အခန်း (၁၆၉-၁၇၀)
Vol. 17 Ch. 169-170
အခန်း (၁၆၉) - တုတ်ကြီးတစ်ချောင်း
"မုန်းစရာကောင်းလိုက်တာ"
မြို့စောင့်အရာရှိများနှင့် ချူလျန်တို့အဖွဲ့ လူစုလူဝေး ဖြစ်နေချိန်တွင် ကျန်ရှိသော ကျင့်ကြံသူများသည်လည်း အနီးအနားတွင် ဝိုင်းအုံကာ ကြည့်ရှုနေကြ၏။
ထိုလူအုပ်ထဲတွင် ပါးစပ်ချွန်ပြီး မျက်လုံးဝိုင်းကာ စူးရှသော အကြည့်များရှိသည့် အရပ်ရှည်ရှည် အဘိုးအိုတစ်ဦးသည် ရောနှောနေရင်း ထိုအဖြစ်အပျက်အားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေလေသည်။
ထိုသူမှာ တောင်ကြားအတွင်းရှိ လူယောင်ဖန်ဆင်းထားသော မျောက်ဖြူပင် ဖြစ်ပေသည်။
မျောက်ဖြူမှာ ထိုတောင်ကြားတွင် နေထိုင်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ရာ တောင်ကြားအတွင်းရှိ စိတ်ဝိညာဉ်ပင်များကို သူ၏ ကိုယ်ပိုင်ပစ္စည်းများဟု မှတ်ယူထားလေသည်။
ချူလျန်က ဓားရွက်ရွှမ်ယန်ပန်းကို လုယူသွားခဲ့ခြင်းကြောင့် သူ၏ ရင်ထဲတွင် အမုန်းတရားများ အလွန်အမင်း တိုးပွားနေခဲ့၏။
ထို့ကြောင့် သူသည် တိတ်တဆိတ် နောက်မှ လိုက်ပါလာပြီး ရာဇဝတ်မှုကျူးလွန်ကာ ပြစ်မှုကို လွှဲချရန် ကြံစည်ခဲ့ခြင်း ဖြစ်ပေသည်။
သူ၏ အစီအစဉ်မှာ ထိုလူသတ်မှုအား ချူလျန်၏ အပေါ်သို့ ပုံချနိုင်လျှင် အကောင်းဆုံး ဖြစ်၏။
အကယ်၍ မအောင်မြင်ခဲ့လျှင်လည်း ရွှေမွေးဟူကို ခေတ္တမျှ ချုပ်နှောင်ထားနိုင်ပါက ထိုလူငယ်နှစ်ဦးထံမှ ကောင်းကင်ဘုံရတနာများကို ပြန်လည်လုယူကာ ကလဲ့စားချေရန်မှာ လွယ်ကူသော ကိစ္စတစ်ခုပင်ဖြစ်သည်။
သို့သော် ချူလျန်က ထိုသို့သော အန္တရာယ်ကြားတွင် မတုန်မလှုပ်ဘဲ ကိစ္စရပ်များကို ကောင်းမွန်စွာ ဖြေရှင်းသွားနိုင်လိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ချေ။
ခဏအတွင်းပင် အမှန်တရားကို စုံစမ်းဖော်ထုတ်နိုင်ခဲ့သလို မြို့စောင့်အရာရှိကိုယ်တိုင်ကလည်း ရွှေမွေးဟူပေါ်ရှိ သံသယများကို ချက်ချင်းပင် ရှင်းလင်းပေးလိုက်လေသည်။
မိမိ၏ အကြံအစည် အောင်မြင်သည်ကို မြင်တွေ့ရရန် အခင်းဖြစ်ပွားရာနေရာသို့ လာရောက်ကြည့်ရှုခဲ့သော်လည်း မိမိ၏ တွက်ကိန်းများ လွဲချော်သွားသည်ကိုသာ မြင်တွေ့ခဲ့ရ၏။
ထို့နောက် သူသည် စိုးရိမ်စိတ်များ ဝင်လာတော့သည်။
ထိုလူငယ်ကျင့်ကြံသူ နှစ်ဦးသည် အနည်းငယ်မျှ စဉ်းစားကြည့်ရုံဖြင့် သူ့ကို သံသယဝင်နိုင်ပြီး ကလဲ့စားချေရန် ပြန်လာနိုင်ပေသည်။
မိမိတစ်ဦးတည်းအနေနှင့် ထိုသူများကို ရင်ဆိုင်ရန် မလွယ်ကူလှချေ။
ထိုသို့ တွေးတောရင်း သူသည် အလျင်အမြန်ပင် ထွက်ခွာသွားခဲ့၏။ ခပ်လှမ်းလှမ်းသို့ ရောက်ရှိချိန်တွင် မူလရုပ်သွင်သို့ ပြောင်းလဲကာ မဟူရာဝေလငါးတောင်သို့ တဝူးဝူး တိုက်ခတ်နေသော လေမုန်တိုင်းတစ်ခုကဲ့သို့ ပြန်သွားလေသည်။
သူသည် မိမိနေထိုင်ရာ တောင်ကြားသို့ ပြန်ရောက်သောအခါ မရပ်နားဘဲ တောင်ကြား၏ အခြားတစ်ဖက်သို့ တစ်ဟုန်ထိုး သွားလိုက်၏။
ဤနေရာတွင် အခြားသော ဂူဗိမာန်တစ်ခု ရှိနေပေသည်။
ထိုဂူအတွင်း၌ ကျင့်ကြံမှုသက်တမ်း နှစ်ပေါင်းရာချီရှိနေပြီဖြစ်သော မြေခွေးမိစ္ဆာတစ်ကောင် နေထိုင်လေသည်။
ထိုမြေခွေးမိစ္ဆာသည်လည်း စတုတ္ထအဆင့် ကျင့်ကြံခြင်းနယ်ပယ်၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီဖြစ်ရာ စွမ်းအားမှာ မျောက်ဖြူထက် မနိမ့်လှချေ။
သို့သော် မျောက်ဖြူသည် ယခင်က ထျန်းကန်းဂိုဏ်းမှ အကြီးအကဲတစ်ဦး၏ နောက်လိုက်ဖြစ်ခဲ့ဖူးပြီး ကိုယ်ခံပညာရပ်များစွာကို သင်ယူခဲ့ဖူးရာ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်ပင် ထူးချွန်လှပေသည်။
အဆင့်တူ ကျင့်ကြံသူများထဲတွင် သူ့ကို ယှဉ်နိုင်သည့် မိစ္ဆာဟူ၍ မရှိသလောက်ပင်ဖြစ်သည်။
ထိုအကြီးအကဲ ကွယ်လွန်ပြီးနောက် မျောက်ဖြူသည် ထျန်းကန်းဂိုဏ်းမှ ထွက်ခွာလာခဲ့ပြီး လှည့်လည်သွားလာရင်း ဤနေရာကို မတော်တဆ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က မြေခွေးမိစ္ဆာသည် မျောက်ဖြူထက်စော၍ ဤတောင်ကြား၌ ကျင့်ကြံနေနှင့်ပြီးသား ဖြစ်၏။
သို့သော် မျောက်ဖြူက မိမိ၏ အစွမ်းထက်သော ကိုယ်ခံပညာဖြင့် မြေခွေးမိစ္ဆာ၏ နေရာကို လုယူခဲ့လေသည်။
