အခန်း ၁၆၇
Vol. 12 Ch. 167
အပိုင်း ( 167 )
မင်းစိတ်ပြောင်းသွားတာလား
လုချန်ရှန်း၏ ရှင်းပြမှုကို နားထောင်နေရင်းဖြင့် ရှောင်ဟေး၏ အမူအရာ လေးနက်သွားသည်။
ထိုကိစ္စက ထိုမျှဆန်းကြယ်နေလိမ့်မည်ဟု မည်သူကမှ မထင်မှတ်ထားခဲ့ပေ။ အထူးသဖြင့် လုချန်ရှန်း၏ ရှင်းပြချက်ကို နားထောင်ခဲ့ရပြီးသည့်နောက်တွင် ဖြစ်ပြီး သာမန်လူတစ်ဦးကပင် ထိုလူ၏ ကြောက်မက်ဖွယ်ရာ စိတ်ထားကို ခံစားမိနိုင်ပေသည် ထိုလူသည် အင်အားစု အမျိုးမျိုးကို အကွက်ဆင်ခဲ့ကာ လုချန်ရှန်းကိုပင် ထွက်ပြေးရသည်အထိ ဖိအားပေးခဲ့လေ၏။
၎င်းက အလွန်ပင် ရှားပါးလွန်းသည်။
“ ချီးပဲကွာ “ ရှောင်ဟေး မျက်မှောင်ကြုတ်သွား၏။
သို့ရာတွင် လုချန်ရှန်းကမူ နေရခက်စွာဖြင့် သူ၏မျက်နှာကို ထိကြည့်နေတော့၏ သူသည် ၎င်းက ရှောင်ဟေး၏ ညီငယ်ဆိုသည်ကို မသိခဲ့ပေ ညီအစ်ကိုနှစ်ဦးထံတွင် မည်သည့်ဆက်ဆံရေးမှ မရှိဘဲ သူတို့က မတည့်သည့်အလားပင် ဖြစ်နေခဲ့၏။
ထို့ကြောင့် သူ့ကို ဖမ်းသွားခြင်းက ရှောင်ဟေးအား သူ၏ဒေသကို ဖြေဖျောက်ပေးရန်ပင် ကူညီပေးနိုင်ပေသည်။
သို့ရာတွင် ရှောင်ဟေးကမူ သူ၏ သေးငယ်သော အပြုအမူတစ်ခုကို သတိပြုမိသွား၏။
“ အမှန်တရားကို ပြော မင်းက ထပ်သိထားသေးတယ်မလား “
“ အမ် …… “
ဘယ်လိုလုပ်ရမလဲ
ရှောင်ဟေးမှ ပြန်ပြောလာခဲ့၏ “ ငါ့ကို ပြောပြဖို့အတွက် မင်းက ဝိညာဥ်ကျောက်တုံး ဘယ်လောက်လိုချင်လဲ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် ချက်ချင်းမျက်မှောင်ကြုတ်သွားကာ တုံ့ပြန်လိုက်၏ “ အဲ့တာက ဘာစကားကြီးလဲ။ ငါ လုချန်ရှန်းကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ။ ငါတို့ရဲ့ ဆက်ဆံရေးအရဆိုရင် မင်းရဲ့ညီလေးက ငါ့ရဲ့ညီလေးပဲပေါ့။ ငါက မင်းရဲ့ငွေကို ဘယ်လိုလုပ်ယူနိုင်မှာလဲ “
ထိုစကားလုံးများကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ရှောင်ဟေးမှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။
သူသည် လုချန်ရှန်းကို မယုံကြည်နိုင်ဖြစ်သွားသည့် အရိပ်အငွေ့တို့ဖြင့် ကြည့်ကာ ပြန်ပြောလိုက်သည် “ မင်းရဲ့စိတ်သဘောထား ပြောင်းလဲသွားတာလား “
“ စိတ်ပြောင်းသွားတယ်ဆိုတာက ဘာစကားကြီးလဲ။ အဲ့တာက ငါ့ရဲ့စိတ်ရင်းအမှန်ကွ “
“ ဒါဆိုရင် မင်းဘာတွေ သိထားတာလဲ “
