အခန်း (၁၆၅-၁၆၆)
Vol. 17 Ch. 165-166
အခန်း (၁၆၅) - မျောက်အိုကြီး
အရောင်အသွေး စုံလင်လှသော တောင်ကြားအတွင်း၌ ပျားနှင့် လိပ်ပြာများ ပျံသန်းနေကြပြီး ထူးဆန်းသော ပုံစံရှိသည့် ပန်းပင်များနှင့် မြက်ပင်များမှာလည်း နေရာအနှံ့ ရှိနေ၏။ ခြေလှမ်းအနည်းငယ် လှမ်းလိုက်တိုင်းပင် သာမာန်အချိန်တွင် တွေ့ရခဲသော ဝိညာဉ်ပင်အချို့ကို မြင်တွေ့နိုင်သည်။
‘ဒီနေရာရဲ့ စိတ်ဝိညာဉ်ချီက တကယ်ကြီး ဒီလောက်အထိ သိပ်သည်းနေတာလား'
ချူလျန်သည် ပတ်ဝန်းကျင်မြင်ကွင်းကို ကြည့်ရှုရင်း လင်းပေ့၏ ပြောစကားမှာ ပုံကြီးချဲ့ထားခြင်း မဟုတ်သည်ကို သိရှိလိုက်ရလေသည်။
ဤနေရာသည် အမှန်တကယ်ပင် ရတနာများ မြေပြင်အနှံ့ ပြန့်ကျဲနေသော နေရာတစ်ခု ဖြစ်ပေသည်။
သို့သော်ငြား ဤနေရာရှိ အပင်အများစုမှာ ပျိုးပင်ငယ်လေးများသာ ရှိသေးပြီး အသုံးပြုနိုင်ရန်အတွက် အနည်းဆုံး နှစ်တစ်ရာမှ နှစ်တစ်ထောင်နီးပါးအထိ စောင့်ဆိုင်းရန် လိုအပ်ပေ၏။
ကျန်ရှိနေသော အပင်များမှာလည်း ညှိုးနွမ်းနေသည့် သစ်ကိုင်းခြောက်များ သို့မဟုတ် အခူးခံထားရပြီးသား အပင်များသာ ဖြစ်ကြ၏။
ခူးဆွတ်ရန် အဆင်သင့်ဖြစ်နေသော အပင်မှာ အနည်းငယ်မျှသာ ရှိသည်။
ပုံမှန်အားဖြင့် ကမ္ဘာမြေရတနာများ၏ ရှည်လျားလှသော ကြီးထွားမှုကာလနှင့် နှိုင်းယှဉ်ပါက ဆေးစွမ်းကောင်းမွန်ပြီး ရင့်ကျက်သည့်အချိန်မှာ အလွန်တိုတောင်းလှသည်။
ထို့အပြင် ၎င်းတို့မှာ လူသူအရောက်အပေါက်နည်းသော တောတောင်နက်များထဲတွင်သာ ပေါက်ရောက်တတ်သဖြင့် အလွန်တရာ ရှားပါးလှခြင်း ဖြစ်ပေသည်။
"ဒီနေရာရဲ့ ရတနာအစောင့်အရှောက်သားရဲက အရမ်းစွမ်းတဲ့ မျောက်အိုကြီးတစ်ကောင်ပဲ... သတိထားဦး"
လင်းပေ့က သတိကြီးစွာဖြင့် သတိပေးလိုက်၏။
တောတောင်နက်ထဲတွင် ပေါက်ရောက်တတ်သောကြောင့် ကျင့်ကြံသူတစ်ဦးက ကမ္ဘာမြေရတနာတစ်ခုကို မတွေ့ရှိမီတွင် မိစ္ဆာသားရဲတစ်ကောင်က ဦးစွာ တွေ့ရှိသွားလေ့ရှိ၏။
စိတ်ဝိညာဉ်ပင်မှာ မရင့်မှည့်သေးခြင်း သို့မဟုတ် မိစ္ဆာသားရဲကိုယ်တိုင်က အဆင့်တက်လှမ်းရန် စောင့်ဆိုင်းနေခြင်း စသည့် အကြောင်းပြချက်များကြောင့် ၎င်းတို့သည် ဝိညာဉ်ပင်ကို ချက်ချင်း စားသောက်ပစ်လေ့မရှိပေ။
ထိုအချိန်အတွင်း နောက်မှ ရောက်လာသူတစ်ဦးဦးက ထိုရတနာကို တွေ့ရှိသွားပါက ဦးစွာတွေ့ရှိထားသော မိစ္ဆာသားရဲက ၎င်းအား တိုက်ခိုက်လိမ့်မည် ဖြစ်ရာ ထိုသားရဲကို ရတနာအစောင့်အရှောက်သားရဲဟု ခေါ်ဆိုကြ၏။
သို့သော် ထိုဝိညာဉ်ပင်မှာ သားရဲကိုယ်တိုင် စိုက်ပျိုးထားခြင်း မဟုတ်သလို ၎င်း၏ စောင့်ရှောက်မှုကြောင့် ကြီးထွားလာခြင်းလည်း မဟုတ်ပေ။ ထို့ကြောင့် ရတနာအစောင့်အရှောက်သားရဲဆိုသည်မှာ မြေပြင်ပေါ်သို့ ကျလာသော ငွေစကို ဦးစွာ မြင်တွေ့လိုက်ရသူနှင့်သာ တူညီလေသည်။
ငွေကောက်သည့် ကိစ္စတွင် မည်သူ အရင်ရောက်သည်၊ နောက်မှ ရောက်သည်ကို ထည့်တွက်နေရန် မလိုပေ။
ကောင်းကင်နှင့် မြေကမ္ဘာက မွေးဖွားပေးထားသည့်အရာကို မည်သည့်အချိန်တွင် တစ်ဦးပိုင် ဖြစ်သွားရပါသနည်း။
"နားလည်ပြီ"
ချူလျန်က ခေါင်းညိတ်လိုက်၏။
သူသည် ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်ပြီး ပတ်ဝန်းကျင်ကို အထူးသတိထား၍ စောင့်ကြည့်နေလေ၏။
ရွှေမွေးဟူမှာမူ မွှေးရနံ့များ သင်းပျံ့နေသော တောင်ကြားထဲသို့ ရောက်ရှိလာသည်နှင့် စိတ်လှုပ်ရှားသွားပြီး ၎င်း၏ ခေါင်းကြီးကို ဘယ်ညာရမ်းကာ အရသာရှိမည့်အရာကို ရှာဖွေ၍ ကိုက်ဝါးရန် ပြင်ဆင်နေသည်။
ရှုတောင်ဂိုဏ်းမှာ အနောက်တောင်ဘက်တွင် ရှိပြီး အရှေ့ပိုင်းဒေသနှင့် အနည်းငယ် ဝေးကွာသဖြင့် လမ်းခရီးတွင် အချိန်အတော်ကြာ ပျံသန်းခဲ့ရ၏။ ဆိုလိုသည်မှာ ၎င်းသည် နေ့ဝက်နီးပါး အစာမစားရသေးခြင်း ဖြစ်ပေသည်။
"မရင့်မှည့်သေးတဲ့ စိတ်ဝိညာဉ်ပင်တွေကို မဖျက်ဆီးနဲ့... ရှုတောင်ပြန်ရောက်မှ မင်းကြိုက်သလောက်စား"
ချူလျန်က သတိပေးလိုက်၏။
ဤတစ်ခေါက် လာရခြင်းမှာ သူသည် ဓားရွက်ရွှမ်ယန်ပန်းကိုသာ ယူဆောင်လိုခြင်း ဖြစ်ပေ၏။
"ပြီးခဲ့တဲ့အကြိမ် ငါ ဒီနေရာကနေ လိမ့်ကျသွားတုန်း ငါ့မျက်စိရှေ့မှာတင် မီးဝိညာဉ်မှိုတစ်ပွင့်ကို တွေ့လိုက်ရတာပဲ"
လင်းပေ့က လမ်းကြောင်းတစ်ခုကို ညွှန်ပြလိုက်ရင်း
"အဲဒီ ဓားရွက်ရွှမ်ယန်ပန်းကလည်း ဒီနားမှာပဲ ရှိရမယ်"
သူက ချူလျန်ကို ခေါ်ဆောင်၍ ညာဘက်သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရာ ကျောက်ဆောင်ကြီးတစ်ခု၏ နောက်ကွယ်တွင် ထင်ရှားလှသော ပန်းပွင့်အချို့ကို မြင်တွေ့လိုက်ရ၏။
၎င်း၏ အစိမ်းရောင် အရွက်များမှာ ရှည်လျားပြီး အနီရောင် ပွင့်ချပ်များမှာမူ အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။
နေရောင်ခြည်အောက်တွင် ပန်းဝတ်ဆံများအတွင်းမှ ရွှေရောင်အလင်းတန်းလေးများ လှုပ်ခတ်နေသည်မှာ နေ၏ အဆီအနှစ်ကို စုပ်ယူနေသည့်အလား ထင်မှတ်ရပေသည်။
"ဒါက ဓားရွက်ရွှမ်ယန်ပန်း ရင့်မှည့်သွားတဲ့ လက္ခဏာပဲ..."
