အခန်း ၁၅၅၇
Vol. 104 Ch. 1557
Chapter 1557 ကျားကျင်းတောင်
“သူ့ခွန်အားကို နင် မယှဉ်နိုင်ဘူး”
“သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းကို နင် မယှဉ်နိုင်ဘူး”
“သူ့ရဲ့ ရက်စက်မှုကို နင် မယှဉ်နိုင်ဘူး”
လုံခွေသည် တစ်လှမ်းချင်း တိုးလာပြီး နဉ်ကျန်းဟုန်အား မီးဝင်းဝင်းတောက်နေသော အကြည့်ဖြင့် စိုက်ကြည့်သည်။
“တောင်းပန်၊ နင့်ရဲ့ ရူးမိုက်မှုနဲ့ မောက်မာမှုအတွက် တောင်းပန်”
သူမသည်လည်း နဉ်ကျန်းဟုန်ကို မုန်းတီးပါသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သာ ယဲ့ဖန်ကို စစ်နတ်ဘုရားအိုကြီးကို ကယ်ရန် မလှုံ့ဆော်မိပါက ယဲ့ဖန် သေမည်မဟုတ်ဟု သူမ စိတ်ထဲ၌ တွေးမိသောကြောင့်ပင်။
ဤသည်က သူတို့အားလုံး၏ အမှားပင်။ လုံခွေ၏ စိတ်ထဲ၌ ယဲ့ဖန်အတွက် အလွန် အပြစ်ရှိသော ခံစားချက် ရှိနေ၏။
ထို့ကြောင့် သူမသည် ယဲ့ဖန်အတွက် လက်စားချေရန်အလို့ငှာ တော်လှန်ရေးတပ်သို့ ဝင်ရောက်ရန် ဆုံးဖြတ် ခဲ့ခြင်းပင်။ မည်မျှ ခက်ခဲပါစေ သူမ ထွက်ပြေးချင်သည့်အတွေး မဝင်မိပါ။
ယခု နဉ်ကျန်းဟုန်၏ ယဲ့ဖန်အပေါ် ရိုင်းပျသော စကားကို ကြားသောအခါ သူမ ပို၍ လက်ခံရန် ခက်ခဲကာ လုံးဝ ဒေါကန်သွားသည်။
“ကောင်းတယ်ဟေ့”
နောက်ထပ် ဝက်ဝက်ကွဲ အော်သံများ ထွက်ပေါ်လာသည်။ လုံခွေက နဉ်ကျန်းဟုန်၏ စိတ်ဓာတ်အား ရိုက်ချိုးလိုက် နိုင်သည်ကို မြင်သောအခါ လူတိုင်း ချက်ချင်း စိတ်လှုပ်ရှားသွားပြီး ကျယ်လောင်စွာ အော်ဟစ်အားပေးကြသည်။
“ငါ မင်းကို ပြောလိုက်မယ် ခွေးမ ငါ မင်းကို တစ်စစီ စုတ်ဖြဲပစ်မယ်”
နဉ်ကျန်းဟုန်က ကြမ်းကြုတ်စွာ မာန်မဲလိုက်သည်။ သူ့ဘဝတွင် တစ်ခါမှ ဤသို့ အရှက်မကွဲဖူးပါ။ သူသည် နိုင်ငံငယ် တစ်ခုမှ မိန်းမတစ်ယောက်ထံ၌ ရှုံးနိမ့်သွားရသဖြင့် သူ အရှက်ရသလို ခံစားမိသည်။
သတ်ချင်သည်။ သူ လုံခွေကို လုံးဝ သတ်ပစ်ချင်နေ၏။
သူ့အရိုးများမှ ပဲစေ့များ ဆီပေါက်သကဲ့သို့သော အသံများ ထွက်ပေါ်လာကာ ခန္ဓာကိုယ်က ကြီးမားလာပြီး ရွှေရောင် ပဲ့ထိန်းဘီးမှ ငါးမျိုးရောင်စဉ်က သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်လာသည်။
