← Chapters

အခန်း ၁၅၅၁

Vol. 104 Ch. 1551

အခန်း ၁၅၅၁

Vol. 104 Ch. 1551

Chapter 1551 နှလုံးသားမရှိတဲ့လူ

“ငါ့မျိုးဆက်တွေကို သတ်တယ်ပေါ့၊ ခွင့်မလွှတ်နိုင်စရာပဲ”

ဒေါသတကြီး အော်ဟစ်လိုက်သောအသံက ကောင်းကင်အနှံ့ ပဲ့တင်ထပ်လာသည်။

“အော်ဟစ်လိုက်စမ်း၊ ကြံရာမရ ဖြစ်လိုက်စမ်း၊ ပြီးရင် … သေလိုက်တော့”

ယွဲ့လင်က ခက်ထန်ကြမ်းကြုတ်သော အကြည့်တို့ဖြင့် အားပါးတရ ကျိန်ဆဲနေသည်။

“ဟေ့ကောင် မင်းရဲ့ နောက်ဆုံးစကားကို ချန်ထားလိုက်တော့”

“သူ့ခြေလက်တွေကို ချိုးပြီး ကြိုးစင်တင်ထား ပြီးရင် တစ်သက်လုံး နှိပ်စက်ရမယ်”

ထိုအခိုက်တွင် ယွဲ့ရှန်ရှင်းတောင်မှ သရော်ပြုံး ပြုံးနေသည်။

“ဟေ့ကောင် ငါ မင်းကို ပြောဖို့မေ့နေတာ၊ ငါတို့ဘိုးဘေးက မျိုးနွယ်ကို အစောင့်ရှောက်ဆုံးသူပဲ၊ မင်း အလောင်းတောင် အပြည့်အစုံမရှိဘဲ သေမှာ စိုးရတယ်ကွ”

ချုံးချီသည်လည်း ခေါင်းညိတ်၍ ထောက်ခံလေသည်။ အင်မော်တယ်ယွင်ရီ၏ မျိုးဆက်အချို့ကို သူ စားမိ၍ သူ နှစ်ထောင်ချီ၍ လိုက်ဖမ်းခြင်း ခံခဲ့ရသည်။

သူ သွားသည့် ဘယ်နေရာမဆို အင်မော်တယ် ယွင်ရီ လိုက်သည်ဟု ဆိုရပေမည်။ သူ၏ သတင်းရသည်နှင့် နတ်မိမယ် ယွင်ရီက သူ့ကို ချက်ချင်း လိုက်သတ်လေသည်။

“သွားမယ် သွားမယ်”

ယဲ့ဖန်က ပိုင်ရွှယ်ကို အဆက်မပြတ် လောဆောနေသည်။

“အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်လေးပဲကို ရှင် ဘာတွေ ကြောက်နေတာလဲ”

ပိုင်ရွှယ် မကျေမနပ် ပြောလိုက်သည်။ ယဲ့ဖန် သူမကို ပိုတိုက်တွန်းလေ တစ်ခုခု မှားနေပြီဟု သူမ ပိုခံစားမိလေပင်။ အထူးသဖြင့် အင်မော်တယ်ယွင်ရီက အမျိုးသမီးတစ်ဦး ဖြစ်သည်ဟု ကြားလိုက်ပြီးချိန်ကတည်းကပင်။

*အင်မော်တယ် ဧကရာဇ်အဆင့်လေး တစ်ယောက်ပဲ ဟုတ်လား*

ထိုစကားကြောင့် ယွဲ့ရှန်ရှင်းနှင့် အခြားသူများ မှင်တက်ကုန်သည်။

*ဘာလို့ ဒီကောင်မလေးက ဒီလူထပ် ပိုရူးနေတာလဲ*

*မသိရင် အင်မော်တယ် ဧကရာဇ်အဆင့်က သူ့မျက်လုံးထဲမှာ ဘာမှမဟုတ်သလိုပဲ*

လူတိုင်း သူတို့ အမြင်မှားနေလေသလားဟု ထင်လာကြသည်။ သူတို့ နားကြားမှားခြင်း မဟုတ်လျင် ထိုမိန်းကလေး ရူးနေခြင်းသာ။

“သေဖို့နီးနေတာတောင် မင်းက အရူးလို ပြောရဲတယ်ပေါ့လေ”