ချူလျန်၏ နှလုံးသားမှာ ဒိတ်ခနဲ ခုန်သွား၏။
ဤအရာကို ရရှိပါက သူသည် အရည်အသွေးမြင့် ရွှေအမြုတေနှစ်လုံးစာအတွက် လိုအပ်သည့် ဆေးဖက်ဝင်ပစ္စည်းများကို စုဆောင်းမိသွားပြီ ဖြစ်ပေသည်။
‘ဓားရွက်ရွှမ်ယန်ပန်းသည် နေ၏အဆီအနှစ်ကို စုပ်ယူ၍ ပေါက်ရောက်လာခြင်းဖြစ်ပြီး အတွင်း၌ ရွှေဓာတ် ဝိညာဉ်ချီများ ကိန်းအောင်းနေ၏။ မည်သူမဆို ခူးဆွတ်ရန် ကြိုးပမ်းသည့်အခါ ၎င်း၏ ထက်မြက်လှသော ဓားကဲ့သို့ အရွက်ရှစ်ရွက်မှာ အလိုအလျောက် ပိတ်သွားတတ်သည်။’
သူသည် ယခင်က ဖတ်မှတ်ထားခဲ့သော ခူးဆွတ်နည်းလမ်းများကို စိတ်ထဲမှ ရွတ်ဆိုလိုက်၏။
'ဤကမ္ဘာမြေရတနာကို ခူးဆွတ်ရန်အတွက် ရှည်လျားသော ပစ္စည်းတစ်ခုဖြင့် ဦးစွာ တို့ထိရမည်ဖြစ်ပြီး ၎င်း၏ အရွက်များ ပိတ်သွားအောင် လှည့်စားရမည်။ ထို့နောက်မှ တစ်ပင်လုံးကို အမြစ်ပါမကျန် နှုတ်ယူရမည်ဖြစ်ရာ ထိုသို့ပြုလုပ်မှသာ ပြည့်စုံသော ဓားရွက်ရွှမ်ယန်ပန်းကို ရရှိနိုင်မည်ဖြစ်သည်။'
ကမ္ဘာမြေရတနာတိုင်းသည် လူသားများ စားသုံးရန်အတွက် မွေးဖွားလာခြင်း မဟုတ်သဖြင့် ၎င်းတို့ကိုယ်တိုင် ကာကွယ်နိုင်စွမ်း ရှိကြပေသည်။
အကယ်၍ နည်းလမ်းမှန်ကို မသိရှိပါက အန္တရာယ်နှင့် ကြုံတွေ့ရနိုင်၏။
ဤဓားရွက်ရွှမ်ယန်ပန်းကဲ့သို့ပင် ရှေးယခင်ကတည်းက စနစ်တကျ မခူးဆွတ်မိ၍ လက်ပြတ်သွားသူများစွာ ရှိခဲ့ဖူးလေ၏။
သူသည် ရှေ့သို့ ဆက်လက်တိုးသွားပြီး ကျောက်ဆောင်ကြီးနှင့် နီးကပ်လာချိန်တွင် မထင်မှတ်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာ၏။
ရုတ်တရက် လေတိုးသံတစ်ခုနှင့်အတူ ခေါင်းပေါ်မှ လေပြင်းတစ်ချက် တိုက်ခတ်လာလေ၏။
'အပေါ်မှာ'
ချူလျန်သည် ချက်ချင်းပင် ခေါင်းမော့ကြည့်လိုက်ရာ မတ်စောက်လှသော တောင်နံရံပေါ်တွင် နွယ်ပင်များစွာ တွဲလောင်းကျနေသည်ကို မြင်လိုက်ရ၏။ ထိုအထဲမှ နွယ်ပင်တစ်ပင်ပေါ်တွင် လူတစ်ရပ်ခန့် ရှိသော အဖြူရောင် မျောက်အိုကြီးတစ်ကောင် တွဲခိုနေလေ၏။
သူသည် ဓားရွက်ရွှမ်ယန်ပန်းနှင့် နီးကပ်သွားချိန်တွင် ထိုမျောက်ဖြူကြီးမှာ ရုတ်တရက် ခုန်ဆင်းလာပြီး သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့၏။
ထိုမျောက်ဖြူကြီးသည် သူတို့နှင့်အတူပါလာသော ရွှေမွေးဟူမှာ အင်အားကြီးမားသည်ကို သိရှိသဖြင့် အစောပိုင်းက ပုန်းကွယ်နေခြင်း ဖြစ်ဟန်တူပြီး ယခုမှသာ အလစ်အငိုက် တိုက်ခိုက်လိုက်ခြင်း ဖြစ်ပေ၏။
ချူလျန်၏ နိုးကြားမှုကြောင့်သာ တော်တော့၏။ သူသည် ရတနာနှင့် နီးကပ်နေသော်လည်း ဝိညာဉ်အာရုံကို အနည်းငယ်မျှ လျှော့ချထားခြင်း မရှိပေ။
"ရွှေမွေးဟူ"
သူက အော်ဟစ်လိုက်၏။
သူသည် နောက်သို့ ဆုတ်လိုက်သလို တစ်ပြိုင်နက်တည်းမှာပင် လက်ဝှေ့ယမ်းကာ ရွှေမွေးဟူကို တိုက်ခိုက်ခိုင်းလိုက်သည်။
ထိုမျောက်ဖြူကြီး၏ အရှိန်အဝါအရ စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပုံရပြီး အလွန်ပင် ရက်စက်ကြမ်းကြုတ်လှသဖြင့် တစ်ဦးတည်းနှင့် ယှဉ်တိုက်ရန် မလွယ်ကူပေ။
ရွှေမွေးဟူမှာမူ ထိုအရာများကို ဂရုမစိုက်ပေ။ ချူလျန် ခေါ်စရာပင် မလိုဘဲ ၎င်းသည် ပြေးဝင်လာသော မျောက်ဖြူကြီးကို တွေ့ရှိသွားပြီ ဖြစ်၏။
၎င်းက ဟိန်းဟောက်လိုက်သံမှာ တစ်တောင်လုံးကို တုန်ခါသွားစေပြီး ရွှေရောင်အလင်းတန်းတစ်ခုကဲ့သို့ ပြေးဝင်တိုက်ခိုက်လိုက်တော့၏။
ဒုန်း...