သူ့ခန္ဓာကိုယ်က ရုတ်တရက် ကြီးထွားလာပြီး တစ်ကိုယ်လုံးရှိ ကြွက်သားများက ပေါက်ထွက်မတတ် ဖုဖောင်းလာသည်။ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီတိုင်း၌ ကြောက်စရာကောင်းသော နတ်ဘုရား စွမ်းအင်တို့နှင့် ပြည့်နှက်နေ၏။
နဉ်ကျန်းဟုန်၏ ခန္ဓာကိုယ်က ရုတ်တရက် သုံးမီတာ မြင့်တက်သွားပြီး တစ်ကိုယ်လုံး ယန်စွမ်းအင်တို့ဖြင့် ပြည့်နှက်နေကာ ဒေါသထွက်နေသော နတ်ဘုရားတစ်ပါး နိုးထလာသည်နှင့် တူလှသည်။
ဤသည်က နတ်ဘုရင်အဆင့်တစ်ယောက် ရောက်လာသလိုပင်။ ထို့နောက် ချက်ချင်းဆိုသလိုပင် နဉ်ကျန်းဟုန်က လုံခွေအား ဒေါသတကြီး လက်သီးဖြင့် ထိုးလေသည်။
ထိုအခိုက်တွင် လုံခွေသည်လည်း သူမရှေ့မှ ပြင်းထန်သော ဖိအားကို ခံစားမိကာ မမြင်ရသော လေပြင်းတစ်ချက် သူမအား လွင့်ထွက်မတတ် ဖြစ်စေသည်ဟု ခံစားနေရသည်။
ဤလက်သီးချက်က ခုခံရ ခက်လောက်သည်။
“ဝှစ်”
သူမပုံရိပ်က နေရာမှ လှစ်ခနဲ ပျောက်ကွယ်သွားပြီး နဉ်ကျန်းဟုန်၏ ဦးခေါင်းထက်၌ ပြန်ပေါ်လာသည်။ နဉ်ကျန်းဟုန် ရုတ်တရက် မျက်နှာပျက်သွားပြီး တစ်ဖက်လူ၏ အလျင်က ဤမျှ မြန်လိမ့်မည်ဟု ထင်မှတ်ထားပုံ မရချေ။
သူ တုံ့ပြန်ချိန်ပင် မရလိုက်ပါ။ လုံခွေသည် အေးစက်စက် ကြည့်၍ သူ့ခေါင်းကို ရိုက်ချလေသည်။
“ဒူးထောက်စမ်း”
နဉ်ကျန်းဟုန်၏ ဦးခေါင်းသည် အပြင်းအထန် ဒဏ်ရာရသွားပြီး ငယ်သံပါအောင် အော်ဟစ်ကာ ခေါင်းပေါက်ထွက်မတတ် ခံစားရပြီး လဲကျသွားသည်။
သူ့မျက်နှာတွင် မယုံနိုင်လောက်အောင် အံ့ဩဟန်တို့ဖြင့် ပြည့်နှက်နေသည်။ သူ နောက်တစ်ကြိမ် ထိခိုက်ဒဏ်ရာ ရလိမ့်မည်ဟု ထင်မှတ်ထားပုံ မရချေ။ ဤသည်မှာ သူ၏ အစွမ်းအပြင်းဆုံး အသွင်အပြင် ဖြစ်သည်။
သို့သော် ဤမျှနှင့် ရပ်မသွားချေ။ လုံခွေ၏ ပုံရိပ်က ပတ်ဝန်းကျင်တွင် ကြမ်းတမ်းစွာ လှုပ်ရှားလျက် ရှိပြီး အလင်းကဲ့သို့ လျင်မြန်ကာ မိုးစက်များ ကျဆင်းသကဲ့သို့ နဉ်ကျန်းဟုန်အား အဆက်မပြတ် တိုက်ခိုက်လာသည်။
“ဝုန်း ဝုန်း ဝုန်း”
နဉ်ကျန်းဟုန် ထပ်ကာထပ်ကာ နောက်ဆုတ်နေရသည်။ နဉ်ကျန်းဟုန်၏ ခန္ဓာကိုယ်မှ သွေးများ အကြိမ်ကြိမ် ပန်းထွက်လာ၏။
သူ့တွင် ပြန်တိုက်နိုင်စွမ်း မရှိဘဲ တစ်ဖက်သတ် ဖိနှိပ်ခံနေရသည်။
“အား…”
နဉ်ကျန်းဟုန် ကျယ်လောင်စွာ အော်ဟစ်နေရပြီး ပြန်တိုက်ချင်ပါသော်လည်း သူ ပြန်ထိုးလိုက်သည့် အခါတိုင်း လေကိုသာ ထိုးမိပြီး လုံခွေ၏ တိုက်ခိုက်မှုအောက်တွင် သူ ဒဏ်ရာတစ်ခုပြီးတစ်ခုသာ ရနေသည်။
