← Chapters

အခန်း ၁၇၇၃

Vol. 119 Ch. 1773

အခန်း ၁၇၇၃

Vol. 119 Ch. 1773

အခန်း (၁၇၇၃)

အကုန်လုံးကို ရွှေ့ပြောင်းရန် ပြဿနာမရှိ

ယွမ်ယုတိက

“ရှင့်မှာ တကယ်ပဲ အဲ့ဒီလို တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံမျိုး ရှိတာလား။”

လုချန်းက

“ဆရာ... ဒီလိုအချိန်မျိုးမှာ ဆရာ့ကို လိမ်ညာရမယ့် အကြောင်းပြချက် ကျုပ်မှာ မရှိနိုင်ဘူး မဟုတ်လား။”

လုချန်း၏ စကားကို ကြားလျှင် ယွမ်ယုတိက

“ကျွန်မကို ဆရာလို့ မခေါ်နဲ့။ ရှင့်လို ပုန်ကန်တတ်တဲ့ တပည့်မျိုး ကျွန်မမှာ မရှိဘူး။”

လုချန်းက သူမကို ဆရာဟု ခေါ်ဆိုလိုက်သည်ကို ယွမ်ယုတိ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရ၏။ အိပ်မက်ထဲတွင်တော့ ထိုလူယုတ်မာသည် သူမကို ဆရာတစ်ယောက်ကဲ့သို့ အလေးမထားသလို ဆရာသမားဂုဏ်ကိုလည်း လုံးဝ လျစ်လျူရှုခဲ့သည်။

လုချန်းက ပြုံးလျက်

“တစ်ရက် ဆရာဆိုရင် ထာဝရ ဆရာပါပဲ။ ဒီတပည့်က ဆရာ့ကို အမြဲတမ်း အလေးအမြတ် ထားပါတယ်။”

သူမဘဝတွင် အပြောင်‌မြောက်ဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ယွမ်ယုတိ ခံစားလိုက်ရ၏။ ဆရာကို ရိုသေပြီး လမ်းစဉ်ကို တန်ဖိုးထားခြင်းက ဘာလဲဆိုသည်ကို ထိုလူယုတ်မာ သိလိမ့်မည်ဟု သူမ မယုံကြည်ပေ။

ယွမ်ယုတိက သူနှင့် ဆက်လက် ငြင်းခုံမနေတော့ပဲ

“ရှင့်မှာ အဲ့ဒီလို တည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံ တကယ်ရှိတယ်ဆိုရင် ချက်ချင်း ပြင်ဆင်တော့။ ကျွန်မတို့မှာ နတ်ကျောက်တုံးတွေ မနည်းပါဘူး။”

လျှို့ဝှက်လဝန်း ကျောင်းတော်မှ ထွက်လာသည့် သူတော်စင်မ တစ်ယောက်အနေနှင့် သူမထံတွင် နတ်ကျောက်တုံးများ အလျှံပယ် ရှိ၏။ အကယ်၍ ထိုနည်းဗျူဟာ ပုံစံသည် လုချန်း ပြောသကဲ့သို့ ကောင်းကင်ဘုံ နိယာမကို ဆန့်ကျင်နိုင်လောက်သည်အထိ အစွမ်းထက်ပါက တစ်ကြိမ် အသုံးပြုရုံဖြင့် လျှို့ဝှက်လဝန်း နန်းတော်၏ နတ်ကျောက်တုံး ထက်ဝက်ကျော် ကုန်ဆုံးသွားနိုင်သည်ကိုလည်း သူမ သိထားသည်။

သို့သော် လျှို့ဝှက်လဝန်း နန်းတော်ကို ကယ်တင်ရန်နှင့် သူမနောက်သို့ လိုက်ပါလာသူများကို စောင့်ရှောက်ရန်အတွက်တော့ နတ်ကျောက်တုံး မည်မျှပင် ကုန်ပါစေ တန်ဖိုးရှိပေသည်။ နတ်ကျောက်တုံးများကို ပြန်လည် ရှာဖွေနိုင်သော်လည်း လူများ ဆုံးရှုံးသွားပါက အရာအားလုံး ပျောက်ဆုံးသွားမည် ဖြစ်၏။