ဖြူဆွတ်သော ပုံရိပ်နှင့် ရွှေရောင်ပုံရိပ်တို့မှာ မျက်စိတစ်မှိတ်အတွင်း တိုက်မိသွားကြပြီး ပြင်းထန်လှသော အသံကြီး တစ်ချက် ထွက်ပေါ်လာ၏။
ဒိန်း...
ထိုသို့ တိုက်မိပြီးနောက်တွင် ထူးဆန်းစွာပင် ရွှေမွေးဟူမှာ နောက်သို့ လွင့်စဉ်သွားလေ၏။
ဝုန်း...
၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်မှာ မြေပြင်ပေါ်တွင် မြောင်းတစ်ခု ဖြစ်သွားသည်အထိ လျှောတိုက်သွားပြီး မြေကြီးများမှာ တောင်ငယ်လေးသဖွယ် ပုံသွားတော့၏။
ကံကောင်းထောက်မစွာဖြင့် ၎င်းသည် အရေခွံနှင့် အသားမှာ အလွန်မာကျောလှသဖြင့် ဒဏ်ရာမရရှိဘဲ ချက်ချင်းပင် ပြန်ထလာကာ ပိုမိုကြမ်းကြုတ်သော အမူအရာ ပြသလာသည်။
တစ်ဖက်ရှိ မျောက်ဖြူကြီးမှာမူ ကျောက်ဆောင်ကြီးပေါ်သို့ သက်သောင့်သက်သာပင် ဆင်းသက်လိုက်လေ၏။
၎င်းသည် မိစ္ဆာတစ်ကောင် ဖြစ်သော်လည်း ဝတ်စုံတိုတစ်ခုကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်မှာ ကြွက်သားများဖြင့် တောင့်တင်းနေကာ လက်မောင်းများမှာ နဂါးများရစ်ခွေနေသကဲ့သို့ အားအင်အပြည့် ရှိနေပုံရသဖြင့် မြင်ရသူကို ကြောက်ရွံ့စေ၏။
၎င်းသည် ရွှေမွေးဟူကို ကြည့်ကာ လက်တစ်ဖက်ဖြင့် ကာကွယ်သည့် ပုံစံကို ဖမ်းလိုက်ပြီး ခေတ္တအကြာမှသာ ထိုပုံစံကို ပြန်ရုပ်သိမ်းလိုက်သည်။
"မင်းတို့က ဘယ်အင်မော်တယ်ဂိုဏ်းက တပည့်တွေလဲ... ဒီတောင်ကြားက ကျုပ်ရဲ့ ကျင့်ကြံရာဂူဗိမာန်ပဲ... အခုချက်ချင်း နောက်ဆုတ်ကြစမ်း"
မျောက်ဖြူကြီးက အော်ဟစ်ပြောဆိုလိုက်၏။
ချူလျန်က ပြန်လည်ဖြေကြားလိုက်သည်မှာ
"ကျွန်တော်တို့က အခု ဓားရွက်ရွှမ်ယန်ပန်း တစ်ပွင့်ကို လိုအပ်နေလို့ပါ... စီနီယာကသာ အဲဒါကို ပေးမယ်ဆိုရင် ကျွန်တော်တို့ ချက်ချင်း ပြန်သွားပါ့မယ်…ဒီနေရာမှာ ကမ္ဘာမြေရတနာတွေ ရှိနေတဲ့အကြောင်းကိုလည်း ဘယ်သူ့ကိုမှ ထုတ်ပြောမှာ မဟုတ်ပါဘူး"
"ဟမ့်"
မျောက်ဖြူကြီးက လက်ကို ခါယမ်းလိုက်ရင်း
"အိမ်မက်ယောင်နေတာပဲ"
ချူလျန်က နှုတ်ခမ်းကို မဲ့လိုက်သည်။
"မင်းကို အရေးတယူ ဆက်ဆံပေးနေတာကို တကယ်ပဲ ဒီရတနာတွေကို မင်းအိမ်နောက်ဖေးက ဟင်းသီးဟင်းရွက်ခင်း ထင်နေတာလား"
လင်းပေ့က ဒေါသတကြီး ဆဲဆိုလိုက်သည်မှာ
"တကယ်ကို အရှက်မရှိတဲ့ အကောင်ပဲ"
ချူလျန်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်၏။ ထိုစကားမှာ သူပြောချင်သည့် စကားများပင် ဖြစ်ပေ၏။
ဝူး…
ဟိန်းဟောက်သံနှင့်အတူ ရွှေမွေးဟူက တစ်ဖန် ပြန်လည်ပြေးဝင်သွားရာ မြေပြင်တစ်ခုလုံးပင် တုန်ခါသွားတော့၏။
မျောက်အိုကြီး၏ မျက်လုံးများမှာ ရက်စက်သော အရိပ်အယောင်များ ပေါ်လာပြီး လက်ကို မြှောက်ကာ အရှေ့တွင် လက်သီး၊ အနောက်တွင် လက်ဝါး ပုံစံဖြင့် အနေအထား ပြင်လိုက်၏။
ရွှေမွေးဟူ ပြေးဝင်လာသည်ကို မြင်သောအခါ ၎င်းသည် ခန္ဓာကိုယ်ကို ဝိုင်းလိုက်ပြီး အရှိန်ကို အသုံးချကာ ပြန်လည် တိုက်ခိုက်လိုက်လေ၏။
ဝုန်း...
ရွှေမွေးဟူ၏ ကြီးမားသော ခန္ဓာကိုယ်မှာ တစ်ဖန် လွင့်စဉ်သွားပြန်ပြီး မြေပြင်ပေါ်တွင် သုံးပတ်ခန့် လိမ့်သွားတော့၏။
ချူလျန်သည် ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြသွားမိ၏။
ဤမျောက်ဖြူကြီးမှာ အလွန်ဆုံးရှိလှ စတုတ္ထအဆင့် အထွတ်အထိပ်သာ ဖြစ်ပြီး ကျင့်ကြံမှုအဆင့်ရော ပါရမီပါ ပဉ္စမအဆင့် ဝိညာဉ်သားရဲနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ သို့သော် ၎င်းသည် ရွှေမွေးဟူ၏ တိုက်ခိုက်မှုကို ခုခံနိုင်ခြင်းမှာ တစ်ဖက်လူ၏ အားကို ပြန်လည်အသုံးချသည့် နည်းပညာကြောင့် ဖြစ်သည်။
၎င်းမှာ အမှန်တကယ်ပင် သိုင်းမဟာဆရာကြီးတစ်ဦး ဖြစ်နေသည်လော။
ရွှေမွေးဟူမှာမူ အရှုံးမပေးဘဲ မျောက်ဖြူကြီး၏ လက်သီးချက်များမှာလည်း ၎င်း၏ ခုခံမှုကို မဖောက်ထွင်းနိုင်သဖြင့် ပြန်ထကာ တိုက်ခိုက်ပြန်၏။
မျောက်ဖြူကြီးမှာမူ ခန္ဓာကိုယ်ကို လွှဲကာ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ပြီး ခြေထောက်ကို မြှောက်၍ ရွှေမွေးဟူ၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ကန်ချလိုက်လေ၏။
ဝုန်း...
