အခန်း ၁၅၅၄
Vol. 104 Ch. 1554
Chapter 1554 နတ်ဆိုးဘုရင်မ
ယဲ့ဖန်က အလွန်အကျွံ မလုပ်၍ တော်သေးသည်။ ချင်းလွမ်မျိုးနွယ်၏ မျိုးဆက် သုံးပုံတစ်ပုံမျှကို ချန်ထားရစ် ခဲ့သည်။
တစ်ခဏအတွင်း ယွဲ့ရှန်ရင်းသည် နှစ်တစ်ရာမျှ အိုစာသွားပုံ ပေါက်လေသည်။ သူ၏ သားဖြစ်သူနှင့် မြေးတို့ အသတ်ခံလိုက်ရသလို မျိုးနွယ်ဝင်များလည်း အသတ်ခံလိုက်ရသည်။ ဘိုးဘေးကလည်း သူတို့ကို စိတ်ပျက် သွားသည်။ ချင်းလွမ်မျိုးနွယ် လုံးဝ ဆုတ်ယုတ်လေပြီ။
“မိသားစုခေါင်းဆောင်တစ်ယောက် ဖြစ်ပြီး မင်းက မောက်မာပြီး ဘဝင်မြင့်တယ်၊ သူများစကားကို နားယောင်ခဲ့လို့ ချင်းလွမ်မျိုးနွယ် တစ်ခုလုံး ရှင်းလင်းခံရလုနီးပါး ဖြစ်ခဲ့တယ်၊ ဒီနေ့ကစပြီး မင်းကို မိသားစု ခေါင်းဆောင် နေရာကနေ ဖယ်ရှားတယ်လို့ ငါ ကြေငြာတယ်”
ယွဲ့ရုန်က အေးစက်စွာ ပြောလာသည်။ ယွဲ့ရှန်ရှင်း၏ အပြုံးက ပိုပို၍ ခါးသက်လာပြီး တစ်လုံးမှ မပြောနိုင်တော့ချေ။
“နောင်အနာဂတ်မှာ မင်းက မိသားစုခေါင်းဆောင်ပဲ”
ယွဲ့ရုန်က ယွဲ့ကျင်းကို လက်ညှိုးထိုး၍ ပြောလေသည်။
“ဒါက …”
ယွဲ့ကျင်း အံ့ဩသွားသည်။ သူသည် ခေါင်းဆောင်ပိုင်း အရည်အချင်း လိုအပ်နေသေး၏။ သူက ဘယ်လိုလုပ် မိသားစု ခေါင်းဆောင် ဖြစ်နိုင်ပါမည်နည်း။
သို့သော် မကြာခင်မှာပင် သူ မိသားစုခေါင်းဆောင် ဖြစ်ရသည့် အကြောင်းရင်းက သူက တော်၍ မဟုတ်ဘဲ သူ့၌ သားကောင်းတစ်ယောက် ရှိသောကြောင့်သာ ဖြစ်ကြောင်း သတိပြုမိသွားသည်။
“ရှင် ဒီအတိုင်း သွားတော့မလို့လား”
ထိုစဉ် ယွဲ့ရုန်က ထွက်သွားရန် ပြင်နေသည့် ယဲ့ဖန်၏ ကျောပြင်ကိုကြည့်၍ မေးလိုက်သည်။ ယဲ့ဖန် သက်ပြင်းချလိုက်သည်။ အဖြစ်အပျက်များက ထင်သလောက် မလွယ်ကူကြောင်း သူ သိနေသည်။
“ရှင် ကျွန်မကို နောက်ထပ် နှစ်ထောင်ချီပြီး စောင့်စေချင်တာလား၊ ဟုတ်လား”
ယွဲ့ရုန်၏ အသံက တုန်ယင်နေကာ မုန်းမိနေသည်။
“ငါတို့ လုံးဝ အတူနေလို့ မရနိုင်ဘူး၊ ငါ့ကို ထပ်စောင့်မနေပါနဲ့တော့”
ယဲ့ဖန်က သုန်မှုန်နေသော မျက်နှာနှင့် ပြောကာ အဝေးသို့ ဆက်လျှောက်သွားပြီး ဤနေရာမှ ထွက်ခွာသွားသည်။
