အခန်း ၁၅၆၃
Vol. 105 Ch. 1563
Chapter 1563 ချင်ခေတ်က စစ်သည်တော်တွေ ဘယ်မလဲ
“ရွှစ်”
ယဲ့ဖန်၏ စကားအဆုံး၌ အဝေးမှ အေးစက်စက် အလင်းတစ်ခုက ဒုံးပျံအလား ကျဆင်းလာသည်။
“ဒါက …”
ထိုအလင်းအား လူတိုင်း ကြောက်လန့်တကြား မော့ကြည့်လိုက်သည်။ ထို့နောက်တွင်မူ အလင်းကို မြင်ပြီးသည်နှင့် ဘုရင်လေးပါးလုံး လိပ်ပြာလွင့်သလို ဖြစ်သွားကြသည်။
နောက်ဆုံးသော ကံကောင်းခြင်း အစအနလေး ပျောက်ကွယ်သွားလေပြီ။
ယဲ့ဖန်က လက်ကိုမြှောက်၍ ၎င်းအလင်းကို ဖမ်းယူလိုက်သည်။ ၎င်းသည် တကယ်ပင် မျက်စိကျိန်း လောက်လေသည်။ ၎င်းသည် နတ်ဘုရားများကို တုန်လှုပ်စေသည့် အငွေ့အသက်တစ်ခု ထုတ်လွှတ်နေသည်။
ဤအရာသည် ချင်ရှီဟွမ်၏ ဓား စကြဝဋ္ဌာဓား ဖြစ်လေသည်။ ဤဓားသည် နတ်ဘုရားများကို ခုတ်ပိုင်းနိုင်ပြီး အင်မော်တယ်များအား သတ်ဖြတ်နိုင်ကာ တစ္ဆေများကို သုတ်သင်၍ နတ်ဆိုးများအား ရှင်းလင်းနိုင်သည်။
၎င်းဖြင့် မသတ်နိုင်သောအရာဟူ၍ မရှိချေ။ သို့သော် ဘိုးဘေး ကျူးလုံ ဧကရာဇ် သေဆုံးသွားပြီးကတည်းက ၎င်းကို မည်သူမှ မထိန်းချုပ်နိုင်ချေ။ ၎င်းသည် သုံးမရတော့သော အမှိုက်တစ်ခု သဖွယ် ဖြစ်သွားပြီး ထက်မြခြင်းလည်း မရှိတော့ပေ။
ထို့နောက် လောကတွင်း၌ ပျောက်ကွယ်သွားပြီး မည်သည့်နေရာ၌ ရှိနေမှန်း မသိအောင် ပျောက်ဆုံးသွား၏။
ဤစကြဝဋ္ဌာဓား ပြန်ပေါ်လာလိမ့်မည်ဟု ဘုရင်လေးပါးလုံး လုံးဝ ထင်မထားမိချေ။ ဤသည်က အရှေ့မှလူသည် အတု မဟုတ်ဘဲ တကယ့် ကျူးလုံ ဧကရာဇ်ဖြစ်ကြောင်း ပြသနေသည်။
ဘုရင်လေးပါးလုံး ပြင်းထန်စွာ တုန်ယင်နေပြီး ချက်ချင်း ဒူးထောက်လုနီးပါး ဖြစ်နေ၏။
ဧကရာဇ် ယွီရှန်၏ ပန်းတိုင်သည် ဘိုးဘေး ကျူးလုံ ဧကရာဇ်ထက် သာလွန်ချင်သည့် ပန်းတိုင် ဖြစ်သည်။ သို့သော် သူ ကျော်လွန်နိုင်တော့မည် မဟုတ်ပါ။
*ဘယ်လိုလုပ် ဒီလိုလူကို ငါတို့လေးယောက်က ကိုင်လှုပ်နိုင်မှာလဲ*
ယဲ့ဖန်သည် လက်နှစ်ဖက်ဖြင့် ဓားရိုးကိုကိုင်၍ မြေကြီးအား အရှိန်ဖြင့် ခုတ်ပိုင်းလိုက်သည်။ နတ်စွမ်းအင်လှိုင်းတစ်ခု ဖြာထွက်လာသည်။
“ရွှစ် ရွှစ်”
ရုတ်တရက် ဒါဇင်ချီသော အားအနည်းဆုံး မိစ္ဆာများ ပေါက်ကွဲကာ အရိုးပင် မကျန်တော့ချေ။ အခြားမိစ္ဆာများလည်း ကြောက်လန့်တကြား အော်ဟစ်ကာ တုန်ယင်နေ၏။
