← Chapters

အခန်း ၁၅၇၂

Vol. 105 Ch. 1572

အခန်း ၁၅၇၂

Vol. 105 Ch. 1572

Chapter 1572 နဂါးကိုးကောင် မီးလင်းဖို ထွက်ပေါ်လာပြီ

“ငါ့မှာ လက်နက် မရှိဘူးလို့ ဘယ်သူ ပြောလဲ”

ယဲ့ဖန်က အသာရယ်၍ ပြောလိုက်သည်။

“ဂါး”

ရုတ်တရက် မိုးမြေကို တုန်လှုပ်နိုင်စေသော ကြောက်မက်ဖွယ် ဟိန်းသံတစ်သံက ကောင်းကင်ယံအနှံ့ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။

တစ်နေရာမှ နဂါးကိုးကောင် အရိပ် ထွက်ပေါ်လာပြီး ယဲ့ဖန်၏ ဦးခေါင်းထက်၌ စုစည်းလာပြီးနောက် ရိုးရှင်းသော မီးလင်းဖိုတစ်ခု အဖြစ် ပြောင်းလဲသွားသည်။

၎င်းတွင် တာအိုသင်္ကေတများ ပြည့်နှက်နေပြီး တာအိုစွမ်းအင်များလည်း စီးဆင်းနေသည်။ မိုးမြေ၏ စွမ်းအင်အားလုံးကို တစ်နေရာတည်း၌ စုစည်းထားပြီး နည်းလမ်းတစ်ခုတည်းဖြင့် နည်းလမ်းများစွာကို အသုံးပြုနိုင်သလို ၎င်းတစ်ခုတည်းဖြင့် ထောင်ချီသော လက်နက်များကို ဖျက်ဆီးနိုင်လေသည်။

နဂါးကိုးကောင် မီးလင်းဖို ပေါ်လာလေပြီ။

“ဒီအရှိန်အဝါက၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”

“ဒါ ဘယ်လို ရတနာမျိုးလဲ၊ အစွမ်းထက်လိုက်တာ၊ မသိရင် အရာအားလုံးထက် သာလွန်ပြီး မိုးမြေကိုတောင် ဝါးမျိုနိုင်သလိုပဲ”

လူတိုင်း ချောက်ချားသွားသည်။

*ယဲ့ဖန်မှာ ဒီလို ကြောက်စရာကောင်းတဲ့ ရတနာမျိုး ရှိတာလား*

သွေးယဇ်ပုလ္လင်က အရှိန်ဖြင့် ကျဆင်းလာသော်လည်း နဂါးကိုးကောင် မီးလင်းဖိုကလည်း အကြမ်းပတမ်း ပြန်လည် တိုက်ခိုက်လေသည်။

“ဝုန်း”

ထူးခြားဆန်းကြယ်သော ရတနာနှစ်ခု ကောင်းကင်ယံ၌ ထိပ်တိုက် တွေ့သောအခါ မိုးမြေတစ်ခုလုံး တုန်ခါသွားပြီး လေဟာနယ် ပေါက်ကွဲကာ တစ်လောကလုံး ပျက်သုဉ်းတော့မယောင် မြင်ကွင်းမျိုးအား ထိတ်လန့်ဖွယ် တွေ့လိုက်ရသည်။

ဥပဒေသများ ပျက်စီးလာပြီး တာအိုစွမ်းအင် တစ်စစီ ဖြစ်သွားကာ လေဟာနယ်တွင် ကြီးမားသော အပေါက်တစ်ပေါက် ဖြစ်ပေါ်လာပြီး နှစ်ဖက်လုံးက စကြဝဠာစွမ်းအင်ကို အင်နှင့်အားနှင့် တွန်းထိုးနေသည်။

သွေးယဇ်ပုလ္လင် ရုတ်တရက် တိုက်ထုတ်ခံလိုက်ရသည်။

“တားလိုက်တာလား”

“ဘယ်လိုဖြစ်ရတာလဲ”

