အခန်း ၁၇၂
Vol. 12 Ch. 172
အခန်း ၁၇၂ - မြေအောက်အနက်ပိုင်းမှ နဂါးနက်ကြီးနှင့် မြားတို ၇ စင်း
“ဒါက တကယ့်ကို နဂါးတစ်ကောင်ပဲ...”
ကြောင်နက်ကြီးသည် ဧရာမ နဂါးနက်ကြီးကို မြင်လိုက်ရသည့်အခါ မျက်လုံးများ ပြူးကျယ်သွားရ၏။ သူ၏ အသက်ရှူသံများမှာ မြန်ဆန်လာပြီး တစ်ကိုယ်လုံးတွင် စိတ်လှုပ်ရှားမှုများ တရစပ် စီးဆင်းလာတော့သည်။
“နဂါးတစ်ကောင်က ဘာများ ထူးဆန်းလို့လဲ... မင်းက နေ့တိုင်း မြင်နေရတာကို မရိုးသေးဘူးလား...”
မြင်းနက်ကြီးက အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ဖြူဖွေးသော သွားတန်းကြီးများကို ဖြဲပြလျက် ကြောင်နက်ကြီး၏ နဖူးကို တစ်ချက် တောက်လိုက်၏။
ကြောင်နက်ကြီးမှာ မျက်တောင်တခတ်ခတ် ဖြစ်သွားရသည်။
‘ဦးလေးမြင်း ဘာကို ဆိုလိုတာလဲ။ နေ့တိုင်း မြင်နေရတယ် ဆိုတာက ဘာလဲ။ ဒါဆိုရင်...’
ထိုသို့ တွေးမိသည်နှင့် ကြောင်နက်ကြီးသည် ဦးလေးမြင်းဘက်သို့ လှည့်ကာ တုန်ယင်သော အသံဖြင့် မေးမြန်းလိုက်၏။
“ဦးလေးမြင်း... ဒါဆို ဦးလေးက တကယ်တော့ မြင်းမဟုတ်ဘဲ နဂါးတစ်ကောင်များလား...”
“အဲ့ဒီအကြောင်းကိုတော့ မပြောတော့ဘူး... မင်းအတွက် လျှို့ဝှက်ချက်လေး တစ်ခုအနေနဲ့ပဲ ထားလိုက်ပါတော့မယ်... ဟားဟားဟား...”
မြင်းနက်ကြီးက ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်ပြီး ဟင်းလင်းပြင်ပေါ်မှ ဆင်းသက်လိုက်၏။
ကြောင်နက်ကြီးသည် သူ သိလိုသော အဖြေကို မရရှိသဖြင့် စိတ်မသက်မသာ ဖြစ်နေပြီး သူ၏နားရွက်များကို ကုပ်နေမိတော့သည်။ သို့သော်လည်း ဦးလေးမြင်းက ဘာမှမပြောသဖြင့် သူသည်လည်း အတင်းအကျပ် မမေးနိုင်ချေ။ အဆုံးတွင်တော့ သူ့၌ ထိုသို့လုပ်ရန် ခွန်အား မရှိပေ။
ကြောင်နက်ကြီးသည်လည်း ဟင်းလင်းပြင်ပေါ်မှ လျင်မြန်စွာ ဆင်းသက်လိုက်၏။ ထိုနှစ်ဦးသည် ဤ နဂါးနက်ကြီးကို အသေးစိတ် စစ်ဆေးနေကြသည်။
“ဦးလေးမြင်း... ဒီနဂါးနက်ကြီးက သေဆုံးနေတာ အတော်လေး ကြာနေပြီထင်တယ်...”
ခဏမျှ စူးစမ်းပြီးနောက် ကြောင်နက်ကြီးက ကောက်ချက်ချလိုက်၏။
မြင်းနက်ကြီးက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သော်လည်း တိတ်ဆိတ်နေဆဲ ဖြစ်သည်။ အမှန်စင်စစ် သူတို့ရှေ့ရှိ နဂါးနတ်ကြီးမှာ သေဆုံးနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ပေသည်။
သို့သော် နဂါးနတ်ဘုရားဂိုဏ်း၏ တောင်တန်းကြီးအောက်၌ ဘာကြောင့် ဧရာမအစီရင်ကြီးတစ်ခု ရှိနေရပြီး ထိုအစီရင်အတွင်း၌ နဂါးနက်ကြီး တစ်ကောင် ရှိနေရသနည်း။ သူတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။
မြင်းနက်ကြီး၏ အကြည့်သည် နဂါးနက်ကြီး၏ ခန္ဓာကိုယ်ပေါ်သို့ တစ်ချိန်လုံး ဝေ့ဝဲနေ၏။ ရုတ်တရက် သူ၏မျက်လုံးများ ဝင်းလက်သွားသည်။ သူသည် နဂါးနက်ကြီး၏ ဦးခေါင်းအထက်တွင် စိုက်ဝင်နေသည့် အမည်းရောင် မြားတိုလေး တစ်စင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ပေသည်။
‘ဒီမြားတိုလေးကပဲ... နဂါးနက်ကြီးကို သတ်လိုက်တာများလား...’