“နင် သူ့ကို စော်ကားရဲတယ်ပေါ့လေ”
“နင်ကများ သူ့ကို စော်ကားရဲရတယ်လို့”
လုံခွေ၏ မျက်လုံးတွင် မုန်းတီးစိတ်နှင့် လူသတ်ချင်စိတ်တို့ ထင်ဟပ်နေသည်။ သူမ အလွန်အမင်း ရူးမတတ် ဖြစ်နေလေသည်။
ခို့ကျန်းဟွိုက်နှင့် အခြားသူများအားလုံး၏ မျက်လုံးတွင် ကျေနပ်အားရဟန်များ အထင်းသား ပေါ်လွင်နေသည်။ ဤမောက်မာသောလူ သူနှင့် ထိုက်တန်အောင် ခံစားနေရပြီ မဟုတ်ပါလော။
နဉ်ကျန်းဟုန်၏ ပခုံးရိုးများ ကြေမွသွားသည်။ နဉ်ကျန်းဟုန်၏ အဆုတ်များ စုတ်ပြဲကုန်သည်။ နဉ်ကျန်းဟုန်၏ ရင်ညွန့်ရိုး ချိုင့်ဝင်သွားလေသည်။
သူထံမှ သွေးများ အဆက်မပြတ် ပန်းထွက်လာပြီး လုံခွေသို့ လာစင်နေသည်။ လုံခွေ၏ မျက်နှာ၊ လက်သီးနှင့် ရင်ဘတ်တို့တွင် သွေးများဖြင့် စိုရွှဲနေ၏။ သို့သော် သူမက အရေးမစိုက်ချေ။ အဘယ်ကြောင့်ဆိုသော် သူမမျက်လုံးမှ အရောင်က သွေးထက်ပင် ပိုမို နီရဲနေသေးသောကြောင့်ပင်။
“မတိုက်နဲ့တော့၊ ငါ မှားမှန်း သိပြီ၊ ငါ ရှုံးတာကို ဝန်ခံတယ်၊ ငါ တောင်းပန်ပါတယ်၊ ငါ ယဲ့ဘုရင်ကို မစော်ကားသင့်ဘူး၊ ယဲ့ဘုရင်က အသန်မာဆုံးပါ”
မြေကြီးပေါ်သို့ သူ နောက်ဆုံးအကြိမ် ဘုန်းခနဲ ပြုတ်ကျသွားသည်နှင့် လက်ကာ၍ လုံခွေကို တောင်းပန်လေသည်။ သူ့မျက်နှာတွင် ကြောက်စိတ်တို့ဖြင့် ပြည့်နှက်နေ၏။
လုံခွေ ရပ်လိုက်သည်။ သူမက နဉ်ကျန်းဟုန်အား အေးစက်စွာ ကြည့်နေသည်။
“အဲ့လူက နင် စော်ကားလို့ ရနိုင်တဲ့လူ မဟုတ်ဘူး၊ နင် နောက်တစ်ခါ ဒီလို ထပ်ပြောရဲရင် ငါ နင့်ကို သတ်ပစ်မယ်”
“အင်း”
နဉ်ကျန်းဟုန် ခေါင်းငုံ့၍ အရှက်ရစွာ သဘောတူနေသော်လည်း လုံခွေ မမြင်ရသောအချိန်တွင် သူ့မျက်လုံး၌ အငြိုးထားစိတ်တို့ဖြင့် ပြည့်နှက်နေ၏။
“ဟမ့်”
လုံခွေက အေးတိအေးစက် ခနဲ့သံပေး၍ တစ်ဖက်လှည့်ကာ ထွက်လာသည်။ သို့သော် လုံခွေ နောက်လှည့် လိုက်သည်နှင့် နဉ်ကျန်းဟုန်၏ မျက်လုံးတွင်မှ အငြိုးထားစိတ်က လူသတ်ချင်စိတ်အဖြစ်သို့ ပြောင်းလဲသွားသည်။
“သတိထား”
“ယီးပဲ”
ထိုသို့သောအချိန်၌ အောက်ဘက်မှ လူများက ဒေါသတကြီး အော်ပြောလာကာ မျက်လုံးများက မီးဝင်းဝင်း တောက်နေ၏။