*ဓားစွမ်းအင်လှိုင်းတစ်ခုက ဒါဇင်ချီတဲ့ မိစ္ဆာတွေကို သတ်နိုင်တယ်တဲ့လား*
*ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့လူလဲ*
အမြဲ မာန်မာနကြီးခဲ့သော ဘုရင်လေးပါးသည် လက်ရှိတွင် မတုန်လှုပ်ဘဲ မနေနိုင်အောင် ဖြစ်နေကြသည်။ သူတို့၏ ဘဝ၌ ပထမဆုံးကြိမ်အဖြစ် ကြောက်စိတ်က ဘာလဲဆိုသည်ကို ခံစားမိသွားလေသည်။
“ချင်ခေတ်က စစ်သည်တော်တွေ ဘယ်မှာလဲ”
ထည်ဝါသော အသံတစ်သံ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ သဲပင်လယ် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာ ပြီးနောက် မြေကြီးထဲမှ လူရိပ် တစ်ခုပြီးတစ်ခု တိုးထွက်လာ၏။
အရေအတွက်က တဖြည်းဖြည်း များပြားလာပြီး ဤနေရာတစ်ခုလုံးအား ဝိုင်းလာကြသည်။
“မြေနီရောင် စစ်သည်တော်တွေ”
ဘုရင်လေးပါးလုံး အကြောက်လွန်ကာ သတ္တိပင် ပျောက်ကွယ်သွားပြီး သူတို့၏ မျက်လုံးတွင် အလွန် ကြောက်လန့်ဟန်များသာ ပေါ်လွင်လာသည်။
ဘိုးဘေး ကျူးလုံ ဧကရာဇ် ပြန်ရောက်လာပြီး ချင်စစ်သည်တော် သုံးသိန်းကျော်ကိုလည်း ဆင့်ခေါ်ခဲ့သည်။ ဤအင်အားက မရပ်တန့်ပေ။
“ဘိုးဘေး ကျူးလုံ ဧကရာဇ်၊ အရှင် ယဲ့ဘုရင်ရဲ့ နောက်ထပ် နောက်ခံတစ်ခုက ကျူးလုံ ဧကရာဇ် ဖြစ်နေတာပါလား”
“ဧကရာဇ် ကိုးပါး၊ တစ်ယောက်ချင်းစီက ထိပ်တန်းတွေ၊ မိုးမြေအထက်မှာ ရပ်တည်ပြီး နေနဲ့လနဲ့အတူ ယှဉ်ပြိုင်နိုင်တဲ့ သူတွေ၊ ဟားဟားဟား … ရင်မိသားစုကလူတွေ မင်းတို့ ကိုယ့်ဘိုးဘေးကို ဘယ်လိုလုပ် ပုန်ကန်ရဲတာလဲ၊ မင်းတို့တော့ သွားပြီ”
“ငါ ရင်မိသားစုဝင်တွေရဲ့ အမူအရာကို မြင်ရဖို့ မစောင့်နိုင်တော့ဘူး၊ သူတို့က သူတို့ဘိုးဘေးကိုတောင် ဆန့်ကျင်ရဲတာ၊ အဲ့ဒီ မထိုက်တန်တဲ့ မျိုးဆက်တွေက အသက်ရှင်ရတာ ပင်ပန်းနေပြီပဲ”
နတ်ဆိုးများကြား၌ ထေ့ငေါ့လှောင်ပြောင်သံများ ထွက်ပေါ်လာသည်။
သူတို့ စိတ်လှုပ်ရှားကာ ဝမ်းသာအားရ ဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အရှင် ယဲ့ဘုရင်က ဒဏ္ဍာရီလာ ဧကရာဇ် ဖြစ်နေ သောကြောင့်ပင်။
သူရဲကောင်းအဆန်လုံး လူ။
ထိုအချိန်က ချင်ခေတ်သည် ပြိုင်ဘက်ကင်းခဲ့ပြီး ကိုးပြည်နယ်၏ နယ်မြေများသည် သုံးပြည်နယ်၏ တိုက်ခိုက်ခြင်း ခံရကာ မည်သူမှ ပြန်မတွန်းလှန်နိုင်ပေ။