မြင်းနက်ကြီးသည် ထိုအကြောင်းကို ဆင်ခြင်နေမိ၏။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ နဂါးနက်ကြီး၏ ဘေးပတ်ပတ်လည်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းနေသည်။ သူသည် အလွန်ပင် ဖြည်းညင်းစွာ လျှောက်နေသော်လည်း ခြေတစ်လှမ်းစီမှာ အတောင်ပေါင်း ရာနှင့်ချီ၍ ကွာဝေးပေသည်။ ဤသည်မှာလည်း အကွာအဝေးကို ကျုံ့စေသည့် နတ်ဘုရားအဆင့် စွမ်းရည်တစ်ခုပင် ဖြစ်ပေသည်။
ကြောင်နက်ကြီးမှာမူ ဤနတ်ဘုရားအဆင့် စွမ်းရည်ကို မသိရှိသဖြင့် မြင်းနက်ကြီး၏ နောက်သို့ အမှီလိုက်နိုင်ရန် လျင်မြန်စွာ ပျံသန်းနေရ၏။
တစ်ပတ်ပတ်ပြီးနောက် မြင်းနက်ကြီးမှာ အံ့ဩသွားရသည်။ ဤနဂါးနက်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် အမည်းရောင် မြားတို ခုနစ်စင်း စိုက်ဝင်နေသည်ကို တွေ့ရှိလိုက်ရပေသည်။ ဤမြားတို ခုနစ်စင်းမှာ နဂါးနက်ကြီး သေဆုံးရခြင်း၏ အဓိက တရားခံများ ဖြစ်ပုံရ၏။
ဦးလေးမြင်း၏ ဘေးမှ လိုက်ပါလာသော ကြောင်နက်ကြီးသည်လည်း ဤမြားတိုလေးများကို တွေ့ရှိသွားသည့်အခါ သူက သက်ပြင်းချရင်း ပြောလိုက်၏။
“ဦးလေးမြင်း... ဒီနဂါးနက်ကြီးက တကယ့်ကို သနားစရာကောင်းတဲ့ အဆုံးသတ်နဲ့ ကြုံခဲ့ရတာပဲ... သတ်ခံရပြီးတာတောင် ဒီမြားတို ခုနစ်စင်းကို ပြန်မထုတ်ပေးကြဘူး...”
“အခြေအနေက အဲ့ဒီလောက် မရိုးရှင်းနိုင်ဘူး...”
မြင်းနက်ကြီး၏ အမူအရာမှာ လေးနက်နေပေသည်။ သူသည် ဟင်းလင်းပြင်သို့ နောက်တစ်ကြိမ် ပျံတက်လိုက်ပြီး အပေါ်စီးမှနေ၍ ငုံ့ကြည့်လိုက်၏။ ထိုအခါမှသာ နဂါးနက်ကြီး၏ ခန္ဓာကိုယ်မှာ တွန့်လိမ်နေပြီး မြားတို ခုနစ်စင်း စိုက်ဝင်နေသည့် နေရာများမှာ ခန္ဓာကိုယ်၏ ကွေ့ကောက်ပုံနှင့်အညီ ခုနစ်စဉ်ကြယ် ပုံသဏ္ဌာန် ဖြစ်ပေါ်နေသည်ကို သူ သတိပြုမိတော့သည်။
‘ဒါက အစီရင်တစ်ခုလား...’
