← Chapters

အခန်း ၁၅၆၂

Vol. 105 Ch. 1562

အခန်း ၁၅၆၂

Vol. 105 Ch. 1562

Chapter 1562 ငါ့ကို ကြည့်ထားကြ

“ညီအစ်ကိုကောင်းတို့ ဒီနေ့ ငါတို့ ဒီမှာ အတူတူ သေကြတာပေါ့”

တစ္ဆေဖန့်ချီ အားပါးတရ ရယ်မောနေသည်။ သေရမည်ကို သူ သိသော်လည်း သူ့မျက်နှာတွင် ကြောက်စိတ် မရှိပေ။ ပျော်ရွှင်ဝမ်းသာမှုသာ ရှိနေလေသည်။

မိမိ ညီအစ်ကိုများနှင့် တိုက်ပွဲကို အတူတူ တိုက်၍ အတူတူ သေဆုံးနိုင်ခြင်းက လောကတွင် ပျော်စရာကောင်းသော ကိစ္စတစ်ခုပင်။

“တစ္ဆေဖန့်ချီ ကျုပ်တို့ သေသွားပြီးရင် အရှင်မင်းမြတ်ရဲ့ ချင်ဧကရာဇ် သင်္ချိုင်းဂူထဲ ဝင်နိုင်မှာလား”

တစ်စုံတစ်ယောက်က ယုံကြည်မျှော်လင့်စွာ မေးလာသည်။

“ဒါပေါ့ ငါတို့က ကျူးလုံ ဧကရာဇ်ရဲ့ အစေခံ၊ ငါတို့က နတ်ဆိုးမျိုးနွယ်ရဲ့ စစ်သည်တော်တွေ၊ ပြီးတော့ ငရဲဘုရင်တောင်မှ ငါတို့ကို လက်ခံရဲတာ မဟုတ်ဘူး”

တစ္ဆေဖန့်ချီက ရယ်၍ ပြောလိုက်သည်။

“တက်ကြ ညီအစ်ကိုတို့ ချင်ဧကရာဇ်ရဲ့ သင်္ချိုင်းဂူက ငါတို့ရှေ့မှာပဲ၊ ငါတို့ သူရဲကောင်းတွေရဲ့ ခန်းမ၊ ငါတို့ ထာဝရ နေသွားမယ့် နေရာ”

နတ်ဆိုးများအားလုံး ရုတ်တရက် ညာသံပေးလာပြီး သေခြင်းတရားကို ကြောက်လန့်ခြင်းမရှိဘဲ ရှေ့သို့ ပြေးတက်လာ၏။

“ဝှစ်”

ထိုသို့သောအချိန်၌ အဖြူရောင် ပုံရိပ်တစ်ခုက ရှေ့မှ ပိတ်ဆို့လာ၏။ ထိုသူမှာ အစောပိုင်းက အဖြူရောင်ဝတ်စုံနှင့် လူပင်။

ဤသည်ကိုမြင်သော် တစ္ဆေဖန့်ချီက မျက်မှောင်ကြုတ်၍ မတွေးတတ်ဟန်ဖြင့် မေးလိုက်သည်။

“ဒါ ဘာသဘောလဲ လူကြီးမင်း”

“သေမှာ သိတာတောင် အသေခံချင်နေသေးတာပဲလား၊ မင်းတို့ ဦးနှောက်က ပြဿနာ ရှိနေတာလား”

ယဲ့ဖန်က စနောက်၍ မေးလိုက်သည်။ ထိုစကားကြောင့် တစ္ဆေဖန့်ချီက ရယ်လေသည်။

“ကျုပ်က နတ်ဆိုးမျိုးနွယ်ပဲ၊ ဘယ်လိုလုပ် သေမှာကို ကြောက်တဲ့လူ ရှိမှာလဲ၊ ခင်ဗျားရဲ့ ကြင်နာမှုကို ကျုပ် နားလည်ပါတယ်၊ ဒါပေမဲ့ ခင်ဗျားအသက်အတွက် မြန်မြန် ထွက်ပြေးသင့်တယ်၊ ကျုပ်တို့အတွက် စိုးရိမ်စရာ မလိုပါဘူး”

