← Chapters

အခန်း ၁၅၅၈

Vol. 104 Ch. 1558

အခန်း ၁၅၅၈

Vol. 104 Ch. 1558

Chapter 1558 ငါ စိန်ခေါ်ရဲတယ်

“ဝုန်း”

သို့သော် တစ်ခဏအကြာမှာပင် တစ္ဆေဖန့်ချီသည် ကျားကျင်းတောင်ကြောင့် ဆယ်မီတာကျော် လွင့်ထွက်သွားပြီး သူ့အနောက်မှ ခို့ကျန်းဟွိုက်နှင့် စွန်းထောင်တို့ကိုပင် တိုက်မိသဖြင့် သူတို့ပါ သွေးအန်၍ လွင့်ထွက်သွားကြသည်။

“ဂျွတ်”

ချက်ချင်းဆိုသလိုပင် တစ္ဆေဖန့်ချီ၏ လက်များ ကျိုးကာ သွေးအလိမ်းလိမ်း ဖြစ်နေ၏။

*ဒါက*

တော်လှန်ရေးတပ်မှ သိုင်းပညာရှင်များအားလုံး မှင်တက်သွားကြသည်။

*ကျားကျင်းတောင်ရဲ့ သာမန်ကာလျှံကာ တိုက်ခိုက်မှုက တစ္ဆေဖန့်ချီကို ဒဏ်ရာရစေတာလား*

*ဒါက အံ့ဩစရာပဲ*

ဤမြင်ကွင်းက သူတို့ကို လုံးဝ မျှော်လင့်ချက် မဲ့သွားစေသည်။

*သန်မာတယ်*

*သန်မာလွန်းတယ်*

တော်လှန်ရေးတပ်မှ နတ်ဘုရင်အဆင့်များတောင်မှ မတုန်လှုပ်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ ကျားကျင်းတောင် ပြောခဲ့သော စကားက လေလုံးထွားနေသော စကား မဟုတ်ပေ။ သူတို့အားလုံး အားကုန်သုံး၍ တက်လာလျင်တောင်မှ သူ့ပြိုင်ဘက် မဖြစ်နိုင်ပါ။

“တစ္ဆေဖန့်ချီ”

တစ္ဆေဖန့်ချီ၏ အသွင်အပြင်ကိုမြင်ပြီး ခို့ကျန်းဟွိုက်နှင့် စွန်းထောင်တို့ မိမိကိုယ်ကိုယ် အပြစ်တင်စိတ်များ ပို၍ ဖြစ်လာရသည်။

“မဆင်မခြင် မလုပ်နဲ့၊ မင်းတို့က သူ့ပြိုင်ဘက် မဟုတ်ဘူး”

တစ္ဆေဖန့်ချီသည် နှုတ်ခမ်းလှုပ်ရုံမျှသာ ပြောနေသော်လည်း သူ့မျက်လုံးများက ကျားကျင်းတောင်ကို အဆက်မပြတ် စိုက်ကြည့်နေ၏။

“အိုး … မင်းက ငါ့တိုက်ခိုက်မှုကို တားဆီးနိုင်စွမ်း ရှိသားပဲ၊ မင်းကို ကြည့်ရတာ ဆိုးတော့မဆိုးဘူးပဲ”

ကျားကျင်းတောင်က ဂုဏ်ယူစွာ ပြုံးနေပြီး အထင်သေးရိပ်များက တိုး၍သာ လာသည်။ ဤသည်ကိုမြင်သော် တော်လှန်ရေးတပ်မှ လူများအားလုံး၏ မျက်နှာတွင် မကျေနပ်စိတ်နှင့် ဒေါသစိတ်များ ပြည့်နှက်လာလေသည်။

သူတို့ အံကြိတ်ထားရသော်လည်း သူတို့ တတ်နိုင်တာဟူ၍ ဘာမှမရှိပေ။ ဤခံစားချက်က အလွန် ခံပြင်းစရာ ကောင်းလှသည်။

သို့သော် ထိုအချိန်တွင် နဉ်ကျန်းဟုန်က ဆက်အော်လာသည်။

“ဘယ်သူ မကျေနပ်သေးဘူးလဲ၊ တက်လာခဲ့”