မြင်းနက်ကြီးက မိမိဘာသာ တီးတိုးရေရွတ်လိုက်၏။ သူသည် ယခုအခါ ဤမြားတို ခုနစ်စင်းမှာ နဂါးနက်ကြီး သေဆုံးပြီးမှသာ ထည့်သွင်းထားခြင်း ဖြစ်နိုင်သည်ဟု သံသယဝင်လာတော့သည်။
ဘေးတွင် ရပ်နေသော ကြောင်နက်ကြီးသည်လည်း ဦးလေးမြင်း၏ စကားကို ကြားသည့်အခါ တုန်လှုပ်သွားရ၏။ အမှန်တကယ်ပင် ဦးလေးမြင်း ပြောသကဲ့သို့ပင် ဤမြားတို ခုနစ်စင်းမှာ ခုနစ်စဉ်ကြယ် အစီရင်တစ်ခုအဖြစ် တည်ရှိနေပေသည်။
“ဦးလေးမြင်း... ဒီနေရာက တကယ်ကို ထူးဆန်းလွန်းတယ်... အဲ့ဒီမြားတို ခုနစ်စင်းကို ကျွန်တော်တို့ ဆွဲထုတ်လိုက်ရမလား...”
ကြောင်နက်ကြီးက မျက်လုံးများ ဝင်းလက်လျက် မေးလိုက်သည်။
“အလောတကြီး မလုပ်နဲ့ဦး... ငါတို့ မှောင်တဲ့အထိ စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ကြရအောင်...”
မြင်းနက်ကြီးက ခေါင်းခါလျက် ပြောလိုက်၏။ သူ့၌ တွေးဆချက်တစ်ခု ရှိနေသော်လည်း ၎င်းကို အတည်ပြုရန် အချိန်လိုအပ်ပေသည်။ ကြောင်နက်ကြီးက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ထိုနှစ်ဦးသည် ဟင်းလင်းပြင်၌ တင်ပျဉ်ခွေထိုင်ကာ တိတ်တဆိတ် စောင့်ဆိုင်းနေကြတော့သည်။
တစ်နေ့တာမှာ လျင်မြန်စွာ ကုန်ဆုံးသွား၏။
ညအချိန်သို့ ရောက်ရှိလာသည့်အခါ သေဆုံးနေသော နဂါးနက်ကြီး၏ ခန္ဓာကိုယ်မှနေ၍ အမည်းရောင် အငွေ့အသက်များ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် ဧရာမအစီရင်ကြီးကို ဖြတ်ကျော်ကာ အပေါ်ဘက်ရှိ နဂါးနတ်ဘုရားဂိုဏ်းဆီသို့ လွင့်ပျံသွားတော့၏။
‘တကယ်ပဲ ဒီလို ဖြစ်နေတာလား...’
မြင်းနက်ကြီး၏ မျက်နှာပေါ်တွင် လေးနက်တည်ကြည်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူသည် ဤအရာကို အပြည့်အဝ နားမလည်နိုင်သေးသော်လည်း ဤကိစ္စမှာ သာမန်ကိစ္စ မဟုတ်ကြောင်း သိရှိပေသည်။ ကြည့်ရသည်မှာ သူသည် ပြန်သွားပြီး သခင်ကြီးထံ သတင်းပို့ရပေလိမ့်မည်။
ကြောင်နက်ကြီးမှာမူ ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်သော်လည်း အမည်းရောင် အငွေ့အသက်ကို မမြင်နိုင်ချေ။
“ဦးလေးမြင်း... အဲ့ဒီအရာကို တွေ့လိုက်ရပြီလား...”
သူက အလျင်အမြန် မေးလိုက်သည်။
“တွေ့လိုက်ပြီ... အဲ့ဒါရဲ့ မူလအစက ဒီနဂါးနက်ကြီးပဲ...”
