အခန်း ၁၇၇
Vol. 12 Ch. 177
အပိုင်း ( 177 )
ဝိညာဥ်ကျောက်တုံးကြောင့်ပဲပေါ့
၎င်းက မည်သို့မျှ မထင်မှတ်ထားသော ကိစ္စတစ်ခုဖြစ်သည်။
အကယ်၍ ၎င်းတို့ကသာ မှန်ကန်နေခဲ့မည်ဆိုပါက ၎င်းက အလွန်တရာ အန္တရာယ်များနေလိမ့်မည် ဖြစ်သည်။
ရက်စက်ကြမ်းကြုတ်တဲ့ လူတွေအကြောင်းကို ကြားခဲ့ဖူးပင်မဲ့ နတ်သားတော်ရဲ့ ကံတရားကို ထုတ်ယူပြီးတော့ နတ်မိမယ်ကို အားဖြည့်ပေးတဲ့ထိ လူမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။
သို့သော် ဂရုတစိုက် တွေးတောစဥ်းစားကြည့်မည်ဆိုပါက ၎င်းက ကျိုးကြောင်းဆီလျော်လှသည်။ သူတို့သည် လောင်းကြေးကြီးကြီး ထပ်၍ ကြိုးစားနေကြခြင်း ဖြစ်သည်။ အကယ် အမျိုးသမီး ဧကရီတစ်ဦးသာ အမှန်တကယ် ပေါ်ထွက်လာခဲ့မည်ဆိုပါက ထျန်းကျီစံအိမ်တစ်ခုလုံး မြင့်တက်သွားလိမ့်မည် မဟုတ်လော။
တစ်ချိန်တည်းမှာပင် မြင့်မြတ်နယ်မြေအားလုံးနှင့် အင်အားစု အကုန်လုံးက သူတို့ထားရာနေ စေရာသွားရမည့် ခွေးများအလား ဖြစ်သွားပေလိမ့်မည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းမှ စကားထပ်ပြောလာခဲ့သည် “ ဆိုတော့ မင်းမကျန်းမမာဖြစ်နေတာက မင်းရဲ့ ကံတရားက စုပ်ယူခံလိုက်ရတာကြောင့်ပေါ့ အဲ့တာက မင်းကို စိတ်ဓာတ်ကျသွားစေပြီးတော့ ကူရာကယ်ရာမဲ့သွားစေခဲ့တာပေါ့ “
“ ဟုတ်တယ် “ ဟု မိုချင်က ပြန်ပြောလာခဲ့သည်။
လောင်လျူက သူ့ထံသို့ သတင်းစကားတစ်ခုကို ပို့လွှတ်လာခဲ့သည် ကံတရား အခိုးခံလိုက်ရတဲ့လူတွေက အဲ့လိုပဲ ဖြစ်သွားတတ်တယ်။
သို့ရာတွင် လုချန်ရှန်းသည် ဆက်လက်၍ မေးမြန်းနေသေး၏ “ သူတို့က မင်းဟာကို ယူပြီးသွားပြီ ဘာကိစ္စ ငါ့ဟာကို လိုချင်နေရသေးတာလဲ “
“ အဲ့တာက မလုံလောက်လို့ “
“ မလုံလောက်ဘူးလား “
“ ငါ့ရဲ့ ကံတရားက သူမကို ဒီအခြေအနေမျိုးအထိ ကြီးပျင်းလာခဲ့စေပင်မဲ့ သူမက ထပ်ပြီးတော့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ထပ်လိုနေသေးတယ်။ မင်းက ရွေးချယ်ခံထားရတဲ့ နောက်တစ်ယောက်ပဲ “
လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည် ကြာကြာပိုနားထောင်ရလေလေ ၎င်းက ပို၍အန္တရာယ်များလာလေလေပင်။
ကန်းယွင်မြို့မှာ ရှိနေခဲ့အချိန်တုန်းက သူမက ငါ့ကို စောင့်ကြည့်နေခဲ့တာလား။
၎င်းက မည်သို့မျှ မဖြစ်နိုင်လှပေ။ သို့သော် သူသည် သိသာလွန်းနေမည်ကို စိုးရိမ်သောကြောင့် တိုက်ရိုက်မမေးမြန်းလိုက်ပေ။
