← Chapters

အခန်း ၁၇၄

Vol. 12 Ch. 174

အခန်း ၁၇၄

Vol. 12 Ch. 174

အပိုင်း ( 174 )

အသက်ရှင်ရတာ ပင်ပန်းနေပြီလား

ရက်စက်ကြမ်းကြုတ်သော ချုံးချီသည် တောင်တစ်လုံးအရွယ်မျှ ကြီးမားနေခဲ့သည်။

၎င်း၏ခြေလှမ်းများသည် တောင်တန်းများကို ချေမွသွားပြီး ၎င်း၏ လက်သည်းခြေသည်းကြီးများက မြေပြင်ကို ဆုတ်ဖြဲကာ အလွန်တရာ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ခုကို ဖော်ထုတ်နေလျက်ရှိ၏။

“ အဲ့လောက်တောင် ကြီးတာလားဟ “

လုချန်ရှန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ ထိုမျှကြီးမားသော အရွယ်အစားတွင် စွမ်းအားမည်မျှ ပါဝင်နေမည်နည်း။ ၎င်းက သူ့ကို တစ်ခါတည်း ဗိုက်ပြည့်သွားစေမည် မဟုတ်လော။

လောင်လျူမှာလည်း ငေးကြည့်နေလျက်ရှိ၏။ ထိုမျှ ကြီးမားသော အရွယ်အစားမှာ အမှန်ပင် ရှားပါးလွန်းနေခဲ့သည် ၎င်းက ချပြထားသည့် အရှိန်အဝါမှာ မွေးရာပါ ဝိညာဥ်အဆင့်၉သို့ ရောက်ရှိနေခဲ့၏။

သို့ရာ၌ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ကန့်လန့်ဖြတ် အမာရွတ်ပေါင်းများစွာ ရှိနေခဲ့ပြီး ၎င်းက ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲထားခဲ့သည်ဟု ညွှန်ပြနေခဲ့၏။ အစောပိုင်း အချိန်များအတွင်းက ထွက်ပြေးသွားခဲ့သည့် လူများသည် နောက်သို့ပင် ပြန်လှည့်မကြည့်ဘဲ အဝေးသို့ အသည်းအသန် ပြေးသွားကြသည်။

သူတို့က ၎င်းကို မယှဥ်နိုင်ဘဲ ကြီးမားသော ရှုံးနိမ့်မှုကို ခံစားခဲ့ရသည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်။

လုချန်ရှန်းကမူ မျက်လုံးများ တလက်လက်တောက်ပနေကာ ဆက်လက်၍ ချဥ်းကပ်သွားသည်။

လောင်လျူက စကားထပ်ပြောလာခဲ့၏ “ အဲ့ကောင်က ဒဏ်ရာရထားတယ် ခွန်အားလည်း လျော့နေလောက်ပြီ။ တကယ်တော့ အခွင့်အလမ်းတစ်ခု ရှိနေနိုင်တယ်။ မွေးရာပါ ဝိညာဥ်နယ်ပယ်မှာ စွမ်းအားတွေ အများကြီးပါတယ် “

“ မင်းက ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ။ ဒီလောက်တောင်ကြီးတဲ့ကောင်ကြီးကို ငါတို့က သေချာပေါက်ကို လက်မလွှတ်ဘူးပေါ့ဟ “

“ ကြီးလွန်းတယ်လေ မင်းဘယ်လိုစားမှာလဲ “

လုချန်ရှန်းသည် ခေါင်းခါပြကာ တုံ့ပြန်လိုက်၏ “ ငါတို့က အဲ့တာကို အလဟာသဖြစ်သွားစေလို့ မဖြစ်ဘူး “

“ စားပိုးနင့်ပါစေကွာ “ လောင်လျူသည် မျက်လုံးများ လှန်ကြည့်လာခဲ့သည်။

သို့ရာတွင် လုချန်ရှန်းက အနားသို့ တိုးသွားခဲ့ပြီဖြစ်သည်။ ချုံးချီမှ အော်ဟစ်ဟိန်းဟောက်လာတော့၏ ၎င်း၏ စိမ်းနက်ရောင် မျက်လုံးများသည် ချဥ်းကပ်လာသည့် လူထံတွင် ရှိနေခဲ့ပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ခု ပေါက်ထွက်လာခဲ့၏။

