← Chapters

အခန်း ၁၅၅၉

Vol. 104 Ch. 1559

အခန်း ၁၅၅၉

Vol. 104 Ch. 1559

Chapter 1559 လက်တစ်ချောင်း၏ စွမ်းအား

ထိုနှစ်ယောက်သည် သူတို့၏ နှာခေါင်းနှင့် ပါးစပ်တို့ကို ကာကွယ်ပေးထားသည့် သဲဒဏ်ခံ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကြသဖြင့် သူတို့၏ သရုပ်မှန်ကို မမြင်ကြရပေ။

သူတို့သည် သဲကန္တာရကို ဖြတ်၍ တစ်လှမ်းချင်း လျှောက်လာနေကြသည်။ ဤမြင်ကွင်းက အလွန် ထူးဆန်းဖွယ် ကောင်းလှသည်။

ဤသဲကန္တာရအား သဲပင်လယ်ဟု ခေါ်တွင်ပြီး အတိုင်းအတာ ကျယ်ပြော၍ အကန့်အသတ် မဲ့လှသည်။ တော်လှန်ရေးတပ်က ဤနေရာကို အခြေစိုက်စခန်းအဖြစ် ရွေးချယ်ရသည့် အကြောင်းရင်းကလည်း မြေပြင် အနေအထားက ရှာဖွေရ ခက်ခဲသောကြောင့်ပင်။

အတွေ့အကြုံ မရှိသော လမ်းပြသာမရှိလျင် ဤနေရာသို့ ခြေချမိသည်နှင့် ပြန်ထွက်နိုင်မည် မဟုတ်ပါ။ သို့သော် လမ်းပြက လမ်းပြလျင်တောင်မှ သဲပင်လယ်၏ အတွင်းဘက်သို့ သွားရဲမည် မဟုတ်ဘဲ အဖျားပိုင်း၌သာ နေရဲပေလိမ့်မည်။

သို့သော် ဤအမျိုးသားနှင့် အမျိုးသမီးအတွဲသည် သဲပင်လယ်၏ အနက်ပိုင်းမှ လာနေခြင်းဖြစ်ကြောင်း သိသာလှသည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ဤထိတ်လန့်မှုက ပင်လယ်သမုဒ္ဒရာထဲ၌ မီးတောက်တစ်ခုကို မြင်လိုက်ရသကဲ့သို့ မယုံနိုင်စရာ ကောင်းလှသည်။

“ငါ မင်းကို စိန်ခေါ်ရဲရုံတင်မကဘူး၊ ငါ မင်းကို … သတ်ပါသတ်ချင်နေတာ၊ မင်း သေရမယ်”

ထိုအဖြူရောင်ဝတ်စုံနှင့် အမျိုးသားသည် သားရဲသကဲ့သို့ အသံနိမ့်နိမ့်ဖြင့် မာန်မဲလာပြီး ရူးချင်စရာ ကောင်းလှသည်။ ရုတ်တရက် ကြောက်စရာကောင်းသော လူသတ်လိုသည့် အငွေ့အသက်က တစ်ဟုန်ထိုး ပျံ့လွင့်လာသည်။

လူတိုင်း သွေးပျက်သွားပြီး ထိုလူအား မယုံနိုင်စွာ ကြည့်နေမိသည်။ ကျားကျင်းတောင်၏ ခွန်အားကို တွေ့မြင်ပြီးနောက် သူ့ကို ရန်စရဲသည့် တစ်စုံတစ်ယောက် ရှိနေလိမ့်မည်ဟု လက်သင့်မခံနိုင် ဖြစ်နေကြသည်။

“ရောင်းရင်း မြန်မြန် သွားပါတော့၊ သူက ကျားကျင်းတောင်၊ မင်း သူ့ကို ရန်စလို့မရနိုင်ဘူး”

တစ္ဆေဖန့်ချီက ချက်ချင်း အော်ဟစ် သတိပေးလိုက်သည်။ တစ်ဖက်လူ၏ ဇစ်မြစ်နှင့် နောက်ခံကို သူ မသိသော်လည်း ဘာကြောင့်မှန်းမသိ တစ်ဖက်လူကို သူ ရင်းနှီးနေသလို ခံစားနေရသည်။ သူ ဆိုးဆိုးရွားရွား သေဆုံးသွားမည်ကို သူ မကြည့်ရက်ချေ။

