← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း (၁၆၃) - ဒီကောင်လေးက ဘယ်သူလဲ

"..."

ထိုစကားကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ ရှုတောင်ဂိုဏ်းမှ တပည့်များမှာ ထိုင်ခုံပေါ်တွင် ငြိမ်ငြိမ်မထိုင်နိုင်ကြတော့ပေ။

'မင်းတို့ ဘာတွေပြောနေမှန်း မသိပေမယ့် မင်းလိုကောင်လေးက ဒီလောက်အထိ ဟန်လုပ်နေတာတော့ နည်းနည်း လွန်လွန်းနေပြီပဲ'

'ပြီးပြည့်စုံသော ချီလှည့်ပတ်မှုအဆင့်ကို ဟင်းရည်သောက်ရသလို လွယ်ကူနေတဲ့ပုံစံနှင့် ဘယ်လိုလုပ် ပြောထွက်ရတာလဲ’

‘စီနီယာအစ်မကျန်းက စတုတ္ထအဆင့် ပြီးပြည့်စုံသော ချီလှည့်ပတ်မှုကို တကယ် ရောက်ရှိဖူးတဲ့သူလေ အဲ့တာက အတုမရှိတဲ့ အောင်မြင်မှုတစ်ခုလေ’

‘တတိယအဆင့်ပဲရှိသေးတဲ့ မင်းက ဒီနေရာမှာ လာပြီး ဘာတွေ ဟန်ရေးပြနေတာလဲ'

'နတ်သမီးကျန်းရဲ့ အာရုံစိုက်မှုကို ရရှိစေဖို့အတွက်ဆိုရင်တောင်မှ ဒီလောက် ကြိုးစားပမ်းစား လုပ်ပြနေတာက လွန်လွန်းနေပြီ'

"ဒီဂျူနီယာညီလေးက ဒီလောက်တောင် စွမ်းနေမှတော့ ပြီးပြည့်စုံတဲ့ ချီလှည့်ပတ်မှုအဆင့်ကို ရောက်ဖူးမှာ သေချာတာပေါ့"

တစ်စုံတစ်ယောက်က ခနဲ့တဲ့တဲ့ လေသံဖြင့် ချက်ချင်းပြောလိုက်၏။

အောက်ဘက်မှ လူများကလည်း ချက်ချင်းပင် ထောက်ခံသည့်အနေဖြင့် လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာလေသည်။

ဤအခြေအနေအတွက် ချူလျန်မှာလည်း အတော်လေး အကူအညီမဲ့သွားချေသည်။

ထိုစကားမှာ သူသည် မီးခိုးများထွက်နေသော ခေါင်းကြီးရုပ်သေးရုပ်ကို ကြည့်ကာ စဉ်းစားနေစဉ်အတွင်း အလိုအလျောက် ဖြေဆိုလိုက်ခြင်းဖြစ်ပြီး လုံးဝ အတုအယောင် မပါဝင်ပေ။

သို့သော် ထိုအရာကို လူတိုင်းအား သက်သေပြရန်လည်း မဖြစ်နိုင်ပေ။

"ကျွန်တော်က တောင်ပိုင်းဂီတမျှော်စင်က မိန်းကလေးရွှဲ့ရဲ့ ချန်းလန် အားဖြည့်တေးသွား အကူအညီနဲ့ ပြီးပြည့်စုံတဲ့ ချီလှည့်ပတ်မှုအဆင့်ကို ခဏတာ ရောက်ရှိဖူးတဲ့ ကံကောင်းမှုမျိုး ရခဲ့လို့ နည်းနည်းပါးပါး သိထားတာလေး ရှိပါတယ်”

“ စီနီယာအစ်ကိုတို့လောက် နားလည်မှာ မဟုတ်တာတော့ အသေအချာပါပဲ…အကယ်လို့ ပြောတာ မှားယွင်းသွားတာတွေ ရှိခဲ့ရင်လည်း စီနီယာအစ်ကိုတို့က ဝေဖန်ထောက်ပြပေးဖို့ တောင်းဆိုချင်ပါတယ်"

သူက လက်ယှက်ကာ ပြုံးလျက် ဖြေကြားလိုက်သည်။

ထိုစကား ထွက်ပေါ်လာသည့်အခါ တစ်ကွင်းလုံး ထပ်မံ၍ တိတ်ဆိတ်သွားပြီး လူတိုင်း၏ စိတ်နှလုံးများ ကြေမွသွားရတော့သည်။

'ဪ... မင်းက တတိယအဆင့်မှာတင် ပြီးပြည့်စုံတဲ့ ချီလှည့်ပတ်မှုအဆင့်ကို တကယ်ရောက်ဖူးတာကိုး...'

'ဒါဆိုလည်း ကိစ္စမရှိတော့ပါဘူး...'

'ဝေဖန်ထောက်ပြပေးဖို့ဆိုတာကလည်း...'

ချန်းလန် အားဖြည့်ရေးတေးသွားဟု ဆိုလိုက်လျှင် ယခုနေရာရှိ လူတိုင်း သိကြမည်မှာ သေချာပြီး၊ အချို့ဆိုလျှင် ကြားပင် ကြားဖူးကြပေလိမ့်မည်။

သို့သော် ရွှဲ့လင်းရွှယ်အဆင့်ရှိသော တောင်ပိုင်းဂီတမျှော်စင်မှ တပည့်တစ်ယောက်က သင့်တစ်ယောက်တည်းကိုသာ ကျင့်ကြံရာတွင် ကူညီပေးရန် သီးသန့်တီးခတ်ပေးရမည်ဟူသည်မှာမူ...

ထိုအရာက မည်သို့သော အခွင့်အရေးမျိုးနည်း။ မည်သူကမျှ အလွယ်တကူ ခံစားခွင့်ရနိုင်မည့် အရာမဟုတ်ပေ။

အခြားအရာများကို မပြောနှင့်ဦး၊ ယခုနေရာရှိ လူတိုင်းကို ထိုကဲ့သို့ တူညီသော အခွင့်အရေးမျိုး ပေးမည်ဆိုလျှင်ပင် ပြီးပြည့်စုံသော ချီလှည့်ပတ်မှုအဆင့်သို့ ရောက်နိုင်သူ ဆယ်ယောက်ထက် ပိုမည်မဟုတ်ချေ။

ပြင်ပအကူအညီများ ရှိနေလျှင်တောင်မှ ကျင့်စဉ်အပေါ် မိမိကိုယ်တိုင်၏ နက်ရှိုင်းသော နားလည်သဘောပေါက်မှုကလည်း တူညီစွာ အရေးကြီးပေသည်။ ဤအချက်ကို ယခုနေရာရှိ အကဲခတ်တတ်သူတိုင်းက ရှင်းလင်းစွာ သိထားကြ၏။

ပို၍ နက်နက်နဲနဲ တွေးကြည့်မည်ဆိုလျှင် သူသည် မိန်းကလေးရွှဲ့နှင့် မည်သို့သော ပတ်သက်မှုမျိုး ရှိနေ၍ ဤကဲ့သို့သော အခွင့်အရေးမျိုးကို ရရှိခဲ့သနည်း။

တကယ်ကို အသေးစိတ် ဆက်မတွေးရဲစရာပင်။

အမျိုးသားတပည့် တစ်သိုက်မှာမူ ချူလျန်ကိုကြည့်ရင်း အံသွားများကို အမှတ်တမဲ့ တင်းတင်းကြိတ်မိသွားကြလေသည်။

မျက်စိရှေ့ရှိ တတိယအဆင့် ကောင်လေးတစ်ယောက်က ဤကဲ့သို့သော အတွေ့အကြုံမျိုး ရှိနေသည်ဟု တွေးမိလိုက်သောအခါ ၎င်းတို့ကို သတ်ပစ်လိုက်ခြင်းထက်ပင် ပို၍ ခံစားရခက်နေကြတော့၏။

ထိုမျှမက သူသည် ယခု လူအများ၏ မျက်မှောက်တွင် နတ်သမီးကျန်းနှင့် သူတို့နှစ်ယောက်တည်းသာ နားလည်နိုင်သော စကားများကို ပြောဆိုနေသေးသည်။