ထို့နောက်၌ ချက်ချင်းဆိုသလိုပင် လေထုဆုတ်ဖြဲခံလိုက်ရသည့် အသံများ ဟိန်းထွက်လာခဲ့ပြီး ဓားချီအများအပြား ဓားပင်လယ်သဖွယ် လိမ်ယှက် ကျဆင်းလာခဲ့၏။

ဓားချီကျဆင်းလာသည့် အခိုက်အတန့်တွင် အားကောင်းသော အရှိန်အဟုန်တစ်ခု အဆက်မပြတ် ပေါက်ထွက်လာခဲ့၏။

လုချန်ရှန်းသည် ချုံးချီကို သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ဖိနှိပ်နေလျက်ရှိ၏။

လောင်လျူပင် အံ့ဩတုန်လှုပ်သွားခဲ့သည်။

၎င်းက မွေးရာပါ ဝိညာဥ် အဆင့်၉ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသည့် သားရဲရိုင်းဖြစ်သည် သို့သော် သူသည် ၎င်းကို သူ၏ကိုယ်ပိုင်ခွန်အားဖြင့် ဖိနှိပ်နေခဲ့သည်။

စွမ်းအားနှစ်ခုတိုက်မိသွားပြီး ဓားချီသည် ပိုက်ကွန်ကြီးသဖွယ်လိမ်ယှက်နေကာ ဆက်လက်ကျဆင်းလာခဲ့၏။

“ ကောင်းကင်ဘုံ “

လောင်လျူသည် လျှာကိုက်မိလုမတတ် ဖြစ်သွားခဲ့ပြီး ထိုလူက ရက်စက်ကြမ်းကြုတ်လွန်းသည်ဟု ပိုပို၍ ခံစားသွားခဲ့ရသည်။

တစ်ခြားလူများက ဤကဲ့သို့သော သားရဲမျိုးကို ရင်ဆိုင်ရချိန်တွင် သူတို့သည် ၎င်းကို သတ်ဖြတ်ရန်အတွက် နည်းလမ်းပေါင်းစုံကို အသုံးပြုမည် ဖြစ်သည်။ သို့သော် ထိုလူကမူ ၎င်းကို စားသောက်ရန် ကြံရွယ်ရင်းဖြင့် အဆင့်ကျော်တိုက်ကာ ဖိနှိပ်နေသေး၏။

ဘုမ်းးး

ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံ ပဲ့တင်ထပ်လာခဲ့သည် လုချန်ရှန်းသည် ၎င်းကို ဓားချီဖြင့် ဖိနှိပ်နေခဲ့သည်။ ပြိုင်ဘက်က အလွန်တရာ ကြမ်းတမ်းသည်ကို မြင်လိုက်ရသောအခါတွင် သူသည် အရှေ့သို့ တဟုန်ထိုး ပြေးတက်သွားကာ ၎င်း၏ တိုက်ခိုက်မှုများကို အတင်းအကြပ် ခုခံနေတော့၏။ သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ၎င်း၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ခုန်တက်သွားကာ ပါးစပ်ကို ဟ၍ ကိုက်ချလိုက်၏။

ဝေါင်းးးးးး

နောက်ထပ် ဟိန်းဟောက်သံတစ်သံ ပေါ်ထွက်လာခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံး လှုပ်ရမ်းသွား၏။

လောင်လျူသည် စောင့်ကြည့်နေရင်းဖြင့် ထပ်မံ၍ အံ့ဩတုန်လှုပ်သွားခဲ့ရပြန်သည်။ အစတွင် တောင်တစ်လုံး အရွယ်မျှ ရှိနေသည့် ချုံးချီက သိသာထင်ရှားသော အမြန်နှုန်းဖြင့် သေးကျုံ့သွားခဲ့သည်။

၎င်း၏ စွမ်းအားတစ်ခုလုံးက လုချန်ရှန်း၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

