အခန်း ၁၇၆
Vol. 12 Ch. 176
အပိုင်း ( 176 )
အမှန်တရား
စကားသံ ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် အဘိုးအိုသည် မျက်မှောင်ကြုတ်သွားကာ မယုံကြည်နိုင်ဖြစ်နေသော အမူအရာဖြင့် လုချန်ရှန်းကို ကြည့်လာခဲ့သည်။
သူသည် သူ့ကို တွေ့ချင်နေသည့် လူက မည်သူလဲဆိုသည်ကိုပင် မမေးမြန်းခဲ့ပေ ထို့အစား သူ့ကိုပင် လာတွေ့ခိုင်းခဲ့သည်။
သို့ရာတွင် လုချန်ရှန်းကမူ အလွန်ပင် စိတ်အေးလက်အေး ဖြစ်နေခဲ့၏။ သူ၏အတွေးများက ရိုးရှင်းလှသည် အကယ်၍ တစ်စုံတစ်ဦးက သူ့ကို တွေ့ချင်သည်ဆိုပါက သူတို့ကိုယ်တိုင်လာသင့်ပေသည်။ လေကြီးမိုးကြီးလုပ်နေကာ သူ့ကို လာခိုင်းခြင်းက မည်ကဲ့သို့သော ဆက်ဆံမှု ဖြစ်သနည်း။
အကယ်၍ တစ်ဖက်လူကသာ လူအများလေးစားရသည့် စီနီယာတစ်ဦးဦး(သို့) ကမ္ဘာကြီးကို များစွာကူညီထောက်ပံ့ပေးခဲ့သည့် လူတစ်ဦး ဖြစ်နေမည်ဆိုပါက သူသည် သူ့ကို သွားတွေ့လိုက်ရခြင်းအတွက် မည်သို့မျှ သဘောထားမည် မဟုတ်ပေ။
သို့သော် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ဤမျှလောက် မောက်မာနေလိမ့်မည် မဟုတ်ပေ။
လောင်လျူသည် ဘာစကားမှ မပြောဘဲ တိတ်တဆိတ် စောင့်ကြည့်နေလျက်ရှိ၏။
နှစ်ဖက်စလုံးသည် ရှေ့မတိုးသာနောက်မဆုတ်သာ ဖြစ်နေသော အခြေအနေအတွင်းသို့ ကျရောက်နေပုံရ၏ အဘိုးအိုသည် သူ့ကို စိုက်ကြည့်ကာ သူဘာတွေးနေလဲဆိုသည်ကို မမှန်းဆနိုင်ဖြစ်နေခဲ့၏။
သို့ရာတွင် လုချန်ရှန်းကမူ ဆုံးဖြတ်ချက်ချခဲ့ပြီးပြီ ဖြစ်သည် အကယ်၍ ထိုလူကသာ လှုပ်ရှားလာခဲ့မည်ဆိုပါက သူသည် ထိုလူ့ကို ချက်ချင်းသတ်ဖြတ်ကာ ခွေးစာကျွေးလိုက်မည် ဖြစ်သည်။ သူက လူများကို ကြင်ကြင်နာနာ ဆက်ဆံလေ့ရှိသော်လည်း သူ့ကို တစ်ခြားလူများက အနိုင်ကျင့်ခွင့်ပေးမည် မဟုတ်ပေ။
ထိုစဥ် အဝေးမှ အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
“ အစိမ်းရောင် ဝတ်စုံနဲ့ တာအိုရောင်းရင်း ပြောတာ မှန်တယ် ကျုပ်က မယဥ်မကျေး ဖြစ်သွားခဲ့တာပဲ “
ထို့နောက်၌ အဝေးရှိ တောင်ထိပ်ပေါ်တွင် လူငယ်တစ်ဦး ပေါ်ထွက်လာခဲ့ပြီး သူသည် ဟင်းလင်းပြင်ကို ကျော်ဖြတ်ကာ ဤနေရာသို့ ချဥ်းကပ်လာခဲ့၏။
လူငယ်သည် ပိန်ပါးကာ ဖြူဖျော့ဖျော့ ဖြစ်နေခဲ့သည် သို့သော် သူက အားနည်းကာ ဖျားနာနေသည့်လူတစ်ဦးအလား ဖြစ်နေခဲ့သော်လည်း သူ၏အရှိန်အဝါမှာ အထင်းသား ပေါ်ထွက်နေလျက်ရှိ၏။
