← Chapters

အခန်း ၁၅၆၄

Vol. 105 Ch. 1564

အခန်း ၁၅၆၄

Vol. 105 Ch. 1564

Chapter 1564 ငါ မင်းသေတာကို လိုချင်တယ်

ကြမ်းကြုတ်သည်၊ ရက်စက်လွန်းသည်။

ဤလူသည် ကိုးပြည်နယ်အနှံ့ သွားလာခဲ့ပြီး ရက်စက်၍ တစ်ကိုယ်ကောင်းဆန်ကာ လူပေါင်း ဆယ်သန်းကျော်ကို သတ်ခဲ့သည်တဲ့လား။

သူ၏ ကြင်နာမှုကို ရရှိရန် လုံးဝ မဖြစ်နိုင်ချေ။

“ရင်မိသားစု သေချာပေါက် သေရမယ်၊ ဒီနေ့ မင်းတို့နဲ့ အရင်စရတာပေါ့”

ယဲ့ဖန်က ရက်စက်စွာ ပြုံး၍ တစ်ယောက်ပြီး တစ်ယောက်အား လက်ညှိုးထိုးလေသည်။

“ရွှစ် ရွှစ်”

ဘုရင်လေးပါးလုံး ဒဏ်ရာအပြင်းအထန်ရကာ သွေးအန်သွားသည်။ သို့သော် သူတို့ မသေသွားကြပေ။

“မင်း ... မင်း ငါတို့ ကျင့်ကြံခြင်းတွေကို ဖျက်ဆီးလိုက်တာလား”

သုံးယောက်လုံး၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။

*ဘာလို့ ယဲ့ဖန်က ငါတို့ကို မသတ်တာလဲ*

သို့သော် ထိုအခိုက်တွင် ယဲ့ဖန်က လက်ကို အသာဝှေ့ယမ်း၍ သုံးယောက်လုံးကို ရိုက်ထုတ်လိုက်သည်။ သုံးယောက်လုံး တော်လှန်ရေး တပ်များ ဝိုင်းနေရာသို့ ပြုတ်ကျသွားသည်။

တစ္ဆေဖန့်ချီနှင့် အခြားသူများသည် အသက်ရှူသံ ပြင်းလာပြီး မျက်နှာ နီရဲလာကာ မသိလျင် ပြိုင်စံရှားသော မိန်းမလှလေးကို မြင်လိုက်ရကဲ့သို့ စိတ်မရှည် ဖြစ်လာကြသည်။

ဤသည်ကို မြင်သော် ယဲ့ဖန် သူတို့ကို မသတ်ရသည့် အကြောင်းရင်းအား သုံးယောက်လုံး နားလည်သွားကြသည်။

ယခု သူတို့က သုံးစားမရသောသူများ ဖြစ်သွားသဖြင့် ဘာမဟုတ်သော ဈာန်ဝင်စားခြင်းအဆင့်ကပင် သူတို့အား အသာ‌လေး သတ်နိုင်လေပြီ။ သူတို့အရှေ့မှ ပုရွက်ဆိတ်များအား သူတို့ အနိုင်ယူရန် မဖြစ်နိုင်တော့ပါ။

“သူတို့က မင်းတို့အပိုင်ပဲ”

ယဲ့ဖန်က ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။ တစ္ဆေဖန့်ချီနှင့် အခြားသူများသည် အလွန် မုန်းတီးသော မျက်လုံးများဖြင့် သူတို့သုံးယောက်အား သတ်ဖြတ်ရန် ရှေ့တိုးလာကြသည်။

လွန်ခဲ့သော သုံးနှစ်က သူတို့၏ မိတ်ဆွေများ၊ မိသားစုဝင်များနှင့် ချစ်ရသူများအားလုံးသည် ဤဘုရင်လေးပါးကြောင့် သတ်ဖြတ်ခံခဲ့ရသည်။

ဘုရင်လေးပါးအပေါ် မုန်းတီးသော သူတို့၏ မုန်းတီးစိတ်က ရပ်တန့်မရနိုင်သော အဆင့်သို့ ရောက်ရှိနေပြီး ယခုအခါတွင် သူတို့သည် စိတ္တဇသမားများသဖွယ် အရှေ့သို့ ပြေးတက်ကာ အသည်းအသန် သတ်ဖြတ်လေသည်။

သတ်ဖြတ်ချင်စိတ်က အရူးအမူး တိုးပွားနေ၏။ ထောင်ချီသော ဓားများ ဝင့်လာပြီး အော်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။

“ယဲ့ဘုရင်က ဘိုးဘေး ကျူးလုံ ဧကရာဇ်၊ ဘိုးဘေး ကျူးလုံ ဧကရာဇ်က ယဲ့ဘုရင် ...”