ယွဲ့ရှန်ရှင်းက ဒေါသတကြီး ခနဲ့လိုက်ပြီး ယဲ့ဖန်တို့နှစ်ယောက်အား အထင်သေးဟန်ဖြင့် ကြည့်နေသည်။

“ငါ ကြောက်လား၊ မကြောက်လားက မေးခွန်း မဟုတ်ဘူး”

ယဲ့ဖန် စိုးရိမ်နေပုံ ပေါ်နေသည်။ သူ့စိတ်ထဲတွင်လည်း ကျိတ်၍ ပြောနေ၏။

*ဒီမိန်းမက တကယ်ကို ရင်ဆိုင်ရခက်လွန်းတာ*

“သူတို့ကိုဖမ်း အကောင်ကို ဓားနဲ့ နုတ်နုတ်စင်း၊ ကောင်မကိုတော့ မသေမချင်း စော်ကားဖျက်ဆီးကြ”

ယွဲ့လင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထိုစကားကိုကြားသော် ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး နောက်လှည့်၍ ယွဲ့လင်အား ကြောက်စရာကောင်းသော အကြည့်ဖြင့် ကြည့်လေသည်။

ယွဲ့လင်ကလည်း ရုတ်တရက် တုန်လှုပ်သွားပြီး ရေခဲကန်ထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

တစ်ဖက်လူ၏ မျက်လုံးများက အမှောင်ထုကဲ့သို့ နက်မှောင်နေပြီး သူ့အား အမှောင်ထုက လွှမ်းခြုံလာကာ ဝါးမျိုခံရတော့မည်ဟု ခံစားလိုက်ရသည်။

အကြည့်တစ်ချက်က သူ့အား လုံးဝ ရူးမတတ် ဖြစ်သွားစေသည်။ မမြင်ရသော ဖိအားတစ်ခုက သူ့အား အသက်ရှူမဝ ဖြစ်လာစေ၏။

သို့သော် အင်မော်တယ် ယွင်ရီက သူ့အား ထောက်ကူပေးနေသည်ဟု တွေးမိသောအခါ သူသည် ချက်ချင်း ယဲ့ဖန်ကို ပြန်ငေါက်လိုက်သည်။

“ငါ့ကို စိုက်ကြည့်တယ် ဟုတ်လား၊ မင်း သေခါနီးနေတာတောင် ငါ့ကို စိုက်ကြည့်ရဲတယ်ပေါ့၊ ဒီသခင်ကြီးက မင်းရဲ့ ခွေးလိုမျက်လုံးကို ဖောက်ထုတ်ပစ်မှာကွ၊ လာခဲ့စမ်း”

“ဒုန်း”

ထိုအခိုက်တွင် အင်မော်တယ် ယွင်ရီ၏ ပုံရိပ်က အောက်သို့ ဆင်းသက်လာသည်။ နတ်သမီးသဖွယ် တောင်ပံကို တဖျပ်ဖျပ် ခတ်နေပြီး လမ်းလျှောက်လာချိန်တွင် တစ်ကိုယ်လုံးမှ အရောင်စုံ ဖြာထွက်နေပြီး နတ်မိမယ်တစ်ပါး ဆင်းသက်လာသလိုပင်။

အင်မော်တယ် ယွင်ရီသည် လူသားအသွင် ပြောင်းလဲနိုင်ပြီးသူ ဖြစ်သည်။ သူမက နတ်မိမယ်အလား လှပ၍ အသားအရေက နူးညံ့ချောမွေ့ကာ မျက်လုံးများက အဆုံးအစမဲ့သော ချောက်နက်သဖွယ် နက်ရှိုင်းကာ လူအများအား တစ်ချက်ကြည့်ရုံနှင့် ဆွဲဆောင်နိုင်သည်။

ထိုအခိုက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ချင်းလွမ်မျိုးနွယ်ဝင်များအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။

*လှလိုက်တာ၊ သိပ်လှတယ်*

အင်မော်တယ် ယွင်ရီက လူသားအသွင် ပြောင်းလဲလိုက်သော်လည်း သူမ၏ ကိုယ်ရည်ကိုယ်သွေးက ထင်ရှားပေါ်လွင်နေဆဲ ဖြစ်ကာ သူတို့အား ဖမ်းစားနိုင်လေသည်။