လုချန်းက

“ကောင်းပါပြီ။ ကျုပ် တည်နေရာရွှေ့ပြောင်းနည်းဗျူဟာပုံစံကို စတင် ပြင်ဆင်လိုက်ပါ့မယ်။ ဆရာကလည်း နတ်မြို့တော်ထဲက တပည့်တွေကို အမြန်ဆုံး ပြန်ခေါ်လိုက်ပါ။”

လုချန်း၏ စကားကို ကြားလျှင် ယွမ်ယုတိ တုံ့ဆိုင်းမနေတော့ပေ။ လျှို့ဝှက်လဝန်း နန်း‌တော်အောက်ရှိ နတ်မြို့တော်အတွင်းရှိ လူများအား မြို့ထဲမှ ချက်ချင်းထွက်ခွာပြီး လျှို့ဝှက်လဝန်း နန်းတော်သို့ ပြန်လာကြရန် သူမ ချက်ချင်း အမိန့်ပေးလိုက်၏။

ထိုအခိုက်အတန့်တွင် နတ်ဘုရင် လင်ရင်က

“ကျွန်မတို့ နတ်မြို့တော်ထဲက လူအားလုံးကို ခေါ်သွားမှာလား။”

လျှို့ဝှက်လဝန်းနန်းတော် အောက်ရှိ နတ်မြို့တော်ထဲတွင် ရှိနေသူ အများစုမှာ လျှို့ဝှက်လဝန်းနန်းတော်မှ နတ်များ မဟုတ်ကြပေ။ မြို့သူမြို့သား အများစုမှာ လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ အဖွဲ့အစည်းများမှ နတ်များ ဖြစ်ကြ၏။

ထိုအဖွဲ့အစည်းများ ရှုံးနိမ့်သွားပြီးနောက် လက်မလျှော့သူများသည် လျှို့ဝှက်လဝန်းနန်းတော်၏ နတ်မြို့တော်သို့ ဆုတ်ခွာလာပြီး မြို့ကို ဆက်လက် ကာကွယ်ပေးနေကြခြင်း ဖြစ်သည်။

အကယ်၍ လျှို့ဝှက်လဝန်းနန်းတော်က သူတို့ကို ထားခဲ့မည်ဆိုပါက နောက်ဆုံးတွင် မိစ္ဆာနတ်များက မြို့ကို သွေးချောင်းစီး သတ်ဖြတ်ကြမည်ဖြစ်ရာ သူတို့အားလုံး သေဆုံးသွားကြပေလိမ့်မည်။

ယွမ်ယုတိ၏ မျက်ခုံးအစုံ အနည်းငယ်တွန့်သွား၏။ အမှန်အတိုင်း ပြောရလျှင် လျှို့ဝှက်လဝန်းနန်းတော်၏ ပြင်ပမှ လူများကို သူမ ဂရုမစိုက်လိုပေ။

အားကြီးသူက အားနည်းသူကို အနိုင်ကျင့်သည့် ဤလောကတွင် ထိုလက်အောက်ခံ အဖွဲ့အစည်းများသည် အချိန်မရွေး စွန့်ပစ်နိုင်သည့် အသုံးချခံ အဆင့်သာ ဖြစ်၏။

လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်အားလုံးကို ကယ်တင်ရန်အတွက် သူမ၏ ခန္ဓာကိုယ်ကို လုချန်း၏ အကူအညီနှင့် လဲလှယ်ခဲ့ခြင်းကပင် ယွမ်ယုတိအတွက် ကြီးမားသော အနစ်နာခံမှု ဖြစ်နေခဲ့ပြီ ဖြစ်သည်။

လုချန်းက ယွမ်ယုတိကို ကြည့်ကာ

“လူနည်းနည်းပါပဲ။ သန်းဂဏန်းလောက်ပဲ ရှိမှာပါ။ လျှို့ဝှက်လဝန်းနန်းတော်မှာ သူတို့ကို ဆန့်ပါတယ်။ ဆရာ သူတို့ကို ကယ်ချင်သလား ဆိုတာပေါ်မှာပဲ မူတည်တာပါ။”