အလွန်အမင်း အင်အားကြီး၍ လွှမ်းမိုးနိုင်လွန်းသည်။ ဤသည်ကို တွေးမိရုံနှင့်တင် သူတို့ စိတ်လှုပ်ရှားလွန်း၍ ကျင်ငယ်ရည်ပင် ထွက်ကျလုနီးပါး ဖြစ်လာရသည်။
တော်လှန်ရေးတပ်၏ တည်ရှိမှုသည် မြေအောက်လောက ဘုရင်မ၏ အုပ်ချုပ်မှုကို မြေလှန်ရန် ဖြစ်သည်။ သို့သော် ဘိုးဘေး ကျူးလုံ ဧကရာဇ်နှင့်ဆိုလျင် အဘယ်ကြောင့် မတွန်းလှန်နိုင်ရမည်နည်း။ လက်ဖျောက်တီးနိုင်ရုံနှင့်တင် ဖျက်ဆီးနိုင်ပေမည်။
ကိုးပြည်နယ်တွင်း၌ မွေးဖွားသောသူများတွင် အချို့လူများက ဧကရာဇ် ယွီရှန်ကို မသိသော်လည်း ကျူးလုံ ဧကရာဇ်ကိုတော့ မသိသူ မရှိချေ။ ဤသည်က နှစ်ယောက်ကြားက မတူညီမှုပင်။
တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း။
ချင်ခေတ် စစ်သည်တော်များ တစ်စထက်တစ်စ မြေကြီးထဲမှ တိုးထွက်လာကြပြီး ကြောက်မက်ဖွယ်ကောင်းသော ကျောချမ်းစရာ အငွေ့အသက်က ဘေးပတ်ဝန်းကျင်သို့ ရုတ်တရက် ပျံ့နှံ့လာ၏။
မယုံနိုင်လောက်အောင် ကြမ်းကြုတ်ပြီး ရက်စက်သော သားရဲတစ်ကောင်သဖွယ် ကြောက်စရာ ကောင်းလှသည်။
သမိုင်း၌ ပြိုင်ဘက် ကင်းလုနီးပါး ဖြစ်ခဲ့သော စစ်တပ်ကို လူတိုင်း မြင်နေရလေပြီ။
“ဝုန်း ဝုန်း ဝုန်း”
ကျယ်လောင်သော ပေါက်ကွဲသံများက ကောင်းကင်ယံကိုပင် တုန်ခါစေ၏။
လူတိုင်း သေချာကြည့်လိုက်သောအခါ ထိုအသံက စစ်သည် သုံးသိန်း၏ ညီညာစွာ လျှောက်လှမ်းလာသော ခြေသံ ဖြစ်နေကြောင်း သိလိုက်ရသည်။
လူသုံးသိန်း ညီညာစွာ လျှောက်လှမ်းနေပြီး တစ်စက်ကလေးမျှ မှားယွင်းခြင်း မရှိသည်က ထိတ်လန့်ဖွယ် ကောင်းလှသည်။
ကောင်းမွန်စွာ လေ့ကျင့်ထားသည်ဟူသော စကားလုံးဖြင့်ပင် သူတို့ကို ရည်ညွှန်းဖော်ပြရန် မလုံလောက်တော့ပါ။ သူတို့အား ပြင်းပြသော တိုက်ပွဲဝင်စိတ်ဓာတ် ရှိသူများဟု ဆိုရပေမည်။
လင်းလန်သည်လည်း နားဝေတိမ်တောင် ဖြစ်နေ၏။
*ဒီလူက ကျူးလုံ ဧကရာဇ် ဖြစ်နေတာလား*
*ကျူးလုံ ဧကရာဇ်က ငါနဲ့အတူ အိပ်ခဲ့တာလား*
*ဒါက ... မတွေးဝံ့စရာပဲ*
ထိုအချိန်တွင် ယဲ့ဖန်သည် မြေအောက်နန်းတော် အထက်၌ ရပ်နေပြီး ချင်စစ်သည် သုံးသိန်းသည် လောကကို ဖိနှိပ်နိုင်သော ဟန်ပန်တို့ဖြင့် ရပ်နေကြသည်။
စစ်သည် သုံးသိန်းကိုမြင်သောအခါ ဘုရင်လေးပါးလုံး တုန်ယင်လာကြသည်။ လောက၏ အကြမ်းကြုတ်ဆုံး စစ်သည်တော်များဟု ခေါ်တွင်သော ဤစစ်သည်တော်များက မည်မျှ ကြောက်စရာကောင်းသလဲကို သူတို့ အသိဆုံးပင်။