ရင်မိသားစုဝင်များ ကြောက်လန့်ကာ သတိလစ်လုနီးပါး ဖြစ်သွားကြသည်။

*သွေးယဇ်ပုလ္လင်က ဘယ်လောက် ထည်ဝါအားကောင်းလိုက်လဲ၊ ဘယ်လိုလုပ် အဲ့ဒါက တိုက်ထုတ်ခံရတာလဲ*

လူတိုင်း ထိတ်လန့်နေကြလေသည်။ ပိုင်ကျန့်ချင်းနှင့် အခြားသူများလည်း မယုံသင်္ကာ ဖြစ်နေကြသည်။

*ဘယ်လိုရတနာမျိုးမို့ သန်းချီတဲ့ လူတွေရဲ့ အသွေးအသားကို စုပ်ယူထားတဲ့ သွေးယဇ်ပုလ္လင်ကို ခုခံနိုင်ရတာလဲ*

“နဂါးကိုးကောင်၊ လတ်စသတ်တော့ နဂါးကိုးကောင် ဖြစ်နေတာပဲ၊ ဘာလို့လဲ၊ ဘာလို့ မင်းက နဂါးကိုးကောင်ကို ထိန်းချုပ်နိုင်ရတာလဲ”

မြေအောက်လောက ဘုရင်မ ရုတ်တရက် ထအော်လာပြီး သူမအသံတွင် အလွန် ကြောက်ရွံ့ဟန် ပြည့်နှက်နေ၏။

နဂါးကိုးကောင်သည် ချင်ဧကရာဇ် သင်္ချိုင်းဂူကို စောင့်ကြပ်နေသည့် နဂါးသွေးကြော ကိုးခုဖြစ်ပြီး စစ်မှန်သော ဝိညာဉ်များအဖြစ် ပြောင်းလဲကာ ကိုးပြည်နယ်၌ အမြင့်မြတ်ဆုံးသော နဂါးသွေးကြော ဖြစ်လာခဲ့သည်။ သူတို့သည် ရင်မိသားစု မျိုးရိုးစဉ်ဆက်အား ခစားခဲ့သည်။ ဘယ်လိုလုပ် သူတို့က ယခု သစ္စာဖောက်ရသနည်း။

“ဘာ နဂါးကိုးကောင်လား၊ ချင်ဧကရာဇ် သင်္ချိုင်းဂူက နဂါးကိုးကောင်လား”

ချက်ချင်းဆိုသလိုပင် လူတိုင်း အထိတ်လန့်လွန်ကာ မျက်နှာ ဖြူရော်သွားသည်။

နဂါးကိုးကောင်သည် ချင်ဧကရာဇ် သင်္ချိုင်းဂူအား နှစ်ထောင်ချီအောင် စောင့်ကြပ်ခဲ့ပြီး တစ်ခါမှ ထွက်သွားခြင်း မရှိသလို ဘယ်သောအခါကမှ သစ္စာမဖောက်ပေ။ သို့သော် ယနေ့ အဘယ်ကြောင့် ဤလူ၏ စကားကို နာခံနေ ရသနည်း။

လူတိုင်း ကြောက်ရွံ့နေလေပြီ။

*အံ့ဩဖို့ကောင်းလိုက်တာ၊ ဒီလူက ဘယ်လိုလုပ် ကျူးလုံ ဧကရာဇ်ရဲ့ လက်အောက်ငယ်သားကို သိမ်းပိုက်နိုင်စွမ်း ရှိရတာလဲ*

ဧကရာဇ် ယွီရှန်တောင်မှ နဂါးကိုးကောင်ကို မဖိနှိပ်နိုင်ချေ။ နဂါးကိုးကောင်၏ ခွန်အားကြောင့်သာ မဟုတ်လျင် ဧကရာဇ် ယွီရှန်က သင်္ချိုင်းဂူကို အလုံးစုံ သိမ်းပိုက်နိုင်မည် ဖြစ်သည်။ ထိုသို့ဖြစ်လာလျင် ဧကရာဇ် ယွီရှန် ကြမ်းတမ်း မောက်မာနေလောက်သည်။