ဤသည်မှာ လူပုံအလယ်တွင် သီးသန့်စကားပြောနေခြင်းနှင့် မခြားနားဘဲ၊ အတိုင်းထက်အလွန် ရွံရှာမုန်းတီးဖွယ် ကောင်းလှချေသည်။

သို့သော် ကျန်းယွဲ့ပိုင်မှာမူ သူ၏စကားကို ကြားလိုက်ရချိန်တွင် တစ်စုံတစ်ခုကို သတိရသွားသည့်နှယ် စဉ်းစားနေသော အခြေအနေမှ ရုန်းထွက်လာပြီး ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်သည်။

"ဒီမေးခွန်းက တော်တော်လေး တန်ဖိုးရှိပါတယ်…နောက်မှ ကျွန်မ ထပ်ပြီး လေ့လာကြည့်ပါဦးမယ်။ဂျူနီယာမောင်လေးကို ကျေးဇူးတင်ပါတယ်.. အရင် ထိုင်လိုက်ပါဦး"

သူမက တည်ငြိမ်စွာ ပြောလိုက်လေသည်။

"...ဟုတ်ကဲ့" ချူလျန်က တုံ့ပြန်လိုက်ရလေသည်။

"အခြားမေးခွန်းတွေ ရှိသေးလား" ကျန်းယွဲ့ပိုင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း မေးလိုက်၏။

လူတိုင်းက စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေကြစဉ် ရုတ်တရက် အရှေ့ဘက်မှ လူတစ်ယောက်က လက်ကို အမြင့်သို့ မြှောက်လိုက်သည်ကို မြင်လိုက်ရသဖြင့်၊ ချက်ချင်းပင် လူတိုင်းက သူတို့၏ အတွေးများကို ဖျောက်ဖျက်လိုက်ကြတော့သည်။

အကြောင်းမှာ လက်မြှောက်လိုက်သူသည် ရှုတောင်ပေါ်တွင် ဩဇာအာဏာ အလွန်ကြီးမားသော ကျောက်စိမ်းဓားတောင်ထွတ်၏ စီနီယာအစ်ကိုကြီး ရွှီဇီယန် ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။

မည်သူက သူနှင့် အပြိုင်လုရဲမည်နည်း။

"မေးပါ" ကျန်းယွဲ့ပိုင်က ပြောလိုက်၏။

ရွှီဇီယန်က ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ ဓားသွားကဲ့သို့ မျက်ခုံးများ၊ ကြယ်ပွင့်ကဲ့သို့ မျက်လုံးများဖြင့် သူ၏ ခန္ဓာကိုယ်မှာ ဖြောင့်မတ်နေပြီး၊ တစ်ကိုယ်လုံးမှာ ထက်မြက်သော ဓားတစ်လက်နှင့်တူလှပေသည်။

သူ၏ အရှိန်အဝါကြောင့် ကွင်းပြင်တစ်ခုလုံးမှာ ချက်ချင်းပင် သုံးပုံတစ်ပုံခန့် ထပ်မံတိတ်ဆိတ်သွားတော့သည်။

"ငါ မေးချင်တာက... မင်းက အထူးခန္ဓာကိုယ်ရဲ့ အထောက်အပံ့မပါဘဲနဲ့လည်း ပြီးပြည့်စုံတဲ့ ချီလှည့်ပတ်မှုအဆင့်ကို ရောက်နိုင်တယ်လို့ ပြောခဲ့တယ်။ ဒါကို နောင်တော်ကြီးတွေကလည်း သက်သေပြခဲ့ပြီးသား ဖြစ်ရမယ်... ဒါပေမဲ့..."

ရွှီဇီယန်က မျက်မှောင်ကြုတ်လိုက်ကာ

"ငါကိုယ်တိုင်လည်း ဆေးလုံးတွေရဲ့ အကူအညီနဲ့ ကျင့်စဉ်ကို အမြန်ဆုံး လှည့်ပတ်ကြည့်ဖူးတယ်..ဒါပေမဲ့ အထွတ်အထိပ်ကို ရောက်နေပြီလို့ ခံစားရပေမယ့်၊ ဘယ်လိုမှ ထိတွေ့လို့မရနိုင်ဖြစ်နေတယ်..."

သူ၏ ဤရှုပ်ထွေးမှုမျိုးကို သာမန်လူတစ်ယောက်ဆိုလျှင် အမှန်တကယ်ပင် ထုတ်ပြောရဲမည် မဟုတ်ပေ။

အကြောင်းရင်းက အလွန်ရိုးရှင်းသည်။

အကယ်၍ သာမန်တပည့်တစ်ယောက်ကသာ 'သာမန်ခန္ဓာကိုယ်နဲ့ လုပ်နိုင်တယ်လို့ မင်းက ပြောခဲ့တယ်၊ ဒါပေမဲ့ ငါက ဘာလို့ လုပ်မရတာလဲ...' ဟု မေးလိုက်လျှင်

သူက ပြဿနာလာရှာနေသည်ဟု အသေအချာ ထင်မြင်ကြမည်ဖြစ်ပြီး၊ လူတိုင်းက သူ့ကို ဝိုင်းအော်ကြပေလိမ့်မည်။

'မင်းက သာမန်ခန္ဓာကိုယ်တွေထဲမှာတောင် ပါရမီမရှိတဲ့သူမို့လို့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်သင့်တယ်'

ဟု ဆိုကြပေမည်။

သို့သော် ရွှီဇီယန်မှာမူ၊ အင်မော်တယ်ဝိညာဉ်ခန္ဓာ မရှိသည့် အခြေအနေတွင် သူသည် ကျင့်ကြံခြင်းပါရမီ၏ အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းကို လူတိုင်းက တိတ်တဆိတ် လက်ခံထားကြပေသည်။

စစ်မှန်သော ပါရမီရှင်တစ်ဦးပင် ဖြစ်သည်။

အကယ်၍ သူကပင် ဆေးလုံးများ၏ အကူအညီဖြင့် မလုပ်နိုင်ဘူးဆိုလျှင် မည်သူကမျှ လုပ်နိုင်မည်မဟုတ်ချေ။

"အင်း..."

ကျန်းယွဲ့ပိုင်က ခေတ္တမျှ စဉ်းစားလိုက်သည်။

ဤမေးခွန်းက ဖြေဆိုရန် လွယ်ကူလှသည် မဟုတ်ပေ။

ရွှီဇီယန်ကို အားနည်းသည်ဟု တိုက်ရိုက်ပြောရန်ကလည်း မသင့်တော်ပေ။ သို့သော် ပြီးပြည့်စုံသော ချီလှည့်ပတ်မှုအဆင့်သို့ မရောက်နိုင်သူများက အလွန်များပြားလှပြီး၊ သူတစ်ယောက်တည်းသာ မဟုတ်ချေ။

လူတစ်ဦးချင်းစီတွင် မတူညီသော အကြောင်းရင်းများ ရှိနေတတ်ရာ မည်သို့များ တစ်ခုချင်း ရှင်းပြရမည်နည်း။

ထိုအချိန်တွင်ပင်...

ရွှီဇီယန်၏ နားထဲတွင်လည်း အသံတစ်ခု ထွက်ပေါ်လာလေသည်။

"မင်းက တုံးအတဲ့ ဝက်လား"

မမျှော်လင့်ဘဲ သူ၏ ဆရာသခင် ဝမ်ရွှမ်လင်း၏ အသံဖြစ်နေပြီး မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မသိဘဲ ရွှီဇီယန်တစ်ယောက်တည်းသာ ကြားနိုင်လေသည်။

"မင်းက သူများမိန်းကလေးကို အကျပ်ရိုက်အောင် လုပ်နေတာပဲ၊ သူမကို ဘယ်လို ပြန်ဖြေခိုင်းမှာလဲ"

ရွှီဇီယန်၏ မျက်လုံးထဲတွင် အံ့ဩမှုတစ်ချက် ဖြတ်ပြေးသွားပြီး အဝေးသို့ ဝိညာဉ်အာရုံဖြင့် ပြန်လည်ဖြေကြားလိုက်၏။

"ဆရာသခင်ကပဲ ကျွန်တော့်ကို မေးခွန်းမေးခိုင်းတာ မဟုတ်ဘူးလား..."