“တံခါးပိတ် ကျင့်ကြံရာက ထွက်လာတဲ့ ဘိုးဘေးကို ကြိုဆိုပါတယ်”

ယွမ်ရှန်ရှင်းက ချက်ချင်း ဒူးထောက်၍ လက်သီးနှစ်ဖက်ဆုပ်ကာ အရိုအသေ ပေးလိုက်ပြီး သူ့မျက်နှာတွင် ဝမ်းသာစိတ်နှင့် ကြည်ညိုစိတ်တို့ ပြည့်နှက်နေသည်။

“တံခါးပိတ် ကျင့်ကြံရာက ထွက်လာတဲ့ ဘိုးဘေးကို ကြိုဆိုပါတယ်”

အခြားသော ချင်းနွယ်မျိုးနွယ်ဝင်များကလည်း တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်လာကြပြီး အမူအရာက လေးနက် တည်ကြည်နေသည်။

“ငါတို့မိသားစုကို အန္တရာယ်ပေးချင်နေတဲ့ သူခိုးကောင် ဘယ်မှာလဲ”

အင်မော်တယ် ယွင်ရီက တန်းမေးလာပြီး သူမ၏ အေးစက်စက် စကားတွင် အဆုံးအစမဲ့သော သတ်ဖြတ်ချင်စိတ်တို့ ပေါ်လွင်နေသည်။

“သူပါပဲ”

ယွမ်ရှန်ရှင်းက အလွန် မုန်းတီးသော မျက်လုံးဖြင့် ယဲ့ဖန်အား လက်ညှိုးထိုးပြလေသည်။ အင်မော်တယ် ယွင်ရီသည် ယွမ်ရှန်ရှင်း လက်ညှိုးထိုးပြသော နေရာသို့ လှမ်းကြည့်လိုက်သည်။ ယဲ့ဖန်ကို မြင်သောအခါ သူမ၏ မျက်ဝန်းများက ရီဝေလာသည်။

လူသတ်ချင်နေသော အကြည့်က ဝုန်းခနဲ ဖြစ်ပေါ်လာသည်။ ယွမ်ရှန်ရှင်းနှင့် အခြားသူများအားလုံးသည် ယင်းကို ခံစားမိပြီး လုံးဝ မျက်နှာပျက်သွားလေသည်။ ဤသို့ ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်က လူ့စိတ်ကို တုန်လှုပ်စေပြီး အလွန်အမင်း သွေးပျက်စေ၏။

သူတို့၏ ဘိုးဘေး တကယ် ဒေါသထွက်နေလေပြီ။ ထိုစဉ် ချင်းလွမ်မျိုးနွယ်များအားလုံးက ယဲ့ဖန်အား အေးစက်၍ ခနဲ့သော အကြည့်ဖြင့် ကြည့်လာကြသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန်အား သေလူဟု သတ်မှတ်နေကြလေသည်။

သူတို့၏ ဘိုးဘေးသည် နှစ်ထောင်ချီ၍ တံခါးပိတ် ကျင့်ကြံနေခဲ့ပြီး ယခုအခါတွင် သူမ၏ ခွန်အားက မှန်းမရတော့ချေ။

ရှေးခေတ်အချိန်အခါက အင်မော်တယ် ယွင်ရီသည် ချုံးချီနှင့် ယှဉ်နိုင်စွမ်း ရှိသည်။ ယခု သူမက နှစ်ထောင်ချီ၍ တံခါးပိတ် ကျင့်ကြံခဲ့သောကြောင့် အတော်လေး ခွန်အား တိုးတက်လာလေပြီ။ ချုံးချီတောင်မှ သူမပြိုင်ဘက် မဟုတ်တော့မှာ စိုးရ၏။

ဤလူသားအား အသာလေး သတ်နိုင်ပေသည်။ ချင်းလွမ်မျိုးနွယ်ဝင်များအားလုံးသည် ဂုဏ်ယူသော မျက်နှာထားများ ဖြစ်နေကြသည်။

သူတို့ဘိုးဘေး မသေသေးကြောင်း သူတို့သာ ကြိုသိခဲ့လျင် အဘယ်ကြောင့် ဤလူသားကို ကြောက်ရမည်နည်း။ သူတို့ ရင်မိသားစုကိုပင် ဂရုစိုက်စရာ မလိုပေ။