မြေအောက်လောက ဘုရင်မ မျက်နှာပျက်စ ပြုလာသည်။ လက်ရှိတွင် သူ စိတ်မအေးသလို ခံစားမိစ ဖြစ်လာ၏။ သူမသည် သွေးယဇ်ပုလ္လင်ကို အားကိုး၍ ယဲ့ဖန်နှင့် မနည်း တိုက်ခိုက်ခဲ့ရသည်။ သို့သော် ယခု သူမ မည်မျှ တိုက်ခိုက်ပါစေ အကျိုးထူးမည် မဟုတ်ပါ။ သူက နဂါးကိုးကောင် မီးလင်းဖိုကို ထိန်းချုပ်နိုင်နေသည် မဟုတ်ပါ တကား။

ထိပ်တန်း တော်ဝင်အင်အားကို ကိုယ်စားပြုသော နဂါးကိုးကောင် မီးလင်းဖိုအား သွေးယဇ်ပုလ္လင်ဖြင့် ယှဉ်နိုင်မည် မဟုတ်ပါ။

ယဲ့ဖန်သည် လက်တစ်ဖက်ဖြင့် မီးလင်းဖိုအား ကိုင်ထားပြီး ထိုပုံစံက လောကထဲသို့ ရောက်လာသော အရှင်သခင် တစ်ပါးလိုပင်။ နဂါးကိုးကောင် မီးလင်းဖိုမှ ရှိန်လောက်သော အရှိန်အဝါတစ်ခု ပျံ့လွင့်ကာ လောကကို လွှမ်းမိုး နေသည်။

ထိုအခိုက်တွင် သူ့မျက်လုံးများက လူသတ်ချင်စိတ်တို့ဖြင့် တောက်ပနေပြီး နဂါးကိုးကောင် မီးလင်းဖိုအား လက်တစ်ဖက်ဖြင့် ရိုက်လိုက်သည်။

“ဝုန်း”

နဂါးကိုးကောင် မီးလင်းဖိုမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီး အသံလှိုင်းက ပင်လယ်လှိုင်းသဖွယ် ထွက်ပေါ်လာပြီး သွေးယဇ်ပုလ္လင်အား ရိုက်ခတ်လေသည်။

“ဂျွတ်”

သွေးယဇ်ပုလ္လင်၌ အက်ရာတစ်ခု ထင်လာသည်။

“ယီးပဲ”

ဤသည်ကိုမြင်သော် ပိုင်ကျန့်ချင်း မကျိန်ဆဲဘဲ မနေနိုင်အောင် ဖြစ်သွားရပြီး သူ့မျက်နှာတွင် ကြောက်ရွံ့ဟန် ပေါ်လာသည်။

သန်းချီသော လူတို့ကို စားသုံးခဲ့သည့် သွေးယဇ်ပုလ္လင်က နဂါးကိုးကောင် မီးလင်းဖို၏ ရိုက်ခတ်မှုတစ်ခုကိုပင် မခံနိုင်ဘူးတဲ့လား။

*ကြောက်စရာ ကောင်းလွန်းတယ်*

*မြေအောက်လောက ဘုရင်မ ရှုံးမှာလား*

နဂါးကိုးကောင် မီးလင်းဖိုသည် ထိပ်တန်း တော်ဝင်အင်အားကို ကိုယ်စားပြုသည်။ ၎င်းသည် နတ်ဘုရားများနှင့် နတ်ဆိုးများထက် ပိုမြင့်သည်။ ၎င်းသည် သုံးလောကအား အထင်သေး၏။ ၎င်း၏ တည်ရှိမှုကိုက ပြိုင်ဘက်ကင်း လေသည်။

