အခန်း ၁၅၅၆
Vol. 104 Ch. 1556
Chapter 1556 အရှက်မရှိခြင်း၊ မောက်မာခြင်း
“ပါးစပ်ပိတ်ထား၊ နင် သူ့ကို သိလို့လား၊ နင် သူနဲ့ ဆုံဖူးလား၊ သူ့အကြောင်း ဘာမှမသိဘဲ နင် ဘာလို့ သူ့ကို ဝေဖန်နေတာလဲ”
လင်းလန် ဒေါသကြောင့် မျက်နှာနီရဲကာ အံကြိတ်လာသည်။
“ငါ နားမလည်ဘူး၊ ဒါပေမဲ့ သူ မရှိရင် အင်ပါယာက အခုလို ဖြစ်နေမှာ မဟုတ်ဘူးဆိုတာကိုတော့ ငါ သိတယ်၊ သူက ဂြိုဟ်ဆိုးပဲ၊ သူ သေတာ ကောင်းတယ်၊ သူ အသတ်ခံရဖို့ ထိုက်တန်တယ်”
နဉ်ကျန်းဟုန်က အေးစက်စွာ ခနဲ့လိုက်ပြီး လင်းလန် စိတ်တိုလာသည်ကိုမြင်သောအခါ သူ ပို၍ ဒေါသထွက် လာရသည်။
*တကယ်ပဲကိုး*
*ဒီခွေးမက အဲ့သောက်ယဲ့ဘုရင်ကို အခုထိ မမေ့နိုင်သေးဘူး*
“နင် သူ့ကို ကျိန်ဆဲရဲတယ်ပေါ့လေ”
လင်းလန်၏ မျက်လုံးတွင် မုန်းတီးစိတ်တို့ ပြည့်နှက်လာပြီး နဉ်ကျန်းဟုန်အပေါ် ထားသော ဒေါသစိတ်က တဖြည်းဖြည်း လူသတ်ချင်စိတ်အဖြစ်သို့ ကူးပြောင်းလာသည်။
ယဲ့ဖန်ကို စော်ကားရဲသည့် ဤမျိုးမစစ်ကောင်ကို သူမ သတ်ချင်နေပါသည်။
“သူ့ကို ဆဲဆိုတော့ ဘာဖြစ်လဲ၊ သူက သေရွာက ပြန်လာပြီး ငါ့ကို သတ်နိုင်လို့လား”
နဉ်ကျန်းဟုန်က အထင်သေးစွာ ပြုံး၍ ဆက်လက်၍ စော်ကား ပြောဆိုလေသည်။
“ငါ့အရည်အချင်းနဲ့ဆိုရင် နတ်ဘုရင်အဆင့်ကို ချိုးဖောက်နိုင်ဖို့ သိပ်ကြာမှာ မဟုတ်ဘူး၊ သူ သေသွားတာ ကံကောင်းတယ်၊ မဟုတ်လို့ကတော့ သူ ငါ့လက်ထဲ ရောက်ရင် သေတာထက် ပိုဆိုးသွားမယ်”
*အရူးကောင်*
*မဖြစ်နိုင်တာတွေ*
နဉ်ကျန်းဟုန်က တကယ်ပင် ရှားပါးသော ပါရမီရှင်တစ်ဦးပင်။ သူသည် အသက်နှစ်ဆယ်တွင် သူတော်စင်သခင် အဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူနှင့်ရွယ်တူများထဲတွင် ရင်ပေါင်တန်းလိုက်နိုင်သူက အနည်းငယ်သာ ရှိသည်။ ထို့ကြောင့် သူ၏ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုက ကြီးမားနေခြင်း ဖြစ်လေသည်။
သူသာ သိုင်းအဆင့် အတူတူသို့ ရောက်လျင် ယဲ့ဖန်က သူ့ပြိုင်ဘက် မဖြစ်နိုင်ဟု သူ တပ်အပ် ယုံကြည်ထားသည်။
