အခန်း (၁၆၇-၁၆၈)
Vol. 17 Ch. 167-168
အခန်း (၁၆၇) - ကျုပ်က သူနဲ့ အရင်းနှီးဆုံးပဲ
"ရော့"
အခန်းထဲတွင် လင်းပေ့က ခါးပတ်ကို ရုတ်တရက်ဖြုတ်ကာ ချူလျန်ထံသို့ ကမ်းပေးလိုက်၏။
"ဘာလုပ်ဖို့လဲ"
တည်ကြည်လေးနက်နေသော ချူလျန်မှာ သူ၏အပြုအမူကို မြင်လိုက်ရချိန်တွင် ရုတ်တရက် ကြောင်အသွားလေ၏။
"မင်း သူ့ကို ကြိုးတုပ်ထားသလို ဖယောင်းတိုင်တွေလည်း ထွန်းထားပြီးပြီပဲ..ကြာပွတ်မပါရင် တစ်ခုခု လိုနေသလို ခံစားရလို့ပါ”
“ဒါလေးနဲ့ အစားထိုးလိုက်”
"..."
ချူလျန်က ထိုစိတ်မမှန်သူအား စကားမဆိုနိုင်စွာ ကြည့်နေမိ၏။ လင်းပေ့ကလည်း သူ့ရှေ့ရှိ ထိုလူကို နှိမ့်ချသင်ယူလိုသော မျက်နှာထားဖြင့် ပြန်လည်ကြည့်နေလေသည်။
"ငါ့ဟာက အဲဒီလို ဖယောင်းတိုင်မျိုး မဟုတ်ဘူးလေ..."
ချူလျန်က ဆက်၍ ရှင်းပြလိုက်၏။
"ဒါက သူ လိမ်ပြောနေခြင်း ရှိ၊ မရှိ စစ်ဆေးနိုင်တဲ့ စိတ်ရောင်ပြန်ဖယောင်းတိုင်ပဲ"
ထိုသို့ပြောရင်း သူက အနက်ရောင်ဖယောင်းတိုင်ကို စားပွဲပေါ်၌ တင်လိုက်ရာ ဖယောင်းတိုင်အလင်းရောင်က အမျိုးသား၏ ကိုယ်ခန္ဓာကို ထိုးကျသွားပြီး နံရံပေါ်တွင် ရှည်လျားသော အရိပ်ကြီးတစ်ခုကို ဖြစ်ပေါ်စေလေသည်။
ထိုအမျိုးသားမှာ အသက် သုံးဆယ်၊ လေးဆယ်ခန့်ရှိပြီး အသားအရေမည်းကာ အရပ်အမောင်းလည်း မမြင့်ပေ။ ယခုအချိန်၌ ကြိုးတုပ်ခံထားရပြီး မြေပြင်ပေါ်တွင် လဲကျနေကာ မျက်နှာပေါ်၌ ထိတ်လန့်နေသော အမူအရာများ အပြည့်ဖြစ်နေ၏။
ချူလျန်က ၎င်းမှာ စိတ်ရောင်ပြန်ဖယောင်းတိုင်ဖြစ်ကြောင်းနှင့် ထိုကိစ္စအတွက် အသုံးပြုခြင်းမဟုတ်ကြောင်း ပြောသည်ကို ကြားသောအခါ သူက သက်ပြင်းတစ်ချက် ချလိုက်မိ၏။
သို့သော် ချက်ချင်းပင် လေတစ်ချက် ပြန်ရှူသွင်းလိုက်ပြီး မျက်နှာအမူအရာမှာ တင်းမာလာလေသည်။
ချူလျန်က
"အခု ငါ မင်းကို မေးမယ်…မင်းနဲ့ မြေပြင်ပေါ်မှာ သေနေတဲ့သူက အတူတူပဲလား”
“မင်းတို့တွေ ဘာလာလုပ်ကြတာလဲ"
"ကျွန်တော် မသိဘူး..."
အမျိုးသားက ချက်ချင်း ခေါင်းခါပြလေသည်။
"မင်း တိတ်တိတ်နေပိုင်ခွင့် ရှိတယ်”
“ ဒါပေမဲ့ စစ်သားတွေရောက်လာရင် မင်းကို ရွှေမွေးဟူဆီ ချက်ချင်း ကျွေးပစ်မယ်… ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်စားစား၊ နှစ်ယောက်စားစား သူ့အတွက်တော့ အတူတူပဲ"
"မလုပ်ပါနဲ့၊ မလုပ်ပါနဲ့"
အမျိုးသားမှာ ထိုစကားကို ကြားသောအခါ ချက်ချင်း အထိတ်တလန့်ဖြစ်သွား၏
"ကျွန်တော်က... ကျွန်တော်က လမ်းကြုံလို့ ဖြတ်သွားရင်း အဲဒီဝိညာဉ်သားရဲ လူစားနေတာကို မြင်လိုက်ရရုံပါ..."
ဝှီး….
သူ၏စကားအဆုံးတွင် စိတ်ရောင်ပြန်ဖယောင်းတိုင်မှာ လေမတိုက်ဘဲ ရုတ်တရက် ယိမ်းထိုးသွားပြီး နံရံပေါ်ရှိ သူ၏အရိပ်မှာ ဝိုးတဝါးဖြစ်သွားကာ အလွန် ထူးဆန်းနေလေသည်။ အချိန်အတော်ကြာမှသာ ငြိမ်သက်သွား၏။
"မင်း လိမ်ပြောနေတယ်ဆိုတာကို သက်သေပြနေတာ မင်းကိုယ်တိုင်လည်း မြင်နိုင်လောက်တယ်လို့ ယုံကြည်တယ်"
ချူလျန်၏မျက်နှာမှာ ရေပြင်လို တည်ငြိမ်နေလေသည်။
"ကျွန်တော်..."
အမျိုးသားက သွားကြိတ်ကာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြန်ပြောလာ၏
"တကယ်တော့ ကျွန်တော်တို့က ဝိညာဉ်သားရဲကို လာခိုးကြတာပါ…သူက တန်ဖိုးရှိမယ်ထင်လို့ လိုချင်..."
ဝှီး….
စိတ်ရောင်ပြန်ဖယောင်းတိုင်မှာ ထပ်မံ၍ ရူးသွပ်စွာ ယိမ်းထိုးလာပြန်လေသည်။
လင်းပေ့က မျက်မှောင်ကြုတ်လိုက်ကာ
"ရွှေမွေးဟူကိုပဲ တိုက်ရိုက်ကျွေးလိုက်ရအောင်.. သူလည်း တစ်နေကုန် ဗိုက်ဆာနေတာ၊ စောစောက တစ်ယောက်နဲ့တင် စားလို့ဝလောက်မှာ မဟုတ်ဘူး"
"မလုပ်ပါနဲ့ဗျာ"
အမျိုးသားက ချက်ချင်း တောင်းပန်လာ၏။
"ကျွန်တော့်မိသားစုက မျိုးဆက်ကိုးဆက်တိုင် သားယောကျ်ားလေး တစ်ယောက်တည်း ဆင်းသက်လာတာပါ”
“ကျွန်တော် မျိုးဆက်ချန်ထားဖို့တောင် အချိန်မရသေးလို့ ကျွန်တော့်ကို မသတ်ကြပါနဲ့ဗျာ"
ဝှီး။
စိတ်ရောင်ပြန်ဖယောင်းတိုင်မှာ ထပ်မံ ယိမ်းထိုးလာပြန်သည်။
"..."