“သေချင်နေတဲ့ နောက်တစ်ယောက်ပါလား”

ဤသည်ကိုမြင်သော် နဉ်ကျန်းဟုန်က ချက်ချင်း သရော်ပြုံး ပြုံးလိုက်ပြီး ဖျတ်ခနဲ လှုပ်ရှားလိုက်သည်။

“သခင်လေး မလုပ်နဲ့”

ကျားကျင်းတောင် အော်လိုက်သည်။ အကြောင်းမှာ ထိုလူ၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော အငွေ့အသက်ကို သူ သတိထားမိ၍ ဖြစ်သည်။

သို့သော် နဉ်ကျန်းဟုန်က သူ့ကို လျစ်လျူရှု၍ အဖြူရောင်ဝတ်စုံနှင့် လူကိုသာ သတ်ရန် ကြံလေသည်။

ထိုအဖြူရောင်ဝတ်စုံနှင့်လူသည် ယဲ့ဖန်သာ ဖြစ်ပြီး ချင်ဧကရာဇ် သင်္ချိုင်းဂူက ဤအဆုံးအစမဲ့သော သဲပင်လယ်အောက်၌ နစ်မြုပ်နေသည်။ သူ အပြင်ထွက်လာသည်နှင့် ဤသို ဆိုးရွားသော အခြေအနေကို မြင်ရလိမ့်မည်ဟု သူ ထင်မထားမိပါ။

“ယဲ့ဖန်ရဲ့ နောက်လိုက်ကောင် သေပေတော့”

နဉ်ကျန်းဟုန်က ညာသံပေးလိုက်ပြီး သူ့အနောက်မှ ငါးမျိုးရောင်စဉ် ရွှေရောင် ပဲ့ထိန်းဘီက စတင် လည်ပတ် လာသည်။ တောက်ပသော အလင်းရောင် ဖြာထွက်လာပြီး နတ်ဘုရားစွမ်းအင်က နဉ်ကျန်းဟုန်၏ ကိုယ်တွင်းသို့ စီးဆင်းလာလေသည်။

အတိုင်းအစမဲ့သော နတ်ဘုရားစွမ်းအင်များ ပါဝင်သည့် လက်သီးချက်က ယဲ့ဖန်၏ ဦးခေါင်းထက်သို့ ကျရောက် လာ၏။

ယဲ့ဖန်သည် ခေါင်းကို အသာစောင်း၍ ထိုလက်သီးချက်ကို ရှောင်တိမ်းလိုက်သည်။ နဉ်ကျန်းဟုန် မသိမသာ မျက်နှာ ပျက်သွားသည်။

နတ်ဘုရားလက်နက်၏ အကူအညီဖြင့်ဆိုလျင် သူ၏ လျင်မြန်မှုက လျှပ်စီးနီးပါးပင်။ ဘယ်လိုလုပ် ဤလူက ရှောင်နိုင်ရသနည်း။

*ချီးပဲ*

*ဒီအလယ်ပိုင်းလွင်ပြင်က အင်ပါယာက လူတွေက တော်တော် ကြောက်ဖို့ကောင်းပါလား*

ထိုအခိုက်တွင် နဉ်ကျန်းဟုန်ထံ၌ ထင်မှတ်မထားသော ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာသည်။ သူ့အရှေ့မှ ယဲ့ဖန်သည် ညာလက်ကို အသာမြှောက်၍ လက်ချောင်းဖြင့် အသာတောက်ထုတ်လိုက်သည်။

“ဝုန်း”

ကျယ်လောင်သော အသံနှင့်အတူ နဉ်ကျန်းဟုန် တန်းလွင့်ထွက်သွားပြီး သူ့ဦးခေါင်းတစ်ခုလုံး အတော်လေး ချိုင့်ဝင်သွားပြီး မသိလျင် တူဖြင့် အထုခံလိုက်ရသည်ဟု ထင်မှတ်ရကာ သွေးများ ဒလဟော ထွက်လာ၏။