တိတ်ဆိတ်သွားသည်။ လက်ရှိတွင် အသန်မာဆုံးသော လုံခွေတောင်မှ ရှုံးသွားပြီဖြစ်သဖြင့် သူတို့သည် ပြဿနာကို မီးခွက်ထွန်းရှာရုံသာ ဖြစ်ပေတော့မည်။

ထို့အပြင် နောက်ထပ် ရှုံးနိမ့်မှုက တော်လှန်ရေး တပ်၏ စိတ်ဓာတ်အပေါ် သက်ရောက်မည်ကို သူတို့ စိုးရိမ်သည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာသို့ လူတော်တော်များများ ရောက်လာပြီး ဖြစ်ပြီး တော်လှန်ရေးတပ်၏ အရှုံးကြီး ရှုံးခြင်းကို မြင်ပြီးနောက် အားလုံး အထုတ်ပြင်၍ ထွက်သွားကြသည်။

ဘယ်သူမှ မဖြေသည်ကိုမြင်ပြီး နဉ်ကျန်းဟုန်၏ အမူအရာက ပို၍ မောက်မာလာပြီး ကျယ်လောင်စွာ ရယ်မောလေသည်။

“အင်ပါယာက မင်းတို့အားလုံးက အမှိုက်ကောင်တွေဆိုတာ ဟုတ်နေတာပဲ၊ ယဲ့ဘုရင်ရဲ့ နောက်လိုက်တွေတဲ့လား၊ ယဲ့ဘုရင်ဆီက မင်းတို့ သင်ယူလာတဲ့ တစ်ခုတည်းသော အရာက သွေးကြောင်တာများလား”

ထိုစကားကြောင့် လုံခွေနှင့် အခြားသူများ၏ မျက်နှာများ ပြာနှမ်းသွားသည်။ တစ္ဆေဖန့်ချီ၏ အမုန်းမီးသည်လည်း ကောင်းကင်အထိ ထိုးတက်သွားလေသည်။ ယဲ့ဘုရင်၏ စီးတော်ယာဉ် တစ်ယောက် ဖြစ်သောကြောင့် နဉ်ကျန်းဟုန်၏ စကားကို ကြားသောအခါ ရူးမတတ် ဒေါကန်သွားရသည်။

သူ့အား စိုက်ကြည့်၍ ပိတ်ဆို့နေသော ကျားကျင်းတောင်ကြောင့်သာ မဟုတ်လျင် တစ္ဆေဖန့်ချီသည် အရှေ့သို့ပြေးတက်၍ နဉ်ကျားဟုန်၏ ခေါင်းကို ဆွဲဖြုတ်နေလောက်သည်။

“ဘယ်သူမှ တက်မလာရဲမှတော့ ငါ စိတ်မကောင်းပါဘူး၊ ဗိုလ်ချုပ်ကြီးရာထူးကို ငါ ဗြုန်းစားကြီး လက်ခံရတာပေါ့”

နဉ်ကျန်းဟုန်က အားပါးတရ ရယ်မော်နေသော်လည်း စိတ်ထဲတွင် အထင်သေး စက်ဆုပ်နေ၏။

*ဗိုလ်ချုပ်ကြီးနေရာက ရဖို့လွယ်လွန်းနေတယ် မဟုတ်လား*

လူတိုင်း မျက်နှာပျက်သွားကြသည်။

*နောက်ဆို ငါတို့ နဉ်ကျန်းဟုန်ရဲ့ အမိန့်ကို နာခံရမယ်လို့ ဆိုလိုနေတာလား*

ဤသည်က သူတို့ကို သတ်လိုက်သည်ထက် ပို၍ အနေရခက်စေသည်။ လူတိုင်း၏ မျက်နှာများ ပြာနှမ်းနေကာ မလိုလားစိတ်နှင့် ဒေါသဖြစ်စိတ်တို့ ပေါ်လာ၏။

လူတစ်ချို့တောင်မှ တော်လှန်ရေးတပ်မှ ထွက်ခွာရန် ကြံစည်နေပြီးပြီ ဖြစ်သည်။ ဤသို့ အရှက်မရှိသော လူများလက်အောက်၌ နေနေရခြင်းထက် ထွက်သွားသည်က ပိုကောင်းသေးသည်။