ထိုစကားက ယွဲ့ရုန်၏ မျက်နှာကို ပြာနှမ်းသွားစေသည်။
ထိုသို့သောအချိန်၌ ပိုင်ရွှယ်သည်လည်း ပဟေဠိ ဖြစ်နေ၏။ အကြောင်းမှာ သူမ သိသလောက်ဆိုလျင် ယဲ့ဖန်သည် ဤမျှ အသည်းမာသော လူမျိုး မဟုတ်ချေ။
တစ်ဖက်လူက သူ့ကို နှစ်ထောင်ချီ၍ စောင့်ဆိုင်းနေသော်လည်း သူက လုံးဝ ဘဝင်မခိုက်ချေ။
*ဒါ လုံးဝ မဖြစ်နိုင်ဘူး*
*ဒီလူ တစ်ခုခုကို ဖုံးကွယ်ထားတာ ဖြစ်လိမ့်မယ်*
ယဲ့ဖန် ထွက်သွားပြီး ကြက်ကတုံးအား သူနှင့်အတူ ခေါ်သွားလေသည်။ ယွဲ့ရုန်သည် နေရာ၌ တစ်ကိုယ်တည်း ရပ်နေပြီး မျက်နှာတွင် အံ့ဩဟန်တို့ဖြင့် ပြည့်နှက်နေ၏။
နှစ်ပေါင်းများစွာ ကြာပြီးမှ ပြန်တွေ့သော်လည်း ယဲ့ဖန်တွင် ဤသို့သော အပြုအမူမျိုး ရှိလိမ့်မည်ဟု သူ မယုံနိုင်သည့်ပုံပင်။
သူမကို လုံးဝ ဥပေက္ခာပြုခဲ့သည်။ သူမ ဘာအမှားလုပ်မိ၍ ယဲ့ဖန်က သူမကို အလွန် မုန်းတီးနေလည်း မသိတော့ပါ။
….
ယဲ့ဖန်သည် ချင်ဧကရာဇ်၏ သင်္ချိုင်းဂူ၌ သုံးရက်မျှသာ နေခဲ့သည်။ သို့သော် အပြင်ဘက်တွင် သုံးနှစ်တိတိ ကြာမြင့်သွားကြောင်း သူ မသိလိုက်ပါ။
သုံးနှစ်အတွင်း ကျုံးကျိုး အင်ပါယာသည် စစ်ပွဲ ဆင်နွှဲလျက် ရှိပြီး အင်ပါယာတွင်းမှလူများသည် စုစည်း၍ မြေအောက်လောက ဘုရင်မ ဧကရီမင်၏ အင်အားစုကို တိုက်ခိုက်လေသည်။
ပြည်သူလူထုမှ ဖြစ်ပေါ်လာသော တော်လှန်ရေး တပ်က တစ်ဟုန်ထိုး မြင့်တက်လာ၏။ သို့သော် မြေအောက် လောက ဘုရင်မ၏ မိစ္ဆာကျင့်စဉ်အပြင် ရင်မိသားစု၏ အင်အားများကြောင့် မြေပြင်တွင် တော်လှန်ရေး တပ်က အထိနာနေသည်။
အင်ပါယာတစ်ခုလုံးတွင် မီးခိုးတလူလူ ဖြစ်နေပြီး မျှော်လင့်ချက်ပျက်ပြား၍ လောကတွင်း၌ ငရဲခန်း ကျရောက်လာသလို ဖြစ်နေသလေသည်။
သုံးနှစ်အတွင်း အင်ပါယာ၏ လူဦးရေက မူလအရေအတွက်၏ သုံးပုံတစ်ပုံအထိ လျော့ကျသွားသည်။ အင်ပါယာတွင်းမှ လူများသည် စစ်ကြောင့် မသေလျင် မြေအောက်ဘုရင်မ၏ လက်ထဲ၌ သေသွားကြရသည်။