ဘိုးဘေး ကျူးလုံ ဧကရာဇ်သည် အင်အားကြီး၍ လွှမ်းမိုးနိုင်စွမ်း ရှိပြီး များစွာသော စွမ်းအားတို့ဖြင့် နဂါးကိုးကောင်အား ဖိနှိပ်နိုင်ခဲ့ပြီး ကိုယ်ပိုင်အဖြစ် အသုံးချနိုင်ခဲ့ကာ ဤနဂါးကိုးကောင် မီးလင်းဖိုအဖြစ် ပြောင်းလဲခဲ့သည်။ နတ်ဘုရားများနှင့် နတ်ဆိုးများ မည်မျှ ကြောက်စရာ ကောင်းပါစေ ၎င်းနှင့် ထိပ်တိုက်တိုးလျင် သေဆုံးကြရစမြဲပင်။

အင်မော်တယ် နတ်မီးလင်းဖိုအား ဘာမဟုတ်သော သွေးယဇ်ပုလ္လင်က ယှဉ်နိုင်ပါမည်လော။

နဂါးကိုးကောင်နှင့် ယှဉ်လိုလျင် နှစ်ထောင်ချီ သန့်စင်ပြီးမှ ပြော၍ ရနိုင်ပေမည်။ ရတနာ လက်နက်ကိုယ်တိုင်က တာအိုသင်္ကေတနှင့် ပေါင်းစပ်သွားပြီး အချိန်တိုက်စားမှု၌ ရှင်သန်နိုင်မှသာလျင် နဂါးကိုးကောင် မီးလင်းဖိုနှင့် ယှဉ်နိုင်စွမ်း ရှိပေလိမ့်မည်။ သို့သော် ယခုမျှလောက်နှင့် မလုံလောက်သေးချေ။

“ပြန်လာစမ်း”

မြေအောက်လောက ဘုရင်မ ပူပန်သွားပြီး သွေးယဇ်ပုလ္လင်အား ပြန်သိမ်းလိုက်သည်။ သို့သော် လုံးဝ ပြန်သိမ်းမရချေ။ သွေးယဇ်ပုလ္လင်က လေထဲ၌ မလှုပ်မယှက် ငြိမ်သက်နေ၏။

ထို့နောက် နဂါးကိုးကောင် အရိပ်က သွေးယဇ်ပုလ္လင်နား ပေါ်လာပြီး သွေးယဇ်ပုလ္လင်အား တစ်လက်မလေးမျှ မလှုပ်နိုင်အောင် တင်းကြပ်စွာ ရစ်ပတ်၍ ကိုက်ဖြတ်နေလေသည်။

“မျိုးမစစ်ကောင် ငါ့ကို ပြန်ပေးစမ်း၊ ပြန်ပေး”

မြေအောက်လောက ဘုရင်မ စူးခနဲ အော်ဟစ်နေပြီး သူမဆံပင်က ဖွာလန်ကျဲကာ အရူးမတစ်ယောက်နှင့် တူနေသည်။

ဤသွေးယဇ်ပုလ္လင်အား သန့်စင်ရန် အလို့ငှာ သူမ သုံးခဲ့ရသော အချိန်နှင့် စွမ်းအင်က တွက်ဆ၍ပင် မရချေ။ သို့သော် ယခု ၎င်းက ပျက်စီးလုနီးပါး ဖြစ်နေသည်။ သူမ ဤသည်ကို ဘယ်လိုလုပ် လက်ခံနိုင်ပါမည်နည်း။

သို့သော် သူမ မည်မျှ အားကုန်ထုတ်၍ ကြိုးစားပါစေ သွေးယဇ်ပုလ္လင်က လေထဲ တန့်မြဲတန့်နေပြီး မရွေ့ချေ။

“ဒါက မင်းအတွက် အတော်လေး အရေးပါတယ်နဲ့ တူတယ်”

