အခန်း ၁၇၁
Vol. 12 Ch. 171
အခန်း ၁၇၁ - ဘိုးဘေးဝိညာဉ်ကျောက်ပြားနှင့် ည၏ထူးဆန်းမှု
တစ်ဆယ့်သုံးခုမြောက်သော ဘိုးဘေးဝိညာဉ်ကျောက်ပြားပေါ်တွင် စာသားတစ်ကြောင်းကို ရှင်းလင်းစွာ ရေးထိုးထားပေသည်။
“နဂါးနတ်ဘုရားဂိုဏ်း၏ တစ်ဆယ့်သုံးဆက်မြောက် ဂိုဏ်းချုပ် ရီယွင်၏ ဝိညာဉ်ကျောက်ပြား”
ဤဘိုးဘေးဝိညာဉ်ကျောက်ပြားမှာ အချိန်အတော်ကြာ တည်ရှိနေခဲ့သည့်အလား အလွန်ပင် ဟောင်းနွမ်းနေ၏။ စာသားများမှာလည်း အလွန်ပင် ထင်ရှားနေပေသည်။
သို့သော် မြင်းနက်ကြီးက ထိုအရာကို ကြည့်လိုက်သည့်အခါ မူးဝေလာသလို ခံစားလိုက်ရပြီး စာလုံးများကို အပြည့်အစုံ မမြင်နိုင်တော့ချေ။
“ကြောင်လေး... အဲ့ဒီဘိုးဘေးဝိညာဉ်ကျောက်ပြားပေါ်မှာ ရေးထားတဲ့နာမည်က ဘိုးဘေးကြီးရဲ့ နာမည် ဟုတ်၊ မဟုတ် မြန်မြန်ကြည့်စမ်း...”
မြင်းနက်ကြီးက တုန်ယင်သော အသံဖြင့် အရပ်မျက်နှာတစ်ခုဆီသို့ ညွှန်ပြရင်း ပြောလိုက်သည်။
အခြားသော ဘိုးဘေးဝိညာဉ်ကျောက်ပြားများကို အလုပ်ရှုပ်ခံကာ စူးစမ်းနေသည့် ကြောင်နက်ကြီးသည် မြင်းနက်ကြီး၏ အော်ဟစ်သံကို ကြားသည်နှင့် သူညွှန်ပြရာသို့ ချက်ချင်း အာရုံစိုက်လိုက်၏။
သူသည် ဘိုးဘေးဝိညာဉ်ကျောက်ပြားပေါ်ရှိ စာသားများကို အသေအချာ မြင်လိုက်ရသည့်အခါ ချက်ချင်းပင် တုန်လှုပ်သွားတော့သည်။ ဘိုးဘေးကြီး၏ နာမည်မှာ အမှန်တကယ်ပင် ၎င်းပေါ်တွင် ရေးထိုးထားပါသည်တကား။ ဤသည်မှာ တကယ်ကို မယုံနိုင်စရာပင် ဖြစ်ပေသည်။
‘ဒီနေရာက တကယ်ပဲ နဂါးနတ်ဘုရားဂိုဏ်းရဲ့ တခြားမျိုးနွယ်စုခွဲတစ်ခုများလား... မဟုတ်ရင် ဘိုးဘေးကြီးရဲ့နာမည်က ဘာလို့ ဒီမှာရှိနေမှာလဲ...’
ဤ ဘိုးဘေးခန်းမဆောင်အတွင်း၌ ဝိညာဉ်ကျောက်ပြားပေါင်း ရာနှင့်ချီ၍ အစီအရီ တင်ထားပေသည်။ ထိုအရာများမှာ နဂါးနတ်ဘုရားဂိုဏ်း၏ အတိတ်က ဂိုဏ်းချုပ်များအားလုံးအတွက် ဖြစ်နိုင်ပေသည်။
“ဦးလေးမြင်း... ကျွန်တော်တို့ ဒီတစ်ခါတော့ အကြီးအကျယ် ရှာဖွေတွေ့ရှိတာပဲ... ဒီ နဂါးနတ်ဘုရားဂိုဏ်းက ငါတို့ နဂါးနတ်ဘုရားဂိုဏ်းရဲ့ တခြားမျိုးနွယ်စုခွဲတစ်ခု ဖြစ်တာ သေချာသွားပြီ...”