နဉ်ကျန်းဟုန်သည် လူတိုင်း၏ မလိုလားမှုကိုမြင်သော ခနဲ့လာ၏။

“အရင်ဆုံး ပြောလိုက်မယ်၊ ငါ မနာခံတတ်တဲ့ လူတွေကို အမုန်းဆုံးပဲ၊ မင်းတို့ထဲက ဘယ်သူမဆို ငါ့ကို လွန်ဆန်လို့ကတော့ ငါ့သက်တော်စောင့်နဲ့ မင်းတို့ကို သတ်ခိုင်းမယ်”

ထိုသို့ပြောလိုက်သောအခါ လူတိုင်း၏ မျက်နှာများ ပိုမို၍ ရှုံ့မဲ့လာသည်။ ဤသည်က ဖိနှိပ်ခြင်းပင်။ နောင်တွင် သူတို့ နဉ်ကျန်းဟုန်ကို ဖီဆန်နိုင်စွမ်း ရှိမည် မဟုတ်ပါ။

လူတိုင်း ထပ်မံ၍ တိတ်ဆိတ်နေသည်ကိုမြင်ပြီး နဉ်ကျန်းဟုန်နှင့် ကျားကျင်းတောင်တို့က ပိုမို၍ ဂုဏ်ယူ ဝမ်းမြောက်စွာ အော်ရယ်ကြသည်။

ထိုသို့သောအချိန်၌ နဉ်ကျန်းဟုန်က ရုတ်တရက် လင်းလန်ကို လှမ်းကြည့်လာပြီး ထိုအကြည့်တွင် ရာဂရမ္မက်တို့အား ဖုံးကွယ်မထားချေ။

လင်းလန်၏ ခန္ဓာကိုယ်လေး တုန်ယင်သွားသည်။ နဉ်ကျန်းဟုန် ဘာကြံနေသလဲကို ဘယ်လိုလုပ် သူမ မသိဘဲ နေမည်နည်း။ ထို့ကြောင့်ပင် သူမ၏ မျက်နှာ မည်းမှောင်သွားလေတော့သည်။

“မြှောက်စားတာကို မသိတဲ့ အရူးမ၊ မင်းက ငါ့ကို မနာခံချင်မှတော့ ငါ ဖိအားသုံးတယ်လို့ အပြစ်မတင်နဲ့”

နဉ်ကျန်းဟုန်က သူ့ဘောင်းဘီခါးပတ်ကိုဖြုတ်၍ ညစ်ကျယ်ကျယ် အပြုံးဖြင့် လင်းလန်ထံ လျှောက်သွားသည်။

“ငါ ဒီနေရာမှာ မင်းလို အေးစက်တဲ့ ကောင်မကို လူတိုင်းရှေ့မှာ ကစားပြမယ်”

*ငါ့ကို အထင်သေးတယ်ပေါ့*

*ငါ့ရှေ့မှာ လာမောက်မာချင်ယောင်ဆောင်တယ်ပေါ့*

*အခု ငါ မင်းကို လူတိုင်းရှေ့မှာ မင်းကို စော်ကားပြီး မင်းမာနကို မြေကြီးထဲ ရောက်တဲ့အထိ နင်းချေပြမယ်”

“မရဘူး အမှိုက်ကောင်”

လင်းလန် ရုတ်တရက် ထအော်ကာ အားကုန်သုံး၍ ပြေးရန်ပြင်လေသည်။ သို့သော် သူမ၏ ကိုယ်လေးက တောင့်တင်း သွားပြီး တစ်စက်ကလေးမျှ လှုပ်မရတော့ချေ။

ကျားကျင်းတောင်က ညစ်ကျယ်ကျယ် ပြုံးနေပြီး သူ၏ အရှိန်အဝါကိုသုံး၍ ဖိနှိပ်ထားသောကြောင့် လင်းလန် ထွက်ပြေး၍ မရနိုင်ခြင်း ဖြစ်သည်။

ထိုစဉ် တစ္ဆေဖန့်ချီနှင့် အခြားသော နတ်ဘုရင်အဆင့်များ ပြိုင်တူ ပြေးတက်လာပြီး ကျားကျင်းတောင်အား တိုက်ခိုက်လေသည်။

“ဟမ်”

