အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
အခန်း (၁၆၁) - တရားဟောစင်မြင့် ဖွင့်လှစ်ခြင်း
လူငယ်နှစ်ယောက်သည် ရင်ခံအင်္ကျီတစ်ထည်ကို အချိန်အတော်ကြာ အနုစိတ်လေ့လာကြည့်ရှုနေပြီးနောက် နောက်ဆုံးတွင် တူညီသော ကောက်ချက်တစ်ခုကို ချလိုက်ကြ၏။
ယင်းမှာ သာမန်ရင်ခံအင်္ကျီတစ်ထည်မျှသာ ဖြစ်လေသည်။
"နောက်တစ်ခု မြန်မြန်ထုတ်ကြည့်ရအောင်..."
ချူလျန်က ရင်ခံအင်္ကျီကို သိမ်းဆည်းလိုက်ပြီး ထိုအကြောင်းကို ဆက်မပြောချင်တော့ချေ။
လွှင့်မပစ်လိုက်ခြင်း၏ အကြောင်းရင်းမှာမူ မျှော်လင့်ချက် တစ်စွန်းတစ်စ ကျန်ရှိနေသေးသောကြောင့်ပင် ဖြစ်ပေသည်။
တောင်ပိုင်းလမ်းပြသူက ဤပစ္စည်းကို အမြတ်တနိုး သိမ်းဆည်းထားခဲ့ပုံထောက်လျှင် တစ်ခုခုတော့ အသုံးဝင်လိမ့်မည်ဟု သူ တွေးလိုက်မိ၏။ ထို့နောက် သူက နောက်ထပ် ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်လေသည်။
ထိုအရာက အလွန်လေးလံပြီး စားပွဲပေါ်သို့ ချလိုက်ချိန်တွင် "ဒုန်း..." ဟူသော အသံတစ်ခု ထွက်ပေါ်လာလေ၏။
၎င်းမှာ လူ့ခေါင်းအရွယ်အစားရှိ ကြေးဝါမီးဖိုတစ်ခုဖြစ်ပြီး မီးဖိုကိုယ်ထည်ပေါ်တွင် ရွှေရောင်ဖောင်းကြွပုံများဖြင့် ကြောက်မက်ဖွယ်ကောင်းသော အရုပ်အများအပြားကို ထွင်းထုထားပေသည်။
ဝမ်ယွဲ့လုံက အဖုံးကိုဖွင့်၍ စစ်ဆေးကြည့်လိုက်ပြီး "ဒါက ဝိညာဉ်သန့်စင်မီးဖိုပဲ" ဟု ပြောလိုက်၏။
"ကိုယ့်ထိန်းချုပ်မှုအောက်ရောက်စေချင်တဲ့ ဝိညာဉ်တွေကို ဒီမီးဖိုထဲထည့်ပြီး အပြည့်အဝမထိန်းချုပ်နိုင်မချင်း ဆက်တိုက် ညှဉ်းပန်ပြီး သန့်စင်ပစ်လိုက်လို့ရတယ်"
"ဒါကလည်း အင်မတန် မည်းညစ်ပြီး ရက်စက်ယုတ်မာတဲ့ မှော်ဝင်ပစ္စည်းတစ်ခုပဲ"
ချူလျန်သည် ထိုဝိညာဉ်သန့်စင်မီးဖိုကို ဘေးသို့ဖယ်ထားလိုက်သည်။ ဤအရာကို သူ သေချာပေါက် အသုံးပြုမည်မဟုတ်ချေ။
ဝမ်ယွဲ့လုံ အလှည့်ရောက်လာပြန်ရာ သူက လက်လှမ်းလိုက်ပြီး အနက်ရောင်ဖယောင်းတိုင်တစ်ပိုင်းကို ဆွဲထုတ်လိုက်လေ၏။ ဖယောင်းတိုင်၏ အလယ်တွင် ရွှေရောင်မျဉ်းတစ်ကြောင်း ပါရှိပြီး အလွန်ထူးဆန်းသောပုံပေါက်နေ၏။
"ဒါက..." ဤတစ်ကြိမ်တွင်မူ သူသည် အချိန်အတော်ကြာ စဉ်းစားနေပြီးမှ ကောက်ချက်ချလိုက်၏။ "ဒါက စိတ်နှလုံးထင်ဟပ်ဖယောင်းတိုင်ပဲ"
"စိတ်နှလုံးထင်ဟပ်ဖယောင်းတိုင် ဟုတ်လား..."
"ရှေးခေတ်က အမှောင်ဘုရင်ဂိုဏ်းက အပြစ်သားတွေကို စစ်ဆေးတဲ့နေရာမှာသုံးတဲ့ မှော်ဝင်ပစ္စည်းပေါ့။ အခုခေတ်မှာတော့ ကုန်ကြမ်းတွေက ရှားပါးသွားလို့ သိပ်မတွေ့ရတော့ဘူးလေ”
“ စိတ်နှလုံးထင်ဟပ်ဖယောင်းတိုင်ကို ထွန်းညှိထားတဲ့အချိန် ဖယောင်းတိုင်မီးရောင်အောက်မှာ လူတစ်ယောက်က လိမ်ညာပြောဆိုမယ်ဆိုရင် သူ့ရဲ့အရိပ်က တုန်ခါသွားလိမ့်မယ်" ဟု ဝမ်ယွဲ့လုံက ရှင်းပြလေသည်။
"ဒါက အတော်လေး အသုံးဝင်တာပဲ" ချူလျန်က သတိကြီးစွာ သိမ်းဆည်းလိုက်ပြီး "တစ်ပိုင်းပဲ ကျန်တော့တာ နှမြောစရာပဲ" ဟု ပြောလိုက်၏။
ထို့နောက် သူက နောက်ထပ်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ရာ ၎င်းမှာ အဆောင်စာရွက်တစ်ထပ်ဖြစ်နေပြီး ခန့်မှန်းခြေ လေးရွက်ခန့် ပါရှိလေသည်။
"ဒါက အလောင်းကောင်နှိုးတဲ့ အဆောင်ပဲ" ဝမ်ယွဲ့လုံက အံ့သြတကြီး ရေရွတ်လိုက်ပြီး ယူ၍ ကြည့်ရှုလိုက်၏။ "ဒါလည်း ရှေးဟောင်းပစ္စည်းပဲ ဒီအရာက ပျောက်ကွယ်သွားတာ နှစ်ပေါင်းရာနဲ့ချီနေပြီ"
"ကျုပ်က အလောင်းကောင်ကိုဖိနှိပ်တဲ့ အဆောင်အကြောင်းပဲ ကြားဖူးတာ" ချူလျန်က ပြောလိုက်၏။
"အလောင်းကောင်ကိုဖိနှိပ်တဲ့ အဆောင်က ဖုတ်ကောင်တွေကို ဖိနှိပ်ဖို့သုံးတာ”
“အလောင်းကောင်နှိုးတဲ့ အဆောင်ကတော့ ပြောင်းပြန်ပဲ။အလောင်းကောင်တွေကို ပြန်လည်နိုးထလာစေပြီး သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ခင်ဗျားအမိန့်ကိုနာခံတဲ့ ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲပေးနိုင်တယ်" ဟု ဝမ်ယွဲ့လုံက ဆိုလေ၏။
"ဪ... ဒီလိုကိုး"
ထိုအဆောင်စာရွက်များကို သိမ်းဆည်းလိုက်ပြီးနောက် သိုလှောင်ရာ နယ်မြေထဲတွင် ပစ္စည်းများများစားစား မကျန်တော့ချေ။ ဝမ်ယွဲ့လုံက နောက်တစ်ကြိမ် ထပ်နှိုက်လိုက်ရာ ကျောက်စိမ်းပြားတစ်ခုကို ဆွဲထုတ်လိုက်မိ၏။
"အမှောင်ဘုရင်ဂိုဏ်းရဲ့ လက်ဆင့်ကမ်းကျင့်စဉ်ပဲ" ဤတစ်ကြိမ်တွင်မူ သူက သိပ်ပြီး စိတ်ဝင်စားပုံမပေါ်ချေ။ "ဒီအရာက ထိန်းသိမ်းရေးခန်းမမှာ ရှိပြီးသားဖြစ်လောက်တယ် "
ထိုစကားကို ကြားလိုက်ရသဖြင့် ချူလျန်လည်း စိတ်ဝင်စားမှု ပျောက်ဆုံးသွားတော့၏။ သူတို့သည် ရှုတောင်ဂိုဏ်း၏ ကျင့်စဉ်များကို ကျင့်ကြံနေပြီးဖြစ်ရာ ကောင်းကင်ကြယ်တာရာ၏ ထူးဆန်းသောပညာရပ်များကို သွားရောက်ကျင့်ကြံရန်မှာ မဖြစ်နိုင်ပေ။ ဆုလာဘ်လည်း မရနိုင်သောကြောင့် ထိုအရာက အသုံးမဝင်တော့ချေ။
သူက လက်နှစ်ဖက်ကို ပွတ်သပ်လိုက်၏။ အတွင်းထဲတွင် ပစ္စည်းတစ်ခုသာ ကျန်ရှိတော့ရာ ကြီးကြီးမားမားတစ်ခုခု ရနိုင်ရန် သူ မျှော်လင့်နေမိပေသည်။
'ကံမကောင်းတာက ရွှေငါးကြင်းမလေး ဒီနေရာမှာ မရှိနေဘူး။မဟုတ်ရင် ဒီနေ့သိမ်းဆည်းရရှိမှုက တော်တော်လေးကို ကြီးမားနိုင်တယ်...'