နဉ်ကျန်းဟုန် တုန်လှုပ်နေပြီး မျက်နှာတွင်‌ ကြောက်စိတ်တို့ဖြင့် ပြည့်နှက်နေပြီး ထိုစကားနှစ်ခွန်းကိုသာ ထပ်တလဲလဲ ရွတ်နေလေသည်။

သူ အလွန်အမင်း ကြောက်လန့်နေလေပြီ။ သူ့ကိုယ်သူ အထင်ကြီးကာ ယဲ့ဘုရင်နှင့် တစ်တန်းတည်း ရပ်တည်နိုင်ပြီး ယဲ့ဘုရင်အား ခွေးတစ်ကောင်ကို သတ်သကဲ့သို့ သတ်နိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် ယခုအခါတွင်မှ သူ့အတွေးက မည်မျှ တုံးအပြီး ရူးမိုက်ကြောင်း သိလိုက်ရသည်။

“မင်းအလှည့်ပဲ”

ယဲ့ဖန်က သွေးဆာရက်စက်သော အပြုံးတစ်ခုကို ပြုံးလာသည်။ ကျားကျင်းတောင်က မချိပြုံး ပြုံးလိုက်သည်။

“ခင်ဗျားလက်ထဲမှာ သေရတာက ကျုပ်အတွက် ဂုဏ်ယူစရာပဲ”

“ဪ အဲ့လိုလား”

ယဲ့ဖန်က မချိုမချဉ် ပြုံးလိုက်သည်။ ထို့နောက် ကျားကျင်းတောင်၏ အင်္ကျီလည်ပင်းမှ ဆွဲကိုင်၍ ချုံးချီရှေ့သို့ ပစ်ချလိုက်သည်။ ချုံးချီက သွေးပေနေသော ပါးစပ်ကိုဟ၍ သူ့အား တန်း၍ ဝါးစားလေသည်။

“ကျူးလုံ ဧကရာဇ်၊ ငါ မင်းကို ဒီတစ်သက် မကျေဘူးကွ”

ကျားကျင်းတောင် ‌ဆောက်တည်ရာမရဘဲ မုန်းတီးစွာ ‌အော်ဟစ်လေသည်။

*ဒီမျိုးမစစ်ကောင်က ငါ့ကို သားရဲဆီမှာ အစားခံခိုင်းတယ်ပေါ့လေ*

“ဂျွိ ဂျွိ”

သွေးများ ပန်းထွက်လာပြီးနောက် ကျားကျင်းတောင် ပါးစပ်ပိတ်သွားရလေသည်။ ဤသည်ကိုမြင်သော် နဉ်ကျန်းဟုန် ငိုချင်လာပြီး တုန်လှုပ်လာ၏။

“ငါ့အဖေက နတ်နန်းတော်ရဲ့ နန်းတော်သခင်၊ မင်း ငါ့ကို သတ်လို့ မရဘူး၊ မင်း ငါ့ကို မသတ်နိုင်ဘူး၊ အီးဟီး ...”

