အခန်း ၁၆၆
Vol. 12 Ch. 166
အပိုင်း ( 166 )
အဲ့တာတွေ အကုန်လုံးက အမှန်တရားပဲ
နန်ဟွမ်မြို့တွင် လုချန်ရှန်းသည် နေရာထိုင်ခင်းတစ်ခု ရှာဖွေတွေ့ရှိခဲ့၏။
လောင်လျူကမူ သူ့ကို ငေးကြည့်ကာ ငေးငေးငိုင်ငိုင် ဖြစ်နေလျက်ရှိ၏။
အစတွင် သူကသာ အဆိုပါ နည်းစနစ်ကို တတ်မြောက်သွားမည်ဆိုပါက မီးဖိုအတွင်းတွင် နေကာ မျိုးနွယ်စုနှစ်ခုက သူ့အား ရှာဖွေတွေ့ရှိသွားမည်ကို စိုးရိမ်ပူပန်နေရန် မလိုတော့ဘဲ လောကအလယ်အတွင် ပေါ်ပေါ်တင်တင် လှည့်ပတ်သွားလာနိုင်တော့မည်ဟုသာ ထင်နေခဲ့၏။
သို့သော် ချင်းယီက သူ့ကို ထိုစကားပြောခဲ့လေသည်။ အရေပြားကို ခွာချခဲ့ပြီးသည့်နောက်တွင် သူက လူငယ်တစ်ဦးကဲ့သို့ ဖြစ်သွားသော်လည်း သူ့ကို ကလေးတစ်ဦးကဲ့သို့ မလှည့်စားသင့်ပေ။
ယခုလေးတင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်သည် လုချန်ရှန်းက သူ၏ ဝိညာဥ်ကျောက်တုံးများကို လိုချင်နေသည်ဟု ပြသနေခဲ့သည် သို့သော် ထိုအကောင်သည် ဟန်ဆောင်ပန်ဆောင် လုပ်နေသေး၏။
အစပိုင်းတွင် သူသည် ၎င်းကသာ အသုံးဝင်နေသရွေ့ အဆင်ပြေနေလိမ့်မည်ဟုသာ ထင်နေခဲ့သည်။
အမှန်တိုင်းပြောရမည်ဆိုပါက ၎င်းက အမှန်ပင် အသုံးဝင်နေခဲ့သည် သို့သော် သီအိုရီမှာ အလွန်တရာ ရိုးရှင်းနေလျက်ရှိ၏။ လုချန်ရှန်းသည် ဓားဆန္ဒကို အသုံးပြုကာ သူ၏တောင်ပံများကို ချိတ်ပိတ်ရန် အမှန်တကယ် သင်ပြပေးခဲ့သည် ထို့ကြောင့် သူ၏တောင်ပံများကို မဖော်ထုတ်လိုက်သရွေ့ သူ၏သွေးမျိုးဆက်ကို မည်သူကမှ အာရုံခံနိုင်လိမ့်မည် မဟုတ်ပေ။
၎င်းက ကြောင်းကျိုးသင့်ပေသည် သို့သော် သူသည် ၎င်းအတွက် ဝိညာဥ်ကျောက်တုံး ငါးသိန်းအထိ အသုံးပြုခဲ့ရသည်။
သို့တိုင်အောင် သူ့ထံတွင် ရွေးချယ်စရာ မရှိပေ သူ၏ကျင့်ကြံရေးက လုချန်ရှန်းလောက် မမြင့်ပေ သူ၏ဓားတာအိုကလည်း သူ့လောက်အစွမ်းမထက်ပေ ထို့အပြင် သူ၏ရုပ်ခန္ဓာမှာလည်း ပျက်စီးနေလျက်ရှိသည်။ သည်းခံလိုက်ခြင်းမှအပ သူဘာလုပ်နိုင်မည်နည်း။
လုချန်ရှန်းကမူ အပြုံးဖြင့် စောင့်ကြည့်နေလျက်ရှိ၏။ ဝိညာဥ်ကျောက်တုံး ငါးသိန်း ထပ်ရလာခဲ့သောကြောင့် ယခုလက်ရှိ အချိန်၌ သူ့ထံတွင် ဝိညာဥ်ကျောက်တုံး ငါးသန်းနီးပါး ရှိနေခဲ့၏။
သူသည် သူ၏ အတွေးကို အတည်ပြုနိုင်ခဲ့သည် လောင်လျူက နှစ်ငါးရာတိတိ ပိတ်မိနေခဲ့သော်လည်း သူသည် အလွန်တရာ ကြွယ်ဝနေသေးပြီး သူ့ဆီမှ စပွန်ဆာတောင်းလိုက်ခြင်းမှာ မှန်ကန်သော လုပ်ရပ်တစ်ခု ဖြစ်ပေသည်။