လောင်လျူမှာလည်း အတွေးနက်သွားခဲ့သည်။ အသေးစိတ်အချက်အလက် တော်တော်များများကို မသိရသေးသော်လည်း ၎င်းက ကျိုးကြောင်းဆီလျော်နေပုံရ၏။
“ အဲ့မိန်းမက တော်တော်ကြီးကို ရက်စက်တာပဲ “ လုချန်ရှန်းသည် စုတ်တသပ်သပ် ဖြစ်သွားခဲ့သည်။
“ နတ်မိမယ်မဟုတ်ဘူး အဆိပ်မယ်ပဲ “ ဟု လောင်လျူက ဝင်ပြောနေတော့၏။
မိုချင်မှ စကားထပ်ပြောလာခဲ့၏ “ သူမက သိ မသိဆိုတာတော့ ငါမသိဘူး ဒါပင်မဲ့ ဒီကိစ္စအတွက် သူတို့က တန်ကြေးကြီးကြီး ပေးဆပ်ထားခဲ့တယ် “
“ ဘယ်လောက်များလဲ “
“ အခုလက်ရှိ အချိန်မတိုင်ခင်အထိ သူတို့က မင်းလာ မလာ(ဒါမှမဟုတ်) အချိန်မှီရောက်လာမလားဆိုတာကို သေချာမသိကြဘူး ရှောင်ရွှမ်းက အရံအစီအစဥ်ပဲ ဒီတစ်ခေါက် သူတို့စုဆောင်းထားတဲ့ ပါရမီရှင်တွေပါပါတယ် “
လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ တကယ်လို့ ငါသာ မဟုတ်ဘူးဆိုရင် ရှောင်ရွှမ်းက ဓားစာခံဖြစ်သွားမှာပေါ့။ တကယ်လို့ ရှောင်ရွှမ်းမရှိဘူးဆိုရင် တစ်ခြားတစ်ယောက်ယောက် ဖြစ်သွားမှာပေါ့ “
“ ဟုတ်တယ် “
“ မင်းတို့ ထျန်းကျီစံအိမ်က တကယ်ကို စေ့စပ်တာပဲ “ လုချန်ရှန်းသည် တအံ့တဩဖြင့် တုံ့ပြန်လိုက်၏။ သူတို့၏ တွက်ချက်မှုများက အလွန်တရာ တိကျနေခဲ့ပြီး လူများ၏ မျက်နှာများကို ဖြတ်ရိုက်သော်လည်း ထိုလူများက ၎င်းကို မည်သို့မျှ သတိမပြုမိကြပေ။
ထို့အပြင် ထျန်းကျီစံအိမ်က သူ၏ကံတရားကို ငါးသန်းဖြင့် ဝယ်ယူရန် စီစဥ်ထားခဲ့သည်။
၎င်းကို တွေးမိသွားသည်နှင့်တစ်ပြိုင်နက် သူဒေါသထွက်သွားခဲ့သည်။ ထိုလူများက လွန်စွာလောဘကြီးလွန်းနေခဲ့သည်။ သူ၏ ကံတရားကို ဝယ်ယူခဲ့သည့် အချိန်တွင် ဈေးပင် ဆစ်ခဲ့ကြသေးသည်။ သူက ဆယ်သန်းဟုပြောခဲ့သော်လည်း ထိုလူများက တစ်ဝက်တိတိ ဖြတ်ချခဲ့၏။
၎င်းက အမှန်ပင်လွန်လွန်းလှသည်။
ထို့နောက်တွင် လုချန်ရှန်းသည် မိုချင်ကို ကြည့်ကာ စကားထပ်ပြောနေတော့၏ “ ဒါဆိုရင် ဒါတွေ အားလုံးကို ပြောပြနေရတဲ့ မင်းရဲ့ ရည်ရွယ်ချက်ကရော ဘာလဲ။ ရုတ်တရက်ကြီး အသိတရား ဝင်သွားတာလား။ ဒါမှမဟုတ် သက်ရှိတွေကို ကယ်တင်ချင်နေတာလား “
“ ငါကိုယ်တိုင်အတွက်ပဲ “
မိုချင်သည် အလွန်ပင် တည့်တိုးတိုးပေါက်ဖြစ်နေခဲ့ကာ မည်သည့်အရာကိုမှ မဖုံးကွယ်ထားခဲ့ပေ။
“ နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်းမှာတုန်းက မင်းက အနက်ရောင်ဝတ်စုံကို ဝတ်ခဲ့ပြီးတော့ မိုးကြိုးငှက်တစ်အုပ်နဲ့ မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင် တော်တော်များများကို တစ်ကိုယ်တော် ရင်ဆိုင်ခဲ့တယ်လေ အဲ့တာက မင်းရဲ့ စွမ်းအားကို သက်သေပြဖို့ လုံလောက်နေပြီ။ အဲ့တာကြောင့် ငါမင်းကို လာရှာခဲ့တာ “
မိုချင်၏ စကားပြောဆိုမှု ဆုံးခန်းတိုင်ခဲ့လေပြီ။
လုချန်ရှန်းသည် ခေါင်းငြိမ့်ပြကာ ပြန်ပြောလိုက်သည် “ အို့ ငါနားလည်ပြီ။ မင်းကလည်း ငါ့ရဲ့ အနက်ရောင် ဝတ်စုံကို ဝယ်ချင်နေတာပဲ။ မင်းက အဲ့တာကို စောစောစီးစီး ပြောလိုက်သင့်တယ်။ ကောင်းကင်ဝါးမျိုငှက်တွေ ရောင်းခဲ့တုန်းကအတိုင်းပဲ တစ်သိန်းနဲ့ ပေးမယ် “
မိုချင်သည် မျက်မှောင်ကြုတ်သွားကာ ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် သူ့ကို ငေးကြည့်လာခဲ့၏။
“ ဈေးကြီးလွန်းနေလို့လား “
“ မင်းက ငါပြောတာကို တကယ်နားမလည်တာလား(ဒါမှမဟုတ်) မသိချင်ယောင်ဆောင်နေတာလား “ မိုချင်က ဇဝေဇဝါဖြင့် မေးမြန်းလာခဲ့သည်။
လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ ဒါဆိုရင် မင်းက ဘာပြောချင်နေတာလဲ “
“ မိုးကြိုးကို တားဆီးနိုင်တဲ့ မှော်ရတနာတွေ အများကြီး ရှိတယ်လေ ဒါပင်မဲ့ မွေးရာပါ ဝိညာဥ် အဆင့်၈ ပညာရှင်တွေနဲ့(ဒါမှမဟုတ်) အူတိုင်းဖွဲ့စည်းခြင်း အဆင့်၉ ပညာရှင်တွေရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ဖို့ဆိုတာက တကယ်လို့ အနက်ရောင် ဝတ်စုံက အဲ့တာကို ခုခံနိုင်မယ်ဆိုရင်တောင်မှ မင်းရဲ့ မှော်စွမ်းအားက အဲ့တာကို ခုခံနိုင်မှာမို့လို့လား “
“ ပြီးတော့ရော “
“ အဲ့ဒီအနက်ရောင် ဝတ်စုံက ရတနာမဟုတ်ဘူးဆိုတာ သေချာတယ်။ မိုးကြိုးကို ခုခံနိုင်ခဲ့တဲ့ အဓိကအချက်က မင်းပဲ။ မင်းဆီမှာ အဲ့လိုစွမ်းရည်မျိုး ရှိတယ် အဲ့တာကြောင့်ပဲ ငါမင်းကို လာရှာခဲ့တာ “
“ ပိုပြီး တိတိကျကျလေးပြော “
မိုချင်မှ ထပ်ပြောလာခဲ့၏ “ ငါက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉ကို ရောက်နေခဲ့တာ တော်တော်ကြပြီလေ ဒါပင်မဲ့ ငါ့ရဲ့ ကံတရားက ဖျက်စီးခံလိုက်ရတော့ ငါက ကောင်းကင်ဘုံ ကပ်ဘေးကို တောင့်မခံနိုင်တော့ဘူး။ ငါက မွေးရာပါ ဝိညာဥ်နယ်ပယ်ကို ရောက်ချင်တယ် အဲ့တာကြောင့် ကောင်းကင်ဘုံကပ်ဘေးကို တားဆီးဖို့အတွက် ငါ့ကို ကူညီပေးပါ “
လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည် သူသည် ထိုကဲ့သို့ တောင်းဆိုလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဒီလောက် စကားတွေပြောနေခဲ့တာက အဲ့တာကြောင့်ပေါ့
မိုချင်က ထပ်ပြောလာခဲ့၏ “ ငါ့ရဲ့ ရိုးသားမှုကို ပြဖို့အတွက် အဲ့တာတွေ အကုန်လုံးကို ပြောပြခဲ့တာပါ ငါက မင်းကို သူတို့တွေ လှည့်စားတာကို မခံရစေချင်ဘူး “
“ မင်းလည်း သိပါတယ် ကောင်းကင်ဘုံ ကပ်ဘေး ဆင်းသက်လာတာနဲ့ ငါပါ ဝင်လာရင် ငါက မင်းရဲ့ ကပ်ဘေးကိုတင် မဟုတ်ဘူး ငါ့ရဲ့ ကိုယ်ပိုင်ကပ်ဘေးကိုပါ ရင်ဆိုင်ရမှာနော်။ အဲ့တာက ဘယ်လောက်တောင် အန္တရာယ်များလိုက်လဲ။ ငါက ငါ့ရဲ့ အနာဂတ်နဲ့ အသက်ကို ဘယ်လိုလုပ် ဟာသလုပ်နိုင်မှာလဲ “
လုချန်ရှန်းသည် ထိုကိစ္စထဲတွင် ဝင်မပါချင်သည့်အလား စိတ်ပိုင်းဖြတ်ထားသော အမူအရာများဖြင့် အဆက်မပြတ် ခေါင်းခါနေတော့၏။
လောင်လျူမှာလည်း သဘောတူ ခေါင်းငြိမ့်နေတော့သည်။ ကပ်ဘေးတစ်ခုကို တားဆီးပိတ်ဆို့ခြင်းမှာ အန္တရာယ်များလွန်းလှသည် ၎င်းက ကောင်းကင်ဘုံ ကပ်ဘေးနှစ်ခုကို ရင်ဆိုင်ရခြင်းနှင့် ညီမျှ၏။ မိုးကြိုးနည်းစနစ်များကို တတ်ကျွမ်းထားသည့် မိုးကြိုးငှက်များကပင် တစ်ခြားလူများ၏ ကပ်ဘေးများကို ပိတ်ဆို့တားဆီးရန် ပေါ့ပေါ့ပါးပါး မကူညီရဲကြပေ။
ကောင်းကင်ဘုံ ကပ်ဘေးကိုယ်တိုင်ကပင် စမ်းသပ်မှုတစ်ခုဖြစ်ပြီး ဟန်ချက်ညီစေရန်အတွက် ကောင်းကင်ဘုံမှ ချမှတ်ထားသည့် ကပ်ဘေးတစ်ခုလည်း ဖြစ်၏။ တစ်ခြားလူများကို ကူညီ၍ ၎င်းကို တားဆီးပိတ်ဆို့ခြင်းက ကောင်းကင်ဘုံကို ဒေါသထွက်သွားစေမည် ဖြစ်သည်။
မိုချင်မှ စကားထပ်ပြောလာခဲ့၏ “ မင်းက ငါ့ကို မယုံတာတား ဒါမှမဟုတ် အဲ့တာက တော်တော်ကြီးကို အန္တရာယ်များတယ်လို့ ထင်နေတာလား။ တကယ်လို့ ငါ့ကို မယုံဘူးဆိုရင် သွားမေးကြည့်လို့ရတယ်။ မင်းက ရှောင်ရွှမ်းကို သတ်ခဲ့ပင်မဲ့ ထျန်းရီ မြင့်မြတ်နယ်မြေက မင်းကို လာမရှာသေးဘူး။ အဲ့တာက ထျန်းကျီစံအိမ်ကို မင်းကို ကာကွယ်ပေးလိုက်လို့ပဲ အဲ့တာက ပြဿနာကို ရှင်းပြဖို့ လုံလောက်တယ် “
ဟမ်
လုချန်ရှန်း မျက်မှောင်ကြုတ်သွား၏။
လောင်လျူသည် သူ၏ဆိုလိုရင်းကို နားလည်နေခဲ့ကာ စုံစမ်းမေးမြန်းရန်အတွက် အပြင်ထွက်သွားတော့သည်။ ရလဒ်ကမူ မိုချင်ပြောထားသည့်အတိုင်းသာ ဖြစ်နေခဲ့သည် ထျန်းရီ မြင့်မြတ်နယ်မြေဘက်မှ မည်သည့်တုံ့ပြန်မှ မရှိပေ ၎င်းက အမှန်ပင် ထူးဆန်းလွန်းလှသည်။