သို့သော် ထိုသို့ပြောလိုက်သည်နှင့် မုန်းတီး၍ ရန်လိုသော အကြည့်များစွာက သူ့အပေါ် ကျရောက်လာသည်ကို သတိထားမိသွားသည်။
သူ့အား စိုက်ကြည့်နေသူများတွင် ဘုရင်အဆင့်များ၊ သူတော်စင်သခင်အဆင့်များနှင့် နတ်ဘုရင်အဆင့်များပင် ပါရှိသည်။
*ဒါက*
နဉ်ကျန်းဟုန် ချက်ချင်း အံ့ဩသွားသည်။ အဘယ်ကြောင့် တော်လှန်ရေးတပ်တွင်းမှ လူများက သူ့အပေါ် ဤမျှ ရန်လိုနေသလဲ သူ မသိပါ။
“နဉ်ကျန်းဟုန် နင်က အရူးပဲ၊ နင်က ကိုယ့်ကိုယ်ကိုယ် သွေးနားထင်ရောက်နေတာ”
လင်းလန် ခနဲ့ပြုံးပြုံး၍ ဆက်ပြောလိုက်သည်။
“တော်လှန်ရေးတပ်ကို တည်ထောင်ခဲ့တဲ့လူက ဘယ်သူလဲ သိလား”
“ဘယ်သူလဲ”
နဉ်ကျန်းဟုန် အလိုလို မေးလိုက်မိသည်။ လူများစွာက သူ့အား ကြည့်လာသည်ကိုမြင်ပြီး ထိုအကြည့်တွင် သတ်ချင်စိတ်က တစ်စထက်တစ်စ ပြင်းထန်လာသည်ကို မြင်နေရသည်။
ဤမြင်ကွင်းက သူ့အား ချောက်ချားသွားစေသည်။
“တော်လှန်ရေးတပ်ရဲ့ ပထမအဖွဲ့ကို ယဲ့ဘုရင်ရဲ့ နောက်လိုက်တွေက ဖွဲ့စည်းခဲ့တာ၊ နောက်ပိုင်း ထန်မင်လီ၊ ကင်းမြီးကောက် လူသတ်သမား၊ နလန်ရှောင် စတဲ့ အခြား အကြီးအကဲတွေပါ ဝင်လာပြီး ကူညီခဲ့တာ”
“ဒီနေ့ တော်လှန်ရေးတပ်ရဲ့ တစ်ဝက်ကျော်က ယဲ့ဘုရင်ရဲ့ နောက်လိုက်တွေပဲ၊ နင်က ဒီနေရာမှာ ယဲ့ဘုရင်ကို လူသိရှင်ကြား စော်ကားနေတာလေ၊ နင် … နင်က သေတွင်းတူးနေတာပဲ”
နဉ်ကျန်းဟုန်၏ အတွေးထဲ ဗလာဖြစ်သွားပြီး မသိလျင် ဓာတ်လိုက်ခံရသကဲ့သို့ ဖြစ်သွားလေသည်။ သူ့မျက်နှာတွင် ထိတ်လန့်မှုတို့ ပြည့်နှက်နေ၏။
လင်းလန် ရယ်နေသည်။ တော်လှန်ရေးတပ်၏ နောက်ခံသမိုင်းကိုပင် မသိဘဲ လူအများအား ဒုက္ခဘေးမှ ကယ်မည်ဟု ပြောရဲသည်က မည်မျှ အဓိပ္ပာယ် မဲ့လှသနည်း။
“ဟေ့ကောင် မင်းက ယဲ့ဘုရင်ကို အထင်သေးတာလား၊ ငါတို့ ယှဉ်ချရင်ရော ဘယ်လိုလဲ”
သူတော်စင်သခင်အဆင့်တစ်ယောက်က ရှေ့ထွက်လာပြီး နဉ်ကျန်းဟုန်အား အေးစက်စွာ ကြည့်လာသည်။
“မင်းက ယဲ့ဘုရင်ထက် သန်မာတယ်လို့ ပြောခဲ့တယ်မလား၊ ငါတို့ ယှဉ်ချရင်ရော ဘယ်လိုလဲ”