မြင်းနက်ကြီးက လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီး ကြောင်နက်ကြီးကို ဖမ်းဆွဲကာ အပေါ်သို့ လျင်မြန်စွာ ပျံတက်သွားတော့၏။ သူ အံ့ဩသွားရသည်မှာ ဧရာမအစီရင်ကြီးရှိ အပေါက်ငယ်မှာ အလိုအလျောက် ပြန်လည် ပိတ်သွားခဲ့ခြင်း ဖြစ်ပေသည်။
မြင်းနက်ကြီးမှာ တခြားရွေးချယ်စရာ မရှိတော့သဖြင့် ရွှေရောင်ဓားငယ်လေးကို နောက်တစ်ကြိမ် ထုတ်ယူကာ အပေါက်တစ်ခု ဖောက်ပြီးနောက် ထွက်လာခဲ့ရတော့သည်။
မြေအောက်မှ ထွက်လာပြီးနောက် မြင်းနက်ကြီးသည် မနားတမ်း သွားလာခဲ့ရာ အသက်ရှူချိန် တစ်ခဏအတွင်းမှာပင် ရထားလုံး၏ ဘေးသို့ ပြန်လည် ရောက်ရှိလာခဲ့၏။ သူသည် ပတ်ဝန်းကျင်ကို အသာအယာ အာရုံခံကြည့်လိုက်သည့်အခါ သခင်ကြီးမှာ မည်သည့် လှုပ်ရှားမှုမျှ မရှိသေးသည်ကို တွေ့ရှိလိုက်ရသည်။ သူသည် သခင်ကြီးကို မနှောင့်ယှက်ရဲသဖြင့် မြေပြင်ပေါ်တွင် ထိုင်ကာ စောင့်ဆိုင်းနေမိ၏။
ကြောင်နက်ကြီးသည် ရထားလုံးကို မြင်လိုက်ရသည့်အခါ သူသည်လည်း ကိုယ်ယောင်ဖျောက်ကာ ကြောင်အသွင်သို့ ပြန်ပြောင်းလိုက်တော့သည်။ ထို့နောက် ရထားလုံးပေါ်သို့ ခုန်တက်ကာ ကျင့်ကြံခြင်းကို စတင်လေသည်။
ခုနစ်ရက် ကြာပြီးနောက်တွင် ရထားလုံးအတွင်းမှ မှိန်ဖျော့သော လှိုင်းအစအနတစ်ခု ထွက်ပေါ်လာခဲ့၏။
ရီယွင်သည် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး မျက်နှာပေါ်တွင် ပြုံးယောင်သန်းနေပေသည်။ သူသည် နတ်ဧကရာဇ်နယ်ပယ် အဆင့် ၂ သို့ အဆင့်တက်နိုင်ခဲ့ပြီ ဖြစ်၏။
ကြောင်နက်ကြီးနှင့် မြင်းနက်ကြီးတို့ ပြန်လည် ရောက်ရှိနေကြသည်ကို မြင်လိုက်ရသည့်အခါ ရီယွင်က ပြုံးလိုက်ပြီး ရထားလုံး လိုက်ကာကို မကာ အပြင်သို့ ထွက်လာခဲ့သည်။
“သခင်ကြီး...”
မြင်းနက်ကြီးက အလျင်အမြန် မတ်တတ်ရပ်ကာ ရိုသေစွာ ဦးညွှတ်လိုက်၏။ သူသည် လူသားအသွင်နှင့်သာ ရှိနေဆဲဖြစ်ပြီး မြင်းနက်ကြီးအသွင်သို့ ပြန်မပြောင်းသေးချေ။
“ငါစုံစမ်းခိုင်းထားတာတွေ ဘယ်လို အခြေအနေရှိလဲ... ပြောစမ်းပါအုံး...”
ရီယွင်က ပေါ့ပေါ့ပါးပါး ပြုံးလျက် မေးလိုက်သည်။
“သခင်ကြီး... အဲ့ဒီနေရာက တကယ်ကို ထူးဆန်းပါတယ်...”
မြင်းနက်ကြီးသည် သူ စုံစမ်းစစ်ဆေးခဲ့သမျှ အရာအားလုံးကို အသေးစိတ် ပြန်လည် ရှင်းပြလိုက်၏။ ထို့နောက် သူသည် ကျင့်စဉ်စာအုပ် အချို့နှင့် ပန်းချီကားချပ်လိပ်ကို ထုတ်ပေးလိုက်သည်။
ရီယွင်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွား၏။ ထျန်းရှင်းမင်းဆက်ရှိ နဂါးနတ်ဘုရားဂိုဏ်းမှာ သူနှင့် ဤမျှအထိ ကြီးမားသော ပတ်သက်မှု ရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ ကြည့်ရသည်မှာ ဤသည်မှာ နောက်ပိုင်းမျိုးဆက်မှ နဂါးနတ်ဘုရားဂိုဏ်း၏ တပည့်များ တည်ထောင်ခဲ့သည့် ဂိုဏ်းခွဲတစ်ခု ဖြစ်နေခြင်းများလား။