ကျားကျင်းတောင် မျက်မှောင်ကြုတ်သွားသည်။ တစ္ဆေဖန့်ချီနှင့် အခြားသူများက ဘာမဟုတ်သော မိန်းမ တစ်ယောက် အတွက်နှင့် အဘယ်ကြောင့် သူ့ကို တိုက်ခိုက်ရသလဲ ဆိုသည်ကို သူ နားမလည်နိုင်ချေ။

ထိုမျှနှင့် ရပ်မသွားချေ။

“သတ်ဟေ့”

တော်လှန်ရေးတပ်မှ လူများကလည်း ရုတ်တရက် ကြွေးကြော်၍ ပြတ်သားသော မျက်နှာများဖြင့် ကျားကျင်းတောင်ထံ ပြေးဝင်လာ၏။

*ဒီလူတွေ ရူးနေတာလား*

ကျားကျင်တောင်၏ မျက်နှာ မည်းမှောင်သွားသည်။

*ဒီပုရွက်ဆိတ်ကောင်တွေကများ ငါ့ကို ရန်စရဲတယ်ပေါ့လေ၊ သေချင်နေတာပဲ*

“အဲ့မိန်းမက ယဲ့ဘုရင်ရဲ့ မိန်းမကိုး၊ သူတို့ စိုးရိမ်နေတာကို မအံ့ဩမိတော့ဘူး”

နဉ်ကျန်းဟုန်က ညစ်ကျယ်ကျယ် အပြုံးနှင့် ပြောလာသော်လည်း သူ့မျက်နှာက စိတ်အေးလက်အေး ဖြစ်နေဟန် ပေါ်ကာ ခံစားချက် ကင်းမဲ့နေ၏။

“ယဲ့ဘုရင်ရဲ့ မိန်းမတစ်ယောက်နဲ့ ပျော်ပါးရမှာကို တွေးမိတော့ စိတ်လှုပ်ရှားလွန်းလို့ တုန်တောင် တုန်တယ်”

“သခင်လေးက ရွေးတတ်သားပဲ”

ကျားကျင်းတောင်မှ နဉ်ကျန်းဟုန်ကို လက်မထောင်ပြ၍ ရယ်ကာ ပြောလေသည်။

“ငါ သူနဲ့ ကစားလို့ ဝသွားရင် မင်းကို ယဲ့ဘုရင်မိန်းမရဲ့ အရသာကို ခံစားခိုင်းမှာပါ”

နဉ်ကျန်းဟုန်က စဉ်းလဲစွာ ပြုံးလိုက်သည်။ ကျားကျင်းတောင်သည် မူလက မိန်းမများအပေါ် စိတ်မဝင်စားချေ။ သို့သော် လင်းလန်ကို တစ်ချက်ကြည့်မိပြီးနောက် သူ ပါးစပ်များ ခြောက်သွေ့လာရသည်။

သူတို့နှစ်ယောက်၏ စကားက ဗြောင်ကျပြီး ရဲတင်းလွန်းသဖြင့် လူတိုင်း ဒေါသထွက်လာရသည်။

သို့သော် သူတို့သည် တစ္ဆေဖန့်ချီ ချဉ်းကပ်လာသည်ကို မြင်ပုံမရဘဲ ဆက်၍ စကားပြောဆိုကာ ရယ်မောနေကြပြီး တစ်ဖက်အား အလွန် အထင်သေးကြောင်း ပြနေ၏။

“သေပေတော့”

တစ္ဆေဖန့်ချီက မုန်းတီးစွာ ကြွေးကြော်လိုက်သည်။ သူ သေရလျင်တောင်မှ မိဖုရားကို ဘေးကင်းအောင် ထားမှ ဖြစ်မည်။ သူ သေပြီးနောက် သခင်ကြီးကို အရှက်ရအောင် လုပ်၍ မဖြစ်ချေ။

“အမှိုက်ကောင်ကများ သေချင်နေတာပဲ”

ကျားကျင်းတောင်မှ ရုတ်တရက် ခနဲ့လိုက်ပြီး အေးစက်စက် ပြောလိုက်ပြီးနောက် သူ့ကိုယ်မှ တောင်ဟီသံ ကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာပြီး ဒေါသတကြီး တိုက်ခိုက်လိုက်သည်။

ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ သူ၏ လက်နှစ်ချောင်းထိပ်တွင် နှိုင်းယှဉ်မရအောင် တောက်ပ၍ ပြင်းထန်သော အလင်းတန်း ထွက်ပေါ်လာလေသည်။