လင်းပေ့က စကားမဆိုနိုင်စွာ ပြောလိုက်၏။
"မင်းက အသက်ချမ်းသာခွင့် တောင်းတာတောင် လိမ်နေသေးတာပဲ"
"ကျွန်တော် မလိမ်ပါဘူး"
အမျိုးသားက အနည်းငယ် ရှက်ရွံ့သွားပြီး ပြောလာ၏။
"ကျွန်တော့်အိမ်ဘေးက အိမ်နီးချင်းမှာ သားတစ်ယောက်ရှိတယ်…တကယ်တော့ သူက ကျွန်တော့်ကလေးပါ”
“ဒီကိစ္စကို ပုံမှန်ဆို ကျွန်တော်လည်း သိပ်သတိမရဘူးလေ... ဒီတစ်ယောက်တည်း ရှိတာဆိုတော့ ကျွန်တော့်ကို လုပ်ကျွေးနိုင်မှာလည်း မဟုတ်ဘူး..."
ဝှီး….
စိတ်ရောင်ပြန်ဖယောင်းတိုင်မှာ ထပ်မံ ယိမ်းထိုးလာပြန်၏။
"ဟင်"
အမျိုးသားမှာ အလွန် အံ့အားသင့်သွားပြီး ခေတ္တမျှ တွေးတောလိုက်လေသည်။ ထို့နောက် မျက်နှာအရောင်ပြောင်းသွားကာ ပြောလာ၏
"မုဆိုးမလင်းရဲ့ ကလေးကလည်း ကျွန်တော့်ကလေးပဲ ဖြစ်နေမလား…ဒါတော့ ကျွန်တော် တကယ် မထင်ထားခဲ့ဘူး"
'ကောင်းလိုက်လေ၊ မင်းက တကယ်ကို သေတာတောင် နည်းသေးတဲ့ကောင်ပဲ...'
ချူလျန်က စိတ်ထဲမှ ကျိန်ဆဲလိုက်၏။
လင်းပေ့ကလည်း သက်ပြင်းချလိုက်ကာ
'တကယ်ကို ငါတို့မျိုးဆက်ရဲ့ စံပြပုဂ္ဂိုလ်ကြီးပဲ'
ချူလျန်က ခြိမ်းခြောက်လိုက်၏
"ငါ မင်းကို နောက်တစ်ကြိမ် အခွင့်အရေး ထပ်ပေးမယ်။ ငါ့ရဲ့ စိတ်ရောင်ပြန်ဖယောင်းတိုင်ကို ထပ်အလဟဿ မဖြုန်းတီးနဲ့တော့…နောက်တစ်ခွန်း ထပ်လိမ်တာနဲ့ ရွှေမွေးဟူဆီ ချက်ချင်း ကျွေးပစ်မယ်"
"ကျွန်တော်..."
အမျိုးသားမှာ ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။
"ကောင်းပါပြီ"
ထိုအခါမှသာ သူက အမှန်တရားကို စတင်ပြောပြတော့သည်။
တကယ်တော့ သူနှင့် သေဆုံးသွားသူတို့မှာ ယန်ကျိုးမြို့ထဲရှိ အောက်တန်းစား လူဆိုးများသာ ဖြစ်ကြ၏။
ပုံမှန်အချိန်များတွင် မုဆိုးမအိမ်များကို နှောင့်ယှက်ခြင်း၊ အမွေဆက်ခံသူမရှိသော သင်္ချိုင်းများကို တူးဖော်ခြင်းတို့ ပြုလုပ်ကာ ငွေရလမ်းရှာလေ့ရှိကြ၏။
စောစောပိုင်းက ဇိမ်ခံအဝတ်အစားများ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ရောက်လာပြီး ဝိညာဉ်သားရဲတစ်ကောင်ကို ခိုးယူရာတွင် ကူညီပေးရန် သူတို့ကို ခိုင်းစေခဲ့လေသည်။
သူတို့မှာ ရဲတင်းကြသော်လည်း ထိုသို့သောအလုပ်မျိုးကိုမူ လက်ခံရန် မဝံ့ရဲခဲ့ကြပေ။
သို့သော် ထိုအဘိုးအိုက ငွေအမြောက်အမြား ပေးခဲ့သည့်အပြင် ကိစ္စအောင်မြင်ပါက ကျန်တစ်ဝက်ကိုပါ ထပ်ပေးမည်ဟု ဆိုကာ ပိုးကြိုးချည်သေတ္တာတစ်လုံးကို ထုတ်ပေးခဲ့၏။
ရွှေမွေးဟူ၏ သံကြိုးကို ဖြုတ်ပြီး ထိုသေတ္တာကို ဖွင့်လိုက်ပါက ရွှေမွေးဟူမှာ သူတို့နောက်သို့ လိမ္မာစွာ လိုက်လာလိမ့်မည်ဟု အဘိုးအိုက ပြောခဲ့လေသည်။
ငွေကြေးက လူကို သွေးဆောင်နိုင်စွမ်းရှိပြီး အဘိုးအိုပြောပုံမှာလည်း သိပ်မခက်ခဲလှသည်မို့ သူတို့နှစ်ဦးက သဘောတူခဲ့ကြကာ ညဘက်တွင် တိတ်တဆိတ် ရောက်လာခဲ့ကြခြင်း ဖြစ်၏။
သံကြိုးကို ဖြုတ်လိုက်ချိန်တွင် ရွှေမွေးဟူမှာ တကယ်ပင် ရန်မူခြင်းမရှိခဲ့ပေ။ မည်သို့ပင်ဆိုစေ ၎င်းက ရန်လိုမှုကို မခံစားခဲ့ရသောကြောင့် ဖြစ်၏။
သို့သော် အဖော်ဖြစ်သူက ပိုးကြိုးချည်သေတ္တာကို ဖွင့်လိုက်ချိန်တွင် အဖြူရောင်အလင်းတန်းတစ်ခုက ရုတ်တရက် ခုန်ထွက်လာခဲ့သည်။
သားရဲခေါင်းတစ်လုံးနှင့် တူသော ထိုအလင်းတန်းမှာ ရွှီးခနဲ မြည်သံနှင့်အတူ ထိုအဖော်ဖြစ်သူ၏ ခေါင်းကို ကိုက်ဖြတ်သွားခဲ့လေသည်။
ထို့နောက် အဖြူရောင်အလင်းတန်းမှာ ပျောက်ကွယ်သွားပြီး ကြီးမားလှသော အပေါက်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့၏။
ထိုအချိန်ကျမှသာ ရွှေမွေးဟူက ထိုကဲ့သို့ ဟိန်းဟောက်သံကို ထုတ်လွှင့်ခဲ့ခြင်း ဖြစ်ပေသည်။
လူအများ ရောက်လာပြီးနောက်တွင်မူ သူက ဝိညာဉ်သားရဲကို ခိုးယူရန် လာခဲ့ကြောင်းကို သဘာဝကျစွာပင် မပြောရဲတော့ဘဲ ငွေကြေးအချို့ကို လိမ်လည်တောင်းယူရန် ရည်ရွယ်ကာ ရွှေမွေးဟူက သူ၏အဖော်ကို ကိုက်သတ်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့ခြင်းဖြစ်သည်။
စိတ်ရောင်ပြန်ဖယောင်းတိုင်မှာ ငြိမ်သက်နေပြီး လှုပ်ရှားခြင်း မရှိတော့ပေ။
"ဒီလိုကိုး..."
