အခန်း ၁၅၆၁
Vol. 105 Ch. 1561
Chapter 1561 မိစ္ဆာစစ်တပ်
“အား…”
အတောမသတ်နိုင်သော နာကျင်စွာ အော်ဟစ်နေသံက ကောင်းကင်ယံအနှံ့ ပဲ့တင်ထပ်နေသည်။ လူတိုင်း မတုန်လှုပ်ဘဲ မနေနိုင်အောင် ဖြစ်နေပြီး စိတ်ထဲ၌ စကားတစ်ခွန်းကိုသာ ပြောနေမိသည်။
*ရက်စက်လွန်းတယ်*
ဤမျှ သန်မာပြီး လွှမ်းမိုးနိုင်သော ကျားကျင့်တောင်က ယဲ့ဖန်၏ လက်ထဲ၌ ခွေးတစ်ကောင်လို နှိပ်စက်ခံနေရသည်ကို မြင်ပြီး သူတို့ အိပ်မက်ဟု ထင်မှတ်ကာ မယုံနိုင် ဖြစ်နေ၏။
“အမြင်မှားတာ၊ ဒါ အမြင်မှားတာပဲ ဖြစ်ရမယ်”
နဉ်ကျန်းဟုန် မချိတင်ကဲ အော်ဟစ်နေကာ ကြက်သီးမွေးညင်း ထနေ၏။ လက်ရှိတွင် ကျားကျင်းတောင် ရှုံးတော့မည်ကို မယုံနိုင်ပုံ ရသည်။
“သူ့ကို သတ်၊ သူ့ကို မြန်မြန်သတ်”
နဉ်ကျန်းဟုန် ချက်ချင်း သူ့လက်အောက်ငယ်သားများကို အော်ပြောလိုက်ပြီး တစ်ချိန်တည်းမှာပင် နောက်သို့ ဒယိမ်းဒယိုင်ဖြင့် ဆုတ်လေသည်။
*ထွက်ပြေးရမယ်*
ဤနေရာမှ မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးရန် သူ ကြံစည်နေမိသည်။ ဤနတ်ဆိုးထံမှ ထွက်ပြေးရမည်။ ကျားကျင်းတောင် တောင်မှ သူ့ပြိုင်ဘက် မဟုတ်သဖြင့် သူ့ကို နိုင်ရန် နေနေသာသာ ဤနေရာ၌ ဆက်နေနေခြင်းက သေဆုံးခြင်းသို့သာ အဆုံးသတ်နိုင်၏။ သို့သော် သူ့အကြံက လွဲချော်သွားသည်။
“ဝုန်း”
အမွေးမရှိသော ကြက်ကတုံးတစ်ကောင်က မြေကြီးထဲမှ ဝုန်းခနဲ ထွက်ပေါ်လာပြီး ၎င်းထံမှ အလွန် တောက်ပသော အရောင်များ ဖြာထွက်နေကာ စတင် သတ်ဖြတ်လေသည်။
“ဖောင်း”
နတ်နန်းတော်မှ သူတော်စင်သခင်အဆင့် တစ်ယောက်သည် ၎င်း၏ တိုက်ခိုက်မှု ထိမှန်ကာ ခန္ဓာကိုယ် ပေါက်ကွဲကာ သေဆုံးသွားပြီး သွေးများ လွင့်စဉ်လာ၏။
“ဒါ ဘာလဲ အမွေးမရှိတဲ့ ကြက်ဆင်လား”
နတ်နန်းတော်မှ လူများ မှင်တက်သွားသည်။
*ဒါကြီးက ဘာကြီးလဲ၊ ရုပ်ဆိုးလိုက်တာ*
သို့သော် ရုပ်ဆိုးသာ ဆိုးသော်လည်း ၎င်း၏ သေစေနိုင်စွမ်းက ကြောက်စရာ ကောင်းလှပြီး သူတော်စင်သခင်အဆင့် တစ်ယောက်အား ချက်ချင်း သတ်ဖြတ်နိုင်နေသည်။
“ယီးပဲ ငါက ချင်းလွမ်ကွ”
အမွေးမရှိသော ကြက်ဆင်ဟု အပြောခံလိုက်ရခြင်းက ချင်းလွမ်မျိုးနွယ်မှ အချောဆုံး အမျိုးသားဖြစ်သည့် သူ့ဒေါသအား ဆွလိုက်သလို ဖြစ်သွားသဖြင့် ဒေါကန် သွားလေသည်။