ယဲ့ဖန်၏ မျက်နှာတွင် ဉာဏ်များသော အပြုံးတစ်ခု ပေါ်လာသည်။ ထိုစကားကိုကြားပြီး မြေအောက်လောက ဘုရင်မ မျက်မှောင်ကြုတ်သွားကာ ဒေါသတကြီး အော်လိုက်သည်။

“နင် ဘာလုပ်ချင်နေတာလဲ”

“ဘန်း”

ယဲ့ဖန်က နဂါးကိုးကောင် မီးလင်းဖိုကို ရိုက်လိုက်သည်။ စွမ်းအင်လှိုင်း ပြန်ပေါ်လာပြီး သွေးယဇ်ပုလ္လင်အား လွှမ်းမိုးသွားသည်။ သွေးယဇ်ပုလ္လင်၌ အက်ရာတစ်ခု ထပ်ပေါ်လာသည်။

“စောက်ကောင်၊ သေနာကောင်”

မြေအောက်လောက ဘုရင်မ၏ မျက်လုံးများ မီးဝင်းဝင်းတောက်နေသည်။ ယဲ့ဖန်၏ အပြုအမူကြောင့် သူမ ဒေါသထွက်နေ၏။ သူမသည် တစ္ဆေသဖွယ်‌ ပြေးတက်လာပြီး သံမဏိဓားတမျှ ချွန်ထက်သော လက်ဆယ်ချောင်းဖြင့် ယဲ့ဖန်၏ ဦးခေါင်းကို ဖျစ်ညှစ်လေသည်။

“ရှောင်လိုက်”

မြေအောက်လောက ဘုရင်မ ကိုယ်တိုင် လှုပ်ရှားသည်ကိုမြင်သောအခါ ကျုံးဝမ် အော်၍ သတိပေးလိုက်သည်။

“ဟားဟား”

ယဲ့ဖန်က အထင်သေးစွာ ရယ်၍ နဂါးကိုးကောင် မီးလင်းဖိုအား ထပ်ပုတ်လိုက်သောအခါ စွမ်းအင်လှိုင်းက မြေအောက်လောက ဘုရင်မကို ရိုက်ခတ်သွားသည်။

မြေအောက်လောက ဘုရင်မ၏ လက်ဆယ်ချောင်းလုံး သွေးများ ဖြာထွက်လာပြီး လက်များ ပေါက်ကွဲလုနီးပါး ဖြစ်သွားကာ တစ်ကိုယ်လုံး အထိနာ၍ လွင့်ထွက်သွားလေသည်။

“အား…”

သူမ နာကျင်စွာ အော်ဟစ်လိုက်မိသည်။ ထို့နောက် သူမ တစ်ခဏအတွင်း အထိနာသွားရသည်ကို မယုံနိုင်သကဲ့သို့ သူမလက်အား ပြန်ကြည့်နေ၏။

ယဲ့ဖန်၏ မျက်လုံးတွင်းမှ လူသတ်ချင်စိတ်က အဆုံးစွန်ထိ မြင့်တက်နေသည်။

“မင်းယောက်ျားကို ထွက်လာခိုင်းလိုက်၊ မဟုတ်ရင် မင်းမှာ အခွင့်အရေး ရှိမှာ မဟုတ်ဘူး”

ထိုစကားက မောက်မာလွန်းလှသည်။

*သူတစ်ယောက်တည်းရဲ့ ခွန်အားနဲ့ မြေအောက်လောက ဘုရင်မနဲ့ ဧကရာဇ် ယွီရှန်ကို တစ်ပြိုင်တည်း တိုက်ခိုက်ချင်တာလား*

*မောက်မာလွန်းတယ်*

“သောက်ကောင် ငါ နင့်ကို လုံးဝ အလွတ်မပေးဘူး”

မြေအောက်လောက ဘုရင်မ စူးရှစွာ အော်ငေါက်လိုက်ပြီးနောက် ရုတ်တရက် အော်ဟစ်လေသည်။

“ဧကရာဇ် ကျေးဇူးပြုပြီး ထွက်လာပြီးတော့ ယဲ့ဖန်ကို ကူသတ်ပေးပါ”