“သတ်”
ရုတ်တရက် ယဲ့ဖန်ထံမှ မိုးကြိုးပစ်ချသံကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာ၏။ စစ်သည်သုံးသိန်းသည် ရုတ်တရက် မြင်းရိုင်းများသဖွယ် ရှေ့သို့ ချီတက်သွားသဖြင့် သဲပင်လယ်တစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ တုန်ခါ လာသည်။
ဤသည်ကိုမြင်သော် ဘုရင်လေးပါးလုံး မျက်လုံးပြူးသွားပြီး မျက်နှာတွင် အလွန် သွေးပျက်ဟန်များ ပေါ်လာကြသည်။ ဤပြိုင်ဘက်ကင်း စစ်တပ်အကြောင်းကို သူတို့ ကြားထားဖူးပြီးသား ဖြစ်ပြီး ယနေ့အခါ၌ ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရလေပြီ။
ဤအရှိန်အဝါတစ်ခုတည်းကတင် သူတို့လေးယောက်ကို ထိတ်လန့်စေရန် လုံလောက်နေ၏။
သို့သော် ပို၍ ထိတ်လန့်ဖွယ်ကောင်းသော အရာ ရောက်လာရန် ကျန်နေသေးသည်။
ထိုသို့သောအချိန်၌ ရှေ့ဆုံးမှ ချင်စစ်သည် တစ်သောင်းက ရုတ်တရက် ဧရာမ သားရဲများအဖြစ် ပြောင်းလဲ သွားသည်ကို တွေ့လိုက်ရသည်။
ကျား၊ ဆာလောင်နေသော ဝံပုလွေ၊ ကျွဲရိုင်း၊ ဧရာမ ဆင် စသဖြင့် ပြောင်းလဲသွားသည်။
ဤစစ်သည် သုံးသိန်းသည် သာမန် စစ်သည်တော်များ မဟုတ်ချေ။ သို့သော် ဤမျှနှင့် မရပ်သွားချေ။ ထို့နောက်တွင်မူ နောက်ထပ် လူတစ်သောင်းသည် လေးမီတာမျှ အရပ်မြင့်ကြပြီး ကျောက်တုံးတစ်သောင်းကို သယ်မ၍ အရှေ့သို့ ပစ်ပေါက်လာသည်။
ချက်ချင်းဆိုသလိုပင် မိစ္ဆာတစ်ဖွဲ့ ကြေမွ၍ သေဆုံးသွားကြသည်။
စစ်သည်သုံးသိန်းတွင် တစ်ယောက်ချင်းစီက ကိုယ်ပိုင် မှော်စွမ်းအင်များ ရှိပြီး အလွန်အမင်း ကြောက်စရာ ကောင်းလှသည်။
ဘုရင်လေးပါးနှင့် အခြားသူများ ကြက်သေ သေသွားကြသည်။ လက်ရှိတွင် သူတို့သည် ဧကရာဇ်ယွီရှန်၌ ဦးနှောက် ပြဿနာများ ရှိလေသလားဟု တွေးထင်လာကြသည်။
ဤသို့ ရဲရင့်၍ ကြမ်းကြုတ်သော စစ်သည်တော်များအား နတ်ဘုရားမြို့တော် တည်ဆောက်ရာ၌ ခိုင်းစေခဲ့သည် တဲ့လား။
သူတို့ကိုသာ စစ်ပွဲ၌ အသုံးချပါလျင် အဘယ်နိုင်ငံက ခုခံနိုင်မည်နည်း။ ဤမျှ ပြိုင်ဘက်ကင်းသော အင်အားစုအား အလကား ဖြုန်းတီးပစ်ခြင်းက အလကားသက်သက် ပိုက်ဆံထိုင်ဖြုန်းနေသကဲ့သို့ ရူးမိုက်သည်ထက်ပင် ကျော်လွန်နေ၏။