လမ်းမများနှင့် လမ်းကြိုလမ်းကြားများတွင် မီးများနှင့် သေနတ်ခိုးများ ဝေနေကာ သွေးစက်များနှင့် ကျည်ဆံများကို နေရာအနှံ့ တွေ့မြင့်ရသည်။ အထပ်မြင့်အဆောက်အဦးများ မရှိတော့ဘဲ ၎င်းတို့နေရာ၌ အပျက်အစီးပုံများသာ ရှိနေသည်။
အင်ပါယာတစ်ခုလုံးသည် အမှောင်ထုလွှမ်းသကဲ့သို့ ဖြစ်နေပြီး ပျက်ကပ်ဆိုက်နေသလိုပင်။
ဒုတိယမြောက်နှစ်တွင် တော်ဝင်စစ်တပ်သည် တော်လှန်ရေးတပ်၏ ချေမှုန်းရှင်းလင်းခြင်း ခံလိုက်ရသည်။ သို့သော် လူတိုင်း မျှော်လင့်ချက်ကို မြင်ရပြီဟု ထင်နေချိန်တွင် ဘုရင်မ၏ မိစ္ဆာလုပ်ရပ်များ ပေါ်ထွက်လာသည်။
သူမသည် မိစ္ဆာကောင်များကို အင်ပါယာအနှံ့ သွားလာစေပြီး လူသားများအား စားသုံးစေသည်။ တော်လှန်ရေးတပ် အထိနာကာ သေကြေပျက်စီးကြသည်။
အင်အားအဖွဲ့အစည်းများစွာ စုပေါင်း၍ တိုက်ခိုက်ပါသော်လည်း အကျိုးသက်ရောက်မှု အနည်းငယ် ရရှိရန် ခက်ခဲလာပြီး တဖြည်းဖြည်း ခက်ခဲသော တိုက်ပွဲအတွင်း ကျရောက်သွားသည်။
ထိုအချိန်တွင် နတ်ဆိုးအဖွဲ့ဟူသော အဖွဲ့အစည်းတစ်ခုက ဦးမော့လာ၏။ ယင်းသည် တော်ဝင်စစ်တပ်ကို အနိုင်ယူနိုင်ပြီး မိစ္ဆာများကို ရင်ဆိုင်တိုက်ခိုက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်သည်။
ခေါင်းဆောင်မှာ အမျိုးသမီးတစ်ဦး ဖြစ်နေ၏။ တမင်ရည်ရွယ်သည်လား သို့မဟုတ် ဘာရည်ရွယ်ချက်မှ မရှိသလား မသိသော်လည်း သူမက ကိုယ့်ကိုယ်ကိုယ် ဘုရင်မဟု ခေါ်ဝေါ်လေသည်။
သူမသည် မြေအောက်လောက ဘုရင်မကို ပေါ်တင် စိန်ခေါ်ချင်ပုံရပြီး ထိုနာမည်ကို သုံးလေသည်။ သူမသည် မြေအောက်ဘုရင်မနှင့် ဒါဇင်မက တိုက်ပွဲများ ဆင်နွှဲခဲ့ပြီး အတွေ့အကြုံ လိုအပ်ချက်ကြောင့် ပထမပွဲအချို့သာ ရှုံးခဲ့သည်။ နောက်ပိုင်း တိုက်ပွဲများတွင် အနိုင်ရလေတော့သည်။
မြေအောက်လောက ဘုရင်မ၏ ရာကျော်သော မကောင်းဆိုးဝါးများ ပျက်သုန်းသွားသည်။ မြေအောက်လောက ဘုရင်မ ဒေါသထွက်ကာ အင်အားစုများအားလုံး စေလွှတ်၍ ဖိနှိပ်လေသည်။ သို့သော် နတ်ဆိုးဘုရင်မသည် တစ္ဆေလိုပင် သူမ၏ နောက်ခံ၊ အသက်နှင့် အသွင်အပြင်အားလုံးက ထူးခြားဆန်းကြယ်လှသည်။