"ငါ မင်းကို မေးခွန်းမေးခိုင်းတာက မင်းနဲ့သူမ အပြန်အလှန် စကားပြောပြီး ရင်းနှီးသွားအောင်၊ နောက်ကျရင် သူငယ်ချင်း ဖွဲ့လို့ရအောင်လို့လေ အခု မင်းလုပ်နေတာက ဘာလဲ။ ပွဲဖျက်နေတာလား။"

ဝမ်ရွှမ်လင်းမှာ မိမိတပည့်အား အားမလိုအားမရ ဖြစ်နေမိပြီး၊ မိမိတပည့်၏ အထာမနပ်မှုက သူကိုင်ဆောင်သောဓားထက်ပင် ပို၍ ဖြောင့်တန်းတောင့်တင်းလွန်းနေသည်ဟု ခံစားလိုက်ရတော့သည်။

ဤတပည့်မှာ အားလုံးကောင်းမွန်ပြီး အရာရာတိုင်းတွင် မိမိနှင့် တူလှပေသည်။ သို့သော် 'လူမှုဆက်ဆံရေး ပညာ' ဟူသော အပိုင်းတွင်မူကား လုံးဝကို ကပ်ဘေးတစ်ခုပင် ဖြစ်ချေသည်။

စောစောက သူသည် အချိန်ကြာမြင့်စွာ စောင့်ကြည့်နေခဲ့ပြီး၊ ရွှီဇီယန်ကို အမြန်ဆုံး မေးခွန်းမေးကာ ကျန်းယွဲ့ပိုင်၏ ရှေ့တွင် ဟန်ရေးပြရန် တိုက်တွန်းခဲ့၏။

သို့သော် သူ စကားစလိုက်သည်နှင့် လေထုတစ်ရပ်လုံးကို တောင့်တင်းသွားစေမည် ဖြစ်သည့်အပြင် တစ်ဖက်လူအတွက် ဆင်းစရာ လှေကားထစ်လေးတစ်ခုပင် ချန်မထားခဲ့မည်မှန်း မည်သူက သိမည်နည်း။

ကျန်းယွဲ့ပိုင်မှာလည်း ထိုမေးခွန်းကို အမှန်တကယ် အလေးအနက်ထား စဉ်းစားနေပြီး၊ အခြေအနေက အကျပ်အတည်းဆီသို့ ဦးတည်သွားသည်ကို မြင်သောအခါ ဝမ်ရွှမ်လင်းက တကယ်လို့ အခြေအနေမဟန်လျှင် သူကိုယ်တိုင်ထွက်၍ ကျန်းယွဲ့ပိုင်အတွက် ဤပြဿနာကို ဖြေရှင်းပေးရန် ဆုံးဖြတ်လိုက်သည်။

အချို့စကားများကို သူမက ရွှီဇီယန်အား တိုက်ရိုက်ပြောရန် မသင့်တော်သော်လည်း၊ ဆရာသခင်ဖြစ်သော သူက ပြောမည်ဆိုလျှင်မူ ပြဿနာမရှိပေ။ တပည့်ဖြစ်သူ၏ ကျင့်ကြံမှု အားနည်းနေသေးသည်ဟု တိုက်ရိုက်ပြောလိုက်ရုံဖြင့် အဆင်ပြေပေသည်။

အနေရခက်သော လေထုက တဖြည်းဖြည်း မြင့်တက်လာချိန်တွင်ပင်၊ လူအုပ်ကြီး၏ နောက်ဘက်မှ ရုတ်တရက် ကြည်လင်သော အသံတစ်သံ ထပ်မံထွက်ပေါ်လာလေသည်။

"အထောက်အပံ့ မပြည့်စုံလို့ ဖြစ်နိုင်ပါတယ်"

တစ်ကွင်းလုံး တိတ်ဆိတ်နေချိန်တွင် ဤအသံက လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားပြီး၊ အားလုံးက လှည့်ကြည့်လိုက်ကြသောအခါ စောစောက မေးခွန်းမေးခဲ့သော တပည့်ဖြစ်နေသည်ကို ထပ်မံတွေ့လိုက်ရလေသည်။

'သူက ဘာလို့ ထပ်ပြီးထရပ်လာပြန်တာလဲ'

'ဟူး...'

အမှန်တကယ်တော့ ချူလျန်မှာလည်း စိတ်ထဲတွင် သက်ပြင်းချနေမိ၏။

သူသည်လည်း ဤကဲ့သို့ အမြဲတမ်း မျက်နှာပြနေခြင်းမျိုး မလုပ်ချင်ပေ၊ လူမုန်းများသွားနိုင်မှန်းလည်း သူသိပေသည်။

သို့သော် စီနီယာအစ်မကျန်းမှာ အကျပ်ရိုက်တော့မည့် အခြေအနေကို မျက်မြင်ကိုယ်တွေ့ မြင်နေရပါလျက်နှင့်၊ သူမကို မကူညီဘဲလည်း မနေနိုင်ချေ။

ထို့အပြင် တိုက်ဆိုင်စွာပင် ဤပြဿနာကို သူ လေ့လာခဲ့ဖူးလေသည်။

အစောပိုင်းက နန်ကွမ်မြို့မှ ပြန်လာစဉ်၊ ရွှယ်လင်းရွှယ်၏ အထောက်အပံ့ပေးမှုကို သူက အားမလိုအားမရ ဖြစ်ခဲ့ပြီး သူကိုယ်တိုင် ပြန်လည်ဖန်တီးကြည့်ရန် ကြိုးစားခဲ့ဖူး၏။

ထိုစဉ်က သူသည် ငွေအမြောက်အမြား အကုန်အကျခံကာ ချီစွမ်းအင် လှည့်ပတ်မှုကို အားပေးသော ဆေးလုံးများကို ဝယ်ယူခဲ့သော်လည်း အဆင်မပြေမှန်း တွေ့ရှိခဲ့ရလေသည်။

နောက်ပိုင်းတွင် အသေးစိတ် သုတေသနပြုကြည့်ပြီးမှသာ အကြောင်းရင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ပေသည်။

"ပြီးပြည့်စုံတဲ့ ချီလှည့်ပတ်မှုအဆင့်ကို ရောက်ဖို့ဆိုရင် ချီစွမ်းအင် လှည့်ပတ်မှုကို အထောက်အပံ့ပေးဖို့ပဲ လိုအပ်တာ မဟုတ်ပါဘူး”

“အနှစ်သာရ၊ ချီစွမ်းအင်နဲ့ ဝိညာဉ် ဆိုတဲ့ သုံးပါးပေါင်းစပ်ထားတဲ့ ဘက်စုံအဆင့်မြှင့်တင်မှု လိုအပ်ပါတယ်" ချူလျန်က ရှင်းပြလိုက်သည်။

ဤသည်မှာလည်း သူ၏ ယခင်က စမ်းသပ်မှုများမှ ရရှိခဲ့သော အတွေ့အကြုံပင် ဖြစ်ပေသည်။

ယခင်စမ်းသပ်မှုများ ကျရှုံးခဲ့ပြီးနောက် သူရရှိခဲ့သော ရလဒ်မှာ — ချီစွမ်းအင် လှည့်ပတ်မှုကိုသာ မြှင့်တင်ပေးရုံဖြင့် အဆင်မပြေရခြင်း၏ အကြောင်းရင်းက ရွှယ်လင်းရွှယ်၏ ချန်းလန် ထောက်ပံ့ရေးတေးသံသည် အနှစ်သာရ၊ ချီစွမ်းအင်၊ ဝိညာဉ်တို့ကိုသာမက တိုက်ခိုက်လိုစိတ်၊ သွေးဆူမှု စသည့်အရာများ အားလုံးကိုပါ အထောက်အပံ့ပေးထားသောကြောင့် ဖြစ်ပေသည်။

ကျန်းယွဲ့ပိုင်၏ အင်မော်တယ်ဝိညာဉ်ခန္ဓာမှာလည်း ထိုကဲ့သို့ တူညီသော အာနိသင်မျိုး ရှိပေလိမ့်မည်။