“ကောင်းကင်ခွင်း လက်ချောင်း”

လူတိုင်း ချက်ချင်း တုန်လှုပ်ချောက်ချားသွားသည်။ အကြောင်းမှာ ဤတိုက်ကွက်က ကျားကျင်းတောင်၏ တစ်မူထူးခြားသော သိုင်းကွက်ဖြစ်ပြီး နာမည်ကို ကြားလိုက်ရုံနှင့် အလွန် ကြမ်းကြုတ်ပြီး လွှမ်းမိုးနိုင်နေလေပြီ။

တစ်ခါက ကျားကျင်းတောင်သည် ထောင်ချီသော စစ်သည်များကို ဤသိုင်းကွက်ဖြင့် တိုက်ခိုက်ပြီး လူပေါင်းများစွာကို သေကြေစေခဲ့သည်။

လက်ရှိအချိန်တွင် ကျားကျင်းတောင်နှင့် အခြားသူများသည် ကြက်သီးထလာသလို ခံစားမိပြီး မရဏ အငွေ့အသက် အငွေ့အသက်က သူတို့အား လွှမ်းခြုံလာသည်ကို သတိပြုမိသွားသည်။

သို့သော် လက်ရှိတွင် သူတို့ ရှောင်တိမ်းမရ ဖြစ်နေလေသည်။

တစ်ခဏအတွင်းမှာပင် တစ္ဆေဖန့်ချီ၏ လက်သီးသည် ကြောက်စရာကောင်းသော အလင်းတန်းနှင့် ထိပ်တိုက် ရင်ဆိုင်မိပြီး တဖြည်းဖြည်း ကျိုးကြေပျက်စီးကာ သွေးများ ပန်းထွက်လာသည်။

ထို့နောက်တွင်မူ သူ့ရင်ဘတ်တစ်ခုလုံး ပေါက်ထွက်သွားပြီး တစ်ကိုယ်လုံး လွင့်ထွက်သွားပြန်သည်။ သူ့အနောက်မှ နတ်ဘုရင်အဆင့် နှစ်ယောက်တွင်လည်း တစ်ယောက်က လက်တစ်ဖက်ပြတ်ပြီး ကျန်တစ်ယောက်က ခန္ဓာကိုယ် တစ်ဝက်မျှ ပျက်စီးလုနီးပါး ဖြစ်သွားရသည်။

နတ်ဘုရင်အဆင့် သုံးယောက်လုံး သွေးအိုင်ထဲ လဲနေပြီး လုံးဝ ရှုံးနိမ့်သွားလေသည်။

ဤမြင်ကွင်းက တော်လှန်ရေးတပ်မှ သိုင်းပညာရှင်များအားလုံးကို မှင်တက်သွားစေသည်။ တစ်ဖက်လူ၏ တိုက်ကွက်က တားဆီး၍ မရနိုင်ပေ။

*ဒါ ဘယ်လိုဖြစ်ရတာလဲ*

လူတိုင်း အံ့ဩမှင်တက်နေကြသည်။ နတ်ဘုရင်အဆင့် သုံးယောက်လုံး အကောင်းဆုံး လုပ်ဆောင်ခဲ့သော်လည်း တစ်ဖက်လူ၏ တိုက်ကွက် တစ်ခုကိုပင် မခံနိုင်ချေ။

ချက်ချင်းဆိုသလိုပင် လူတိုင်း၏ မျက်နှာတွင် မျှော်လင့်ချက်မဲ့သော အမူအရာများနှင့် ပြည့်နှက်လာသည်။

*သွားပြီ*

*ဒီတစ်ခါတော့ လုံးဝ သွားပြီ*

တစ္ဆေဖန့်ချီနှင့် အခြားသူများတောင်မှ ရှုံးနိမ့်သွားပြီ မဟုတ်ပါလော။ ထိုသို့ဆိုလျင် ကျားကျင်းတောင်နှင့် နဉ်ကျန်းဟုန်တို့ သူတို့ လုပ်ချင်တာလုပ်၍ ရနေလောက်သည်။

“မင်းတို့က သေလမ်းရှာနေမှတော့ ဒီနေ့ တော်လှန်ရေးတပ်က ပျက်သုဉ်းသင့်တယ်”