သူမက မည်သို့သော အမျိုးသမီးလဲဆိုသည်ကို မည်သူမှ မသိပါ။ သူမသည် တော်ဝင်စစ်တပ်၏ ခံတပ်လိုင်းကို ချိုးဖောက်နိုင်သည့်သူလည်း ဖြစ်သည်။ အင်ပါယာတွင်းမှ စစ်သင်္ဘော ဆယ့်တစ်စီးကို လုယူခဲ့ပြီး အင်ပါယာတွင်းမှ လူများကို ရေကြောင်းလမ်းမှတစ်ဆင့် ထွက်ပြေးစေကာ အသတ်ဖြတ်ရမည့်ဘေးမှ ရှောင်တိမ်းစေသည်။
ထို့ကြောင့် အင်ပါယာတွင်းမှ ပြည်သူများက သူမကို မြတ်နိုးကြသည်။ ပြည်ပမှလူများက သူမကို အံ့ဩကြကာ သူမဘက်သို့ ဘက်ပြောင်းလာသူက တော်တော်များလာသည်။
အစက သူမတွင် သင်္ဘောဒါဇင်မျှသာ ရှိသော်လည်း ယခုအခါတွင် ရာချီနေလေပြီ။ စစ်တပ်သည်လည်း အင်အား လေးသောင်းသို့ ရောက်နေသည်။
ချမ်းသာသော နိုင်ငံခြား စီးပွားရေးသမားတစ်ယောက်သည် သူမ၏ ပြန်ပေးဆွဲခြင်း ခံရကာ အသုံးစရိတ် ထုတ်ပေးသူအဖြစ် အသုံးချခံရသည်။ သူမသည် သင်္ဘောပေါ်တွင် နှစ်ဝက်မျှ နေခဲ့ပြီး ကျုံးကျိုးသို့ ပြန်လာသောအခါ သူမ၏ ဘဝအတွေ့အကြုံ မှတ်တမ်းကိုပင် ရေးသားခဲ့သည်။ ဘုရင်မ၏ နာမည်က တစ်နိုင်ငံလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်စေသည်။
သာမန်အမျိုးသမီးတစ်ယောက်၊ သာမန်လူများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းက မြေအောက်လောက ဘုရင်မနှင့် ရင်မိသားစုကို အနိုင်တိုက်နိုင်စွမ်း ရှိသည်။ သေမျိုး၏ ခွန်အားက နတ်ဘုရားတို့၏ ခွန်အားနှင့်ပင် ယှဉ်နိုင်လေသည်။
ယနေ့ည ပင်လယ်တွင်းရှိ မရဏ ပင်လယ်အော်၌။ ဤပင်လယ်အော်သည် ပင်လယ်တွင်းမှ ငရဲတစ်ခု ဖြစ်သည်ဟူသော ဒဏ္ဍာရီတစ်ခု ရှိသည်။ နိုင်ငံတွင်းမှ အပျက်အစီးများနှင့် ပင်လယ်ပြင်၌ သေဆုံးသွားသော ဝိညာဉ်များအားလုံးက ဤနေရာသို့ ရောက်ရှိလာသည်ဟု ဆိုကြသည်။
ထူးဆန်းသော ကုန်သင်္ဘောတစ်စင်းက ဤနေရာသို့ အရင် ရောက်လာသည်။ ကပ္ပတိန်မှာ ပြူးကျယ်နေသော မျက်လုံးများ ရှိသည့် အဘိုးအိုတစ်ယောက် ဖြစ်ပြီး ရုပ်ဆိုးသည်ဟု ပြောနိုင်ပြီး အနက်ရောင်ဝတ်စုံ ဝတ်ထားကာ နှစ်တစ်ထောင် သက်တမ်းရှိသော နတ်ဆိုးတစ်ကောင်နှင့် တူနေကာ အတော်လေး ထူးဆန်းလှသည်။