ဟု တွေးကာ သူ့ရင်ထဲတွင် အနည်းငယ် စိတ်မကောင်းဖြစ်သွားရ၏။
ထို့နောက် သူက လက်ကို ဆန့်ထုတ်လိုက်ပြီး ထူးဆန်းသော မှော်စာသားများ ထွင်းထုထားသည့် လခြမ်းပုံစံ သံပြားတစ်ခုကို ထုတ်ယူလိုက်လေသည်။
"ဒါကရော ဘာကြီးလဲ..." သူက နားမလည်စွာ မေးလိုက်၏။
ဝမ်ယွဲ့လုံသည် အချိန်အတော်ကြာ ကြည့်ရှုနေသော်လည်း ဘာမှန်း မသိခဲ့ပေ။ "ပစ္စည်းတစ်ခုခုရဲ့ တစ်ဝက်နဲ့ တူတယ် အပိုင်းနှစ်ခုပေါင်းလိုက်မှပဲ ဘာအတွက်အသုံးဝင်လဲဆိုတာ သိနိုင်လိမ့်မယ်"
'တစ်ဝက်တည်းလား...'
ချူလျန်က သူ၏လက်ထဲတွင် လေးပုံတစ်ပုံသာရှိသော ရတနာမြေပုံတစ်ခု ရှိနေသေးသည်ကို သတိရသွားပြီး မည်သည့်အချိန်မှ အပြည့်အစုံ စုဆောင်းနိုင်မည်ကို မသိတော့ချေ။
မှော်ဝင်ပစ္စည်းများကို အများအပြား စုဆောင်းလာသည်နှင့်အမျှ ဤကဲ့သို့ ရှုပ်ယှက်ခတ်နေသော ပစ္စည်းများ စုပုံလာလေ့ရှိသည် မဟုတ်ပါလော။
'ဒါက သေတ္တာအောက်ခြေက နောက်ဆုံးကျန်တဲ့ပစ္စည်းဆိုပါတော့...'
ဝိညာဉ်အာရုံဖြင့် ဖြန့်ကျက်ကြည့်လိုက်ရာ သိုလှောင်ရာနယ်မြေထဲတွင် ဘာမျှမရှိတော့ဘဲ ဟာလာဟင်းလင်း ဖြစ်နေချေပြီ။ ထို့ကြောင့် ချူလျန်သည် မျှော်လင့်ချက်မဲ့စွာဖြင့် လက်ကို ပြန်ရုပ်လိုက်ပြီး "ဟူး... ဖြစ်ဖြစ်မြောက်မြောက် မှော်ဝင်ပစ္စည်းတစ်ခုမှတောင် မပါပါလား..." ဟု ရေရွတ်လိုက်၏။
ငြီးတွားနေသော်လည်း ဤကိစ္စအတွက် တောင်ပိုင်းလမ်းပြသူကို အပြစ်တင်၍မရကြောင်း ချူလျန် သိထား၏။
အနည်းဆုံးတော့ မိစ္ဆာမြေကမ္ဘာတံဆိပ်၊ ငရဲဘုံဝိညာဉ်ဓားနှင့် ဝိညာဉ်သန့်စင်မီးဖိုတို့သည် အလွန်တရာ အစွမ်းထက်သော မှော်ဝင်ပစ္စည်းများဖြစ်ပြီး သူကိုယ်တိုင် အသုံးမပြုနိုင်ခြင်းသာ ဖြစ်ပေသည်။
သူက ခဏမျှ ရွေးချယ်ကြည့်ပြီးနောက် စိတ်နှလုံးထင်ဟပ်ဖယောင်းတိုင်၊ လျှို့ဝှက်ယင်မိုးကြိုးဗုံး ငါးလုံး၊ အလောင်းကောင်နှိုးအဆောင် လေးရွက်၊ မှော်စာသားများပါသော လခြမ်းပုံစံသံပြား၊ မီလော့သစ်ရွက်စိမ်းနှင့် ကြာပန်းရင်ခံအင်္ကျီတို့ကို ရွေးထုတ်လိုက်လေသည်။
မိစ္ဆာမြေကမ္ဘာတံဆိပ်၊ ငရဲဘုံဝိညာဉ်ဓား၊ ဝိညာဉ်ချုပ်တံဆိပ်ပြား၊ ဝိညာဉ်သန့်စင်မီးဖိုနှင့် အမှောင်ဘုရင်ဂိုဏ်း၏ လက်ဆင့်ကမ်းကျင့်စဉ်တို့ကိုမူ ချန်ထားခဲ့လိုက်လေသည်။
"ဒီပစ္စည်းတွေက တန်ဖိုးကြီးပေမဲ့ ကျုပ်တို့ ရှုတောင်အတွက်တော့ သိပ်အသုံးမဝင်ပါဘူး။ပြီးတော့ ငရဲဘုံဝိညာဉ်ဓားထဲက ကလဲ့စားဝိညာဉ်တွေကို အမျက်ဖြေမန္တန် ရွတ်ဖတ်ပြီး ကယ်ချွတ်ပေးလို့ပဲ ရမယ်"
ဝမ်ယွဲ့လုံက ပြောလိုက်၏။
"မီလော့သစ်ရွက်စိမ်းကိုပါ ထားခဲ့ပြီး ရောင်းလိုက်ရင် ပိုကောင်းမယ် ထင်တယ်။နောက်ဆုံး ခင်ဗျားရမယ့် ဆုလာဘ်တွေ အားလုံးပေါင်းလိုက်ရင် ခန့်မှန်းခြေ ဓားဒင်္ဂါး ငါးထောင်လောက် ရနိုင်တယ်"
'ငါးထောင်တဲ့လား...'