ကြောင်နက်ကြီး၏ မျက်ဝန်းများမှာ ဝင်းလက်နေပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
မြင်းနက်ကြီးက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည့်အခါ သူ၏ စိတ်လှုပ်ရှားမှုများမှာ နောက်ဆုံးတွင် ငြိမ်သက်သွားတော့သည်။ ဤ နဂါးနတ်ဘုရားဂိုဏ်းကို သူတို့ တိတ်တဆိတ် စုံစမ်းစစ်ဆေးခြင်းမှ တကယ့်ကို ကြီးမားလှသော ရလဒ်တစ်ခု ရရှိခဲ့ပေသည်။
အကယ်၍ ဤ အောက်ခြေအဆင့် ဂိုဏ်းကြီးမှာ အမှန်တကယ်ပင် နဂါးနတ်ဘုရားဂိုဏ်း၏ တခြားမျိုးနွယ်စုခွဲတစ်ခု ဖြစ်နေမည်ဆိုပါက ၎င်းမှာ သူတို့၏ နဂါးနတ်ဘုရားဂိုဏ်းအတွက် အတိုင်းအဆမရှိ ဝမ်းမြောက်စရာ ဖြစ်ရပ်တစ်ခု ဖြစ်ပေလိမ့်မည်။
မြင်းနက်ကြီးသည် အနီးရှိ စင်တစ်ခုပေါ်မှ အမွှေးတိုင် သုံးတိုင်ကို အလျင်အမြန် ယူဆောင်လိုက်ပြီး မီးညှိကာ အလွန်ပင် လေးနက်သော အမူအရာဖြင့် ထိုဘိုးဘေးဝိညာဉ်ကျောက်ပြားများဆီသို့ ဦးညွှတ်လိုက်၏။ ထို့နောက် သူသည် အမွှေးတိုင် သုံးတိုင်ကို အမွှေးတိုင်အိုးအတွင်းသို့ ထိုးစိုက်လိုက်သည်။
သူကိုယ်တိုင်မှာလည်း နဂါးနတ်ဘုရားဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့်အတွက် ဤဘိုးဘေးများအပေါ် အမွှေးတိုင်ထွန်း၍ သူ၏ လေးစားမှုကို ဖော်ပြရန်မှာ သဘာဝကျလှပေသည်။ ကြောင်နက်ကြီးသည်လည်း မြင်းနက်ကြီးလုပ်သကဲ့သို့ပင် ချက်ချင်း လိုက်လုပ်လိုက်၏။
အမွှေးတိုင် သုံးတိုင် ထွန်းညှိပြီးနောက် သူသည် မြင်းနက်ကြီးကို ကြည့်ကာ မေးလိုက်သည်။
“ဦးလေးမြင်း... ကျွန်တော်တို့ အခု ပြန်သွားကြတော့မှာလား...”
“ဘာကို လောနေတာလဲ...”
မြင်းနက်ကြီးက အလျင်လိုပုံ မရချေ။ ဤနေရာမှာ နဂါးနတ်ဘုရားဂိုဏ်း၏ တခြားမျိုးနွယ်စုခွဲတစ်ခု ဖြစ်သည်မှာ အသေအချာပင် ဖြစ်ပေသည်။ သို့သော် အချိန်မှာ အများကြီး ရှိနေသေး၏။ သူသည် ဤမျှအထိ အလျင်စလို ပြန်မသွားလိုသေးချေ။ သူတို့၏ သခင်လေး သုံးဦးမှာ ကျင့်ကြံနေကြဆဲဖြစ်ပြီး ဘိုးဘေးကြီးမှာလည်း နယ်ပယ်ကျော်ဖြတ်ရန် တံခါးပိတ်ကျင့်ကြံနေသဖြင့် ဤနေရာ၌ ဆက်နေပြီး တခြားအရာများ ရှာတွေ့နိုင်မလား စောင့်ကြည့်နေခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ဘိုးဘေးခန်းမဆောင်အတွင်းမှ ဂရုတစိုက် ထွက်ခွာလာပြီးနောက် မြင်းနက်ကြီးသည် ကြောင်နက်ကြီးကို ခေါ်ဆောင်ကာ ထွက်လာခဲ့သည်။ ဤခရီးစဉ်အတွင်း သိသာထင်ရှားသော ရှာဖွေတွေ့ရှိမှုများ ရရှိခဲ့သော်လည်း မြင်းနက်ကြီးသည် ဤနဂါးနတ်ဘုရားဂိုဏ်း၌ နောက်ထပ် ရက်အနည်းငယ်ခန့် ထပ်မံ နေထိုင်ရန် ဆုံးဖြတ်လိုက်၏။ ကြောင်နက်ကြီးမှာမူ သူ၏ဦးလေးမြင်းနှင့်အတူ အဖော်ပြုပေးရန်မှတစ်ပါး တခြားရွေးချယ်စရာ မရှိချေ။