ထိုအခိုက်တွင် အတောမသတ်နိုင်သော လူသတ်လိုသော စိတ်က ယဲ့ဖန်အား လွှမ်းမိုးသွားပြီး အင်မော်တယ် ယွင်ရီ၏ ပုံရိပ်က လှစ်ခနဲ ပျောက်ကွယ်သွားသည်။

“ချီးပဲ”

ချုံးချီ ကြောက်လန့်သွားသည်။ သူ ရှေ့သို့ လွှားခနဲ ခုန်၍ အင်မော်တယ် ယွင်ရီရှေ့၌ ပိတ်ရပ်ကာ တားဆီးလေသည်။ သို့သော် အင်မော်တယ် ယွင်ရီက သူ့ကို ကြည့်ပင်မကြည့်ဘဲ ငေါက်ငမ်းလိုက်သည်။

“ဖယ်စမ်း”

တစ်ချိန်တည်းမှာပင် ယှဉ်ရခက်သော စွမ်းအင်တစ်ခုက ချုံးချီထံသို့ ရိုက်ခတ်လာပြီး ချုံးချီ လွင့်ထွက်သွားရသည်။ ချုံးချီ မျက်မှောင်ကြုတ်သွားပြီး မယုံနိုင် ဖြစ်နေ၏။

ချုံးချီ၏ ခွန်အားသည် ယဲ့ဖန် ကမ္ဘာဂြိုဟ်၌ ရင်ဆိုင်ခဲ့ဖူးသော သားရဲဧကရာဇ်ထက် ဆယ်ဆ ပိုသန်မာသည်။ သူသည် နတ်ဘုရားများနှင့် နတ်ဆိုးများအား အစာသဖွယ် သဘောထားပြီး လောကကြီးကို စိုးမိုးခဲ့သူ ဖြစ်သည်။

အင်မော်တယ် ယွင်ရီနှင့် လက်ရည်တူခဲ့ဖူးသော သူက ယခု သူမကြောင့် တစ်ချက်တည်းနှင့် လွင့်ထွက်သွား ရသည်တဲ့လား။

“ချီးပဲ ဒီနှစ်တွေအတွင်း ဒီမိန်းမရဲ့ ခွန်အားက ဘယ်လောက်အထိ တိုးတက်သွားတာလဲ”

ချုံးချီ၏ မျက်နှာက အလွန်အမင်း ကြည့်ရဆိုးနေသည်။ သူတို့၏ အဆင့်အရ အနည်းငယ် တိုးတက်ရန်ပင် ခက်ခဲလှသည်။

သို့သော် သူ့အရှေ့မှ ဤအမျိုးသမီး၏ ခွန်အားသည် သူ ထင်မထားသောအဆင့်သို့ တိုးတက်နေပြီး မယုံနိုင်စရာ ကောင်းလှသည်။

ချက်ချင်းဆိုသလိုပင် ချုံးချီသည် မလှမ်းမကမ်း၌ ရှိနေသော ယဲ့ဖန်ကို လှမ်းကြည့်လိုက်မိပြီး တစ်ကိုယ်တည်း တွေးလိုက်မိသည်။

*အခု သူ့ကို ယှဉ်နိုင်တဲ့လူက အဲ့လူတစ်ယောက်ပဲ ရှိတော့တယ်ထင်တယ်*

အင်မော်တယ် ယွင်ရီက ယဲ့ဖန်ထံ လှစ်ခနဲ ပြေးသွားနေပြီး ထိုအခိုက်တွင် ချင်းလွမ်မျိုးနွယ်ဝင်များအားလုံးက အားရသော အပြုံးများ ပြုံးနေသည်။ မသိလျင် ယဲ့ဖန်၏ သေဆုံးမှုကို လှောင်ရယ်နေသလိုပင်။

သို့သော် အင်မော်တယ် ယွင်ရီက ယဲ့ဖန်ကို သတ်တော့မည်ဟု လူတိုင်း ထင်နေချိန်တွင် သူမက ယဲ့ဖန်၏ အင်္ကျီကော်လံကို ဆွဲ၍ စိုစွတ်နေသော မျက်ဝန်းတို့ဖြင့် အော်လေသည်။

“နှလုံးသားမရှိတဲ့လူ”