ရွှေမွေးဟူမှာ ကြမ်းကြုတ်လှသော ဝိညာဉ်သားရဲ ဖြစ်သော်လည်း ဤမျောက်ဖြူကြီးမှာလည်း မွေးရာပါ မိစ္ဆာသားရဲခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသဖြင့် အားအင်မှာလည်း အားမနည်းပေ။
အနည်းဆုံးတော့ ချူလျန်၏ ကျားဆယ်ကောင်အားနှင့် နှိုင်းယှဉ်ပါက ၎င်းမှာ ပို၍ အားကောင်းလှပေ၏။
ထိုကန်ချက်ကြောင့် ထွက်ပေါ်လာသော အသံကြီးကြောင့် ချူလျန်နှင့် လင်းပေ့တို့မှာ မျက်နှာပျက်သွားကြ၏။ အကယ်၍ သူတို့သာ ထိုကန်ချက်ကို ခံရပါက ခေါင်းတစ်ခုလုံး ပေါက်ထွက်သွားပေလိမ့်မည်။
ဤမျောက်ဖြူကြီးမှာ မွေးရာပါ အရှိန်နှင့် အားအင်အရ ရွှေမွေးဟူကို မယှဉ်နိုင်သော်လည်း သိုင်းပညာအရမူ ၎င်းထက် အပြတ်အသတ် သာလွန်နေပြီး ခန္ဓာကိုယ်ချင်း တိုက်ခိုက်ရာတွင်ပင် အသာစီး ရနေလေ၏။
သို့သော် ရွှေမွေးဟူ၏ ခုခံနိုင်စွမ်းမှာလည်း အံ့မခန်းပင် ဖြစ်ပေ၏။ ၎င်းသည် ပြန်လည် ထလာပြီး ခေါင်းကြီးကို ခါယမ်းကာ မည်သည့်ဒဏ်ရာမှ မရရှိသကဲ့သို့ ပြန်လည် ရင်ဆိုင်နေ၏။
၎င်း၏ ပေါင်ငါးရာခန့် လေးသော ခေါင်းကြီးတွင် အနည်းဆုံး ပေါင်လေးရာခန့်မှာ ခုခံမှုအလွှာများ ဖြစ်နေဟန်တူပေ၏။
ဒုန်း... ဒုန်း... ဒုန်း...
ပြင်းထန်လှသော တိုက်ခိုက်မှုများမှာ ဆယ်ကြိမ်မက ဆက်တိုက် ဖြစ်ပေါ်နေပြီး တောင်ကြားအတွင်း၌ ဟိန်းသံများမှာလည်း မပြတ်ထွက်ပေါ်နေလေ၏။
ပတ်ဝန်းကျင်တွင် ဖုန်မှုန့်များ ထနေပြီး ပန်းပင်များစွာလည်း ပျက်စီးသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် တန်ဖိုးကြီးလှသော စိတ်ဝိညာဉ်ပင်များမှာမူ ထိခိုက်ခြင်း မရှိပေ။
ကြမ်းကြုတ်လှသော အရှိန်အဝါများမှာ ကောင်းကင်သို့ မြင့်တက်နေပြီး စစ်မှန်သော ခန္ဓာကိုယ်ချင်း တိုက်ခိုက်မှုမှာ ရိုးရှင်းသော်လည်း ပြင်းထန်လှပေသည်။
ဤအတောအတွင်း မျောက်ဖြူကြီးသည် ဆန်းကြယ်လှသော သိုင်းပညာများကို ထုတ်ဖော်ပြသသွား၏။
မိစ္ဆာသားရဲများ၏ တောင်ဖြိုနိုင်သော အားအင်များအောက်တွင် ထိုသိုင်းပညာများမှာ အစွမ်းအစကို အပြည့်အဝ ပြသနိုင်လေသည်။
မိစ္ဆာတစ်ကောင် ဖြစ်ပါလျက် ထိုကဲ့သို့သော သိုင်းမဟာဆရာကြီးအဆင့် သိုင်းကွက်များကို မည်သည့်နေရာမှ သင်ယူခဲ့သည်ကိုမူ မည်သူမှ မသိနိုင်ပေ။
သို့သော် ရွှေမွေးဟူမှာလည်း အားမနည်းလှပေ။ ထိုမျှလောက် များပြားလှသော တိုက်ခိုက်မှုများကို ခံယူထားသော်လည်း ၎င်း၏ တိုက်ခိုက်လိုစိတ်မှာ လျော့ကျမသွားဘဲ ပို၍ပင် ကြမ်းကြုတ်လာ၏။
၎င်းသည် မွေးရာပါ အသားအရေ မာကျောသူ ဖြစ်ပုံရပေသည်။
အချိန်ကြာလာသည်နှင့်အမျှ မျောက်ဖြူကြီးမှာမူ စတင်၍ မောပန်းနွမ်းနယ်လာသည့် လက္ခဏာ ပြလာသည်။
ချူလျန်သည် ထိုအခြေအနေကို မြင်တွေ့လိုက်ရပြီးနောက် ရုတ်တရက် အော်ဟစ်လိုက်သည်မှာ
"ရပ်လိုက်တော့"
ဝူး.…
ရွှေမွေးဟူသည် ထိုအသံကို ကြားသည်နှင့် တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး ၎င်း၏ ခေါင်းကြီးကို ချူလျန်ဘက်သို့ လှည့်လိုက်၏။
မျောက်ဖြူကြီးမှာလည်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး ချူလျန်ကို ရန်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ
"မင်း ဘာလုပ်ချင်တာလဲ"
ချူလျန်က ရှေ့သို့ လှမ်းတက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
"ကျွန်တော့်ရဲ့ ဝိညာဉ်သားရဲက စီနီယာကို ဘာမှမတတ်နိုင်သလို စီနီယာကလည်း သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူးဆိုတာကို ကျွန်တော် မြင်ပါတယ်…ဒီလိုမျိုး ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် စီနီယာအတွက်ပဲ အကျိုးမရှိ ဖြစ်ရလိမ့်မယ်"
မျောက်ဖြူကြီး၏ မျက်လုံးများမှာ တည်ငြိမ်သွား၏။