“ချင်းလွမ် ဟုတ်လား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အဲ့ဒါ ရှေးခေတ်ကတည်းက ပျောက်ကွယ်သွားတာ ကြာနေတဲ့ ရှေးဟောင်း သားရဲ မဟုတ်လား”
ကြောက်လန့်နေသော မျက်လုံးများစွာက ကြက်ကတုံးအား မယုံနိုင်သလို ကြည့်လာကြပြီး ထိုအကြည့်တွင် ပဟေဠိ ဖြစ်စိတ်နှင့် သိချင်စိတ်တို့ ပြည့်နှက်နေ၏။
“ဂါး”
သို့သော် အခြားတစ်ဖက်မှလည်း ဧရာမ တောင်တစ်လုံးနှင့်ပင် ယှဉ်နိုင်သော ကြီးမားသည့် သားရဲတစ်ကောင် ထွက်ပေါ်လာသည်။
ချုံးချီ ထွက်လာလေပြီ။ ၎င်း ထွက်ပေါ်လာပြီးနောက် သတ်ဖြတ်ခြင်းက တားမရတော့ချေ။ ၎င်း၏ ကျားလက်သည်းကို ဝင့်၍ ပုတ်ခတ်ကာ သတ်ဖြတ်သဖြင့် သဲကန္တာရတွင် သွေးများ ရွှဲနစ်လာသည်။
“ချုံး … ချုံးချီပါလား”
တစ္ဆေဖန့်ချီ တုန်ယင်သွားသည်။ သူသည်လည်း သားရဲဖြစ်ပြီး မျိုးနွယ်တူ၏ အရှိန်အဝါကို အတော်လေး သတိထားမိသည်။
တစ်ဖက်သားရဲ၏ ရက်စက်၍ သွေးဆာသော အရှိန်အဝါက လွှမ်းမိုးလာပြီး ကြောက်မက်ဖွယ် ကောင်းလာသည်။
“ဘာ … ဟိုးအရင်ကတည်းက ပျောက်သွားခဲ့တဲ့ ရှေးဟောင်း သားရဲမိစ္ဆာ လေးကောင်ထဲက တစ်ကောင်လား”
လူတိုင်း ကြက်သီးထသွားပြီး ယဲ့ဖန်အား မယုံနိုင်သလို လှမ်းကြည့်လာသည်။
*ဒီလူရဲ့ နောက်ခံက ဘာမို့လို့ ဒီရှေးဟောင်းသားရဲကို အညံ့ခံလာအောင် လုပ်နိုင်စွမ်း ရှိရတာလဲ*
နတ်နန်းတော်ဘက်မှ လူများ ကြောက်ရွံ့နေကြသည်။ ရန်သူကို ရင်ဆိုင်ရန် မဆိုထားနှင့် ထွက်ပြေးချင်သည့် သတ္တိပင် မရှိတော့ချေ။
“ချီးပဲ”
ဤသည်ကိုမြင်သော် နဉ်ကျန်းဟုန် ပြင်းစွာ တုန်လှုပ်သွားပြီး မျက်ခုံးလှုပ်လာသည်။ ချုံးချီကဲ့သို့သော ရှေးဟောင်း သားရဲသည် ကြမ်းကြုတ်ပြီး သူ့အဖေတောင်မှ အညံ့ခံလာအောင် မလုပ်နိုင်သော သားရဲဖြစ်သည်။
၎င်းသည် ဒဏ္ဍာရီထဲတွင်သာ တည်ရှိပြီး လူ့အပြောဖြင့် ဖန်တီးထားသော သက်ရှိဟုသာ သူ အမြဲ ထင်ထားခဲ့သည်။ ဘယ်လိုလုပ် ရှေးဟောင်း သားရဲတစ်ကောင်က နတ်ဘုရားများနှင့် နတ်ဆိုးများကို ဝါးမျိုနိုင်မည်နည်း။
ယခုအခါတွင်မှ ချုံးချီ တကယ် တည်ရှိကြောင်း သူ သိလိုက်ရသည်။