၎င်းမှာ သေချာပေါက် များပြားလှသော ပမာဏတစ်ခုပင် ဖြစ်လေသည်။ ပြီးခဲ့သောအကြိမ်က ဆရာတပည့်နှစ်ယောက် တောင်ထွတ်သခင်တစ်ဦးကို ခြိမ်းခြောက်ငွေတောင်းခဲ့ရာတွင် ဤမျှသာ ရရှိခဲ့သည် မဟုတ်ပါလော။
သို့သော်လည်း ယခု ချူလျန်တွင် ရွှေအမြုတေအဆင့်တက်လှမ်းရန် ပစ္စည်းများရှာဖွေရမည့် ဖိအားများ ရှိနေပြီး အနည်းဆုံး နှစ်စုံ ပြင်ဆင်ထားရမည် ဖြစ်ပေသည်။
အဆင့်မြင့်ရွှေအမြုတေအတွက် အခြေခံပစ္စည်းများချည်းပင် ဓားဒင်္ဂါး လေးထောင်ကျော် ကုန်ကျမည်ဖြစ်ပေ၏။ အကယ်၍ နှစ်ကြိမ်တွင် တစ်ကြိမ် ကျရှုံးသွားခဲ့လျှင်ပင် ထိုပမာဏက လုံလောက်မည် မဟုတ်တော့ချေ။
သာမန် ဝိညာဉ်အသိအမြင်အဆင့် တပည့်များသည် ဤအဆင့်တွင် နှစ်အတော်ကြာ ရပ်တန့်နေလေ့ရှိပြီး ထိုနှစ်များအတွင်း ငွေကြေးများကို အဆက်မပြတ် စုဆောင်းကာ နောက်ဆုံးတွင်မှ ရွှေအမြုတေပစ္စည်းများကို အပြည့်အစုံ ဝယ်ယူနိုင်ကြပေသည်။
ချူလျန်မှာမူ ဝိညာဉ်အသိအမြင်အဆင့်တွင် ရောက်ရှိနေသည့်အချိန်က အလွန်တိုတောင်းလှသဖြင့် ငွေစုရန် အချိန်သိပ်မရှိခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် ဤသို့သော မမျှော်လင့်ထားသည့် ဝင်ငွေများ ဝင်လာခြင်းဖြစ်လေသည်။
နောက်ဆုံးတွင် သူသည် ပစ္စည်းအချို့ကို သိမ်းဆည်းလိုက်ပြီး ဝမ်ယွဲ့လုံ ရသင့်ရထိုက်သော အခကြေးငွေကို ပေးချေလိုက်ကာ ပြုံး၍ မတ်တတ်ရပ်လိုက်သည်။
"ဒီတစ်ကြိမ်လည်း ဒုက္ခပေးမိပြန်ပါပြီ" သူက ပြုံး၍ ကျေးဇူးတင်စကား ဆိုလိုက်၏။ "ကျုပ် အရင် သွားနှင့်တော့မယ်"
"ကျွန်တော်လည်း ခင်ဗျားနဲ့ အတူတူ ထွက်ခဲ့မယ်လေ" ဝမ်ယွဲ့လုံကလည်း မတ်တတ်ရပ်ကာ ပြောလိုက်သည်။
"ဟင်... မင်းရဲ့ တာဝန်ချိန်က မပြီးသေးဘူး မဟုတ်လား" ချူလျန်က မေးလိုက်၏။
"ကျွန်တော် နေ့တစ်ဝက်လောက် ခွင့်ပျက်လည်း ကိစ္စမရှိပါဘူး ဘာပဲဖြစ်ဖြစ် ခင်ဗျားကလွဲရင် ဘယ်သူမှ လာပြီး မှော်ဝင်ပစ္စည်း သွန်းလုပ်ခိုင်းမှာ မဟုတ်ပါဘူး" ဝမ်ယွဲ့လုံက ရယ်မောကာ ဆက်ပြောလိုက်သည်
"ဒီနေ့က မသွားမဖြစ် သွားရမယ့် ကိစ္စလေးလည်း ရှိနေလို့"
"ဘာကိစ္စလဲ..." ချူလျန်က မေးလိုက်၏။
"ကျန်းယွဲ့ပိုင်ရဲ့ တရားဟောပွဲလေ..." ဝမ်ယွဲ့လုံက ချူလျန်ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်ပြီး "ရှုတောင်တပည့်တစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ပြီး ဒီပွဲကို အလွတ်ခံနိုင်မှာလဲ..."
...
တရားဟောမည့်နေရာကို ပီလော့သစ်ပင်အိုကြီး၏ အောက်တွင် သတ်မှတ်ထားပြီး ကျန်းယွဲ့ပိုင်မှာ သစ်ပင်အိုကြီး၏ သစ်ကိုင်းပေါ်တွင် ရပ်ကာ အောက်ဘက်ရှိ ကျယ်ဝန်းသော တောင်ခါးပန်းမြေလွတ်ကို မျက်နှာမူထားမည် ဖြစ်ပေသည်။ တောင်ထွတ်အသီးသီးမှ တပည့်များသည် မိမိတို့၏ ကိုယ်ပိုင် တရားထိုင်ဖျာများကို ယူဆောင်လာကြပြီး မြေပြင်ပေါ်တွင် ထိုင်နေကြသည်။
ချူလျန်နှင့် ဝမ်ယွဲ့လုံတို့ အတူတကွ ရောက်ရှိလာချိန်တွင် ပွဲစတင်ရန် အနည်းဆုံး နာရီဝက်ခန့် လိုသေးသော်လည်း အတန်းပေါင်း ဆယ်ဂဏန်းကျော်နေပြီဖြစ်ကာ တောင်ထိပ်သို့ပင် ရောက်လုနီးပါး ကြိတ်ကြိတ်တိုးနေကြပေပြီ။
ပထမတန်းမှ ဂိုဏ်းတူညီအစ်ကိုများ မည်သည့်အချိန်ကတည်းက ရောက်နေကြသည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။...
ချူလျန်က အကြည့်တစ်ချက် ဝေ့ဝဲကြည့်လိုက်ရာ အရှေ့တန်းတွင် ထိုင်နေသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ လင်းပေ့ပင် ဖြစ်သည်။
သူက အရှေ့တန်းတွင် နေရာတစ်နေရာလောက် တောင်းထိုင်၍ရနိုင်မလားဟူ၍ သွားရောက်မေးမြန်းရန် ပြင်လိုက်ချိန်တွင် လင်းပေ့ကလည်း သူ့ကို မြင်သွားလေသည်။
ထို့နောက် သူ့ကို မျက်စိမှိတ်ပြကာ အရှေ့ဘက်မှ ကျောပြင်တစ်ခုကို ညင်သာစွာ လက်ညှိုးထိုးပြလေသည်။
ချူလျန်က သူ၏အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားတော့သည်။
အရှေ့ဘက်မှ မတ်မတ်ရပ်နေသော ကျောပြင်နှင့် လေးထောင့်ကျကျ နောက်စေ့ပိုင်ရှင်မှာ ကျောက်စိမ်းဓားတောင်ထွတ်မှ စီနီယာအစ်ကိုကြီး ရွှီဇီယန် ဖြစ်ရပေမည်။
ကျောက်စိမ်းဓားတောင်ထွတ်မှ လူများအားလုံး အတူတကွ ထိုင်နေကြရာ သူ သွားရောက်တိုးဝှေ့ထိုင်ရန်မှာ သေချာပေါက် အဆင်မပြေနိုင်ချေ။
ထိုသို့သာ လုပ်မိပါက ကျားအုပ်ထဲ သိုးရောက်သွားသကဲ့သို့ ဖြစ်သွားမည် မဟုတ်ပါလော။
အကြည့်များကို ခံစားမိသွားပုံရကာ ရွှီဇီယန်က ရုတ်တရက် ခေါင်းလှည့်လာသည်။
လင်းပေ့က လက်ညှိုးထိုးပြနေသော လက်ကို ချက်ချင်းရုပ်သိမ်းလိုက်ပြီး လိမ္မာရေးခြားရှိသယောင် ဟန်ဆောင်လိုက်လေ၏။
ရွှီဇီယန်နှင့် ချူလျန်တို့၏ အကြည့်များ ဆုံတွေ့သွားကြသည်။ ထိုအကြည့်က ဓားတစ်လက်ကဲ့သို့ စူးရှပြတ်သားကာ လူကို စူးနစ်သွားစေပေသည်။
သို့သော်လည်း ချူလျန်သည် ရှောင်ဖယ်ခြင်းမပြုဘဲ သူ့ကို တည်ငြိမ်စွာသာ စိုက်ကြည့်နေလိုက်သည်။