ချူလျန် ပြောသည်မှာ အမှန်တရားဖြစ်သည်ကို ၎င်း ဝန်ခံရမည် ဖြစ်ပေ၏။ ယခုကဲ့သို့သော တိုက်ပွဲမျိုးတွင် တတိယအဆင့် ကျင့်ကြံသူနှစ်ဦးမှာ ၎င်းအတွက် ထည့်တွက်နေရန် မလိုသော်လည်း ထိုရွှေမွေးဟူနှင့် ဆက်လက် တိုက်ခိုက်နေပါက နောက်ဆုံးတွင် နှစ်ဦးစလုံး အင်အားကုန်ခမ်းသွားကြလိမ့်မည်။
သို့သော် ၎င်းကိုယ်တိုင်က အရင်ဆုံး မောပန်းသွားမည့်ပုံ ပေါ်နေလေ၏။
ထိုအချိန်ကျမှသာ ထိုသူတို့မှာ လူအင်အားဖြင့် အသာစီး ယူနိုင်ပေလိမ့်မည်။
"မင်းက ဒီလိုမျိုးနဲ့ ကျုပ်ကို ခြိမ်းခြောက်ချင်တာလား"
မျောက်ဖြူကြီးက နှုတ်မှ အရှုံးမပေးဘဲ အေးစက်စွာ ပြန်မေးလိုက်၏။
"မဟုတ်ပါဘူး"
ချူလျန်က ခေါင်းခါရင်း ပြုံးလိုက်သည်
"ကျွန်တော် ပြောချင်တာက ဒီလိုမျိုး ဖြစ်နေမှတော့ ကျွန်တော်တို့ လောင်းကြေးတစ်ခု ထပ်ကြရင် မကောင်းဘူးလား"
"လောင်းကြေး ဟုတ်လား"
မျောက်ဖြူကြီးက ထပ်ဆင့် ရေရွတ်လိုက်၏။
"ဒီဓားရွက်ရွှမ်ယန်ပန်းက ဒီနေရာမှာ ကောင်းကင်နဲ့ မြေကမ္ဘာက မွေးဖွားပေးထားတာဆိုတော့ စီနီယာနဲ့လည်း မဆိုင်သလို ကျွန်တော်နဲ့လည်း မဆိုင်ပါဘူး"
ချူလျန်က ထပ်၍ ပြောလိုက်သည်မှာ
"ကျွန်တော်တို့ လောင်းကြေးတစ်ခု ထပ်လိုက်ရအောင်... ဒီနေ့ ဘယ်သူက အဲဒီပန်းကို လက်ဗလာနဲ့ အောင်အောင်မြင်မြင် ခူးဆွတ်နိုင်မလဲဆိုတာပဲ... ဘယ်သူ ခူးနိုင်မလဲဆိုရင် အဲဒီလူကပဲ ဓားရွက်ရွှမ်ယန်ပန်းကို ပိုင်ဆိုင်ရမယ်... ဘယ်လိုလဲ"
အခန်း (၁၆၆) - မမျှော်လင့်ထားသော အပြောင်းအလဲ
"ဓားရွက်ရွှမ်ယန်ပန်းကို လက်ဗလာနဲ့ ခူးမယ်ဆိုတာက..."
မျောက်ဖြူကြီးမှာ တစ်ချက်မျှ စဉ်းစားလိုက်ပြီးနောက် အေးစက်စက် ပြုံးလိုက်၏။
သူ၏မွေးရာပါ မိစ္ဆာခန္ဓာကိုယ်၊ မာကျောသော အရေပြားနှင့် နှစ်ပေါင်းများစွာ သိုင်းပညာကို ကျင့်ကြံထားမှုတို့ဖြင့်ပင် ထိုပန်းကို လက်ဗလာဖြင့် ခူးရန် မဝံ့ရဲချေ။
သိထားရမည်မှာ ဓားရွက်ရွှမ်ယန်ပန်း၏ ဓားကဲ့သို့သော အရွက်များကို သီးသန့်ခွဲထုတ်ကာ မှော်ဝင်ကိရိယာအဖြစ်ပင် သွန်းလုပ်နိုင်ပြီး အလွန်ထက်ရှလှပေသည်။ သာမန်လူတစ်ယောက်က မည်သို့သောနည်းကိုသုံး၍ လက်ဗလာဖြင့် ၎င်း၏ထက်ရှမှုကို ရင်ဆိုင်ရဲမည်နည်း။
သို့သော် ချူလျန်၏အမူအရာက ၎င်းကို အနည်းငယ် ထူးဆန်းသွားစေသည်။
‘တကယ်လို့ သေချာမှုတစ်စုံတစ်ရာသာမရှိဘူးဆိုရင် ဒီကောင်လေးက ဘာလို့ ဒီလိုစကားမျိုးကို ပြောရတာလဲ’
နောက်တစ်ဖန် ပြန်လည်စဉ်းစားကြည့်လိုက်ရာ ခန္ဓာကိုယ်ကို သန်မာစေနိုင်သော ဆန်းကြယ်သည့် မန္တန် သို့မဟုတ် ကျင့်စဉ်များရှိလျှင်ပင်၊ တတိယအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် မည်သို့မျှ မတတ်နိုင်သည်မှာ အသေအချာပင်။
သူက ဟန်လုပ်ပြီး ခြောက်လှန့်ရန် ကြွားလုံထုတ်နေခြင်းသာ ဖြစ်ရမည်။
မိမိကို လှည့်စား၍ လက်ဗလာဖြင့် ခူးခိုင်းကာ၊ မိမိသာ ဒဏ်ရာရသွားပါက ထိုရွှေမွေးဟူကို ဆက်လက် ရင်ဆိုင်နိုင်စွမ်း မရှိတော့ရန် ရည်ရွယ်ချက်ပေလော။
ချက်ချင်းဆိုသလိုပင် မျောက်ဖြူကြီးမှာ မိမိ၏ဉာဏ်ပညာဖြင့် တစ်ဖက်လူ၏လှည့်ကွက်ကို ဖောက်ထွင်းမြင်လိုက်ရပြီဟု ခံစားလိုက်ရပြီး နှုတ်ခမ်းထောင့်မှ အေးစက်စက် အပြုံးတစ်ခု ပေါ်လာတော့၏။
"ကောင်းပြီလေ"
၎င်းက ပြန်လည်တုံ့ပြန်လိုက်၏။
"ဒီဓားရွက်ရွှမ်ယန်ပန်းကို လက်ဗလာနဲ့ခူးဖို့ ငါ့ကိုယ်ငါတော့ မတတ်နိုင်ဘူးလို့ ခံယူထားတယ်…ဒါကြောင့်မင်းသာ လုပ်နိုင်မယ်ဆိုရင် မင်းပဲ ယူသွားလိုက်တော့”
“တကယ်လို့ မယူရဲဘူးဆိုရင်လည်း မင်းတို့တွေ အခုကတည်းက ထွက်သွားကြတော့"
မျောက်ဖြူကြီးက ဤကဲ့သို့ ပြန်လည်ကွက်ကျော်ရိုက်လိုက်ခြင်းမှာ၊ ၎င်း၏အမြင်တွင် ဤလူငယ်လေးအနေဖြင့် လုံးဝ သဘောတူရဲမည် မဟုတ်ဟု ထင်မှတ်ထားသောကြောင့် ဖြစ်လေသည်။
"ကောင်းပြီလေ"
ချူလျန်က ပြုံးလျက် ပြန်ဖြေလိုက်၏။
စကားသံပင် မဆုံးသေး၊ သူက ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ တက်သွားလေပြီ။
"ဟင်..."