ချူလျန်က စကားကို ကြားသောအခါ တွေးတောသွား၏။ ၎င်းမှာ တစ်စုံတစ်ယောက်က သူ့ကို ကြံစည်ရန် ရည်ရွယ်နေခြင်းဖြစ်သည်မှာ ရှင်းလင်းနေသည်။
ထိုသူက အဖော်သေဆုံးသွားသည့် အခြေအနေမျိုးတွင် ကျန်ခဲ့မည့်လူက ရွှေမွေးဟူအပေါ် အပြစ်ပုံချမည်ကို အတိအကျ တွက်ချက်ထားပြီးမှ ဒီလောက် ယုတ်မာသော အကြံအစည်ကို အသုံးပြုခဲ့ခြင်း ဖြစ်မည်မှာ သေချာပေသည်။
သူက စိတ်ရောင်ပြန်ဖယောင်းတိုင်၏ မီးရောင်ကို အမြန်မှုတ်ငြိမ်းလိုက်၏။
အတော်ကြာ လောင်ကျွမ်းပြီးသွားသဖြင့် မူလကတည်းက တစ်ဝက်သာ ကျန်တော့သော ဖယောင်းတိုင်မှာ ပို၍ပင် နည်းပါးသွားချေပြီ။
နောက်ကွယ်မှ ပြဿနာရှာနေသူကို အသာထား၍ အနည်းဆုံးတော့ အစိုးရအာဏာပိုင်များ၏ စစ်ဆေးမှုကို ကျော်ဖြတ်ရဦးမည်ဖြစ်သည်။
မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်း၏ တပည့်များပင် ဖြစ်စေကာမူ ဝိညာဉ်သားရဲများကို လူသတ်ရန် ခွင့်မပြုထားခြင်းမှာ အသေးအဖွဲကိစ္စမဟုတ်ပေ။
ယခု အမှန်တရားကို သိရမှသာ သူ စိတ်အေးသွားတော့၏။
...
တံခါးကို တွန်းဖွင့်ကာ ထွက်သွားလိုက်သည်နှင့် ရွှေမွေးဟူ၏ တုတ်ခိုင်သော ကျောပြင်ကြီးကို မြင်လိုက်ရလေသည်။
စောစောက သူ ခေါင်းကြီးကို တံခါးစောင့်ခိုင်းထားခဲ့ရာ ၎င်းက တကယ်ပင် တာဝန်ကျေပွန်စွာဖြင့် ဤနေရာတွင် စောင့်ကြပ်နေခဲ့၏။
အိမ်စောင့်ရာတွင် အလွန်တော်ကြောင်း မပြောဘဲ မနေနိုင်အောင်ပင် ဖြစ်သည်။
အစိုးရအာဏာပိုင်များမှာမူ စောစောကတည်းက ရောက်ရှိနေခဲ့ကြပြီ ဖြစ်၏။
မိစ္ဆာသားရဲ လူစားသည့်ကိစ္စမှာ အမှုကြီးဖြစ်သောကြောင့် သိုင်းပညာစွမ်းရည်ရှိသော စစ်သားတစ်စုက သတင်းကြားသည်နှင့် ချက်ချင်း ရောက်လာခဲ့ကြသည်။
ထိုသူတို့မှာ မြို့တံခါးကို စောင့်ကြပ်သော စစ်သားများဖြစ်သည့်အတွက် ယခုကဲ့သို့ မြန်မြန်ဆန်ဆန် ရောက်လာနိုင်ခြင်း ဖြစ်ပေမည်။
သို့သော် ပဉ္စမအဆင့်ရှိသော ရွှေမွေးဟူကို မြင်သောအခါ အားလုံးမှာ အနည်းငယ် ထိတ်လန့်သွားကြပြီး စစ်သားတစ်စုလုံးမှာ ဝိုင်းထားရုံသာ ဝိုင်းထားကာ ရှေ့သို့ မတိုးရဲကြပေ။
ယန်ကျိုးမြို့ကဲ့သို့သော မြို့ကြီးတစ်မြို့တွင် အစောင့်အရှောက်အဖြစ် နေထိုင်သော သိုင်းပညာရှင်အချို့ မရှိဘဲ မနေနိုင်ရာ သူတို့မှာ ထိုသူတို့ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်ပေလိမ့်မည်။
ချူလျန်က ပြုံးလိုက်ကာ ရှေ့သို့ တိုးသွားပြီး ပြောလိုက်၏။
"လူကြီးမင်းတို့... ကိစ္စရပ်တွေကို သေချာ မေးမြန်းပြီးပါပြီ….ဒီလူနှစ်ယောက်က လူလိမ်တွေရဲ့ အသုံးချမှုကို ခံရပြီး ကျွန်တော်တို့ရဲ့ ဝိညာဉ်သားရဲကို လာရောက် ထောင်ချောက်ဆင်ကြတာပါ”
“ ဒီလူသေမှုက ကျွန်တော်တို့နဲ့ ဘာသက်ဆိုင်မှုမှ မရှိပါဘူး"
သူက ထိုသို့ပြောလိုက်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အမူအရာ လျော့ကျသွားခြင်း မရှိပေ။
စောစောက မင်းပဲ နစ်နာသူကို အဲဒီလောက်အထိ ကြိုးတုပ်ပြီး အခန်းထဲကို ဆွဲသွင်းသွားတာလေ။
ဖယောင်းတိုင်တွေရော ကြာပွတ်တွေနဲ့ပါ အချိန်အတော်ကြာ နှိပ်စက်ပြီးမှ ပြန်ထွက်လာတော့ သူက စကားပြောင်းသွားတယ်ပေါ့... ဒီကိစ္စက ဘယ်လိုကြည့်ကြည့် ခြိမ်းခြောက်ထားတာနဲ့ တူမနေဘူးလား။
တပ်မှူးငယ်တစ်ဦးနှင့်တူသော စစ်သားတစ်ဦးက ရှေ့ထွက်လာကာ ပြတ်သားသော အသံဖြင့် အော်ပြောလိုက်၏
"မင်းတို့တွေ ရမ်းကားဖို့ မကြိုးစားနဲ့….တပ်မှူးနဲ့ မြို့စောင့်အရာရှိ ရောက်လာရင် ဒီကိစ္စကို သူတို့ဘာသာ ဆုံးဖြတ်လိမ့်မယ်"
ယွီမင်းဆက်သည် ကျင့်ကြံသူများနှင့် မိစ္ဆာအမှုအခင်းများကို ကိုင်တွယ်ရာတွင် အစဉ်အဆက် ဤသို့ပင် ဖြစ်သည်။
အကြောင်းမူကား နန်းတော်မှ မွေးမြူထားသော ကျင့်ကြံသူများ မည်မျှပင် များပြားစေကာမူ မြို့ရွာတိုင်းသို့ ဖြန့်ခွဲလိုက်ပါက လုံလောက်မှု မရှိနိုင်သောကြောင့် ဖြစ်သည်။