“ နတ်သားတော် “
အဘိုးအိုမှ လေးလေးစားစား ဦးညွတ်လိုက်သည်။
လောင်လျူက လွှတ်ခနဲ ပြောမိသွား၏ “ နတ်သားတော်လား “
လူငယ်သည် အပြုံးဖြင့် ခေါင်းငြိမ့်ပြလာခဲ့၏ “ ကျုပ်နာမည်က မိုချင်ပါ ကျုပ်က ထျန်းကျီစံအိမ်ရဲ့ နတ်သားတော်ပါ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် သူ့ကို အကဲခတ်ကြည့်ရှုနေပြီး သူ၏ မျက်လုံးများအတွင်းတွင် ထူးဆန်းသော အကြည့်တစ်ခု စွန်းထင်းလာခဲ့သည် အကြိမ်ပေါင်းများစွာ စကားပြောချင်နေခဲ့သော်လည်း သူသည် ၎င်းကို ချုပ်တည်းထားလိုက်သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် မိုချင်က အပြုံးဖြင့် စကားထပ်ပြောလာခဲ့၏ “ တာအိုရောင်းရင်း စိတ်ပူစရာတစ်ခုခု ရှိရင် လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ် “
“ ငါတကယ် စကားပြောလို့ရတာလား “
“ သေချာတာပေါ့ “
“ ထျန်းကျီစံအိမ်ရဲ့ နတ်သားတော်က ဘယ်လိုလုပ်ပြီးတော့ လူနာတစ်ယောက် ဖြစ်နေရတာလဲ “
“ မင်း ……… “
အဘိုးအို၏ အမူအရာ မည်းမှောင်သွားခဲ့သည်။
မိုချင်မှာလည်း မှင်သက်သွားခဲ့သည်။ သူသည် တစ်ဖက်လူက ထိုကဲ့သို့ တည့်တိုးတိုးပေါက်(သို့) ရိုးသားနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူသည် မငြင်းပယ်လိုက်ဘဲ အပြုံးဖြင့် လက်ဝေ့ရမ်းပြလိုက်သည် “ မင်းမှန်ပါတယ် ငါက တကယ်ကို နေမကောင်းတဲ့လူပါ “
ထိုအခိုက်အတန့်တွင် အကြည့်များဆုံသွားခဲ့ပြီး မိုချင်သည် အဘိုးအိုကို ကြည့်ကာ စကားပြောလိုက်သည် “ အကူအညီအတွက် ကျေးဇူးတင်ပါတယ် “
အဘိုးအိုသည် ခေါင်းငြိမ့်ပြလာခဲ့ပြီး မည်သည့်စကားမှ ပြန်မပြောလာခဲ့ဘဲ အောက်ဆင်းသွားခဲ့သည်။
လုချန်ရှန်းနှင့် လောင်လျူတို့က ဇဝေဇဝါ ဖြစ်နေသည့် အချိန်မှာပင် မိုချင်မှ စကားထပ်ပြောလာခဲ့၏ “ လူကြီးမင်းတို့ ဆွေးနွေးဖို့အတွက် တစ်ခြားနေရာတစ်ခုဆီကို ရွှေ့ကြတာပေါ့ အဲ့တာက ထျန်းကျီစံအိမ်ရဲ့ ထောက်လှမ်းမှုကို ယာယီရှောင်လွှဲနိုင်တယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် သူတို့နှစ်ဦးလုံး စိတ်ဝင်တစား ဖြစ်သွားခဲ့သည်။
သူက ထျန်းကျီစံအိမ်ရဲ့ နတ်သားတော်ပဲကို အဲ့တာဆီကနေ ပုန်းနေဖို့ လိုလို့လားဟ သူဘာလုပ်ချင်နေတာလဲ။