သို့ရာတွင် သူသည် မေးခွန်းတစ်ခုကို ထုတ်ပြောလိုက်သည် “ လောင်လျူ မေးခွန်းတစ်ခုလောက် ဖြေပေး “
“ ဘာလဲ “
“ မင်းက မိုးကြိုးငှက် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်ဆိုတော့ မိုးကြိုးတာအိုနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလောက် သိသင့်တယ်လေ ဟုတ်တယ်မလား “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လောင်လျူသည် မထီမဲ့မြင်ပြုစွာ တုံ့ပြန်လာခဲ့၏ “ အဲ့အကြောင်းကို တွေးတောင်မတွေးလိုက်နဲ့။ တကယ်လို့ မင်းက မိုးကြိုးတာအိုနဲ့ အတူတူ မမွေးလာခဲ့ဘူးဆိုရင် ဉာဏ်အလင်းရဖို့ခက်တယ် အဲ့လိုဖြစ်ဖို့ဆိုရင် မင်းက မိုးကြိုးတာအို ကျမ်းစာ(ဒါမှမဟုတ်) ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ အခွင့်အလမ်းတစ်ခုကို ပိုင်ဆိုင်ထားဖို့ လိုအပ်တယ် “
“ အဲ့လောက်ကြီးတောင် ခက်တာလား “
“ မိုးကြိုးတာအိုရဲ့ အခက်ခဲဆုံးအပိုင်းက ဘာမှမရှိတာကနေ တစ်ခုခု ဖြစ်လာတာပဲ။ သဘာဝအလျောက် မွေးဖွားလာတဲ့ မိုးကြိုးတာအိုမှာ အဲ့လိုဖြစ်စဥ်မျိုး မရှိဘူး။ အမွေဆက်ခံမဲ့ မျိုးဆက်က ငါပြောခဲ့တဲ့ အခြေအနေတွေ ရှိနေဖို့ လိုအပ်တယ် ဒါပင်မဲ့ မိုးကြိုးတာအိုနဲ့ ပတ်သက်တဲ့ အတွေးအမြင်တွေကို ထောက်ပံ့ပေးနိုင်တဲ့ မိုးကြိုးတာအို ကျမ်းစာက တော်တော်လေးကို ရှားတယ် သာမန်ကျမ်းစာတွေက အသုံးမဝင်ဘူး ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ အခွင့်အလမ်းတွေဆိုရင် ပိုပြီးတော့တောင် ရှားသေးတယ် “
“ ငါသိပြီ “ လုချန်ရှန်းသည် ခေါင်းငြိမ့်ပြလာခဲ့ပြီး တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ စကားထပ်ပြောလိုက်သည် “ ငါက မတော်တဆ မိုးကြိုးအပစ်ခံခဲ့ရပြီးတော့ ဘာမှမရှိတာကနေ တစ်ခုခုရှိလာတဲ့ အခြေအနေကို လုပ်နိုင်ခဲ့တယ် ငါက ဘယ်လိုဆက်ကျင့်ကြံသင့်လဲ “
“ မင်းဘာပြောလိုက်တယ်။ မင်ငါ့ကို လာနောက်နေတာလားဟ။ မိုးကြိုးအပစ်ခံခဲ့ရပြီးတော့ မိုးကြိုးတာအိုနဲ့ ပတ်သက်တဲ့ အတွေးအမြင်တွေရခဲ့ပြီးတော့ အဲ့ဒီဖြစ်စဥ်ကို အပြီးသတ်နိုင်ခဲ့တယ်ပေါ့ “
“ ဟုတ်တယ်လေ “
လောင်လျူသည် ရယ်ရယ်မောမောဖြင့် သရော်လာခဲ့၏ “ မင်းက အဲ့လိုပါရမီရှင်မျိုးဆိုရင် ဘာလို့အတွေးများနေရတာလဲ။ မိုးကြိုးပဲဆက်အပစ်ခံလိုက်လေ “