“သေမှာ မကြောက်တာနဲ့ အချည်းနှီး သေလို့ရရောလား၊ ပြီးတော့ စစ်ပွဲမှာ သေသွားတဲ့ သူရဲကောင်းတွေရဲ့ ဝိညာဉ်တွေ ရှိတဲ့ ခန်းမဆိုတာ တကယ် မတည်ရှိဘူး”

ယဲ့ဖန်က ဆက်လက်၍ ခနဲ့လိုက်သည်။

“ပါးစပ်ပိတ်ထား၊ မင်းကများ ငါတို့ စစ်တပ်ကို လာရှုပ်ရဲတယ်ပေါ့လေ၊ ခုနက ငါတို့ကိုသာ မင်း မကယ်ခဲ့ဖူးဆိုရင် ငါ မင်းကို ချက်ချင်း သတ်ပစ်မှာ”

တစ္ဆေဖန့်ချီ ဒေါသထွက်သွားသည်။

“မင်း လမ်းမြန်မြန် ဖယ်စမ်း၊ သူများကိစ္စကို ဝင်မပါနဲ့၊ မဟုတ်လို့ကတော့ ငါ့ကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့”

“ဒါပေမဲ့ ငါ ဒီကိစ္စကို တကယ် ဝင်ပါချင်တာ”

ယဲ့ဖန် ပျက်ရယ် ပြုလိုက်သည်။

“မင်း”

တစ္ဆေဖန့်ချီ တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ယဲ့ဖန်က တစ်ဖက်လှည့်၍ ဘုရင်လေးပါးထံသို့ လျှောက်သွား လေသည်။

တစ်ချိန်တည်းမှာပင် ထိုသို့ လျှောက်သွားရင်း သူ၏ ရုပ်ဖျက်ထားသော ဝတ်စုံကို တစ်ခုချင်း ချွတ်ချနေသည်။ ပထမဆုံး ဦးထုပ်ကို ချွတ်ပစ်သည်၊ ထို့နောက် မျက်နှာဖုံး၊ လည်စည်း၊ ကုတ်အင်္ကျီ …

အဝတ်အစား တစ်ခုပြီးတစ်ခု မြေကြီးပေါ် ကျသွားပြီးနောက် ယဲ့ဖန်၏ မျက်နှာက တဖြည်းဖြည်း ပေါ်လာသည်။

တစ္ဆေဖန့်ချီနှ့် အခြားသူများကို သူ ကျောပေးထားသဖြင့် မည်သူမှ ယဲ့ဖန်၏ မျက်နှာအစစ်ကို မမြင်ရချေ။

သို့သော် သူတို့ မမြင်နိုင်သော်လည်း ဘုရင်လေးပါးလည်း မမြင်နိုင်ဟု မဆိုလိုပါ။ ယဲ့ဖန်၏ မျက်နှာအစစ်ကို မြင်ပြီးနောက် လေးယောက်လုံး ပင့်သက်ရှိုက်သွားပြီး မျက်လုံးတွင် မယုံနိုင်လောက်အောင် ကြောက်လန့်ဟန် ပေါ်လာ၏။

“ဒါ လုံးဝ မဖြစ်နိုင်ဘူး”

တစ်ခဏကြာသော် ဘုရင်လေးပါးလုံး ပြိုင်တူ အော်ဟစ်လာကြပြီး သူတို့၏ အသံတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

ယဲ့ဖန် သေရာက တကယ် ပြန်ရှင်လာသည်ကို မယုံနိုင်သည့်ပုံပင်။

လွန်ခဲ့သော သုံးနှစ်က သေသွားသင့်သော လူက ယခု သူတို့ရှေ့၌ အကောင်းပတိ ရောက်ရှိနေ၏။ ဤခံစားချက်က အိပ်မက်ဆန်လွန်းလှသည်။