‘ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ ချုံးချီက ရှေးဟောင်း သားရဲလေ ပြီးတော့ ဘယ်သူမှ သူ့ကို အညံ့ခံအောင် မလုပ်နိုင်ဘူး၊ ဒီလူက ဘယ်လိုလုပ်လိုက်တာလဲ”
ချက်ချင်းဆိုသလိုပင် နတ်နန်းတော်မှ လူများအားလုံး မှင်တက်သွားကြသည်။
ချုံးချီသည် နတ်ဘုရားများနှင့် နတ်ဆိုးများကို စားသောက်သော ရှေးဟောင်းသားရဲ ဖြစ်ကာ ရက်စက်ပြီး ပြိုင်ဘက်ကင်းသည်။ နတ်ဘုရားများနှင့် နတ်ဆိုးများကိုပင် မကြောက်သော ချုံးချီက ဘယ်လိုလုပ် အညံ့ခံ သွားရသနည်း။
သို့သော် မျက်စိရှေ့မှ မြင်ကွင်းကြောင့် သူတို့ မယုံနိုင်သော်လည်း ယုံရပေမည်။
“ဒီလောကထဲမှာ ဒီလို ထူးဆန်းတဲ့ လူတွေ ရှိလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
တစ္ဆေဖန့်ချီ အားမကျဘဲ မနေနိုင် ဖြစ်သွားရသည်။ သူ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့သော်လည်း ဤသို့ ကြမ်းကြုတ်သော သူမျိုးနှင့် သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
ချုံးချီ၏ တည်ရှိမှုက သူတို့၏ အိပ်မက်ဆိုးဟု ပြောနိုင်ပေသည်။ သူတို့ ချုံးချီကို လေးစား ကြောက်ရွံ့ခဲ့သော်လည်း တစ်နေ့တွင် ချုံးချီက ယဉ်ပါးသွားလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိပေ။
အခြားသူများလည်း ခေါင်းတညိတ်ညိတ်နှင့် သဘောတူ ထောက်ခံနေကြသည်။ ယဲ့ဖန်၏ မျက်လုံးကို ကြည့်လိုက်လျင် သူတို့ စိတ်မသက်မသာ ဖြစ်မှုနှင့် အံ့ဩစိတ်တို့ ခံစားလာရသည်။
သူတို့၏အမြင်တွင် ဤထူးဆန်းသောလူက အလွန် ကြောက်မက်ဖွယ်ကောင်းလွန်းသည်။
ကျားကျင်းတောင်သည်လည်း မှင်တက်နေ၏။ သူ့အရှေ့မှအဖြစ်က ကြံရာမရ ဖြစ်စေလှသည်။ သူ မည်မျှ အရေးမပါသော စကားများ ပြောခဲ့ကြောင်း သတိရစေသည်။
*ငါ့ကို ပျော်အောင် လုပ်ပေးစမ်းပါတဲ့လား*
*ချုံးချီကို ထိန်းချုပ်နိုင်တဲ့ လူကို ငါက ငါ့ကို ပျော်အောင် လုပ်ဖို့ ပြောခဲ့တယ်တဲ့လား*
*ဒါက သေလမ်းရှာခဲ့တာပဲ*
“မလုပ်နဲ့၊ ငါတို့ကို မသတ်ပါနဲ့၊ ငါတို့က နတ်နန်းတော်က”
နဉ်ကျန်းဟုန်က သံကုန် အော်ဟစ်လေသည်။ သူ၏ လက်အောက်ငယ်သားများ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံနေရသည်ကိုမြင်သော် သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာ၏။