သွေးနတ်ဆိုးဘုရင်သည် ကြောက်စရာကောင်းသော သွေးနတ်ဆိုး ပင်လယ်ဓားပြ ဖြစ်ပြီး ကုန်သင်္ဘောများကို လုယက်ခြင်း၊ လက်နက်များ ရောင်းချခြင်း၊ မှောင်ခိုကူးခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် အမျိုးသမီးများအား အဓမ္မ ဖမ်းဆီးခြင်း စသည့် မကောင်းသော နာမည်သတင်းဖြင့် ကျော်ကြားသူ ဖြစ်သည်။
နတ်ဆိုးအဖွဲ့က လူကို ပြန်ပေးဆွဲသော်လည်း ဘယ်သောအခါမှ သာမန်ပြည်သူများကို မဖမ်းဆီးပေ။ သူတို့သည် လူချမ်းသာများကိုသာ အာရုံစိုက်ပြီး အလွယ်တကူ လူမသတ်ချေ။
သို့သော် သွေးနတ်ဆိုးဘုရင်က မတူပါ။ သူ ဘယ်သောအခါမှ အရှင်မထားတတ်ပေ။ ယောက်ျားမိန်းမ၊ လူကြီးလူငယ်မရွေး သူတို့နှင့်ဆုံလျင် သေဘေးနှင့်သာ ရင်ဆိုင်ရသည်။
ယနေ့ညတွင် သူတို့သည် အရောင်းအဝယ် လုပ်ရန် ရောက်နေကြသည်။
“သွေးနတ်ဆိုးဘုရင်၊ နတ်ဆိုးဘုရင်မက အတော်လေး လှတယ်လို့ ကျုပ် ကြားတယ်၊ ပြီးတော့ သူ့အနားက ညီအစ်မတွေကလည်း လှတယ်တဲ့၊ ကျုပ်တို့ ဒီနေ့ အခွင့်ကောင်းယူပြီး တိုက်ခိုက်မယ်လေ၊ ပြီးရင် အဲ့မိန်းကလေးတွေကို အခန်းထဲ သွင်းပစ်မယ် မကောင်းဘူးလား”
ယုံကြည်ရသော လူယုံတော်တစ်ယောက်က စဉ်းလဲသောအပြုံးနှင့် ပြောလာသည်။
“နတ်ဆိုးဘုရင်မကို တိုက်ခိုက်ရမယ် ဟုတ်လား၊ မေ့လိုက်တော့ ငါ နည်းနည်းလောက် ပိုအသက်ရှည် ချင်သေးတယ်”
သွေးနတ်ဆိုးဘုရင်က ခနဲ့လေသည်။
“”မင်း ညသန်းခေါင်ကြီး လည်လှီးခံရချင်ရင် လုပ်လေ”
“ခင်ဗျားက နတ်ဘုရင်အဆင့်လေ၊ သူတို့ကို ကြောက်နေသေးတာလား”
လက်အောက်ငယ်သားအချို့က မကျေမနပ် ပြောလေသည်။ သူတို့သည် ဓားသွားပေါ်မှ သွေးကို လျက်ရသည့် နေ့များနှင့် အသားကျနေသူများ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ရဲတင်းကာ နတ်ဆိုးအဖွဲ့နှင့် ယှဉ်တိုက် ချင်နေသည်။
“နတ်ဘုရင်အဆင့် ဖြစ်နေတော့လည်း ဘာဖြစ်လဲ၊ အခု ဘုရင်မက သူ့မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံလို့ပြီးလို့ အင်မော်တယ် ဧကရာဇ်အဆင့်ကို ရောက်သွားပြီ၊ သူတို့ကို ယှဉ်နိုင်မယ့် နည်းလမ်း ရှိလို့လား”