မွေးရာပါ ဝိညာဥ်အဆင့်၉ အရှိန်အဝါမှာလည်း အဆက်မပြတ် ကျဆင်းလာခဲ့သည်။

၎င်း၏ ခန္ဓာကိုယ်က မီတာ အနည်းငယ်မျှသာ ကျန်တော့သည့် အချိန်တွင် လုချန်ရှန်းသည် ကိုက်ခဲထားခြင်းကို လွှတ်ပေးလိုက်ပြီး ချုံးချီ၏ ခန္ဓာကိုယ်ပေါ်တွင် လှဲလျောင်းကာ လေချဥ်တက်နေတော့သည်။

ဤတစ်ကြိမ်တွင် သူသည် ဗိုက်ပြည့်သွားကာ တစ်ခဏခန့် အနားယူရန် ကြံရွယ်ထားပုံရသည်။

ပတ်ပတ်လည်တွင် ရှိနေသည့် ဓားချီတို့မှာလည်း ငြိမ်သက်သွားခဲ့သည်။

“ ဒီကောင်ကြီးကို တစ်ခါတည်း အကုန်စားလို့မရဘူးပဲ “

လုချန်ရှန်းက ရေရွတ်ပြောဆိုနေလျက်ရှိ၏။ ယခုတွင် ချုံးချီ၏ အရှိန်အဝါက မွေးရာပါ ဝိညာဥ်အဆင့်၃သို့ ရောက်ရှိနေပြီဖြစ်သည် သူသည် တစ်ခဏခန့် အနားယူခဲ့ပြီးသည့်နောက်တွင် သူ၏စားသောက်မှုကို အပြီးသတ်မည် ဖြစ်သည်။

လောင်လျူသည် ဆွံ့အကာ ဘာပြောရမှန်းမသိ ဖြစ်သွားတော့၏။ မင်းစားတာ တော်တော်ကြာနေပြီလေ အဲ့တာကလည်း အများကြီးကျန်သေးတယ်လေ မင်းက ဘယ်လောက်ထိ ထိန်းထားနိုင်မှာမို့လို့လဲဟ

ကောင်းကင်ဝါးမျိုငှက်တွေကတောင် မင်းလိုမျိုး ကြွားရဲမှာ မဟုတ်ဘူး

ထိုအချိန်တွင် ချုံးချီသည် လုချန်ရှန်း၏ ချုပ်နှောင်မှုမှ လွတ်မြောက်ရန် ရုန်းကန်နေတော့၏ ၎င်း၏ ခန္ဓာကိုယ်က အဆက်မပြတ် တုန်ခါနေလျက်ရှိပြီး ၎င်းထံမှ အားကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခု ပေါက်ထွက်လာခဲ့သည်။ သို့သော် သူသည် အေးအေးလူလူ လှဲလျောင်းကာ ဝါးမျိုခဲ့သည့် စွမ်းအားများကို သန့်စင်နေလျက်ရှိ၏။

အစတွင် သူသည် ဤနေရာသို့ ရောက်လာခြင်းက ဝိညာဥ်ကျောက်တုံး အနည်းငယ်မျှသာ ရရှိစေလိမ့်မည်ဟု ထင်ထားခဲ့ပြီး ဤကဲ့သို့ ကြီးမားသော အခွင့်အလမ်းတစ်ခု ရရှိစေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အေ့

သူသည် လေချဥ်တက်လိုက်ကာ ထပ်မံ၍ စားသောက်ရန် ပြင်လိုက်သည်။

သို့ရာ၌ ထိုစဥ် ကောင်းကင်ထက်တွင် ဓားအလင်းတန်းတစ်ခု ဖြာထွက်လာခဲ့ပြီး ဓားအူသံနှင့်အတူ သူတို့ကို ခုတ်ပိုင်းလာခဲ့သည်။

ဓားချီသည် ချုံးချီ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားပြီး လုချန်ရှန်း နောက်ဆုတ်သွားခဲ့သည်။ ထို့နောက်တွင် ချက်ချင်းဆိုသလိုပင် သေစေနိုင်သော တိုက်ကွက်တစ်ခု အဖော်ပြုလိုက်ပါလာခဲ့ပြီး ဝိညာဥ်ခန္ဓာကိုယ်ကို ခုတ်ပိုင်းသွား၏။