သို့သော် မြေခွေးမိစ္ဆာ၏ အသွင်ပြောင်းလဲခြင်း အတတ်မှာ ဆန်းကြယ်လှသောကြောင့် မျောက်ဖြူအနေနှင့်လည်း သူ့ကို လုံးဝဥဿုံ သတ်ပစ်နိုင်ခြင်း မရှိခဲ့ချေ။
မြေခွေးမိစ္ဆာကလည်း တစ်တောင်လုံးရှိ ဆေးပင်များကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် နောက်ဆုံးတွင် ၎င်းတို့နှစ်ဦး သဘောတူညီမှု ရရှိခဲ့ကြ၏။
၎င်းတို့နှစ်ဦးသည် ထိုတောင်ကြားကို အတူတကွ ပိုင်ဆိုင်ကြပြီး လိုအပ်ပါက စိတ်ဝိညာဉ်ပင်များကို အသုံးပြုနိုင်သည်။
သို့သော် ၎င်းတို့နှစ်ဦးမှအပ အခြားသူများ ချဉ်းကပ်လာပါက ပြင်းထန်စွာ တိုက်ခိုက်ရန်ပင်။
၎င်းတို့၏ ဆက်ဆံရေးမှာ ထူးဆန်းကာ သံသယဝင်နေဆဲဖြစ်ပြီး တစ်ဦးကိုတစ်ဦး သတိထားနေကြသဖြင့် မြေခွေးမိစ္ဆာသည် မျောက်ဖြူနှင့် အလွန်နီးကပ်သောနေရာတွင် မနေထိုင်ဘဲ တောင်ကြား၏ အခြားတစ်ဖက်၌ ဂူဗိမာန်အသစ်တစ်ခုကို တည်ဆောက်ခဲ့လေသည်။
ပုံမှန်အားဖြင့် ၎င်းတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး နှောင့်ယှက်ခြင်းမရှိသလို ဆက်ဆံရေးလည်း မရှိကြချေ။
သို့သော် ယနေ့တွင်မူ မျောက်ဖြူက အစပျိုးကာ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
"မင်း ဘာလာလုပ်တာလဲ"
သူသည် ဂူဗိမာန်တံခါးဝသို့ ရောက်ရှိချိန်တွင် တံခါးခေါက်ရန်ပင် မလိုလိုက်ဘဲ လူတစ်ရပ်ခန့် မြင့်မားသော မြေခွေးနီကြီးတစ်ကောင် ခုန်ထွက်လာပြီး သူ့ကို သတိကြီးစွာ စိုက်ကြည့်လိုက်လေသည်။
"ငါ မင်းကို ပြောစရာရှိတယ်… အရေးကြီးတဲ့ ကိစ္စမလို့ မင်းရဲ့ အကူအညီ ငါ လိုအပ်တယ်"
မျောက်ဖြူက ဆိုလိုက်၏။
"ဘာကိစ္စလဲ"
မြေခွေးမိစ္ဆာက မေးလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ရက်က အင်မော်တယ်ဂိုဏ်းက တပည့်နှစ်ယောက် ရောက်လာပြီး ဒီတောင်ကြားထဲက ရတနာတွေကို လုယူသွားကြတယ်…ငါလည်း အင်အားချင်း မမျှတာကြောင့် သူတို့လက်ထဲကို ဓားရွက်ရွှမ်ယန်တစ်ပင် ပါသွားခဲ့တယ်”
“သူတို့တွေ ထပ်ပြီး ရောက်လာဦးမှာကို ငါ စိုးရိမ်မိတယ်…အဲဒီအချိန်ကျရင် မင်း သူတို့ကို ရင်ဆိုင်ဖို့ ငါ့ကို ကူညီပေးရလိမ့်မယ်”
“မဟုတ်ရင်တော့ တစ်တောင်လုံးက စိတ်ဝိညာဉ်ပင်တွေ အကုန်လုယူခံရလိမ့်မယ်"
မျောက်ဖြူက ပြောလိုက်၏။
"အင်မော်တယ်ဂိုဏ်းက တပည့်တွေ ဟုတ်လား"
မြေခွေးမိစ္ဆာ၏ ကိုယ်ပေါ်ရှိ အမွေးအမျှင်များ ထောင်ထလာသည်။
"သူတို့တွေက သူတို့ရဲ့ ဆရာသမားတွေကို ခေါ်လာမှာ မဟုတ်ဘူးလား"
၎င်းတို့ကဲ့သို့သော တောတောင်ထဲတွင် ကျင့်ကြံနေသည့် မိစ္ဆာကောင်များအတွက် အင်အားကြီးသော နောက်ခံရှိသည့် အင်မော်တယ်ဂိုဏ်းသားများကို အကြောက်ဆုံး ဖြစ်ပေသည်။
"မစိုးရိမ်ပါနဲ့"
မျောက်ဖြူက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
"အကယ်၍ သူတို့က သူတို့ရဲ့ ဆရာသမားတွေကို ခေါ်လာမယ်ဆိုရင် ငါလည်း ထျန်းကန်းဂိုဏ်းကို ပြန်သွားပြီး အကူအညီ တောင်းလို့ရတာပဲ”
“ အခု သူတို့မှာ အားကိုးစရာဆိုလို့ ပဉ္စမအဆင့် ရွှေမွေးဟူတစ်ကောင်ပဲ ရှိတာ…”
“အဲဒီရွှေမွေးဟူသာ လမ်းပိတ်မနေဘူးဆိုရင် တတိယအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို ငါ သတ်ပစ်တာ ကြာလှပြီ"
"ပဉ္စမအဆင့် ဝိညာဉ်သားရဲ ဟုတ်လား"
မြေခွေးမိစ္ဆာက အတန်ကြာ စဉ်းစားပြီးမှ မေးလိုက်သည်။
"ဒါဆို ငါ့ကို ဘယ်လို ကူညီပေးစေချင်တာလဲ"
"မင်းက ရုပ်ဖျက်အတတ်မှာ ကျွမ်းကျင်တာပဲလေ.. မင်းက အဲဒီလူရဲ့ ပုံစံကို ပြောင်းပြီး ရွှေမွှေးဟူကို ဆွဲထုတ်သွားပေးရုံပဲ”
“ကျန်တာကို ငါ ခဏချင်း ရှင်းပစ်နိုင်တယ်"
မျောက်ဖြူက ယုံကြည်မှုအပြည့်နှင့် ပြောလိုက်၏။
"ပဉ္စမအဆင့် ဝိညာဉ်သားရဲတွေက အရှိန်အဝါကို အာရုံခံရာမှာ အရမ်း ထက်မြက်ကြတာကို…ငါ့ရဲ့ အတတ်နဲ့ သူ့ကို လှည့်စားဖို့ဆိုတာ လွယ်ပါ့မလား"
မြေခွေးမိစ္ဆာက အနည်းငယ် တွန့်ဆုတ်နေဆဲ ဖြစ်သည်။
"ကိစ္စမရှိဘူး"
မျောက်ဖြူက ဆိုလိုက်၏။
"ငါ အရင်ဆုံး တောင်ကြားထဲမှာ မြူခိုးတွေ ဖန်တီးလိုက်မယ်…ဒါဆိုရင် အမြင်အာရုံကို ကွယ်သွားစေနိုင်သလို အရှိန်အဝါတွေကိုလည်း ဝေဝါးသွားစေလိမ့်မယ်”
“ အဲဒီအချိန်မှာ မင်းက ကိုယ်ယောင်ပြပြီး အဝေးကို ခေါ်သွားပေးရင် ရတယ်… ငါ့ရဲ့ တိုက်ခိုက်မှုကို လာပြီး မနှောင့်ယှက်နိုင်ရင် ရပြီ”