ဘေးလူများ အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။

*နှလုံးသားမရှိတဲ့လူတဲ့လား*

*အင်မော်တယ် ယွင်ရီက ယဲ့ဖန်ကို တကယ် နှလုံးသားမရှိတဲ့လူလို့ ခေါ်လိုက်တာလား*

*ဘာတွေဖြစ်နေတာလဲ*

ကြောက်လန့်သော မျက်လုံးများက အချင်းချင်း မျက်နှာချင်းဆိုင် ဖြစ်နေသော နှစ်ယောက်အား မယုံနိုင်သလို ကြည့်နေကြသည်။

အထူးသဖြင့် အင်မော်တယ် ယွင်ရီ၏ ကယောင်ချောက်ချားဖြစ်နေသော အသွင်အပြင်ကို မြင်သောအခါ သူတို့ ကြက်သေ သေသွားကြသည်။

သူတို့၏ ဘိုးဘေးက တကယ် ငိုနေသည်ပဲ။ ထို့အပြင် သူမအမူအရာက အနိုင်ကျင့်ခံရသော ကလေးသဖွယ် ဝမ်းနည်းကြေကွဲနေ၏။

*ဒါက*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

သူတို့ အံ့အားသင့်ကာ ကြက်သီးထလာသည်။ ထိုအခိုက်တွင် သူတို့သည် တစ်စုံတစ်ရာကို တွေးမိသွားပြီး အမူအရာများ တောင့်တင်းကာ အအေးမိသကဲ့သို့ တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လာသည်။

*မဟုတ်ဘူး*

*မဖြစ်နိုင်ဘူး*

သူတို့၏ စိတ်ထဲတွင် အသည်းအသန် ဆုတောင်းနေကြသည်။ ပိုင်ရွှယ်၏ မျက်လုံးတွင် မကျေနပ်ဟန်များ ပြည့်နှက်လာပြီး ယဲ့ဖန်အား စူးစိုက်ကြည့်နေ၏။

ဤနေရာ၌ ဇာတ်လမ်းတစ်ခု ရှိကိုရှိရမည်ဟု သူမ ထင်ခဲ့မိသော်လည်း ယင်းက သူမ ထင်ထားသည့်အတိုင်း အတိအကျ ဖြစ်နေလေသည်။

အင်မော်တယ် ယွင်ရီထံမှ အင်္ကျီအဆွဲခံလိုက်ရသဖြင့် ယဲ့ဖန်ကလည်း အနေရခက်စွာ ချောင်းဟန့်လိုက်သည်။

“မဟုတ်တမ်းတရားတွေ မပြောပါနဲ့၊ ငါက ဘယ်လိုလုပ် နှလုံးသားမရှိတဲ့လူ ဖြစ်မှာလဲ”

“ကျွန်မ ပြိုင်ပွဲစင်မြင့်ပေါ်မှာတုန်းက ကျွန်မကို အနိုင်ယူနိုင်တဲ့လူက ကျွန်မကို လက်ထပ်ဖို့ အရည်အချင်း ပြည့်မီတဲ့လူပဲလို့ ပြောခဲ့တယ်လေ၊ ရှင် ကျွန်မကို နိုင်ခဲ့ပင်မယ့် ကျွန်မကို လက်မထပ်ဘူးလေ၊ ရှင်က နှလုံးသား မရှိတဲ့လူ မဟုတ်ရင် ဘာလဲ”

အင်မော်တယ်ယွင်ရီက အေးစက်စွာ ဆူပူမာန်မဲလေသည်။

ထိုစကားက မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကြာပန်းဥယျာဉ်တစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပြီး လူတိုင်းနီးပါး အကြောက်လွန်ကာ သတိလစ်လုနီးပါး ဖြစ်သွားကြသည်။

*ငါတို့ ဘာကြားလိုက်တာလဲ၊ ဘာတဲ့*

သူတို့၏ ဘိုးဘေးက ရှေးခေတ်က မိဘဘိုးဘွားများ၏ အတင်းအကြပ် လက်ထပ်ခိုင်းခြင်း ခံခဲ့ရသည်ဟု သူတို့ ကြားဖူးသည်။ ဘိုးဘေးက ပြိုင်ပွဲပြုလုပ်၍ သူမကို အနိုင်ယူနိုင်သူသာလျင် သူမကို လက်ထပ်ရန် ထိုက်တန်သူဟု ဆိုခဲ့သည်။