ဘုမ်းးး

ချုံးချီ ဟိန်းဟောက်လာခဲ့သည် သို့သော် တိုက်ခိုက်မှု ကျဆင်းလာခဲ့သောကြောင့် ၎င်းသည် မြေပြင်ပေါ်သို့ ပြိုလဲသွားခဲ့သည်။ ၎င်း၏ အခြေခံအုတ်မြစ် ဖြတ်တောက်ခံလိုက်ရပြီး ၎င်း၏ ခန္ဓာကိုယ်က စတင်၍ ပျောက်ကွယ်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် မွေးရာပါ ဝိညာဥ်တစ်ခုတည်းကသာလျှင် ထိုနေရာတွင် မျောလွင့်လျက်သား ကျန်နေခဲ့၏။

လောင်လျူ မျက်မှောင်ကြုတ်သွားကာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။

လုချန်ရှန်း၏ အမူအရာမှာလည်း ချက်ချင်းမည်းမှောင်သွားခဲ့သည်။

ကောင်းကင်ယံတွင် ပုံရိပ်နှစ်ခု မတ်တပ်ရပ်နေလျက်ရှိပြီး ၎င်းတို့မှာ ချူချန်ခုန်းနှင့် ရှောင်ရွှမ်းမှတစ်ပါး အခြားလူမဟုတ်ပေ။

ထိုလူနှစ်ဦးသည် ကောင်းကင်ယံ၏ ခပ်မြင့်မြင့်တွင် မတ်တပ်ရပ်ခဲ့ပြီး မောက်မာမှုတို့ဖြင့် ပြည့်နှက်နေသော မျက်လုံးများနှင့် ကမ္ဘာမြေကို ငုံ့ကြည့်နေကြ၏ သူတို့၏ အကြည့်များသည် လုချန်ရှန်းအပေါ်သို့ ကျဆင်းလာခဲ့သည်။

“ မင်းအကြည့်ကို ငါမကြိုက်ဘူး အဲ့တာက ငါ့ကို မလေးမစားလုပ်ရာကျတယ် “ ရှောင်ရွှမ်းမှ အရင်ဦးဆုံး စကားစပြောလာခဲ့၏။

သူသည် ယခင်က နတ်ဘုရား မြှုပ်နှံခြင်း တောင်တန်းအပြင်ဘက်တွင် ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ခဲ့ရသည့် အချိန်ကကဲ့သို့ပင် အလွန်တရာ မောက်မာနေလျက်ရှိ၏။

ချူချန်ခုန်းမှာလည်း လုချန်ရှန်းကို အကဲခတ်နေကာ သူ၏မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုနေသော အပြုံးတစ်ခုကို ဆင်မြန်းထားခဲ့သည်။

လောင်လျူ မှင်သက်သွား၏။ သူသည် လက်တန့်၍ သူ၏နဖူးကို ပွတ်နေခဲ့ပြီး သူ၏စိတ်ထဲတွင် ကူရာကယ်ရာမဲ့နေသော စိတ်ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏။

လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ မင်းတို့က သေချင်နေကြတာလား “

သူ၏စကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ထိုလူနှစ်ဦးစလုံး တအံ့တဩ ဖြစ်သွားခဲ့သည်။

ချူချန်ခုန်းသည် အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။ ဒီကောင်က ရှောင်ရွှမ်းရဲ့ အထောက်အထားကို မသိဘူးလားဟ။ ဒါမှမဟုတ် ငါတို့နှစ်ယောက်လုံးကို မျက်လုံးထဲ မထည့်ထားတဲ့အထိ မောက်မာနေတာလား။

ရှောင်ရွှမ်း၏ အကြည့်များ မှေးစင်းသွားခဲ့သည် “ ငါ့ကို အဲ့လိုသဘောထားမျိုးနဲ့ စကားပြောအတွက်ကြောင့် ဖြစ်လာမဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို သိလား “