၎င်းကို မြင်လိုက်ရသောအခါတွင် မိုချင်မှ အပြုံးဖြင့် ပြန်ပြောလာခဲ့၏ “ ငါ့ဘေးမှာ ဘယ်သူမှ မရှိတော့ဘူးလေ။ တကယ်လို့ မင်းက စိတ်မသက်မသာ ဖြစ်နေတယ်ဆိုရင် အစ်ကိုဝူရွှမ်းကို ငါ့ကို ထိန်းချုပ်ခိုင်းလိုက်လို့ရတယ်။ ငါက သူ့ကို ဘယ်လိုမှ မယှဥ်နိုင်ဘူးဆိုတာကို မင်းနားလည်မှာပါ “
( အရင်အပိုင်းတွေမှာ ပါခဲ့ပြီးသားပါ လောင်လျူကို ပြောတာပါ လူတွေက လောင်လျူကို ချင်းဝူရွှမ်းလို့ သိထားကြတာပါ )
ထပ်မံ၍ အံ့အားသင့်သွားခဲ့ရပြန်သည် ပထမဦးဆုံး တွေ့ဆုံသည့် အချိန်မှာပင် ကိုယ့်ကိုကိုယ် ဓားစာခံအဖြစ် တွန်းပို့နေခဲ့၏။
တစ်ချိန်တည်းမှာပင် ၎င်းက သူ၏ရိုးသားမှုကိုပါ ချပြရာရောက်ပေသည်။
လုချန်ရှန်းသည် လက်ဝေ့ရမ်းပြကာ တုံ့ပြန်လိုက်၏ “ ညီအစ်ကိုမို မင်းက တော်တော်ကြီးကို ယဥ်ကျေးလွန်းနေတာပဲ။ ငါတို့က မင်းကို သေချာပေါက် ယုံကြည်တာပေါ့ “
မိုချင်သည် တုံ့ပြန်ရန် ပြင်လိုက်သည်။
သို့ရာတွင် လုချန်ရှန်းမှ စကားဆက်ပြောလိုက်သည် “ လောင်လျူ ညီအစ်ကိုမိုက အားနည်းနေတယ် သူ့ကိုနည်းနည်းလောက် တွဲပေးထားလိုက် မလဲကျသွားစေနဲ့ “
မိုချင်သည် တစ်ခဏခန့် ငေးငိုင်သွားသော်လည်း သူ၏အပြုံးကို ထိန်းသိမ်းထားကာ ခေါင်းငြိမ့်ပြလာခဲ့၏။
လောင်လျူ : “ … “
သူက ကျင့်ကြံသူတစ်ယောက်လေဟ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉ကိုတောင် ရောက်နေပြီ ဘယ်လောက်ပဲ အားနည်းနေပါစေ သူ့ဟာသူတော့ မတ်တပ်ရပ်နိုင်မှာပဲလေ။
မင်းက သူ့ကို ယုံကြည်တယ်လို့ပြောပြီးတော့ ငါ့ကိုကျတော့ သူ့ကို ဖမ်းထားဖို့ တစ်ဖက်လှည့်နဲ့ ပြောလိုက်တယ်။ မင်းက ဒီလောက်တောင် အရှက်မရှိဘူးလားဟ။
လုချန်ရှန်းထံတွင် ရွေးချယ်စရာ မရှိပေ။ တစ်ဖက်လူက ထိုကဲ့သို့ ပြောလာခဲ့သောကြောင့် အကယ်၍ သူမသွားခဲ့ဘူးဆိုပါက သူက သူရဲဘောကြောင်ရာရောက်ကာ သိက္ခာကျသွားမည် မဟုတ်လော။
အဆုံး၌ လောင်လျူ၏ ကူညီမှုဖြင့် မိုချင်သည် အဘိုးအို ပြင်ဆင်ထားခဲ့သော နေရာဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားတော့သည်။
၎င်းက မည်သို့မျှ ထူးခြားပုံမရပေ။
မိုချင်က စကားထပ်ပြောလာခဲ့၏ “ ဒီနေရာက တံဆိပ်ပြားကို ယာယီပိတ်ဆို့ထားနိုင်ပြီးတော့ ထျန်းကျီစံအိမ်က ကျုပ်တို့ကို ထောက်လှမ်းလာမှာကို ကာကွယ်ပေးနိုင်တယ် “