မျောက်ဖြူကြီး၏ လူနှင့်တူသော မျက်နှာကြီးပေါ်တွင် နားမလည်နိုင်သော အမူအရာများ ပေါ်လာ၏။
ချူလျန်သည် ကျောက်တုံးကြီးပေါ်သို့ တက်သွားပြီး သူ၏ခြေသလုံးလောက်ရှိသော ဓားရွက်ရွှမ်ယန်ပန်းအုံကို ကြည့်လိုက်သည်။
နေမင်းကဲ့သို့ တောက်ပနေသော ပန်းပွင့်ကို ဖရိုဖရဲဟု ထင်ရသော ဓားပုံစံ အရွက်ရှည်အချို့က ဝန်းရံထားလေ၏။
လင်းပေ့နှင့် မျောက်ဖြူကြီးတို့က သူ၏အပေါ်သို့ အကြည့်ရောက်သွားချိန်တွင်ပင်၊ သူက လက်နှစ်ချောင်းကို ရုတ်တရက် ပူးလိုက်ပြီး လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာဖြင့် ရွှမ်ယန်ပန်း၏ ပင်စည်ကို ညှပ်လိုက်တော့သည်။
ရွှစ်...
ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင်၊ အရွက်ရှည် ရှစ်ခုက ချက်ချင်းဆိုသလို မတ်မတ်ဖြစ်သွားပြီး ဓားသွားများကဲ့သို့ ထက်ရှလှစွာဖြင့် အနည်းငယ်ယိမ်းယိုင်ကာ ပိတ်ချလိုက်၏။
သံမဏိလက်ဖြစ်နေလျှင်ပင် ပြတ်တောက်သွားနိုင်ပေသည်။
ချွင်...
သို့သော် ထိုဓားရွက်များက ချူလျန်၏လက်ချောင်းများအပေါ်သို့ ရောက်ရှိသွားသောအခါ၊ သတ္တုချင်း ရိုက်ခတ်သံ ထွက်ပေါ်လာပြီး ပိတ်၍မရတော့ချေ။
'ဘာ...'
မျောက်ဖြူကြီး၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။
မျောက်၏လက်ချောင်းများမှာ အသန်မာဆုံးဖြစ်ပြီး တစ်ချောင်းချင်းစီတိုင်းက ခွန်အားကြီးမားလှ၏။ သို့သော် ၎င်း၏လက်နှစ်ချောင်းဖြင့်ပင် ဤကဲ့သို့ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
သေချာစွာ ထပ်မံကြည့်ရှုလိုက်သောအခါ၊ အမှန်တကယ်တမ်း ထိုဓားရွက်များက ချူလျန်၏လက်ချောင်းအရေပြားနှင့် အသားထဲသို့ အနည်းငယ် စိုက်ဝင်နေပြီ ဖြစ်သည်။
သို့သော် သူ၏အရိုးများနှင့် ထိတွေ့သွားသောအခါ ကြီးမားလှသော ခုခံမှုနှင့် ရင်ဆိုင်လိုက်ရခြင်း ဖြစ်၏။
'ဒါက ဘာအကြောင်းရင်းများလဲ...'
မျောက်ဖြူကြီး၏ နားမလည်နိုင်သော အကြည့်များကြားတွင်ပင်၊ ချူလျန်က လက်နှစ်ချောင်းကို အားပြုလိုက်ပြီး ရွှမ်ယန်ပန်းပင်စည်ကို ချိုးဖြတ်ခူးယူလိုက်ရာ၊ ပူလောင်နေသော အရည်များက ချက်ချင်းဆိုသလို ပန်းထွက်လာတော့သည်။
"အလျှော့ပေးတဲ့အတွက် ကျေးဇူးပါ"
သူက မျောက်ဖြူကြီးကို ပြုံးပြကာ မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်၏။
"မင်း..."
မျောက်ဖြူကြီးမှာ မကျေနပ်နိုင်သေးသော်လည်း၊ တစ်ဖက်လူတွင် ရွှေမွေးဟူ အစောင့်အရှောက် ရှိနေသောကြောင့် မည်သို့မျှ မတတ်နိုင်တော့ချေ။
ချူလျန် ပြန်ရောက်လာသည်ကို မြင်သောအခါ လင်းပေ့က အနားသို့ကပ်လာပြီး မေးလိုက်၏။
"မင်း အဲဒါကို ဘယ်လိုလုပ်လိုက်တာလဲ"
"ဟီးဟီး..."
ချူလျန်က လက်နှစ်ချောင်းကို ထောင်ပြကာ ရမ်းပြလိုက်၏။
"ငါ့ရဲ့ ဒီလက်ချောင်းတွေက သာမန်မဟုတ်ဘူးကွ"
ယခင်က မြူခိုးချိုင့်ဝှမ်းတွင် သူအားဖြည့်ထားခဲ့သော လက်နှစ်ချောင်းမှာ သံမဏိနှင့် ကျောက်တုံးများကဲ့သို့ မာကျောသည်ဟု ဆိုသော်လည်း အမှန်တကယ်တော့ တင်စားချက်တစ်ခုသာ ဖြစ်သည်။
တကယ်တမ်း စိတ်ဝိညာဉ်စွမ်းအင် ပံ့ပိုးမှုအောက်ရှိ လက်နှစ်ချောင်းမှာ သာမန်သတ္တုများထက်ပင် အဆပေါင်းများစွာ ပိုမိုမာကျောနေပေ၏။
သူတို့နှစ်ဦးလည်း ထိုနေရာတွင် အကြာကြီး ဆက်မနေတော့ဘဲ၊ မျောက်ဖြူကြီး ရုတ်တရက် တိုက်ခိုက်လာမည်ကို သတိထားရင်း ချိုင့်ဝှမ်းထဲမှ ထွက်ခွာလာခဲ့ကြသည်။
ထို့နောက် ရှေ့ဆင့်နောက်ဆင့် ရွှေမွေးဟူပေါ်သို့ တက်ကာ အဝေးသို့ ပျံသန်းသွားကြတော့၏။
သို့သော် သူတို့ ထွက်သွားပြီးနောက် မျောက်ဖြူကြီး၏အေးစက်စက် အကြည့်များ ပေါ်ထွက်လာသည်ကိုမူ မသိလိုက်ကြချေ။
...