“ မင်းတို့က သေချင်နေကြတာလား “

လုချန်ရှန်းသည် တူညီသော စကားကိုသာ ထပ်ပြောလိုက်သည်။

ရှောင်ရွှမ်း၏ မျက်လုံးများအတွင်းတွင် အေးစက်မှုများ စွန်းထင်းလာခဲ့သည်။ သို့သော် သူသည် ၎င်းကို ချုပ်တည်းထားကာ စကားထပ်ပြောလာခဲ့သည် “ မေ့လိုက်တော့ ထျန်းကျီစံအိမ်ကို နည်းနည်းလောက် မျက်နှာသာပေးလိုက်မယ်။ ငါမင်းကို ဒီနေ့သတ်မှာ မဟုတ်ဘူး မွေးရာပါ ဝိညာဥ်ကို လွှဲပေးလိုက် “

လုချန်ရှန်းကမူ စကားပြန်မပြောလိုက်ဘဲ လက်ဆန့်ထုတ်ကာ မွေးရာပါ ဝိညာဥ်ကို ဆွဲယူလိုက်သည်။ ရှောင်ရွှမ်းသည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။ သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် လုချန်ရှန်းသည် မွေးရာပါ ဝိညာဥ်ကို သူ၏ပါးစပ်အတွင်းသို့ ထည့်ကာ မျိုချလိုက်သည်။

ထိုအခိုက်အတန့်တွင် ရှောင်ရွှမ်း၏ မျက်လုံးများ လုံးဝအေးစက်သွားခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ချူချန်ခုန်းမှ စကားထပ်ပြောလာခဲ့၏ “ ချင်းယီ မင်းက ကောင်းကင်နဲ့ မြေပြင်ရဲ့ ကျယ်ပြောမှုကို တကယ် မသိဘူးပဲ။ ငါတို့ကို ဘယ်လိုတောင် ရန်စရဲနေတာလဲ။ ဒါက ယွမ်နယ်မြေလို့ ထင်နေတာလား “

“ ဘယ်သူက ဘယ်သူ့ကို ရန်စနေတာလဲ “ လုချန်ရှန်းသည် ထိုကဲ့သို့ တုံ့ပြန်လိုက်ကာ လေထုအတွင်းသို့ ဖြည်းဖြည်းချင်း မြင့်တက်သွားပြီး ထို့နောက်တွင် စကားဆက်ပြောလိုက်သည် “ ယွမ်နယ်မြေ ဟုတ်ဟုတ် မဟုတ်ဟုတ် မင်းတို့နှစ်ကောင်လုံးက သေချင်နေကြတာပဲ “

သူ၏ခန္ဓာကိုယ်မှ အလင်းတန်းကိုးခု ပေါက်ထွက်လာခဲ့သည်။

ချူချန်ခုန်း မှင်သက်သွားတော့သည်။ သူသည် ကိုးရောင်ခြယ် အလင်းတန်းကို ကြည့်နေရင်းဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ၏ခန္ဓာကိုယ်တွင်မူ အလင်းတန်း ခုနစ်ခုသာ လိမ်ယှက်တောက်ပနေခဲ့၏ ရှစ်ခုမြောက် အလင်းတန်း ရှိနေခဲ့သော်လည်း ၎င်းက အလွန်တရာ မှိန်ဖျော့နေခဲ့၏။

သို့ရာ၌ ရှောင်ရွှမ်း၏ မျက်လုံးများအတွင်းတွင် မနာလိုဝန်တိုမှုများ စွန်းထင်းလာခဲ့သည်။ သူ့ထံတွင် အလင်းတန်း ရှစ်ခုသာ ရှိနေခဲ့ပြီး သူသည် တစ်ဖက်လူက အလင်းတန်းကိုးခု ပိုင်ဆိုင်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ မင်းက တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ။ ဟုတ်သားပဲ ဘာပဲဖြစ်ဖြစ် ရလဒ်က ပြောင်းလဲမှာတော့ မဟုတ်ဘူးလေ “

ရှောင်ရွှမ်းသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည် သူ၏အရှိန်အဝါတစ်ခုလုံး ပေါက်ထွက်လာခဲ့ပြီး လှုပ်ရှားရန် ကြံရွယ်နေခဲ့ပြီ ဖြစ်သည်။

သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ သူ၏နားများအတွင်းသို့ အသံတစ်သံ ရုတ်တရက် တိုးဝင်လာခဲ့၏။