*ဘာလို့ ဒီလို ဖြစ်ရတာလဲ*

*ချင်ဧကရာဇ် သင်္ချိုင်းဂူထဲက နဂါးကိုးကောင်က ယဲ့ဖန်ကို မသတ်ဘူးလား*

*နဂါးကိုးကောင်နဲ့ အင်မော်တယ် သုတ်သင်ခြင်း အစီအရင်ကို ပေါင်းလိုက်ရင် တစ်ခါမှ မလွဲခဲ့ဖူးပါဘူး၊ ဒီအခြေအနေကြီးက ဘာလဲ*

ချက်ချင်းဆိုသလိုပင် သူတို့လေးယောက်၏ မျက်နှာများက အလွန်အမင်း ရှုံ့မဲ့လာသည်။ ဤကိစ္စ၌ ထူးဆန်းမှု တစ်ခု ရှိနေပြီး ယင်းက သူတို့အား အလွန် စိတ်မသက်မသာ ဖြစ်အောင် လုပ်နေ၏။

သို့သော် တစ္ဆေဖန့်ချီနှင့် အခြားသူများသည် ဘုရင်လေးပါး ဘာဖြစ်နေလဲ မမြင်ရဘဲ သူတို့ သရဲသဘက်ကို မြင်ရသကဲ့သို့ လန့်နေသည်ကိုသာ မြင်နေရသည်။

ကုတ်အင်္ကျီက မြေကြီးပေါ် ကျသွားသောအခါ ယဲ့ဖန်၏ အနက်ရောင်ဝတ်စုံက လူတိုင်းရှေ့သို့ ပေါ်လာသည်။ ရုတ်တရက် တစ္ဆေဖန့်ချီနှင့် အခြားနတ်ဆိုးများ ထိတ်လန့်သွားကြလေသည်။ အကြောင်းမှာ ထိုလူ၏ ဝတ်စုံက သူတို့ဝတ်စုံနှင့် အလွန် တူညီနေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

၎င်းသည် မည်းနက်နေပြီး ညတာ၏ အမှောင်ယံနှင့် တူညီသည်။ သို့သော် မမြင်ရသော ကြောက်စရာကောင်းသည့် အငွေ့အသက်ကိုလည်း ထုတ်လွှတ်နေ၏။

*အံ့ဩစရာကောင်းတဲ့ နတ်ဆိုး အငွေ့အသက်ပါလား*

သူတို့ ထိုလူကို စိတ်ဝင်တစား ကြည့်မိနေသည်။ သူ၏ ခန္ဓာကိုယ်မှ နတ်ဘုရား အလင်းတန်း တစ်ခုပြီး တစ်ခု ဖြာထွက်လာပြီး ၎င်းက နေအလင်းထက် ပိုတောက်ပကာ တစ်ကိုယ်လုံး ရွှေဖြင့် ပြုလုပ်ထားသည်ဟု ထင်မှတ်ရသည်။

ထိုသို့သောအချိန်၌ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။

“ငါ့လူတွေ ငါ့ကို သေချာကြည့်ထားကြ”

ထည်ဝါသော အသံတစ်သံက တစ်လောကလုံးကို ပဲ့တင်ထပ်သွားသည်။

“ချင်ခေတ်ရဲ့ ဂုဏ်ရောင်ကို မျက်မြင်ကြည့်ထားကြ”

သဲပင်လယ် တစ်ခုလုံး နိုးထလာသကဲ့သို့ ပွက်ပွက်ဆူလာကာ ဆက်တိုက် တုန်ခါလာ၏။

“ချီးပဲ ဒါ ဘာလဲ”

ဘုရင်လေးပါးလုံး အကြီးအကျယ် မျက်နှာပျက်သွားပြီး အမူအရာက အလွန် ကြည့်ရဆိုးသွားသည်။

“ဘာ … မဟုတ်မှလွဲရော …”