သူတော်စင်သခင်အဆင့်များ ပို၍ ရှေ့ထွက်လာပြီး အားလုံးက နဉ်ကျန်းဟုန်ကို ရေခဲတမျှ အေးစက်သော အကြည့်များဖြင့် ကြည့်နေသည်။
“ဝုန်း”
သို့သော် ထိုအခိုက်တွင် သူတော်စင်သခင်အဆင့် ငါးယောက်၊ ခြောက်ယောက်ခန့် လွင့်ထွက်သွားသည်။ အားလုံး မြေကြီးပေါ် အရှိန်ဖြင့် ပြန်ကျကာ တစ်ယောက်ပြီး တစ်ယောက် သွေးအန်လာကြသည်။
နဉ်ကျန်းဟုန်၏ မျက်လုံးတွင် ခက်ထန်သော အရိပ်အယောင် ဖြတ်ပြေးသွားပြီး ထီမထင်သလို ပြုံးလိုက်သည်။
“ငါနဲ့ ချချင်တယ်ဟုတ်လား၊ မင်းတို့လို အမှိုက်ကောင်တွေကလေ”
တိုက်ခိုက်လိုက်သူက သူပင်။
“နတ်ဘုရင်အဆင့်က သိုင်းအဆင့်နိမ့်တဲ့သူကို အနိုင်မကျင့်သရွေ့ မင်းတို့လောက်က ငါ့ဖိနပ်ကိုတောင် လျက်ဖို့ မထိုက်တန်ဘူး”
နဉ်ကျန်းဟုန်က အလွန် မောက်မာစွာ ပြောလိုက်သည်။ သို့သော် သူ့စကားတစ်ခွန်းက နတ်ဘုရင်အဆင့်များကို ပိတ်ပင်လိုက်လေသည်။
အကယ်၍ နတ်ဘုရင်အဆင့်များ တိုက်ခိုက်လိုက်ပါက အားနည်းသူကို အနိုင်ကျင့်သည်ဟု ဖြစ်သွားလိမ့်မည်။
နတ်ဘုရင်အဆင့်များ မလှုပ်သည်ကို မြင်သော် နဉ်ကျန်းဟုန်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။ သူ့လှည့်စားမှု အောင်မြင်ကြောင်း ရိပ်မိလိုက်သည်။
ထို့နောက် အေးစက်သော မျက်လုံးများဖြင့် တစ်ယောက်ပြီး တစ်ယောက်ကို ဝေ့ကြည့်လိုက်သည်။
“ငါ ဒီနေ့ ဒီနေရာမှာ ပြောတယ်ကွာ၊ ယဲ့ဘုရင်က အမှိုက်ကောင်ပဲ၊ ငါသာ သူနဲ့ တူညီတဲ့ သိုင်းအဆင့်ကို တက်လှမ်းနိုင်ပြီဆိုရင် သူ့ကို ခွေးတစ်ကောင်ကို သတ်သလို သတ်နိုင်တယ်”
ထို့နောက် လူတိုင်း၏ ပြန်ပြောစကားကို စောင့်မနေဘဲ စင်မြင့်ထက်သို့ ခုန်တက်သွားပြီး သိုင်းပညာရှင်တိုင်းကို စူးစိုက်ကြည့်သည်။
“ငါ့စကားကို သဘောမတူတဲ့ကောင်တွေ တက်လာပြီး အသေခံကြ”
မောက်မာလှသည်။ ရူးသွပ်လှသည်။ နဉ်ကျန်းဟုန်က ပြိုင်ဘက်ကင်းပြီး တကယ်ပင် အစွမ်းအစရှိသည်။ သို့မဟုတ်ပါက သူ ဤမျှ မောက်မာပြီး သိုင်းပညာရှင်များကို ရန်စရဲမည် မဟုတ်ပါ။