နဉ်ကျန်းဟုန် မျက်ရည်လည်ရွဲဖြင့် အော်ငိုတော့သည်။ ထို့နောက် သူသည် ဆက်သွယ်ရေး ကိရိယာကို အလျင်အမြန် ထုတ်၍ တစ်ဖက်အား ငိုကြွေးတိုင်တန်းလေသည်။

“အဖေ ကျွန်တော့်ကို ကယ်ပါဦး၊ ကျွန်တော့်ကို ကယ်ပါဦး”

“ဘာဖြစ်တာလဲ”

တစ်ဖက်မှ ခံ့ညားသော အသံတစ်သံ ထွက်ပေါ်လာပြီး ၎င်းအသံတွင် လူသတ်ချင်သော အရိပ်အယောင်များ ပါဝင်နေ၏။

“လူတစ်ယောက်က ကျွန်တော့်ကို သတ်ချင်နေတယ်၊ လာကယ်ပါဦး”

နဉ်ကျန်းဟုန် ရှိုက်ကြီးတငင်နှင့် ငိုကြွေးကာ ပြောဆိုလေသည်။

“ဘယ်သူလဲ၊ ဘယ်သူက အတင့်ရဲပြီး နဉ်ရွှမ်ယွမ်ရဲ့ သားကို သတ်ရဲတာလဲ”

တစ်ဖက်မှ နဉ်ရွှမ်ယွမ် ဒေါသ ပေါက်ကွဲလာသည်။ သူသည် နတ်နန်းတော်၏ နန်းတော်သခင် ဖြစ်ပြီး အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက် ဖြစ်ကာ ဧကရာဇ် ယွီရှန်ပင် သူ့အား သတိဖြင့် ဆက်ဆံရသည်။

သိုင်းပညာရှင်များအားလုံး သူ့အမိန့်ကို နာခံရသည်။

“ဘိုးဘေး ကျူးလုံ ဧကရာဇ်၊ ကျွန်တော့်ကို သတ်ချင်နေတာ ဘိုးဘေး ကျူးလုံ ဧကရာဇ်ပါ”

နဉ်ကျန်းဟုန် အလျင်အမြန် ပြောလိုက်သည်။

“ဘာ ... ဘိုးဘေး ကျူးလုံ ဧကရာဇ် ဟုတ်လား၊ ခွေးကောင် မင်း ဆေးချထားတာလား”

နဉ်ရွှမ်ယွမ်သည် နဉ်ကျန်းဟုန် မဟုတ်တမ်းတရားများ ပြောနေသည်ဟု တွေးကာ ဒေါသထွက်သွားလေသည်။

*ကျူးလုံ ဧကရာဇ် သေသွားတာ နှစ် ဘယ်လောက် ကြာနေပြီလဲ၊ သူက လုံးဝကို သမိုင်းဝင်ပုဂ္ဂိုလ်လေ။ ဘယ်လိုလုပ် သူက နဉ်ကျန်းဟုန်ကို သတ်မှာလဲ*

*ပြီးတော့ ဘိုးဘေး ကျူးလုံ ဧကရာဇ်က တကယ်ပဲ ပြန်ရှင်လာတယ်ဆိုရင်တောင်မှ ဘယ်လိုလုပ် နဉ်ကျန်းဟုန်လို ပုရွက်ဆိတ်ကောင်ကို သတ်မှာလဲ*

“အမှန်ပြောတာပါ၊ တကယ်ပါ …”

နဉ်ကျန်းဟုန် ခါးသက်စွာ မျက်ရည်သုတ်နေပြီး စကားကို ပြီးအောင် မပြောနိုင်ချေ။ လက်ရှိတွင် သူ အလွန်အမင်း ကြောက်လန့်နေ၏။

“မင်း ငါ့ကို သူနဲ့ ပြောခိုင်းစမ်း”

နဉ်ရွှမ်ယွမ် အမိန့်ပေးလိုက်သည်။ နဉ်ကျန်းဟုန်သည် သတိထား၍ ဆက်သွယ်ရေး ကိရိယာအား ဗွီဒီယို ပြောသော အဆင့်သို့ ပြောင်းလဲလိုက်သည်။

ထိုအခါ အနက်ရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် ယဲ့ဖန်အား နဉ်ယွမ်ရွှမ် မြင်သွားလေသည်။ ချက်ချင်း ဆိုသလိုပင် သူ့မျက်နှာ၌ အထင်သေးဟန် ပေါ်လာပြီး ခနဲ့လာသည်။

“နဂါးဝတ်ရုံကို ဝတ်ထားတာနဲ့ မင်းကိုယ်မင်း ကျူးလုံ ဧကရာဇ်လို့ ထင်နေလား၊ အသုံးမကျတဲ့ ငါ့သားကိုပဲ မင်း လှည့်စားလို့ရမယ်ကွ”