သူတို့အနေဖြင့် ဤကဲ့သို့သော အမှုမျိုးကို နောက်မှသာ ဖြေရှင်းနိုင်ပေသည်။ ကိစ္စတစ်ခု ဖြစ်ပွားပြီးနောက်မှသာ အဓိက အင်အားစုကို စေလွှတ်၍ စုံစမ်းစစ်ဆေးလေ့ရှိပြီး လိုက်လံဖမ်းဆီးရာတွင် အလွန် တင်းကြပ်ပေသည်။
လောကကြီး၏ လက်တွေ့အခြေအနေများအရ ဤသည်မှာ နန်းတော်တစ်ခုအနေဖြင့် အများဆုံး လုပ်ဆောင်နိုင်သည့် အတိုင်းအတာပင် ဖြစ်လေသည်။
သင်၏အသက်ကို မကယ်တင်နိုင်သော်လည်း သင့်အတွက် လက်စားချေပေးရန် အစွမ်းကုန် ကြိုးစားပေးမည်။
ဤသို့သောနည်းဖြင့်သာ မကောင်းကြံစည်နေသော မိစ္ဆာများကို ခြိမ်းခြောက် ဟန့်တားနိုင်မည် ဖြစ်သည်။
တပ်မှူးဆိုသည်မှာ ယန်ပေါ်မြို့ကို စောင့်ကြပ်သော စစ်ဘက်ဆိုင်ရာ ရာထူးဖြစ်ပြီး မြို့စောင့်အရာရှိမှာမူ အရပ်ဘက်ဆိုင်ရာ ရာထူးဖြစ်၏။
ယေဘုယျအားဖြင့် ကျောင်းတော်ကြီးများမှ ဆင်းသက်လာသော ကွန်ဖြူးရှပ်ကျင့်ကြံသူများ ဖြစ်ကြသည်။
သူ၏စကားမဆုံးမီမှာပင် အဝေးဆီမှ လေခွင်းသံတစ်ခု ထွက်ပေါ်လာလေသည်။ အရပ်ဘက်နှင့် စစ်ဘက်မှ အရာရှိနှစ်ဦး အတူတကွ ရောက်ရှိလာကြ၏။
"ဘယ်က မိစ္ဆာက ယန်ပေါ်မြို့ပြင်မှာ သောင်းကျန်းရဲတာလဲ"
ဒိုင်းခနဲ အသံနှင့်အတူ ချပ်ဝတ်တန်ဆာ ဆင်ယင်ထားသော ခက်ထန်သည့် အမျိုးသားတစ်ဦးက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆင်းသက်လာသည်။
သန်စွမ်းသော မျက်ခုံးများနှင့် ဝိုင်းစက်သော မျက်လုံးများရှိပြီး ကြည့်ရသည်မှာ အလွန် ရဲရင့်ပုံပေါ်လေသည်။
"ရွှေမွေးဟူ"
အခြားတစ်ဦးမှာမူ စာပေပညာရှင်ဝတ်ရုံကို ဝတ်ဆင်ထားသော ပိန်ပါးပါး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်၏။
အသားဖြူဖြူနှင့် မုတ်ဆိတ်မွေး ခပ်ရေးရေးရှိပြီး ရွှေမွေးဟူကို မြင်သည်နှင့် ချက်ချင်း မှတ်မိသွားကာ အမူအရာမှာ ချက်ချင်း တည်ကြည်သွားလေသည်။
သူတို့နှစ်ဦးမှာ ပဉ္စမအဆင့် သိုင်းပညာရှင်နှင့် ပဉ္စမအဆင့် ကွန်ဖြူးရှပ်ကျင့်ကြံသူ အသီးသီးဖြစ်ကြပြီး ယန်ကျိုးမြို့တွင် စောင့်ကြပ်နေသော အမြင့်ဆုံး တိုက်ခိုက်ရေးအင်အားစု ဖြစ်ပေလိမ့်မည်။
အကယ်၍ ဤထက် ပိုမိုမြင့်မားသော ကျင့်ကြံခြင်းအဆင့်ရှိသူကို လိုအပ်ပါက မြို့တော် သို့မဟုတ် ယွီတူမြို့မှ ခေါ်ယူရပေမည်။
သူတို့နှစ်ဦး၏ အင်အားဖြင့် အသက်လု ထွက်ပြေးနေသော ပဉ္စမအဆင့် ဝိညာဉ်သားရဲတစ်ကောင်ကို ဖမ်းဆီးရန်မှာ တကယ်ပင် မလွယ်ကူလှပေ။
ချူလျန်က ချက်ချင်း အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏
"အရာရှိမင်းတို့... ကျွန်တော်ပြောတာကို နားထောင်ပေးပါဦး"
သူက ထိုသူတို့ကို အရင်ဆုံး ငြိမ်သက်သွားစေပြီးမှ စောစောက စကားများကို တစ်ဖန် ပြန်လည်ပြောပြလိုက်လေသည်။
ထိုအခါ တပ်မှူးက မျက်မှောင်ကြုတ်လျက်
"ဒီလိုလား…မြို့စောင့်အရာရှိတု... ဘယ်လိုထင်လဲ"
မြို့စောင့်အရာရှိက ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်လိုက်ကာ ပြောလာ၏
"သူပြောတာတွေက အလိမ်အညာ ဟုတ်၊ မဟုတ် စစ်ဆေးဖို့က တကယ်တော့ မခက်ပါဘူး…ဒီသေဆုံးသူရဲ့ မကျွတ်မလွတ်သေးတဲ့ ဝိညာဉ်က မပျောက်ကွယ်သေးဘူး”
“အဲဒီ အငြိုးအတေးတွေက ဒီဝိညာဉ်သားရဲအပေါ်မှာ ကပ်ညိနေခြင်း ရှိ၊ မရှိ ကြည့်လိုက်ရင် သိနိုင်ပါတယ်"
တပ်မှူးက တဟားဟား ရယ်မောလိုက်ကာ
"ဒါဆိုရင်တော့ အရာရှိမင်းကိုပဲ မှော်အတတ်သုံးဖို့ ဒုက္ခပေးရတော့မယ်…ကျုပ်လို တုံးအတဲ့လူက ဒီလိုကိစ္စတွေကို နားမလည်ဘူးလေ"
တု မျိုးရိုးရှိသော မြို့စောင့်အရာရှိက ယဉ်ကျေးစွာ ပြောလိုက်၏။
"ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ…သိုင်းပညာနဲ့ ကွန်ဖြူးရှပ်ပညာက ကိုယ့်အားသာချက်နဲ့ကိုယ် ရှိကြတာပါပဲ”
“ တပ်မှူးလီက တပ်ထဲမှာ ရဲစွမ်းသတ္တိနဲ့ ဗျူဟာပိုင်းမှာ နာမည်ကြီးတဲ့သူပဲ….တုံးအတဲ့လူ မဟုတ်ပါဘူး"
ထိုသို့ပြောကာ သူက ပြန်လည် မြှောက်ပင့်ပေးလိုက်သည်။ တပ်မှူးလီက ခေါင်းခါလျက်
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး….ကျုပ်က တော်တော်လေး တုံးအပါတယ်"
"..."