အခြားသော နည်းလမ်းများဖြင့် ဤကဲ့သို့ ဘက်စုံအထောက်အပံ့မျိုး လုပ်ဆောင်နိုင်ရန် အလွန်ခဲယဉ်းလှပေသည်။

သမိုင်းတစ်လျှောက်တွင် ပြီးပြည့်စုံသော ချီလှည့်ပတ်မှုအဆင့်သို့ ရောက်ရှိခဲ့ဖူးသော နောင်တော်ကြီးများတွင်ပင် ဘက်စုံအထောက်အပံ့ပေးနိုင်သော မည်သည့်နည်းလမ်းမျိုး ရှိနေခဲ့သလဲဟု သူက သံသယဝင်မိ၏။

မိမိကိုယ်ပိုင် စွမ်းအားသက်သက်ကိုသာ အားကိုးပြီး လုပ်ဆောင်ရန် ဆိုသည်မှာ... ရွှီဇီယန်၏ ကျရှုံးမှုက မဖြစ်နိုင်ကြောင်း အမှန်တကယ်ပင် သက်သေပြနေ၏။

မည်သို့ပင်ဖြစ်စေ သူသည် စစ်မှန်သော ပါရမီ၏ အထွတ်အထိပ်အဖြစ် သတ်မှတ်နိုင်ပေသည်။

ထို့နောက်တွင်မှ သူသည် လက်လျှော့ခဲ့လေသည်။ အကြောင်းမှာ ထိုအရာက အမှန်တကယ်ပင် ရရှိရန် ခက်ခဲလွန်းလှသောကြောင့်ပင်ဖြစ်သည်။ ထို့အပြင် ရရှိနိုင်ခဲ့လျှင်တောင်မှ ကုန်ကျစရိတ်က အလွန်ကြီးမားလွန်းလှပြီး၊ ရေရှည်တည်တံ့နိုင်မည့် နည်းလမ်းတစ်ခု မဟုတ်ပေ။

အခမဲ့ အလုပ်လုပ်ပေးနေသော ခေါင်းကြီးရုပ်သေးရုပ် ရှိနေသည့် အခြေအနေတွင် ချူလျန်အနေဖြင့် ထိုမျှကြီးမားသော တန်ဖိုးကိုပေး၍ ကိုယ်တိုင် ပါဝင်ပတ်သက်ရန် အထူးတလည် မလိုအပ်တော့ပေ။

'အဖွဲ့ကို မဦးဆောင်နိုင်ရင် မင်း သေတဲ့အထိ အလုပ်လုပ်ရလိမ့်မယ်' ဆိုသကဲ့သို့ပင်ဖြစ်လေသည်။

ကျန်းယွဲ့ပိုင်မှာ ဤစကားကို ကြားလိုက်ရသောအခါ တစ်စုံတစ်ခုကို စဉ်းစားနေသည့် မျက်နှာထား ထပ်မံထွက်လာပြန်၏။

ချူလျန်က လျှောက်ပြောနေခြင်း လုံးဝမဟုတ်ဘဲ၊ အချက်ကျကျ ထောက်ပြသွားခြင်းဖြစ်ကြောင်း သူမ ကောင်းကောင်းကြီး သိထား၏။ သို့သော် ဆက်တိုက်ဆိုသလို သူမက အနည်းငယ် သံသယဝင်သွားမိပြန်သည်။

ချူလျန်က ရွှဲ့လင်းရွှယ်ကို တစ်ကြိမ်သာ စောင်းတီးခိုင်းခဲ့ပြီး ပြီးပြည့်စုံသော ချီလှည့်ပတ်မှုအဆင့်သို့ ခဏတာ ဝင်ရောက်ခဲ့ဖူးသည်ဟု ပြောခဲ့သည်။

သို့သော် သူ၏ ဤနားလည်သဘောပေါက်မှုက အလွန်နက်ရှိုင်းလွန်းလှပြီး၊ လုံးဝကို အချိန်တိုလေး ရခဲ့သည့်ပုံစံ မပေါ်ပေ။

'သူ တကယ်ပဲ စောင်းတီးသံကို ဘယ်နှစ်ခါလောက် နားထောင်ခဲ့ပြီးတော့ ဘယ်နှစ်ကြိမ်လောက်များ ဝင်ရောက်ခဲ့တာလဲ...' ကျန်းယွဲ့ပိုင်က စတင်၍ သံသယဝင်လာတော့သည်။

ရွှီဇီယန်ကလည်း လှည့်ကြည့်ကာ စဉ်းစားနေသည့် အကြည့်များဖြင့် ချူလျန်ကို ကြည့်လိုက်၏။

သူ့တွင် အဆင့်အတန်းအရ မောက်မာမှုမျိုး မရှိချေ ချူလျန်၏ စကားက အဓိပ္ပာယ်ရှိသည်ဟု ခံစားရသဖြင့် နောက်ထပ် တစ်ခွန်းလောက် ထပ်မေးချင်သွား၏။

"မင်းပြောတာက အနှစ်သာရ၊ ချီစွမ်းအင်နဲ့ ဝိညာဉ် စတဲ့ ဘက်စုံအထောက်အပံ့မျိုး လုပ်နိုင်တယ်ဆိုရင် ရပြီလို့ ဆိုလိုတာလား" သူက မေးလိုက်၏။

"ဒါက အတိအကျတော့ မဟုတ်ပါဘူး….ကျင့်စဉ်အပေါ် နားလည်မှုနဲ့ အသုံးပြုနိုင်စွမ်းက အထွတ်အထိပ်ကို ရောက်နေတယ်ဆိုတဲ့ အခြေခံပေါ်မှာ တည်ဆောက်ထားဖို့ လိုအပ်ပါတယ်”

“အဲဒီနောက်ပိုင်းမှ ဘက်စုံအထောက်အပံ့ပါ ပြည့်စုံသွားမယ်ဆိုရင်... အောင်မြင်နိုင်လောက်ပါတယ်" ချူလျန်က ဖြေလိုက်သည်။

ရွှီဇီယန်က ထပ်မံ၍ ခေတ္တစဉ်းစားလိုက်ပြီးမှ ခေါင်းညိတ်ပြကာ "ငါ စမ်းကြည့်လိုက်ပါဦးမယ်၊ ကျေးဇူးပါပဲ" ဟု ပြောလိုက်၏။

"အားနာစရာ မလိုပါဘူး" ချူလျန်က ပြုံးပြလိုက်၏။

ကျန်းယွဲ့ပိုင်အတွက် အကျပ်အတည်းကို ဖြေရှင်းပေးပြီးနောက် သူက ဖြည်းညင်းစွာ ထပ်မံထိုင်ချလိုက်လေသည်။

သို့သော် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၏ အကြည့်များက စုပြုံရောက်ရှိလာပြီး၊ အံ့ဩမှုများနှင့် ပြင်းပြသော ခံစားချက်များက လွှမ်းခြုံသွားတော့၏။

'စောစောက ငါတို့ နားကြားမလွဲဘူးဆိုရင်၊ သူက စီနီယာအစ်ကိုရွှီကို သင်ပေးလိုက်တာမလား'

'နတ်သမီးကျန်းကို သင်ပေးပြီးသွားတော့၊ ရွှီဇီယန်ကို ထပ်သင်ပေးတယ်ဆိုတော့ ရှုတောင်ရဲ့ အသန်မာဆုံး ပါရမီရှင်ကြီး နှစ်ယောက်လုံးက သူ့လောက် မတော်ဘူးတဲ့လား'

'ဘုရားရေ...'