“အဲဒီလူ နှစ်ယောက်ကို ငါ သတ်ပြီးတာနဲ့ ငါတို့ နှစ်ယောက်ပေါင်းပြီး အဲဒီသားရဲကို ပြန်ရင်ဆိုင်ကြတာပေါ့"
မြေခွေးမိစ္ဆာက ဆက်လက် တွန့်ဆုတ်နေဆဲ ဖြစ်ပုံရလေသည်။
မျောက်ဖြူက ဆက်ပြောလိုက်၏။
"အကယ်၍ မင်းက မကူညီဘူးဆိုရင်တော့ မင်း အရင်က ငါ့ကို ခြိမ်းခြောက်ခဲ့သလိုပဲ ဒီတောင်ကြားကြီးကို မီးရှို့ဖျက်ဆီးပစ်လိုက်တာ အကောင်းဆုံးပဲ…ဒါမှ ရတနာတွေ တစ်ခြားသူလက်ထဲ မရောက်မှာ"
ထိုစကားကို ကြားသောအခါမှ မြေခွေးမိစ္ဆာသည် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
"ကောင်းပြီ"
သူသည် ဤတောင်ကြားကို မျောက်ဖြူထက်ပင် ပို၍ ကြာရှည်စွာ စောင့်ရှောက်လာခဲ့သူ ဖြစ်ပေသည်။
မျောက်ဖြူကပင် နှမြောတသ ဖြစ်နေလျှင် သူ မည်ကဲ့သို့ အလွယ်တကူ လက်လွှတ်နိုင်ပါမည်နည်း။
...
ယခင်က မဟူရာဝေလငါးတောင်သို့ လာရောက်စဉ်က ချူလျန်သည် ဓားရွက်ရွှမ်ယန်ပန်းကိုသာ လိုချင်ခဲ့ခြင်းဖြစ်ရာ အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်း မရှိချေ။
မဟုတ်ပါက ရွှေမွေးဟူနှင့် မျောက်ဖြူတို့ တိုက်ခိုက်နေစဉ်က သူသည် ဘေးမှ ကြည့်နေရုံသက်သက်သာ နေမည်မဟုတ်ပေ။
သူသည် သာမန် တတိယအဆင့် ကျင့်ကြံသူတစ်ဦး မဟုတ်သဖြင့် မည်သို့မျှ အကူအညီ မပေးနိုင်လောက်အောင် အားနည်းသူ မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။
သူ့ထံတွင် ဝှက်ဖဲများစွာ ရှိနေသေးသည် မဟုတ်ပါလော။
သို့သော် ယခုတစ်ကြိမ်တွင်မူ မျောက်ဖြူသည် လူ့အသက်ကို သတ်ဖြတ်ကာ ပြစ်မှုပုံချရန် ကြံစည်ခဲ့သဖြင့် ကိစ္စရပ်များမှာ ပြောင်းလဲသွားခဲ့ချေပြီ။
တောင်ကြားသို့ ပြန်လည်ရောက်ရှိလာချိန်တွင် သူနှင့် လင်းပေ့တို့ နှစ်ဦးစလုံး၏ မျက်နှာများမှာ အလွန် တည်ကြည်လေးနက်နေကြ၏။
သို့သော် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ မျောက်ဖြူ၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ချေ။
"ဟင်"
လင်းပေ့က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"သူ ဘယ်ရောက်သွားတာလဲ.. ငါတို့ ကလဲ့စားလာချေမယ်ဆိုတာကို သိပြီး ကြို ထွက်ပြေးသွားတာများလား"
"မဖြစ်နိုင်ဘူး"
ချူလျန်က ပတ်ဝန်းကျင်ရှိ အကောင်းအတိုင်း ကျန်ရှိနေသော စိတ်ဝိညာဉ်ပင်များကို ညွှန်ပြရင်း ပြောလိုက်၏။
"မျောက်ဖြူသာ တကယ် ထွက်ပြေးမယ်ဆိုရင် ရင့်မှည့်နေတဲ့ ဒီစိတ်ဝိညာဉ်ပင်တွေကို ခူးသွားမှာပဲလေ ငါတို့အတွက် ဘယ်ချန်ထားခဲ့ပါ့မလဲ"
"ဒါဆိုရင်တော့ ထူးဆန်းနေပြီ"
လင်းပေ့က ဆိုလိုက်သည်။
"သတိထား... သူက ရွှေမွေးဟူကို ကြောက်လို့ အမှောင်ထဲမှာ ပုန်းပြီး ချောင်းမြောင်း တိုက်ခိုက်ဖို့ ပြင်နေတာလည်း ဖြစ်နိုင်တယ်"
ချူလျန်က ပြောလိုက်ပြီးနောက် အသံကို မြှင့်ကာ ထပ်မံ ပြောဆိုလိုက်၏။
"သူ ထွက်မလာဘူးဆိုရင်လည်း ငါတို့က ဒီစိတ်ဝိညာဉ်ပင်တွေကို ခူးသွားလိုက်ရုံပဲ"
စကားပင် မဆုံးသေးမီ အရပ်မျက်နှာ အနှံ့အပြားမှ မြူခိုးဖြူများ ရုတ်တရက် ထွက်ပေါ်လာပြီး ခဏချင်းအတွင်းမှာပင် တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။
တစ်ချိန်တည်းမှာပင် လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်လာပြီး လူတို့၏ မျက်စိများကိုပင် ဖွင့်မရအောင် ဖြစ်စေသည်။
"အပေါ်ကို တက်ကြမယ်"
ချူလျန်က အခြေအနေ မဟန်သည်ကို သိလိုက်သဖြင့် လင်းပေ့နှင့် ရွှေမွှေးဟူကို အပေါ်သို့ ပျံတက်ရန် အချက်ပြလိုက်သည်။
သို့သော် ၎င်းတို့နှစ်ဦးနှင့် ရွှေမွေးဟူတို့ ပျံတက်လိုက်ချိန်တွင် ဘေးဘက်မှ လျင်မြန်သော ဖြူလွလွ အရိပ်တစ်ခု ခုန်ထွက်လာ၏။
ထိုသူမှာ မျောက်ဖြူအိုကြီးပင် ဖြစ်ပေသည်။
သူသည် လက်ထဲတွင် တုတ်ကြီးတစ်ချောင်းကို မြှောက်ကိုင်ထားပြီး ဝှေ့ယမ်းလိုက်ရာ မိုးကြိုးသံများပင် ဟိန်းထွက်လာလေသည်။
"အောက်ကို ဆင်းသွားစမ်း"
ထိုတုတ်ကြီး၏ အရှိန်အဝါမှာ အလွန် ပြင်းထန်လှပြီး တောတောင်များကိုပင် လွှမ်းမိုးထားနိုင်သည့် အစွမ်းရှိကာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
အပေါ်သို့ ပျံတက်နေသော လူနှစ်ဦးသည် ချက်ချင်းပင် အောက်သို့ ပြန်ဆင်းသွားကြရသော်လည်း ရွှေမွေးဟူမှာမူ မကြောက်မရွံ့ဘဲ ခေါင်းကို မော့ကာ ထိုတုတ်ကြီးကို ခုခံလိုက်လေသည်။
ဒုန်း..