ထိုအသံများကိုကြားသော် လုံခွေသည်လည်း ချက်ချင်း နောက်လှည့်ကြည့်လိုက်သည်။ ထိုအခါ ချွန်ထက်သော ဓားတစ်လက်က သူမ၏ နှလုံးသားအား ဒေါသတကြီး ထိုးသွင်းလာသည်ကို တွေ့လိုက်ရသည်။
တစ်ဖက်လူက သူမကို အသေသတ်ချင်နေမှန်း သိသာလှသည်။
လုံခွေသည် သတိလက်လွတ် ဖြစ်နေချိန် ဖြစ်သဖြင့် ခန္ဓာကိုယ် ကာကွယ်ခြင်း ချီဓာတ်ကို အသက်သွင်းရန် အချိန်မရလိုက်ပေ။ ထို့ကြောင့် လက်ဆန့်၍သာ ထိုဓားသွားကို ဖမ်းချုပ်လိုက်ရလေသည်။
သူမ၏လက်များ စုတ်ပြတ်သွားပြီး သွေးများ ပန်းထွက်လာကာ လက်ချောင်းများ ပြတ်လုနီးပါး ဖြစ်သွားရသည်။
သူမ၏ ခန္ဓာကိုယ်က သန်မာကြံ့ခိုင်ပါသော်လည်း ဤဓားသွားက ထူးခြားသော တစ်စုံတစ်ရာနှင့် ပြုလုပ်ထား ပုံရကာ သူမခန္ဓာကိုယ်အား အလွယ်တကူ ထိခိုက်အောင် လုပ်နိုင်နေ၏။
“မင်း သေချင်နေပြီလား”
တော်လှန်ရေးတပ်မှလူများအားလုံး ကျယ်လောင်စွာ အော်ဟစ်၍ စင်မြင့်ထက်သို့ ပြေးတက်လာကြသည်။
ခို့ကျန်းဟွိုက်နှင့် အခြားသူများသည် ဒေါသထွက်နေပြီး ခန္ဓာကိုယ်မှ လူသတ်ချင်သော အငွေ့အသက်က ဝုန်းခနဲ ထွက်ပေါ်လာကာ သည်းကြီးမည်းကြီး ပြေးလာလေသည်။
ထိုစဉ် ပြင်းထန်သော အငွေ့အသက်တစ်ခု ပျံ့လွင့်လာပြီး ဘေးလူများကို ဖုံးလွှမ်းသွားသည်။ ကွင်းပြင်၌ ကြီးမားသော ပုံရိပ်တစ်ခု ပေါ်လာပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါပါ ထုတ်လွှင့်နေသဖြင့် ကျောချမ်းဖွယ် ကောင်းလှသည်။
သူသည် တဖြည်းဖြည်း နောက်လှည့်၍ လူတိုင်းကို ကြည့်လာသည်။ သူ့မျက်လုံးတွင် သတ်ဖြတ်ချင်စိတ်က မသိမသာ ပေါ်လွင်နေသည်။
“ထွက်သွားစမ်း”
ကျယ်လောင်သော အသံတစ်သံ ပဲ့တင်ထပ်လာ၏။ သတ်ရန် ရှေ့တိုးလာသော တော်လှန်ရေးတပ်မှ လူများအားလုံး ချက်ချင်း လွင့်ထွက်သွားပြီး အရပ်မျက်နှာအနှံ့သို့ ပြန်ပြုတ်ကျကာ ဒဏ်ရာ အပြင်းအထန် ရသွားကြသည်။
*နတ်ဘုရင်အဆင့်လား*
လူတိုင်း ထိတ်လန့်သွားပြီး ထိုလူအား သွေးပျက်စွာ ကြည့်လိုက်သည်။ ရောက်လာသူသည် လေးမီတာမျှ မြင့်မားပြီး အရပ်ရှည်၍ ခါးမတ်မတ် နေနေသည်။ သူ၏ အရှိန်အဝါက နေသဖွယ် ပြင်းထန်သန်မာသည်။ သူ၏ ဓားသွားသဖွယ် မျက်ခုံးအောက်၌ မျက်လုံးများက ကြယ်တာရာသဖွယ် တောက်ပနေကာ အတော်လေး မာန်ပါ၏။
“ကျားကျင်းတောင်”