လူတိုင်း ထိတ်လန့်သွားကြသည်။

*ဒီအဖြူရောင်ဝတ်စုံနဲ့လူရဲ့ နောက်ခံက ဘာလဲ၊ ဘာလို့ သူ စလှုပ်ရှားလိုက်တာနဲ့ နဉ်ကျန်းဟုန်ကို ဒဏ်ရာရအောင် လုပ်နိုင်တာလဲ*

ပို၍ ထူးဆန်းသည်မှာ ထိုသူ၏ ခန္ဓာကိုယ်တွင်း၌ ယန်စွမ်းအင် စီးဆင်းမှုကို သူတို့ အာရုံခံ၍ မရခြင်းပင်။

“ယီးပဲ၊ ယီးပဲ”

နဉ်ကျန်းဟုန် ဒေါသူပုန် ထသွားသည်။ သူ့သွားများ ကြေမွမတတ် ဖြစ်နေပြီး ယဲ့ဖန်အား အလွန် မုန်းတီးစွာ ကြည့်နေသည်။

ထပ်ခါထပ်ခါ အရှက်ခွဲခံရခြင်းအား မာနကြီးသည့်သူ လက်မခံနိုင်ချေ။ ထို့နောက် နောက်တစ်ကြိမ် သတ်ရန် ကြိုးစားတော့သည်။

မီးတောင်ပေါက်ကွဲသကဲ့သို့ အားပြင်းသည့် လက်သီးဖြင့် ယဲ့ဖန်အား သည်းကြီးမည်းကြီး ထိုးနှက်လိုက်သည်။ နဉ်ကျန်းဟုန် စိတ်ဖောက်နေပြီး မျက်လုံးများက မီးဝင်းဝင်းတောက်ကာ ကြွေးကြော်နေ၏။

“ငါ့မိသားစုက နတ်ဘုရားသွေးနဲ့ မွေးဖွားလာတာ၊ ငါ့မိသားစုမှာ ငါက အတော်ဆုံးပဲ၊ ငါ့ကို မင်းလို အရူးကောင်က ယှဉ်လို့မရဘူးကွ၊ ငါက နတ်ဘုရားအဖြစ် မွေးဖွားလာတာ၊ ငါ မရှုံးနိုင်ဘူးကွ”

“မင်း … မင်း ငါ့ကို လုံးဝ ဒေါသထွက်အောင် လုပ်တယ်၊ ငါ မင်းကို နတ်ဘုရားသွေးတွေ စီးဆင်းနေတဲ့ ငါ့မိသားစုရဲ့ ခွန်အားအစစ်ကို ပြမယ်၊ လောကကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားကို မင်း သိအောင် ပြမယ်ကွ”

“ဒုန်း ဒုန်း ဒုန်း”

လက်သီးချက်များက ယဲ့ဖန်ပေါ်သို့ မိုးစက်သဖွယ် ကျဆင်းလာသည်။ နဉ်ကျန်းဟုန်၏ မုန်းတီးစိတ်နှင့် မခံချင်စိတ်က ပြင်းပြနေပြီး ယဲ့ဖန်အား သဲအိတ်သဖွယ် ပျက်စီးစေရန် မစောင့်နိုင်တော့ချေ။

လုံခွေ မယုံကြည်နိုင် ဖြစ်နေ၏။ နဉ်ကျန်းဟုန်က သူမ၏ တိုက်ခိုက်မှုအောက်၌ အပြင်းအထန် အထိနာထားပြီးသား ဖြစ်သည်။ အဘယ်ကြောင့် သူ့၌ ဤမျှ ကြောက်စရာကောင်းသော တိုက်ပွဲဝင်ခွန်အား ရှိနေရသေးသနည်း။

ထို့နောက် နဉ်ကျန်းဟုန်၏ ခန္ဓာကိုယ်မှ ဒဏ်ရာများအားလုံး ပျောက်ကင်းနေသည်ကို သူမ အလန့်တကြား တွေ့လိုက်ရသည်။