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ သူက တောင်ပိုင်းက တောရိုင်းမြို့မှာ ရှိတယ် “
ကိစ္စက ဤကဲ့သို့ ဖြစ်လာခဲ့ပြီဖြစ်သောကြောင့် တစ်ခြားသောနည်းလမ်း မရှိတော့ပေ အကယ်၍ သူမပြောဘူးဆိုလျှင်တောင်မှ တစ်ဖက်လူက သိပ်မကြာခင် အချိန်မှာပင် သတင်းရရှိသွားလိမ့်မည် ဖြစ်သည်။
ထိုကိစ္စက သူ၏ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။
“ သေချာလား “
“ ၁၀၀%ပဲ “
လုချန်ရှန်းသည် အသာအယာ သက်ပြင်းချနေတော့၏ ဘာမသေချာစရာ ရှိလို့လဲ။
ရှောင်ဟေးသည် ခေါင်းငြိမ့်ပြကာ ပြန်ပြောလာခဲ့သည် “ ငါသိပြီ “
သူက အလွန်တရာ လေးနက်နေသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် အနည်းငယ် သနားသွားခဲ့သည် “ တကယ်လို့ မထင်မှတ်ထားတဲ့ ကိစ္စတွေသာ မဖြစ်လာဘူးဆိုရင် သူက တော်တော်ကြီးကို ဘေးကင်းတယ်။ မင်းက အများကြီးတွေးပူနေဖို့ မလိုပါဘူး “
“ လုံခြုံတာလား “
“ ဟုတ်တယ် “
ထိုစကားကို ကြားလိုက်ရသောအချိန်၌ အစပိုင်းတွင် သက်တောင့်သက်တာရှိနေပုံရသည့် ရှောင်ဟေးမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။
စကားအနည်းငယ် ပြောခဲ့ပြီးသည့်နောက်တွင် သူထွက်သွားခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ကျင်းယုပါ ရောက်လာခဲ့ပြီး တစ်ခဏခန့် စကားလာခဲ့၏။
လုချန်ရှန်းသည် စောင့်ကြည့်နေရင်းဖြင့် အနည်းငယ် ပျင်းရိသွားပြီး တစ်ခဏခန့် လှည့်ပတ်ကြည့်ရှုခဲ့ပြီးသည့်နောက်တွင် သူ၏ခန္ဓာကိုယ်ဆီသို့ ပြန်သွားတော့၏။
သို့ရာ၌ ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင် သူသည် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားနေခဲ့ရ၏ ရှောင်ဟေးသည် ယဲ့ယန်က တောရိုင်းမြို့၏ မည်သည့်နေရာတွင် ရှိနေလဲဆိုသည်ကိုပင် မမေးခဲ့ပေ။
၎င်းကို တွေးမိသွားသောအခါတွင် လုချန်ရှန်းသည် ထပ်မံ၍ စဥ်းစားမနေတော့ဘဲ သူ၏ ကျင့်ကြံရေးကို ဆက်လက်လုပ်ဆောင်ကာ မိုးကြိုးနည်းစနစ်များကို နားလည်ဆင်ခြင်နေတော့၏ အားလပ်ချိန်များတွင်မူ စီးပွားရေး အခွင့်အလမ်းများကို ရှာဖွေရန်အတွက် လမ်းများအနှံ့ လှည့်ပတ်သွားလာနေခဲ့၏။
ယွမ်နယ်မြေမှ ပြန်ရောက်ခဲ့ပြီးသည့်နောက် နှစ်ရက်အကြာ သူအပြင်ထွက်နေသည့် အချိန်မှာပင် ရှောင်ဟေးကို မြင်လိုက်ရသောကြောင့် သူတအံ့တဩ ဖြစ်သွားခဲ့သည်။