ထို့နောက် နှစ်ဦးသားသည် မိမိတို့၏ အကြည့်များကို အသီးသီး ရုပ်သိမ်းလိုက်ကြပြီး 'မင်း ဘာကြည့်တာလဲ' စသဖြင့် အပြန်အလှန် မေးမြန်းခြင်းမျိုးပင် မရှိကြချေ။ ရွေးချယ်စရာမရှိတော့သဖြင့် ဝမ်ယွဲ့လုံနှင့်အတူ အနောက်ဘက်တွင်သာ ထိုင်နေလိုက်ရတော့သည်။
လူများက တဖွဲဖွဲ ထပ်ရောက်လာကြရာ ရှုတောင်ဂိုဏ်းတွင် ဤမျှ လူများပြားလှသည်ကို ချူလျန် ယခင်က သတိမထားမိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ပထမအဆင့်လေးဆင့်မှ တပည့်အချို့အပြင် အဆင့်ငါးနှင့် အဆင့်ခြောက်ရှိ ရှုတောင်တပည့်များပါ ရောက်ရှိလာကြသောကြောင့်ပင် ဖြစ်လေ၏။
ထိုသူများမှာ ရှုတောင်ပေါ်တွင် သိပ်ပြီးလှုပ်ရှားမှု မရှိကြတော့သည့် စီနီယာအစ်ကိုများနှင့် စီနီယာအစ်မများ ဖြစ်ကြပေသည်။
သာမန်အားဖြင့် ၎င်းတို့သည် ရှုတောင်ပေါ်တွင် နေထိုင်သည့်အချိန်ထက် အပြင်ဘက်တွင် ခရီးလှည့်လည်သည့် အချိန်က ပိုများတတ်ကြသော်လည်း ယခုမူ အားလုံး ရောက်ရှိလာကြပေသည်။ ကြည့်ရသည်မှာ ဤကိစ္စအပေါ် အလွန်အမင်း စိတ်ဝင်စားနေကြပုံရသည်။
တောင်ထွတ်သခင်များကဲ့သို့သော အကြီးအကဲများမှာမူ ၎င်းတို့၏ ဂုဏ်သိက္ခာအရ လာရောက်ရန် အဆင်မပြေသော်လည်း အချို့မှာမူ အဝေးမှနေ၍ ခိုးကြောင်ခိုးဝှက် စောင့်ကြည့်နေကြလိမ့်မည်ဟု တွေးထင်မိပေသည်။
ပွဲစတင်မည့်အချိန် နီးကပ်လာသောအခါ လူအုပ်ကြီးမှာ ပြည့်ကျပ်သွားပြီး အတော်လေး စုံလင်နေပြီ ဖြစ်သည်။
"လာပြီဟေ့..."
အော်ဟစ်သံတစ်သံနှင့်အတူ အရှေ့ဘက်ရှိ ပီလော့သစ်ပင်အိုကြီးပေါ်မှ ဧရာမ ပန်းဖြူကြီးတစ်ပွင့် ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ပုံရိပ်တစ်ခုက ထိုပန်းပွင့်ကို နင်းကာ ပျံဝဲလာလေသည်။
သူမ ခြေချလိုက်တိုင်း ပန်းတစ်ပွင့်စီ ထွက်ပေါ်လာပြီး သူမ၏ ကိုယ်ဟန်ကို ဖမ်းယူထိန်းသိမ်းပေးထားလေသည်။
အောက်ဘက်ရှိ စကားပြောဆိုသံများ အားလုံး တိတ်ဆိတ်သွားပြီး ဤမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်ရှုနေကြလေသည်။ ကျန်းယွဲ့ပိုင်သည် ရှုတောင်ဂိုဏ်းတွင် နာမည်ကြီးလှပြီး သာမန်အချိန်များ၌ လူအများရှေ့ ထွက်ပေါ်လာလျှင်ပင် အာရုံစိုက်မှုများကို ခံရလေ့ရှိပေသည်။
သို့သော် ဤမျှများပြားလှသော လူအုပ်ကြီးရှေ့တွင် တရားဝင် ပွဲထွက်လာခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်ပေသည်။
သို့သော်လည်း သူမထံတွင် အနည်းငယ်မျှ ချို့ယွင်းချက်ကို မတွေ့ရဘဲ အေးစက်တည်ငြိမ်လျက်ပင် ရှိနေဆဲဖြစ်ပေသည်။ သူမသည် သစ်ကိုင်းတစ်ခက်ပေါ်သို့ ပျံသန်းဆင်းသက်လာပြီးနောက် လှည့်ကြည့်လိုက်သည်။
လမင်းကဲ့သို့ တောက်ပသော မျက်လုံးများ၊ လေထဲတွင် လွင့်ခါနေသော အဝတ်အစားများဖြင့် လေပြေလေညင်းနှင့် ပန်းပွင့်များ ဝန်းရံနေသည့်ကြားတွင် သူမသည် လူ့ပြည်သို့ ဆင်းသက်လာသော နတ်သမီးတစ်ပါးနှင့် အတိအကျ တူညီနေတော့သည်။
အခန်း (၁၆၂) - လူအများရှေ့ သီးသန့်စကားပြောခြင်း
"ပြီးပြည့်စုံသော ကျင့်စဉ်ပတ်လမ်းဆိုတာ တကယ်တော့ ကျင့်စဉ်လှည့်ပတ်မှုရဲ့ အမြင့်မားဆုံး အခြေအနေပါပဲ"
"ကျွန်မက ကျွန်မရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်ဖွဲ့စည်းပုံ ထူးခြားမှုကြောင့်သာ ဒီနယ်ပယ်ကို ရောက်ရှိလာနိုင်ခဲ့တာ ဖြစ်ပေမယ့် အတွင်းက လမ်းကြောင်းတွေကို နားလည်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ ပံ့ပိုးမှုမပါဘဲနဲ့တောင် ပြီးပြည့်စုံတဲ့ ကျင့်စဉ်ပတ်လမ်းကို ရောက်ရှိနိုင်မယ်ဆိုတာ တွေ့ရှိခဲ့ရတယ်"
ကျန်းယွဲ့ပိုင်သည် အပိုစကားများကို အများကြီးပြောမနေဘဲ တိုတောင်းလှသည့် အဖွင့်စကားပြောပြီးနောက် သူမ၏ တရားဟောပြောပွဲကို တိုက်ရိုက်စတင်လိုက်သည်။
သူမသည် အင်မော်တယ်ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားသည့်ကိစ္စနှင့် ပတ်သက်၍ အထူးတလည် ဖုံးကွယ်ထားခြင်း မရှိပေ။ ဤသည်မှာ အလွန်ရှားပါးသော အချက်ပင်ဖြစ်ချေသည်။
အဘယ်ကြောင့်ဆိုသော် သူမတွင် အင်မော်တယ်ဝိညာဉ်ခန္ဓာ ရှိနေသည်ဆိုသောအချက်မှာ ရှုတောင်ဂိုဏ်းတွင် ကြီးမားသော လျှို့ဝှက်ချက်တစ်ခု မဟုတ်သော်ငြား၊ အပြင်သို့ သတင်းပျံ့နှံ့သွားပါက အကြံအစည်ရှိသူများ၏ မက်မောမှုကို ခံရနိုင်ပေ၏။ သို့မဟုတ် အကြံအစည်ရှိနေသော မိစ္ဆာများ၏ ပစ်မှတ်ထားခြင်းကို ခံရနိုင်လေသည်။
သူမ၏ အသံမှာ ကြည်လင်ပြတ်သားပြီး နူးညံ့သိမ်မွေ့ကာ အသေးစိတ်ကျလှပေသည်။
ချူလျန်သည် ပီလော့ရှေးဟောင်းသစ်ပင်ပေါ်ရှိ နတ်သမီးတစ်ပါးကဲ့သို့ အေးစက်တည်ငြိမ်နေသော ကျန်းယွဲ့ပိုင်ကို ကြည့်ရင်း ရုတ်တရက် စိတ်ကူးယဉ်ပျက်စီးသွားသလို ခံစားလိုက်ရသည်။
သူ ပထမဆုံးအကြိမ် သူမနှင့် တွေ့ဆုံခဲ့စဉ်က ဒူးပိုက်ပြီး ခေါက်ဆွဲစုပ်စားနေခဲ့သည့် ပုံစံကို ပြန်တွေးမိသွားရာ ယခုပုံစံနှင့် ဆက်စပ်တွေးတောကြည့်ရန် အလွန်ခက်ခဲနေသည်။
'ဘာလို့ အကြောင်းပြချက်မရှိဘဲ ဂုဏ်ယူနေမိတာပါလိမ့်...'