*နဉ်ကျန်းဟုန်က တကယ်ပဲ နတ်ဘုရားမျိုးနွယ် မိသားစုကနေ ဆင်းသက်လာတာလား*

နဉ်ကျန်းဟုန်သည် တိုက်ပွဲအတွင်း ပိုပို၍ ရဲရင့်လာပြီး သူ၏ အရှိန်အဝါက တဖြည်းဖြည်း မြင့်တက်လာကာ အလွန်အမင်း ကြောက်စရာ ကောင်းလာသည်။ နတ်ဘုရားစွမ်းအင်နှင့် တာအိုသဘောတရားတို့ ပေါင်းစပ်သွား သောအခါ သဲကန္တာရတစ်ခုလုံး တုန်ယင်လာလေသည်။

ဤသည်ကိုမြင်သော် လုံခွေနှင့် အခြားသူများ၏ မျက်နှာတွင် စိုးရိမ်စိတ်များ ပြည့်နှက်လာ၏။ ကြာကြာတိုက်လျင် ရှုံးလိမ့်မည်ဟူသော ဆိုရိုးစကားကဲ့သို့ ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

နဉ်ကျန်းဟုန်၏ အရှိန်အဝါက ဆက်လက် မြင့်တက်လာသည်ကိုမြင်ပြီး သူတို့ ယဲ့ဖန် အရှုံးကြီး ရှုံးတော့မည်ဟု မြင်ယောင်လာသည်။

ထိုအချိန်တွင် ကျားကျင်းတောင် မျက်မှောင်ကြုတ်နေ၏။

*ငါပဲ အထင်မှားတာလား*

*နဉ်ကျန်းဟုန်ကတောင် သူ့ကို သေတွင်းထဲ တွန်းပို့နိုင်တယ်ဆိုရင် ဘယ်လိုလုပ် သူက ခြိမ်းခြောက်နိုင်တဲ့သူ ဖြစ်မှာလဲ*

ယဲ့ဖန်က သူ၏ တိုက်ခိုက်မှုအား အင်တိုက်အားတိုက် ခုခံနေသည်ကိုမြင်သော် နဉ်ကျန်းဟုန်၏ မောက်မာသော အမူအရာက ပိုဆိုးလာသည်။ သူ့အသံပင် စိတ်လှုပ်ရှား၍ သွေးဆာသော စိတ်ကြောင့် တုန်နေ၏။

“မင်း မျက်ရည်လည်ရွဲနဲ့ ငယ်သံပါအောင် အော်ဟစ်နေမှာကို ငါ မြင်ယောင်လာပြီ”

“ဝုန်း”

ထိုအခိုက်တွင် ယဲ့ဖန်က ထပ်၍ လက်ဖြင့် တောက်လိုက်သဖြင့် နဉ်ကျန်းဟုန် လွင့်ထွက်သွားပြန်သည်။ အရာအားလုံး တိတ်ဆိတ်သွားပြီး လူတိုင်း ကြက်သေ သေသွားကြသည်။

“ထပ်ပြီးတော့လား …နောက်တစ်ကြိမ် လက်နဲ့တောက်တာပဲလား၊ ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ယဲ့ဖန် သေချာပေါက် သေလိမ့်မည်ဟု သူတို့ ထင်ထားသော်လည်း မထင်မှတ်ဘဲ အခြေအနေက ပြောင်းလဲသွားသည်။

နဉ်ကျန်းဟုန်က အရေးမပါသော စကားများ ဆက်တိုက် ပြောနေသော်လည်း တစ်ဖက်လူ၏ တောက်ထုတ်ခြင်း ခံနေရသည်။

*ဒါက*

*ရယ်ချင်စရာ ကောင်းသလိုပဲ*

သို့ရာတွင် ဤသည်က လူအများကို မယုံသင်္ကာ ဖြစ်သွားစေ၏။

*ဒီလူက နတ်ဘုရင်အဆင့်လား*

နဉ်ကျန်းဟုန် အံ့အားသင့်သွားသည်။ နောက်တစ်ကြိမ် လက်ချောင်းတစ်ချောင်းဖြင့် တောက်ထုတ်ခံရ ပြန်သည်တဲ့လား။ ဤသည်က သူ့အတွက် အိပ်မက်သဖွယ် မယုံနိုင်စရာ ကောင်းလှသည်။