ထိုအသံက မိုးခြိမ်းသံအလား ကျယ်လောင်လှသည်။ ထို့နောက် မြေအောက်လောက ဘုရင်မက ယဲ့ဖန်ကို သုန်မှုန်စွာ ကြည့်လေသည်။

“အရူးကောင် နင် ငါ့ကို ရှင်းနိုင်ရဲ့သားနဲ့၊ မောက်မာလွန်းတာကိုး၊ နင်က တစ်ယောက်တည်းနဲ့ နှစ်ယောက်ကို ရင်ဆိုင်ဖို့ ကြိုးစားနေတာပဲ၊ ငါတို့ လင်မယား ပူးပေါင်းလိုက်ရင် လူအနည်းငယ်ကပဲ ငါတို့ကို ယှဉ်နိုင်တာ၊ နင် အရမ်းမှားတဲ့ဆုံးဖြတ်ချက်ကို ချလိုက်တာပဲ”

သူမအမြင်တွင် ယဲ့ဖန်ကို သေလူဟု သတ်မှတ်လိုက်လေသည်။ တစ်ယောက်က နှစ်ယောက်ကို ရင်ဆိုင်ခြင်းက နိုင်နိုင်ချေ မရှိပေ။

ပိုင်ကျန့်ချင်း၊ ပိုင်လီကျန့်နှင့် အခြားသူများအားလုံး မော့ကြည့်ကာ စိတ်ထဲမှ ကျိတ်၍ ဆုတောင်းနေမိသည်။ ဧကရာဇ် ယွီရှန်က မျှော်လင့်ထားသည့်အတိုင်း ယဲ့ဖန်ကဲ့သို့သော အရူးကို သတ်ပစ်နိုင်ပါစေဟု မျှော်လင့်နေ ကြသည်။

သို့သော် ယဲ့ဖန်က မြေအောက်လောက ဘုရင်မ၏ ပုတ်ခတ်စကားကို သရော်လေသည်။

“တစ်ယောက်လာရင် တစ်ယောက် သတ်မယ်၊ တစ်တွဲဆိုလည်း တစ်တွဲသတ်တာပေါ့၊ ငါ မင်းတို့ နှစ်ယောက်လုံးကို ကြံရာမရ ဖြစ်အောင် လုပ်ပြီး သတ်ပစ်မယ်”

ယဲ့ဖန်က မီးလင်းဖိုကို လက်တစ်ဖက်ဖြင့် ကိုင်၍ သတ်ဖြတ်ချင်စိတ်နှင့် လွှမ်းမိုးဟန်အပြည့်ဖြင့် တစ်လှမ်းချင်း လျှောက်လာသည်။

လူတိုင်း ရင်တုန်နေသည်။

*မောက်မာလွန်းတယ်၊ ကြီးကျယ်ခမ်းနားတဲ့ပုံက ထိတ်လန့်ဖို့ ကောင်းလွန်းတယ်*

ပိုင်ကျန့်ချင်းနှင့် အခြားသူများ အလွန် စိတ်မသက်မသာ ဖြစ်နေသည်။ ယဲ့ဖန်က သူ့ကိုယ်သူ ယုံကြည်လွန်း တာလား သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်ချင်နေတာလား သူတို့ သေချာ မသိချေ။

“ဝုန်း ဝုန်း ဝုန်း”

ထိုအခိုက်တွင် ယဲ့ဖန်က နဂါးကိုးကောင် မီးလင်းဖိုကို ဆက်တိုက် ရိုက်ပုတ်၍ သွေးယဇ်ပုလ္လင်အား တိုက်ခတ်နေသည်။

“ဂျွတ် ဂျွတ်”

အက်ရာများ တစ်ခုပြီးတစ်ခု ပေါ်လာလေသည်။ သွေးယဇ်ပုလ္လင် ပျက်စီးရန် သိပ်မကြာတော့ကြောင်း လူတိုင်း သတိထားမိသည်။