“မင်း ဘယ်သူလဲ”

အတော်လေး မာန်ပါသော အော်သံပင်။ ထိုအသံက ဗွီဒီယိုကို ဖြတ်ကျော်၍ ယဲ့ဖန်၏ နားစည်သို့ ပြတ်သားစွာ ရိုက်ခတ်လာ၏။

ယဲ့ဖန်က နဉ်ရွှမ်ယွမ်ကို အသာကြည့်လိုက်သည်။

“ယဲ့ဖန်”

နဉ်ရွှမ်ယွမ် ရုတ်တရက် မျက်နှာ ပျက်သွားပြီး သုန်မှုန်လာသည်။

“ငါ့နောက်လိုက်တွေကို သတ်ခဲ့တဲ့ ယဲ့ဘုရင်ဆိုတာ မင်းလား”

“ငါပဲ ပြီးတော့ ဒီယဲ့ဘုရင်က မင်းရဲ့သားကို သတ်တော့မှာ”

“…”

ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားသည်။

“သောက်ကောင်”

ချက်ချင်းဆိုသလိုပင် နဉ်ရွှမ်ယွမ်၏ ပါးစပ်မှ ပြင်းထန်သော အော်သံတစ်သံ ထွက်ပေါ်လာသည်။ မည်သူမှ သူ့ကို ဤသို့ မပြောရဲဖူးပေ။

ယဲ့ဖန်က ပထမဦးဆုံးသောသူပင်။

ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး ဗွီဒီယိုထဲမှ နဉ်ရွှမ်ယွမ်အား ငုံ့ကြည့်လေသည်။

“ငါ့ကို လူတွေ ဒီလေသံနဲ့ ပြောလာတာကို မကြိုက်ဘူး၊ အဲ့တော့ …”

“ဂျွတ်”

နဉ်ကျန်းဟုန်၏ ခြေထောက်တစ်ဖက်ကို ယဲ့ဖန် နင်းချေလိုက်သည်။

“အား…”

နဉ်ကျန်းဟုန်ထံမှ ရင်ကွဲမတတ် အော်သံတစ်သံ ထွက်ပေါ်လာ၏။

“မင်း”

နဉ်ရွှမ်ယွမ်၏ မျက်လုံးများ မီးဝင်းဝင်း တောက်လာသည်။ ယဲ့ဖန်က သူ့အရှေ့၌ သူ့သားကို ဒုက္ခိတဖြစ်အောင် လုပ်ရဲသည်တဲ့လား။

“ငါ မင်းကို သတ်မယ်၊ ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်”

နဉ်ရွှမ်ယွမ်သည် ကျယ်လောင်စွာ အော်ဟစ်နေပြီး အရူးတစ်ယောက်နှင့် တူနေသည်။ ထိုအခိုက်တွင် သူ ယဲ့ဖန်ကို အမုန်းကြီး မုန်းသွားလေပြီ။

“ဂျွတ်”

ထိုစဉ် နဉ်ကျန်းဟုန်၏ နောက်ခြေထောက်တစ်ဖက်သည် ယဲ့ဖန်ကြောင့် နင်းချေခံရကာ အသားများ ဖွာထွက်၍ သွေးများ ပန်းထွက်လာ၏။

ဆိုးရွားလှသော အဆုံးသတ်ပင်။

နဉ်ရွှမ်ယွမ် စကားပင် မပြောနိုင်တော့ချေ။

*ဒီလူက သေတယ်ဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရလဲ မသိဘူးပဲ၊ အခု ငါ မကူညီနိုင်မှန်း သိနေလို့ သူ အတင့်ရဲ နေတာ*

နဉ်ကျန်းဟုန်ဘေး၌ သူ ရှိမနေသောကြောင့် သူ့မျက်စိရှေ့မှ အဖြစ်အပျက်နှင့် ပတ်သက်၍ သူ ဘာမှမလုပ်နိုင်ပါ။

“မင်း ဘာလိုချင်တာလဲ”