'မင်းတို့တွေအားလုံးက စင်အောက်ကနေ သူမရဲ့ တောက်ပနေတဲ့ အလင်းရောင်တွေကိုပဲ မြင်တွေ့ခွင့်ရနေတာလေ….ငါတစ်ယောက်တည်းကသာ သူမ ခေါက်ဆွဲစုပ်စားနေတာကို မြင်ဖူးတာမဟုတ်လား...'
ဤစိတ်ခံစားချက်များက ချူလျန်အား အနည်းငယ် ဆန်းကြယ်သော ခံစားမှုကို ဖြစ်ပေါ်စေသည်။
သို့သော် ကျန်းယွဲ့ပိုင်၏ ပြောပြချက်များကို နားထောင်ရင်း သူသည် လျင်မြန်စွာပင် နစ်မျောသွားတော့သည်။
အဘယ်ကြောင့်ဆိုသော် သူမ ပြောပြနေသောအရာများသည် လူကို အမှန်တကယ် နက်နက်နဲနဲ တွေးတောဆင်ခြင်မိစေသည်။
သူမ၏ နားလည်မှုအရ ကျင့်စဉ်လှည့်ပတ်ခြင်းဟူသည်မှာ ရေဝဲတစ်ခုကို ဖန်တီးနေခြင်းနှင့် တူညီချေသည်။
ဆွဲငင်အားတစ်ခု ဖြစ်ပေါ်လာရန် လိုအပ်ပြီး ကောင်းကင်နှင့်မြေကြီးကြားရှိ ဝိညာဉ်ချီစွမ်းအင်များကို မိမိ၏ ကိုယ်ပိုင်ရေဝဲထဲသို့ စုပ်ယူကာ ထိန်းသိမ်းထားရန် လိုအပ်ပေသည်။
မှန်သည်၊ ဤသည်မှာ ဥပမာတစ်ခုသာ ဖြစ်၏။ လူ့ခန္ဓာကိုယ်၏ သွေးကြောအချိတ်အဆက်များမှာ ကောင်းကင်ပေါ်ရှိ ကြယ်များကဲ့သို့ များပြားလှပြီး ကျင့်စဉ်ပတ်လမ်း၏ လှည့်ပတ်သွားလာရာ လမ်းကြောင်းများမှာလည်း အဆက်မပြတ် ပြောင်းလဲနေတတ်ရာ သာမန်ရေဝဲလည်ခြင်းလောက်တော့ ရိုးရှင်းမည် မဟုတ်ချေ။
ပြီးပြည့်စုံသော ကျင့်စဉ်ပတ်လမ်း ဆိုသည်မှာ ထိုရေဝဲ၏ ဆွဲငင်အားကို အမြင့်မားဆုံးအခြေအနေအထိ ရောက်ရှိအောင် ဖန်တီးခြင်းပင် ဖြစ်ပေသည်။
ထိုသို့ လုပ်ဆောင်နိုင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ကျင့်စဉ်လှည့်ပတ်မှု အလွန်မြန်ဆန်ပြီး လှည့်ပတ်သည့် စွမ်းအား အလွန်ကြီးမားသောကြောင့် ဖြစ်ပေ၏။
ထို့ကြောင့် ပုံမှန်ကျင့်ကြံချိန်များတွင် ကျင့်ကြံသူများသည် မိမိတို့၏ အကန့်အသတ်ကို တတ်နိုင်သမျှ စိန်ခေါ်သင့်ပေသည်။ အန္တရာယ်ကို မကြောက်ရွံ့သင့်ဘဲ အကန့်အသတ်များကို တဖြည်းဖြည်း ချိုးဖျက်ပြီးနောက် ပြီးပြည့်စုံသော ကျင့်စဉ်ပတ်လမ်း၏ အစွန်းအဖျားကို ရောက်ရှိသွားနိုင်လေသည်။
မှန်သည်၊ ဤသည်မှာလည်း နည်းလမ်းတစ်ခုသာ ဖြစ်၏။ အင်မော်တယ်ဝိညာဉ်ခန္ဓာသည် ကောင်းကင်နှင့်မြေကြီး၏ မျက်နှာသာပေးမှုကို ရရှိထားသဖြင့် သဘာဝအလျောက် ပိုမိုစံပြဖြစ်သော အခြေအနေတစ်ခုသို့ ရောက်ရှိနိုင်ပေမည်။
သာမန်ခန္ဓာကိုယ်ဖွဲ့စည်းပုံများအနေဖြင့် မည်မျှပင် ကြိုးစားစေကာမူ ဤအစွန်းအဖျားကို ရောက်ရှိနိုင်မည်လား ဆိုသည်မှာမူ မေးခွန်းထုတ်စရာပင် ဖြစ်ချေသည်။
သို့သော် ဤသို့ လုပ်ဆောင်ခြင်းက ကျင့်ကြံခြင်းအမြန်နှုန်းကို သေချာပေါက် တိုးတက်စေနိုင်မည်ဟု ယုံကြည်နိုင်ပေသည်။
တကယ်တမ်းတွင် ထိုသို့သော သီအိုရီမျိုးကို သူမက စတင်ဖော်ထုတ်ခဲ့ခြင်းတော့ မဟုတ်ပေ။
ကျင့်စဉ်ပတ်လမ်းကို တတ်နိုင်သမျှ အရှိန်မြှင့်တင်ခြင်းက ကျင့်ကြံခြင်းအဆင့် တိုးတက်မှုကို အထောက်အကူပြုသည်ဆိုသော အလားတူအဆိုမျိုးမှာ ကျင့်ကြံခြင်းလောကတွင် ပျံ့နှံ့နေခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
သို့သော်ငြား သူမသည် အသစ်အဆန်း အချို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သေးသည်။
ဥပမာအားဖြင့် တစ်ကြိမ်တည်း ကျင့်ကြံသည့် အချိန်ကို ပိုမိုဆွဲဆန့်ခြင်းမျိုး ဖြစ်ပေသည်။
ရေဝဲတစ်ခုဟု ပြောဆိုထားသည်နှင့်အညီ ဤဆွဲငင်အား၏ တိုးတက်မှုမှာ ပိုပို၍ အားကောင်းလာမည် ဖြစ်သည်။ မဟာကျင့်စဉ်ပတ်လမ်းတစ်ခုကို တစ်ကြိမ် လှည့်ပတ်ပြီးသွားခြင်းက ရေဝဲကို တစ်ပတ်လည်သွားစေခြင်းနှင့် တူညီလေသည်။
ဒုတိယမြောက် မဟာကျင့်စဉ်ပတ်လမ်းကို ထပ်မံလှည့်ပတ်လိုက်သောအခါ စစ်မှန်သောချီစွမ်းအင်များ ဝင်ရောက်လာသည့် အမြန်နှုန်းက သိသိသာသာ တိုးလာမည် ဖြစ်လေသည်။
အကယ်၍ မဟာကျင့်စဉ်ပတ်လမ်းများစွာကို ဆက်တိုက်ဆိုသလို လှည့်ပတ်လိုက်ပါက နောက်ဆုံးအကြိမ် မဟာကျင့်စဉ်ပတ်လမ်း လှည့်ပတ်ချိန်တွင် ကျင့်ကြံခြင်းအဆင့် တိုးတက်မှုအမြန်နှုန်းသည် အထွတ်အထိပ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
ထို့ကြောင့် အကယ်၍ တစ်ကြိမ်တည်း ကျင့်ကြံမှုတွင် မဟာကျင့်စဉ်ပတ်လမ်း ငါးကြိမ် လှည့်ပတ်လိုက်ခြင်း၏ ရလဒ်သည် ကြားကာလ ခြား၍ တစ်ကြိမ်စီ လှည့်ပတ်ကာ ပြီးမြောက်သွားသော မဟာကျင့်စဉ်ပတ်လမ်း ငါးကြိမ်၏ ရလဒ်ထက် ပိုမို၍အားကောင်းလာမည် ဖြစ်ပေသည်။
ဤအချက်က လူတိုင်း၏ မျက်စိကို ပွင့်လင်းသွားစေခဲ့သည်။
ချူလျန်မှာလည်း သေချာစဉ်းစားတွေးတောကြည့်လိုက်သည်။ အကယ်၍ ဤအချက်က အမှန်တကယ် ထိရောက်မှုရှိပါက ကျန်းယွဲ့ပိုင်သည် ယနေ့မှစ၍ ဤအကြောင်းပြချက်ဖြင့် နာမည်ကျော်ကြားသွားရန် လုံလောက်ပေသည်။