သွေးနတ်ဆိုးဘုရင်က အလွန် ကြောက်လန့်နေသော မျက်လုံးတို့ဖြင့် ပျက်ရယ်ပြုကာ ပြောဆိုလေသည်။
“အစတုန်းက သူတို့နဲ့အတူ အလုပ်လုပ်နေတဲ့ နတ်ဘုရင်အဆင့် သုံးယောက် ရှိခဲ့တယ်၊ သူတို့က ဘုရင်မအပေါ် ရိုင်းပျတယ်ဆိုတဲ့ အချက်ကြောင့်ပဲ အဲ့ညမှာ နတ်ဘုရင်အဆင့် သုံးယောက်ရဲ့ ခေါင်းပြတ်တွေကို သူ့စစ်သင်္ဘောမှာ ချိတ်ဆွဲထားတာလေ၊ အခုထိ အဲ့ခေါင်းပြတ်တွေ ရှိနေတုန်းပဲ”
“မင်းက ငါ့ကို အဲ့အရူးသုံးကောင်ရဲ့ ခြေရာကို နင်းစေချင်တာလား”
သူ၏ ထည်ဝါခက်ထန်သော အကြည့်က လက်အောက်ငယ်သားများထံ ဝေ့ဝဲ၍ ကျရောက်သွားသည်။
“မလုပ်ရဲပါဘူး”
လက်အောက်ငယ်သားများ ချက်ချင်း ခေါင်းငုံ့သွားကြသည်။
“ခဏနေရင် သူ ရောက်လာလိမ့်မယ်၊ ခေါင်းကိုငုံ့ထားဖို့ သတိရဦး၊ နတ်ဆိုးဘုရင်မက သူ့ကို အခြားသူတွေ ကြည့်တာကို မကြိုက်ဘူး၊ နားလည်လား”
သွေးနတ်ဆိုးဘုရင် အော်ငေါက်လိုက်သည်။
“ဟုတ်ကဲ့”
ထိုအချိန်တွင် သွေးနတ်ဆိုးဘုရင်သည်လည်း စိုးရိမ်တုန်လှုပ်စွာဖြင့် လက်သီးများကို ဆုပ်ထားပြီး မျက်နှာက အနည်းငယ် ဘဝင်မကျ ဖြစ်နေ၏။
နတ်ဆိုးဘုရင်မကို သူ အလွန် ကြောက်လန့်ကြောင်း သိသာလှသည်။ သုံးနှစ်အတွင်း သူမသည် လူအင်အား လေးသောင်းကို စုစည်းနိုင်ခဲ့ပြီး အရေးပါသော လူချမ်းသာမျိုးနွယ်များနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့သည်။
ထိုလူများထဲတွင် နတ်ဘုရင်အဆင့်တောင်မှ ပါရှိပြီး သူမကို လေးစားရသဖြင့် ထိုအမျိုးသမီး မည်မျှ ကြောက်စရာ ကောင်းကြောင်း တွေးကြည့်နိုင်ပေသည်။
သုံးနှစ်အတွင်း လောက၌ အရဲရင့်ဆုံး ပင်လယ်ဓားပြ အဖွဲ့အစည်းကို တည်ထောင်နိုင်ခဲ့ပြီး နတ်ဘုရင်အဆင့် များကလည်း သူမအတွက် လိုလိုလားလား ခစားချင်ကြသည်။
သွေးနတ်ဆိုးဘုရင်သည် ပင်လယ်ပြင်၌ နှစ်တစ်ထောင်နီးနီး ဖြတ်သန်းလာသော်လည်း သူမ ရောက်ရှိနေသော အမြင့်သို့ မရောက်နိုင်ပါ။
ကြီးမားကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် တောင်တန်းကြီးတစ်ခု၏ အနောက်မှ ဖြည်းဖြည်းချင်း ရွက်လွှင့်လာနေသော ကြီးမားသည့် စစ်သင်္ဘောတစ်စီးကို တွေ့လိုက်ရသည်။
လူတိုင်း အံ့ဩသွားသည်။
*ဒါက စစ်သင်္ဘော မဟုတ်ဘူး၊ မူလသင်္ဘောပဲ*
“လခွမ်း ဒီမိန်းမ ဘယ်တုန်းက မူလသင်္ဘောကို ရသွားတာလဲ”
“မူလသင်္ဘောက ကိုးပြည်နယ်တွင်းက စစ်အင်အား အကြီးဆုံး အဖွဲ့အစည်း လက်ထဲမှာ အမြဲ ရှိနေပြီးတော့ မရောင်းချဘူးဆိုတဲ့ ကောလာဟလ ရှိခဲ့တာလေ၊ မူလသင်္ဘော ပိုင်ဆိုင်တဲ့ နိုင်ငံပေါင်းက နှစ်ဆယ်တောင် မကျော်ဘူး၊ သူက ဘယ်လိုလုပ် ရသွားတာလဲ”
သွေးနတ်ဆိုး ပင်လယ်ဓားပြအဖွဲ့မှ ပင်လယ်ဓားပြများအားလုံး နားဝေတိမ်တောင် ဖြစ်ကာ သူတို့၏ မျက်လုံးတွင် ကြောက်စိတ်နှင့် မယုံနိုင်ဟန်များ ပြည့်နှက်နေ၏။
သွေးနတ်ဆိုးဘုရင် မချိပြုံး ပြုံးလိုက်သည်။
*ဒါက ဒီမိန်းမမှာ ရေကြောင်းအင်အားတင် မကဘဲ လေကြောင်းအင်အားပါ ရှိတယ်လို့ ဆိုလိုနေတာပဲ*
သူနှင့် သူမကြားမှာ ကွာဟချက်က တဖြည်းဖြည်း ပိုကြီးမားလာ၏။ မူလသင်္ဘော၏ အရှေ့ဘက် ပွင့်လာပြီး အထဲမှ စစ်သင်္ဘော တစ်စင်း ထွက်လာသည်။
ထိုအခိုက်တွင် သွေးနတ်ဆိုး ပင်လယ်ဓားပြအဖွဲ့သည် တိတ်ဆိတ် ငြိမ်သက်နေ၏။ လူတိုင်း အသက်ပင် မရှူရဲချေ။
*လာနေပြီ*
*အဲ့အမျိုးသမီး လာနေပြီ*
မမြင်ရသော ဖိအားတစ်ခုက သူတို့ကို လွှမ်းခြုံလာသည်။
“ဒေါက်”
မကြာခင်မှာပင် သွေးနတ်ဆိုးဘုရင်၏ သင်္ဘောပေါ်သို့ တက်လာသည့် ခြေသံတစ်သံ ထွက်ပေါ်လာ၏။
ရောက်ရှိလာသူသည် အနက်ရောင် ကုတ်အင်္ကျီပုံစံ စစ်မိုးကာကို ဝတ်ဆင်ထားပြီး သေးသွယ်သော ခါးလေး ပေါ်လွင်နေကာ အဖြူရောင် လက်အိတ်နှင့် ဘွတ်ဖိနပ်ရှည်တို့က ခြေဆံလက်ဆံအား တင်းကျပ်စွာ ရစ်ပတ်ထားသည်။
သို့သော် ၎င်းက သူမ၏ ရှည်လျားသော ပုံရိပ်နှင့် ဆွဲမက်ဖွယ်ကောက်ကြောင်းအား မဖုံးဖိနိုင်ပါ။
သွေးနတ်ဆိုးဘုရင်၏ လက်အောက်ငယ်သားများသည် ရုတ်တရက် မျက်လုံးများ မီးတောက်လာပြီး ပါးစပ်များ ခြောက်သွေ့လာ၏။ တစ်ဖက်လူ၏ ပုံရိပ်ကို မြင်လိုက်သည်နှင့် သူတို့၏ စိတ်ဆန္ဒကို မထိန်းနိုင်တော့ပေ။