“ ဆိုတော့ မင်းက ဘာပြောချင်နေတာလဲ “
မိုချင်သည် အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးမှ ဖြည်းဖြည်းချင်း ပြန်ပြောလာခဲ့သည် “ ငါက ညီအစ်ကို ချင်းယီနဲ့ စကားပြောပြီးတော့ အမှန်တရားကို ပြောပြချင်တာ “
“ ဘာအမှန်တရားလဲ “
“ ထျန်းကျီစံအိမ်က မင်းကို နဂါး နစ်မြုပ်ခြင်း နယ်မြေထဲကို လိုက်ဖို့ ဖိတ်ခေါ်ခဲ့တဲ့ အမှန်တရားပေါ့ “
ထိုအချိန်တွင် လုချန်ရှန်းမှာ တအံ့တဩ ဖြစ်သွားခဲ့သည် “ အဲ့တာက ကံကြမ္မာ ကျောက်တုံးကို ရှာဖို့ မဟုတ်ဘူးလား “
“ ဟုတ်တယ် ဒါပင်မဲ့ တစ်ခြားကိစ္စလည်း ရှိသေးတယ် “
မိုချင်သည် အေးဆေးတည်ငြိမ်နေခဲ့သည်။
သို့ရာတွင် လုချန်ရှန်းကမူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ စကားအသွားအလာကို နားထောင်ရခြင်းအားဖြင့် သူမသိသည့် ကိစ္စတစ်ခုခု ရှိနေပုံရသည်။
လောင်လျူသည် စကားဝင်မပြောဘဲ တိတ်တဆိတ် နားထောင်နေလျက်ရှိ၏။ ယခင်က သူ၏ အစ်ကိုကြီးကလည်း တူညီသောအရာကို ပြုလုပ်ခဲ့သည် သို့သော် အဖြစ်အပျက်မျိုးစုံ ပေါ်လာခဲ့သောကြောင့် သူက အမှန်တရားကို မည်သို့မျှ မသိခဲ့ရပေ။
ထို့နောက်တွင် မိုချင်မှ စကားဆက်ပြောလာခဲ့၏ " ကံကြမ္မာကျောက်တုံးက ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်စွမ်းရှိတဲ့ ရှားပါးရတနာတစ်ခုလေ။ အဲ့တာကို မရှာချင်တဲ့ လူဆိုတာ မရှိဘူး။ ဒါပင်မဲ့ နဂါး နစ်မြုပ်ခြင်း နယ်မြေမှာတောင်မှ အဲ့တာကို ရှာတွေ့နိုင်မဲ့ အခွင့်အရေးက တော်တော်ကြီးကို နည်းတယ်။ တကယ်လို့ မင်းက အတွင်းအကျဆုံး နေရာကို သွားမယ်ဆိုရင်တောင်မှ အဲ့တာကို တွေ့ရမှာ မဟုတ်ဘူး "
" ဆိုတော့ ထျန်းကျီစံအိမ်ရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ "
" မင်းရဲ့ ကံတရားလေ "
လုချန်ရှန်း မှင်သက်သွားပြီး လောင်လျူမှာလည်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
" ညီအစ်ကို ချင်းယီက မွေးကတည်းက ထူးခြားနေခဲ့တာလေ။ မင်းပထမဦးဆုံး အကြိမ်ပေါ်လာခဲ့တဲ့ အချိန်ကတည်းက ထျန်းကျီစံအိမ်က မင်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို စုဆောင်းခဲ့တယ်။ မင်းရဲ့ ကံတရားက ထူးခြားတယ်ဆိုတာကို သူတို့က သေချာအောင်လုပ်ခဲ့တာ ရလဒ်ကလည်း သူတို့ထင်ထားခဲ့တဲ့အတိုင်းပဲလေ မင်းဆီမှာ အလင်းတန်း ကိုးခုတောင် ရှိနေခဲ့တယ် ဘယ်လောက်တောင် အံ့သြဖို့ကောင်းလိုက်လဲ " မိုချင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ဖြည်းဖြည်းချင်း ပြောပြနေလျက်ရှိ၏။
လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ တုံ့ပြန်လိုက်သည် " အဲ့တော့ "
" သူတို့က မင်းရဲ့ ကံတရားကို ခိုးယူပြီးတော့ တစ်ခြားတစ်ယောက်ဆီ လွှဲပေးချင်နေကြတာ "
" ဘယ်သူလဲ "
" နတ်မိမယ် စုမူယွဲ့ "
လောင်လျူသည် အံ့သြတကြီး ဖြစ်သွားခဲ့သည်။
လုချန်ရှန်းမှ ထပ်မံ၍ မေးမြန်းလိုက်၏ " ဘာဖြစ်လို့လဲ "
၎င်းက အမှန်ပင် မထင်မှတ်ထားသော ကိစ္စတစ်ခုဖြစ်သည်။ ထျန်းကျီစံအိမ်က သူ၏ ဓားတာအို စွမ်းရည်(သို့) သူ၏ ရုပ်ခန္ဓာကို မက်မောနေခြင်း မဟုတ်ဘဲ သူ၏ ကံတရားကိုသာ လိုချင်နေခဲ့ခြင်း ဖြစ်၏။
ထို့နောက်တွင် မိုချင်မှ စကားဆက်ပြောလာခဲ့သည် " အဲ့တာက ဇာတ်လမ်းရှည်ကြီးတစ်ခုပါ။ စုမူယွဲ့ ကိစ္စကို ကြားဖူးတယ်မလား "
" သူမက အစိမ်းရောင် လမင်းကို အဖော်ပြုပြီးတော့ ထူးခြားတဲ့ သဘာဝဖြစ်စဥ်နဲ့အတူ မွေးလာခဲ့တယ်လို့ ဒဏ္ဍာရီတွေက ပြောထားတယ်။ တစ်ချို့တွေကလည်း သူမက ဧကရာဇ် တစ်ပါး ဝင်စားတာလို့ ပြောကြတယ် တစ်ချို့တွေကတော့ သူမကို အင်မော်တယ် အမွေအနှစ်တစ်ခုက ရွေးချယ်ခဲ့တယ်လို့ ပြောကြတယ်။ အစိမ်းရောင်လက ပြီးပြည့်စုံသွားရင် သူမက ဧကရီ(ဒါမှမဟုတ်) အင်မော်တယ်တစ်ပါး ဖြစ်လာလိမ့်မယ်။ ဒါပင်မဲ့ သူမမွေးဖွားလာခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းက သူမက ချိတ်ပိတ်ခံလိုက်ရပြီးတော့ မကြာသေးခင် အချိန်ကမှ ပြန်ပေါ်လာခဲ့တာ " ဟု လောင်လျူက စကားဝင်ပြောလာခဲ့၏။
မိုချင်သည် ခေါင်းငြိမ့်ပြကာ ပြန်ပြောလာခဲ့သည် " အမှန်ပဲ "
" အဲ့အချိန်တုန်းက ဘာလို့ချိတ်ပိတ်ခံခဲ့ရတာလဲ "
" သူမရဲ့ ကံတရားကြောင့်ပဲ အဲပတာက တော်တော်ကြီးကို ထူးခြားတယ် သူမက အဲ့တာကို တောင့်မခံနိုင်ဘူး။ သူမက အဲ့တာကို တောင့်ခံနိုင်ဖို့အတွက် ကြီးမားတဲ့ ကံတရား/ကံကောင်းမှုကို လိုအပ်တယ်။ အဲ့အချိန်တုန်းက ကံကြမ္မာအားအကောင်းဆုံးလူက ကွေ့ဝူချန်လေ။ သူတို့က ကွေ့ဝူချန်ရဲ့ ကံတရားကို လွှဲပြောင်းဖို့ ကြိုးစားခဲ့ကြတယ် ဒါပင်မဲ့ လုံးဝကျရှုံးခဲ့တယ်။ အဲ့တာကြောင့် စုမူယွဲ့ကို ချိတ်ပိတ်ပြီးတော့ နောက်နှစ်ငါးရာကြာမှ ပြန်လွှတ်ပေးလိုက်တာ " မိုချင်မှ အသေးစိတ် ရှင်းပြလာခဲ့၏။