*ဘာလို့ ဒီအင်ပါယာက လူတွေက သန်မာပြီး ကြောက်ဖို့ကောင်းနေရတာလဲ*

*ငါ့ကို ခဏခဏ ရှုံးအောင် လုပ်တယ်*

*ငါ သည်းမခံနိုင်ဘူး*

*ငါ မယုံဘူး*

“ကျားကျင်းတောင် သူ့ကို သတ်လိုက်စမ်း”

တစ်ခဏကြာသော် နဉ်ကျန်းဟုန်က ရုတ်တရက် ထအော်လေသည်။ သူ့အသံတွင် လူသတ်ချင်စိတ်တို့ဖြင့် ပြည့်နှက်နေပြီး အလွန် ရူးသွပ်နေလေပြီ။ ထိုအခိုက်တွင် သူသည် ယဲ့ဖန်အား နုတ်နုတ်စင်းရန် မစောင့်နိုင် တော့ချေ။

လူတိုင်းက ယင်းသို့ ဖြစ်လာမည်ဟု ခန့်မှန်းမိပုံ ရသည်။ နဉ်ကျန်းဟုန်သည် အရှက်မရှိသော သူ ဖြစ်သည်။ အခြေအနေက အလေးမသာလာလျင် ချက်ချင်း သူ့လူကို တိုက်ခိုက်ခိုင်းသည်ပင်။

“ပြေးတော့”

တစ္ဆေဖန့်ချီနှင့် အခြားသူများက ရုတ်တရက် ယဲ့ဖန်ကို အော်ဟစ်၍ သတိပေးလာသည်။ သူတို့၏ အသံတွင် အဆောတလျင် ဖြစ်လိုဟန်များ ပြည့်နေ၏။

ကျားကျင်းတောင် တိုက်ခိုက်လျင် ယဲ့ဖန် သေရပေလိမ့်မည်။ ယဲ့ဖန်၌ အခြေအနေကို ပြောင်းလဲချင်သည့် စိတ်ကူး ရှိကြောင်း သူတို့ သတိထားမိပါသည်။ သို့သော် … မိစ္ဆာ ကျားကျင်းတောင် ရှိနေလျင် အခြေအနေအား မပြောင်းလဲ၍ မရနိုင်ချေ။

အကြောင်းမှာ ကျားကျင်းတောင်က ဘယ်သောအခါမှ ထိုသို့အဖြစ်ခံမည် မဟုတ်သောကြောင့်ပင်။ ကျားကျင်းတောင် ရှုံးနိမ့်မည့်အဖြစ်မျိုး မရှိနိုင်ဟု သူတို့ ထင်နေကြသည်။

သူသည် နတ်ဘုရင်အဆင့် သုံးယောက်အား အနိုင်ယူနိုင်ခဲ့ပြီး ယဲ့ဖန်က နတ်ဘုရင်အဆင့် ဖြစ်နေလျင်တောင်မှ နိုင်နိုင်ချေ မရှိပေ။

သို့သော် ကျားကျင်းတောင်က ဘယ်လိုလုပ် ယဲ့ဖန်ကို ထွက်ပြေးခွင့် ပြုမည်နည်း။ သူ ချက်ချင်း ပျက်ရယ်ပြုလာသည်။

“မင်းက ငါ့သခင်လေးကို ထိခိုက်အောင် လုပ်ပြီးမှ ထွက်ပြေးချင်တာလား၊ မင်း တစ်စစီဖြစ်ပြီး အဆုံးသတ် ရမယ်ကွ”

“ဝုန်း”

ချက်ချင်းဆိုသလိုပင် ကျားကျင်းတောင်က ယဲ့ဖန်ထံ ပြေးဝင်လာပြီး ဒေါသတကြီး တိုက်ခိုက်လေသည်။ ထိုအခိုက်တွင် ကြောက်စရာကောင်းသော ပေါက်ကွဲသံ ထွက်ပေါ်လာ၏။

နတ်ဘုရားစွမ်းအင် ပါဝင်နေသည့် ကန်ချက်က ယဲ့ဖန်၏ မျက်နှာထံ ဦးတည်လာနေသည်။ ယဲ့ဖန်က လက်ဆန့်၍ ကာလိုက်သော်လည်း နောက်သို့ လွင့်သွားရသည်။