“နတ်နန်းတော် ဟုတ်လား၊ ငါ သတ်ရမယ့်လူက မင်းကိုး”
ယဲ့ဖန်က နှုတ်ခမ်းကို ပင့်၍ ရက်စက်ခက်ထန်သော အပြုံးမျိုး ပြုံးလိုက်သည်။
*ဘာ*
ထိုစကားက အလွန် မောက်မာလွန်းလှသည်။ လူတိုင်း တအံ့တဩ ကြည့်လာကြသည်။ အဘယ်ကြောင့်ဆိုသော် နတ်နန်းတော်ကို စိန်ခေါ်ရဲသည့် တစ်စုံတစ်ယောက်အား သူတို့ ပထမဆုံးအကြိမ် မြင်ဖူးသောကြောင့် ဖြစ်လေသည်။
“မင်း ယုံကြည်မှု ရှိတယ် မဟုတ်လား”
ယဲ့ဖန်က ပြုံး၍ ကျားကျင်းတောင်ကို ကြည့်လာသည်။
“ဂလု”
ကျားကျင်းတောင် တံတွေးကို မနည်း မျိုချလိုက်ပြီး ယဲ့ဖန်အား မှုန်မှိုင်းသော မျက်လုံးများဖြင့် ကြည့်နေပြီး အသံ မထွက်ရဲချေ။
အစောပိုင်းက သူ တကယ်ပင် ယုံကြည်မှု ရှိလွန်းခဲ့သည်။ သူ တစ္ဆေဖန့်ချီနှင့် အခြားသူများကို လုံးဝ အရေးမစိုက်ခဲ့ချေ။ သို့သော် ယခုအခါတွင်မူ …
“မင်း ယုံကြည်မှု ရှိတယ် မဟုတ်လား”
ယဲ့ဖန်က ဖြည်းဖြည်းချင်း ခြေထောက်မြှောက်လိုက်သည်။
“မဟုတ်ဘူး၊ မလုပ်ချင်ပါဘူး”
ယဲ့ဖန် ဘာလုပ်ချင်သလဲ ဆိုသည်ကို ခန့်မှန်းမိပြီး ကျားကျင်းတောင် ငယ်သံပါအောင် အော်လေတော့သည်။
“မဟုတ်ဘူး၊ မင်း ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
ယဲ့ဖန်က လှောင်ရယ်၍ ခြေထောက်ဖြင့် နင်းလိုက်သည်။
“ဂျွတ်”
ကျားကျင်းတောင်၏ နောက်ခြေထောက် တစ်ဖက် ချက်ချင်း ကြေမွသွားသည်။
“အား…”
အလွန် နာကျင်သော အော်သံက ပတ်ဝန်းကျင်အနှံ့ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။ ထိုအသံက သားရဲတစ်ကောင်၏ အော်သံလိုပင်။
“မျိုးမစစ်ကောင် နန်းတော်သခင်က မင်းကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး၊ မင်း နတ်နန်းတော်ကနေ ကြောက်စရာ အကောင်းဆုံး လက်တုံ့ပြန်မှုကို ခံစားရလိမ့်မယ်”
ကျားျကင်းတောင်က အလွန် ရက်စက်ဟန်များ ပြည့်နှက်နေသော အကြည့်တို့ဖြင့် ငေါက်ငမ်းလိုက်သည်။
“သူ လာရဲမှတော့ ငါ မြေမြှုပ်ပေးရဲတယ်”
ယဲ့ဖန်က ချက်ချင်း အထက်စီးဖြင့် ပြန်တုံ့ပြန်လိုက်ပြီး ခြေထောက်ကို ပြန်မြှောက်၍ ကျားကျင်းတောင်၏ ဦးခေါင်းကို ချိန်ရွယ်၍ အားဖြင့် တက်နင်းလိုက်လေသည်။
သို့သော် ထိုအချိန်တွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာ၏။