နဉ်ကျန်းဟုန်၏ နောက်ခံက အလွန် ထူးခြားဆန်းကြယ်သည်ဟု ဆိုကြသည်။ သူသည် ထိပ်သီး ဂိုဏ်းခေါင်းဆောင် တစ်ယောက်၏ တရားမဝင်သား ဖြစ်သည်။ သူသည် တာအိုအမွေအနှစ်ကို မရရှိသော်လည်း ရှေးဟောင်း သိုင်းကျမ်းများစွာကို ရရှိထားသူ ဖြစ်ပေသည်။
“ယဲ့ဘုရင်ကို စော်ကားရဲတယ်ပေါ့လေ၊ မင်း သေချင်နေတာပဲ”
ချက်ချင်းဆိုသလိုပင် သိုင်းပညာရှင်တစ်ယောက်က စင်မြင့်ထက် ပြေးတက်လာပြီး နဉ်ကျန်းဟုန်အား သတ်ချင်သော အကြည့်များဖြင့် ကြည့်လာသည်။
“ခို့ကျန်းဟွိုက် တကယ်ပဲ သူ ဖြစ်နေတာလား”
လူတိုင်း မှင်တက်သွားသည်။ ထိုသူသည် ယဲ့ဘုရင်အား နတ်ဘုရားသဖွယ် မှတ်ယူထားသော ယဲ့ဘုရင်၏ ကျောင်းသား တစ်ယောက် ဖြစ်ကြောင်း သူတို့အားလုံး သိသောကြောင့်ပင်။
“ဘော့စ်ခွေ သူ့ကို သတ်ပစ်လိုက်ပါ”
“ဒီ့ကောင်ကို သင်ခန်းစာပေးပြီး ကျုပ်တို့ အင်ပါယာက လူတွေက အလွယ်တကူ ရန်လာစလို့ရတဲ့ လူတွေ မဟုတ်ကြောင်း သိအောင် ပြပေးပါ”
အောက်ဘက်မှ သိုင်းပညာရှင်များအားလုံး ဖွင့်ဟပြောဆိုလာပြီး ခို့ကျန်းဟွိုက်အား အားပေးကြသည်။ ဤနေရာမှ လူအများစုသည် ခို့ကျန်းဟွိုက်အား သိကြလေသည်။ အကြောင်းမှာ သူတို့ တိုက်ခိုက်သည့် အချိန်တိုင်း ခို့ကျန်းဟွိုက်သည် ရှေ့ဆုံးသို့ အမြဲ ပြေးတက်သူ ဖြစ်ပြီး နောက်အကျဆုံး ပြန်ဆုတ်သူ ဖြစ်သည်။
ထိုအချိန်တွင် စွန်းထောင်နှင့် လုံခွေတို့လည်း စင်အောက်၌ ရှိနေကြပြီး သူတို့၏ မျက်လုံးများတွင် အေးစက်မှုများ ထင်ဟပ်နေကာ စင်ပေါ်မှ နှစ်ယောက်ကို ကြည့်နေကြသည်။
“လတ်စသက်တော့ ယဲ့ဘုရင်ရဲ့ အစေအပါးကိုး၊ သခင်အတွက် လက်စားချေချင်တာလား၊ မင်းက အရည်အချင်း ပြည့်မီလို့လား”
နဉ်ကျန်းဟုန်က ဘဝင်မြင့်စွာ ပြုံးနေပြီး ခို့ကျန်းဟွိုက်အား အထင်သေးစွာ ကြည့်နေ၏။ သူတော်စင်သခင်အဆင့်၌ သူသည် မည်သူ့ကိုမှ မရှုံးနိုင်ကြောင်း သူ ယုံကြည်ထားသည်။
ခို့ကျန်းဟွိုက်သည် အပိုစကား မဆိုဘဲ တန်း၍ ပြေးတက်လာကာ သူ့လက်ထဲမှ ဓားကြီးကို ဝင့်၍ နဉ်ကျန်းဟုန်ထံ တိုက်ခိုက်လေသည်။