ကျားကျင်းတောင်က အေးစက်စွာ ပျက်ရယ်ပြုလာသည်။ တစ္ဆေဖန့်ချီနှင့် အခြားသူများ၏ မျက်နှာတွင် မချိပြုံးများ ပေါ်လာပြီး သူတို့၏ ကံကြမ္မာကို လက်ခံလိုက်ပုံရသည်။ သူတို့ ကံဆိုးလှသည်ဟုသာ ပြောနိုင်ပေတော့သည်။

ထို့နောက် တစ္ဆေဖန့်ချီ၏ မျက်နှာပေါ်သို့ ကံကြမ္မာကို လက်သင့်မခံနိုင်သည့် မျက်ရည်များ စီးကျလာ၏။

“အရှင်မင်းမြတ် ကျွန်တော် တောင်းပန်ပါတယ်၊ ဒီကျေးကျွန်က အသုံးမကျလို့ အရှင့်အတွက် မျက်နှာရအောင် မလုပ်နိုင်ခဲ့ပါဘူး”

“ငါ့ကိုလွှတ် ယီးပဲ ငါ့ကိုလွှတ်”

“ငါ့ကို မသတ်ပါနဲ့၊ မလုပ်နဲ့”

ထိုစဉ် တော်လှန်ရေးတပ်ရှိ လူများထံမှ အော်သံများ တစ်သံပြီး တစ်သံ ထွက်ပေါ်လာသည်။ ထောင်ချီသော တော်လှန်ရေးတပ်မှ လူများသည် ကောင်းကင်ယံသို့ ပျံတက်သွားသော်လည်း အားလုံး အသည်းအသန် ရုန်းကန် နေကြသည်။

တစ္ဆေဖန့်ချီ ကျားကျင်းတောင်ကို လှမ်းကြည့်လိုက်သည်။ ထိုအခါ ကျားကျင်းတောင်က အပြုံးကြီး ပြုံးနေပြီး သူ့လက်အား ကောင်းကင်ယံသို့ ချိန်ရွယ်ထားသည်ကို တွေ့လိုက်ရသည်။

ချက်ချင်းဆိုသလိုပင် တစ္ဆေဖန့်ချီသည် တစ်စုံတစ်ရာကို သတိပြုသွားပြီး စိုးရိမ်တကြီး ထအော်လိုက်သည်။

“ကျားကျင်းတောင် သူတို့က အပြစ်ကင်းတယ်၊ သတ်ချင်ရင် ငါတို့ကိုပဲ သတ်”

“အလုပ်ဖြစ်မှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ငါ အကြိုက်ဆုံးအရာက ပုရွက်ဆိတ်တွေကို သတ်တာမို့လို့ပဲ၊ ဟားဟားဟား”

ကြမ်းကြုတ်သော ရယ်သံ ထွက်ပေါ်လာပြီးနောက် ကျားကျင်းတောင်သည် လက်ငါးချောင်းအား ဖျစ်ညှစ် လိုက်သည်။

ကောင်းကင်ယံရှိ တော်လှန်ရေးတပ်မှ လူများ တစ်ယောက်ပြီး တစ်ယောက် ပေါက်ကွဲကာ အသားစများနှင့် သွေးစက်များ လွင့်စဉ်လာသည်။

ထိုသို့သောအချိန်တွင် ကောင်းကင်၌ အမှန်တကယ်ပင် သွေးမိုး ရွာနေလေသည်။ ကြောက်လန့်တကြား အော်ဟစ်သံများ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။

တော်လှန်ရေးတပ်မှ လူများအားလုံး ကြောက်လန့်နေကြသည်။ ထောင်ချီသော လူအများက ကျားကျင်းတောင်ကြောင့် တစ်ခဏအတွင်း သေဆုံးသွားရသည်တဲ့လား။

မြေကြီးပေါ် ကျလာသော အသားစများနှင့် ကလီစများကို ကြည့်ပြီး သူတို့၏ စိတ်ဝိညာဉ်များပင် တုန်လှုပ် လာရသည်။