ဤသို့သော တွေ့ရှိမှုမျိုးသည် ကြီးမားသော သီအိုရီအသစ်တစ်ခု ပေါ်ထွက်လာခြင်းဟု မဆိုနိုင်သည့်တိုင်အောင်၊ အနည်းဆုံးတော့ ငယ်ရွယ်စဉ်မှာပင် နယ်ပယ်တစ်ခုလုံးကို တုန်လှုပ်သွားစေမည့် စာတမ်းတစ်စောင်ကို ထုတ်ပြန်လိုက်ခြင်းနှင့် ညီမျှသည်။
သို့သော် ထပ်မံ၍ အသေးစိတ် တွေးကြည့်လိုက်မိပြန်သည်။ သူမမတိုင်မီက မည်သူမျှ မတွေ့ရှိခဲ့ရခြင်းမှာ ဤနည်းလမ်းက ကျင့်ကြံခြင်းအဆင့် တိုးတက်မှုပမာဏအပေါ် သိပ်ပြီး မကြီးမားသောကြောင့်များ ဖြစ်နေမည်လော။
အဘယ်ကြောင့်ဆိုသော် မည်သည့်ဥပဒေသကိုမဆို ပြောဆိုရာတွင် စွမ်းအားပြင်းထန်မှုနှင့် ကင်းကွာနေ၍မရပေ။ အကယ်၍ စွမ်းအားပြင်းထန်မှု မလုံလောက်ပါက အရာအားလုံးက အဓိပ္ပာယ်မဲ့သွားမည် ဖြစ်သည်။
ကျင့်ကြံသူများသည်လည်း လူသားများသာဖြစ်ရာ နေ့ရောညပါ အနားမယူဘဲ ကျင့်စဉ်လှည့်ပတ်နေရန်မှာ မဖြစ်နိုင်ချေ။ သာမန်အားဖြင့် ဆက်တိုက် ကျင့်ကြံနိုင်သည့် အချိန်မှာ အများဆုံး နေ့တစ်ပိုင်း သို့မဟုတ် ညတစ်ပိုင်းသာ ဖြစ်လေ၏။ အကယ်၍ ဤအချိန်ကာလထက် ကျော်လွန်သွားသော တိုးတက်မှုမျိုးဆိုလျှင် အဓိပ္ပာယ်သိပ်ရှိမည် မဟုတ်ပေ...
'ဒါမှမဟုတ် ဒီသီအိုရီကို သိရှိပြီးနောက် ကျင့်ကြံတဲ့ အချိန်ကာလကို အထူးတလည် ပိုဆွဲဆန့်လို့ရနိုင်မလား...'
'နေပါဦး...'
ချူလျန်၏ ဦးနှောက်ထဲတွင် လျှပ်စီးကြောင်း ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားသည်။
'လူတွေက တစ်နှစ်ပတ်လုံး အနားမယူဘဲ မနေနိုင်ပေမယ့်၊ ခေါင်းကြီးရုပ်သေးရုပ်လေးက နေနိုင်တယ်လေ...'
'ဒီရက်ပိုင်းအတွင်း ငါ့ရဲ့ စစ်မှန်တဲ့ချီစွမ်းအင်တွေ တိုးတက်လာတဲ့နှုန်းက တဖြည်းဖြည်းနဲ့ ပိုမြန်လာတယ်လို့ ခံစားနေရတာ အမှန်ပဲ။ သဘာဝကို ဆန့်ကျင်ပြီး မြန်ဆန်လာသလိုမျိုး ဖြစ်နေတာ…ဒါက ဒီအကြောင်းရင်းကြောင့်များ ဖြစ်နေမလား...'
'ကျင့်စဉ်ပတ်လမ်း တစ်ကြိမ် လှည့်ပတ်ခြင်းက ရေဝဲတစ်ကြိမ် လည်ခြင်းနဲ့ တူတယ်ဆိုရင်၊ ခေါင်းကြီးရုပ်သေးရုပ်လေးရဲ့ ရေဝဲလည်နှုန်းက လေဆင်နှာမောင်းတစ်ခုအဖြစ်တောင် ပြောင်းလဲနေလောက်ပြီ...'
ထိုအချိန်မှာပင် ကျန်းယွဲ့ပိုင်သည် သူမ၏ သိပ်မရှည်လျားလှသော ဟောပြောချက်ကို အဆုံးသတ်လိုက်ပြီး ပြောလိုက်၏။
"အခုဆက်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ သိချင်တာတွေရှိရင် ဂိုဏ်းတူမောင်နှမတွေအနေနဲ့ ကျွန်မကို မေးမြန်းနိုင်ပါတယ်။ ကျွန်မ သိသလောက်တော့ တတ်နိုင်သမျှ ဖြေကြားပေးပ့ါမယ်"
အောက်ဘက်ရှိ လူအုပ်ကြီးမှာ ချက်ချင်းပင် ဆူညံသွားတော့သည်။
ဤသည်မှာ နတ်သမီးကျန်းကို မေးခွန်းမေးမြန်းရမည့် အခွင့်အရေးဖြစ်ပြီး၊ နတ်သမီးကျန်းနှင့် မျက်နှာချင်းဆိုင် စကားပြောဆိုနိုင်မည့် အခွင့်အရေးလည်း ဖြစ်ချေသည်။
မည်သူမျှ အလျင်စလို လက်မထောင်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ဤအခွင့်အရေးမှာ အလွန်တန်ဖိုးရှိလှရာ အကယ်၍ အနှစ်သာရမရှိသော မေးခွန်းတစ်ခုကို ဖြစ်သလို မေးလိုက်ပါက လူအများ၏ အထင်သေးမှုကို ချက်ချင်း ခံရမည့်အပြင်၊ နတ်သမီးကျန်း၏ မှတ်မှတ်ရရ ဖြစ်မှုကိုလည်း ရရှိနိုင်မည် မဟုတ်သောကြောင့် ဖြစ်လေသည်။
အရေးအကြီးဆုံးမှာ ထိုမေးခွန်းသည် အလွန်အမင်း ထောင့်စေ့နေ၍လည်း မရပေ။ သို့မဟုတ်ပါက ကျန်းယွဲ့ပိုင်၏ ပထမဆုံး တရားဟောပြောပွဲတွင် ပထမဆုံးမေးခွန်းကိုပင် ပြန်မဖြေနိုင်ပါက မျက်နှာပျက်စရာ ဖြစ်သွားမည် မဟုတ်လော။
ထူးခြားပြီး အဆင့်မြင့်ကာ၊ ရိုးရှင်းသော်လည်း အနှစ်သာရရှိသည့် မေးခွန်းတစ်ခုကို မေးမြန်းနိုင်မှသာ အဆင်ပြေမည် ဖြစ်ပေသည်။
လူအုပ်ကြီး ခေတ္တမျှ တိတ်ဆိတ်သွားစဉ်အတွင်း၊ နောက်တန်းမှ ရုပ်ဖြောင့်ဖြောင့် လူငယ်လေးတစ်ယောက်က မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်နှင့်အတူ လက်ကို မြင့်မြင့်မြှောက်လိုက်လေသည်။
ကျန်းယွဲ့ပိုင်သည် ထိုလက်မြှောက်လိုက်သော တပည့်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်၊ နတ်သမီးတစ်ပါးကဲ့သို့ အပြုံးလေးတစ်ခုကို ဖော်ညွှန်းလိုက်လေသည်။
"ဒီက ဂိုဏ်းတူညီအစ်ကို၊ ဘာများ မေးစရာရှိလို့လဲ"
ကျန်းယွဲ့ပိုင်က ထိုလူကို ညွှန်ပြကာ မေးလိုက်၏။
ချူလျန်က မတ်တတ်ရပ်လိုက်ပြီး ကျယ်လောင်သောအသံဖြင့် မေးလိုက်၏။
"စီနီယာအစ်မကျန်း၊ ကျွန်တော် မေးချင်တာက အကယ်၍ ပြီးပြည့်စုံတဲ့ ကျင့်စဉ်ပတ်လမ်းအဆင့်ကို ရောက်ရှိသွားပြီဆိုရင်၊ စီနီယာအစ်မရဲ့ ရေဝဲသီအိုရီအရ ကျင့်ကြံခြင်းအဆင့်ရဲ့ တိုးတက်မှုအမြန်နှုန်းကို ဆက်ပြီး မြှင့်တင်လို့ ရနိုင်သေးလား”
“ဒါမှမဟုတ် ပြီးပြည့်စုံတဲ့ ကျင့်စဉ်ပတ်လမ်း အခြေအနေက အမြင့်ဆုံး အကန့်အသတ်တစ်ခု ဖြစ်နေပြီလား ဆိုတာပါပဲ"
လူအုပ်ကြီးမှာ ဆူညံသွားတော့သည်။
လူတိုင်းနီးပါးက အထင်သေးသော မျက်စောင်းများဖြင့် ကြည့်လိုက်ကြသည်။
'ဒါက ဘာခွေးချေးလို မေးခွန်းမျိုးလဲ...'