နောက်ရက်များအတွင်း သူတို့နှစ်ဦးမှာ ဤနဂါးနတ်ဘုရားဂိုဏ်းကို အောက်ခြေအထိ လှန်လှော စုံစမ်းသော်လည်း သဲလွန်စအသစ် တစ်ခုမျှ ရှာမတွေ့ခဲ့ချေ။
ယခုအခါ ညအချိန်သို့ ရောက်ရှိလာခဲ့ပြီး အရာအားလုံးမှာ အမှောင်ထုအတွင်း နစ်မြုပ်နေပေသည်။ မြင်းနက်ကြီးသည် တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေရင်း လှိုင်းလုံးကြီးများအလား ဆက်သွယ်နေသည့် တောင်တန်းကြီးကို ကြည့်ကာ နောက်ထပ် မည်သို့လုပ်ဆောင်ရမည်ကို တိတ်တဆိတ် ဆင်ခြင်နေမိ၏။
အမှန်တကယ်တော့ သူ ယခု ပြန်သွား၍ ရပေသည်။ သူနှင့် ကြောင်နက်ကြီးတို့မှာ ဤနဂါးနတ်ဘုရားဂိုဏ်း၏ နေရာအနှံ့အပြားကို အသေးစိတ် စုံစမ်းပြီးသွားပြီ ဖြစ်ပေသည်။ သို့သော် မြင်းနက်ကြီးမှာ ယခုပင် ထွက်ခွာသွားရန် အနည်းငယ် ဝန်လေးနေမိ၏။ အဆုံးတွင်တော့ သူ၏ စွမ်းဆောင်ရည်မှာ မြင့်မားလွန်းလှသဖြင့် နဂါးနတ်ဘုရားဂိုဏ်း တစ်ခုလုံးကို စုံစမ်းရန်မှာ တစ်ရက်ပင် မပြည့်ခဲ့ပေ။
“ဦးလေးမြင်း... ဘာကို ကြည့်နေတာလဲ...”
ဘေးတွင် ရပ်နေသော ကြောင်နက်ကြီးက ဦးလေးမြင်း မျက်မှောင်ကြုတ်နေသည်ကို သတိပြုမိသဖြင့် တိုးညင်းစွာ မေးလိုက်သည်။
“ငါ ကြည့်နေတာက...”
မြင်းနက်ကြီး စကားပြောလိုက်သည်နှင့် သူ၏ မျက်စိသူငယ်အိမ်မှာ ရုတ်တရက် ကျုံ့သွား၏။ သူသည် အလွန်ထူးခြားသည့် အရာတစ်ခုကို တွေ့လိုက်ရသည့်အလား ဖြစ်သွားရသည်။ သူ၏ ဖျော့တော့သော ရွှေရောင်မျက်ဝန်းများမှာ သာမန်လူများ မမြင်နိုင်သည့် အရာများကို မြင်နိုင်စွမ်း ရှိပေသည်။
ညအမှောင်ထုက ကမ္ဘာမြေကို ဖုံးလွှမ်းသွားပြီး လောကကြီးတစ်ခုလုံး အမည်းရောင်ဖြစ်သွားသည့်အခါ မြင်းနက်ကြီးသည် တောင်တန်းကြီး၏ အခြေမှနေ၍ မှိန်ဖျော့သော အမည်းရောင် အငွေ့အသက်များ တဖြည်းဖြည်း လွင့်ပျံလာသည်ကို တွေ့လိုက်ရသဖြင့် မှင်တက်မိသွား၏။ ထိုအမည်းရောင် အငွေ့အသက်များမှာ နဂါးနတ်ဘုရားဂိုဏ်း၏ ကျယ်ပြောလှသော တောင်တန်းကြီးတစ်ခုလုံးကို လွှမ်းခြုံထားပေသည်။
“ဒါက ဘာလဲ...”
မြင်းနက်ကြီး အံ့ဩတုန်လှုပ်သွားခဲ့ရသည်။ ဤ အမည်းရောင် အငွေ့အသက်များမှာ ရှင်းပြ၍ မရနိုင်ချေ။ သူ၏ ထူးခြားသော မျက်ဝန်းများက မိစ္ဆာနှင့် ဆိုးယုတ်သောအရာများအပေါ် အထူးပင် အကဲဆတ်ခြင်း မရှိခဲ့ပါက သာမန် ထာဝရနယ်ပယ် ကျင့်ကြံသူ တစ်ဦးပင်လျှင် ၎င်းကို သတိပြုမိနိုင်လိမ့်မည် မဟုတ်ချေ။
“ဦးလေးမြင်း... ဘာကို တွေ့လို့လဲ...”