တော်လှန်ရေးတပ်ထဲမှ နတ်ဘုရင်အဆင့် သိုင်းပညာရှင်များ ရုတ်တရက် မျက်နှာပျက်သွားကြသည်။ သူတို့အရှေ့မှ လူသည် တစ်မူထူးခြားသော ဇစ်မြစ် ရှိသူပင်။
သူသည် နတ်နန်းတော်၏ နန်းတော်အရှင်သခင် လက်အောက်မှ အရှင်သခင် လေးယောက်ထဲက တစ်ယောက်ပင်။ သူသည် အလွန်အမင်း ထူးချွန်ပြီး အံ့ဩစရာကောင်းသူ ဖြစ်ကာ အင်မော်တယ် ဧကရာဇ် တစ်ပိုင်းအဆင့်သို့ ရောက်နေသူ ဖြစ်သည်။
*ဒီအင်ပါယာလေးထဲမှာ ဒီလူက ဘယ်လိုလုပ် ပေါ်လာတာလဲ*
ကျားကျင်းတောင်ဟူသော နာမည်ကို ကြားလိုက်သောအခါ လူတိုင်း တုန်လှုပ်သွားပြီး အလွန် သွေးပျက်သော အမူအရာများ ဖြစ်လာကြသည်။
ဤလူသည် နိုင်ငံနှင့် လူအများထံ ကပ်ဆိုးယူဆောင်လာသော အန္တရာယ်ဆိုးဟု ခေါ်နိုင်သည်။ သမိုင်းမှတ်တမ်းထဲမှ သွေးနီလ၊ နတ်ဆိုးနှင်းဆီနှင့် တော်ဝင်သွေးဆိုးခြင်း စသည့် သမိုင်းအားလုံးက သူနှင့် ပတ်သက်နေ၏။
၎င်းတို့အားလုံးက သူ ထိန်းချုပ်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ နိုင်ငံများစွာ ဆက်တိုက် ပါဝင်ပတ်သတ်ခဲ့ရပြီး သေဆုံးရသော လူဦးရေ တစ်သန်းကျော်လေသည်။
ကျားကျင်းတောင်၊ ဤနာမည်သည် ဘေးဆိုးနှင့် သံတူကြောင်းကွဲ ဟူပင် ဆိုရပေမည်။
ကျားကျင်းတောင်ကိုမြင်သော် နဉ်ကျန်းဟုန်၏ မျက်နှာတွင် ဘဝင်မြင့်ဟန် ပေါ်လာသည်။
“ငါ့သခင်လေးကို ဘယ်သူ ထိခိုက်အောင် လုပ်ရဲတာလဲ’
ကျားကျင်းတောင်က မျက်မှောင်ကြုတ်၍ သိုင်းပညာရှင်များကို ဝေ့ကြည့်လိုက်သည်။ သိုင်းပညာရှင်များ ရုတ်တရက် သွေးပျက်သွားကြသည်။
*ကျားကျင်းတောင်က နဉ်ကျန်းဟုန်နဲ့ တကယ် ပတ်သက်မှု ရှိနေတာလား*
*သခင်လေးတဲ့လား*
*ဒါဆို နဉ်ကျန်းဟုန်က နတ်နန်းတော်က နန်းတော်အရှင်သခင်ရဲ့ တရားမဝင်သားပေါ့*
ဤသတင်းက နွေခေါင်ခေါင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး လူတိုင်း သတိလက်လွတ် ဖြစ်သွားလေသည်။
“တစ်ယောက်ချင်း တိုက်ခိုက်တာကို ငါတို့ အမြဲ ကြိုဆိုတယ်၊ ဒါပေမဲ့ တစ်ယောက်ယောက်က အဖွဲ့လိုက် တိုက်ခိုက်ချင်တယ်ဆိုရင်တော့ ငါ့ကို ရက်စက်တယ်လို့ အဆိုးမဆိုနဲ့”
ကျားကျင်းတောင်က အေးစက်စွာ စိန်ခေါ်လိုက်ပြီး လူတိုင်းအား မထီလေးစားဟန်ဖြင့် ကြည့်နေသည်။ ခြိမ်းခြောက်နေခြင်းပင်။ သူသည် ဤလူများအား အရေးပင် မစိုက်ချေ။