ဤကဲ့သို့ အချိန်ကုန်သွားပြီးနောက် ကောင်းကင်မှာ မှောင်စပြုနေလေပြီ။
ရှုတောင်သည် ဤနေရာနှင့် အတော်လေးဝေးကွာပြီး၊ အကယ်၍ ပြန်မည်ဆိုပါက ညဉ့်နက်သွားနိုင်ပေသည်။
ချူလျန်နှင့် လင်းပေ့တို့ တိုင်ပင်လိုက်ပြီးနောက် ဤနေရာတစ်ဝိုက်တွင် နေရာတစ်ခုရှာ၍ တည်းခိုရန်နှင့်၊ နောက်နေ့ မနက်ခင်းရောက်မှသာ ရှုတောင်သို့ ပြန်ရန် ဆုံးဖြတ်လိုက်ကြ၏။
အဓိကအကြောင်းရင်းမှာ ဤနေရာသည် အရှေ့ဘက်ပင်လယ်၏ ယန်ကျိုးမြို့နှင့် နီးကပ်နေသောကြောင့် ဖြစ်သည်။
အရှေ့ဘက်ဒေသရှိ မြို့များမှာ တောင်ပိုင်းဒေသနှင့် မတူဘဲ တစ်မြို့စီတိုင်းက အလွန်စည်ကားလှ၏။ တောက်ထျယ်မြို့နှင့် နှိုင်းယှဉ်ပါက ကျင့်ကြံသူအရေအတွက် နည်းပါးခြင်းသာရှိပြီး၊ စည်ကားသိုက်မြိုက်မှု အပိုင်းတွင်မူ သာလွန်နေသေးသည်။
လင်းပေ့မှာ ပြီးခဲ့သောအကြိမ်က ဤနေရာသို့ ရောက်ခဲ့စဉ်က၊ မီးဝိညာဉ်မှိုကို စားသုံးရန် အမြန်ပြန်ခဲ့ရသဖြင့် လျှောက်လည်ရန် အချိန်မရခဲ့ချေ။ ယခု သူတို့နှစ်ဦးစလုံး၏အတွေးထဲတွင် ဤနေရာ၌ တစ်ပတ်ခန့် လျှောက်လည်ရန် စဉ်းစားနေကြ၏။
အရှေ့ဘက်ဒေသ၏ ဓလေ့စရိုက်များကို ခံစားကြည့်ရန်ပင်။
သို့သော် မြို့တံခါးဝသို့ ရောက်သည်နှင့် လက်တွေ့ဘဝက သူတို့အပေါ် ရေအေးတစ်ခွက် ပက်လောင်းချလိုက်တော့သည်။
"ဒီပဉ္စမအဆင့် ဝိညာဉ်သားရဲက အရမ်း ကြမ်းတမ်းလွန်းတယ်"
မြို့စောင့်စစ်သားမှာလည်း သိုင်းပညာကျင့်ကြံသူဖြစ်ပြီး ဒုတိယအဆင့်ခန့် ရှိကာ၊ ရွှေမွေးဟူကို ရင်ဆိုင်ရာတွင် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိဘဲ ပြောဆိုလာ၏။
"ဥပဒေအရ မြို့ထဲကို ဝင်ခွင့်မပြုနိုင်ဘူး"
ယွီမင်းဆက်သည် ပြည်သူများကို ကာကွယ်ရန်အတွက်၊ ကြီးမားသော မိစ္ဆာသားရဲများကို သာမန်လူတို့၏ မြို့ရွာများအတွင်းသို့ ဝင်ရောက်ခွင့် လုံးဝ မပြုထားချေ။
ချူလျန်နှင့် လင်းပေ့တို့မှာ အမြဲတမ်းလိုလို ရှုတောင်ပေါ်တွင်သာ ကျင့်ကြံနေခဲ့ကြပြီး၊ ယခင်ကလည်း စီးတော်ယာဉ် မရှိခဲ့ဖူးသဖြင့် ဤကိစ္စကို သိပ်မသိခဲ့ကြပေ။
"ဟာ..."
သူတို့နှစ်ဦးလုံး အလွန် စိတ်ပျက်သွားကြ၏။ ရွှေမွေးဟူကို မြို့အပြင်ဘက်တွင် ထားခဲ့ပြီး သူတို့ချည်းသာ ဝင်လည်ရန်မှာလည်း မဖြစ်နိုင်ချေ။ ခေါင်းကြီးကောင်ကို ရှုတောင်သို့ သူ့ချည်းသက်သက် ပြန်ခိုင်းရန်မှာလည်း လမ်းခရီးတစ်လျှောက် စိတ်မချရပေ။
ကောင်းကင်ကလည်း မှောင်တော့မည်ဖြစ်ရာ၊ သူတို့လည်း မြို့အပြင်ဘက်ရှိ တည်းခိုခန်းတစ်ခုတွင်သာ တည်းခိုရန် ဆုံးဖြတ်လိုက်ကြရသည်။
ယန်ကျိုးမြို့သည် ကြီးမားသော မိစ္ဆာသားရဲများကို ဝင်ခွင့်မပြုသောကြောင့်၊ မြို့အပြင်ဘက်တွင် ဤကျင့်ကြံသူများအတွက် သီးသန့် ဖွင့်လှစ်ထားသော တည်းခိုခန်းများ ရှိနေခြင်းက သဘာဝပင် ဖြစ်၏။
သူတို့ တည်းခိုသော ဤဆိုင်တွင်လည်း ထိုကဲ့သို့ ကြီးမားသော သတ္တဝါများကို ထားရှိရန် တောင်နောက်ဘက် ခြံဝင်းကြီးတစ်ခု သီးသန့် ရှိလေသည်။
ရွှေမွေးဟူကို အောက်ထပ် ခြံဝင်းထဲတွင် ချည်နှောင်ထားလိုက်ပြီး စောင့်ရှောက်မည့်သူ သီးသန့်ရှိလေ၏။ ချူလျန်နှင့် လင်းပေ့တို့မှာမူ အပေါ်ထပ်တွင် အနားယူကြသည်။
ဤကဲ့သို့ ရှုပ်ယှက်ခတ်ပြီးနောက်၊ လှဲလျောင်းအိပ်စက်ချိန်တွင် လမင်းမှာ ကောင်းကင်အလယ်သို့ပင် ရောက်နေချေပြီ။
သို့သော် အချိန်သိပ်မကြာလိုက်ခင်မှာပင်၊ ဟိန်းဟောက်သံကြီးတစ်ခုကို ကြားလိုက်ရလေသည်။ ခြံဝင်းအတွင်း နေရာချထားသော မိစ္ဆာသားရဲများအားလုံး လန့်ဖြန့်သွားကြတော့၏။
ချူလျန်မှာ ချက်ချင်း လန့်နိုးသွား၏။ ဤသည်မှာ ရွှေမွေးဟူ၏ ဟိန်းဟောက်သံပင်။
သူက ကုတင်ပေါ်မှ လှိမ့်ဆင်းကာ ပြတင်းပေါက်အပြင်သို့ ခုန်ထွက်လိုက်ရာ၊ ရွှေမွေးဟူ၏လည်ပင်းရှိ သံကြိုးမှာ မည်သည့်အချိန်က ပြုတ်ထွက်သွားသည်မသိ၊ ခေါင်းကြီးကောင်က ယခုအခါ လူပုလေးတစ်ယောက်ကို အလွန် ကြမ်းတမ်းစွာ ရန်မူနေပြီး၊ ထိုသူမှာ ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်တွင် ဖင်ထိုင်ကျလျက် ခြေထောက်များ တုန်ယင်နေသည်ကို မြင်လိုက်ရသည်။
၎င်း၏ဘေးတွင်မူ ခေါင်းပြတ်နေသော ခန္ဓာကိုယ်တစ်ခု ရှိနေပြီး သွေးများ မြေပြင်အနှံ့ စီးကျနေလေ၏။
'သောက်ကျိုးနည်း...'
ဒီမြင်ကွင်းကို ကြည့်ရသလောက် ရွှေမွေးဟူက လူသတ်လိုက်တာလား။ သို့သော် ချူလျန်က ချက်ချင်း တွေးမိလိုက်သည်မှာ၊ ၎င်းသည် သာမန်အားဖြင့် အပြင်လူများကို ကြမ်းတမ်းစွာ ဆက်ဆံတတ်သော်လည်း အရိုင်းအစိုင်းသားရဲ မဟုတ်ဘဲ စိတ်ဝိညာဉ်သားရဲပင် ဖြစ်လေသည်။
အကြောင်းမဲ့သက်သက် လူ့အသက်ကို ယူမည်မဟုတ်ချေ။ သေချာပေါက် တစ်ခုခုတော့ ဖြစ်ပျက်ခဲ့ရပေမည်။
သူတစ်ယောက်တည်းသာ မဟုတ်ဘဲ၊ မကြာမီမှာပင် အရပ်လေးမျက်နှာမှ လူရိပ်များ စုရုံးလာကြ၏။ ဤတည်းခိုခန်းတွင် ကျင့်ကြံသူများစွာ တည်းခိုနေပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် လူများ အုံဖွဲ့လာကြတော့သည်။
လူများပြားလာသည်ကို မြင်သောအခါ၊ မြေပြင်ပေါ်တွင် ထိုင်နေသော ထိုအမျိုးသားမှာ ချက်ချင်း သတ္တိမွေးလိုက်ပြီး အော်ဟစ်လိုက်တော့၏။
"ဒီမိစ္ဆာသားရဲက လူစားတယ်ဗျ…ဒီမိစ္ဆာသားရဲက လူစားတာပါ။ အစောင့်စစ်သားတွေကို မြန်မြန် သွားခေါ်ပေးကြပါဗျို့..."
