင့် ချင်းလွမ် မျိုးနွယ်တစ်ခုလုံး ငိုချင်သွားကြသည်။

*သွားချင်းယှဉ်ချမယ် ဟုတ်လား*

*ဒီမိစ္ဆာက တကယ် မလွယ်တာပဲ*

သူတို့မိသားစုက မည်မျှ ကံဆိုးနေသဖြင့် လူသားတစ်ယောက်၏ သတ်ဖြတ်ခြင်း ခံရသည့်အပြင် ချုံးချီ၏ တိုက်ခိုက်ခြင်းကိုပါ ချက်ချင်း ခံရသနည်း။ ယင်းက မျိုးသုဉ်းခြင်း၏ ရှေ့ပြေးနိမိတ်ပင်။

“မင်းကို ဘယ်သူက ဝင်လာခိုင်းလို့လဲ”

ထိုအခိုက်တွင် ယဲ့ဖန်က ချုံးချီကို ငေါက်ငမ်းလာသည်။ သူ့စကားကိုကြားပြီး ယွဲ့ရှန်ရှင်းနှင့် အခြားသူများ ကြက်သေ သေသွားကြသည်။

*ဒီကောင် ရူးနေတာလား*

*မင်း ဒီလိုလေသံနဲ့ ချုံးချီကို ဘယ်လိုတောင် ပြောရဲတာလဲ*

*ဒါ ရှေးဟောင်းမိစ္ဆာလေ၊ ချင်ဧကရာဇ်ရဲ့ သင်္ချိုင်းဂူထဲမှာ ဧကရာဇ် ယွီရှန်တောင် မနိုင်နိုင်ဘူးလို့ပြောရင် အပိုစာသားလို့ကို မထင်ရတဲ့ အကောင်*

*ဒါပေမဲ့ ဒီလူက မေးခွန်းထုတ်တဲ့ လေသံနဲ့ ပြောရဲတယ်ဆိုတော့ ဒါ သေတွင်းတူးနေတာ မဟုတ်ဘူးလား*

ဤသည်ကိုမြင်သော် ယွဲ့လင်တို့ သားအဖ အလွန် စိတ်လှုပ်ရှားသွားပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ချေ။ ချုံးချီသည် သဘာဝအရ အရက်စက်ဆုံး သားရဲဖြစ်သည်။

*သူက ချုံးချီကို ရန်စရဲတယ်ဆိုတော့ သေချာပေါက် သေမှာပဲ*

ထိုအချိန်တွင် ယွဲ့ရှန်ရှင်းတောင်မှ သရော်ဟန် ပေါ်နေသည်။ ချုံးချီကို အသုံးချ၍ ထိုလူသားကို ရင်ဆိုင်ခိုင်းမည် ပြီးလျင် နှစ်ဘက်လုံး အထိနာသွားပါက သူတို့က အခွင့်ကောင်းယူ၍ ဝင်တိုက်လိုက်ပေမည်။

သို့သော် သူတို့မမျှော်လင့်ထားသာ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာ၏။

ယဲ့ဖန်၏ မေးခွန်းထုတ်ခြင်း ခံရသော်လည်း ချုံးချီက မပျော်ရွှင်ဟန် မပြဘဲ ကြောက်လန့်သော အရိပ်အယောင် ပေါ်လာကာ သတိထား၍ ပြန်ပြောလေသည်။

“ကျွန်တော် အပြင်မှာ ပျင်းလာလို့ပါ၊ အဲ့ဒါကြောင့် ကျွန်တော်လည်း အပျင်းပြေ စားစရာလေး လာရှာချင်လို့ပါ”

ထိုအခါ ချင်းလွမ်မျိုးနွယ်ဝင်များအားလုံး မှင်တက်သွားကြသည်။

*ချုံးချီက ရှင်းပြနေရတာလား*

*ပြီးတော့ အသံကလည်း ကြောက်လန့်အားနည်းတဲ့ လေသံနဲ့၊ သောက်ကျိုးနည်း ဘာတွေဖြစ်ကုန်တာလဲ*

“ဒူးထောက်စမ်း”

ယဲ့ဖန် ချက်ချင်း ငေါက်ငမ်းလိုက်သည်။ ထိုအသံက မိုးကြိုးပစ်သံအလား ကျယ်လောင်လှသည်။ အားလုံး မျက်နှာ ဖြူရော်သွားသည်။

*ချုံးချီကို ဒူးထောက်ခိုင်းတာလား၊ ငါတို့ ကြားလိုက်တာ မှန်ပါတယ်နော်*

*နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေကို မလေးစားတဲ့ကောင်၊ မိုးမြေကို မလေးမစားလုပ်တဲ့ကောင်၊ သုံးလောကကို မထီမဲ့မြင် လုပ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်တဲ့ကောင်က ဘယ်လိုလုပ် ဒူးထောက်မှာလဲ*