“ တကယ်လား “
“ ဟုတ်တယ် “
“ အင်း အဲ့တာက ငါ့အတွေးတွေနဲ့ အတူတူပဲ “
လောင်လျူ : “ … “
ထို့နောက်တွင် လူနှစ်ဦးစလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
လောင်လျူသည် သူ၏အထွတ်အထိပ်အခြေအနေဆီသို့ ပြန်လည်ရောက်ရှိလိုသောကြောင့် ကျင့်ကြံနေတော့သည် ထိုစဥ် လုချန်ရှန်းကမူ မိုးကြိုးတာအိုကို စူးစမ်းလေ့လာကာ မည်သည့်နေရာတွင် မိုးကြိုးပစ်လဲဆိုသည်ကို တွေးတောစဥ်းစားနေတော့၏။ သူ၏ကောင်းကင်ဘုံ ကပ်ဘေးကို မှီခိုခြင်းမှာ အလွန်တရာ ကြာလွန်းလှသည်။
သူသည် အကျဥ်းချုံး၍ မှတ်ချက်ပေးနေတော့သည် ခဏခဏ မိုးကြိုးအပစ်ခံရတာက ရှင်ဘုရင်လမ်းစဥ်ပဲ။
လေလံပွဲစတင်ရန် တစ်လတိတိ လိုနေသေးသည်။ လေလံအိမ်က သတင်းလွှင့်ကာ ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သည် တစ်ခြားသော ပစ္စည်းများကိုပါ စုစည်းကာ အားလုံးကို တစ်ပြိုင်နက် ရောင်းချမည် ဖြစ်၏။
လုချန်ရှန်းကမူ ထိုကိစ္စများနှင့် ပတ်သက်၍ မည်သို့မျှ တွေးပူနေရန် မလိုတော့ပေ သူသည် ပြီးဆုံးမည့် အချိန်ကို စောင့်ဆိုင်းကာ ဝိညာဥ်ကျောက်တုံးများ ရေတွက်ခြင်းကိုသာ ပြုလုပ်ရမည် ဖြစ်သည်။
ရုတ်တရက်ဆိုသလိုပင် သူသည် ရှောင်ဟေးကို တွေးမိသွားကာ သူက ထိုကောင့်ကို ထပ်မံ၍ မေ့သွားခဲ့ပြန်ပြီဆိုသည်ကို နားလည်သွား၏။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် ယွမ်နယ်မြေအတွင်းသို့ ဝင်သွားတော့သည်။
ပြန်လည်ကုစားနေသည့် ကာလအတွင်းတွင် ယွမ်နယ်မြေ၏ အရပ်လေးမျက်နှာလုံးက ပြန်လည်ပေါင်းစည်းကာ ချိတ်ဆက်နေခဲ့ပြီ ဖြစ်သည်။
သို့ရာ၌ လုချန်ရှန်းက ယွမ်နယ်မြေအတွင်းသို့ ရောက်လာခဲ့သည့် အချိန်တွင် အရပ်လေးမျက်နှာစလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေလျက်ရှိ၏။ သူသည် ပထမအလွှာတွင် လမ်းလျှောက်နေခဲ့ပြီး ထိုအချိန်တွင် တောင်ပိုင်းဒေ၏ ကျင့်ကြံသူများသာလျှင် မဟုတ်ဘဲ တစ်ခြားသော ဒေသများမှ ကျင့်ကြံသူများကပါ သူနှင့် အကွာအဝေးတစ်ခု ခြားထားကြ၏။
သူသည် တိုက်ပွဲအလံကိုးခုကို ဆွဲထုတ်ကာ တောင်ပိုင်းဒေသတွင် ပြိုင်ဘက်ကင်းခဲ့သည်။ ၎င်းက မည်သို့မျှ မပြောင်းလဲသွားခဲ့ပေ တစ်ချို့လူများကမူ အများဆုံးအနေဖြင့် သုံးခုတိတိ ဆွဲထုတ်နိုင်ခဲ့ကြသည် သို့သော် သူ့ကို ရန်စရန်အတွက် ကွာခြားချက်မှာ အလွန်တရာ ကြီးမားနေသေးသည်။