*ထင်တဲ့အတိုင်းပဲ၊ ဒီအမျိုးသမီးက ကောလာဟလထဲကအတိုင်း လှတာပဲ*
“သေစမ်း ဒီအရူးတွေကတော့”
သွေးနတ်ဆိုးဘုရင် ဒေါသထွက်သွားသည်။ ဤအရူးများသည် တစ်ဖက်လူကို မြင်သည်နှင့် သူ၏ သတိပေးစကားကို လုံးဝ မေ့လျော့သွားကြသည်။
*ဒီအမျိုးသမီးက မင်းတို့လိုသေမျိုးတွေကို ဘယ်လိုလုပ် ငမ်းငမ်းတက် လိုချင်တာကို ငြိမ်ခံနေမှာလဲ၊ သူက သာမန် အမျိုးသမီး မဟုတ်ဘူး ယောက်ျားတစ်ယောက်ကို အန္တရာယ်ရှိအောင် ညှို့ယူဆွဲဆောင်နိုင်တဲ့ မိန်းမကွ*
*ဒီလောကမှာ သူ့ကို သိမ်းပိုက်နိုင်တဲ့ ယောက်ျားမရှိဘူး*
“ငါ လှလို့လား”
ရုတ်တရက် ထိုအမျိုးသမီးက စပြောလာသည်။ သူမ၏ အသံက သံလိုက်သဖွယ် ညှို့ဓာတ်ဖြင့် ပြည့်နှက်နေပြီး ကိုယ်လုံးတီးဖြင့် မိန်းမလှလေးက သူတို့ကို လက်ယက်ခေါ်နေသည်ဟု အထင်မှားရသည်။
သူမ၏ အသွင်အပြင်ကြောင့် မှင်တက်နေသော ပင်လယ်ဓားပြများသည် ထိုအခိုက်တွင် စိတ်မထိန်းနိုင်တော့ဘဲ အလိုလို ခေါင်းညိတ်ပြကြသည်။
*မကောင်းတော့ဘူး*
သွေးနတ်ဆိုးဘုရင် ကြက်သီးမွေးညင်း ထသွားကာ ရုတ်တရက် တစ်စုံတစ်ရာကို သတိပြုမိသွားပြီး နောက်လှည့်၍ ငေါက်ငမ်းရန် ပြင်လိုက်သည်။ သို့သော် နောက်ကျသွားလေပြီ။
သူ့လက်အောက်ငယ်သားက သံပြိုင် အော်ပြောလာကြသည်။
“လှတယ် သိပ်လှတယ်”
သွေးများ အဆက်မပြတန် ပန်းထွက်လာပြီးနောက် ပင်လယ်ဓားပြများ၏ ခေါင်းများက ကြမ်းပြင်ပေါ် တဘုတ်ဘုတ် ပြုတ်ကျလာ၏။
အဖြစ်အပျက်က မြန်ဆန်လွန်းသဖြင့် သွေးနတ်ဆိုးဘုရင် တားချိန်ပင် မရလိုက်ပေ။ သူ့လက်အောက်မှ လူဒါဇင်ကျော် သေဆုံးသွားလေပြီ။
သူတို့သည် သေသွားသည့် အခါမှာတောင်မှ မျက်နှာတွင် ရစ်မူးသာယာနေပုံ ပေါ်နေသေးသည်။
*ထူးဆန်းလိုက်တာ*
“ဘုရင်မ ခင်ဗျား”
သွေးနတ်ဆိုးဘုရင်က အမျိုးသမီးအား လှမ်းကြည့်လိုက်သည်။ သူ့အသံတွင် အံ့ဩ၍ ဒေါသထွက်ဟန်များ ရောပြွမ်းနေသည်။
“သွေးနတ်ဆိုးဘုရင် ကျွန်မ စည်းကမ်းတွေကို ရှင် သိသင့်တယ်”
အမျိုးသမီးက သူ့မျက်နှာမှ ဒေါသကို မမြင်သကဲ့သို့ ပြောလိုက်သည်။
“ရှင် ဘာလုပ်ချင်သလဲ”