အဝေးရှိ သူ့ကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးမှာ ပြုံးနေတော့သည်။
“ ရှောင်ဟေး ဘယ်လောက်တောင် တိုက်လိုက်လဲ “ လုချန်ရှန်းသည် ရှေ့တက်ကာ သူ့ကိုနှုတ်ဆက်လိုက်သည်။
ရှောင်ဟေးက ပြန်ပြောလာခဲ့သည် “ အဲ့တာက ငါမင်းကို မေးသင့်တဲ့ဟာလေ “
“ ဘာလို့လဲ “
“ မင်းက တောင်ပိုင်း တောရိုင်းမြို့မှာ ဘယ်လိုလုပ် ရှိနေရတာလဲ “
“ အခုမှ ရောက်လာတာလေ “ ဟု လုချန်ရှန်းက ခေါင်းငြိမ့်ပြလိုက်၏။
သို့ရာတွင် ရှောင်ဟေးမှာ ပြုံးနေခဲ့သည် နတ်ကောင်းကင်ဂိုဏ်းနှင့် တောင်ပိုင်း တောရိုင်းမြို့အကြားတွင် မိုင်တစ်သိန်းကျော်ခြားနေခဲ့ပြီး ဤနေရာသို့ ရောက်ရှိရန်အတွက် အနည်းဆုံးအနေဖြင့် ၁၀ရက်တိတိ အချိန်ယူရမည် ဖြစ်သည် ထို့ကြောင့် ထိုအကောင်က ဤနေရာသို့ အစောပိုင်းအချိန်များကတည်းက ရောက်ရှိနေမည်မှာ သိသာလှသည်။
သို့သော် သူဘာမှ မပြောလိုက်ပေ။
ထိုစဥ် လုချန်ရှန်းက စကားထပ်ပြောလာခဲ့သည် “ အဲ့တာက ဘာအကြည့်ကြီးလဲ “
“ ဒါဆိုရင် မင်းက ဘာလို့ မိုင်တစ်သိန်းအထိ ခရီးထွက်နေရတာလဲ “
“ အကြွေးတောင်းဖို့လေ မဟာတောရိုင်း ခန်းမက ငါ့ကို ဆယ်သန်းအကြွေးတင်နေတယ်လေ “
“ အမှန်ပဲ “
ရှောင်ဟေးကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့၏။
သူ့အနောက်တွင် ရှိနေသည့် အကြီးအကဲတို့မှာလည်း မည်သည့်မူမမှန်မှုကိုမှ ချမပြခဲ့ပေ ထို့အစား သူတို့သည် လုချန်ရှန်းကို နွေးနွေးထွေးထွေး နှုတ်ဆက်လာခဲ့ကြသည်။
ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုသည် ဖြောင့်မတ်တည်ကြည်သည့် ဤလူငယ်ကို လေးစားကာ ကျေးဇူးကြွေးတင်နေခဲ့၏။
“ ဒါဆိုရင် မင်းကရော ဒီမှာ ဘာလုပ်နေတာလဲ “ လုချန်ရှန်းသည် သိလျက်ဖြင့် မေးမြန်းလိုက်သည်။
ရှောင်ဟေးသည် သူ့ကို ငေးကြည့်နေခဲ့သော်လည်း ဘာမှပြန်မပြောလိုက်ပေ။
သို့ရာတွင် အကြီးအကဲတစ်ဦးက စကားဝင်ပြောလာခဲ့၏ “ အမှန်တိုင်းပြောရမယ်ဆိုရင် မိတ်ဆွေလေး ငါတို့ မျိုးနွယ်စုက ယဲ့ယန်က ဒီနေရာမှာ ရှိနေတယ်လို့ သတင်းရခဲ့လို့ပါ။ တစ်ယောက်ယောက်က သူ့ကို လေလံအိမ်မှာ ထားထားလို့ ငါတို့က သူ့ကိုကယ်ဖို့အတွက် ရောက်လာတာပါ “
“ အို့။ အဲ့လိုလား “
သူ၏အာမေဋိတ်သံကို ကြားလိုက်ရသောအခါတွင် လူအနည်းငယ်မှာ သက်ပြင်းတချချ ဖြစ်သွားတော့သည်။
သို့ရာတွင် ရှောင်ဟေးကမူ အေးဆေးတည်ငြိမ်လျက်ပင်။