သို့သော် ခြွင်းချက်ဟူသည် ရှိစမြဲပင်။ ထိုခြွင်းချက်က သူတို့ရှေ့၌ ဖြစ်လာလေသည်။ ထိုစဉ် ချုံးချီက အပြစ်ရှိသလို ဖြစ်သွားပြီး သူတို့၏ ကြောက်လန့်နေသော အကြည့်အောက်တွင် ယဲ့ဖန်ရှေ့၌ ဒူးထောက်လာ၏။

*ချီးပဲ*

ယွမ်ရှန်ရှင်း ကြက်သီးမွေးညင်း ထသွားလေသည်။ ချုံးချီကိုတောင် ဒူးထောက်အောင် ပြုလုပ်နိုင်သောသူအား သူတို့ ဘယ်လို ခုခံရတော့မည်နည်း။

*ဒီလူရဲ့ နောက်ခံက ဘာလဲ၊ ချုံးချီလို ကြမ်းကြုတ်ရက်စက်တဲ့ သားရဲကို အညံ့ခံအောင် လုပ်နိုင်တာလား*

*သွားပြီ သွားပြီ*

ယွဲ့လင်တို့ သားအဖသည် ဤသည်ကိုမြင်သောအခါ မျက်လုံးပြူးသွားပြီး အအေးမိသွားသကဲ့သို့ တုန်ယင် လာကြသည်။ ချင်းလွမ်မျိုးနွယ်ဝင်များအားလုံး ဓာတ်လိုက်သကဲ့သို့ ဖြစ်ကာ နေရာမှာတင် မလှုပ်နိုင် ဖြစ်သွားကြ လေသည်။

သူတို့ အမှားကြီးတစ်ခု ပြုလုပ်ခဲ့မိကြောင်း သူတို့ကိုယ်တိုင်လည်း သတိပြုမိလာသည့်ပုံပင်။

သူတို့အရှေ့မှလူက ထန်းကူ၏ ညီအား သတ်ရဲပြီး ရင်မိသားစုကို မလေးမစား လုပ်ရဲသည်က မထူးဆန်းတော့ပေ။ သူ့တွင် ရင်မိသားစုအား စိန်ခေါ်နိုင်သည့် အရည်အချင်း ရှိနေသည် မဟုတ်ပါတကား။

ချုံးချီ၏ ခွန်အားသည် ဧကရာဇ် ယွီရှန်ထက် မသာလျင်တောင်မှ အတူတူလောက် ရှိနိုင်သည်။ သူတို့အရှေ့မှလူက ၎င်း၏ ပိုင်ရှင် ဖြစ်နေ၏။ ယင်းက မည်မျှ ကြောက်စရာ ကောင်းလိုက်သနည်း။

“မြန်မြန်လုပ်၊ ဘိုးဘေးကို သွားဖိတ်ခေါ်ကြ”

ယွဲ့ရှန်ရှင်းက အသည်းအသန် အော်ဟစ်လာပြီး သူ့မျက်လုံးတွင် မလိုလားဟန်နှင့် ဒေါသတို့ ပြည့်နှက်နေ၏။ ဒေါသ၏ အလွန်တွင် ကြောက်စိတ် ရှိနေသည်။

သူ ကြောက်နေ၏။ လက်ရှိတွင် သူ အမှန်တကယ် ကြောက်လန့်နေသည်။ လက်ရှိမြင်ကွင်းက သူ တားနိုင်သော အရာ မဟုတ်ပေ။ ချုံးချီဘေးမှ ထူးဆန်းသော အမည်မသိ လူသားမဆိုထားနှင့်၊ ချုံးချီတစ်ကောင်ကပင် ချင်းလွမ်မျိုးနွယ်ကို ကူကယ်ရာမဲ့အောင် လုပ်နိုင်ပေသည်။

ချင်းလွမ်မိသားစုက ချိန်ခွင်ညှာပေါ် ရောက်နေလေပြီ

*ဘိုးဘေး*

ထိုစကားလုံး နှစ်လုံးက ချင်းလွမ်မျိုးနွယ်ဝင်များကို နားဝေတိမ်တောင် ဖြစ်သွားစေသည်။

*ဘိုးဘေးက အသက်ရှင်နေသေးတာလား*

ထိုအခိုက်တွင် အခြေအနေက ထူးဆန်းစွာ တိတ်ဆိတ်သွားပြီး လူတိုင်း၏ မျက်နှာတွင် မယုံနိုင်ဟန်များ ပြည့်နှက်နေ၏။