မြို့စောင့်အရာရှိတုက နှုတ်ခမ်းကိုစေ့လိုက်ကာ စကားမဆိုနိုင်ဖြစ်သွားပုံရ၏။
ထို့နောက် နောက်သို့လှည့်ကာ လက်အမူအရာများကို ထုတ်ဖော်လိုက်ပြီး မြေပြင်ပေါ်သို့ ဖွဖွလေး ဖိချလိုက်လေသည်။
ဘုန်း
လေပြေတစ်ခုက ရေလှိုင်းလေးများကဲ့သို့ လွင့်ပျံ့လာပြီး မကြာမီမှာပင် တည်းခိုခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ထို့နောက် သေးမျှင်သော ဝိညာဉ်အငွေ့အသက်များက အရပ်မျက်နှာ အသီးသီးမှ တဖြည်းဖြည်းချင်း စုစည်းလာကြလေသည်။
ချူလျန်အနေဖြင့် သူက သေဆုံးသူ၏ ပြန့်ကျဲနေသော ဝိညာဉ်များကို စုစည်းနေခြင်းဖြစ်ကြောင်း သိမြင်နိုင်ပေသည်။
ဤနည်းလမ်းမှာ ရှန်ရှူးဝမ် အသုံးပြုခဲ့ဖူးသော နာမည်ခေါ်ကာ လူဖမ်းသည့် ပညာရပ်နှင့် အနည်းငယ် ဆင်တူသော်လည်း ဝိညာဉ်များကိုသာ ဦးတည်ထားခြင်း ဖြစ်၏။
သေဆုံးသူ၏ အငြိုးအတေးဝိညာဉ်များ တစ်စစီ စုစည်းလာသော်လည်း ရွှေမွေးဟူ၏ ကိုယ်ပေါ်တွင် အနည်းငယ်မျှပင် ကပ်ညိမနေသည်ကို မြင်သောအခါ မြို့စောင့်အရာရှိတု၏ အမူအရာမှာလည်း တဖြည်းဖြည်း သက်တောင့်သက်သာ ဖြစ်လာလေသည်။
ရွှေမွေးဟူကို မွေးမြူနိုင်စွမ်းရှိသော ဤလူငယ်မှာ မည်သည့် အင်မော်တယ်ဂိုဏ်း၏ တပည့် သို့မဟုတ် မည်သည့် ထင်ရှားသော မိသားစု၏ သားသမီး ဖြစ်နိုင်ချေ ရှစ်ဆယ်ရာခိုင်နှုန်းခန့် ရှိ၏။
မည်သည့်အမျိုးအစားပင်ဖြစ်စေကာမူ သူတို့အတွက်မူ အတော်လေး ခက်ခဲသော အရာပင် ဖြစ်သည်။
အကယ်၍ ရွှေမွေးဟူက လူသတ်ခဲ့ကြောင်း အမှန်တကယ် စစ်ဆေးတွေ့ရှိပါက သူတို့က တစ်ဖက်လူကို အရေးယူရမည်ဖြစ်ရာ ပြဿနာအချို့ ရှိလာနိုင်သည်မှာ ရှောင်လွှဲ၍မရပေ။
ယခုအချိန်တွင် ရွှေမွေးဟူ၏ အပြစ်ကင်းစင်မှုကို သက်သေပြနိုင်ပါက သူတို့အနေဖြင့်လည်း အနည်းငယ် စိတ်အေးနိုင်မည် ဖြစ်သည်။
ထိုသို့တွေးမိသည်နှင့် သူက ချူလျန်နှင့် လင်းပေ့တို့အား မေးလိုက်၏။
"မင်းတို့က ဘယ်အင်မော်တယ်ဂိုဏ်းရဲ့ တပည့်တွေလဲ"
"ကျွန်တော်တို့ နှစ်ယောက်က ရှုတောင်ဂိုဏ်းကပါ"
ချူလျန်က ဆက်ပြောလိုက်သည်။
"အစဉ်အမြဲ မိစ္ဆာတွေကို နှိမ်နင်းပြီး တရားမျှတမှုကို ထိန်းသိမ်းဖို့ တာဝန်ယူထားသူတွေပါ"
"ရှုတောင်လား"
မြို့စောင့်အရာရှိတုက ရုတ်တရက် မေးလိုက်၏။
"ရှုတောင် တိမ်တိုက်စက်ဝန်းတောင်ထွတ်သခင် ရှန်ရှူးဝမ်က ငါ့ရဲ့ ကျောင်းနေဖက် ဂိုဏ်းတူအစ်ကို တစ်ယောက်ပဲ….မင်းတို့ သူ့ကို သိလား"
"ဟာ"
ချူလျန်၏မျက်နှာပေါ်တွင် အံ့အားသင့်ကာ ဝမ်းသာသွားသော အမူအရာများ ချက်ချင်း ပေါ်လာလေသည်
"အရာရှိမင်းက ဂိုဏ်းကဦးလေးရှန်ရဲ့ ကျောင်းနေဖက်ကိုး... ကျွန်တော်က သူနဲ့ အရင်းနှီးဆုံးပဲ"
အခန်း (၁၆၈) - မျက်စိရှက်စရာ
ကွန်ဖြူးရှပ်၊ ဗုဒ္ဓဘာသာနှင့် တာအိုဟူသော လမ်းစဥ်ကြီးသုံးခုအနက် ကွန်ဖြူးရှပ်ကျင့်ကြံသူများ၏ လက်ဆင့်ကမ်းအမွေမှာ ဗုဒ္ဓဘာသာ၊ တာအိုတို့နှင့် အနည်းငယ် ကွာခြားလှ၏။
၎င်းတို့သည် များသောအားဖြင့် ကျောင်းတော်များတွင် ပညာသင်ကြားလေ့ရှိပြီး အချိန်အတန်ကြာ သင်ယူပြီးနောက် လောကထဲသို့ ဆင်းသက်ကာ ကျင့်ကြံကြလေသည်။