'ဒီ တတိယအဆင့်နဲ့ ကောင်လေးက တကယ်ကို ဘယ်သူကြီးလဲ'

တစ်ကွင်းလုံး အံ့ဩထိတ်လန့်နေကြသည့် ဤအချိန်လေးအတွင်းမှာပင်၊ မည်းမှောင်သော တိမ်တိုက်များက ပီလော့တောင်ထွတ်ကို တိတ်တဆိတ် ဖုံးလွှမ်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးတစ်ပြိုက် ရွာသွန်းလာတော့၏။

ရွှေရောင် မိုးပေါက်များပင် ဖြစ်ချေသည်။

အခန်း (၁၆၄) - မဟူရာဝေလငါးတောင်

မှောင်မိုက်သော အခန်းတစ်ခုအတွင်း၌

အရိပ်မည်းတစ်ခုသည် မတ်မတ်ထိုင်နေပြီး မျက်မှောင်ကြုတ်ထားသည်။

သူ၏ မျက်နှာချင်းဆိုင်တွင် ဝတ်ရုံဖြူနှင့်လူတစ်ယောက် ရှိနေပြီး ထိုလူ၏ မျက်နှာတွင်လည်း အပြုံးအရယ်မရှိဘဲ လေးနက်တည်ကြည်နေလေသည်။ သူ၏ တစ်ကိုယ်လုံးတွင် ပုံရိပ်ယောင်အလင်းတန်းများ ရစ်ပတ်နေပြီး ခန္ဓာကိုယ်အစစ်မဟုတ်ကြောင်း သိသာထင်ရှားလှပေသည်။

လောကတစ်ခွင်ကို လှည့်လည်သွားလာနိုင်သော နည်းစနစ်ပင် ဖြစ်သည်။

သူသည် အင်မော်တယ်တို့၏ ဆန်းကြယ်သော မှော်အတတ်ပညာဖြင့် မိုင်ပေါင်းသောင်းချီ ဝေးကွာသော နေရာမှ အရိပ်မည်းနှင့် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း ထင်ရှားနေလေသည်။

"ရှုတောင်မှာ ပြီးပြည့်စုံတဲ့ ချီလှည့်ပတ်ခြင်းကို လုပ်ဆောင်နိုင်တဲ့ ကျန်းယွဲ့ပိုင်တစ်ယောက်တည်း ထွက်ပေါ်လာတာ မဟုတ်ဘူး၊ တတိယအဆင့်က နောက်ထပ် တပည့်တစ်ယောက်လည်း ထင်ပေါ်လာသေးတယ်"

ဝတ်ရုံဖြူနှင့်လူက အသံကို နှိမ့်ချကာ ပြောလိုက်သည်

"ထူးချွန်တဲ့ မျိုးဆက်သစ်တွေ အဆက်မပြတ် ထွက်ပေါ်နေတာကို ကြည့်ရင် သူတို့ရဲ့ ကံကြမ္မာအထောက်အပံ့တွေက မကုန်ဆုံးသေးတာ သေချာတယ်"

"ဟက်"

အရိပ်မည်းက အေးစက်စက် ရယ်မောလိုက်သည်

"ခြေထောက်တစ်ရာပါတဲ့ အင်းဆက်က သေသွားရင်တောင် တောင့်တင်းမသွားဘူးတဲ့၊ ရှုတောင်ရဲ့ ကြီးမားတဲ့ အင်အားက အဲဒီမှာ ရှိနေတုန်းပဲ၊ ခေတ်အဆက်ဆက်မှာ ပါရမီရှင် နည်းနည်းလောက် ထွက်ပေါ်လာတာ ဘာဆန်းလို့လဲ၊ နတ်ဘုရားမှော်ဝင်ပစ္စည်း မရှိသရွေ့ ဘာမှအသုံးမဝင်ပါဘူး"

"ပါရမီရှင်တစ်ဦးနဲ့ နောက်ပါရမီရှင်တစ်ဦးကြားမှာလည်း ကွာဟချက်တွေ ရှိသေးတယ်"

ဝတ်ရုံဖြူနှင့်လူက ပြောလိုက်ပြီး ခေတ္တရပ်တန့်ကာ ဆက်ပြောသည်

"မင်း နားလည်ချင်မှ နားလည်လိမ့်မယ်၊ ဒါပေမဲ့ အမှန်တစ်ကယ်က ပြီးပြည့်စုံတဲ့ ချီလှည့်ပတ်ခြင်းကို လုပ်နိုင်တဲ့ ပါရမီရှင်ဆိုတာ သာမန်မဟုတ်ဘူး"

"မင်း..."

အရိပ်မည်းမှာ ဒေါသထွက်သွားသော်လည်း ပြန်လည်ချေပနိုင်ခြင်းမရှိချေ။ နောက်ဆုံးတွင် သူက မကျေမနပ်ဖြင့် ပြောလိုက်သည်

"မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ငါ့ထက် မြင့်တယ်ဆိုတာကို ငါ ဝန်ခံပါတယ်၊ အဲဒီလိုမှ မဟုတ်ရင်လည်း အစကတည်းက ရှုတောင်မှာ သူလျှိုလုပ်ဖို့ မင်း ရွေးချယ်ခံရမှာ မဟုတ်ဘူး"

ထိုစကားကို ကြားသောအခါ ဝတ်ရုံဖြူနှင့်လူ၏ မျက်နှာလည်း ချက်ချင်း မှောင်မိုက်သွားလေသည်။

လူနှစ်ယောက်ကြားတွင် အချိန်အတန်ကြာအောင် တိတ်ဆိတ်သွားတော့သည်။

အချိန်အနည်းငယ် ကြာပြီးနောက်တွင်မူ အရိပ်မည်းကပင် တိတ်ဆိတ်မှုကို စတင်ချိုးဖျက်လိုက်သည်

"ကဲပါ... ဒေါသ မထွက်ပါနဲ့တော့"

"ဟွန့်"

ဝတ်ရုံဖြူနှင့်လူက အေးစက်စက် နှာမှုတ်လိုက်သည်။

"မင်း ဘာကို စိုးရိမ်နေလဲဆိုတာ ငါ သိပါတယ်၊ ရှုတောင်ရဲ့ ကံကြမ္မာအထောက်အပံ့တွေ အားကောင်းလာလို့ ငါတို့ရဲ့ အစီအစဉ်တွေ လွဲချော်သွားမှာကို စိုးရိမ်နေတာမလား"

အရိပ်မည်းက ပြောလိုက်သည်

"ဒါပေမဲ့ စိတ်ချပါ၊ ငါတို့ရဲ့ အစီအစဉ်က ရှုတောင်ကို တစ်ချက်တည်းနဲ့ အသေသတ်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး၊ ငါတို့လုပ်ရမှာက သူတို့ရဲ့ ကံကြမ္မာအထောက်အပံ့တွေကို ဖြည်းဖြည်းချင်း ခြေမှုန်းပစ်ဖို့ပဲ”

“ အရင်ဆုံး သူတို့ရဲ့ ပါရမီရှင်တွေကို သတ်ပစ်မယ်၊ ပြီးရင် မြင့်မြတ်တဲ့ဂိုဏ်း(၉)ဂိုဏ်းထဲကနေ နှင်ထုတ်ပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားအောင် လုပ်ရမယ်"

"ငါကတော့ နောက်တစ်ကြိမ် ထပ်ပြီး လက်အစွန်းခံမှာ မဟုတ်တော့ဘူး"

ဝတ်ရုံဖြူနှင့်လူက ပြတ်သားစွာ ပြောလိုက်၏။

"မင်းကို ထပ်ပြီး လက်အစွန်းခိုင်းမှာ မဟုတ်ပါဘူး၊ ရှုတောင်ပေါ်မှာ လုပ်ရတာက အရမ်း အန္တရာယ်များတယ်"

အရိပ်မည်းက ပြောလိုက်သည်

"မင်းလုပ်ရမှာက ဒီထူးချွန်တဲ့ တပည့်တွေကို စောင့်ကြည့်နေဖို့ပဲ၊ ဘယ်သူ ရှုတောင်ကနေ ထွက်သွားလဲဆိုတာကို ချက်ချင်း သတင်းပို့ပေးရုံနဲ့ လုံလောက်ပြီ”

“ သူတို့ကို လမ်းခုလတ်မှာ ကြားဖြတ်သတ်ဖြတ်ဖို့ လူတွေကို ငါ စီစဉ်ပေးမယ်"