တစ္ဆေဖန့်ချီ မှင်တက်သွားပြီး သူ့မျက်လုံးတွင် မယုံနိုင်မှုတို့ဖြင့် ပြည့်နှက်လာသည်။ တစ်စုံတစ်ရာကို မယုံနိုင် ဖြစ်နေသည့်ပုံပင်။

“မဟုတ်မှလွဲရော သူ ပြန်လာတာလား”

ရုတ်တရက် လင်းလန်က ယဲ့ဖန်ကို လှမ်းကြည့်လာပြီး သူ့အား မှုန်မှိုင်းနေသော အမူအရာဖြင့် ငေးကြည့်နေမိသည်။ ချက်ချင်းဆိုသလိုပင် နတ်ဆိုးများအားလုံး ခေါင်းမော့၍ ကောင်းကင်ယံမှ အနက်ရောင် ဝတ်စုံနှင့်လူကို ကြည့်လာသည်။

အလွန် ရင်းနှီးနေသည်ဟု သူတို့ ခံစားလာရသည်။ ဤသို့သော လွှမ်းမိုးမှု၊ ဤသို့သော အထက်စီးဆန်မှု။

သူတို့ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာပြီး မျက်ရည်ကျလာသည်။

“ချင်ခေတ် နိုးထစမ်း”

“ဝုန်း”

ထည်ဝါမြင့်မားသော မြေအောက်နန်းတော်တစ်ခုက သဲပင်လယ်အောက်မှ ရုတ်တရက် တိုးထွက်၍ ပေါ်ထွက် လာသည်။

“ချင်ဧကရာဇ် သင်္ချိုင်းဂူ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဤမြေအောက်နန်းတောက်ကို မြင်လိုက်သည်နှင့် ဘုရင်လေးပါးလုံး မျက်လုံးပြူးကာ သွေးပျက်ဟန် ပေါ်လာသည်။

*ဘာလို့လဲ*

*ဘာလို့ ရင်မိသားစုရဲ့ တော်ဝင်သင်္ချိုင်းဂူက ဒီမှာ ပေါ်လာတာလဲ*

*ပြီးတော့ သူ့ကိုပါ ထပ်မြင်နေရပါလား*

“ချင်ဧကရာဇ် သင်္ချိုင်းဂူ … သူပဲ … သူ တကယ် ပြန်လာပြီ”

တစ္ဆေဖန့်ချီ တစ်ကိုယ်လုံး တုန်ယင်လာပြီး လက်ရှိတွင် မျက်ရည်များက မျက်နှာပေါ် ကျဆင်းနေလေပြီ။

*သုံးနှစ် ရှိသွားပြီ*

*သုံးနှစ်တင်းတင်း ပြည့်သွားခဲ့ပြီ*

သူတို့အားလုံး ယဲ့ဖန် သေသွားခဲ့ပြီဟု ထင်ခဲ့ကြသည်။ ၎င်းကို ပြန်တွေးမိသည့်အချိန်တိုင်း သူတို့ မျက်ရည် မကျဘဲ မနေနိုင်ချေ။

နတ်ဆိုးမျိုးနွယ်များအားလုံး ပူဆွေးခဲ့ကြသည်။

ယခုအခါတွင် သေသွားသောသူက ပြန်ရှင်လာလိမ့်မည်ဟု မယုံနိုင် ဖြစ်နေ၏။ ဤသည်က မယုံနိုင်စရာကို ကောင်းလွန်းလှသည်။

သို့သော် ထိတ်လန့်စိတ်၏ အောက်တွင် ဝမ်းသာအားရ ဖြစ်စိတ်တို့က ပို၍ သာလွန်နေသည်။

ထိုသို့သောအချိန်၌ နတ်ဆိုးမျိုးနွယ်များအားလုံး မျက်ရည်ကျနေကာ မျက်လုံးတွင် ထိတ်လန့်ရိပ်များ စွန်းထင်းနေ၏။

“တစ္ဆေဖန့်ချီ ခင်ဗျား ဘာပြောနေတာလဲ၊ သူ ပြန်လာပြီဆိုတာက ဘာလဲ”