ရွှေမွေးဟူမှာ အသားအရေ ထူထဲပြီး သန်မာလှသော်လည်း ဝေဟင်ထက်တွင် အောက်ခြေမရှိသဖြင့် ထိုတုတ်ချက်ကြောင့် အောက်သို့ ဖိချခြင်း ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပြန်ကျသွား၏။
ထိုသို့ အပေါ်နှင့်အောက် ခဏချင်း ပြောင်းလဲသွားချိန်တွင် လူနှစ်ဦးနှင့် သားရဲတို့၏ အကွာအဝေးမှာ အနည်းငယ် ဝေးကွာသွားလေသည်။
မြူခိုးများမှာလည်း အလွန် ထူထပ်လှသဖြင့် ခြေတစ်လှမ်းစာ အကွာအဝေးကိုပင် မမြင်ရတော့ချေ။
"ရွှေမွေးဟူ"
မြူခိုးများထဲမှ ရုတ်တရက် ခေါ်သံတစ်ခု ထွက်ပေါ်လာ၏။
ရွှေမွေးဟူက ခေါင်းမော့ကြည့်လိုက်သောအခါ ရှေ့တွင် ဝေဝါးသော လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုသူမှာ ချူလျန်နှင့် တူလှပေသည်။
သို့သော် အရှိန်အဝါများမှာ ဝေဝါးနေသဖြင့် သေချာ မခွဲခြားနိုင်ဘဲ ခေါင်းကြီးကို ရှေ့သို့ တိုးကြည့်လိုက်လေသည်။
ထို "ချူလျန်" က နောက်သို့ ခြေလှမ်းအနည်းငယ် ထပ်ဆုတ်လိုက်သဖြင့် ရွှေမွေးဟူကလည်း ရှေ့သို့ ဆက်လိုက်သွား၏။
ဤသို့ဖြင့် ရွှေမွေးဟူသည် ထို "ချူလျန်" ၏ ခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားရင်း မြူခိုးများ၏ အစွန်အဖျားသို့ ရောက်ရှိသွားလေတော့သည်။
ထူထပ်သော မြူခိုးများအကြား မူလနေရာတွင် ကျန်ရစ်ခဲ့သော အစစ်အမှန် ချူလျန်သည် အခြားတစ်ဖက်မှ ပျံတက်ရန် ကြံစည်နေစဉ်မှာပင် ရုတ်တရက် စိုးရိမ်စိတ်တစ်ခု ဝင်လာ၏။
မိမိအား တစ်စုံတစ်ဦးက အရှိန်အဝါဖြင့် ပစ်မှတ်ထားနေသည်ကို သူ ခံစားလိုက်ရသည်။
"မင်းတို့ ဒီကိုလာတာ ဘယ်လောက်တောင် မှားသွားသလဲဆိုတာ မကြာခင် သိစေရမယ်"
မြူခိုးများထဲမှ အေးစက်စက် လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာ၏။
တုတ်ချောင်းကြီးသည်လည်း တစ်ဖန် ပြန်လည်၍ အနားသို့ ရောက်ရှိလာလေတော့သည်။
အခန်း (၁၇၀) - ရွှေရောင်အမွေးနှင့် အမဲလိုက်ရွှေမွေးဟူ
"တတိယအဆင့်... ပါရမီရှင်တဲ့လား"
ကိုယ်ကျပ်ဝတ်စုံနှင့် ပျော့ပျောင်းသော သံချပ်ကာကို ဝတ်ဆင်ထားသည့် မျက်နှာဖုံးစွပ်ထားသူ၏ ကျောပေါ်တွင် ဓားရှည်နှစ်လက်ကို ကြက်ခြေခတ်လွယ်ထားပြီး ပေါ်ထွက်နေသော မျက်လုံးတစ်စုံတွင် နားမလည်နိုင်မှုနှင့် လှောင်ပြောင်မှုများ အရိပ်ယောင်ယှက်နေ၏။
သူ၏ ဆန့်တန်းထားသော ညာဘက်လက်မောင်းပေါ်တွင် ကျီးကန်းတစ်ကောင် နားနေပြီး ထိုကျီးကန်းမှာ စကားပြောနေခြင်း ဖြစ်သည်။
"မင်း သူ့ကို အထင်မသေးနဲ့…တတိယအဆင့် ကျင့်ကြံခြင်းက သိပ်မမြင့်မားဘူးဆိုပေမဲ့ သူက တတိယအဆင့်မှာတင် ပြည့်စုံတဲ့ ပတ်လမ်းကို နားလည်သဘောပေါက်ခဲ့လို့ ရှုတောင်မှာ လူအများကို အံ့အားသင့်စေခဲ့တာ"
ကျီးကန်း၏ စကားကို ကြားသော်လည်း မျက်နှာဖုံးစွပ်ထားသူက မထီမဲ့မြင် ပြုံးလိုက်ရင်း ပြောလိုက်လေသည်။
"ကောင်းပါပြီလေ"
"ဒါတင်မကဘူး... သူ့ဘေးမှာ ပဉ္စမအဆင့်ရှိတဲ့ ရွှေမွေးဟူ ဆိုတဲ့ ဝိညာဉ်သားရဲတစ်ကောင် ရှိနေတယ်…ရန်သူကို အထင်သေးပြီး ပေါ့ပေါ့ဆဆ မလုပ်နဲ့ဦး"
ကျီးကန်းက ထပ်မံသတိပေးလိုက်ပြန်သည်။
မျက်နှာဖုံးစွပ်ထားသူက သူ၏လက်ထဲရှိ ပန်းချီကားကို တစ်ချက်ကြည့်လိုက်၏။ ထိုပန်းချီထဲတွင် ချူလျန်၏ ပုံတူကို ရေးဆွဲထားခြင်း ဖြစ်သည်။
ချူလျန်၏ ရုပ်သွင်ကို မှတ်သားပြီးနောက် မျက်နှာဖုံးစွပ်ထားသူက လက်ကို အသာအယာ ခါယမ်းလိုက်ရာ ထိုစက္ကူမှာ အပိုင်းအစပေါင်း သောင်းခြောက်ထောင် ဖြစ်သွားပြီး လေထဲတွင် လွင့်စင်သွားတော့သည်။
"လမ်းပြရုံပဲ လမ်းပြစမ်းပါ"
ထိုကျီးကန်းသည် အတောင်ပံကို ဖြန့်လိုက်ပြီးနောက် ရှတတ အသံကို ပြုလိုက်ကာ ရှေ့မှ ပျံသန်းသွားလေသည်။
မျက်နှာဖုံးစွပ်ထားသူကလည်း လေကို စီးနင်းလျက် နောက်မှ ကပ်လိုက်သွားတော့သည်။