“ဝုန်း”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြေအောက်မှ ကြောက်စရာကောင်းသော မိစ္ဆာတစ်ကောင် ထွက်ပေါ်လာပြီး ၎င်း၏ သွေးသံတရဲရဲ ဖြစ်နေသော ပါးစပ်ကိုဟ၍ တော်လှန်ရေး တပ်သား ဒါဇင်ကျော်ကို ချက်ချင်း ဝါးမျိုသွားသည်။
“ဟားဟားဟား နောက်ဆုံးတော့ ငါ မင်းကို ရှာတွေ့ပြီ”
တကျွိကျွိနှင့် ရယ်မောနေသော အသံက ထွက်ပေါ်လာသည်။ မြေကြီးထဲမှ မိစ္ဆာ တစ်ကောင်ပြီး တစ်ကောင် ထွက်လာသည်။ ၎င်းတို့က မတူညီသော အရွယ်အစားများ ရှိပြီး အားလုံးက ကြမ်းကြုတ်၍ ကြောက်စရာ ကောင်းလှသည်။
“သေစမ်း မြေအောက်ကမ္ဘာက မိစ္ဆာစစ်တပ် ရောက်လာပြီ”
တစ္ဆေဖန့်ချီ၏ မျက်နှာက အလွန် ပျက်ယွင်းသွားသည်။ သူတို့၏ တော်လှန်ရေး တပ်သည် ယခုအခါတွင် အပြင်းအထန် ဆုံးရှုံး ထိခိုက်နေပြီး ယခု မိစ္ဆာတပ်အား ပြန်ခုခံနိုင်စွမ်း မရှိပေ။
“ဘုရင်လေးပါးလည်း ရောက်လာပြီ၊ ငါတို့တော့ … ဇာတ်သိမ်းပြီ”
“ဘယ်လိုဖြစ်ရတာလဲ၊ ငါတို့ ပုန်းနေတဲ့နေရာက အရမ်း လျှို့ဝှက်ထားတာပါ၊ ဘယ်သူ ငါတို့ကို သစ္စာဖောက်တာလဲ”
ဘုရင်လေးပါး ရောက်လာသည်ကို မြင်ပြီး သူတို့ ကံဆိုးပြီဖြစ်ကြောင်း သိလိုက်ကြသည်။ ဤအင်အားစုကို သူတို့ မခုခံနိုင်ချေ။
တော်လှန်ရေး တပ်သား တစ်ယောက်ပြီး တစ်ယောက်သည် မိစ္ဆာများ၏ ပါးစပ်တွင်းသို့ သက်ဆင်းသွားကြသည်။ အော်ဟစ်သံများနှင့် ကြုံးဝါးသံများ ရောနှောလာ၏။ မြင်ကွင်းက အလွန် ကသောင်းကနင်း နိုင်လှသည်။
ဘုရင်လေးပါးသည် အားပါးတရ ပြုံးနေလေသည်။
*ဒီစိတ်ပျက်စရာကောင်းတဲ့ ယင်ကောင်တွေ သေပြီပဲ*
“သတ်၊ အားလုံးကို ရက်ရက်စက်စက် သတ်ပစ်၊ တစ်ယောက်မှ မချန်နဲ့”
“မဟုတ်ဘူး ယောက်ျားတွေကိုပဲသတ်၊ မိန်းမတွေကို ချန်ထားခဲ့၊ သူတို့ကို ငါတို့နဲ့ အိပ်ဖို့ ထားရမယ်”
ဘုရင်လေးပါးက တစ်ယောက်တစ်ပေါက် ပြောလာပြီး အားလုံးတွင် မကောင်းသော ရည်ရွယ်ချက်တို့ဖြင့် ပြည့်နှက် နေသည်။
“ငါ့ကို ကယ်ပါ၊ ငါက နတ်နန်းတော်က နန်းတော်သခင်ရဲ့ သားပါ၊ သူတို့က ငါ့ကို သတ်ချင်နေတာ၊ မင်းတို့ ငါ့ကို ကယ်ရင် ငါ နတ်နန်းတော်ကို မင်းတို့ကို ကူညီပြီး သူတို့ကို ရှင်းခိုင်းမယ်”