အချို့သော အသစ်ဝင်ရောက်လာသူများသည် ယဲ့ဖန်၏ ကြီးမြတ်ပုံကို မျက်မြင်ကိုယ်တွေ့ မတွေ့ဖူးချေ။ ထို့ကြောင့် လက်ရှိ၌ ဤလူက ဘယ်သူလဲ သူတို့ မသိကြချေ။

“သူက … မင်းတို့ တစ်ချိန်လုံး လေးစားနေရတဲ့လူပဲ”

တစ္ဆေဖန့်ချီက ထိတ်လန့်စွာ ပြောလာသည်။

“မဖြစ်နိုင်ဘူးလေ၊ သူက သေသွားပြီ မဟုတ်လား”

“ငါလည်း အဲ့လို ထင်ခဲ့တာပဲ၊ ဒါပေမဲ့ ငါ မှားသွားခဲ့တယ်”

တစ္ဆေဖန့်ချီသည် အပြုံးနှင့်အတူ ကိုယ့်ပါးကိုယ် နာနာရိုက်လိုက်သည်။

“ဘယ်လိုလုပ် အဲ့လူက သေနိုင်မှာလဲ”

“သူက … တကယ် ယဲ့ဘုရင်လား”

လူတိုင်း အံ့ဩသွားပြီး မယုံနိုင် ဖြစ်သွားကြသည်။ မျက်လုံးပေါင်းများစွာက ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ်သို့ ငါးမြှားချိတ်သဖွယ် တွယ်ညိလာ၏။ အကြည့်များက ဖယ်၍ပင် မရချေ။

“တကယ်ပဲ သူကိုး”

လင်းလန် ပြိုလဲသွားပြီး ငိုကြွေးလေတော့သည်။ သူမ ငိုသံ မထွက်အောင် လက်ဖြင့် ပါးစပ်ကို တင်းနေအောင် အုပ်ထားသည်။

ယဲ့ဖန် သေသွားသည့်နေ့ကတည်းက သူမကိုယ်သူမ မပြည့်စုံတော့သလို ခံစားလိုက်ရသည်။ အပြုံးတစ်ချို့ ဖြစ်တည်ဖူးသော မျက်နှာလေးတွင် မည်သို့သော အပြုံးလေးမျှ မရှိတော့ချေ။

လင်းလန်သည် ယဲ့ဖန်နှင့် မတွေ့ခင်အချိန်အထိ မြင်မြင်ချင်းအချစ်ကို မယုံကြည်သော စဉ်းစားချင့်ချိန်တတ်သည့် အမျိုးသမီး တစ်ဦး ဖြစ်သည်။

သူသည် ပေါ်လာလာချင်း သူမတစ်ဘဝလုံးကို အပိုင်သိမ်းသွားခဲ့သည်။ ဘာကြောင့်မှန်း မသိသော်လည်း သူမတို့ နှစ်ဦးသား အတူရှိချိန်က မကြာမြင့်သော်လည်း ယဲ့ဖန်အတွက် သူမအချစ်က ခိုင်မာလွန်းလှသည်။ ရပ်တန့်၍လည်း မရနိုင်ပေ။

ယဲ့ဖန် သေသွားသောနေ့တွင် သူမ ကိုယ့်ကိုယ်ကိုယ် သတ်သေရန်ပင် တွေးခဲ့မိသည်။ သူမ လက်လျော့လိုက်ခြင်း မဟုတ်ဘဲ လက်စားချေချင်၍ တော်လှန်ရေးတပ်နှင့် ပူးပေါင်းခဲ့ကာ ယခင်က ဖူးဖူးမှုတ်ခံရသော ဘဝကို စွန့်လွှတ်၍ နေဒဏ်လေဒဏ်ခံကာ လျှောက်သွားခဲ့သည်။

အချိန်နှင့်အမျှ သူမျှ ချွေးထွက်၍ စိတ်ရောကိုယ်ပါ မောပန်းပြီး အကြိမ်ကြိမ် အန္တရာယ်နှင့် ကြုံတွေ့ရသည်။