လုချန်ရှန်းက ယွမ်နယ်မြေအတွင်းသို့ ပြန်ဝင်လာခဲ့သည့် သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး ရှောင်ဟေးက သူ့ဆီသို့ သိပ်မကြာခင် အချိန်မှာပင် ရောက်ရှိလာခဲ့ပြီး သူ၏အနောက်တွင် ကျင်းယုပါ ရှိနေခဲ့၏။
ဤကာလအတွင်းတွင် သူတို့နှစ်ဦးက တိုက်ပွဲအလံအောက်တွင်သာ ကျင့်ကြံနေခဲ့ကြသည်။
တိုက်ပွဲအလံကြောင့်ပင် ရှောင်ဟေးမှာ မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည် သို့သော် သူသည် ပထမအလွှာတွင်သာ ပိတ်မိနေသေး၏။
“ အစ်ကိုကြီး မတွေ့ရတာကြာပြီ။ ကျွန်တော်က ခင်ဗျားကို အများကြီးလွမ်းနေတာဗျ “
ကျင်းယုကမူ ယခင်ကကဲ့သို့ပင် တက်ကြွမြဲတက်ကြွနေသေး၏။ သူက လုချန်ရှန်းနှင့်သိသည်ဟု လူတိုင်းက သိသွားခဲ့သည့် အချိန်မှစ၍ ယွမ်နယ်မြေအတွင်းရှိ မည်သူကမှ သူ့ကို ထပ်မံ၍ ရန်မစရဲတော့ဘဲ သူ၏ဘဝမှာလည်း တဖြည်းဖြည်း သက်တောင့်သက်သာရှိလာခဲ့သည်။
ရှောင်ဟေးကမူ ခါတိုင်းလိုပင် စောဒကတက်လာခဲ့သည် “ မင်းက ထပ်ပြီးတော့ မေ့နေပြန်ပြီလား “
ရှောင်ဟေးက မကျေနပ်ချက်တို့ဖြင့် စကားစပြောလာခဲ့၏။
“ အမ် …. “ လုချန်ရှန်းသည် ဆွံ့အသွားတော့သည် “ ဒီရက်ပိုင်းမှာ တော်တော်လေး အလုပ်များနေခဲ့တာလေ။ အချိန်ရတာနဲ့ တစ်ခါတည်း ပြေးဝင်လာခဲ့တာလေ “
တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်ကာ တစ်ဖက်လူ၏ အားပျော့သော ဆင်ခြေများအကြောင်း နားထောင်ရခြင်းကို သူနေသားကျနေခဲ့ပြီ ဖြစ်သည်။ ထိုအကောင်သည် အမြဲလိုလို အတည်ပေါက်နှင့် လိမ်လေ့ရှိ၏။
“ အာ ထားလိုက်တော့ “
ရှောင်ဟေးသည် သူက မည်ကဲ့သို့သော လူစားမျိုးလဲဆိုသည်ကို သိနေခဲ့ပြီးဖြစ်သောကြောင့် များများစားစား ထပ်ပြောမနေတော့ပေ။
ထို့နောက်တွင် လုချန်ရှန်းက စကားထပ်ပြောလာခဲ့၏ “ အို့ မဆိုးပါဘူး မင်းက ဓားတာအို အဆင့်၈အထိ တိုက်ရိုက်ခုန်တက်သွားပြီပဲ။ အာနိသင်က ကောင်းတယ်မလား “
“ အင်း “
“ ဘယ်လိုလဲ။ ဉာဏ်အလင်းရပြီလား။ ပြီးရင် အဆင့်၈ကနေ အဆင့်၉ကို သွားနိုင်မဲ့ အတွေးအမြင်တွေကို လွှဲပေးမယ် “ ဟု လုချန်ရှန်းမှ ထပ်ပြောလိုက်၏။
သူသည် အတော်လေး ယုံကြည်စိတ်ချရသည့် လူတစ်ဦးဖြစ်သည်။ သူသည် တာအိုဟောကြားခြင်း သင်ကြားပေးခြင်းနှင့် သံသယများကို ဖြေရှင်းပေးခြင်း စသည်ဖြင့် တစ်ဖက်လူအတွက် အကျိုးရှိစေမည့် ကိစ္စများကို လိုလိုလားလား လုပ်ဆောင်လိုလှသည်။