နဉ်ကျန်းဟုန်က အကြောက်လွန်၍ တုန်ယင်စွာဖြင့် ဘုရင်လေးပါးအား အော်ပြောလိုက်သည်။ အသက်ရှင်ရန် အတွက် သူ၏ သန္နိဋ္ဌာန်ကိုပင် ချိုးဖောက်လေသည်။ ပြည်သူများ၏ အသက်ကို ကယ်တင်ရန် ဟူသော သူ့စကားက အာပလာပင်။
“ဟမ်”
လေဘုရင် မျက်မှောင်ကြုတ်သွားသည်။ နတ်နန်းတော်သည် တကယ်ပင် အင်အားကြီးသော အကူအညီပင်။ ထို့နောက် သူသည် နဉ်ကျန်းဟုန်အား လက်ပြ၍ ပြုံးကာ ပြောလိုက်သည်။
“မိတ်ဆွေလေး ဒီကိုလာ”
“ကျေးဇူးတင်ပါတယ် စီနီယာ၊ ကျေးဇူးတင်ပါတယ် စီနီယာ”
နဉ်ကျန်းဟုန် ဝမ်းသာသွားပြီး သူတို့ထံ အသည်းအသန် ပြေးသွားသည်။ ဘုရင်လေးပါး၏ ဘေးနား၌ ရပ်လိုက်ပြီးနောက် သူ့မျက်နှာပေါ်မှ ကြောက်လန့်ဟန်က ပျောက်ကွယ်သွားပြီး ရက်စက်ယုတ်မာဟန်သာ ပေါ်လာသည်။
“စီနီယာတို့၊ ခင်ဗျားတို့ အဖြူရောင်ဝတ်စုံနဲ့လူကို ဂရုစိုက်မှ ရပါမယ်၊ သူတို့က ဒီမျိုးမစစ်ကောင်တွေ ဖိတ်ခေါ်ထားတဲ့ အကူပါ၊ သူ့မှာ လှည့်ကွက်တစ်ချို့ ရှိပါတယ်၊ သူ့ကို သတ်ချင်တယ်ဆိုရင် ခင်ဗျားတို့ လေးယောက် ပေါင်းတိုက်မှ ဖြစ်မှာပါ”
မျက်နှာ ပြောင်းလဲပုံက ဩချစရာ ကောင်းလှသည်။ နဉ်ကျန်းဟုန်သည် ယဲ့ဖန်အား မုန်းတီးနေပြီးသား ဖြစ်သည်။ ယဲ့ဖန်ကြောင့်သာ မဟုတ်လျင် တော်လှန်ရေး တပ်သားများက သူ့လက်ခုပ်ထဲ ရောက်နေလောက်လေပြီ။
နဉ်ကျန်းဟုန်သည် ယဲ့ဖန်ကြောင့် ထပ်ခါထပ်ခါ အရှက်ရခဲ့သည်။ ယင်းအား သူ လက်မခံနိုင်ပါ။ ယဲ့ဖန် မသေလျင် သူ နေရခက်ပေတော့မည်။
“ဟားဟားဟား … ကြည့်ရတာ မင်းကံက တော်တော် မကောင်းတဲ့ပုံပဲ၊ ဘုရင်လေးပါး တိုက်ခိုက်လာရင် ငါတောင်မှ တောင့်မခံနိုင်တော့ဘူး၊ အင်မော်တယ် ဧကရာဇ်အဆင့်ကလွဲရင် ဘယ်သူမှ မယှဉ်နိုင်ဘူးကွ၊ မင်းတော့ သေပြီပဲ”
ကျားကျင်းတောင် ကျေနပ်အားရဟန်ဖြင့် ကြည့်နေသည်။ ယဲ့ဖန်အား ကြည့်နေသော မျက်လုံးတွင် အလွန် မုန်းတီးဟန်များ ပြည့်နှက်လာ၏။
သူ ဤပုံဖြစ်လာပြီးနောက် ဒဏ်ရာ ပျောက်ကင်းသွားလျင်တောင်မှ ဒုက္ခိတ ဖြစ်နေဦးမှာပင်။ သူ့ဘဝက သေသည်ထက်ပင် ဆိုးသွားလိမ့်မည်။
သို့သော် သူ မသေခင် ယဲ့ဖန်၏ ဆိုးရွားသော သေဆုံးခြင်းကို မြင်ရမည် ဖြစ်သဖြင့် စိတ်အေးသလို ခံစားရသည်။
“ဘုရင်လေးပါးလား”
သို့သော် ယဲ့ဖန်က အထင်သေးစွာ ပြုံးနေသည်။ ထို့နောက် အဝေးဝေးမှ ဘုရင်လေးပါးထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။