“ယုတ်ညံ့တဲ့ နေရာမှာဆိုရင် မင်း သခင်လေးကို အတော်ဆုံးသူလို့တောင် တင်စားရမှာ မဟုတ်လား၊ တစ်ယောက်ချင်း ယှဉ်တိုက်ရာကနေ အလစ်ဝင်တိုက်တဲ့လူဘက်ကနေ မင်းက ဘယ်လိုတောင် တရားမျှတမှုကို တောင်းဆိုရဲရတာလဲ”
တစ္ဆေဖန့်ချီက ဒေါသတကြီး ကြိမ်းမောင်းလေပြီး မျက်လုံးများက အေးစက်နေသည်။ ယခုအခါတွင် သူသည် သူတော်စင်အဆင့်ကို ချိုးဖောက်၍ နတ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်ပြီ ဖြစ်သည်။
သို့သော် ကျားကျင်းတောင်က အရေးမလုပ်ချေ။
“စစ်သားဆိုတာ လှည့်စားဖို့ ဝန်မလေးဘူးတဲ့၊ မင်း မကြားဖူးဘူးလား၊ သူက ပေါ့ပေါ့နေတာလေ၊ ဘယ်သူ့ကို လာအပြစ်တင်နေတာလဲ”
ထိုစကားက အလွန် အရှက်မဲ့လှသည်။ နဉ်ကျန်းဟုန်က အရှုံးပေးကြောင်းပြောပြီး ခွင့်လွှတ်ရန် တောင်းပန်ခဲ့သူ ဖြစ်သည်။ ၎င်းက တိုက်ပွဲ ပြီးဆုံးသွားပြီဟု ဆိုလိုသည်။ သို့သော် သူက လုံခွေ နောက်လှည့်သွားသည်နှင့် အလစ်ချောင်း၍ တိုက်ခိုက်ခဲ့သည်။
“ဒေါသထွက်လား၊ မကျေနပ်ဘူးလား၊ အဲ့တော့ ဘာဖြစ်လဲ၊ ဘယ်သူက မင်းတို့ကို အမှိုက်ကောင်တွေဖြစ်ဖို့ ပြောခဲ့လဲ”
လူတိုင်း၏ ဒေါသထွက်နေသော အမူအရာကို မြင်သောအခါ ကျားကျင်းတောင်၏ အထင်သေးသော အမူအရာက ပို၍ ဆိုးရွားလာသည်။
“မင်းတို့ မကျေနပ်ရင် တက်လာလေ၊ ငါ ကျားကျင်းတောင်က ငါ့သခင်လေးကိုယ်စား ယှဉ်တိုက်ပေးမယ်၊ ဒါပေမဲ့ ငါ အကြံပေးလိုက်မယ်၊ မင်းတို့ တော်လှန်ရေးတပ်က မြေအောက်လောက ဘုရင်မနဲ့ တိုက်ခိုက်ပြီးနောက်ပိုင်း အကြီးအကျယ် အထိနာနေတယ်၊ ငါနဲ့ ထပ်ရင်ဆိုင်မယ်ဆိုရင် ဒီလောကထဲမှာ တော်လှန်ရေး တပ်ဆိုတာ ထပ်မရှိတော့မှာ စိုးရတယ်၊ ဟားဟားဟား …”
မောက်မာလွန်းလှသည်။ ရူးသွပ်လှသည်။
ထိုစကားကိုကြားသော် လုံခွေနှင့် အခြားသူများ၏ မကျေနပ်ဟန်များ ပေါ်လာကြသည်။ ထို့အပြင် တစ်ဖက်လူက အမှန်ကို ပြောနေခြင်း ဖြစ်မှန်းလည်း သူတို့ သိပေသည်။
လက်ရှိတွင် သူတို့ ရန်သူများစွာ ရှိနေ၍ မဖြစ်ပေ။ အကယ်၍ သူတို့ ယနေ့ ကျားကျင်းတောင်နှင့် ပဋိပက္ခဖြစ်ကာ ယနေ့ သူတို့ နိုင်သွားလျင်တောင်မှ တော်လှန်ရေးတပ် အပြီးတိုင် ပျက်သုဉ်းသွားမည်ကို စိုးရိမ်ရသည်။
တစ္ဆေဖန့်ချီ၏ မျက်နှာသည်လည်း သုန်မှုန်နေပြီး တိုက်ခိုက်သင့်၊ မသင့် ချီတုံချတုံ ဖြစ်နေ၏။
“ငါ … ငါ အဆင်ပြေတယ်”