"ရှုတောင်က သူတို့ရဲ့ တပည့်တွေကို အပြင်ထွက်ပြီး အတွေ့အကြုံရှာခိုင်းရတာ ကြိုက်လှမှတော့ အဲဒီအတွေ့အကြုံရှာတဲ့အတွက် ပေးဆပ်ရမယ့် တန်ဖိုးကို သူတို့ကို သိစေရမယ်"

အရိပ်မည်းက ညာလက်ကို ဝှေ့ယမ်းကာ ရက်စက်ကြမ်းကြုတ်စွာ ပြောလိုက်သည်။

"သေချာပေါက် အောင်မြင်အောင် လုပ်ပါ"

ဝတ်ရုံဖြူနှင့်လူက ပြောလိုက်လေသည်။

"ငါ အလုပ်လုပ်တာကို မင်း စိတ်ချထားလိုက်ပါ"

အရိပ်မည်းက ရယ်မောလိုက်သည်

"တတိယအဆင့် တပည့်ကို သတ်ဖို့အတွက် ငါက ပဉ္စမအဆင့်၊ ဆဋ္ဌမအဆင့် လူတွေကို လွှတ်လိုက်မယ်၊ လုံးဝ လွဲချော်မှာ မဟုတ်ပါဘူး"

"ငါ ဆိုလိုတာက လွဲချော်သွားမှာကို ပြောတာ မဟုတ်ဘူး၊ တတိယအဆင့်လေး တစ်ယောက်ကို ဘယ်သူပဲသွားသတ်သတ် ဘယ်လိုလုပ် ကျရှုံးနိုင်မှာလဲ"

ဝတ်ရုံဖြူနှင့်လူက ပြောလိုက်သည်

"ငါ ဆိုလိုတာက အလုပ်လုပ်တဲ့အခါ သတိထားလုပ်ပါ၊ သတင်းမပေါက်ကြားစေနဲ့၊ နဂါးစစ်စစ် ဆင်းသက်လာပြီးကတည်းက အဘိုးကြီးစီခုန်းက ဒီရက်ပိုင်းမှာ အရမ်း အားနေတာ…”

“သူက ရှုတောင်အတွက် အကြိမ်နည်းနည်းလောက် ကံကြမ္မာတွက်ချက်ပေးထားတယ်လို့ ကြားတယ်၊ ငါ့ဆီမှာ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားနိုင်တဲ့ မှော်ဝင်ပစ္စည်းသာ မရှိဘူးဆိုရင် ပြီးခဲ့တဲ့အကြိမ်က လုပ်ခဲ့တဲ့ ကိစ္စတွေ ပေါ်သွားလောက်ပြီ"

"ငါ သိပါတယ်"

အရိပ်မည်းက ခေါင်းညိတ်လိုက်သည်

"ရှုတောင်ရဲ့ တောင်ထွတ်သခင်များ အစည်းအဝေးက မကြာခင် ရောက်တော့မှာ အဲဒါကမှ တစ်ကယ့် အစီအစဉ်ကြီးပဲ၊ အဲဒီမတိုင်ခင် လုပ်ရမယ့် ဒီလှုပ်ရှားမှုလေးတွေကို ငါ အထူးဂရုစိုက်ပြီး လုပ်လိုက်ပါ့မယ်"

"ဒါဆိုလည်း ကောင်းတာပေါ့"

ဝတ်ရုံဖြူနှင့်လူက ပြောလိုက်သည်

"ဒါနဲ့ ခရမ်းစိမ်းအမြွှာဓားတွေမှာလည်း ထူးခြားတဲ့ လှုပ်ရှားမှုတွေ ရှိနေတယ်လို့ ကြားတယ်၊ အဲဒီအချိန်ကျရင် စတင်လှုပ်ရှားမယ်ဆိုရင် နတ်ဘုရားမှော်ဝင်ပစ္စည်း တစ်ခုလောက် ယူလာနိုင်ရင် အကောင်းဆုံးပဲ၊ အဲဒီလိုမှ မဟုတ်ရင် အပြောင်းအလဲတွေ ဖြစ်လာမှာကို ငါ စိုးရိမ်တယ်"

"အစ်ကိုကြီး... အဲဒါက လောကမှာ လက်ချိုးရေလို့ရတဲ့ နတ်ဘုရားမှော်ဝင်ပစ္စည်းနော်၊ ဟင်းသီးဟင်းရွက်တွေ မဟုတ်ဘူး"

အရိပ်မည်းက နှမြောတသဖြစ်နေသော လေသံဖြင့် ပြောလိုက်သည်

"အမှောင်ဘုရင်ဂိုဏ်းက တိစန်းရဲ့ ခန္ဓာကိုယ်အစစ်ကို လှုပ်ရှားခိုင်းမယ်ဆိုရင် အဲဒါက နောက်ထပ် ဈေးနှုန်းတစ်ခု ဖြစ်သွားပြီ"

"ဟက်... ငါ ဂရုမစိုက်ဘူး"

ဝတ်ရုံဖြူနှင့်လူက ခေါင်းခါလိုက်သည်

"အဲဒါက မင်းတို့ စဉ်းစားရမယ့် ကိစ္စပဲ၊ ဘာပဲဖြစ်ဖြစ် ငါ့ဘက်က သတင်းပို့ပေးပြီးပြီ၊ ဘယ်လို စီစဉ်ရမလဲဆိုတာက ငါ တာဝန်ယူရမယ့် ကိစ္စ မဟုတ်ဘူး"

"မင်း..."

အရိပ်မည်းမှာ ထပ်မံ၍ စကားဆွံ့အသွားပြန်၏။

ဝတ်ရုံဖြူနှင့်လူက သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်နှင့် ပုံရိပ်ယောင်မှာ ရွှစ်ခနဲ ပျောက်ကွယ်သွားလေတော့သည်။

မိုင်ပေါင်းသောင်းချီ ဝေးကွာသော ရှုတောင်ပေါ်တွင်။

မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ဝတ်ရုံဖြူနှင့်လူတစ်ယောက်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ သူ၏ မျက်လုံးများမှ နတ်ဘုရားအလင်းတန်းများ တလက်လက် တောက်ပနေလေသည်။

...

မဟူရာဝေလငါးတောင်။

ဒေသခံ လီမျိုးနွယ်များအကြားတွင် ဤတောင်ပေါ်ပေါက်လာပုံနှင့်ပတ်သက်၍ ဒဏ္ဍာရီတစ်ခု ရှိလေသည်။

လွန်ခဲ့သော အချိန်ကာလ အတော်ကြာက ဤနေရာသည် အရှေ့ပင်လယ်နှင့် ကပ်လျက်ရှိသော လွင်ပြင်တစ်ခုဖြစ်၏။ ပင်လယ်ကမ်းစပ်တွင် အလုပ်ကြိုးစားပြီး ရဲရင့်သော လီမျိုးနွယ်များ နေထိုင်ကြသည်။

သူတို့သည် အသားအရေ မည်းနက်ကြပြီး ပွင့်လင်းမြင်သာကာ ဧည့်ဝတ်ကျေပွန်ကြပြီး ပင်လယ်ပြင်သို့ထွက်ကာ ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြလေသည်။

သို့သော် တစ်နေ့တွင် ပင်လယ်ပြင်၌ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာဝေလငါးမည်းတစ်ကောင် ပေါ်လာခဲ့၏။ ၎င်းသည် ကျွန်းတစ်ကျွန်းပမာ ပင်လယ်ပြင်တွင် ကူးခတ်သွားလာနေတတ်၏။

ရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာကောင်းကာ တံငါလှေများကို မကြာခဏ တိုက်ခိုက်တတ်ပြီး လှေပေါ်ရှိ လူများကို အကုန်အစင် စားသောက်လေ့ရှိလေသည်။

မိစ္ဆာမဟူရာဝေလငါးကြီး ပေါ်လာခြင်းကြောင့် လီမျိုးနွယ်များသည် ပင်လယ်ပြင်မှ အစာရှာ၍ မရနိုင်တော့ချေ။ ထိုခေတ်အခါက သူတို့အတွက် ထွက်ပေါက်လုံးဝမရှိသလောက်ပင် ဖြစ်သွားခဲ့ရသည်။