အချိန်အတော်ကြာပြီးနောက် သူတို့သည် မဟူရာဝေလငါးတောင်သို့ ရောက်ရှိလာခဲ့ကြသည်။
"သူ အဲဒီတောင်ကြားထဲမှာ ရှိတယ်…တောင်ကြားတစ်ခုလုံး မြူခိုးတွေ ဖုံးနေတာမို့ သတိထားဦး"
ကျီးကန်းက နောက်တစ်ကြိမ် သတိပေးလိုက်သည်။
"အဲဒါကမှ သတ်ရဖြတ်ရ ပိုလွယ်တာ မဟုတ်လား"
မျက်နှာဖုံးစွပ်ထားသူက ရယ်မောလိုက်ရင်း
"တတိယအဆင့်ရှိတဲ့ ပုရွက်ဆိတ်တစ်ကောင်ကို ငါ မျက်တောင်တစ်ခတ်အတွင်း သတ်ပစ်နိုင်တယ်…ဘယ်လို ဝိညာဉ်သားရဲမှလည်း တုံ့ပြန်နိုင်မှာ မဟုတ်ဘူး"
"မင်းဆီက သတင်းကို စောင့်နေမယ်"
ကျီးကန်းက ထိုသို့ပြောပြီးနောက် သူ၏ ခန္ဓာကိုယ်မှ အမွေးအတောင်များမှာ ရုတ်တရက် ပေါက်ကွဲသွားပြီး မြေပြင်ပေါ်သို့ မင်ရည်အိုင်အဖြစ် ကျဆင်းသွားလေသည်။
၎င်းသည် သက်ရှိသတ္တဝါတစ်ကောင် မဟုတ်ပေ။
မျက်နှာဖုံးစွပ်ထားသူသည် လေထဲတွင် ဆက်လက်မနေတော့ဘဲ ကိုယ်ဟန်ကို အသာအယာ လှုပ်ရှားလိုက်ရာ ဝှူးခနဲ အသံနှင့်အတူ အောက်သို့ ခုန်ဆင်းသွားလေသည်။
သူ၏ အမည်ဝှက်မှာ 'ဓားနှစ်လက်သမား' ဖြစ်ပြီး အဖွဲ့အစည်းအတွင်း လုပ်ကြံသတ်ဖြတ်မှုများကို အဓိက တာဝန်ယူရသည့် လူသတ်သမားတစ်ဦး ဖြစ်၏။
လူသတ်သမား လမ်းစဉ်တွင် သူသည် ကျင့်ကြံခြင်းလောက၌ ထိပ်တန်းအဆင့်တွင် ရှိသည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားသူ ဖြစ်သည်။
တတိယအဆင့်ရှိသည့် ပုရွက်ဆိတ်တစ်ကောင်ကို သတ်ရန်အတွက် သူ့ကို ဘာကြောင့် စေလွှတ်ခဲ့သနည်းဆိုသည်ကိုမူ သူ သိပ်နားမလည်ပေ။
ထိုကောင်လေးမှာ တစ်ခုခု ထူးခြားနေပြီး ရှုတောင်က အလေးထားရသည့် ပုဂ္ဂိုလ်ဖြစ်နေ၍လည်း ဖြစ်နိုင်သည်။
အဖွဲ့အစည်း၏ လျှို့ဝှက်လှသော ခေါင်းဆောင်ကြီးမှာ ရှုတောင်ကို အလွန်အမင်း မုန်းတီးသူ ဖြစ်၏။
သူသည် ဆယ်စုနှစ်ပေါင်းများစွာ ကြိုတင်စီစဉ်ကာ ရှုတောင်၏ နှိပ်စက်မှုကို ခံခဲ့ရသော မိဘမဲ့ကလေးများကို ရှာဖွေကျွေးမွေး ပြုစုခဲ့ပြီး ယနေ့ကဲ့သို့ အဖွဲ့အစည်းကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ဓားနှစ်လက်သမား ဆိုလျှင်လည်း သူ၏ ဖခင်မှာ ထိုစဉ်က သာမန်ဒေသခံ လူမိုက်တစ်ဦးသာ ဖြစ်ခဲ့သည်။
နေ့စဉ်နှင့်အမျှ အားနည်းသူများကို နှိပ်စက်ခြင်း၊ လုယက်သတ်ဖြတ်ခြင်း စသည့် သမာရိုးကျ အသက်မွေးမှုများဖြင့် ဘဝကို ရုန်းကန်နေရသူ ဖြစ်၏။
တစ်နေ့တွင်မူ ရှုတောင်တပည့်များ ရောက်ရှိလာပြီး သူ့ဖခင်ကို သေသေချာချာ ရိုက်သတ်သွားခဲ့ကြသည်။
ထိုရှုတောင်တပည့်များမှာ မည်မျှ ရက်စက်ယုတ်မာလိုက်ကြသနည်း။
အဖွဲ့အစည်းအတွင်းရှိ လူအများစုမှာ သူနှင့် ဆင်တူသော ဘဝဇာတ်ကြောင်းများ ရှိကြပြီး ပုံမှန်အားဖြင့် လျှို့ဝှက်သော ကိစ္စရပ်များကို လုပ်ဆောင်ရင်း ရှုတောင်ကို မည်သို့ တိုက်ခိုက်ရမည်ကို အမြဲကြံစည်နေကြသူများ ဖြစ်သည်။
မျက်တောင်တစ်ခတ်အတွင်း သူသည် တောင်ချိုင့်ဝှမ်းအတွင်းရှိ ထူထပ်သော မြူခိုးများထဲသို့ ရောက်ရှိသွားသည်။
မြူခိုးများ၏ အစွန်းပိုင်းသို့ ဝင်လိုက်သည်နှင့် မလှမ်းမကမ်းရှိ ပုံရိပ်တစ်ခုကို သူ မြင်လိုက်ရ၏။
ထိုလူငယ်၏ မျက်နှာသွင်ပြင်မှာ ပုံတူပန်းချီကားထဲကအတိုင်း တစ်ထေရာတည်းပင်။
သူ၏ နောက်တွင်မူ ကြီးမားလှသော သတ္တဝါကြီးတစ်ကောင် ဝေဝါးစွာ လိုက်ပါလာနေသည်မှာ ပဉ္စမအဆင့်ရှိ ရွှေမွေးဟူပင် ဖြစ်ရပေမည်။
အမှန်တကယ်ပင် လက်တွေ့မှာ ထင်မှတ်ထားသည်ထက် ပိုမိုလွယ်ကူနေပါလား။
ဓားနှစ်လက်သမားက ပြုံးလိုက်ရင်း မြေအောက်သို့ ချက်ချင်း ငုပ်လျှိုးသွားကာ သူ၏ ခန္ဓာကိုယ်မှာ အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ မှောင်မိုက်သော အလင်းတန်းနှင့်အတူ ထွက်ပေါ်လာသည့် သတ်ဖြတ်လိုသော အရှိန်အဝါများက မြူခိုးထူထူများကို ထိုးဖောက်သွားတော့သည်။
ရွှစ်...