ဤသည်က လောကပေါ်မှ ကြေးချွတ်သန့်စင်ဘုံသာ။

ပူနွေးသော သွေးစက်များကြောင့် တစ်ကိုယ်လုံး ရွှဲရွှဲစိုလာ၏။ သူတို့ ရဲဘော်ရဲဘက်များ၏ သွေးစက်များဖြင့် တစ်ကိုယ်လုံး ရွှဲစိုနေပြီး တော်လှန်ရေးတပ်မှ လူများအားလုံး ကြောင်တောင်တောင် ဖြစ်ကာ စကားပင် မပြောနိုင်ကြချေ။ သူတို့၏ ဦးနှောက်က ပိုမို၍ ဗလာဖြစ်နေ၏။

“ငါတို့ကို ဘယ်သူ ကယ်မှာလဲ၊ ဘယ်သူ ငါတို့ကို ကယ်မှာလဲ”

“အရှင်မင်းမြတ် နောက်ဆုံးတော့ ကျွန်တော် အရှင့်နောက် လိုက်လာပြီ”

“နတ်ဆိုးတစ်ကောင်ဆိုတာ သေလည်း နတ်ဆိုးအဖြစ်နဲ့သေပြီး မသေမချင်း တိုက်ခိုက်မယ်ကွ”

ပတ်ဝန်းကျင်က ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။ လူတစ်ချို့က အော်ဟစ်၍ အကူအညီတောင်းနေကြပြီး အချို့က တုန်ယင်နေကြကာ အချို့မှာမူ သေမှာမကြောက်ဘဲ ရှေ့သို့တက်၍ တိုက်ခိုက်ရန် ပြင်နေ၏။

“လုပ်ကြ၊ ရုန်းကန်ကြ၊ ခုခံကြ၊ မင်းတို့လို ပုရွက်ဆိတ်ကောင်တွေ ခေါင်းမာမာနဲ့ တိုက်ခိုက်ပြီး ကိုယ့်သေလမ်း ကိုယ်ရှာနေတာကို ကြည့်ရတာက ငါ့အကြိုက်ဆုံးကိစ္စပဲ”

ကျားကျင်းတောင်က အားပါးတရ ရယ်မော၍ လက်ငါးချောင်းကို လှုပ်ရှား၍ အသက် တစ်ချောင်းပြီး တစ်ချောင်းအား နုတ်ယူနေသည်။

ရလဒ်မှာမူ တစ်မိနစ်အတွင်း ပြေးတက်လာသော သိုင်းပညာရှင်များအားလုံး သေဆုံးသွားကြသည်။ ကျန်လူများမှာ ကြောက်လန့်နေသော ငကြောက်တစ်သိုက်သာ ဖြစ်သည်။

“ငါ့ကို ဘယ်သူ စိန်ခေါ်ရဲသေးလဲ”

ကျားကျင်းတောင်က ရယ်မော၍ သူ့ကြောင့် ကြေးချွတ်သန့်စင်ဘုံသဖွယ် ဖြစ်နေသော စခန်းအား စူးရှစွာ ဝေ့ကြည့်လိုက်သည်။

တော်လှန်ရေး တပ်သားများအားလုံး မျက်နှာ ပြာနှမ်း၍ တုန်ယင်နေကြပြီး အချို့ဆိုလျင် စိတ်ဖောက်၍ တစ်ကိုယ်တည်း တတွတ်တွတ် ပြောနေကြသည်။ မျက်လုံးများတွင် သွေးပျက်ဟန်တို့ ပြည့်နှက်နေကာ အလွန်အမင်း ကြောက်ရွံ့နေသည်။

“ငါ စိန်ခေါ်ရဲတယ်”

ရုတ်တရက် မနီးမဝေးမှ အသံတစ်သံ ထွက်ပေါ်လာသည်။ လူတိုင်း ထိတ်လန့်သွားပြီး ကြောက်ရွံ့ဟန်များ ပေါ်လာသည်။ ကျားကျင်းတောင်ကို စိန်ခေါ်ရဲသေးသည့် လူများ ရှိနေသေးလိမ့်မည်ဟု သူတို့ မယုံနိုင် ဖြစ်နေသေးသည့်ပုံပင်။

ချက်ချင်းဆိုသလိုပင် လူတိုင်း အသံလာရာသို့ ကြည့်လိုက်ကြသည်။ ထိုအခါ လူနှစ်ယောက်က ဖြည်းဖြည်းချင်း လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ လူတိုင်း ပင့်သက်ရှိုက်သွားကြလေသည်။

All Chapters