ရီယွင်သည် ကျင့်စဉ်စာအုပ်များကို ဖွင့်ကြည့်လိုက်၏။ အနည်းငယ် ကြည့်လိုက်ရုံဖြင့် သူသည် အရာအားလုံးကို သဘောပေါက်သွားတော့သည်။ ဤကျင့်စဉ်စာအုပ်များမှာ အလွန်ပင် အခြေခံကျလှပေသည်။ သိုင်းကျမ်းအဆောင် တတိယအထပ်မှ ကျင့်စဉ်သုံးရပ်သာလျှင် သူ၏ စူးရှသော အမြင်၌ အနည်းငယ် လက်ခံနိုင်ဖွယ် ရှိပေသည်။ အကယ်၍ ဤကျင့်စဉ်သုံးရပ်အတိုင်း ကျင့်ကြံမည်ဆိုပါက သာမန်ကျင့်ကြံသူများထက် များစွာ ပိုမို သန်မာပေလိမ့်မည်။ သို့သော်လည်း စစ်မှန်သော နဂါးနတ်ဘုရားဂိုဏ်း၏ အထွတ်အထိပ်ကျင့်စဉ်သုံးရပ်နှင့် နှိုင်းယှဉ်လျှင်မူ အလွန်ပင် လိုအပ်ချက်များ ရှိနေဆဲ ဖြစ်ပေသည်။
ဤအခြေအနေကို ရီယွင် နားလည်နိုင်ပေသည်။ အဆုံးတွင်တော့ နှစ်ပေါင်း တစ်သိန်း ကြာမြင့်ခဲ့ပြီ မဟုတ်ပါလော။ လော့လီနှင့် အခြားသူများ ရရှိခဲ့သည့် အမွေအနှစ်မှာပင် လုံးဝ ပြီးပြည့်စုံခြင်း မရှိခဲ့ရာ ဤနဂါးနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းခွဲမှာလည်း မည်သို့ ထူးခြားနိုင်ပါမည်နည်း။
သို့သော်လည်း မြင်းနက်ကြီး ရှင်းပြခဲ့သည့် နဂါးနတ်ဘုရားဂိုဏ်း၏ တောင်တန်းအောက်ရှိ နဂါးနက်ကြီး၏ ကိစ္စမှာမူ ရီယွင်အတွက် အနည်းငယ် ထူးဆန်းနေပေသည်။
“ကြောင်လေး... မင်း ဒီမှာ ခဏစောင့်နေဦး...”
ရီယွင်က ညွှန်ကြားလိုက်၏။ ထို့နောက် သူသည် မြင်းနက်ကြီးကို ခေါ်ဆောင်ကာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်ပြီး နဂါးနတ်ဘုရားဂိုဏ်းထံသို့ တိုက်ရိုက် ဆင်းသက်သွားတော့သည်။
ရီယွင်၏ ပထမဆုံးသော ခရီးစဉ်မှာ သဘာဝကျကျပင် ဘိုးဘေးခန်းမဆောင် ဖြစ်ပေသည်။
မြင်းနက်ကြီးသည် သူ၏ အကွက်ဟောင်းကို နောက်တစ်ကြိမ် အသုံးပြုလိုက်ပြန်၏။ သူသည် ဦးစွာ ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်းကို အသုံးပြု၍ ဘိုးဘေးခန်းမဆောင်ကို စောင့်ကြပ်နေသော လူအိုကြီးကို သတိလစ်သွားစေသည်။ ထို့နောက် မြေပြင်ပေါ်သို့ ဆင်းသက်ကာ ဘိုးဘေးခန်းမဆောင်၏ ဧရာမတံခါးကြီးများကို ဖွင့်လှစ်လိုက်၏။
ရီယွင်က အနည်းငယ် ပြုံးလိုက်သည်။ မြင်းနက်ကြီး၏ ပါရမီမှာ ကောင်းမွန်လှပေသည်။ သူသည် ဤကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်းကို အတော်ပင် ကျွမ်းကျင်စွာ အသုံးပြုနိုင်နေပြီ ဖြစ်၏။
ရီယွင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ အတွင်းသို့ လှမ်းဝင်လိုက်သည်။ သူ၏ မျက်စိရှေ့တွင် ချက်ချင်း မြင်လိုက်ရသည်မှာ ပူဇော်သော စားပွဲပေါ်၌ အစီအရီ တင်ထားသော ဘိုးဘေးဝိညာဉ်ကျောက်ပြားများပင် ဖြစ်ပေသည်။
ရီယွင်၏ အကြည့်သည် အနည်းငယ် ကျဉ်းမြောင်းသွား၏။ သူသည် အမှန်တကယ်ပင် ရင်းနှီးသော အမည်အချို့ကို တွေ့မြင်လိုက်ရသည် မဟုတ်ပါလား။
အခန်း ၁၇၂ ပြီးပါပြီ။
---