များသောအားဖြင့် တစ်သက်လုံး စည်းနှောင်ထားသော ဂိုဏ်းဟူ၍ မရှိတတ်ချေ။
ကျောင်းတော်မှ ထွက်ခွာပြီးနောက်တွင်လည်း ကိုယ်စီကိုယ်ငှ သွားလိုရာသို့ သွားကြပြီး ကျောင်းတော်တွင် ဆရာအဖြစ် ကျန်ရစ်ခဲ့သော တပည့်များမှလွဲ၍ ကျန်သူများသည် ကျောင်းတော်နှင့် မည်သည့်ပတ်သက်မှုမျှ မရှိကြတော့ပေ။
အကယ်၍ သံယောဇဉ်ကြီးမားပါက နောင်တစ်ချိန်တွင် အောင်မြင်ကျော်ကြားလာသည့်အခါ ကျောင်းတော်အတွက် တစ်စုံတစ်ရာ ပြုလုပ်ပေးတတ်ကြပြီး ၎င်းတို့သည် အလွန်ပင် လွတ်လပ်မှုရှိကြ၏။
ဗုဒ္ဓဘာသာနှင့် တာအိုကျင့်ကြံသူများမှာမူ ဂိုဏ်းမှ ထွက်ခွာပြီးနောက် အခြားဂိုဏ်းသို့ ဝင်ရောက်ပါက သစ္စာဖောက်ဟု သတ်မှတ်ခြင်းခံရတတ်သည်။
သို့သော်လည်း ဤမြို့စောင့်အရာရှိနှင့် ရှုတောင်ပေါ်ရှိ ရှန်ရှုးဝမ်တို့မှာ ကျောင်းတော်တစ်ခုတည်းမှ ကျောင်းနေဖက်ဟောင်းများ ဖြစ်ခဲ့ကြလေသည်။
"ဪ... ဟုတ်လား"
ချူလျန်က ရှန်ရှုးဝမ်နှင့် ရင်းနှီးသည်ဟု ပြောလိုက်ချိန်တွင် ထိုရွှေမွေးက ပြုံးလိုက်သည်။
"ဟုတ်ပါတယ်၊ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းလမ်းခရီးမှာ စီနီယာရှန်က တကယ်ပဲ အများကြီး ကူညီပေးခဲ့တာပါ"
ဟု ချူလျန်က အခိုင်အမာ ခေါင်းညိတ်ပြလိုက်သည်။
ဤသည်မှာ စိတ်ရောင်ပြန်ဖယောင်းတိုင်ဖြင့် တိုင်းတာလျှင်ပင် လိမ်ညာမှုမရှိသည့် အမှန်တရားဖြစ်လေသည်။
ခဏကြာ စကားပြောဆိုပြီးနောက် ထိုနေရာရှိ ကလဲ့စားဝိညာဉ်များကို စုစည်းခြင်းမှာ ပြီးမြောက်သွားပြီ ဖြစ်၏။
သေဆုံးသူ၏ ခန္ဓာကိုယ်ပေါ်တွင် ဝိုးတဝါးပုံရိပ်တစ်ခု ဝဲပျံနေပြီး ၎င်းမှာ အသိဉာဏ်မရှိသော ဝိညာဉ်၏ အစိတ်အပိုင်းငယ်တစ်ခုသာ ဖြစ်လေသည်။
သို့သော် အကယ်၍ သတ်ဖြတ်သူသာ ထိုနေရာတွင် ရှိနေပါက ထိုဝိညာဉ်မှာ သတ်ဖြတ်သူထံသို့ တွယ်ကပ်သွားမည် ဖြစ်သည်။
ယခုမူ ရွှေမွေးဟူ၏ အပြစ်ကင်းစင်သော ဦးခေါင်းကြီးပေါ်တွင် လရောင်မှလွဲ၍ ဘာမျှမရှိချေ။
"ဒီဝိညာဉ်သားရဲက လူသတ်တာ မဟုတ်တာတော့ သေချာသွားပြီ၊ တစ်စုံတစ်ယောက်က လုပ်ကြံတာပဲ ဖြစ်ရမယ်"
ဟု ရွှေမွေးက တပ်မှူးလီကို ပြောလိုက်၏။
တပ်မှူးလီက ထိုလူရမ်းကားကို ကြည့်ကာ ဟိန်းဟောက်မေးမြန်းလိုက်သည်။
"မင်းတို့ကို ခိုင်းစေတဲ့ နောက်ကွယ်က တရားခံက ဘယ်သူလဲ"
"အရာရှိကြီး... ကျွန်တော် တကယ်မသိတာပါဗျာ"
ဟု ထိုလူရမ်းကားက မြေပြင်ပေါ်တွင် ဒူးထောက်ကာ ငိုယိုတောင်းပန်လေသည်။
"သူ တကယ်မသိတာ ဖြစ်နိုင်ပါတယ်"
သံသယများ ကင်းစင်သွားပြီဖြစ်သော ချူလျန်က အေးအေးဆေးဆေးပင် ဝင်ပြောလိုက်၏။
အကြောင်းမှာ ခုနက သူသည် စိတ်ရောင်ပြန်ဖယောင်းတိုင်၏ အလင်းအောက်တွင် ပြောဆိုခဲ့ခြင်းဖြစ်ပြီး အကယ်၍ သူသာ တရားခံကို သိရှိနေပါက အလင်းက ဖော်ပြပြီးသား ဖြစ်လိမ့်မည်။
"မင်းတို့က ရှုတောင်တပည့်တွေဆိုတော့ ဒီမှာ ရန်ငြိုးရန်စ ရှိစရာမရှိဘူး..."
ရွှေမွေးက မျက်မှောင်ကြုတ်ကာ စဉ်းစားနေ၏။
"မင်းတို့ သံသယရှိတဲ့သူ ရှိလား"
"ကျွန်တော် သံသယရှိတာက..."