ယွမ်ယုတိက ခဏခန့် စဉ်းစားပြီးနောက် အေးစက်စက် လေသံဖြင့်

“ရှင် အကုန်လုံးကို ရွှေ့ပြောင်းပေးနိုင်တယ်ဆိုရင် ခေါ်သွားလိုက်ပါ။ မဟုတ်ရင်တော့ သူတို့ကို မြို့ထဲမှာပဲ ထားခဲ့ပြီး သူတို့ ကံတရားအတိုင်းပဲ ရှိပါစေတော့။”

လုချန်းက

“လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးကို ရွှေ့ပြောင်းဖို့ နတ်ကျောက်တုံး လုံလောက်တယ်ဆိုရင် ဒီလူတွေကိုပါ ခေါ်သွားဖို့က ပြဿနာ တကယ် မရှိပါဘူး။”

လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံး၏ အရွယ်အစားမှာ ဂြိုဟ်တစ်လုံးနှင့် ညီမျှရာ ၎င်းကိုတောင် ရွှေ့ပြောင်းနိုင်ပါက နတ်မြို့တော်မှ လူသန်းပေါင်းများစွာကို ခေါ်ဆောင်သွားရန်မှာ ပြဿနာ မရှိပေ။

သို့သော် လုချန်းသည် ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သဖြင့် နတ်အငွေ့အသက် မည်မျှအထိ ကုန်ဆုံးမည်ကို သူ မသေချာပေ။

ယွမ်ယုတိလည်း ဘာမှ ဆက်မပြောတော့ပဲ လုချန်း၏ အဆောင်အတွင်းမှ လှည့်ထွက်သွား၏။ သူမသည် တည်ငြိမ်စွာပင် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

လျှို့ဝှက်လဝန်းနန်းတော်၏ အခက်အခဲကို ဖြေရှင်းရန် ဖြစ်စေ၊ သူမ၏ အစ်မနှင့် တွေ့ဆုံရန် ဖြစ်စေ လုချန်းကို လိုအပ်နေသည်။ လုချန်းအပေါ် အငြိုးအတေးကြီးစွာ ရှိနေသော်လည်း သူမ အောင့်အည်း သည်းခံရန်သာ ရှိတော့၏။

ယွမ်ယုတိ ထွက်ခွာသွားပြီးနောက် နတ်ဘုရင် လင်ရင်က လုချန်းကို ကြည့်ကာ

“သခင်နဲ့ နန်းတော်သခင်က...”

ဟု မေးမြန်းရင်း ဆက်မပြောပဲ ဝေခွဲမရ ဖြစ်နေ၏။

နတ်ဘုရင် လင်ရင် စိတ်ထဲ ဇဝေဇဝါ ဖြစ်နေ၏။ ယွမ်ယုတိသည် တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေသူ ဖြစ်၏။ တံခါးပိတ် ကျင့်စဉ်မှ ထွက်လာသည်နှင့် လုချန်း၏ သရုပ်မှန်ကို ချက်ချင်း သိပြီး အဘယ်ကြောင့် လိုက်ရှာရသနည်း။

လုချန်းက ခပ်အေးအေးပင်

“သူ တံခါးပိတ် ကျင့်စဉ် ဝင်နေတုန်းမှာ သူရဲ့ နတ်အာရုံက ခန္ဓာကိုယ်ထဲက ထွက်လာပြီး ကျုပ်ရဲ့ နတ်အာရုံနဲ့ ထိတွေ့ခဲ့လို့ မှတ်မိသွားတာပါ။ ဒါပေမဲ့ အခု သူက ကျုပ်ကို လိုအပ်နေတော့ မဆင်မခြင် မလုပ်ရဲပါဘူး။ ဒါကြောင့် ခင်ဗျား စိတ်ပူစရာ မလိုပါဘူး။”

နတ်ဘုရင် လင်ရင်က

“နားလည်ပါပြီ”

ယွမ်ယုတိ လုချန်း၏ သရုပ်မှန်ကို အဘယ်ကြောင့် ချက်ချင်း သိသွားရကြောင်းယခုမှပင် ရှင်းလင်းသွား၏။ သူတို့နှစ်ဦး၏ နတ်အာရုံများ ထိတွေ့ခဲ့ကြခြင်း ဖြစ်သည်။