နဉ်ကျန်းဟုန်သည် ခို့ကျန်းဟွိုက်၏ အပြုအမူကြောင့် ဒေါသထွက်သွားပြီး ချက်ချင်း အော်ငေါက်လိုက်သည်။
“သေချင်နေတာပဲ”
ကျောနောက်ဘက်တွင် ရွှေရောင် ပဲ့ထိန်းဘီးတစ်ခု ပေါ်လာပြီး ၎င်းတွင် တာအိုသင်္ကေတများ ထွင်းထုထားပြီး တာအိုသဘောတရားများ စီးဆင်းနေသည်။ ၎င်းထံမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ခို့ကျန်းဟွိုက်အား တန်ပြန် တိုက်ခိုက်လေသည်။
ခို့ကျန်းဟွိုက်၏ အရိုးများ ကြေမွသွားပြီး ပါးစပ်မှ သွေးအန်ကာ စင်မြင့်အပြင်ဘက်သို့ လွင့်ထွက်သွားသည်။ သူ တစ်ခဏအတွင်း ရှုံးသွားလေပြီ။
“မင်း နတ်ဘုရားလက်နက် သုံးရဲတယ်လား”
စွန်းထောင်၏ မျက်လုံးများက မီးဝင်းဝင်းတောက်လာသည်။ တစ်ဖက်လူက အလွန်တရာမှကို ကောက်ကျစ် လှသည်။ နတ်ဘုရားလက်နက် သုံးနေသော သူတော်စင်သခင်အဆင့်ကို မည်သူက နိုင်ပါမည်နည်း။
“အစကတည်းက နတ်ဘုရားလက်နက် မသုံးရဘူးလို့မှ မပြောထားတာ”
နဉ်ကျန်းဟုန်က ကောက်ကျစ်စွာ ပြုံးနေသည်။ အရှက်မရှိလိုက်လေခြင်း။
“အရှက်မရှိဘူး”
“ယုတ်မာတယ်”
အောက်ဘက်မှလူများ ဒေါကန်လာသည်။ ဤသည်မှာ အလွန်အမင်း ယုတ်မာပက်စက်လှသော နည်းလမ်းပင်။ မည်သူက အနိုင်ရပေတော့မည်နည်း။
နတ်ဘုရားလက်နက်သာ ရှိနေလျင် နတ်ဘုရင်အဆင့် ဝင်ကူလျင်တောင်မှ အတူတူနီးပါးလောက်ပင်။ ထိုသို့ဆိုလျင် ဘယ်လိုလုပ် နိုင်ချေ ရှိပါမည်နည်း။ အလွန်အမင်း ယုတ်မာလှပေ၏။
ခို့ကျန်းဟွိုက်သည်လည်း တစ်ဖက်လူက အလွန် အရှက်မဲ့လိမ့်မည်ဟု ထင်မထားမိပေ။ မျှတသော ပြိုင်ပွဲကို တိုက်မည်ဟု ဆိုသော်လည်း အဆုံးတွင် နတ်ဘုရားလက်နက်ကို တန်းထုတ်သုံးခဲ့သည်။ သူ့တွင် တိုက်ခိုက်ချိန်ပင် မရလိုက်ချေ။
“အရေးမပါတာတွေ ပြောမနေနဲ့၊ မင်း ရှုံးရင် ရှုံးတယ်ပေါ့၊ မင်းက အရည်အချင်းမရှိတာနဲ့ အခြားသူကို လက်နက်သုံးလို့ အပြစ်တင်နေတာပေါ့လေ၊ မင်းမှာ လက်နက် ရှိလား၊ မရှိလားဆိုတာကို တိုက်ပွဲက ဘယ်သူက အရေးစိုက်မှာလဲ၊ ငါက မင်းကို သင်ခန်းစာပေးနေတာ”