သို့သော် ထိုစကားကို နားထောင်ရခြင်းအားဖြင့် ရှောင်ဟေးက သူရရှိခဲ့သည့် သတင်းကို ထိုလူများကို မပြောပြခဲ့ဘူးဟု ကောက်ချက်ချ၍ရပြီး ၎င်းက အလွန်တရာ ထူးဆန်းလှသည်။
တစ်ခဏခန့် စကားပြောကာ နှုတ်ဆက်ခဲ့ပြီးသည့်နောက်တွင် လူတိုင်း ထွက်သွားကြသည်။
ထွက်ခွာသွားသည့် ကောင်းကင်ဝါးမျိုငှက်များကို စောင့်ကြည့်နေရင်းဖြင့် လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ ရှောင်ဟေးက တော်တော်လေး ထူးဆန်းနေတယ် “
သတင်းများ ဆက်လက်ပြန့်ပွားနေမှုနှင့်အတူ အင်အားစု တော်တော်များများသည် တောင်ပိုင်း တောရိုင်းမြို့သို့ ရောက်ရှိလာခဲ့ပြီး ထျန်းရီ မြင့်မြတ်နယ်မြေနှင့် ထျန်းကျီစံအိမ် နှစ်ခုစလုံးပါ ရောက်ရှိလာခဲ့၏။
လုချန်ရှန်း တွေးထားခဲ့သည့်အတိုင်းပင် လေလံပွဲနှင့် မသက်ဆိုင်သည့် အင်အားစုများကပင် ရောက်ရှိလာခဲ့သည် လောကတွင် ရန်သူမရှိသည့် လူဟူ၍ မရှိချေ။
ထူးခြားသော လေလံပွဲ စတင်ခဲ့လေပြီ။
အချိန်များ တိတ်တဆိတ် ကုန်ဆုံးသွားပြီး ဤကာလအတွင်းတွင် လူတိုင်းက ပစ္စည်းများ စရောင်းမည့် အချိန်ကို စောင့်ဆိုင်းနေလျက်ရှိ၏။
လုချန်ရှန်းသည် မဟာတောရိုင်း ခန်းမကို ရှာဖွေတွေ့ရှိခဲ့၏။
လုံခြုံစေရန်အလို့ငှာ သူသည် အကြွေးတောင်းရန်အတွက် ရုပ်သေးကိုသာ လွှတ်လိုက်သည်။
ရုပ်သေးက မည်သည့်အတားအဆီး အခက်အခဲမှ မရင်ဆိုင်ရဘဲ ဝိညာဥ်ကျောက်တုံးများနှင့်အတူ ပြန်ရောက်လာခဲ့သောကြောင့် သူအံ့ဩသွားခဲ့ရသည်။
သူတို့က လုချန်ရှန်းနှင့် တွေ့ဆုံရန် ထပ်ခါတလဲလဲ တောင်းဆိုခြင်းမှအပ မည်သည့်အရာမှ မဖြစ်ပွားခဲ့ချေ။
လုချန်ရှန်းကို ရှာဖွေရန်အတွက် လူတစ်ချို့က ရုပ်သေးအနောက်သို့ လိုက်လာခဲ့ကြသည် သို့သော် ရုပ်သေးကမူ တောပိုင်း တောရိုင်းမြို့မှ ထွက်သွားခဲ့ပြီးသည့်နောက်တွင် အစအနပင် ရှာမရဘဲ ရုတ်တရက် ပျောက်ကွယ်သွား၏။
၎င်းက မဟာတောရိုင်း ခန်းမကို ကူရာကယ်ရာမဲ့သွားစေခဲ့သည် သူတို့က သူ့ကို ခေါ်ယူချင်နေသော်လည်း သူသည် အခွင့်အရေးတစ်ခုပင် မပေးခဲ့ချေ။
ဝိညာဥ်ကျောက်တုံးများကို ရခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းမှာ ပြုံးစိစိ ဖြစ်သွားတော့သ်။