လုချန်ရှန်းနှင့် လောင်လျူတို့သည် အလွန်တရာ အံ့သြတုန်လှုပ်သွားခဲ့သည်။
သူတို့ဘေးနားတွင် ရှိနေသည့် အဘိုးအိုမှာလည်း တင်းတင်းကြပ်ကြပ် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူသည် မိုချင်က ထျန်းကျီစံအိမ်၏ လျှို့ဝှက်ချက်ဖြစ်သော ထိုကိစ္စကို ထုတ်ပြောလိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့ရာတွင် လောင်လျူသည် တစ်စုံတစ်ခုကို တွေးမိသွားကာ စကားထပ်ပြောလာခဲ့၏ " အဲ့အချိန်တုန်းက ကွေ့ဝူချန်သယ်လာခဲ့တဲ့ ကလေးက စုမူယွဲ့လား "
" ဟုတ်တယ် " မိုချင်မှ ခေါင်းငြိမ့်ပြလာခဲ့၏။
" သူမကို ဘာလို့မသတ်လိုက်ရတာလဲ "
" သူမကို သတ်လို့မရဘူး "
မိုချင်က ခေါင်းခါပြလာခဲ့သည် သို့သော် လုချန်ရှန်းမှာ ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။ သူသည် ယခင်က နှစ်ကြိမ်တိတိ ကြိုးစားခဲ့ဖူးသည် အစိမ်းရောင် လကို မည်သို့မျှ မလှုပ်ခါနိုင်ခဲ့ပေ အနက်ရောင်ရေ ကျိန်စာကပင် ၎င်းကို မချိုးဖျက်နိုင်ခဲ့ပေ။
သို့ရာတွင် လုချန်ရှန်းသည် ပို၍ စိတ်ရှုပ်ထွေးသွားကာ စကားထပ်ပြောလာခဲ့သည် " သူက ကွေ့ဝူချန်ရဲ့ ကံတရားကို မရခဲ့ဘဲ ချိတ်ပိတ်ခံလိုက်ရမယ်ဆိုရင် ဘာလို့ အခုမှ ပြန်ပေါ်လာခဲ့တာလဲ "
ချက်ချင်းဆိုသလိုပင် တည်ငြိမ်နေသည့် မိုချင်၏ မျက်နှာပေါ်တွင် လှိုင်းတွန့်လေးများ ဖြစ်တည်လာခဲ့သည် ထိုအကြောင်းကို ကြားလိုက်ရသည့်အချိန်တွင် သူသည် မည်သို့မျှ တည်ငြိမ်မနေနိုင်တော့ပေ။
သူသည် အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှသာ ဖြည်းဖြည်းချင်း ပြန်ပြောလာခဲ့သည် " သူမက ငါ့ရဲ့ ကံတရားကို ရသွားခဲ့လို့ပဲ အဲ့တာကြောင့်ပဲ သူမက ဒီအခြေအနေအထိ တိုးတက်ကြီးပျင်းလာခဲ့တာ "
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး မိုချင်မှာလည်း ငေးငေးငိုင်ငိုင် ဖြစ်သွားခဲ့၏။
--
..........................................................................................................................................