နဉ်ကျန်းဟုန်က ပြုံး၍ ပြောလာပြီး သူ့မျက်နှာက ပို၍ ဘဝင်မြင့်ဟန် ပေါ်လာသည်။ ရန်စသော စကားပင်။ လူတိုင်း၏ မျက်လုံးတွ် ဒေါသရိပ်များ ယှက်သန်းလာ၏။
*ဒီလူက တော်တော် အရှက်မရှိတဲ့ လုပ်ရပ်ကို လုပ်ခဲ့တာပဲ၊ သူက တော်တော် လှည့်ဖြား ပြောဆိုတတ်တာပဲ၊ အံ့ဩစရာပဲ*
လင်းလန် ခေါင်းခါလိုက်ပြီး နဉ်ကျန်းဟုန်အား ပို၍ အထင်သေးစွာ ကြည့်နေမိသည်။
“ချီးပဲ”
စွန်းထောင် ဒေါသထွက်သွားပြီး စင်မြင့်ပေါ် တက်ရန် ပြင်လေသည်။ သို့သော် ထိုအချိန်၌ လုံခွေက သူ့အား တစ်ချက် ကြည့်လိုက်သည်။
“နင်က သူ့ပြိုင်ဘက် မဟုတ်ဘူး”
“အဲ့တော့ ဘာဖြစ်လဲ၊ ဆရာ့ဂုဏ်သိက္ခာကို လာစော်ကားမခံနိုင်ဘူး”
စွန်းထောင်၏ မျက်လုံးများက မီးဝင်းဝင်းတောက်နေ၏။
*သူကများ ဆရာ့ကို လာလှောင်ချင်နေတာလား၊ ငါဆိုတဲ့ စွန်းထောင် သေမှပဲ ရမယ်ကွ*
“နင် ခို့ကျန်းဟွိုက်ကို ကြည့်လိုက်၊ ငါ သွားမယ်”
လုံခွေ တစ်ချက် ပြောလိုက်ပြီး စွန်းထောင် ပြန်ပြောသည်ကို မစောင့်ဘဲ ပြိုင်ပွဲစင်မြင့်ထက်သို့ တက်လိုက်သည်။
“သတိထား”
လူအုပ်ကြားထဲမှ ခို့ကျန်းဟွိုက်က သတိပေးလာသည်။ လက်ရှိတွင် သူ လှုပ်နိုင်စွမ်း မရှိသဖြင့် စွန်းထောင်က သူ့အား ကျောပေါ် ထမ်းတင်ထားရသည်။
လုံခွေကို မြင်သည်နှင့် အင်ပါယာတွင်းမှလူများ ချက်ချင်း စိတ်လှုပ်ရှားလာ၏။ လုံခွေ၏ အရည်အချင်းကို သူတို့အားလုံး သိကြသည်။
သူမသာဆိုလျင် အရှက်မဲ့သော နဉ်ကျန်းဟုန်အား သေချာပေါက် နိုင်နိုင်သည်။
“ဟိုးဟိုး … သူက အလှလေးပဲ၊ ငါက ဘယ်လိုလုပ် အလှလေးကို ဖျက်ဆီးနိုင်မှာလဲ၊ ငါတို့ တိုက်ခိုက်တာကို အိပ်ရာပေါ်မှာ လုပ်ရအောင်လေ၊ ပြီးရင် လရောင်ကို ခံစားပြီး ဝိုင်လေးသောက်ပြီး အချိန်ဖြုန်းကြတာပေါ့ မကောင်းဘူးလား”
နဉ်ကျန်းဟုန်က အပြုံးနှင့် ပြောနေပြီး သူမ၏ အလှကြောင့် မှင်တက်နေ၏။ လုံခွေက ခံစားချက်ကင်းမဲ့စွာ ပြန်ပြောလာသည်။
“နင် သူ့ကို မစော်ကားသင့်ဘူး၊ အဲ့လူက နင် စော်ကားလို့ရနိုင်တဲ့လူ မဟုတ်ဘူး”