၁၅သန်း လေလံအိမ်မှ ရရှိမည့် ဝိညာဥ်ကျောက်တုံးများနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက အဆင့်၆သို့ အဆင့်ထိုးဖောက်ရန်အတွက် လုံလောက်သွားမည် ဖြစ်သည် ရှောင်ဟေးက နယ်ပယ်တစ်ခုစာအတွက် ဝိညာဥ်ချီ ထောက်ပံ့ပေးမည်ဟု ပြောထားခဲ့ဖူးသောကြောင့် အဆင့်၇အတွက်ပါ စိုးရိမ်ပူပန်နေရန် မလိုတော့ချေ။
“ အသွင်ပြောင်းခြင်း နယ်ပယ်ကို ရောက်သွားတာနဲ့ ကျောက်ကုန်းမင်ကို လေလံတင်မယ် ပြီးရင် ချူလျူရှန်းကို ထပ်သတ်မယ် အဲ့တာတွေပြီးရင် မိုးကြိုး နည်းစနစ်တွေကို နားလည်ဆင်ခြင်ဖို့အတွက် မိုးကြိုးငှက်တွေရဲ့ အသိုက်ဆီသွားမယ် “
သူသည် အဆင့်ပင် မတက်ရသေးသော်လည်း လုပ်ဆောင်ရမည့် တာဝန်များကို စီစဥ်ရေးဆွဲနေခဲ့ပြီ ဖြစ်သည်။
လေလံပွဲမှာလည်း ထူးခြားသော နည်းလမ်းတစ်မျိုးဖြင့် စတင်လာခဲ့သည်။
လုချန်ရှန်းသည် ဝိညာဥ်ကျောက်တုံးများကို ရေတွက်နေရင်းဖြင့် လေလံပွဲ ပြီးဆုံးမည့် အချိန်ကို စိတ်အားထက်သန်စွာဖြင့် စောင့်ဆိုင်းနေလျက်ရှိ၏။
သို့သော် ရလဒ်မှာ သူမျှော်မှန်းထားသည်ထပ် ထပ်မံ၍ ကျော်လွန်နေခဲ့ပြန်သည်။
ချူချန်ခုန်း၏ ရောင်းဈေးက လေးသန်း ကောင်းကင်တံခါးဂိုဏ်း၏ ပိုင်နန်က သုံးသန်း ကျောက်ခိုင်က နှစ်သန်း ရှန်လင်းက သုံးသန်း ပို၍ ရယ်စရာကောင်းသော အရာကမူ ယဲ့ယန်မှာ ၁.၅သန်းဖြင့် ဝယ်ယူခံလိုက်ရခြင်းပင် ဖြစ်သည်။
ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုသည် လေလံအိမ်သို့ပင် ရောက်မလာခဲ့ချေ ယဲ့ယန်အား အမည်မသိ ဝယ်ယူသူတစ်ဦးက ဝယ်ယူသွားခဲ့သည်။
လုချန်ရှန်းကို လက်မခံနိုင်ဖြစ်သွားစေသည့်အရာမှာ စုမူယွဲ့နှင့် ရှောင်ရွှမ်းတို့ကို သက်ဆိုင်ရာ အင်အားစုများက ငါးသိန်းဆိုသည့် ပမာဏဖြင့် ဝယ်ယူသွားခြင်း ဖြစ်သည်။
တစ်ခြားသော အရာအားလုံးက အဆင်ပြေချောမွေ့နေခဲ့သည် သို့သော် ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုက လေလံပွဲတွင် မပါဝင်ခဲ့ခြင်းမှာ မထင်မှတ်ထားသော ကိစ္စတစ်ရပ် ဖြစ်သည်။
သူသည် ထျန်းရီ မြင့်မြတ်နယ်မြေနှင့် ထျန်းကျီ စံအိမ်တို့၏ စွမ်းအားကိုပါ လျှော့တွက်ခဲ့မိသည်။
၎င်းတို့က ပူးပေါင်းထားခဲ့ပြီ ဖြစ်သည် တစ်ခုက အရှေ့ပိုင်းဒေသ၏ မြင့်မြတ်နယ်မြေဖြစ်ပြီး ကျန်တစ်ခုကမူ အရာအားလုံးကို သိရှိသည်ဟု ကောလဟာလထွက်နေသည့် ထျန်းကျီစံအိမ်ဖြစ်သည်။ အကယ်၍ ရန်သူရှိနေမည်ဆိုလျှင်တောင်မှ ထျန်းကျီစံအိမ်က သူတို့အား စောင့်ကြည့်နေမည်ကို ကြောက်ရွံ့သောကြောင့် သူတို့ကို မည်သူကမှ ရန်မစရဲကြပေ။