*ဟမ်*
ကျားကျင်းတောင် အံ့ဩသွားသည်။
*ဒီအရူးက သူ့အစွမ်းလေးနဲ့ ဘုရင်လေးပါးကို ယှဉ်ဖို့ စိတ်ကူးနေတာလား*
*ဒီကောင် ဘယ်ကနေ ယုံကြည်ချက်တွေ ရလာတာလဲ*
ချက်ချင်းဆိုသလိုတွင် စဉ်းလဲသော အပြုံးတစ်ခု ပေါ်လာသည်။
*အဆင်ပြေသွားတာပေါ့၊ ဒီကောင်က တုံးအလို့ တော်သေးတယ်၊ သူ ထွက်ပြေးမှာကို မကြောက်ရတော့ဘူး*
*သူ သေပြီ*
“မိဖုရား ဆုတ်ခွာနိုင်အောင် ကာထားကြ၊ အခြားသူတွေ ငါ့နောက်လိုက်ခဲ့၊ သူတို့ကို တားမယ်”
တစ္ဆေဖန့်ချီ ဒေါသတကြီး ကြုံးဝါးလိုက်ပြီးနောက် ရှေ့သို့ ပြေးတက်သွားကာ လင်းလန် ပြေးနိုင်ရန် အသေခံ တိုက်ခိုက်လေသည်။
“ယဲ့ဘုရင် အသက်ရှည်ပါစေ”
မည်သူက စအော်လိုက်မှန်း မသိချေ။
“ယဲ့ဘုရင် အသက်ရှည်ပါစေ”
“ယဲ့ဘုရင် အသက်ရှည်ပါစေ”
ထို့နောက် လူတစ်ယောက်ပြီး တစ်ယောက် ကြွေးကြော်လာသဖြင့် အော်သံက ကြီးထွားလာ၏။
သတိလက်လွတ် ဖြစ်သွားခဲ့သော တော်လှန်ရေး တပ်သည် ချက်ချင်း လူစုလာပြီး မိစ္ဆာများကို ရင်ဆိုင် တိုက်ခိုက် လေသည်။
တိုက်ခိုက်သော လူ ပိုများလာပြီး အားလုံး၏ မျက်နှာတွင် အသေခံရန် ဆုံးဖြတ်ထားဟန်များ ပေါ်နေ၏။
အချို့သော အသစ်ဝင်ရောက်လာသည့်သူများ အံ့ဩသွားကြသည်။
*သောက်ကျိုးနည်း ဒါ ဘာကြီးလဲ*
*ဒီလူတွေ ရူးနေပြီလား*
*သေလမ်းပဲ ရှိတာကို သိနေတာတောင် ဘယ်လိုလုပ် ရှေ့တက်ပြီး အသေခံရဲတာလဲ*
*ယဲ့ဘုရင် အသက်ရှည်ပါစေ ဟုတ်လား*
*ယဲ့ဘုရင် သေသွားတာ သုံးနှစ်တောင် ရှိနေပြီ၊ အခု သူ့နာမည်ကို အော်လို့ ဘာထူးမှာလဲ၊ သူက သေရာက ပြန်ရှင်လာပြီး သူတို့ကို ကယ်မှာမို့လို့လား*
*အရူး*
*ဒီလူတွေက အရူးတွေပဲ*
“မင်းတို့ သေချင်သေ ငါတော့ လိုက်မသေနိုင်ဘူး”
တစ္ဆေဖန့်ချီနှင့် အခြားသူများက မိစ္ဆာစစ်တပ်ကို တိုက်ခိုက်နေချိန်တွင် အချို့က နောက်လှည့်၍ တိုက်ပွဲဖြစ်ရာမှ အလျင်အမြန် ထွက်ပြေးလေသည်။ ဤအရူးများကဲ့သို့ သူတို့ မသေချင်ပါ။
“ကျုပ်တို့ ခင်ဗျားကို ကူညီမယ်”
နတ်ဆိုးမျိုးနွယ်များက ကြောက်လန့်ခြင်း မရှိသော မျက်လုံးတို့ဖြင့် တစ္ဆေဖန့်ချီဘေးသို့ ရောက်လာကြသည်။ သူတို့၏ မျက်လုံးတွင် ရူးသွပ်မှုသာ ရှိနေ၏။