"ဂရူး..."
သူက ရွှေမွေးဟူကို လက်ညှိုးထိုးကာ ထိုသို့ အော်ဟစ်လိုက်သဖြင့် ၎င်းကို ပိုမို ဒေါသထွက်သွားစေ၏။ ပါးစပ်ကြီးကို ဟလိုက်ပြီး ဟိန်းဟောက်လိုက်ရာ၊ အသံကြောင့်ပင် ထိုအမျိုးသားကို သေစေနိုင်လောက်ပေသည်။
"ရပ်လိုက်စမ်း..."
ချူလျန်က အလျင်အမြန် အော်ဟစ်တားမြစ်လိုက်၏။
သေပြီးသူအတွက် ရှင်းပြစရာ မရှိတော့သော်လည်း၊ လူအများရှေ့တွင် နောက်ထပ်တစ်ယောက်ကို ထပ်သတ်လိုက်ပါက လုံးဝ ဖြေရှင်း၍ရတော့မည် မဟုတ်ချေ။
"ဘာဖြစ်တာလဲ"
လင်းပေ့လည်း အနားသို့ ရောက်လာ၏။
ဤအချိန်တွင် တည်းခိုခန်းအတွင်းရှိ ဧည့်သည်အားလုံးနီးပါး ထွက်လာကြပြီး၊ လူအများအပြားက လက်ညှိုးထိုးကာ ပြောဆိုနေကြသည်။
တချို့ကလည်း တိုင်တန်းရန် ပြေးသွားကြလေပြီ။ ရွှေမွေးဟူ၏စွမ်းအားကြီးမားမှုကိုသာ မကြောက်ရွံ့ပါက၊ လူအချို့က ၎င်းကို ဝင်ရောက် ဖမ်းဆီးထားလောက်ပြီ ဖြစ်၏။
ပဉ္စမအဆင့် ဝိညာဉ်သားရဲဖြစ်စေ၊ ရှုတောင်ဂိုဏ်းမှ တပည့်ဖြစ်စေ၊ သာမန်လူများကို အမှန်တကယ် သတ်ဖြတ်ပါက ယွီမင်းဆက်၏အစိုးရကလည်း ခွင့်လွှတ်ထားမည် မဟုတ်ပေ။
အထူးသဖြင့် မကြာသေးမီ နှစ်များအတွင်း၊ မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းမှ တပည့်များသည် သာမန်ပြည်သူများအား အန္တရာယ်ပြုခြင်းကို ကြီးလေးသော တားမြစ်ချက်အဖြစ် သတ်မှတ်ထားလေသည်။
ချူလျန်အနေဖြင့် ဘာတွေဖြစ်ပျက်ခဲ့သည်ကို မသိသော်လည်း၊ လက်ရှိ အခြေအနေက အသေးစိတ် စဉ်းစားနေရန် အချိန်မပေးတော့ချေ။ သူက လက်ကို မြှောက်လိုက်ရာ အနီရောင်အလင်းတန်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ထိုအမျိုးသားကို ရစ်ပတ်ချည်နှောင်လိုက်တော့၏။
"ရွှေမွေးဟူ၊ တံခါးကို စောင့်ထားလိုက်"
ချူလျန်က လိပ်ခွံပုံစံဖြင့် ချည်နှောင်ခံထားရသော ထိုအမျိုးသားကို ဆွဲမလိုက်သည်။
"စစ်သားတွေ မရောက်လာခင်၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အရင် မေးရမယ်"
ခြံဝင်းအတွင်းရှိ ကျင့်ကြံသူအားလုံးမှာ၊ ချူလျန်က ထိုသူကို အခန်းထဲသို့ ဆွဲသွင်းသွားသည်ကို ကြည့်နေကြရ၏။ ရွှေမွေးဟူက စောင့်ကြပ်နေသောကြောင့် မည်သူမျှ ရှေ့ထွက်၍ မပြောရဲကြချေ။
ဤကျင့်ကြံသူအများစုမှာ အဆင့်နိမ့်များဖြစ်ရာ၊ ပဉ္စမအဆင့်ရှိသော မိစ္ဆာကြီးကို မည်သို့ ရန်စရဲမည်နည်း။
"ချူလျန်၊ မင်း ဘာလုပ်မလို့လဲ"
အခန်းထဲတွင် လင်းပေ့မှာလည်း အလွန် အံ့အားသင့်နေပြီး၊ ယခုလေးတင် ဖြစ်ပျက်သွားသမျှကို နားမလည်နိုင်အောင် ဖြစ်နေ၏။
"သူက နစ်နာသူ မဟုတ်ဘူးလား"
"ရွှေမွေးဟူက အလွယ်တကူ လူကိုမတိုက်ခိုက်ဘူးဆိုတာ ငါယုံတယ်"
ချူလျန်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"အရေးအကြီးဆုံးက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အမြန်ဆုံး ရှင်းရှင်းလင်းလင်း သိဖို့ပဲ…အကယ်လို့ သူက တကယ် နစ်နာသူဆိုရင်၊ ငါတို့ဘက်က တာဝန်ယူရမှာပေါ့။ ဒါပေမဲ့ အခုတော့..."
ဘုန်း... ဆိုသော အသံနှင့်အတူ၊ သူက ထိုအမျိုးသားကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး အေးစက်သောအသံဖြင့် ပြောလိုက်၏။
"ငါ မေးမယ်၊ မင်း ဖြေရမယ်"
ထိုစကားကို ပြောနေစဉ်မှာပင်၊ သူက ရင်ခွင်ထဲမှ အနက်ရောင်ဖယောင်းတိုင်တစ်တိုင်ကို ထုတ်ယူကာ လက်ထဲတွင် မီးညှိလိုက်လေသည်။
လင်းပေ့က တင်းကြပ်စွာ ချည်နှောင်ခံထားရသော အမျိုးသားကို တစ်လှည့်၊ ချူလျန်၏လက်ထဲမှ ဖယောင်းတိုင်ကို တစ်လှည့်... မိစ္ဆာချုပ်နှောင်ကြိုးကို ကြည့်လိုက်၊ ဖယောင်းတိုင်ကို ကြည့်လိုက်နှင့်...
ကျောရိုးမှနေ၍ အေးစိမ့်သော ခံစားချက်တစ်ခု ရုတ်တရက် တက်လာတော့၏။
'သောက်ကျိုးနည်း... ချူလျန်ရဲ့ တိုးတက်လာမှုက... ငါတောင် အံ့သြရလောက်အောင် ပုံမှန်မဟုတ်တော့တဲ့အဆင့်ကို ရောက်သွားပြီပဲ...'