လင်းပေ့က တစ်စုံတစ်ခုကို ပြောရန် ကြိုးစားလိုက်သော်လည်း ချူလျန်က သူ့ကို တိတ်တဆိတ် ဆွဲလိုက်သည်ကို သတိထားမိသွားသဖြင့် ချက်ချင်း စကားလမ်းကြောင်း လွှဲလိုက်သည်။
"ကျွန်တော် သံသယရှိတာက သူ့ရဲ့ အိမ်နီးချင်းကိုပါ"
သူက ထိုလူရမ်းကားကို လက်ညှိုးထိုးပြကာ ဆက်ပြော၏။
"သူ့အိမ်နီးချင်းရဲ့ ကလေးက သူ့ကလေး ဖြစ်နေတာ၊ ကျွန်တော်သာ အဲဒီအိမ်နီးချင်းနေရာမှာဆိုရင် သူ့ကို သတ်ချင်မိမှာပဲ"
တပ်မှူးလီနှင့် ရွှေမွေးတို့က လင်းပေ့ကို ထူးဆန်းသလို ကြည့်လိုက်ကြပြီး ဤလူမှာ အဓိပ္ပာယ်မရှိသည်များကို ပြောနေသည်ဟု ထင်မြင်သွားကြသည်။
ခေတ္တမျှ ထပ်မံစုံစမ်းစစ်ဆေးသော်လည်း ထူးခြားမှု မရှိသဖြင့် မိုးလင်းခါနီးတွင် အရာရှိများ ပြန်လည်ထွက်ခွာသွားကြ၏။
ရွှေမွေးက ချူလျန်ကို ပြောလိုက်သည်။
"နောင်ကို ယန်ကျိုးမြို့မှာ အခက်အခဲတစ်ခုခုရှိရင် ငါ့ကို အချိန်မရွေး လာရှာနိုင်တယ်"
မြို့စောင့်အရာရှိတစ်ဦးအနေဖြင့် ကျင့်ကြံသူများအကြားတွင် ဩဇာရှိသူဖြစ်ရာ ထိုသို့ပြောရန် အရည်အချင်း ရှိပေသည်။
"ကျေးဇူးတင်ပါတယ် ဦးလေးတု"
ဟု ချူလျန်က အလိုက်သင့်ပင် ခေါ်လိုက်၏။
"မင်းက ငယ်ပေမဲ့ အမူအရာက တည်ငြိမ်ယဉ်ကျေးတယ်၊ ဘယ်လိုအခြေအနေမျိုးမှာမဆို အလောတကြီး မရှိပဲရင့်ကျက်တယ်”
“ ငါတို့ ကွန်ဖြူးရှပ်ကျင့်ကြံသူတွေရဲ့ လူယဉ်ကျေးစတိုင်ပဲ"
ရွှေမွေးက ချီးကျူးလိုက်သည်။
"ငါ့ရဲ့ သူငယ်ချင်းက မင်းကို ဘာလို့ သဘောကျလဲဆိုတာ အခုမှ နားလည်တော့တယ်"
"ကျွန်တော်က စီနီယာတို့လို လူတွေကို စံနမူနာထားပြီး လေ့လာနေတာပါ"
ဟု ချူလျန်က ပြုံးလျက် ပြန်ပြောလိုက်၏။
အရာရှိနှစ်ဦးကို ပို့ဆောင်ပြီးနောက်တွင် လင်းပေ့က ထူးဆန်းစွာ မေးလိုက်သည်။
"ဘာလို့ ငါ့ကို ပေးမပြောတာလဲ….ဟိုမျောက်ဖြူအိုကြီးကို မင်း မေ့သွားတာလား”
“ဒီတစ်ဝိုက်မှာ ငါတို့နဲ့ ရန်ငြိုးရှိတာ သူပဲ ရှိတာလေ"
"သံသယရှိတဲ့သူလား"
ချူလျန်က ပြုံးလိုက်၏။
"အဲဒါ သူဆိုတာ ငါ အသေအချာကို သိတယ်၊ ဒါ ဘာလဲဆိုတာ ကြည့်လိုက်"
သူက လက်ဖဝါးကို ဖြန့်ပြလိုက်ရာ ထိုထဲတွင် ဖြူဖွေးသော မျောက်မွေးတစ်မျှင် ရှိနေလေသည်။
ထိုအမွေးတွင် အရှိန်အဝါ အနည်းငယ် ကျန်ရှိနေသေးပြီး လူကို ဝါးမြိုသွားသည့် အလင်းတန်းမှာ ဤအရာမှ အသွင်ပြောင်းထားခြင်း ဖြစ်ရမည်။
"အဲဒါဆိုရင်..."
လင်းပေ့က တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
အကယ်၍ အရာရှိများကို မျောက်ဖြူအကြောင်း ပြောလိုက်ပါက ၎င်းတို့သည် တောင်ကြားထဲသို့ သွားရောက်ကာ ထိုမျောက်ဖြူကို ဖမ်းဆီးအပြစ်ပေးကြပေလိမ့်မည်။
သို့သော် ထိုသို့ဖြစ်သွားပါက တောင်ကြားတစ်ခုလုံးရှိ ရတနာများမှာလည်း ထင်ရှားသွားပေလိမ့်မည်။
မိစ္ဆာကို နှိမ်နင်းရမည်ဖြစ်ရာ မိမိတို့ဘာသာ နှိမ်နင်းခြင်းက ပို၍ ကောင်းမွန်ပေသည်။
……
"တွေ့လိုက်ရပြီလား"
မှောင်မိုက်နေသော အခန်းတစ်ခုအတွင်း၌ ဝတ်ရုံဖြူဝတ်ဆင်ထားသူနှင့် အရိပ်မည်းတစ်ခုတို့မှာ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြ၏။
"မင်းပြောတာ မှန်တယ်၊ အဲဒီချူလျန်က တကယ်ပဲ ယန်ကျိုးမြို့မှာ ရှိနေတာပဲ”
“ ငါ ဝိညာဉ်အာရုံနဲ့ တစ်ချက်လှည့်ပတ်ကြည့်လိုက်တော့ ယန်ကျိုးမြို့အပြင်ဘက်က တည်းခိုခန်းတစ်ခုမှာ သူ့ကို တွေ့လိုက်ရတယ်"
ဟု အရိပ်မည်းက မျက်လုံးများကို အသာမှိတ်ကာ လက်ချောင်းများဖြင့် မန္တန်တစ်ခုကို ဖော်ဆောင်ရင်း ပြောလိုက်သည်။
"ဘာတွေ တွေ့ခဲ့ရလို့လဲ"
ဝတ်ရုံဖြူဝတ်ဆင်ထားသူက ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။
"ငါ တွေ့လိုက်ရတာက သူက..."
အရိပ်မည်း၏ အမူအရာမှာ ရုတ်တရက် ထူးဆန်းသွားချေသည်။
အံ့သြတုန်လှုပ်နေဟန်နှင့် တူသလို၊ မယုံကြည်နိုင်ဖြစ်နေဟန်လည်း ရှိကာ မိမိကိုယ်မိမိ အိုမင်းသွားပြီဟု ညည်းတွားနေသည့်ပုံစံလည်း ပေါက်နေလေသည်။
"ဘာဖြစ်လို့လဲ"
ဝတ်ရုံဖြူဝတ်ဆင်ထားသူက နားမလည်နိုင်စွာ မေးလိုက်သည်။
"အား..."