“ ဟူး အဲ့တာက တော်တော်လေးကို အန္တရာယ်များတယ် မေ့လိုက်ကြတာပေါ့ “ လုချန်ရှန်းသည် ခေါင်းတခါခါဖြင့် လှည့်ထွက်သွားရန် ပြင်လိုက်သည်။
မိုချင်မှ တုံ့ပြန်လာခဲ့၏ “ ထျန်းကျီစံအိမ်က မင်းကို ငါးသန်း ကတိပေးထားခဲ့တယ်။ တကယ်လို့ မင်းကူညီမယ်ဆိုရင် ငါမင်းကို ဆယ်သန်းပေးမယ် “
“ သဘောတူတယ် “
မိုချင်၏ စကားသံပေါ်ထွက်လာခဲ့သည်နှင့်တစ်ပြိုင်နက် လုချန်ရှန်းမှ ချက်ချင်းတုံ့ပြန်လိုက်၏။
အမြန်နှုန်းက အံ့ဖွယ်ကောင်းနေခဲ့ပြီး လောင်လျူသည် နောက်သို့ပင် မလှည့်ရသေးဘဲ ထိုစကားကြောင့် တအံ့တဩ ဖြစ်သွားခဲ့သည်။
“ ဆိုတော့ မင်း အချိန်ဆွဲနေတာက သူကမ်းလှမ်းလာမှာကို စောင့်နေတာပေါ့။ မင်းက နာမည်နဲ့ ဂုဏ်သိက္ခာကို လုံးဝဂရုမစိုက်ဘူးပဲ “
လောင်လျူသည် မအောင့်ထားနိုင်တော့ဘဲ စောဒကတက်နေတော့သည်။ အန္တရာယ်များသည် မေ့လိုက်တော့ဟု ထပ်ခါတလဲလဲ ပြောနေရင်းဖြင့် ဈေးနှုန်းကို ကြားလိုက်ရသောအခါတွင် ထိုကဲ့သို့ ချက်ချင်းသဘောတူလိုက်သည်ကို သူတစ်ခါမှ မမြင်ခဲ့ဖူးချေ။
သို့ရာတွင် မိုချင်ကမူ မည်သို့မျှ မအံ့ဩသွားခဲ့ပေ။
ထျန်းကျီစံအိမ်က လုချန်ရှန်းကို နားလည်နေခဲ့သည် သို့သော် သူက ထိုလူ့ကို ပိုမိုနားလည်နေပုံရသည်။
လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ အဲ့လို ပြောလို့မရဘူးလေ။ အဲ့တာတွေက အဓိက မဟုတ်ပါဘူးကွာ။ အဓိကအရာက မိုချင်ရဲ့ အခြေအနေက ငါ့ကို သနားစိတ်ဝင်သွားစေခဲ့တာပဲ အထူးသဖြင့် သူ့ရဲ့ မသန်စွမ်းမှုနဲ့ စိတ်ဆန္ဒ။ သူ့ရဲ့ ကံတရားကိုတောင် သူများက ခိုးသွားတယ်လေ ဒါပင်မဲ့ သူက အဆင့်လေးပဲ တက်ချင်နေတာ။ ငါက သူ့ရဲ့ ရိုးသားမှုကြောင့် စိတ်လှုပ်ရှားသွားတာ “
လောင်လျူ ရယ်မောနေတော့၏။
ရိုးသားမှုကြောင့် စိတ်လှုပ်ရှားသွားတာလား။ ရိုးသားမှုက ဘယ်မှာလဲ။ တစ်ဖက်လူက နံပတ်ပဲ ပြောလိုက်တာလေ။
ထို့နောက်တွင် မိုချင်က စကားထပ်ပြောလာခဲ့သည် “ ဒါဆိုရင်လည်း အစ်ကိုချင်းယီကို ကျေးဇူးအများကြီးတင်ပါတယ် “
“ ငါ့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူးကွာ ဒါပင်မဲ့ ဝိညာဥ်ကျောက်တုံးတွေကို အရင်ပေးရမယ်။ ပြီးတော့ မင်းက ငါ့အတွက် ကိစ္စတစ်ချို့ကို သဘောတူပေးရမယ် “
“ ပြောပါ “ ဟု မိုချင်မှ တုံ့ပြန်လာခဲ့၏။