တစ်နည်းအားဖြင့်ဆိုရလျင် ဤလူသည်လည်း ရှေးခေတ်က တည်ရှိခဲ့သူလေလော။ သူတို့ကို ပို၍ သွေးပျက်စေသည့် အချက်မှာ ယဲ့ဖန်က သူမကို အနိုင်ယူခဲ့သည်ဟု အင်မော်တယ် ယွင်ရီ ပြောလိုက်သည်ကို သူတို့နားနှင့် ဆတ်ဆတ် ကြားလိုက်ရခြင်းပင်။

*ငါတို့ရဲ့ ဘိုးဘေးက တစ်ချိန်တုန်းက ယဲ့ဖန်ဆီမှာ ရှုံးသွားတာလား*

ချုံးချီတောင်မှ အံ့ဩနေ၏။ ထိုကိစ္စကို သူ မသိခဲ့ပေ။

*လတ်စသက်တော့ အင်မော်တယ် ယွင်ရီကလည်း ယဲ့ဖန်ကို ရှုံးခဲ့တာလား*

ဤသည်ကို တွေးမိပြီးနောက် ချုံးချီ၏ နှလုံးသားက ရုတ်တရက် မျှချေညီလာသည်။

*တကယ်တော့ ငါက အားနည်းလွန်းတာ မဟုတ်ဘဲ အဲ့ယဲ့ဖန်ကိုသာ သန်မာလွန်းနေတာကိုး*

ဤမြင်ကွင်းက အိပ်မက်တစ်ခုလိုပင်။ ယဲ့ဖန်နှင့် အင်မော်တယ် ယွင်ရီ၌ ဤသို့ ထူးခြားသော ဇာတ်လမ်း ရှိလိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။

*ဒါဆို ငါတို့အရှေ့ကလူက ငါတို့ချင်းလွမ်မျိုးနွယ် ဘိုးဘေးရဲ့ ခင်ပွန်းသည် ဖြစ်လုနီးပါး ဖြစ်ခဲ့တာပေါ့*

*ဒါက အံ့ဩစရာပဲ*

ရုတ်တရက် ချင်းလွမ်မျိုးနွယ်ဝင်များအားလုံး သွေးပျက်လာကာ မျက်နှာတွင် အလွန် စိုးရိမ်ဟန် ပေါ်လာ၏။

*အင်မော်တယ် ယွင်ရီတောင်မှ ယဲ့ဖန်ကို ရှုံးခဲ့တာလား*

*ဒါဆို ငါတို့မှာ ဘာအခွင့်အရေး ရှိဦးမှာလဲ*

*သွားပြီ*

ယဲ့ဖန်က ချက်ချင်း သူ့ကိုယ်သူ ချေပပြောဆိုလိုက်သည်။

“အဲ့အချိန်တုန်းက သိုင်းပြိုင်ပွဲမှန်း ငါ မသိဘူးလေ၊ မင်းက မာနကြီးလွန်းနေတာကိုပဲ မြင်ခဲ့တော့ ငါက မင်းကို သင်ခန်းစာပေးဖို့ စဉ်းစားခဲ့တာ၊ ငါ ဘယ်လိုလုပ် သိမှာလဲ …”

ထိုအချိန်က အင်မော်တယ် ယွင်ရီသည် ဤလောက၌ သူမကို အနိုင်ယူနိုင်သော ယောက်ျားဟူ၍ မရှိဟု မာနကြီးစွာ ပြောခဲ့သည်။ ထို့ကြောင့် ယဲ့ဖန်က သူမကို သင်ခန်းစာပေးရန် ကြံစည်ခဲ့ခြင်းပင်။

ထိုကိစ္စအပြီးတွင် အင်မော်တယ်ယွင်ရီက သူ့ကို နားပူအောင်လုပ်၍ သူမကို လက်ထပ်ရန် ပြောလိမ့်မည်ဟု သူ ဘယ်လိုလုပ် သိပါမည်နည်း။