“ ကောင်စုတ်လေး ဘာလို့ သင်ခန်းစာမရသေးတာလဲ။ နောက်ဆုံးတစ်‌ခေါက်တုန်းက သင်ခန်းစာက ပျော့လို့လား မင်းက ကိုယ့်ကိုကိုယ် ဘယ်လိုထိန်းချုပ်ထားရမလဲဆိုတာကို မသိဘူးလား “

“ ဘယ်သူလဲ “

ရှောင်ရွှမ်းသည် ခေါင်းလှည့်ကြည့်နေခဲ့ပြီး လောင်လျူက ရုတ်တရက် ပေါ်ထွက်လာသည်ကိုသာ မြင်တွေ့လိုက်ရသည်။ အသံကို ကြားလိုက်ရသည့် အချိန်မှာပင် သူ၏မျက်နှာပေါ်သို့ ရိုက်ချက်တစ်ချက် ဆင်းသက်လာခဲ့၏။

ပါးရိုက်သံ ပျံ့လွင့်လာခဲ့ပြီး ရှောင်ရွှမ်းသည် အံ့အားသင့်ကာ ဒေါသထွက်သွားတော့သည် သို့သော် သူမလှုပ်ရှားရသေးခင် အချိန်မှာပင် ဓားဆန္ဒတစ်ခု ဖြစ်တည်လာခဲ့ပြီး သူသည် ဖိနှိပ်ခံလိုက်ရကာ သူ့အရှေ့တွင် ရှိနေသည့် လုချန်ရှန်းထံသို့ ပစ်ချခံလိုက်ရသည်။

“ မင်း …….. “

“ ပါးစပ်ပေါက်ကို ပိတ်ထားလိုက်။ နောက်ဆုံးတစ်ခေါက်တုန်းက မင်းကို ချမ်းသာပေးခဲ့ပြီးပြီ ဒါပင်မဲ့ မင်းက ကိုယ့်ကိုကိုယ် သေမင်းဆီ အတင်းအကြပ် တွန်းပို့နေတာပဲ “

“ ဘာဖြစ်တယ် “

ရှောင်ရွှမ်း၏ မျက်ဝန်းများ လှုပ်ရမ်းသွားသည်။ သူသည် လုချန်ရှန်းကို ငေးကြည့်နေခဲ့ပြီး အနက်ရောင်ဝတ်စုံနှင့် လူကို အမှတ်ရသွားကာ သူ၏မျက်လုံးများအတွင်းတွင် အကြောက်တရားများ အလိုအလျောက် ဖြစ်တည်လာခဲ့သည်။

လောင်လျူက စကားထပ်ပြောလာခဲ့၏ “ ချင်းကြီး ဒီတစ်ခေါက်တော့ သူ့ကို ရိုက်နှက်ပြီးတော့ ကြိုးတုပ်ထားမယ်။ ငါတို့က သူ့ကို ………. “

ရွှမ်

လောင်လျူ၏ စကားသံ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူ၏မျက်လုံးများ ရှေ့မှောက်မှာပင် လုချန်ရှန်းသည် သူ၏လက်ကို မြှောက်ကာ ရှောင်ရွှမ်းကို တိုက်ရိုက်ခုတ်ပိုင်းလိုက်၏။ သွေးများ ဖြာထွက်လာခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။

သတင်းကို ကြားလိုက်ရပြီး တဟုန်ထိုး ပြေးလာနေသည့် လူများမှာ လုံးဝ မှင်သက်သွားကြသည်။

ချက်ချင်းဆိုသလိုပင် ကမ္ဘာတစ်ခုလုံး ကြောက်ခမမ်းလိလိ တိတ်ဆိတ်ငြိမ်သက်သွားပြီး လုချန်ရှန်း၏ အသံကသာ ဖြည်းဖြည်းချင်း ပျံ့လွင့်လာခဲ့သည်။

“ ငါဒီနေ့ စိတ်အခြေအနေ မကောင်းဘူး သူ့ကို တန်းသတ်လိုက်မယ် “

--

………………………………………………………………………………………………………………………………..

All Chapters