ထိုစဉ် စင်မြင့်ထက်မှ လုံခွေက တုန်ယင်နေသော အသံဖြင့် ပြောလာသည်။ သူမ၏ မျက်နှာက အလွန် ဖြူရော်နေကာ နှလုံးသားက လက်ဆယ်ချောင်းဖြင့် အဖျစ်ခံထားရသကဲ့သို့ ခံစားနေရပြီး ပြင်းထန်သော နာကျင်မှုကြောင့် သတိလစ်လုနီးပါး ဖြစ်နေသည်။
လက်ရှိတွင် သူမသည် အခြေအနေအားလုံးကို ထိန်းသိမ်းပြီး သူမကိုယ်သူမသာ အထိနာစေရန် ရွေးချယ် လိုက်သည်။
ထိုစကားကိုကြားသော် နဉ်ကျန်းဟုန်၏ မခိုးမခန့်ပုံက ပိုမိုပီပြင်လာသည်။ မသိလျင် ဤသို့ ဖြစ်လာမည်ဟု သူ ကြိုခန့်မှန်းမိပုံပင်။
ထိုစကားကိုကြားသော် ခို့ကျန်းဟွိုက်သည် အံကြိတ်ထားမိလွန်းသဖြင့် သွားပင် ကြေမွတော့မတတ် ဖြစ်လာသည်။ သူသည် ရှေ့သို့ပြေးတက်၍ နဉ်ကျန်းဟုန်အား ရှစ်ပိုင်းပိုင်းပစ်ချင်နေ၏။
*ယုတ်မာတဲ့ သခင်လေးနဲ့*
*အရှက်မရှိတဲ့ အစေခံပဲ*
“အဆင်ပြေတယ် ဟုတ်လား၊ မင်း မကြာခင် အဆင်ပြေသွားမှာပါ”
နဉ်ကျန်းဟုန်က အားပါးတရ ရယ်မောလိုက်ပြီးနောက် ဓားမှ ပြင်းထန်သော စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။ လုံခွေ ထပ်မံ၍ လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ် အရှိန်ဖြင့် ကျလေသည်။
“ဝေါ့”
လုံခွေ သွေးတစ်လုပ် အန်လာ၏။ ထိုသွေးထဲတွင် အသားစများပင် ပါနေ၏။ လက်ရှိတွင် သူမ၏ ကိုယ်တွင်း အင်္ဂါများပါ ပျက်စီးသွားလေပြီ။ ဤသို့သော ဒဏ်ရာကို ကုနိုင်လျင်တောင်မှ အသုံးမကျသူ ဖြစ်လာပေလိမ့်မည်။
လုံခွေ၏ လှပသော မျက်နှာလေးက ဝိညာဉ်မရှိသကဲ့သို့ ထိုင်းမှိုင်းလာသည်။
*ငါ့ကျင့်ကြံခြင်းတွေ ပျက်စီးသွားပြီလား*
“သေသင့်တဲ့ကောင်”
ခို့ကျန်းဟွိုက်နှင့် စွန်းထောင်တို့ ထပ်သည်းမခံနိုင်တော့သဖြင့် ပြေးတက်လာပြီး နဉ်ကျန်းဟုန်ကို တိုက်ခိုက် တော့သည်။
“မလုပ်နဲ့”
တစ္ဆေဖန့်ချီ အသည်းအသန် တားဆီးလိုက်သည်။
“အလေဏတောတွေ”
ကျားကျင်းတောင်၏ မျက်နှာတွင် စိတ်မရှည်သော အရိပ်အယောင် ပေါ်လာပြီး ပြင်းထန်သော စွမ်းအင်များ ပါဝင်နေသော လက်ဝါးချက်ဖြင့် ဒေါသတကြီး ရိုက်ထုတ်လေသည်။
အကယ်၍ ဤလက်ဝါးချက်နှင့် ထိမိပါက နှစ်ယောက်လုံး သေချာပေါက် သေပေလိမ့်မည်။ သေရေးရှင်ရေး အခြေအနေ၌ တစ္ဆေဖန့်ချီသည် သူတို့နှစ်ယောက် ရှေ့သို့ ပြေးဝင်လာပြီး လက်ဝါးတွင် စွမ်းအင်များ စုဝေး၍ ပြန်ရိုက်ထုတ်လိုက်သည်။