နတ်အာရုံကို ဖုံးကွယ်ရန် ခဲယဉ်းလှသဖြင့် ယွမ်ယုတိ လုချန်းကို မှတ်မိသွားခြင်းမှာ မဆန်းတော့ပေ။

နတ်ဘုရင် လင်ရင်လည်း ထိုကိစ္စကို ဆက်မစဉ်းစားတော့ပဲ

“သခင် ပြင်ဆင်မယ့် နည်းဗျူဟာပုံစံအတွက် ဘယ်လို ပစ္စည်းတွေ လိုမလဲဆိုတာ သိချင်ပါတယ်။ ကျွန်မ အသင့် ပြင်ထားပေးပါ့မယ်။”

နတ်ဘုရင် လင်ရင်၏ စကားကို ကြားလျှင် လုချန်းက ပြုံးလျက်

“နတ်ဘုရင် လင်ရင်... ကျုပ် ခင်ဗျားကို အကြိမ်ကြိမ် ပြောဖူးပါတယ်။ ကျုပ်က ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရဲ့ ဘုရင် မဟုတ်တော့ပါဘူး။ ကျုပ်ကို သခင်လို့ ခေါ်နေစရာ မလိုပါဘူး။”

နတ်ဘုရင် လင်ရင် ခဏခန့် တုံ့ဆိုင်းသွားပြီးမှ

“ကျွန်မ နားလည်ပါပြီ”

လုချန်းက ဆက်လက်၍

“နည်းဗျူဟာ ပုံစံအတွက်ကတော့...”

လုချန်း ခဏခန့် စဉ်းစားပြီးမှ

“ဒီနည်းဗျူဟာ ပုံစံအတွက်ကတော့ အထူးပြုလုပ်ထားတဲ့ အင်းကွက် လိုအပ်တယ်။ ပြီးတော့ အဲ့ဒါကို ထိန်းသိမ်းထားဖို့ နတ်အငွေ့အသက် အမြောက်အမြား လိုအပ်တယ်။ ဒါအပြင် တခြား ဘာမှ မလိုပါဘူး။”

နတ်ဘုရင် လင်ရင် မှင်တက်သွား၏။ နည်းဗျူဟာ ပုံစံတစ်ခုသည် ကောင်းကင်ကို ပို၍ ဆန့်ကျင်နိုင်လေလေ ပြင်ဆင်ရန် ပို၍ ခက်ခဲလေဖြစ်ပြီး ပစ္စည်းများစွာလည်း လိုအပ်တတ်သည်။

သို့သော် လုချန်း ပြောသည့် နည်းဗျူဟာ ပုံစံမှာ အလွန် အစွမ်းထက်သော်လည်း နတ်အငွေ့အသက်မှလွဲ၍ အခြား ပစ္စည်းများ မလိုအပ်ဟု ဆိုခြင်းမှာ မည်သို့သော အဆင့်ရှိသည့် နည်းဗျူဟာ ပုံစံမျိုး ပါနည်း။

လုချန်းက

“ကောင်းပါပြီ။ ခင်ဗျားရဲ့ အလုပ်တွေကို သွားလုပ်တော့။ မြို့ထဲက နတ်တွေကို လျှို့ဝှက်လဝန်းနန်းတော်ထဲ အမြန်ဝင်ခိုင်းလိုက်ပါ။ ကျုပ် နည်းဗျူဟာ ပုံစံကို မကြာခင် စတင် ပြင်ဆင်တော့မယ်။”

နတ်ဘုရင် လင်ရင်က

“ကောင်းပါပြီ”

ဟု ပြန်ပြောကာ လုချန်း၏ အဆောင်အတွင်းမှ ထွက်ခွာသွား၏။

ထို့နောက် ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာ၏ အင်းကွက်ကို လုချန်း လေ့လာလိုက်သည်။

ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာ၏ အင်းကွက်မှာ အလွန် ရှုပ်ထွေးလှပြီး အမျိုးမျိုးသော လမ်းစဉ် စွမ်းအားများ လိုအပ်၏။ အကယ်၍ အခြားသူတစ်ယောက်တွင် ထိုနည်းဗျူဟာ ပုံစံ ရှိနေလျှင်ပင် အသုံးပြုနိုင်မည် မဟုတ်ချေ။

အခြားသူများ အသုံးပြုလိုပါက မတူညီသော လမ်းစဉ်များကို ကျင့်ကြံထားသည့် နတ်များစွာက အင်းကွက်ကို တစ်ပြိုင်နက် ရေးဆွဲရပေလိမ့်မည်။ သို့သော် ရေးဆွဲသူများ မတူကြသဖြင့် ပူးပေါင်းဆောင်ရွက်ရန် ခက်ခဲမည်ဖြစ်ပြီး အင်းကွက်သည် ပြည့်စုံမှုမရှိပဲ အသုံးမပြုနိုင် ဖြစ်သွားပေလိမ့်မည်။

ထိုအချက်ကို သတိပြုမိလိုက်လျှင် လုချန်း၏ မျက်နှာထား ထူးဆန်းသွား၏။ ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာမှာ သူတစ်ယောက်တည်းအတွက်သာ သီးသန့် ဖန်တီးထားသည့်အလား ထင်ရသည်။

သူသည် ဖန်တီးခြင်း စွမ်းအားကို အသုံးပြု၍ လမ်းစဉ် စွမ်းအားအားလုံးကို ပြောင်းလဲနိုင်သဖြင့် ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာ၏ အင်းကွက်ကို ရေးဆွဲရန် သူ့အတွက် မခက်ခဲပေ။

အင်းကွက် ရေးဆွဲရန် လွယ်ကူသော်လည်း လက်ရှိ သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်အငွေ့အသက်ကတော့ မလုံလောက်ပေ။ သို့သော် လျှို့ဝှက်လဝန်း နန်းတော်၏ နတ်ကျောက်တုံးများဖြင့် အစားထိုးနိုင်သဖြင့် ၎င်းမှာ ပြဿနာကြီး မဟုတ်ချေ။

ထို့နောက် ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာ၏ အင်းကွက်ကို လုချန်း စတင် လေ့ကျင့် ရေးဆွဲတော့၏။

…….

ထိုအချိန်တွင်။

ပိဟိုင်နတ်မြို့၏ အပြင်ဘက်၌။

လွှမ်းမိုးသော မိစ္ဆာစွမ်းအားများ ထွက်ပေါ်နေသည့် စစ်နတ်လှေပေါ်တွင် သွေးလင်းယုန်ခန်းမ၏ ခန်းမသခင် သုံးဦးစလုံး ရှိနေကြ၏။

ကီလိုမီတာ အနည်းငယ် ရှည်လျားသော ထိုစစ်နတ်လှေကြီးသည် မြေပြင်ပေါ်တွင် ကြီးမားသော အရိပ်မည်းကြီးကို ဖြန့်ကြက်ထား၏။

စစ်နတ်လှေ၏ ပင်မခန်းမအတွင်း၌ သွေးလင်းယုန်ခန်းမ၏ ခန်းမသခင် သုံးဦးနှင့် အကြီးအကဲ အမြောက်အမြားသည် နောက်ထပ် တိုက်ပွဲ နည်းဗျူဟာများကို ဆွေးနွေးနေကြ၏။

ချီယန်ဂိုဏ်း၏ ပူးပေါင်းမှုကြောင့် ပိဟိုင်နတ်မြို့အထိ ချီတက်ရန် လွယ်ကူခဲ့သော်လည်း ထိုအတောအတွင်း နတ်ဘုရင် လင်ရင် အသုံးပြုခဲ့သည့် မိစ္ဆာစွမ်းအားကို ခုခံနိုင်သော ကျင့်စဉ်ကို အသုံးပြုသူ တစ်ဦးတစ်ယောက်ကိုမှ လျှို့ဝှက်လဝန်း နန်းတော်တွင် မတွေ့ခဲ့ရသဖြင့် သွေးလင်းယုန်ခန်းမ၏ ခန်းမသခင် သုံးဦးလည်း သံသယ ဖြစ်လာကြသည်။

--

……………

All Chapters