လုချန်ရှန်းက စကားထပ်ပြောနေတော့၏ “ မိုးကြိုးကို တားဆီးတာက လျှို့ဝှက်နည်းစနစ်တစ်ခုပဲ ငါ့ရဲ့ … အမ် လျှို့ဝှက်တစ်ခုပဲ မင်းက အဲ့တာကို တွေ့သွားလို့ မဖြစ်ဘူး “
“ အဲ့တော့ “
“ အဲ့တော့ မင်းက ကပ်ဘေးကို ဆွဲဆောင်တဲ့ အချိန်ကျရင် ငါက မင်းကို ဖိနှိပ်ထားရမယ်။ ဘာပဲဖြစ်ဖြစ် ကပ်ဘေးကို ရင်ဆိုင်ရမှာက ငါပဲလေ ဆိုတော့ မင်းကို ဖိနှိပ်တာနဲ့ မဖိနှိပ်တာက ဘာမှ မကွာခြားသွားဘူး။ မင်းဘယ်လိုထင်လဲ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် အဘိုးအိုသည် ချက်ချင်းမျက်မှောင်ကြုတ်သွားကာ စကားဝင်ပြောရန် လုပ်လာခဲ့၏ သို့သော် မိုချင်က သဘောတူ ခေါင်းငြိမ့်လာခဲ့လေသည်။
သူသည် မည်သို့မျှ တွေဝေတုံ့ဆိုင်းမနေခဲ့ပေ ယခင်က သူသည် နည်းလမ်းပေါင်းစုံကို စဥ်းစားထားခဲ့ပြီးပြီ ဖြစ်ပြီး အားလုံးက မည်သို့မျှ အသုံးမဝင်ခဲ့ပေ။ ယခု၌ သူ့ထံတွင် ရွေးချယ်စရာ မရှိတော့ပေ။ ၎င်းက မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ အရောက်သွားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
ရွေးချယ်စရာ မရှိတော့သောကြောင့် သူသည် သူ၏ကိုယ်ပိုင်အကဲဖြတ်မှုကိုသာ ယုံကြည်ရန် ရွေးချယ်လိုက်သည်။
ဝိညာဥ်ကျောက်တုံး ဆယ်သန်းကို လက်ခံလိုက်ရသည့် အချိန်၌ လုချန်ရှန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
သူသည် ဖျားနေသည့် ထိုလူငယ်က ထိုမျှလောက် ချမ်းသာနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် ဝိညာဥ်ကျောက်တုံး ဆယ်သန်းကိုပင် အေးအေးလူလူ ထုတ်လာခဲ့ပြီး ယခင်က သူကြုံတွေ့ခဲ့ဖူးသည့် လူတိုင်းထပ် ပိုမိုရက်ရောနေခဲ့၏။
ထိုအချိန်၌ သူသည် ရေတွက်နေရင်းဖြင့် ပြန်ပြောလိုက်သည် “ ငါရေပြီးတာနဲ့ နေရာရှာကြတာပေါ့ “
“ မလိုပါဘူး ဘယ်သူမှ မနှောင့်ယှက်နိုင်တဲ့ နေရာတစ်ခုကို ပြင်ဆင်ထားခဲ့ပြီးပြီ “
လုချန်ရှန်း၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး သူသည် အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးမှ တုံ့ပြန်လိုက်၏ “ ဆိုတော့ မင်းက အစကတည်းက စီစဥ်ထားခဲ့ပြီးပြီပေါ့။ ငါသဘောတူလာလိမ့်မယ်လို့ ဘယ်လိုလုပ် သေချာနေရတာလဲ “
“ ဝိညာဥ်ကျောက်တုံးတွေကြောင့်ပဲပေါ့ “
မိုချင်သည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ပြုံးပြလာခဲ့၏။
--
…………………………………………………………………………………………………………………………………..