ဤမြင်ကွင်းက ပိုင်ကျန့်ချင်းနှင့် အခြားသူများအား အေးစက်သွားစေသည်။ သန်းချီသော လူများကို စားသုံး၍ သန့်စင်ခဲ့သော မိစ္ဆာလက်နက်က တစ်လောကလုံး၌ နာမည်ကျော်လာသော်လည်း ယခု တစ်ချက်ကလေးမှ မခုခံနိုင်ဘဲ ဤသို့ အဆုံးသတ်ရပေတော့မည်။

*အစွမ်းထက်လွန်းတယ်*

*ဒီမီးလင်းဖိုက အစွမ်းထက်လွန်းတယ်*

နဂါးကိုးကောင် မီးလင်းဖိုက လောကတွင် ပြိုင်ဘက်ကင်းပင်။ တိုက်ခိုက်မှုတိုင်းတွင် စွမ်းအားများ ပြည့်နှက်နေပြီး ယန်စွမ်းအင်က တိုးပွားလျက် ရှိသည်။ မိုင်တစ်ရာအတွင်းမှ တောင်များ တုန်ခါလာပြီး ပြိုလဲကုန်သည်။ မြင်ကွင်းက အလွန် ကြောက်စရာ ကောင်းလှသည်။

“ဝုန်း”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သွေးယဇ်ပုလ္လင် ပေါက်ကွဲကာ သွေးမြူခိုးအဖြစ် ပြောင်းလဲသွား လေသည်။

“အား…”

မြေအောက်လောက ဘုရင်မ ရုတ်တရက် အော်ဟစ်လိုက်သည်။ သူမ၏ ချီစွမ်းအင်က သွေးယဇ်ပုလ္လင်နှင့် ချိတ်ဆက်နေသောကြောင့် ယခု သွေးယဇ်ပုလ္လင် ပျက်စီးသွားသောအခါ သူမ အထိနာသွားရသည်။

“မင်း … မင်း ငါ့မှော်လက်နက်ကို တကယ် ဖျက်ဆီးပစ်တယ်ပေါ့လေ၊ ငါ နင့်အလောင်းကို တစ်စစီ ဖြစ်အောင် လုပ်ပစ်မယ်၊ ငါ နင့်ကို နုတ်နုတ်စင်းပစ်မယ်”

မြေအောက်လောက ဘုရင်မ ဒေါသတကြီး ကြုံးဝါးလိုက်သည်။ နှစ်ပေါင်းများစွာ ကြိုးစားဖန်တီးခဲ့သော အရာက ယခု ပျက်စီးသွားရလေပြီ။

“ယဲ့ဖန် မင်း ဒီကို တကယ် လာရဲလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

ထိုစဉ် ထည်ဝါသော အသံတစ်သံက တော်ဝင်မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့လာသည်။ မြင့်မြတ်ထည်ဝါသော လူတစ်ယောက် ရောက်လာလေသည်။ သူသည် အရပ်ရှည်၍ သန်စွမ်းကာ အနက်ရောင် ဆံပင်များက ရေတံခွန် ကျဆင်းနေပြီး တစ်ကိုယ်လုံးအား အင်မော်တယ် အလင်းက လွှမ်းခြုံထားသည်။

သူ့မျက်လုံးများက လနက်နှင့် သွေးစွန်းသော နေသဖွယ် ဖြစ်နေပြီး မိစ္ဆာဆန်လွန်း၍ စေ့စေ့ကြည့်ရန် မဖြစ်နိုင်ချေ။ အကြည့်တစ်ချက်က လူကို သတ်နိုင်ပေ၏။

သူ လျှောက်လာပုံက ရှေးဟောင်း နတ်ဆိုးတစ်ကောင် လှမ်းလာသကဲ့သို့ ဖိအားအပြည့် ရှိကာ သူ၏ ရုပ်ခန္ဓာက လောကကို ဖျက်ဆီးနိုင်စွမ်း ရှိလေသည်။