သူ၏ အရိပ်မှာ မြူခိုးထဲရှိ လူငယ်၏ ပုံရိပ်ယောင်ကို ဖြတ်ကျော်သွားလေသည်။
'အရိပ်ဖြတ်ခြင်း'
ဓားနှစ်လက်သမားသည် နောက်သို့ပင် လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။
တစ်ချက်တည်းနှင့် အသေသတ်ကာ မိုင်ပေါင်းထောင်ချီ ဝေးရာသို့ ထွက်ခွာနိုင်ခြင်းမှာ သူ၏ အတတ်ပညာပင်။
ပဉ္စမအဆင့်ရှိ ဝိညာဉ်သားရဲက စောင့်ရှောက်နေလျှင်ပင် ဘာတတ်နိုင်ဦးမည်နည်း။
‘မင်းရဲ့ ဝိညာဉ်သားရဲ မရောက်လာခင်မှာ ငါ မင်းကို မျက်တောင်တစ်ခတ်အတွင်း သတ်ပစ်နိုင်သလို အေးအေးဆေးဆေးလည်း ပြန်ဆုတ်နိုင်တယ်’
ဘာမှ ခက်ခဲမနေပေ။
ထိုလူငယ်၏ ကိုယ်ဟန်မှာ နေရာတွင်ပင် တောင့်တင်းသွားပြီး အချုပ်အနှောင်ခံထားရသကဲ့သို့ ဖြစ်နေသည်။
ခေတ္တအကြာတွင် ခါးလယ်မှ သွေးရာမျဥ်းကြောင်းတစ်ခု ထွက်ပေါ်လာပြီး ခန္ဓာကိုယ်၏ အပေါ်ပိုင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
ထိုသို့ ပြုတ်ကျသွားချိန်တွင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ လူသားမဟုတ်သော ပုံစံသို့ ပြောင်းလဲသွားလေသည်။
မြေခွေးအလောင်းတစ်ခုပင်။
ရွှေမွေးဟူမှာ အချိန်မီ ရောက်ရှိလာပြီး ထိုအလောင်းကို အနီးကပ် နမ်းကြည့်လိုက်၏။
မဟုတ်သေးပေ။
လူမှားသွားပြီဖြစ်သည်။
၎င်းသည် ကြီးမားလှသော ခေါင်းကြီးကို ရမ်းလိုက်ကာ မြူခိုးများထဲသို့ ပြန်လည်ဝင်ရောက်ပြီး ချူလျန်ကို ဆက်လက်ရှာဖွေတော့သည်။
လတ်တလော ဖြစ်ပွားသွားသည့် သတ်ဖြတ်မှုမှာလည်း ဘာမှ မဖြစ်ခဲ့သကဲ့သို့ ငြိမ်သက်သွားတော့၏။
...
ဒုန်း...
ရုတ်တရက် ထိုးထွက်လာသည့် တုတ်ကို ချူလျန်မှာ ရှောင်တိမ်းရန် မမှီတော့ပေ။
သူသည် သစ်ရွက်ပျံကို အမြန်ဆုံး အသုံးပြုကာ မိမိကိုယ်ကိုယ် အုပ်ကာထုပ်လိုက်ပြီး ထိုတိုက်ခိုက်မှုကို ခုခံလိုက်ရသည်။
ကြီးမားသော ထုပ်ပိုးထားသည့် အရာကြီးမှာ ပေပေါင်းများစွာ ဝေးရာသို့ လွင့်စင်သွားပြီး မြူခိုးများထဲတွင် ပျောက်ကွယ်သွား၏။
သို့သော်လည်း မျောက်ဖြူမှာ နောက်မှ ကပ်လျက် လိုက်ပါလာသည်။
၎င်းသည် သိုင်းပညာကို နှစ်ပေါင်းများစွာ ကျင့်ကြံထားသူ ဖြစ်ရာ လေတိုးသံနှင့် သေးငယ်လှသော အရှိန်အဝါလေးကိုပင် အာရုံခံနိုင်ပြီး ရန်သူ၏ တည်နေရာကို အတိအကျ သိရှိနိုင်ခြင်းမှာ ၎င်း၏ ထူးခြားသော စွမ်းရည်ပင် ဖြစ်သည်။
သို့သော်လည်း ၎င်းက အမီလိုက်လာချိန်တွင်မူ မည်သည့်အသံမျှ မကြားရတော့သလို မည်သည့်အရှိန်အဝါကိုမျှလည်း အာရုံမခံနိုင်တော့ပေ။
‘ဘယ်လိုဖြစ်တာလဲ’
‘ဘယ်ကို ရောက်သွားတာလဲ’
မျောက်ဖြူ၏ စိတ်ထဲတွင် သံသယများ ပေါ်လာချိန်မှာပင် သေးငယ်သော အသံတစ်ခုကို ကြားလိုက်ရသဖြင့် ၎င်းက တုတ်ဖြင့် ချက်ချင်း ရိုက်ချလိုက်လေသည်။
သို့သော် ၎င်းတွေ့လိုက်ရသည်မှာ လွင့်ပျံလာသည့် ကြေးနီလုံးလေးတစ်လုံးသာ ဖြစ်ပြီး ၎င်း၏ ရိုက်ချက်နှင့် ထိတွေ့သည်နှင့် ထိုကြေးနီလုံးမှာ ဝုန်းခနဲ ပေါက်ကွဲသွားတော့သည်။
ပြင်းထန်သော ပေါက်ကွဲမှုက မြူခိုးများကို ဖယ်ရှားပစ်လိုက်ရုံသာမက မျောက်ဖြူကိုပါ လွင့်စင်သွားစေ၏။
ထိုမျှမက ၎င်း၏ ဝိညာဉ်ကိုပါ တူနှင့် ထုရိုက်ခံရသကဲ့သို့ ခံစားလိုက်ရပြီး အကြောင်းပြချက်မရှိသော ထိတ်လန့်မှုများ စိတ်ထဲတွင် ဖြစ်ပေါ်လာလေသည်။
နက်ရှိုင်းငရဲ မိုးကြိုးဗုံး...