'မင်းလို တတိယအဆင့် တပည့်လေးတစ်ယောက်က တစ်သက်လုံးဆိုရင်တောင်မှပဲ ပြီးပြည့်စုံတဲ့ ကျင့်စဉ်ပတ်လမ်းရဲ့ အစွန်းအဖျားကို ရောက်နိုင်ဖို့ မသေချာဘူးလေ။ဒါကိုလာပြီး ပြီးပြည့်စုံတဲ့ ကျင့်စဉ်ပတ်လမ်းကို ရောက်ပြီးသွားတဲ့ အကြောင်းတွေကို လာမေးနေတာလား...'
ဤသည်မှာ လက်တွေ့မဆန်သော အချည်းနှီးစိတ်ကူးယဉ်မှုတစ်ခု ဖြစ်ကြောင်း အသိသာကြီးပင်။
'စီနီယာအစ်မကျန်းရဲ့ အချိန်တွေနဲ့ ငါတို့ရဲ့ တန်ဖိုးရှိတဲ့ မေးခွန်းမေးခွင့်ကို ဖြုန်းတီးပစ်နေတာပဲ။ တကယ်ကို စိတ်ဆိုးစရာကောင်းလိုက်တာ...'
သို့သော် ကျန်းယွဲ့ပိုင်သည် ချူလျန်ကို ကြည့်ကာ ဤအရာကို လက်တွေ့မဆန်သော စကားများအဖြစ် သတ်မှတ်မထားပုံပေါ်ဘဲ၊ သေချာစွာ စဉ်းစားပြီးမှ ပြန်လည်ဖြေကြားလေသည်။
"ကျွန်မ ပြီးပြည့်စုံတဲ့ ကျင့်စဉ်ပတ်လမ်းကို ရောက်ရှိခဲ့တဲ့ အချိန်က အရမ်းတိုတောင်းသေးတယ်…ပြီးတော့ အချိန်တိုင်း ပြီးပြည့်စုံတဲ့အခြေအနေကို ရောက်နိုင်တာ မဟုတ်တဲ့အတွက် ဒီကိစ္စအပေါ် သိပ်ပြီး နက်နက်ရှိုင်းရှိုင်း နားလည်ထားတာတော့ မရှိသေးဘူး"
သူမက ဖြည်းညင်းစွာ ပြောလိုက်၏။
"ဒါပေမဲ့ ကျွန်မ ခန့်မှန်းရသလောက်တော့ မရနိုင်လောက်တော့ဘူး ထင်တယ်…ဘာလို့လဲဆိုတော့ ပြီးပြည့်စုံတဲ့ ကျင့်စဉ်ပတ်လမ်း အခြေအနေဆိုတာက စစ်မှန်တဲ့ချီစွမ်းအင်တွေက ကျင့်စဉ်ပတ်လမ်း တစ်လျှောက်က သွေးကြောတွေနဲ့ အချိတ်အဆက်ရှိနေပြီး နေရာတိုင်းမှာ ပြီးပြည့်စုံစွာ ပြည့်ဝနေပြီ ဖြစ်တဲ့အတွက်၊ ထပ်ပြီး တိုးတက်ချင်ရင်တောင် လုံလောက်တဲ့ နေရာလွတ် မရှိတော့လို့ပါပဲ"
"ဒါပေမဲ့..." ချူလျန်ကလည်း စဉ်းစားနေရင်းနှင့်ပင် ဆက်ပြောလိုက်၏။
"ကျင့်စဉ်ပတ်လမ်းရဲ့ ထူးခြားတဲ့ဖြစ်စဉ်ကို ကျင့်စဉ်လှည့်ပတ်မှုရဲ့ လျှံကျလာမှုတစ်ခုလို့ သတ်မှတ်လိုက်လို့ မရဘူးလား။ အကယ်၍ ထူးခြားတဲ့ဖြစ်စဉ်ဆိုတဲ့ နည်းလမ်းနဲ့ ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်နိုင်မယ်ဆိုရင်၊ ဒါက လျှံကျသွားပြီးတဲ့နောက်မှာတောင် အကန့်အသတ်မဲ့တဲ့ တိုးတက်နိုင်စွမ်း ရှိနေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်ဘူးလား"
ဤစကားကို ပြောဆိုနေချိန်တွင် တကယ်တမ်း၌ သူသည် သူ၏ဝိညာဉ်အာရုံ တစ်စိတ်တစ်ပိုင်းကို စေတီတော်ဖြူ နေရာလွတ်ထဲသို့ ပိုင်းခြားစေလွှတ်ထားခြင်း ဖြစ်လေသည်။
စောစောက အတွေးများ ဝင်လာပြီးနောက်တွင် သူသည် ခေါင်းကြီးရုပ်သေးရုပ်လေးကို အထူးတလည် စောင့်ကြည့်ခဲ့သည်။
ပြီးပြည့်စုံသော ကျင့်စဉ်ပတ်လမ်းဖြင့် အချိန်အတော်ကြာ လှည့်ပတ်နေခဲ့သော ၎င်းထံတွင် ကြီးမားသော ပြောင်းလဲမှုများကို မတွေ့ရဘဲ ထွက်ပေါ်နေသော အခိုးအငွေ့များသာ ပိုပို၍ များပြားလာကြောင်းကို တွေ့ရှိခဲ့ရလေသည်။
အခိုးအငွေ့များ တက်လာခြင်းမှာ တတိယအဆင့်၏ ထူးခြားသောဖြစ်စဉ် ဖြစ်ပေသည်။ ယခင်က ချူလျန် သတိမထားမိခဲ့သော်လည်း ယခု ကြည့်လိုက်သောအခါ ဤထူးခြားသောဖြစ်စဉ်မှာ လှည့်ပတ်လေလေ ပိုမိုအားကောင်းလာလေလေ ဖြစ်နေတော့သည်။
သို့သော် သူ၏ ဤတုံ့ပြန်စကားက ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ထပ်မံ၍ ဒေါသထွက်သွားစေပြန်သည်။
'ဒီကောင်က နတ်သမီးကျန်းကိုတောင် သံသယဝင်ပြီး မေးခွန်းထုတ်နေတာလား...'