ဧကရာဇ် ယွီရှန် ပေါ်လာလေပြီ။

ထိုစဉ် ဧကရာဇ် ယွီရှန်က ယဲ့ဖန်က မီးတောက်နေသော မျက်လုံးများဖြင့် ကြည့်လာပြီး မျက်နှာတွင် လူသတ်ချင်စိတ်တို့နှင့် ပြည့်နှက်လာသည်။

“လွန်ခဲ့တဲ့သုံးနှစ်က ငါ မင်းကို အထင်လွဲခဲ့တယ်၊ မင်းလိုလူမျိုးက ငါ့လက်ထဲမှာ သေသင့်တာ”

ဧကရာဇ် ယွီရှန်သည် ဧကရာဇ် ဖြစ်လာပြီးကတည်းက ပြိုင်ဘက်ကင်းခဲ့သဖြင့် အထီးကျန်သလို ခံစားခဲ့ရသည်။ ယခု သူသည် လွှမ်းမိုးနိုင်သော ယဲ့ဖန်ကို မြင်သောအခါ တိုက်ခိုက်ချင်စိတ် ထက်သန်လာပြီး ယဲ့ဖန်နှင့် တိုက်ခိုက်ရန် မျှော်လင့်နေမိသည်။

ဤသို့သော သိုင်းပညာရှင်က သူ့လက်ထဲ၌ သေသင့်ပေသည်။

ဧကရာဇ် ယွီရှန် ရောက်လာသည်ကိုမြင်သော် ရင်မိသားစုဝင်များ၏ ယုံကြည်မှုက ရုတ်တရက် တိုးမြင့်လာသည်။

သူသည် မင်းဆက်များအားလုံး၌ အထူးချွန်ဆုံးသော ဘိုးဘေး ကျူးလုံ ဧကရာဇ်ကို ကျော်တက်နိုင်သော သူတို့ ရင်မိသားစု၏ ပုဂ္ဂိုလ် မဟုတ်ပါတကား။

လက်ရှိတွင် သူသည် မာနကြီး၍ ချောမောသော အသွင်အပြင် ရှိကာ ကျောဘက်တွင် နတ်ဘုရား ကွင်းတစ်ခု ရှိနေပြီး နတ်ဘုရား တစ်ပါးနှင့် တူလေသည်။ သူ့မျက်လုံးများက လေးနက်ပြီး အတွင်း၌ နေနှင့်လ လည်ပတ်နေသည်ဟု ထင်ရသည်။

သူ၏ အသွင်အပြင်က လောကကို ပြောင်းလဲနိုင်၏။

လက်ရှိတွင် နှစ်ဖက်သည် အချင်းချင်း ကြည့်နေကြပြီး အကြည့်များက မီးတောက်နေကာ တိုက်ခိုက်ချင်စိတ်က တဟုန်းဟုန်း တောက်လောင်နေသည်။

လူတိုင်း မိုးသက်လေပြင်း ကျရောက်တော့မည်ဟု ခံစားမိပြီး အားလုံး စိတ်လေးလာကြသည်။ သူတို့၏ ရင်ဘတ်ပေါ် ကျောက်တုံးတစ်တုံး ပိကျလာသကဲ့သို့ အသက်မရှူနိုင် ဖြစ်နေလေသည်။

ဖြစ်ပေါ်လာမည့် တိုက်ပွဲက ပြင်းထန်ကြမ်းတမ်းမည်ဖြစ်ကြောင်း လူတိုင်း သိလိုက်သည်။

“ချမယ်”

“သတ်ပစ်မယ်”

ယဲ့ဖန်နှင့် ဧကရာဇ် ယွီရှန်တို့ ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ဖျတ်ခနဲ လှုပ်ရှားလာကြကာ ပြိုင်ဘက်ထံ ပြေးဝင် သွားလေသည်။

All Chapters