မျက်နှာချင်းဆိုင် ရင်ဆိုင်ရသောအခါ ရာချီသော မိစ္ဆာများ ချက်ချင်း အထိနာသွားကြပြီး တစ်ဝက်ကျော်မျှ အသတ်ခံရပြီး ဒဏ်ရာရသွားကြသည်။
ဤမိစ္ဆာ အကောင်ကိုးရာကြောင့် တော်လှန်ရေးတပ်သည် ပြန်တိုက်နိုင်စွမ်း မရှိဘဲ ရှုံးနိမ့်ခဲ့ရသည်။ ပြီးခဲ့သော သုံးနှစ်အတွင်း ဤမိစ္ဆာများ၏ ပါးစပ်အတွင်း သက်ဆင်းခဲ့ရသော တော်လှန်ရေး တပ်၏ အရေအတွက်က တစ်သန်းနီးပါးပင်။
သို့သော် ယခုအခါ၌ ချင်ခေတ်က စစ်သည်တော်များနှင့် ရင်ဆိုင်ရသောအခါ အကောင်ရေ တစ်ရာမျှ ချက်ချင်း အသတ်ခံလိုက်ရသည်။ ဤသည်က မယုံနိုင်စရာ ကောင်းလှသည်။
နိုင်ငံများကို သိမ်းပိုက်ပြီး စုစည်းနိုင်စွမ်းရှိသည်က အံ့ဩစရာ မဟုတ်တော့ပါ။ ဤစစ်တပ်ကို ပိုင်ဆိုင်ထားသူက လောကကို ပိုင်ဆိုင်ထားသလိုပင်။
သွေးစီးကြောင်းများ စီးကျလာသဖြင့် မြေဆီလွှာ စိုရွှဲလာပြီး သဲပင်လယ်တစ်ခုလုံး သွေးချောင်းစီးလာလေသည်။
ကြောက်စရာ ကောင်းလိုက်လေခြင်း။
ဘုရင်လေးပါးနှင့် တပ်ဖြန့်ထားသော ရင်မိသားစုဝင်များ ကြက်သီးထသွားပြီး သူတို့၏ နှလုံးသားအား ကြီးမားသော ကျောက်တုံးတစ်တုံး လာဖိထားသကဲ့သို့ ခံစားရကာ စိတ်ဓာတ်ကျလာသည်။
မိစ္ဆာ အကောင်ကိုးရာကျော်။ သူတို့သည် မြေအောက်လောက ဘုရင်မ၏ ကိုယ်ပွားများဖြစ်ပြီး မြေအောက်လောက ဘုရင်မ၏ ခွန်အားနှင့် ညီမျှလေသည်။
သို့သော် ယခု ထိပ်တိုက် တိုက်ခိုက်ရသောအခါ တစ်ဝက်ကျော် သေဆုံးသွားကြသည်။ ကျန်တစ်ဝက်သည်လည်း အသတ်ခံနေရကာ လုံးဝ ပြန်မတိုက်နိုင်ဘဲ ဆက်တိုက် သေဆုံးနေသည်။
လက်ရှိတွင် ဘုရင်လေးပါးတွင် အတွေးတစ်ခုသာ ရှိနေ၏။
*ဒီစစ်တပ်က ပြိုင်ဘက်ကင်းတာပဲ*
“အခုတော့ ရင်မိသားစုက ဆိုးရွားတဲ့ ကပ်ဆိုးကို ခံစားရတော့မှာပဲ”
ရင်မသိားစုဝင်တိုင်း ချောက်ချားနေပြီး မြေအောက်နန်းတော် အထက်၌ ရပ်နေသော ကြီးကျယ်မြင့်မြတ်သော လူအား ပြောမပြတတ်သော ကြောက်စိတ်ဖြင့် ကြည့်လိုက်သည်။
*လွှမ်းမိုးနိုင်တယ်*
*မြင့်မြတ်တယ်*
*ဒီလိုလူ၊ ဒီလိုစစ်တပ်ကို ငါတို့ ဘယ်လို ခုခံနိုင်မှာလဲ*
တစ်ဖက်တွင်မူ တစ္ဆေဖန့်ချီနှင့် အခြားသူများ စိတ်လှုပ်ရှားကာ တုန်ယင်နေ၏။
ဤသည်မှာ သူတို့၏ ဘုရင်ပင်။ နတ်ဘုရားများနှင့် နတ်ဆိုးများအား ခွေးသဖွယ်၊ ဝက်သဖွယ်သာ ထင်မှတ် တတ်သော ပုဂ္ဂိုလ်။
ကိုးပြည်နယ်အား စိစိညက်ညက် ကြေအောင် လုပ်ရဲသော လူတစ်ယောက်။