ယဲ့ဖန် ဟန်ချက်မထိန်းနိုင်ခင်မှာပင် ကျားကျင်းတောင်က ပြေးတက်လာပြီး ယဲ့ဖန်အား လေပေါ် မြောက်တက် သွားအောင် ပင့်ကန်ပြန်သည်။

*မြန်လွန်းတယ်*

*ကြမ်းကြုတ်တယ်*

*သွားပြီ*

*ဒီလူတော့ သွားပြီ*

တစ္ဆေဖန့်ချီနှင့် အခြားသူများ အလွန်မျက်နှာပျက်သွားကြသည်။ ကျားကျင်းတောင် အလေးအနက် ဖြစ်နေမှန်း သူတို့ သတိထားမိသည်။ ထိုသို့ဆိုလျင် ဤလူ အပြင်းအထန် ရိုက်နှက်ခံရရုံသာ ရှိပေမည်။ နိုင်နိုင်ချေ လုံးဝ မရှိပေ။

“ဟားဟားဟား ငါ့ကို ပျော်အောင် လုပ်ပါဦးကွ၊ လာစမ်းပါ၊ ဟိုအမှိုက်ကောင်တွေလို အသုံးမကျ မလုပ်စမ်းပါနဲ့၊ ငါ့ကို နည်းနည်းပါးပါး ပေးပျော်ခိုင်းပါဦး”

ကျားကျင်းတောင်က အားပါးတရ ရယ်မောနေပြီး တိုက်စစ်များက ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ် ကျရောက်နေပြီး ဆက်တိုက် အပေါ်သို့ ထိုးနှက်ခံရလိုက်၊ မြေကြီးပေါ် ကျလိုက် ဖြစ်နေ၏။

ယဲ့ဖန်သည် တစ်ဖက်သတ် ရိုက်နှက်ခံရပုံသာ ပေါ်နေသည်။ လူတိုင်း ဤသည်ကို ထပ်မကြည့်ရက်တော့ချေ။ ဤသည်ကိုမြင်သော် နဉ်ကျန်းဟုန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ငါနဲ့ရန်သူ ဖြစ်ရင် ဒီလို အဆုံးသတ်မှာပဲ၊ မင်းကို အသေဆိုးနဲ့ သေအောင် ငါ လုပ်ပေးမယ်”

ထိုအခိုက်တွင် ယဲ့ဖန် လွင့်ထွက်သွားပြီး လေထဲမှနေ၍ သဲကန္တာရထဲသို့ ပြုတ်ကျသွားပြီး သဲများ တထောင်းထောင်း ထသွားသည်။

“အဖြေက ထွက်နေပြီပဲ၊ ဟားဟားဟား …”

“ဒီအရူးကများ ဘော့စ်ကျားကို စိန်ခေါ်ရဲတယ်လို့၊ သေတောင် မသနားဘူး”

နတ်နန်းတော်၏ နောက်လိုက်များက အပြုံးကြီးပြုံး၍ တစ်ဖက်သား၏ ကံဆိုးမှုကို သဘောခွေ့နေကြသည်။ ကျားကျင်းတောင်ထံမှ ပြင်းထန်သော တိုက်ခိုက်မှုများကို ခံနေရသဖြင့် ဤလူ အရိုးများ ကျိုးသွားပြီဟု တွက်ထားကြလေသည်။

“ခွန်အားခြင်း ကွာခြားမှုက အဲ့လောက် ကြီးနေသေးတာလား”

တစ္ဆေဖန့်ချီ၏ မျက်နှာတွင် ခါးသီးမှုများ ပြည့်နှက်နေသည်။ ဤသို့သော ရလဒ်မျိုး ဖြစ်လာမည်ဟု ခန့်မှန်းမိဟန်ဖြင့် လူတိုင်း သက်ပြင်းချလာသည်။

သို့သော် ဤသည်က အရေးကြီးသော ကိစ္စ မဟုတ်ချေ။ ယဲ့ဖန်က သဲထဲမှ ဖြည်းဖြည်းချင်း ထလာပြီး သူ့ကိုယ်မှ ဖုန်များကို ခါ၍ မေးလိုက်သည်။