ထိုအခါမှ ချူလျန်သည် မတ်တပ်ထရပ်လိုက်သည်။
သူသည် သစ်ရွက်ပျံဖြင့် မိမိကိုယ်ကိုယ် ကာကွယ်နေစဉ်မှာပင် လက်ရှိအခြေအနေကို ဆင်ခြင်သုံးသပ်ကာ ယင်းယွမ်ဆေးလုံးတစ်လုံးကို ချက်ချင်း သောက်သုံးလိုက်ခြင်း ဖြစ်၏။
ထူထပ်သော မြူခိုးများထဲတွင် ယင်းယွမ်ဆေးလုံးကို သောက်သုံးပြီး အသက်ရှူအောင့်ထားလိုက်ရာ မျောက်ဖြူမှာ သူ့ကို လုံးဝ ရှာမတွေ့နိုင်တော့ပေ။
ထို့နောက်မှ သူက နက်ရှိုင်းငရဲ မိုးကြိုးဗုံးဖြင့် ချောင်းမြောင်း တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ မြူခိုးများ ကင်းစင်သွားချိန်တွင် လဲကျနေသော မျောက်ဖြူနှင့် မတ်တပ်ရပ်နေသော ချူလျန်တို့မှာ တစ်ဦးကိုတစ်ဦး သေသေချာချာ မြင်လိုက်ကြရတော့သည်။
"သူခိုးလေး..."
မျောက်ဖြူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
၎င်း၏ စိတ်ထဲရှိ ကြောက်ရွံ့မှုနှင့် ဆုတ်ခွာလိုစိတ်ကို အတင်းအကျပ် ထိန်းချုပ်ကာ တုတ်ကို အားပြုလျက် တစ်ရှိန်ထိုး ထရပ်လိုက်ပြီး ချူလျန်ထံသို့ တစ်ဖန် ပြေးဝင်လာပြန်သည်။
‘ရေစီးလေဆန် ခြေလှမ်း’
၎င်းအသုံးပြုလိုက်သည့် ခြေလှမ်းမှာ ယွမ်ချောင်ရှန်း သင်ပေးခဲ့သည့် ခြေလှမ်းနှင့် အတူတူပင် ဖြစ်ကြောင်း ချူလျန်က ချက်ချင်း သိလိုက်သည်။
ဤသိုင်းပညာမှာ အလွန်အမင်း မြင့်မားလှသည်မဟုတ်သော်လည်း အဆင့်အတန်း ကွာခြားမှုကြောင့် ခံနိုင်ရည်မှာမူ အလွန်ပင် ကွာခြားလှ၏။
တူညီသော ခြေလှမ်းကို တတိယအဆင့်က သုံးခြင်းနှင့် စတုတ္ထအဆင့်က သုံးခြင်းမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားပေသည်။
အကယ်၍ ချူလျန်သာ ထိုခြေလှမ်းဖြင့်ပင် လိုက်ကစားမည်ဆိုလျှင် ချက်ချင်းပင် အမီဖမ်းခံရမည်မှာ သေချာသည်။
အကယ်၍ ၎င်းနှင့် တိုက်ရိုက်ရင်ဆိုင်ရပြီး ၎င်း၏ တုတ်ချက်ကို ခံလိုက်ရပါက သူ၏ အရိုးအကြောများမှာ ချက်ချင်း ကျိုးကြေသွားနိုင်သလို အသက်ပင် ဆုံးရှုံးသွားနိုင်သည်။
ပြေးလို့လည်း မလွတ်သလို တိုက်လို့လည်း မရပေ။
မည်သို့ လုပ်ဆောင်ရမည်နည်း။
ချူလျန်က လက်ကို ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင်အလင်းတန်း တစ်ဖန် လက်ခနဲ ဖြစ်သွားပြီး အရှေ့သို့ လွင့်ပျံသွားပြန်သည်။
မျောက်ဖြူက မထီမဲ့မြင် ပြုံးလိုက်၏။ ဤနည်းလမ်းကို ဘယ်နှကြိမ်လောက် သုံးနိုင်ဦးမည်နည်း။
သုံးလေးချက်လောက် ရိုက်လိုက်ရုံနှင့် ဤမှော်ဝင်ကိရိယာမှာ ကျိုးပျက်သွားမည်မှာ မလွဲဧကန်ပင်။
သို့သော် နောက်တစ်စက္ကန့်တွင်မူ သူ မှားသွားကြောင်း သိလိုက်ရသည်။
ယခုတစ်ကြိမ်တွင် အစိမ်းရောင်အလင်းတန်းက အုပ်မိုးလိုက်သည်မှာ ချူလျန် မဟုတ်ဘဲ ၎င်းကိုယ်တိုင် ဖြစ်နေခြင်း ဖြစ်၏။
မှန်ပေသည်။ သစ်ရွက်ပျံ မှော်ဝင်ကိရိယာမှာ မျောက်ဖြူ၏ ခန္ဓာကိုယ်ကို ရုတ်တရက် ထုပ်ပိုးလိုက်ခြင်း ဖြစ်သည်။
မျောက်ဖြူသည် ချက်ချင်းပင် တုတ်ကို ကန့်လန့်ဖြတ်ကာ ထိုအရာကို တွန်းထုတ်ရန် ကြိုးစားလိုက်သည်။
သို့သော် ခဏမျှ တုံ့ဆိုင်းသွားသည့် အချိန်အတွင်းမှာပင် ပေါက်ကွဲသံကြီးက နားစည်ထဲတွင် ဟိန်းထွက်လာတော့သည်။
ဗုန်း... ဗုန်း...