ထိုအချိန်တွင် အလွန်ခွန်အားကြီးမားသော ဧရာမသူရဲကောင်းတစ်ယောက် ဤနေရာသို့ ရောက်လာခဲ့၏။ သူ၏ နာမည်မှာ ဖန်ရိဖြစ်သည်။

လီမျိုးနွယ်များ၏ ကြေကွဲဖွယ် ကံကြမ္မာကို ကြားသိရသောအခါ သူတို့ကို ကူညီရန် ဆုံးဖြတ်လိုက်လေသည်။ သို့သော် မိစ္ဆာမဟူရာဝေလငါးကြီးသည် ပင်လယ်ပြင်တွင် ပြိုင်ဘက်ကင်းနီးပါး ဖြစ်နေပြီး မည်သူမျှ ၎င်းကို အနိုင်မယူနိုင်ချေ။

ထို့ကြောင့် ဖန်ရိသည် တောင်ဘက်ဒေသသို့သွား၍ ရှေးဟောင်းပီလော့သစ်ပင်၏ သစ်ကိုင်းကို ချိုးယူခဲ့၏။ အနောက်ဘက်ဒေသသို့သွား၍ ဆိုးသွမ်းသော နဂါးကို သတ်ဖြတ်ကာ နဂါးအကြောကို ထုတ်ယူခဲ့၏။

ထို့နောက် မြောက်ဘက်ဒေသသို့သွားကာ လောကတွင် နံပါတ်တစ် မှော်ဝင်ပစ္စည်းသွန်းလုပ်သူကို ရှာဖွေပြီး လူ့လောကတွင် အကောင်းဆုံးဖြစ်သော ငါးမျှားတံတစ်ချောင်းကို ဖန်တီးစေခဲ့လေသည်။

မှန်ပေသည်။ သူက မိစ္ဆာမဟူရာဝေလငါးကြီးကို ကမ်းခြေပေါ်သို့ မျှားတင်ချင်နေခြင်းဖြစ်သည်။

သို့သော် ငါးမျှားတံ ရရှိလာပြီဖြစ်သော်လည်း ငါးစာတစ်ခု လိုအပ်နေသေးသည်။

လီမျိုးနွယ်တွင် အလှဆုံးနှင့် သီချင်းဆို အကောင်းဆုံးဖြစ်သော လော့ရှာအမည်ရှိ မိန်းကလေးက ထွက်လာခဲ့ပြီး သူမကိုယ်တိုင် ငါးစာအဖြစ် ပင်လယ်ထဲသို့ ဆင်းရန် ဆန္ဒပြုခဲ့လေသည်။

ထို့ကြောင့် နောက်တစ်နေ့တွင် လော့ရှာသည် လှေငယ်လေးတစ်စင်းကို စီးကာ ပင်လယ်ထဲသို့ တဖြည်းဖြည်း ထွက်သွားခဲ့၏။ သူမသည် လှေဦးတွင် ရပ်ကာ သီချင်းကို အသံကျယ်ကျယ်ဖြင့် သီဆိုလိုက်ရာ သူမ၏ လှပသော သီချင်းသံက မိစ္ဆာဝေလငါးမည်းကို တကယ်ပင် ဆွဲဆောင်နိုင်ခဲ့လေသည်။

ကြောက်မက်ဖွယ်ကောင်းသော ဧရာမသားရဲကြီးသည် လော့ရှာကို တစ်ကိုက်တည်းဖြင့် ပါးစပ်ထဲသို့ စုပ်ယူလိုက်ပြီးနောက် လော့ရှာ၏ ခန္ဓာကိုယ်တွင် ရစ်ပတ်ထားသော ငါးမျှားချိတ်နှင့် ချက်ချင်းပင် ငြိတွယ်သွားလေတော့သည်။

ဧရာမလူသား ဖန်ရိသည် ငါးမျှားတံကို အစွမ်းကုန် ဆွဲငင်လိုက်ရာ နေ့ရက်သုံးရက်နှင့် ညသုံးညတိုင်တိုင် အားပြိုင်ပြီးနောက်တွင် နောက်ဆုံး၌ မိစ္ဆာဝေလငါးမည်းကို ကမ်းခြေပေါ်သို့ ဆွဲတင်နိုင်ခဲ့သည်။

ရေနှင့် ကင်းကွာသွားသော မိစ္ဆာမဟူရာဝေလငါးကြီးသည် ထပ်မံ၍ မရက်စက်နိုင်တော့ချေ။ ဖန်ရိက ၎င်းကို ထိန်းချုပ်ထားပြီး လီမျိုးနွယ်များက ဝိုင်းအုံလာကာ မိစ္ဆာဝေလငါးမည်းကို ကမ်းခြေတွင်ပင် ရိုက်သတ်လိုက်ကြလေသည်။

၎င်း၏ အလောင်းက ဤတောင်ကြီးအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

ယနေ့တိုင်အောင် မဟူရာဝေလငါးတောင်၏ ထိပ်တွင် ဧရာမလူသား၏ ရုပ်တုတစ်ခု မတ်မတ်ရပ်နေဆဲဖြစ်ပြီး ဧရာမလူသား၏ အောက်တွင်မူ သီချင်းဆိုနေသော မိန်းကလေးတစ်ယောက် ရှိလေသည်။

၎င်းသည် လီမျိုးနွယ်များက ဧရာမလူသား ဖန်ရိနှင့် လော့ရှာတို့ကို အောက်မေ့ဂုဏ်ပြုရန်အတွက် သွန်းလုပ်ခဲ့ခြင်းဖြစ်ပေသည်။

...

"ဒီဒဏ္ဍာရီက..."

ချူလျန်သည် နားထောင်ပြီးနောက် ခေတ္တမျှ စဉ်းစားလိုက်လေသည်။

ဤလောကတွင် မည်သည့်ဒဏ္ဍာရီကိုမျှ အထင်သေး၍ မရပေ။ အဘယ်ကြောင့်ဆိုသော် တကယ်ဖြစ်နိုင်ခြေ များလွန်းသောကြောင့်ဖြစ်၏။

သူသည် ခြေထောက်အောက်ရှိ ကျောက်မည်းတောင်မြေပြင်ကို စိုးရွံ့စွာ နင်းကြည့်လိုက်ပြီး 'ဒီကောင်ကြီး ရုတ်တရက် အသက်ဝင်မလာလောက်ပါဘူးနော်...' ဟု တွေးလိုက်မိသည်။

သူ၏ အရှေ့တွင်မူ မြင့်မားလှသော ဧရာမရုပ်တုကြီး ရှိနေလေသည်။

အသက်ဝင်လွန်းလှပြီး သူရဲကောင်းဆန်သော အရှိန်အဝါများ ပြည့်နှက်နေလေသည်။

"ဒဏ္ဍာရီတွေ ဘာတွေ အသာထားဦး..."

လင်းပေ့က ဘေးဘက်တွင် ရှိနေပြီး တစ်ဖက်တွင် ကျောက်မည်းများကို ကုတ်ခြစ်ကာ ဆော့ကစားနေသော ခေါင်းကြီးကို အားကျသောအကြည့်ဖြင့် ကြည့်လိုက်သည်

"နောက်ကျရင် ဒီကောင်ကြီးကို ငါ့ကို ခဏလောက် ငှားစီးလို့ တကယ် မရဘူးလား"

"မရဘူး"

ချူလျန်က ပြတ်သားစွာ ငြင်းပယ်လိုက်သည်

"မင်း အဲဒါကို ဘာသွားလုပ်မလို့လဲဆိုတာ ငါ ခေါင်းသုံးပြီး စဉ်းစားစရာတောင် မလိုဘူး၊ မင်းက ဂုဏ်သရေရှိ မိသားစုဝင် ဒါမှမဟုတ် ရှုတောင်ရဲ့ ပါရမီရှင်တစ်ယောက်လို ဟန်ဆောင်ပြီး အပြစ်ကင်းတဲ့ မိန်းကလေးတွေကို သွားလိမ်ဖို့ မဟုတ်လား"

"မင်းက ညီအစ်ကိုအချင်းချင်းကို ဘယ်လိုများ မြင်နေရတာလဲ"

လင်းပေ့က ဒေါသတကြီး ပြောလိုက်သည်

"ခန့်မှန်းတာလည်း အရမ်းကို မှန်လွန်းနေပြီ မဟုတ်လား"

ချူလျန်မှာမူ "..."