“ဒီလောက်ပဲလား”

လူတိုင်း မျက်လုံးပြူးသွားလေ၏။

*ဒီလူ … သူ ဘာမှမဖြစ်ဘူးလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

တစ္ဆေဖန့်ချီနှင့် အခြားသူများ ကြက်သေ သေသွားကြသည်။ နတ်ဘုရင်အဆင့် သုံးယောက်ဖြစ်သော သူတို့ ပြိုင်တူ တိုက်ခိုက်ပါသော်လည်း ကျားကျင်းတောင်၏ အဝတ်ကိုပင် မထိနိုင်ဘဲ ရှုံးခဲ့ရသည်။ ထို့အပြင် တစ်ချက်တည်းဖြင့် သူတို့ အထိနာခဲ့ရ၏။

*ကျားကျင်းတောင်ဆီက ဆက်တိုက် ထိုးနှက်ခံရတာတောင် ဘယ်လိုလုပ် ဒီလူက အဆင်ပြေနေတာလဲ*

*အံ့ဩဖို့ ကောင်းလိုက်တာ*

*ပြီးတော့ သူက ဒီလောက်ပဲလားလို့တောင် မေးလိုက်သေးတယ်*

*အထင်သေးလိုက်တဲ့စကားပဲ*

*ဒါ လူပြောတဲ့စကားလား*

*ဒါ ကျားကျင်းတောင်လေ၊ မင်း သူ့ကို ဒီလို စော်ကားပြောဆိုဖို့ အဆင်ပြေလို့လား*

ထိုစကားကြောင့် ကျားကျင်းတောင် မျက်မှောင်ကြုတ်နေပြီး အပြုံးသည်လည်း အေးခဲသွားသည်။ ဤသို့သော ရန်သူမျိုးကို သူ ပထမဆုံးအကြိမ် ရင်ဆိုင်မိခြင်းပင်။

တစ်ခဏကြာသော် သုန်မှုန်နေသော သူ့မျက်နှာထက်၌ သွေးဆာသော အပြုံးတစ်ခု ပေါ်လာ၏။

“မင်းက တကယ်ကို သူတို့နဲ့ မတူဘူးပဲ၊ ကောင်းတယ်၊ ငါ မင်းကို သတ်မယ့်ကိစ္စကို ဖြည်းဖြည်းချင်း လုပ်ပြီး ပျော်ရတာပေါ့”

ကျားကျင်းတောင် ခြေဆောင့်၍ အရှိန်ယူလိုက်သဖြင့် သဲဝါများပင် လေထဲသို့ပင် မြောက်တက် လာရသည်။ သူသည် ဆာလောင်နေသော ကျားတစ်ကောင်သဖွယ် ပြေးတက်လာပြီး မျက်လုံးတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နေ၏။ တိုက်စစ်က ပို၍ ကြမ်းကြုတ်ကာ ပြင်းထန်လာလေသည်။

ထိုစဉ် လုံခွေက အနိုင်ရမည့် မျှော်လင့်ချက်ကို မြင်ယောင်လိုက်ရသလို ဖြစ်သွားသည်။

“ဒီလူမှာ ကျားကျင်းတောင်ကို ယှဉ်တိုက်နိုင်တဲ့ ခွန်အား ရှိတဲ့ပုံပဲ၊ ငါတို့ ရှုံးမယ်မထင်ဘူး”

“မင်း တော်တော် အတာပဲ …”

သို့သော် ထိုအချိန်တွင် တစ္ဆေဖန့်ချီက မချိပြုံးပြုံး၍ ပြန်ပြောလာ၏။

“မင်း အခုထိ မမြင်သေးဘူးလား၊ ကျားကျင်းတောင်က သူ့ကိုယ်ကာယကိုပဲ သုံးပြီး တိုက်နေတာလေ၊ သူရဲ့ ဂုဏ်အယူရဆုံး ဓားရေး မပြောနဲ့ တာအိုစွမ်းအင်ကိုတောင် မသုံးရသေးဘူး”

“သူ လုံးဝ အားကုန်မသုံးရသေးဘူး၊ သူက ကစားနေတာ”

All Chapters