ကြောင်နက်ကြီးက မျက်လုံးများ ပြူးကျယ်စွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်သော်လည်း ဘာကိုမျှ ရှာမတွေ့ခဲ့ချေ။
“ဒါ ဘာလဲဆိုတာ ငါလည်း မသိဘူး... ဒီအရာမျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး...”
မြင်းနက်ကြီးက တီးတိုးရေရွတ်လိုက်သည်။
“ဦးလေးမြင်း... ဒါဆိုရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ...”
ကြောင်နက်ကြီးမှာ ဇဝေဇဝါ ဖြစ်သွားပြီး သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သည့် အရိပ်အယောင်များ ပေါ်လာခဲ့၏။ ဦးလေးမြင်းမှာ ထာဝရနယ်ပယ်မှ မိစ္ဆာကြီးတစ်ဦး ဖြစ်ပေသည်။ သူကိုယ်တိုင် တစ်ခါမှ မမြင်ဖူးဟု ပြောဆိုခြင်းမှာ ဤအရာသည် တကယ့်ကို ထူးခြားရပေမည်။
“အလောတကြီး မလုပ်နဲ့ဦး... ငါတို့ အခြေအနေကို အရင်စောင့်ကြည့်ရအောင်...”
မြင်းနက်ကြီးက အမည်းရောင် အငွေ့အသက်များကို မျက်မှောင်ကြုတ်ကြည့်ရင်း လေးနက်သော အသံဖြင့် ပြောလိုက်သည်။ ကြောင်နက်ကြီးက ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်၏။ ထိုနှစ်ဦးမှာ တောင်ထိပ်ပေါ်တွင် တစ်ညလုံး ရပ်ကာ စောင့်ကြည့်နေကြသည်။
မိုးသောက်ယံ၏ ပထမဆုံး အလင်းတန်းများ ပေါ်ထွက်လာသည့် အခါမှသာ မြင်းနက်ကြီးသည် ထိုအမည်းရောင် အငွေ့အသက်များမှာ သဘာဝအတိုင်း ပျောက်ကွယ်သွားပြီး မြေအောက်သို့ ပြန်ဝင်သွားသည်ကို တွေ့လိုက်ရသည်။
‘စိတ်ဝင်စားစရာပဲ... မြေအောက်မှာ တစ်ခုခု ရှိနေတာများလား...’
မြင်းနက်ကြီးက မိမိဘာသာ တွေးတောနေမိသည်။
“ကြောင်လေး... ငါတို့ မြေအောက်ကို ဆင်းပြီး စုံစမ်းရအောင်...”
မြင်းနက်ကြီးသည် သွားကို တင်းတင်းစေ့ကာ ကြောင်နက်ကြီးကို ဖမ်းဆွဲလိုက်ပြီး အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ တောင်တန်း၏ မြေအောက်အနက်ပိုင်းသို့ တိုက်ရိုက် တိုးဝင်သွားတော့၏။
မြေအောက် အတောင်ပေါင်း သောင်းနှင့်ချီ၍ ဆင်းသွားပြီးနောက် မြင်းနက်ကြီးသည် သူ၏လမ်းကို ပိတ်ဆို့ထားသည့် အမည်းရောင်အလင်းတန်းများ ထွက်ပေါ်နေသော ဧရာမအစီရင်ကြီး တစ်ခုကို တွေ့ရှိခဲ့သည်။
“မြေအောက်မှာ တကယ်ပဲ ထူးဆန်းတာတွေ ရှိနေတာပါလား...”
ကြောင်နက်ကြီးသည် သူတို့ရှေ့ရှိ ဧရာမအစီရင်ကြီးကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွားပြီး ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။ ရုတ်တရက် မြင်းနက်ကြီးသည် ထိုအစီရင်ကြီးဆီသို့ လက်သီးဖြင့် ထိုးနှက်လိုက်၏။
“ဘုန်း...”