အကယ်၍ ရှောင်ဟေးကသာ ငွေပိုပေးရန် ဆန္ဒရှိမည်ဆိုပါက သူသည် သူ၏ကိုယ်ပိုင် ဓားဆန္ဒကိုပင် ဖြတ်တောက်ကာ တစ်ဖက်လူကို ဓားနှလုံးသား သန့်စင်မှုနယ်ပယ်သို့ ပို့ပေးလိုက်မည်ဖြစ်သည် သို့သော် ထိုကဲ့သို့ လုပ်ဆောင်လိုက်မည်ဆိုပါက ရှေ့ဆက်၍ တိုးတက်ရန် ခက်ခဲသွားလိမ့်မည် ဖြစ်သည်။
ရှောင်ဟေးမှ စကားထပ်ပြောလာခဲ့၏ “ ခဏစောင့်ဦး ငါမင်းကို မေးချင်နေတဲ့ ကိစ္စတစ်ခုရှိတယ် “
“ အတည်ကြီးလား ”
ရှောင်ဟေးမှ ခေါင်းငြိမ့်ပြလာခဲ့၏ ထို့နောက်တွင် သူသည် တိတ်ဆိတ်သော နေရာတစ်ခုကို ရှာဖွေကာ ကျင်းယုကို အဝေးတွင် စောင့်ဆိုင်းနေရန် ပြောလိုက်ပြီး စကားစပြောလာခဲ့၏ ” လောင်လျူ ပေါက်ကွဲလာခဲ့ပြီးတဲ့နောက်မှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို ငါသိချင်တယ်။ ငါသိသလောက်အရဆိုရင် အဲ့တာတွေအကုန်လုံးကို မင်းတစ်ယောက်တည်းပဲ သိနေဖို့များတယ် “
လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ လူတိုင်း မေ့သွားကြတယ် “
“ ဒါပင်မဲ့ မင်းတော့ မပါဘူးဆိုတာကို ငါသိတယ် “
“ အဲ့တာကို ငါဘယ်လိုလုပ်လိုက်သင့်လဲ “ လုချန်ရှန်း အတွေးနက်သွားတော့၏။ လောင်လျူကို ကတိပေးထားခဲ့သောကြောင့် သူအခက်တွေ့နေရတော့သည်။
ရှောင်ဟေးကမူ ကွေ့ဝိုက်လှည့်ပတ်နေခြင်း မရှိဘဲ တည့်ပြောလာခဲ့သည် “ ငါ့ကို အမှန်တိုင်းပြောပြ ငါ့ညီပျောက်နေတယ် ငါတို့မျိုးနွယ်စုကလည်း နည်းလမ်းအားလုံး သုံးပြီးတော့ သူ့ကို ရှာနေတယ် ဒါပင်မဲ့ သူ့ကို ရှာမတွေ့သေးဘူး “
“ မင်းမှာ ညီရှိတာလားဟ “ လုချန်ရှန်း မှင်သက်သွားတော့သည် သူသည် ထိုကိစ္စကို အမှန်ပင် မသိခဲ့ပေ။
ထို့နောက်တွင် ရှောင်ဟေးမှ ထပ်ပြောလာခဲ့၏ “ မင်းက သူ့ကို တွေ့ဖူးသင့်တယ် သူကလည်း အဲ့အချိန်တုန်းက ရှိခဲ့တယ်လေ သူ့နာမည်က ယဲ့ယန် သူက ငါ့ရဲ့ ညီတစ်ဝက်လေ “
( အဖေတူ အမေကွဲ(ဒါမှမဟုတ်) အမေတူ အဖေကွဲ ညီအစ်ကိုပါ )
( အရင်အပိုင်းတုန်းက အဖြူဝတ်လူငယ်ကို ယဲ့လန်ဆိုပြီး ရေးခဲ့ပါတယ် တစ်ခါတစ်လေကျရင် အသုံးအနှုန်းမှားတတ်လို့ အဲ့အတိုင်း သုံးလိုက်တာပါ အခုဒီအပိုင်းပါ ယဲ့ယန်လို့ သုံးထားပါတယ် လူမတူပါဘူး ကျွန်တော့်အမှားပါ )
“ ယဲ့ယန် ……. အဖြူရောင် ဝတ်စုံနဲ့ အဲ့ဒီ ကောင်းကင်ဝါးမျိုငှက်လား “
“ ဟုတ်တယ် တကယ်ပဲ ဘာတွေ ဖြစ်ခဲ့တာလဲ “