နဉ်ကျန်းဟုန် တစ်ခဏမျှ အံ့ဩသွားပြီးနောက် မျက်နှာ မည်းမှောင်လာသည်။
“လတ်စသက်တော့ ယဲ့ဘုရင်ရဲ့ နောက်ထပ် လက်ပါးစေတစ်ယောက်ကိုး၊ မင်းလည်း သင်ခန်းစာ မရသေးဘူးနဲ့ တူတယ်၊ ဒီလိုဆိုမှတော့ ငါ မင်းတို့အားလုံးကို သတ်ရတာပေါ့ …”
“ငါးမျိုဒြပ်စင်တာအို”
သူ့အနောက်မှ ရွှေရောင် ပဲ့ထိန်းဘီးက ထပ်လည်လာပြီး နဉ်ကျန်းဟုန်၏ လက်တွင် ငါးမျိုးရောင်စဉ် အလင်းတန်း စုဝေးလာပြီးနောက် လုံခွေထံ ပစ်လွှတ်လေသည်။
“ဂျွတ် ဂျွတ် ဂျွတ်”
ကြောက်စရာကောင်းသော ဤဖိအားကြောင့် ကြမ်းခင်းတစ်ခုလုံး ပျက်စီးလာပြီး အက်ရာ ထင်လာသည်။ ကြောက်စရာကောင်းသည့် အဖျက်စွမ်းအင် အလင်းတန်းက လုံခွေထံ တိုးဝင်လာလေသည်။
“သတိထား”
အောက်ဘက်ရှိ အင်ပါယာမှလူများက ကျယ်လောင်စွာ သတိပေးလာသည်။ သူတို့အားလုံး အလွန်အမင်း စိတ်လှုပ်ရှားလာကြသည်။
သို့သော် ထိုအခိုက်တွင် လုံခွေ မသိမသာ မျက်မှောင်ကြုတ်သွားပြီး လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။ ထို့နောက် ခန္ဓာကိုယ်မှ စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး လက်နှစ်ဖက်ကြားသို့ စုဝေးစီးဆင်းလာကာ ကျားဟိန်းသံနှင့် နဂါးဟိန်းသံတို့ ထွက်ပေါ်လာ၏။
ပြင်းထန်သော တုန်ခါသံ ထွက်ပေါ်လာပြီးနောက် လုံခွေသည် ဆယ်မီတာကျော် လွင့်သွားသော်လည်း ဤတိုက်ခိုက်မှုအား တားဆီးနိုင်ပြီး မည်သည့် ထိခိုက်မှုမှ မရှိချေ။
“ဘာ”
နဉ်ကျန်းဟုန်၏ အမူအရာက ချက်ချင်း ပျက်ယွင်းသွားသည်။ ဤအင်ပါယာမှ ဒေသခံလူများက သူ့နတ်ဘုရား လက်နက်ကို တားဆီးနိုင်လိမ့်မည်ဟု သူ မယုံကြည်နိုင်ပါ။
အခြားသော အင်အားကြီးများ၏ အမြင်တွင် ကျုံးကျိုးအင်ပါယာသည် ရှေးကျသော တည်ရှိမှု ဖြစ်ပြီး အလွန်အမင်း အားနည်းသည်ဟုသာ ထင်ထားကြသည်။
နဉ်ကျန်းဟုန်ကို ဥပမာထား၍ သိနိုင်ပေသည်။ သူသည် ထိပ်သီးဂိုဏ်းတစ်ခု၏ တရားမဝင်သား ဖြစ်ပြီး အင်ပါယာတွင်း၌ ဒေါသတကြီး လျှောက်ရမ်းနိုင်သည်။