ယခုတစ်ကြိမ် ပေါက်ကွဲသံမှာ သစ်ရွက်ပျံအတွင်း၌ ဖြစ်ပွားခြင်းကြောင့် အသံမှာ အနည်းငယ် အက်ရှနေသည်။
၎င်းမှာ ပေါက်ကွဲမှုနှစ်ခုကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရခြင်းပင် ဖြစ်၏။
ပေါက်ကွဲမှုတစ်ခုမှ နှစ်ခုသို့ ပြောင်းလဲသွားခြင်း ဖြစ်သော်လည်း အတွင်းရှိ မျောက်ဖြူအတွက်မူ ယခင်ကထက် ဆယ်ဆကျော် ပိုမိုပြင်းထန်သော ဒဏ်ကို ခံစားလိုက်ရခြင်း ဖြစ်သည်။
နှမြောစရာ ကောင်းသည်မှာ သစ်ရွက်ပျံ မှော်ဝင်ကိရိယာမှာလည်း ဤပေါက်ကွဲမှုကြောင့် အက်ကြောင်းများ ပေါ်လာခဲ့သည်။
ချူလျန်က နှမြောတသဖြင့် အစိမ်းရောင်အလင်းကို ပြန်သိမ်းလိုက်ရာ ဒုန်းခနဲ အသံနှင့်အတူ ထိုမျောက်ဖြူမှာ တစ်ကိုယ်လုံး မည်းတူးလျက် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
မျက်လုံးများ ပိတ်နေပုံအရ သတိလစ်သွားပုံပင်။
မျောက်မည်းကြီးအဖြစ် ပြောင်းလဲသွားချေပြီ။
သို့သော်လည်း ချူလျန်က လုံးဝ မပေါ့ဆပေ။
အကယ်၍ မိစ္ဆာတစ်ကောင်ကို သတ်လိုက်နိုင်ပါက ရွှေရောင်တံဆိပ်မှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ပျံဝင်လာရမည် ဖြစ်သော်လည်း ယခုအချိန်အထိ ဘာမှ မရှိသေးခြင်းက ထိုမျောက်ဖြူ မသေသေးကြောင်း သက်သေပြနေသည်။
သူသည် ဝူချန်ဓားကို ထုတ်လိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပျံသန်းစေကာ မျောက်ဖြူ၏ အရေးကြီးသော နေရာများသို့ ထိုးစိုက်လိုက်ပြီး အသက်ရှိမရှိ စမ်းသပ်လိုက်၏။
ဤဓားချက်ကိုမူ မျောက်ဖြူက သေဟန်ဆောင်၍ မရတော့ပေ။
၎င်းက ခန္ဓာကိုယ်ကို လှည့်လိုက်ကာ တုတ်ဖြင့် ဝူချန်ဓားကို ရိုက်ထုတ်လိုက်သည်။
၎င်းသည် ယခုအချိန်တွင် ပြင်းထန်စွာ ဒဏ်ရာရနေပြီး စိတ်ထဲတွင်လည်း နက်ရှိုင်းငရဲ မိုးကြိုးဗုံး၏ ကြောက်ရွံ့မှုများ ဖုံးလွှမ်းနေကာ တိုက်ခိုက်လိုစိတ် လုံးဝ မရှိတော့သဖြင့် လှည့်၍ ထွက်ပြေးရန်သာ ကြိုးစားတော့သည်။
ဒီတစ်ခေါက်သာ လွတ်သွားခဲ့လျှင် ဂိုဏ်းသို့ ပြန်ကာ လူစုပြီး ပြန်လာမည်။ ဤရတနာမြေကို ဖော်ထုတ်ရလျှင်ပင် ဘာမှ မဖြစ်ပေ။
ရှိရှိသမျှ ရတနာအားလုံးကို စတေးရပါစေ... ဤသူခိုးလေးကိုတော့ ကလဲ့စားပြန်ချေရမည်။
ထိုအချိန်မှာပင် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ရွှေမွေးဟူမှာ သူ၏ သခင်ကို မြင်သွားကာ မြေကြီးများ သိမ့်သိမ့်တုန်အောင် ပြေးဝင်လာလေသည်။
မျောက်ဖြူက အရှိန်ဖြင့် ခုန်ထွက်လိုက်ရာ မြူခိုးများထဲမှ ထွက်ပေါ်လာသော ကြီးမားလှသည့် ခေါင်းကြီးနှင့် မျက်နှာချင်းဆိုင် တိုးတော့သည်။
ဂွပ်...
ရွှေမွေးဟူက မျောက်ဖြူကို တစ်ချက်တည်းနှင့် ကိုက်လိုက်လေသည်။
ချူလျန်၏ ဘေးတွင် ဤမျောက်ဖြူ၏ ခုခံမှုကို အပြီးတိုင် ဖျက်ဆီးနိုင်သော လက်နက်တစ်ခု ရှိသည်ဆိုပါက ရွှေမွေးဟူ၏ အစွယ်မှာ နံပါတ်တစ်ပင် ဖြစ်ပေလိမ့်မည်။
"အား..."
မျောက်ဖြူက နာကျင်စွာ အော်ဟစ်လိုက်ပြီး မျက်လုံးများထဲတွင် နာကျည်းမှုများဖြင့် ပြည့်နှက်နေသည်။
၎င်းသည် လွတ်မြောက်နိုင်တော့မည် မဟုတ်ကြောင်း သိလိုက်သဖြင့် အမွေးတစ်ပင်ကို နှုတ်ယူကာ သွေးများကို အမွေးပေါ်သို့ ထွေးထုတ်လိုက်ပြီး အဝေးသို့ ပစ်လွှတ်လိုက်လေသည်။
ရှူး...
ထိုအမွေးအမျှင်မှာ အဖြူရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဝေးလံသော ကောင်းကင်ယံသို့ ပျံသန်းသွားတော့သည်။
ချူလျန်သည် ၎င်းကို ရွှေမွေးဟူက ကိုက်သတ်တော့မည်ကို မြင်သောအခါ လက်ညှိုးကို ညွှန်လိုက်ရာ ဝူချန်ဓား၏ ဓားအလင်းတန်းက မျောက်ဖြူ၏ လည်ချောင်းကို ထိုးဖောက်သွားလေသည်။
ထိုအခါမှ ရွှေရောင်အလင်းတန်းတစ်ခု ပျံထွက်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ စုစည်းသွားတော့သည်။
"တော်တယ်"
ချူလျန်က လျှောက်လာပြီး ရွှေမွေးဟူ၏ ခေါင်းကြီးကို ပုတ်ပေးလိုက်ကာ အချိန်မီ ရောက်ရှိလာခြင်းနှင့် မသတ်ဘဲ ကိုက်ရုံသာ ကိုက်ထားသည့် လုပ်ရပ်အတွက် အလွန်အမင်း ချီးကျူးလိုက်သည်။
ယခုဆိုလျှင် အရည်အချင်းပြည့်ဝသည့် 'ရွှေရောင်အမွေးနှင့် အမဲလိုက် ရွှေမွေးဟူ' တစ်ကောင် ဖြစ်နေချေပြီ။
မျောက်ဖြူ သေဆုံးသွားသည်နှင့် ပတ်ဝန်းကျင်ရှိ မြူခိုးများမှာ ချက်ချင်း ကင်းစင်သွားပြီး တောင်ချိုင့်ဝှမ်းဝတွင် သွေးနံ့များ လှိုင်နေသည်ကို တွေ့လိုက်ရသဖြင့် ထိုနေရာတွင်လည်း တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပုံရသည်။
အချိန်အတော်ကြာ ပျောက်ကွယ်နေသော လင်းပေ့မှာ ထိုအခါမှ ပြေးထွက်လာပြီး သေဆုံးနေသော မျောက်ဖြူနှင့် ချူလျန်ကို ကြည့်ကာ သက်ပြင်းအရှည်ကြီး ချလိုက်တော့သည်။
"ကံကောင်းလို့ ဘေးကင်းသွားတာပဲ"
သူက ရယ်မောလိုက်ရင်း ပြောလိုက်သည်။
"ငါတို့ ညီအစ်ကိုတွေကတော့ တကယ်ကို တော်တာပဲ"