“ အမ်း ……. “
လုချန်ရှန်း မှင်သက်သွားပြီး တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ စကားထပ်ပြောလာခဲ့၏ “ ဒါကို ပြောပြမယ် လောင်လျူက ကိုယ့်ကိုကိုယ် ဖျက်စီးခဲ့ပြီးတဲ့နောက်မှာ ပိုပြီးတော့ ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ပေါ်လာခဲ့တယ်။ သူက အဲ့ကိစ္စတွေရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ဉာဏ်ကြီးရှင်ပဲ “
“ ကြိုးကိုင်တဲ့သူလား “
“ဟုတ်တယ် အနက်ရောင်ရေထဲမှာ ရှိတဲ့ ဓားကျိန်စာနဲ့ ရွှေရောင်စာရွက်တွေက သူလုပ်ထားတာတွေချည်းပဲ။ လောင်လျူက သူ့ကိုယ်သူ ဖျက်စီးလိုက်တဲ့ အချိန်မှာ ပေါ်လာခဲ့တဲ့ ဓားကျိန်စာနဲ့ ဓားဆန္ဒတွေကတောင် သူ့ရဲ့ ကြိုတင်ပြင်ဆင်မှုတွေပဲ။ အားလုံးက သူလှည့်စားတာကို ခံလိုက်ရတာ “
“ ဆိုတော့ အဲ့လိုကိုး “
ရှောင်ဟေး အံ့ဩတုန်လှုပ်သွား၏ သူသည် ထိုကဲ့သို့သော လူတစ်ဦး ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ ငါ့ညီကရော “ ရှောင်ဟေးမှ ထပ်မံ၍ မေးမြန်းလာခဲ့၏။
“ မင်းရဲ့ညီကို သူဖမ်းသွားတယ်။ ပျောက်နေတဲ့ လူတွေ အကုန်လုံးက သူ့လက်ထဲမှာပဲ “
“ ဆိုတော့ ထျန်းရီ မြင့်မြတ်နယ်မြေရဲ့ ရှောင်ရွှမ်းနဲ့ စုမူယွဲ့တို့ ပျောက်နေတာကလည်း သူ့လက်ချက်ပဲပေါ့ “
“ အဲ့အချိန်တုန်းက သူရှိနေခဲ့တယ် “
လုချန်ရှန်းသည် ဂရုတစိုက် တွေးတောစဥ်းစား၍ အဖြေပေးလိုက်ကာ လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်သည်။
ထို့အပြင် သူပြောခဲ့သည့် စကားများက လုပ်ကြံဖန်တီးထားခြင်း မရှိသည့် အမှန်တရားများသာ ဖြစ်သည်။ လောင်လျူက ကိုယ့်ကိုကိုယ် ဖျက်စီးခဲ့ပြီးသည့်နောက်တွင် ကြိုးကိုင်သူတစ်ဦး အမှန်ပင် ပေါ်လာခဲ့ကာ ထိုလူများကို ဖမ်းဆီးသွားခဲ့သည်။ သူသည် ရှောင်ရွှမ်းနှင့် စုမူယွဲ့တို့ ဖိနှိပ်ခံခဲ့ရသည့် အချိန်တွင်လည်း အမှန်တကယ် ရှိနေခဲ့သည်။
ထိုစကားများက အပြည့်အဝ မှန်ကန်နေခဲ့သည်။
ကြိုးကိုင်သူက လောင်လျူဖြစ်နေခြင်းဆိုသည့် ကိစ္စကမူ တစ်ခြားသော ကိစ္စတစ်ခုဖြစ်သည်။ သူတို့က မည်ကဲ့သို့ တွေးထင်ကြမလဲ(သို့) မည်ကဲ့သို့ ခန့်မှန်းကြမလဲဆိုသည်မှာ သူတို့၏ ကိစ္စသာ ဖြစ်ပေသည်။
၎င်းတို့က သူ လုချန်ရှန်းနှင့် မည်သို့မျှ မသက်ဆိုင်ပေ။
--
…………………………………………………………………………………………………………………………………..