သူတို့ထက် ပိုကြောက်စရာကောင်းသော ချင်စစ်သည်တော်များနှင့် ရင်ဆိုင်ရသောအခါ ဤမိစ္ဆာများသည် ကြောက်လန့်တကြား အော်ဟစ်၍ နောက်လှည့်ကာ အသည်းအသန် ထွက်ပြေးကြလေသည်။
ရက်စက်ကြမ်းကြုတ်သော မိစ္ဆာကောင်များသည် လက်ရှိတွင် ကြောက်လန့်နေလေပြီ။ သို့သော် ချင်စစ်သည်တော် သုံးသိန်းနှင့် ရင်ဆိုင်နေရသဖြင့် သူတို့ အဘယ်သို့ လွတ်မြောက်နိုင်ပါမည်နည်း။
တစ်မိနစ်အတွင်း မိစ္ဆာတစ်ဝက်ကျော် သေဆုံးသွားကြသည်။ နှစ်မိနစ်ကြာသော် မိစ္ဆာအကောင်တစ်ရာသာလျင် ကျန်ရစ်တော့သည်။ သုံးမိနစ်အကြာ၌ မိစ္ဆာများအားလုံး သေဆုံးသွားလေသည်။
“င့ါလက်အောက်ငယ်သားတွေ ငါ့ကို ဂရုစိုက်ပေးလို့ ကျေးဇူးပဲ”
ထိုအချိန်တွင် ယဲ့ဖန်က ဘုရင်လေးပါးကို အန္တရာယ်ပေးလိုဟန်ဖြင့် စိုက်ကြည့်၍ အဓိပ္ပာယ် အပြည့်ပါသော စကားကို ဆိုလိုက်သည်။
ဘုရင်လေးပါးလုံး ခိုက်ခိုက်တုန်သွားပြီး သူတို့၏ မျက်နှာတွင် သွေးပျက်နေဟန်က ဖုံးဖိမရအောင် ပေါ်လာသည်။ သူတို့ ကြောက်လန့်နေလေပြီ။
ထိုအခိုက်တွင် တစ္ဆေဖန့်ချီနှင့် အခြားသူများက အပြုံးကြီး ပြုံးနေကြသည်။ ထိုအပြုံးက ဂုဏ်ယူနေဟန် ပေါ်သလို ခနဲ့နေဟန်လည်း ပေါ်နေ၏။
“ဝှစ်”
ချက်ချင်းဆိုသလိုပင် လေးယောက်သာ အရပ်မျက်နှာအနှံ့သို့ ပြိုင်တူ ထွက်ပြေးကြလေသည်။ နှစ်ပေါင်းများစွာ ပူးပေါင်းလာသဖြင့် လေးယောက်လုံးသည် အထူးအထွေ ပြောနေစရာ မလိုဘဲ အချင်းချင်း ကောင်းကောင်း နားလည်ကြသည်။
ယခု လေးယောက်လုံး အတွေးတစ်ခုတည်းကိုသာ တွေးတောနေကြသည်။
*ထွက်ပြေးရမယ်*
ဤသို့သော မကောင်းဆိုးဝါးအား သူတို့ သေချာပေါက် မနိုင်နိုင်ပေ။ သူတို့ မပြေးလျင် သေရပေလိမ့်မည်။ သူတို့၌ ဘိုးဘေး ကျူးလုံ ဧကရာဇ်ကို ရင်ဆိုင်တိုက်ခိုက်ရဲသည့် သတ္တိ မရှိပါ။
သို့ရာတွင် သူတို့ ထွက်ပြေးတော့မည့် အချိန်၌ နဂါးနက် အလံက လေထဲသို့ မြောက်တက်လာပြီး ကောင်းကင်ယံတွင် တဖျပ်ဖျပ် လွင့်ပျံလာပြီး အနက်ရောင် မြူခိုးများ ပျံ့နှံ့လာကာ မရေတွက်နိုင်သော ဦးခေါင်းများ ပေါ်လာပြီး ငိုကြွေးမြည်တမ်းသံက မိုင်ထောင်ချီ၍ ပျံ့နှံ့သွားသည်။ ဤနဂါးနက် အလံက လူပေါင်း မည်မျှ များများ သတ်ခဲ့လဲ မသိနိုင်သလို မိစ္ဆာဝိညာဉ်က တစ်ဟုန်ထိုး တိုးမြင့်နေ၏။
“နဂါးနက်အလံ၊ ဒါ ချင်စစ်တပ်ရဲ့ စစ်အလံပဲ”