ဧရာမအစီရင်ကြီးမှာ အသံကျယ်ကြီး မြည်ဟည်းသွားပြီး မြင်းနက်ကြီး၏ လက်သီးကို ပြန်လည် တွန်းကန်လိုက်သည်။ မြင်းနက်ကြီး အံ့ဩသွားရ၏။ သူ၏ လက်သီးချက်က အစီရင်ကြီးကို မဖျက်ဆီးနိုင်ခြင်းက ၎င်း၏ အစွမ်းမှာ တကယ်ကို ကြီးမားလှကြောင်း ပြသနေပေသည်။
မြင်းနက်ကြီး ခေတ္တမျှ စဉ်းစားလိုက်သည့်အခါ သူ၏လက်ထဲတွင် ရွှေရောင်ဓားငယ်လေး တစ်လက် ရုတ်တရက် ပေါ်လာခဲ့သည်။
“ဒီဓားက...”
သူ့ဘေးရှိ ကြောင်နက်ကြီးမှာ ရုတ်တရက် အသက်ရှူမှားသွား၏။ သူသည် ဦးလေးမြင်း ပြောပြဖူးသည်ကို ကြားဖူးထားပေသည်။ ဘိုးဘေးကြီးသည် ဦးလေးမြင်းအား အစွမ်းထက်သော ပြန်လည်မွေးဖွားခြင်း မိုးကြိုး အစအနတစ်ခုကို ပေးအပ်ခဲ့ဖူးပြီး ၎င်းကို ဤရွှေရောင်ဓားငယ်လေးအဖြစ် ပြောင်းလဲထားခြင်း ဖြစ်ပေသည်။ ဤသည်မှာ ထိုအရာပင် ဖြစ်ရပေမည်။
ဤ ရွှေရောင်ဓားငယ်လေးမှာ တကယ့်ကို ထိတ်လန့်ဖွယ် ကောင်းလှပေသည်။ မြင်းနက်ကြီးက ထိုအရာကို ထုတ်ယူလိုက်သည့်အခါ ရှင်းပြ၍မရနိုင်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကြောင်နက်ကြီးသည် ဤဓားကို ရင်မဆိုင်နိုင်သကဲ့သို့ တစ်ကိုယ်လုံး တုန်ယင်လာသည်ဟု ခံစားလိုက်ရ၏။
မြင်းနက်ကြီးသည် ဓားငယ်လေးဖြင့် အစီရင်ကြီးအတွင်းသို့ တိုက်ရိုက် ထိုးစိုက်လိုက်သည်။
“ခွမ်း...”
ဧရာမအစီရင်ကြီးတွင် အပေါက်ငယ်တစ်ခု ချက်ချင်းပင် ပွင့်သွားတော့သည်။
“ဟားဟားဟား...”
မြင်းနက်ကြီးက ရယ်မောလိုက်ပြီး ရွှေရောင်ဓားငယ်လေးကို သိမ်းဆည်းကာ ကြောင်နက်ကြီးကို ခေါ်ဆောင်၍ အနက်ရောင် အလင်းတန်းအဖြစ် ပြောင်းလဲလျက် ထိုအပေါက်ငယ်အတွင်းမှ တိုးဝင်သွားတော့၏။
ပြန်လည်မွေးဖွားခြင်း မိုးကြိုးမှ ပြောင်းလဲထားသော ဤရွှေရောင်ဓားငယ်လေးမှာ တကယ်ကို အစွမ်းထက်လှပေသည်။ ၎င်းမှာ သူ၏ ရုပ်ပိုင်းဆိုင်ရာ လက်သီးချက်ထက် အဆပေါင်း ရာနှင့်ချီ၍ ပိုမို သန်မာပေသည်။ သူသည် ဤရွှေရောင်ဓားငယ်လေးကို ဆက်လက်၍ မသန့်စင်ချင်တော့လောက်အောင်ပင် ဖြစ်နေတော့၏။ အကယ်၍ ၎င်းကို တိုက်ခိုက်ရေးလက်နက်အဖြစ် အသုံးပြုမည်ဆိုပါက ထာဝရနယ်ပယ်တွင် မည်သူမျှ သူ၏ ပြိုင်ဘက် ဖြစ်လာလိမ့်မည် မဟုတ်ချေ။
အမည်းရောင် အစီရင်ကြီးကို ဖြတ်ကျော်ပြီးနောက် ထိုနှစ်ဦးမှာ ဧရာမ ဟင်းလင်းပြင်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်မည်းနေပြီး မှိန်ဖျော့သော ကြယ်တာရာ အစက်အပြောက်အချို့သာ ဝင်းလက်နေပေသည်။
ဧရာမ နဂါးနက်ကြီး တစ်ကောင်မှာမူ နှစ်ခြိုက်စွာ အိပ်ပျော်နေသည့်အလား မြေပြင်ပေါ်တွင် ဝပ်စင်းနေတော့၏။
အခန်း ၁၇၁ ပြီးပါပြီ။
---