သူမသည် တော်လှန်ရေး တပ်၏ အတွင်းရေးများကို စီမံ၍ အရင်းအမြစ်များကို ခန့်ခွဲ၍ တော်လှန်ရေးတပ်သား တစ်သိန်းကို စနစ်ကျစွာ ခန့်ခွဲပြီး ဘဏ္ဍာရေး အထောက်အပံ့များစွာ ယူဆောင်လာပေးနိုင်ခဲ့သည်။

သူမ မရှိလျင် တော်လှန်ရေးတပ်သည် လက်နက်ဖိုးပင် တတ်နိုင်မည် မဟုတ်ပါ။ ယဲ့ဖန်၏ အမျိုးသမီးတိုင်းက အားနည်း၍ အသုံးမကျသူများ မဟုတ်ချေ။ သူတို့အားလုံး သတ်သေရန် တွေးခဲ့သော်လည်း ယဲ့ဖန် မျက်နှာပျက်အောင် မလုပ်ရဲချေ။

ယဲ့ဖန်ကို မြင်လိုက်ရသောအခိုက်တွင် သူမ မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းကာ မြေကြီးပေါ် ဒူးထောက်၍ အားရအောင် ငိုလေတော့သည်။

“ဝါး…”

ထိုအသံက ရင်ကွဲစရာ ကောင်းလွန်းလှသည်။ တကယ်တမ်းတွင်လည်း သူမ ပင်ပန်းလွန်းနေလေပြီ။

ပြီးခဲ့သည့် သုံးနှစ်လုံးလုံး သူမ တစ်နေ့ကို လေးနာရီသာ အိပ်ရသည်။ သူမ ယဲ့ဖန်အတွက် လက်စားချေနိုင်ရန် နေ့နေ့ညည ကြိုးစားခဲ့ပြီး အခက်အခဲများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ ခံစားခဲ့ရသော ဒုက္ခသည် စကားလေး တစ်ခွန်း၊ နှစ်ခွန်းဖြင့် ပြောရနိုင်လောက်အောင် မပေါ့ပါးပေ။

ယခု ယဲ့ဖန် ပြန်လာသည်ကို မြင်သောအခါ သူမ ထပ်မတောင့်ခံနိုင်တော့ဘဲ ပြိုလဲသွားလေပြီ။ သူမရင်ထဲ၌ သောကမီးကလည်း ပေါက်ကွဲလာ၏။

“အရှင့်မှာ ယဲ့ဘုရင်ဆိုတာအပြင် နောက်ထပ် နောက်ခံလည်း ရှိသေးတယ်”

တစ္ဆေဖန့်ချီက အပြုံးနှင့် ပြောလာသည်။

“ဘာနောက်ခံလဲ”

နတ်ဆိုးများအားလုံး စိတ်လှုပ်ရှားလာပြီး တစ္ဆေဖန့်ချီအား စိတ်အားထက်သန်စွာ ကြည့်လာကြသည်။

“မင်းတို့ သေချာကြည့်ရင် သိလာလိမ့်မယ် …”

တစ္ဆေဖန့်ချီက ပြုံး၍ တမင် လျှို၍ ယဲ့ဖန်အား သေချာ ကြည့်နေသည်။

လက်ရှိတွင် ယဲ့ဖန်သည် မြေအောက်နန်းတော်သို့ သက်ဆင်းနေပြီး ဖြစ်ပြီး အနက်ရောင် နဂါးဝတ်ရုံအား ဝတ်ဆင်ထားလေသည်။ ခံ့ညားထည်ဝါမှုက ကြီးမြတ်လွန်းလှသည်။

တည်ငြိမ်လေးနက်၍ သူရဲကောင်းများကို အမိန့်ပေးနိုင်ပုံကလည်း လေးစားစရာ ကောင်းလှသည်။

“ဘာ … သူက လတ်စသက်တော့ …”