အရိပ်မည်းက မန္တန်ကို အမြန်ရုပ်သိမ်းလိုက်ပြီးနောက် ခေါင်းကိုငုံ့ကာ မျက်လုံးများကို လက်ဖြင့်ဖိနှိပ်ရင်း အလွန်ပင် ပင်ပန်းနွမ်းနယ်နေသည့်ပုံစံမျိုး ပြုလုပ်နေသည်။
ခဏအကြာမှသာ စကားတစ်ခွန်းကို အနိုင်နိုင် ပြောထွက်လာလေသည်။
"တကယ်ပဲ မျက်စိရှက်စရာကြီးပဲ"
"မင်း တကယ်ပဲ ဘာတွေ့ခဲ့လို့လဲ"
ဝတ်ရုံဖြူဝတ်ဆင်ထားသူမှာ စပ်စုလိုစိတ်များ ပြင်းပြလာလေသည်။
"ငါ တွေ့လိုက်ရတာက သူက အခန်းထဲမှာ အမျိုးသားတစ်ယောက်ကို ကြည့်မကောင်း ရှုမကောင်းတဲ့ ပုံစံမျိုးနဲ့ ချည်နှောင်ထားပြီး လက်ထဲမှာလည်း ဖယောင်းတိုင်တစ်တိုင် ကိုင်ထားတယ်... ဘေးမှာလည်း နောက်ထပ် အမျိုးသားတစ်ယောက် ရှိသေးတယ်၊ သူက ဘောင်းဘီကို ချွတ်နေတာ..."
အရိပ်မည်း၏ မျက်နှာမှာ ဖော်ပြ၍မရနိုင်သော အမူအရာများဖြင့် ပြည့်နှက်နေ၏။
"ခုခေတ် လူငယ်တွေကတော့..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ဝတ်ရုံဖြူဝတ်ဆင်ထားသူမှာ အကြီးအကျယ် တုန်လှုပ်သွားပုံရကာ ပြောလိုက်သည်။
"အဲဒီကိစ္စကို လုပ်နေတာက တကယ်ပဲ ယောက်ျားလေးတွေဆိုတာ သေချာလား"
"သေချာတယ်"
"အားလုံးလား"
"သုံးယောက်စလုံးပဲ"
"နတ်ဘုရားမျက်စိနှင့် နားအာရုံမန္တန်က အကွာအဝေး ဝေးလွန်းတဲ့အခါ ကြာကြာမခံလို့ တော်သေးတာပေါ့"
အရိပ်မည်းက ဘေးဒုက္ခတစ်ခုမှ လွတ်မြောက်သွားသည့် လေသံမျိုးဖြင့် ပြောလိုက်၏။
"ခုနက မြင်လိုက်ရတဲ့ တစ်ချက်တည်းနဲ့တင် ငါ အဲဒါကို မေ့ပစ်ဖို့ အချိန်ဘယ်လောက်ယူရမယ်ဆိုတာတောင် မသိတော့ဘူး"
နတ်ဘုရားမျက်စိနှင့် နားအာရုံဟူသော အင်မော်တယ်မန္တန်မှာ မိမိ၏ မျက်စိနှင့် နားအာရုံကို လောကကြီး၏ မည်သည့်နေရာသို့မဆို ရောက်ရှိသွားစေနိုင်သည့် အတတ်ပညာ ဖြစ်လေသည်။
"ငါလည်း အဲဒီမန္တန်ကို မတတ်တာ တော်သေးတာပေါ့"
ဝတ်ရုံဖြူဝတ်ဆင်ထားသူက ဝမ်းသာအားရ ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် အခုတော့ အဲဒီကောင်လေး ဘယ်မှာရှိလဲဆိုတာ သေချာသွားပြီ"
အရိပ်မည်းက ဒေါသတကြီး ပြောလိုက်၏။
"ငါ လူလွှတ်ပြီး သူ့ကို အမြန်ဆုံး သတ်ခိုင်းလိုက်မယ်… ဒီကမ္ဘာပေါ်ကနေ သူ့ကို အပြီးတိုင် ပျောက်ကွယ်သွားစေရမယ်"
"ဒါနဲ့ နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်"
ဝတ်ရုံဖြူဝတ်ဆင်ထားသူက လေသံကို ပြောင်းလဲကာ တည်ငြိမ်လေးနက်စွာ ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ"
အရိပ်မည်းက မေးလိုက်၏။
"ပြီးခဲ့တဲ့ တစ်ခါက ကျန်းယွဲ့ပိုင် တရားဓမ္မဟောကြားပြီးတဲ့နောက် ရွှီဇီချင်က တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရတယ်”
“ မကြာသေးခင်ကပဲ သူလည်း ပြီးပြည့်စုံတဲ့ ပတ်လမ်းကို အောင်မြင်သွားပြီး ပတ်လမ်းနိမိတ်ထူးတွေ ပေါ်လာခဲ့တယ်"
ဝတ်ရုံဖြူဝတ်ဆင်ထားသူက ဆိုသည်။
"ဒီပတ်လမ်းနိမိတ်ထူးတွေကလည်း... ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး မုန်လာထုပ်တွေလို တန်ဖိုးမရှိ ဖြစ်သွားရတာလဲ"
အရိပ်မည်းက မကျေမနပ်ဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
"ဒါတင်မကသေးဘူး..."
ဝတ်ရုံဖြူဝတ်ဆင်ထားသူက ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောလေသည်။
"သူ့ရဲ့ နိမိတ်ထူးက ချီပင်လယ် ရွှေအမြုတေ မဟုတ်ဘူး…ဓာတ်ငါးပါးမူလသို့ဦးတည်ခြင်း ဖြစ်နေတယ်"
"ဘာ..."
အရိပ်မည်းမှာ ဤတစ်ကြိမ်တွင်မူ တကယ်ပင် ထိတ်လန့်တုန်လှုပ်သွားရ၏။
"သူက ပဉ္စမအဆင့်ကို ရောက်သွားပြီပေါ့"
"မှန်တယ်"
ဝတ်ရုံဖြူဝတ်ဆင်ထားသူက ပြောလိုက်သည်။
"အင်မော်တယ်ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်တဲ့ ကျန်းယွဲ့ပိုင်နဲ့ ပဉ္စမအဆင့်ကို ရောက်နေတဲ့ ရွှီဇီချင်…”
“ ဒီနှစ်ယောက်သာ ရှိနေရင် ရှုတောင်က ဆုတ်ယုတ်သွားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ"
"သူတို့ အားမကောင်းလာခင်မှာပဲ အမြစ်ပြတ် သတ်ပစ်ရမယ်"
အရိပ်မည်းက အံကြိတ်ကာ ပြောလိုက်၏။
"ရှုတောင်ကို ဘယ်တော့မှ ပြန်ပြီး ခေါင်းမထောင်နိုင်အောင် ငါ လုပ်ပစ်မယ်"