၎င်းကို တွေးမိသွားသောအခါတွင် လုချန်ရှန်းသည် စူးရှသော နာကျင်မှုတစ်ခုကို ခံစားနေရတော့၏ သူသည် ကိစ္စများကို မှားယွင်းတွက်ချက်ခဲ့မိသည်။
အစတွင် သူသည် သူက ဆယ်သန်းမှ သန်းနှစ်ဆယ်အထိ မြတ်နိုင်သည်ဟု ထင်နေခဲ့သည်။
သို့သော် ကော်မခရှင် နှုတ်ကာ လောင်လျူနှင့် ခွဲဝေခဲ့ပြီးသည့်နောက်တွင် သူသည် ခုနစ်သန်းသာ ရရှိခဲ့သည်။ ကြီးမားသော ဆုံးရှုံးမှုက သူ့ကို အသည်းကွဲသွားစေခဲ့သည်။
လေလံအိမ်မှ လမ်းလျှောက်ထွက်လာသည့် အချိန်တွင် သူသည် သူ၏ခြေလှမ်းများက အလွန်တရာ လေးလံလွန်းနေသည်ဟုပင် ခံစားနေခဲ့ရသည်။
သူ့ထံတွင် ရှိနေသည့် ဝိညာဥ်ကျောက်တုံးက ၂၂သန်းအထိ ရောက်ရှိသွားခဲ့ပြီဖြစ်သည် သို့သော် ၎င်းသည် သူ၏ အဆင့်ထိုးဖောက်မှုကို လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်မည် မဟုတ်ပေ။ သူသည် အနည်းဆုံးအနေဖြင့် ၂၅သန်း လိုအပ်သည်။ သူ၏စိတ်ကူးများက တစ်ခဏအတွင်းမှာပင် ပြိုကျပျက်စီးသွားခဲ့ရသည်။
သို့ရာတွင် လောင်လျူကမူ အေးအေးဆေးဆေးဖြစ်နေခဲ့သည် သူသည် သူ၏မှန်းဆချက်အတိုင်း ခြောက်သန်းရရှိခဲ့ပြီး ၎င်းက သူ၏ ကျင့်ကြံရေးအား အချိန်အတော်ကြာ ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။
လုချန်ရှန်းသည် ကိစ္စက ထိုကဲ့သို့ ဖြစ်သွားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လမ်းမထက်တွင် လမ်းလျှောက်နေရင်းဖြင့် သူသည် အကယ်ခံလိုက်ရသည့် ရှောင်ရွှမ်းနှင့် စုမူယွဲ့တို့ကို မြင်တွေ့သွားကာ မျက်နှာကြုတ်သွားတော့သည်။
“ အဲ့နှစ်ယောက်က အဲ့လောက်တောင် မတန်မှန်း ကြိုသိခဲ့ရင် အစတည်းက သတ်ခဲ့ပါတယ်ကွာ “
၎င်းကို တွေးမိသွားသောအခါတွင် သူသည် နာကျင်စွာ တွေးတောစဥ်းစားရင်းဖြင့် သူ၏ နည်းဗျူဟာကို ပြန်လည်ပြင်ဆင်ရေးဆွဲနေတော့သည် တစ်ခြားလူများက မဝယ်ယူရဲသောကြောင့် ၎င်းသည် သူတို့က တန်ဖိုးမရှိဘူးဟု ဆိုလိုနေခြင်းပင် ဖြစ်သည် သူသည် သူ့ကိုယ်သူ ပြဿနာမှ ကယ်တင်ရန်အတွက် သူတို့ကို တိုက်ရိုက်သတ်ဖြတ်မည် ဖြစ်သည်။
သူထွက်သွားတော့မည့် အချိန်မှာပင် ရှောင်ဟေးနှင့် တစ်ခြားလူများ ထပ်မံ၍ ပေါ်ထွက်လာခဲ့သည်။ သူသည် သူတို့ကို ဦးဆောင်ကာ သူ့ဆီသို့ လျှောက်လှမ်းလာခဲ့၏။
--
………………………………………………………………………………………………………………………………..