နဉ်ရွှမ်ယွမ်က အေးစက်စက် အသံဖြင့် မေးလိုက်ပြီး သူ့မျက်လုံးများက သွေးကဲ့သို့ နီရဲနေကာ မုန်ယိုနေသော သားရဲတစ်ကောင်နှင့် တူနေသည်။ လက်ရှိတွင် သူ့ဒေါသအား ဖိနှိပ်ထားနေရသည်။

ယဲ့ဖန်က နဉ်ကျန်းဟုန်၏ ခေါင်းအား လက်တစ်ဖက်ဖြင့် ကိုင်၍ သူ့အား မြေကြီးပေါ်မှ ဆွဲမလိုက်သည်။

အဆိုပါမြင်ကွင်းက နဉ်ရွှမ်ယွမ်အား ဆွေ့ဆွေ့ခုန်သွားစေပြီး သူ့မျက်နှာတွင် အံ့ဩစိတ်နှင့် မယုံနိုင်စိတ်တို့ ပြည့်နှက်လာသည်။

ယဲ့ဖန် ဘာလုပ်ချင်နေသလဲ သူ ရိပ်မိပုံရသည်။ သို့သော် ယဲ့ဖန် တကယ် လုပ်ရဲလိမ့်မည်ဟု သူ မယုံနိုင်ပါ။

“မလုပ်နဲ့ မလုပ်နဲ့”

နဉ်ကျန်းဟုန် အသည်းအသန် ခေါင်းခါနေပြီး မျက်နှာတွင် ကြောက်စိတ် ပြည့်နှက်နေသည်။

“မင်း သေတာကို လိုချင်တယ်”

ယဲ့ဖန်က သွေးဆာသော အပြုံးမျိုး ပြုံး၍ နဉ်ကျန်းဟုန်၏ ဦးခေါင်းအား ကိုင်ထားသော လက်ကို အားထည့်၍ ဖျစ်ညှစ်လိုက်သည်။

“ဖောင်း”

ယဲ့ဖန်၏ လက်အောက်တွင် နဉ်ကျန်းဟုန်၏ ဦးခေါင်း ပေါက်ကွဲသွားသည်။ ဦးနှောက် အစအနများနှင့် သွေးများက တစ်ပြိုင်တည်း ပန်းထွက်လာ၏။

နဉ်ကျန်းဟုန် ဆိုးရွားစွာ သေဆုံးသွားလေသည်။

နဉ်ရွှမ်ယွမ်၏ မျက်လုံးများသည် ကြောက်စရာ ကောင်းလောက်အောင် နီရဲနေပြီး သွားတစ်ချောင်းပင် ကြေမွလုနီးပါး ဖြစ်သွားသည်။

“ယီးပဲ ယီးပဲ ယီးပဲကွာ”

“ငါ သေချာပေါက် ကျုံးကျိုးအင်ပါယာကို လာပြီး မင်းကို သတ်မယ်၊ မင်းမိတ်ဆွေတွေကို သတ်မယ်၊ မင်း မိသားစုကို သတ်မယ်၊ မင်း ပြေးလို့ မလွတ်စေရဘူး၊ မင်း ကမ္ဘာအဆုံးထိ ပြေးရင်တောင်မှ ငါ မင်းကို တစ်စစီ စုတ်ဖြဲပစ်မယ်”

လက်ရှိတွင် နဉ်ရွှမ်ယွမ် ရူးမတတ် ဖြစ်နေလေပြီ။

“ဂျွတ်”

ယဲ့ဖန်သည် ဆက်သွယ်ရေး ကိရိယာအား တက်နင်းလိုက်ပြီး နဉ်ရွှမ်ယွမ် ဒေါသထွက်ပေါက်ရှာနေခြင်းအား ပိတ်ဆို့လိုက်သည်။ သူ့မျက်လုံးတွင် အတောမသတ်သော အထင်သေးမှုသာ ရှိနေသည်။

“ငါ့မိန်းမကို ကြံမှတော့ မင်းကို အခါတစ်ထောင်သတ်လည်း မလုံလောက်သေးဘူး”