"ဟူး..." လင်းပေ့က ခေါင်းခါကာ သက်ပြင်းချလိုက်ပြန်သည်

"စီနီယာအစ်မကျန်းရဲ့ တရားဟောပွဲမှာ မင်းက နာမည်ကြီးသွားပြီ၊ အခု ရှုတောင်က ဂျူနီယာညီမလေးတွေ အားလုံး မင်းကို သေလောက်အောင် သဘောကျနေလောက်ပြီလေ”

“ နောင်ကျရင် မင်းက ပူစရာ မလိုတော့ဘူး၊ ဒါပေမဲ့ ဒီညီအစ်ကိုကတော့ ဘာမှ မရေရာသေးဘူးလေ၊ မင်းက ငါတစ်ယောက်တည်း နေ့တိုင်း အထီးကျန်နေရတာကို ရက်ရက်စက်စက် ကြည့်ရက်လို့လား"

"ငါလည်း မကြည့်ရက်ပါဘူး"

ချူလျန်က ပြောလိုက်သည်

"မြက်ပင်ကို ရှင်းရင် အမြစ်ကပါ နုတ်ပစ်လိုက်လို့ ငါ မင်းကို အစောကြီးကတည်းက အကြံပေးထားတယ် မဟုတ်လား"

"ဟီး..." လင်းပေ့၏ မျက်နှာတွင် ငြင်းဆန်လိုသော အမူအရာ ပေါ်လာသည်

"မြက်ပင်ရှင်းတာက ရပေမယ့် အမြစ်နုတ်တာကိုတော့ အသာထားလိုက်ပါတော့ကွာ"

"မင်းက မှန်တဲ့ကိစ္စလေး လုပ်မယ်ဆိုရင်တော့ ငါ သေချာပေါက် ကူညီမှာပေါ့၊ ဒါပေမဲ့ မင်းက မိန်းကလေးတွေကို သွားလိမ်မယ်ဆိုရင်တော့ ငါက ဘယ်လိုလုပ် ကူညီပေးလို့ရမှာလဲ"

ချူလျန်က သူ၏ ပခုံးကို ပုတ်လိုက်သည်

"ဒီလမ်းစဉ်အမှားတွေကို မတွေးပါနဲ့တော့၊ ဝိညာဉ်ဆေးပင် သွားရှာကြရအောင်"

လင်းပေ့က နှစ်ချက်ခန့် နှာမှုတ်လိုက်ပြီး မတတ်နိုင်သလို ပခုံးတွန့်ကာ ရှေ့မှ ဦးဆောင်၍ လျှောက်သွားလေသည်။

ရုပ်တုနှစ်ခုကို ပတ်ကာ အတော်ဝေးဝေးအထိ လျှောက်သွားပြီးနောက် မြင့်မားသော တောင်နံရံကြီးကြားရှိ ကျဉ်းမြောင်းသော လမ်းငယ်လေးတစ်ခု ရှေ့သို့ ရောက်လာခဲ့သည်။

ဤနေရာကို သစ်ပင်ချုံနွယ်များက ဖုံးကွယ်ထားပြီး ပေါင်းပင်များက ကာကွယ်ထားသဖြင့် လုံးဝ မမြင်ရသလောက်ပင် ဖြစ်နေသည်။ အထက်သို့ မော့ကြည့်လိုက်ပါက ပေပေါင်းသောင်းချီ မြင့်မားသော တောင်နံရံကြီးကို တွေ့ရမည်ဖြစ်ပြီး ကျယ်ပြောလှသော ကောင်းကင်ကြီး၏ အလင်းတန်း တစ်မျှင်ကိုသာ မြင်တွေ့နိုင်လေသည်။

"မင်းက ဒီလို လမ်းလေးကိုတောင် ရှာတွေ့သေးတာလား"

ချူလျန်က ပြုံးလိုက်သည် "ဘယ်လိုလုပ်လိုက်တာလဲ"

"မပြောပါနဲ့တော့ကွာ၊ အဲဒီတုန်းက ငါ မတော်တဆ တစ်ယောက်တည်း ကျန်ခဲ့ပြီး ရေမိစ္ဆာတစ်ကောင်ရဲ့ အပြင်းအထန် လိုက်ဖမ်းတာကို ခံလိုက်ရတယ်၊ ငါလည်း ကြောက်လန့်တကြားနဲ့ ထွက်ပြေးရင်း ကောင်းကင်ပေါ် ပျံတက်ရင်လည်း သူ မြင်သွားမှာစိုးလို့ ဒီချောက်ကမ်းပါးအောက်မှာပဲ ပုန်းနေခဲ့ရတာ”

“ပိတ်မိပြီး သေရတော့မယ်လို့တောင် ထင်ခဲ့တာ... ဘယ်သူသိမှာလဲ၊ ကောင်းကင်ကြီးက လူတွေကို လမ်းစမဖျောက်ပါဘူး၊ ဒီမှာ အဟတစ်ခု ရှိနေတာကို ရုတ်တရက် ရှာတွေ့သွားခဲ့တာ"

လင်းပေ့က ရှင်းပြလေသည်။

"မင်းက ရေမိစ္ဆာနဲ့ ရင်သပ်ရှုမောဖွယ် တိုက်ပွဲကြီး ဖြစ်ခဲ့တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား..."

ချူလျန်က သူ၏ စကားကို ပြန်လည်စဉ်းစားရင်း ပြောလိုက်၏။

"ငါ တကယ်ကြီး အသေအလဲ လန့်သွားခဲ့တာကွ"

လင်းပေ့က သူ့ကိုယ်သူ မှန်ကန်ကြောင်း ပြသနေသော မျက်နှာဖြင့် ပြောလိုက်၏။

'ကောင်းရော... တကယ်တော့ တစ်ဖက်သတ် ရင်သပ်ရှုမောဖွယ် ဖြစ်နေခဲ့တာပါလား...'

ဘာပဲဖြစ်ဖြစ် သူ့ကို အားကိုးပြီး ဝိညာဉ်ဆေးပင် ရှာရဦးမည်ဖြစ်ရာ ချူလျန်လည်း အသေးစိတ် ထပ်မမေးတော့ချေ။ အကယ်၍ မေးမိပါက တစ်ဖက်လူ၏ မျက်နှာကို အိုးမဲသုတ်သလို ဖြစ်သွားပေလိမ့်မည်။

ခေါင်းကြီးအတွက်သာ ဒုက္ခရောက်သွားလေသည်။ တောင်ကြားရှိ ဤအဟလေးသည် သူ၏ ခန္ဓာကိုယ်အရွယ်အစားနှင့် အတိအကျ ဖြစ်နေသဖြင့် တစ်လမ်းလုံး ပွတ်တိုက်လာခဲ့ရကာ တဂျွတ်ဂျွတ် အသံများ ထွက်ပေါ်နေခဲ့၏။

နောက်ဆုံးတွင် ထိုအဟလေးကို ဖြတ်သန်းသွားနိုင်ခဲ့ပြီးနောက် မြင်ကွင်းမှာ ရုတ်တရက် လင်းထိန်သွားကာ ကျယ်ပြောလှသော ချိုင့်ဝှမ်းတစ်ခု ပေါ်လာလေတော့၏။

ဆန်းကြယ်သော ပန်းများနှင့် ထူးဆန်းသော မြက်ပင်များသည် အတန်းလိုက် ပေါက်ရောက်နေပြီး မွှေးရနံ့များက နေရာအနှံ့ ပျံ့နှံ့နေလေသည်။

အစတွင် အလွန် ကျဉ်းမြောင်းလှပြီး လူတစ်ယောက် ဖြတ်သွားနိုင်ရုံသာ ရှိ၏။

ခြေလှမ်းအနည်းငယ် ဆက်လျှောက်လိုက်ပြီးနောက်တွင်မူ ရုတ်တရက် ရှင်းလင်းကျယ်ပြန့်သွားလေတော့သည်။

All Chapters