သူတို့ ချင်းလွမ်မျိုးနွယ်၏ ဘိုးဘေးများသည် သူတို့ခေတ်အခါက ချုံးချီနှင့် ယှဉ်နိုင်သော တည်ရှိမှုများ ဖြစ်သည်။ တစ်ခေတ်တည်းတွင် မွေးဖွားခဲ့ပြီး အားလုံးက ရှေးခေတ်တွင် နာမည်ကျော်သောသူများ ဖြစ်ကြပေသည်။

ထိုအချိန်တွင် ချုံးချီတောင်မှ မျက်မှောင်မကြုတ်ဘဲ မနေနိုင်အောင် ဖြစ်သွားရပြီး အမူအရာက တည်ကြည် လေးနက်လာသည်။

ထိုသူသည် သူ့အား စေ့စေ့ကြည့်နိုင်သော ပြိုင်ဘက်အချို့ထဲမှ တစ်ယောက် ဖြစ်သည်။ ချင်းလွမ်မျိုးနွယ်၏ ဘိုးဘေးသည် အင်မော်တယ် ယွင်ရီဟု ကျော်ကြားပြီး ရှုမောဖွယ်ကောင်းသော မိန်းမလှလေးတစ်ဦး ဖြစ်သည်။

နတ်ဘုရားများ၊ နတ်ဆိုးများ၊ မိစ္ဆာများနှင့် လူသားများ အားလုံးက သူမနှင့် လက်ထပ်ချင်ကြပြီး အားလုံး မအောင်မြင်ခဲ့ပေ။ အကြောင်းရင်းမှာ ရိုးရှင်းပါ၏။ သူမကို အနိုင်မယူနိုင်သောကြောင့်သာ။

ချုံးချီသည်လည်း ထိုနည်းတူပင်။ သူမကို မနိုင်ခြင်း မဟုတ်ဘဲ သရေပွဲ ဖြစ်သွားခြင်း ဖြစ်သည်။ အစက ချုံးချီသည် ချင်းလွမ်မျိုးနွယ်ကိုလည်း ပစ်မှတ်ထားခဲ့သည်။ သို့သော် နတ်မိမယ် ယွင်ရီထံ၌ အနိုင်အရှုံး မပေါ်သည့် နောက်ပိုင်း ထပ်၍ ပြဿနာ မရှာတော့ပေ။

အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီးသည် သူ့ထက် ပိုရူးသွပ်ပြီး ကြမ်းကြုတ်ကာ တော်ရုံနှင့် လက်မလျှော့တတ် သောကြောင့်ပင်တည်း။

*အဲ့အဘွားကြီး အသက်ရှင်နေလိမ့်ဦးမယ်လို့ ငါ ထင်မထားမိဘူး၊ နတ်ဘုရားတွေက တကယ် မျက်နှာသာ မပေးပါလား*

ထိုအခိုက်တွင် ချုံးချီသည်လည်း မသိမသာ စိုးရိမ်လာသည်။ ဖြစ်နိုင်လျင် သူ ထိုအမျိုးသမီးနှင့် မဆုံချင်ပါ။

“ဘာ … ဘိုးဘေးက အသက်ရှင်နေသေးတာလား”

“မဖြစ်နိုင်ပါဘူး၊ ရှေးခေတ်ကနေ အခုထိ ရှင်နေသေးတာ အံ့ဩစရာကြီး ဖြစ်နေပြီ မဟုတ်ဘူးလား”

“မိသားစုခေါင်းဆောင် ခင်ဗျားပြောတာ အမှန်ပဲလား”

ယွမ်ရှန်ရှင်းက ဂုဏ်ယူစွာ ခေါင်းညိတ်သည်။

“အမှန်ပဲ”

ထို့နောက် ယွမ်ရှန်ရှင်းက ယဲ့ဖန်ကို ခက်ထန်သော အကြည့်များဖြင့် ကြည့်လေသည်။

“ဘိုးဘေးက အမြဲ တံခါးပိတ်ပြီး ကျင့်ကြံနေခဲ့တာ၊ အခု ချင်းလွမ်မျိုးနွယ်က အန္တရာယ်ထဲ ရောက်နေတော့ သူ့ကို ထွက်လာခိုင်းပြီး ဒီလူကို သတ်ဖို့ ပြောရတော့မှာပေါ့”

“ဟားဟားဟား အရူး မင်း ကြာကြာ မမောက်မာနိုင်ပါဘူး၊ ငါ့ဘိုးဘေးက အင်မော်တယ် ဧကရာဇ်အဆင့်ကွ၊ သူ ကျင့်ကြံနေတာ နှစ်ထောင်ချီနေပြီ၊ မင်းကို ခွေးသတ်သလို သတ်နိုင်တယ်ကွ”

ယွဲ့လင် အားပါးတရ ရယ်မောနေပြီး စိတ်ထဲတွင် ကျေနပ်နေသည်။ မူလက မိမိတို့ သေရတော့မည်ဟု ထင်ထားသော်လည်း မထင်မှတ်ဘဲ ကံကြမ္မာက မိမိတို့ဘက် အလေးသာနေ၏။