ယဲ့ဖန် အေးစက်စွာ သရော်လိုက်ပြီး နောက်လှည့်လိုက်သည်။

ထိုစကားကို လင်းလန် ကြားသောအခါ သူမ၏ ကိုယ်လေး တုန်ယင်သွားပြီး တစ်ကိုယ်လုံး ထုံထိုင်းလာ၏။ ဤသည်က လောကတွင် အလွှမ်းမိုးဆုံးသော အချစ်ဇာတ်လမ်းပင်။

ထိုအခိုက်တွင် ဘုရင်သုံးပါးသည် နုတ်နုတ်စင်း ခံရပြီး ဖြစ်ကာ အချို့သော တော်လှန်ရေး တပ်သားများသည် အားမရသေးဘဲ အသားတုံးများကို ဓားဖြင့် ထပ်ခုတ်နေကြသည်။

ထို့နောက်တွင် လူတိုင်းက ယဲ့ဖန်ကိ လှမ်းကြည့်နေပြီး သူ့အမိန့်အား စောင့်မျှော်နေသည်။

“တော်ဝင်မြို့တော်ကို ဝင်ပြီး ဧကရာဇ်ယွီရှန်ကို သတ်မယ်”

ယဲ့ဖန် ကြွေးကြော်လိုက်သောအခါ သူတို့ကလည်း ထပ်တူ ကြွေးကြော်လာ၏။

“တော်ဝင်မြို့တော်ကို ဝင်ပြီး ဧကရာဇ်ယွီရှန်ကို သတ်မယ်”

“တော်ဝင်မြို့တော်ကို ဝင်ပြီး ဧကရာဇ်ယွီရှန်ကို သတ်မယ်”

ကြွေးကြော်သံက သေသပ်၍ မာန်ပါလှသည်။

….

ထို့နောက် ယဲ့ဖန်သည် တစ္ဆေဖန့်ချီနှင့် အခြားသူများနှင့်အတူ တော်ဝင်မြို့တော်သို့ ခရီးနှင်လာသည်။ လက်ရှိတွင် တစ္ဆေဖန့်ချီက အင်ပါယာ၏ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ပြောပြနေ၏။

သူ၏ ညီအစ်ကိုများသည် သူ့အတွက် လက်စားချေရန် အလို့ငှာ နောက်ဆုတ်ရန် ရွေးချယ်ပြီး တံခါးပိတ် ကျင့်ကြံကြသည်။

သူ၏ အမျိုးသမီးများကမူ သူ့အတွက် လက်စားချေရန် အလို့ငှာ ပင်လယ်ဓားပြ အဖွဲ့ကို ဖွဲ့စည်း၍ ပင်လယ်တွင်း၌ သုံးနှစ်လုံးလုံး တိုက်ခိုက်ခဲ့သည်။

ဤနှစ်တွေအတွင်း နတ်ဆိုးများသည် အပတ်တကုတ် ကြိုးစား၍ တိုက်ခိုက်ခဲ့ကာ သေသူသေ၍ ဒဏ်ရာရသူ ရကြသည်။ လက်ရှိတွင် နတ်ဆိုးများသည် ဆိုးဆိုးရွားရွား အထိနာနေ၏။

“ဒီနှစ်တွေအတွင်း ငါ မင်းတို့အားလုံးကို ခံစားမိစေခဲ့ပြီ”

ယဲ့ဖန် သက်ပြင်းချလိုက်သည်။ မြေအောက်လောကက အချိန်က အပြင်လောကက အချိန်နှင့် ကွဲပြားသည်ကို သူ မေ့သွားခဲ့သည်။

ထိုအချိန်တွင် တစ္ဆေဖန့်ချီသည် စကားပြောရန် ချီတုံချတုံ ဖြစ်နေသည့်ပုံပင်။ ယဲ့ဖန်က သူ့အား ထူးဆန်းသလို ကြည့်လိုက်သည်။

“ဘာဖြစ်တာလဲ”

“အရှင်မင်းမြတ် ကျွန်တော်တို့ကို ဘယ်သူ သစ္စာဖောက်လဲဆိုတာကို ကျွန်တော် စုံစမ်းပြီးပါပြီ”