'သူပြောတဲ့ စကားတွေက ဘာအဓိပ္ပာယ်မှန်း မသိရပေမယ့်၊ နတ်သမီးကျန်းက မင်းရဲ့ မေးခွန်းတစ်ခုကို ဖြေကြားပေးလိုက်တာကပဲ ကြီးမားတဲ့ ကရုဏာတော် ဖြစ်နေပြီလေ။ မင်းက ထပ်ပြီး သံသယဝင်ရဲသေးတယ်ပေါ့။ တကယ်ကို အကောင်းအဆိုး နားမလည်တဲ့ကောင်ပဲ...'
သို့သော် မကြာမီမှာပင် ကျန်းယွဲ့ပိုင်က ခေါင်းညိတ်လိုက်သည်ကို တွေ့လိုက်ရလေသည်။
"ရှင်ပြောတာ အရမ်းအဓိပ္ပာယ်ရှိတယ်" သူမ၏ မျက်လုံးများမှာ တောက်ပသွားလေ၏။
"အရင်ကတော့ ကျင့်စဉ်ပတ်လမ်းရဲ့ ထူးခြားတဲ့ဖြစ်စဉ်ကို အသိပေးချက်တစ်ခုလို့ပဲ သတ်မှတ်ထားကြပြီး လက်တွေ့အသုံးဝင်မှု မရှိဘူးလို့ ထင်ခဲ့ကြတာ…ဒါပေမဲ့ ဒီလိုမျိုးသာ တွေးကြည့်မယ်ဆိုရင် ကျင့်စဉ်ပတ်လမ်းရဲ့ ထူးခြားတဲ့ဖြစ်စဉ်ဆိုတာက 'လူသား' ကနေ 'ကောင်းကင်' အထိ အဆင့်ပြောင်းလဲသွားတဲ့ အခြေအနေတစ်ရပ်ဖြစ်ပြီး ကောင်းကင်နဲ့ လူသား တစ်သားတည်းဖြစ်တည်ခြင်းရဲ့ ပြယုဂ်တစ်ခုပဲ"
"ဟုတ်တယ်၊ ကောင်းကင်နဲ့ လူသား တစ်သားတည်းဖြစ်တည်မှုပဲ... ပြီးပြည့်စုံတယ်ဆိုတာက ချီစွမ်းအင်ပင်လယ်ကနေတစ်ဆင့် ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်ပေးတဲ့ အစပြုမှုတစ်ခုပဲ"
ထိုစကားလုံးက ချူလျန်ကို ရုတ်တရက် ရိုက်ခတ်သွားစေ၏။ ထိုနေ့က ရွှယ်လင်းရွှယ်မှ ချန်လန်အထောက်အကူပြုတေးသွားကို တီးခတ်ပေးစဉ် သူ ခံစားခဲ့ရသော ထိုဆန်းကြယ်သည့် ခံစားချက်မှာ မည်သို့သောအရာဖြစ်ကြောင်း သူ နောက်ဆုံးတွင် နားလည်သွားလေပြီ။
၎င်းမှာ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ခြင်းပင် ဖြစ်ချေသည်။
လူနှစ်ယောက်၏ ဆွေးနွေးမှု ဤနေရာသို့ ရောက်ရှိသွားသောအခါ သူတို့၏ မျက်လုံးများထဲတွင် အလင်းရောင်များ တောက်ပနေပြီး ကျန်းယွဲ့ပိုင်မှာလည်း တိတ်တဆိတ် စိတ်လှုပ်ရှားနေလေ၏။
အရင်က ပြီးပြည့်စုံသော ကျင့်စဉ်ပတ်လမ်းဟူသည်မှာ အမြင့်မားဆုံး အခြေအနေတစ်ခုဖြစ်ပြီး ကျင့်ကြံခြင်း၏ အထွတ်အထိပ်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် ဤသို့ တွေးကြည့်မည်ဆိုပါက 'ပြီးပြည့်စုံမှု' ဆိုသည်မှာ အစပြုမှုတစ်ခုမျှသာ ဖြစ်နေသလော...
၎င်းမှာ ကောင်းကင်ကို အကန့်အသတ်ဟု ထင်မှတ်ထားခဲ့သော်လည်း အထက်သို့ ကူးပြောင်းပျံသန်းသွားပြီးနောက်ပိုင်းတွင် ထိုအထက်၌ ပို၍ အဆုံးအစမရှိ ကျယ်ပြောလှသော နတ်ဘုံနတ်နန်းများ ရှိနေသည်ကို တွေ့ရှိလိုက်ရခြင်းနှင့် တူညီပေ၏။
ဤသည်မှာ လူကို ကြက်သီးမွေးညင်းထသွားစေလောက်အောင် ကျယ်ပြောလှသော ခံစားချက်တစ်ရပ်ပင် ဖြစ်ချေသည်။
အောက်ဘက်ရှိ လူအုပ်ကြီးမှာမူ နားထောင်ရင်းနှင့်ပင် အနည်းငယ် ထုံကျဉ်သွားကြလေသည်။
'သူတို့တွေ ဘာတွေ ပြောနေကြတာလဲ...'
'ဘာလို့ ပြောရင်းဆိုရင်းနဲ့ ပိုပြီး စိတ်အားထက်သန်လာကြတာလဲ...'
'ငါတို့အားလုံး ကျင့်ကြံနေကြတာ တူညီတဲ့ ကျင့်စဉ်တစ်ခုတည်း မဟုတ်ဘူးလား…ဘာလို့ နားထောင်ရတာ ဒီလောက်တောင် စိတ်ကူးနဲ့တောင်မယှဉ်နိုင်အောင် ဖြစ်နေရတာလဲ။ စကားလုံးတိုင်းကို နားလည်ပေမယ့် ဆက်စပ်ကြည့်လိုက်တဲ့အခါ နားလည်ဖို့ ခက်ခဲနေသလိုပဲ...'
ဤအခိုက်အတန့်တွင် ပီလော့တောင်ထွတ်ပေါ်၌ လူပေါင်းထောင်ချီ ရှိနေသော်လည်း သူတို့နှစ်ယောက်တည်းသာ ရှိနေသကဲ့သို့ ဖြစ်နေလေသည်။ 'ဉာဏ်ပညာ' ဟု အမည်ရသော တံတိုင်းတစ်ခုက အခြားသော မသက်ဆိုင်သူများကို အပြင်ဘက်သို့ ခိုင်မာစွာ ဖယ်ကြဉ်ထားလေသည်။
ထို့နောက် ကျန်းယွဲ့ပိုင်က သူမဘာသာ ရေရွတ်လိုက်သည်ကို ကြားလိုက်ရ၏။
"ကျင့်စဉ်ပတ်လမ်းရဲ့ ထူးခြားတဲ့ဖြစ်စဉ်က ပြီးပြည့်စုံတဲ့ လှည့်ပတ်မှုနဲ့အတူ ဆက်တိုက် အားကောင်းလာနိုင်မလား ဆိုတာတော့ မသိသေးဘူး..အကယ်၍ ရနိုင်တယ်ဆိုရင် ဒီခန့်မှန်းချက်က အမှန်ပဲဆိုတာ သက်သေပြနိုင်မှာပဲ"
ထို့နောက်တွင်တော့ ချူလျန်ထံမှ အလွန်သဘာဝကျစွာ၊ ယုံကြည်မှုလွန်ကဲစွာဖြင့်၊ လွန်စွာချောမွေ့သော ဝင်ရောက်ထောက်ခံလိုက်သည့် စကားတစ်ခွန်းကို ကြားလိုက်ရလေသည်။
"ဖြစ်လာမှာပါ"