လူကောင်းတွေက အသက်မရှည်သော်လည်း လူယုတ်မာတွေ သက်ဆိုးရှည်တတ်သည် မဟုတ်ပါလော။ သူသည် လူယုတ်မာ ဖြစ်ပြီး ထိုအတွက် ဂုဏ်ယူမိသည်။

ယွဲ့ကျင့်က လျှာဖြတ်ခံလိုက်ရ၍ ဘာမှမပြောနိုင်သော်လည်း ယဲ့ဖန်အား ကြမ်းကြုတ်ခက်ထန်မှု ပြည့်နှက်နေသော အကြည့်တို့ဖြင့် စိုက်ကြည့်နေသည်။

“ဘိုးဘေး မဟုတ်မှလွဲရော …”

ယဲ့ဖန် အကြီးအကျယ် မျက်နှာပျက်သွားသည်။ ထို့နောက် သူက ပိုင်ရွှယ်၏ လက်ကို လှမ်းဆွဲလေသည်။

“သွားမယ်”

“ဟင် … ငှက်သား ထပ်မစားတော့ဘူးလား”

ပိုင်ရွှယ်က အင်တင်တင်ဖြင့် ပြောလာသည်။

“ဒီနေ့ မစားတော့ဘူး၊ မနက်ဖြန်မှ ဆက်တာပေါ့”

ယဲ့ဖန် အတော်လေး ချွေးပြန်နေကာ စိုးရိမ်နေပုံပေါက်သည်။ သူ့အသွင်အပြင်က ယွဲ့ရှန်ရှင်းနှင့် အခြားသူများ၏ မောက်မာမှုကို မီးစာဖြည့်ပေးလိုက်သလို ဖြစ်သွားသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန် ကြောက်နေသည်ဟု မြင်လာသည်။

“မင်း အခု ထွက်ပြေးဖို့ တွေးနေတာလား၊ စိတ်မကောင်းစရာပဲ နောက်ကျသွားပြီ”

“ဟေ့ကောင် ဒူးထောက်ပြီး တောင်းပန်လိုက်၊ ဒါဆို မင်းအလောင်းကို ကိုယ်အင်္ဂါ အပြည့်အစုံ ထားထားပေးမယ်”

ယွဲ့ရှန်ရှင်းနှင့် အခြားချင်းလွမ်မျိုးနွယ်များအားလုံး ကျေနပ်အားရစွာ ရယ်မောနေ၏။

ထိုအခိုက်တွင် တောင်နောက်မှ ဆူနာမီမုန်တိုင်းသဖွယ် စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး ဘယ်ခေတ်ကမှန်း မသိသည့် တောင်တစ်လုံး၏ ထိပ်က ပေါက်ကွဲလာသည်။

ကောင်းကင်ယံသို့ အလင်းတန်းတစ်ခု ထိုးတက်သွားပြီး ရှေးကျ၍ အားမာန်ပြည့်ဝသော အရှိန်အဝါတစ်ခုကပါ ချက်ချင်း ပျံ့လွင့်လာသည်။

“ငါ တံခါးပိတ် ကျင့်ကြံနေတာကို ဘယ်သူ နှောင့်ယှက်ရဲတာလဲ”

အေးစက်၍ ဖိနှိပ်သော အသံတစ်သံပါ ထွက်ပေါ်လာ၏။ ချင်းလွမ်မျိုးနွယ်ဝင်များအားလုံး အလွန် လေးစား ကြည်ညိုသော မျက်နှာအမူအရာတို့ဖြင့် ချက်ချင်း ဒူးထောက်လာကြသည်။

ယွမ်ရှန်ရှင်းက လက်နှစ်ဖက်ကိုဆုပ်၍ အရိုအသေပေးကာ မျက်ရည်ဝဲနေသော မျက်လုံးတို့ဖြင့် ပြောလာသည်။

“ဘိုးဘေး ချင်းလွမ်မျိုးနွယ်က သန်မာတဲ့ ရန်သူနဲ့ ရင်ဆိုင်နေရပြီး အခု အရေးနိမ့်နေပါတယ်၊ အဲ့ဒါကြောင့် အသိပေးရတာပါ၊ ဘိုးဘေး ဝင်ပါပေးပြီး ရန်သူကို သတ်ပေးဖို့ တောင်းဆိုပါရစေ”

“ရန်သူကို သတ်ပေးဖို့ ဘိုးဘေးကို တောင်းဆိုပါရစေ”

“ရန်သူကို သတ်ပေးဖို့ ဘိုးဘေးကို တောင်းဆိုပါရစေ”

နောက်မှနေ၍ သံပြိုင်တောင်းဆိုသံများ ထွက်ပေါ်လာ၏။

All Chapters