တစ္ဆေဖန့်ချီက သုန်မှုန်စွာ ပြောလာသည်။ ဤသတင်းက မကောင်းတော့ကြောင်း သိသာလှသည်။

သဲပင်လယ်တွင်းမှ သူတို့ တည်နေရာသည် မြေအောက်လောက ဘုရင်မ မဖမ်းနိုင်သော နေရာ ဖြစ်သည်။ အတွင်းတွင် ဆက်သွယ်မှုများ ဖြတ်တောက်ထားပြီး အပြင်၌ အစောင့်များလည်း ရှိသည်။ သို့သော် တစ်ဖက်လူက သူတို့အား အသာလေး ရှာနိုင်သည့်အပြင် အစောင့်များကိုလည်း ဖြတ်ကျော်လာခဲ့သည်။ တစ်ယောက်ယောက် ကတော့ သူတို့ကို သစ္စာဖောက်ခဲ့ခြင်း ဖြစ်ရမည်။

ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။

“ဘယ်သူလဲ”

တစ္ဆေဖန့်ချီက သူ့ကို တစ်ချက်ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ဟွမ်ထျန်းချန်ပါ”

*ဟမ်*

ယဲ့ဖန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အေးစက်စက် အလင်းတန်း ဖြတ်ပြေးသွားသည်။

“မင်း အားလုံးကို စုံစမ်းပြီးပြီလား”

“ဟုတ်ကဲ့ ကျွန်တော် ရင်မိသားစုဝင်တစ်ယောက်ကို နှိပ်စက်ပြီး စစ်မေးထားတာပါ၊ အချက်အလက်က သံသယ မရှိလောက်အောင်ကို သူ့ကို ညွှန်ပြနေပါတယ်”

တစ္ဆေဖန့်ချီက ခေါင်းညိတ်၍ ပြောပြသည်။ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားသည်။ ယဲ့ဖန် တုံ့ဆိုင်းနေမှန်း တစ္ဆေဖန့်ချီ သိသည်။ ထို့ကြောင့် သူ သတိပေးလိုက်သည်။

“အရှင်မင်းမြတ် သူ ကျွန်တော်တို့နဲ့ ဘယ်လို ပတ်သက်မှုမျိုးပဲ ရှိခဲ့ပါစေ၊ ကျွန်တော်တို့ကို သူ သစ္စာဖောက်လိုက် ကတည်းက ကျွန်တော်တို့ ရန်သူ ဖြစ်သွားပါပြီ”

“သူ့သစ္စာဖောက်မှုကြောင့် ကျွန်တော်တို့ ညီအစ်ကိုတွေ အများကြီး သေခဲ့ရပါတယ်”

သို့သော် ယဲ့ဖန်က ခေါင်းခါလေသည်။

“သူ့သစ္စာရှိမှုကို ငါ ယုံတတယ်၊ သူ ပုန်ကန်ချင်တယ်ဆိုရင်တောင်မှ ဟွမ်ယွီလင်းက သေချာပေါက် သူ့ကို တားမှာပဲ”

ထိုမိန်းကလေး၏ သူ့အပေါ် ခင်တွယ်မှုနှင့်ဆိုလျင် သူမဖခင် ပြဿနာရှာမည်ကို ဘယ်သောအခါကမှ ခွင့်ပြုမည် မဟုတ်ပါ။

“ဒါပေမဲ့ …”

“မင်းစိုးရိမ်တာ မှန်မှန်း ငါ သိပါတယ်၊ ငါတို့ကို သစ္စာဖောက်တာ တကယ်ကို ဟွမ်မိသားစုပဲ၊ ဒါပေမဲ့ ဟွမ်ထျန်းချန် မဟုတ်နိုင်ဘူး၊ ငါ ထင်တာ မမှားရင် ဟွမ်မိသားစု ဒုက္ခရောက်နေလောက်ပြီ”

“ဒါက … ကျွန်တော် တစ်ခါမှ မတွေးခဲ့မိဘူး”

တစ္ဆေဖန့်ချီက သုန်မှုန်နေသော မျက်နှာနှင့် ပြောလာသည်။ ယဲ့ဖန်၏ မျက်လုံးများက အေးစက်သွားပြီး ဆက်ပြောလိုက်သည်။

“သွားမယ်၊ ဟွမ်အိမ်ကို သွားကြမယ်”

All Chapters