“ရှင့်အတွက်နဲ့ ကျွန်မ တစ်သက်လုံး အိမ်ထောင်ပြုမှာ မဟုတ်ဘူး၊ ရှင့်အတွက် ကျွန်မ တံခါးပိတ်နေခဲ့တာ၊ ရှင့်အတွက်သာဆို ကျွန်မမျိုးနွယ်အားလုံးကို သတ်ပြီး ရှင် စားဖို့လုပ်ပေးမှာ၊ အခုတော့ ရှင်က ဒီလို ပြောပြီပေါ့”

အင်မော်တယ် ယွင်ရီ အလွန် ဝမ်းနည်းကာ စိတ်ဆိုးနေ၏။ အင်မော်တယ် ယွင်ရီက ထိုသို့ပြောလိုက်သောအခါ လူတိုင်း အံ့ဩသွားသည်။

*သူ့မျိုးနွယ်ကိုတောင်သတ်ပြီး ယဲ့ဖန် စားဖို့လုပ်ပေးမယ် ဟုတ်လား*

*ငါတို့ဘိုးဘေးက အဲ့လို ဂုဏ်သိက္ခာ ကင်းမဲ့စေမယ့်ကိစ္စမျိုး လုပ်မလို့လား*

ချင်းလွမ်မျိုးနွယ်ဝင်များအားလုံး ယွဲ့ရှန်ရှင်းကို ပြိုင်တူ ကြည့်လာသည်။

*ဘိုးဘေးက သူ့မျိုးနွယ်ကို အကာကွယ်ဆုံးလို့ ခင်ဗျား မပြောခဲ့ဘူးလား*

*အခြားသူ စားဖို့ ကိုယ့်မျိုးနွယ်ဝင်ကိုတောင် သတ်မယ်တဲ့၊ ဒီစကားက အတော်လေး ကြောက်ဖို့ကောင်းနေတာ၊ ကိုယ့်မျိုးနွယ်ကို ကာကွယ်မယ့်စိတ်လေး တစ်ဝက်တောင် ပါလို့လား*

ယွဲ့ရှန်ရှင်းသည်လည်း မျက်နှာ ပြာနှမ်းနေ၏။ အင်မော်တယ်ယွင်ရီ၌ ဤသို့သော လျှို့ဝှက်ချက် ရှိသည်ဟု သူ လုံးဝ မသိခဲ့ပါ။

ဤသည်က မယုံနိုင်စရာ ကောင်းလှသည်။ ချင်းလွမ်မျိုးနွယ်ဝင်များအားလုံး၏ အတွေးများ ပေါက်ကွဲမတတ် ဖြစ်နေသည်။ အင်မော်တယ် ယွင်ရီ၏ စကားက သူတို့ကို ခေါင်းနားပမ်းကြီးသွားစေသည်။

“ကျွန်မ ရှင့်အတွက် ဖီးနစ်မျိုးနွယ်ဝင်ကိုတောင် သတ်ပြီး ချက်ပေးမယ် ပြောနေတာ၊ ရှင် နည်းနည်းလေးမှ မခံစားရဘူးလား”

အင်မော်တယ် ယွင်ရီက ယဲ့ဖန်ကို ခါးသီးသော အမူအရာနှင့် ကြည့်နေ၏။

အရာအားလုံး တိတ်ဆိတ်သွားလေသည်။ ချင်းလွမ်မျိုးနွယ်ဝင်များအားလုံး ကြောက်လန့နေကြသည်။ အင်မော်တယ် ယွင်ရီ၏ စကားက ပေါ့ပါးလွန်းလှပြီး မသိလျင် ခိုကိုမီးကင်၍ ကြက်သားကို ချက်ပေးမည်ဟု ပြောနေသလိုပင်။ သို့သော် ပြဿနာမှာ အသုံးချခံအရာက ချင်းလွမ်မျိုးနွယ် ဖြစ်နေခြင်းသာ။

*ဘိုးဘေး ခင်ဗျားက အရူးအမူး စွဲလမ်းပြီး သိက္ခာမဲ့အောင် လုပ်နေတာပဲ*

သွားလေပြီ။ ချင်းလွမ်မျိုးနွယ် ဇာတ်သိမ်းပြီဖြစ်ကြောင်း သူတို့ တစ်ရာရာခိုင်းနှုန်း သေချာသွားလေသည်။ ဤသို့သော ဘိုးဘေး မသေခဲ့သည်က ထူးဆန်းလွန်းလှသည်။

All Chapters