နဂါးနက်အလံ လောကထဲ ပေါ်လာသည်ကို မြင်သောအခါ လူအများသည် ကြောက်လန့်သွားပြီး သူတို့မျက်နှာတွင် ကြောက်ရွံ့ဟန်များ ပေါ်လာကြသည်။
ချင်စစ်သည်များသည် ပခုံးပေါ်၌ နဂါးက်အလံကို သယ်ဆောင်၍ အရှေ့သို့ ချီတက်ကာ ဟစ်ကြွေး၍ သတ်ဖြတ် လေသည်။
“ချီးပဲ”
ဘုရင်လေးပါးလုံး ကျိန်ဆဲ၍ အသက်ကယ်နိုင်မည့် တိုက်ကွက်မျိုးစုံကို ထုတ်သုံးကြသည်။ သူတို့ ရူးမတတ် ဖြစ်နေကြသည်။ သူတို့ မိုးမြေအစွမ်းကို အသုံးချ၍ အစွမ်းအထက်ဆုံး သိုင်းကွက်ကို ထုတ်ဖော်၍ နဂါးနက်အလံကို ရှင်းထုတ်လေသည်။
သို့သော် နဂါးနက် အလံ၏ ကြမ်းကြုတ်မှုကို ခုခံနိုင်စွမ်း မရှိဘဲ ဒါဇင်ချီသော နဂါးနက်အလံများက အတူတူ စုဝေးလာပြီး ဘုရင်လေးပါးထံ ချဉ်းကပ်လာသည်။
အသက်တစ်ကြိမ် ရှူစာအတွင်း ဘုရင်လေးပါးလုံး နောက်ဆုတ်သွားရပြီး သွေးထွက်သံယို ဖြစ်ကာ စုတ်ပြတ် ကုန်သည်။
ဘိုးဘေး ကျူးလုံဧကရာဇ် ကိုယ်တိုင် ဝင်ပါရန်ပင် မလိုအပ်ချေ။ ဤမဟာချင်ခေတ်က စစ်သည်တော်များနှင့်တင် သူတို့အား ဆောက်တည်ရာမရအောင် လုပ်နိုင်၏။
နဂါးနက်အလံ။
အရေအတွက်ပင် မသိနိုင်တော့သော သိုင်းပညာရှင်များ၏ သွေးများဖြင့် ခြယ်သံထားသော အလံဖြစ်ပြီး အလံ တစ်ခုချင်းစီက နတ်ဘုရားလက်နက်တစ်ခုနှင့် ယှဉ်နိုင်စွမ်း ရှိပြီး သန်မာသော မရဏအငွေ့အသက်ကို ယှဉ်နိုင်စွမ်း မရှိနိုင်ပါ။
လက်ရှိတွင် မြေအောက်နန်းတောက် ဖြည်းဖြည်းချင်း အရှေ့သို့ တိုးလာသည်ကို သူတို့ တွေ့လိုက်ရပြီး ယဲ့ဖန်သည်လည်း နီးကပ်လာသည်။
“အရှင် ကျူးလုံ ဧကရာဇ်၊ ကျွန်တော် ...”
လေဘုရင်က တစ်စုံတစ်ခုကို ပြောချင်နေသည်။ ယဲ့ဖန်က သူ့ကို တန်း၍ လက်ညှိုးထိုးလိုက်ပြီး ပြင်းထန်သော ယန်စွမ်းအင်က ကြောက်စရာကောင်းလောက်အောင် ထက်ရှသော စွမ်းအင်တစ်ခုအဖြစ် စုဝေးလာပြီး အရှေ့သို့ တိုးဝင်သွားသည်။
“ရွှစ်”
၎င်းက လေဘုရင်၏ ဦးခေါင်းကို ချက်ချင်း ထိုးဖောက်သွားပြီး နဖူးအလယ်၌ လက်မအရွယ်အစားရှိသော အပေါက်တစ်ခု ပေါ်လာကာ သွေးများ စိမ့်ထွက်လာ၏။
သူ့မျက်နှာတွင် မလိုလားစိတ်များ ပြည့်နှက်နေကာ ခန္ဓာကိုယ်က နောက်သို့ လန်ကျသွားသည်။ ဘုရင်လေးပါးတွင် သုံးယောက်သာ ကျန်တော့သည်။
ကျန်ဘုရင်သုံးပါးသည် ယဲ့ဖန်အား အလွန် ကြောက်ရွံ့တုန်လှုပ်သော အမူအရာဖြင့် ကြည့်လာကြသည်။