နဉ်ကျန်းဟုန် မထင်ထားသည်က ဤနိုင်ငံငယ်လေးတွင် သူ့နတ်ဘုရား လက်နက်ကို တားဆီးနိုင်သူ ရှိနေခြင်းပင်။
“ကောင်းတယ်ဟေ့”
အောက်ဘက်မှ လူတိုင်း စိတ်လှုပ်ရှားကာ မျက်နှာနီမြန်းနေသည်။ မျက်စိရှေ့မှ မြင်ကွင်းက သူတို့အား မျှော်လင့်ချက် ပေးစွမ်းလာသည်။
“လုံခွေ သူ့ကို သင်ခန်းစာ ပေးလိုက်ပါ”
“ရိုက်ချိုးပစ် ရိုက်ချိုးပစ်၊ သတ်ပစ်လိုက်”
ထိုစကားများကိုကြားသောအခါ နဉ်ကျန်းဟုန်၏ မျက်နှာက အလွန်အမင်း သုန်မှုန်လာသည်။
“သောက်အမှိုက်ကောင်တွေ သူ့ကို ရှင်းပြီးရင် မင်းတို့အလှည့်ပဲ”
ထို့နောက် သူသည် ဝုန်းခနဲ လှုပ်ရှားလာပြီး လေးကြိုးမှ ပစ်လွှတ်လိုက်သော မြားတစ်စင်သဖွယ် လုံခွေထံ ပြေးဝင် လာလေသည်။
ချက်ချင်းဆိုသလိုပင် သူသည် လုံခွေရှေ့သို့ ရောက်လာပြီး သူ့အနောက်မှ ရွှေရောင် ပဲ့ထိန်းဘီးကလည်း လည်ပတ်လာကာ ငါးမျိုးရောင်စဉ် အလင်းတန်းက သူ့ညာလက်ဝါးတါင် စုဝေးလာပြီး ထိုညာလက်ဖြင့် လုံခွေကို ရိုက်လိုက်သည်။
ထိုလက်ဝါးသည် လက်တစ်ထောင်အားနှင့် ညီမျှလေသည်။ လုံခွေ မျက်မှောင်ကြုတ်သွားပြီး အလျင်အမြန် ခုခံလိုက်သည်။
ထိုလက်ဝါးနှင့် သူမလက်တို့ ရိုက်မိသောအခါ သူမခြေထောက်များ ကြမ်းပြင်ထဲသို့ နစ်ဝင်သွားပြီး ပြန်နုတ်ရ ခက်သွားသည်။
ထိုစဉ် လုံခွေက သရော်ပြုံး ပြုံးလာသည်။
“နင်က သူ့ကိုမယှဉ်နိုင်လောက်အောင် ပိုပြီးတော့ ဆိုးယုတ်တယ်”
နဉ်ကျန်းဟုန် မျက်နှာပျက်သွားပြီး တစ်ခုခု မှားနေကြောင်း သတိထားမိသွားသည်။ ချက်ချင်းဆိုသလိုပင် လုံခွေ လှုပ်ရှားလာသည်။ ရုတ်တရက် သူမခြေထောက်များက ကြမ်းပြင်မှ လွတ်ထွက်လာပြီး လက်နှစ်ဖက်ဖြင့် နဉ်ကျန်းဟုန်၏ လက်မောင်းကို ဖမ်းချုပ်၍ ကိုင်မြှောက်ကာ ကြမ်းပြင်နှင့် ကိုင်ပေါက်လေတော့သည်။
“ဘုန်း”
စင်မြင့်ကြမ်းပြင်ထက်တွင် ကြီးမားသော တွင်းချိုင့်တစ်ခု ဖြစ်ပေါ်လာသည်။ နဉ်ကျန်းဟုန် ဒဏ်ရာ အပြင်းအထန် ရသွားပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သူ ကျောရိုးကျိုးလုနီးပါး ဖြစ်သွားရသည်။