“ဒါ … ဒါ လုံးဝ မဖြစ်နိုင်ဘူး”

“ငါ အိပ်မက်မက်နေတာပဲ ဖြစ်မယ်”

နတ်ဆိုးများအားလုံး နားဝေတိမ်တောင် ဖြစ်သွားပြီး သူတို့ မြင်နေရသည့်အရာကို မယုံနိုင် ဖြစ်နေ၏။

ဘုရင် လေးပါးတောင်မှ ခိုက်ခိုက်တုန်သွားပြီး မျက်နှာတွင် သွေးပျက်မှုနှင့် စိုးရိမ်မှုတို့ ပေါ်လွင်လာသည်။

ငိုနေသော လင်းလန်တောင်မှ အနက်ရောင် နဂါးဝတ်ရုံကို မြင်သောအခါ အငိုရပ်သွားလေသည်။ မျက်လုံးတွင် မယုံနိုင်လောက်အောင် အံ့ဩဟန်တို့ ပြည့်နှက်လာ၏။

အဘယ်ကြောင့်ဆိုသော် သမိုင်းထဲမှ ဧကရာဇ်များထဲတွင် တစ်ပါးတည်းသော ဧကရာဇ်၏ နဂါးဝတ်ရုံသာလျင် အနက်ရောင် ဖြစ်သည်။

ထိုဧကရာဇ်မှာ ကျူးလုံ ဧကရာဇ်ပင်။

ယဲ့ဖန်သည် အနက်ရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းထက်၌ ရတနာ စီခြယ်ထားသော သရဖူကို ဆောင်းထားကာ သူ၏ ထည်ဝါကြီးမြတ်မှုကို ပြသနေသည်။ ထိုအခိုက်တွင် သူသည် ရှေးခေတ်အချိန်က ဧကရာဇ် ကျူးလုံအဖြစ် တစ်ဖန် ပြန်ရောက်သွားသလိုပင်။

*ဧကရာဇ် ချင်ရှီဟွမ်*

ထိုအခိုက်တွင် ကျားကျင်းတောင်နှင့် နဉ်ကျန်းဟုန်တို့တောင်မှ မှင်တက်သော အမူအရာများ ဖြစ်လာကြပြီး မျက်လုံးများ ပြူးကျယ်လာ၏။

သူတို့အရှေ့မှလူက ဧကရာဇ် ဖြစ်နေသည်တဲ့လား။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

လွန်လေပြီးသော နှစ်ထောင်ချီအကြာက သေသွားခဲ့တဲ့ ပုဂ္ဂိုလ် ပြန်မွေးဖွားလာခြင်းက အိပ်မက်ဆန်လွန်းလှသည်။

“မဖြစ်နိုင်ဘူး၊ အထင်မှားတာ၊ ဒါ အမြင်မှားတာပဲ ဖြစ်ရမယ်”

“ချီးပဲ ဘာလို့ ဒီလို ဖြစ်ရတာလဲ”

ဘုရင်လေးပါးလုံး ကြက်သီးမွေးညင်းထလာ၏။ သူတို့ သုတ်သင်ချင်နေသည့်လူက ရင်မိသားစု၏ ဘိုဘေး ကျူးလုံ ဧကရာဇ် ဖြစ်နေသည်တဲ့လား။

ဧကရာဇ် ယွီရှန်သာ ဤသတင်းကို ကြားလိုက်လျင် ဘယ်လို ခံစားရမလဲ ဆိုသည်ကို သူတို့ မတွေးကြည့်ဝံ့ချေ။

ထိုစဉ် ယဲ့ဖန်၏ မျက်လုံးတွင်း၌ ခက်ထန်မှုများက ပင်လယ်အလား ပြည့်နှက်နေ၏။

“ငါ့ကို သေချာ ကြည့်ထားကြ”

“ချင်ဧကရာဇ် ပြန်လာတာကို မျက်ဝါးထင်ထင် ကြည့်ထားကြ”

All Chapters